သေမျိုးတိုင်းပြည်၏ဘုရင်
Vol. 9 Ch. 111
နာရီဝက်အကြာတွင် ခေါင်းဆောင်နှစ်ယောက်သည် ပူးပေါင်းကာ ဓားပင်လယ်၏ နံပတ်တစ် အလိုရှိစာရင်းကို ထုတ်ပြန်ခဲ့သည်။ ၎င်းတွင် ယွမ်ရှောင်သည် အင်အားစုနှစ်ခုအကြား စစ်မီးစခဲ့သောကြောင့် ခေါင်းဆောင်ငယ်ရာထူးမှ ထုတ်ပယ်ကာ ဓားပင်လယ်တစ်ခုလုံး၏ ရန်သူဖြစ်ကြောင်းနှင့် အသေသတ်နိုင်လျှင် (သို့) ဖမ်းဆီးနိုင်လျှင် စိတ်ကျောက်တုံးဆယ်သန်း၊ သတင်းပေးနိုင်လျှင် စိတ်ကျောက်တုံးတစ်သန်း ပေးမည်ဟု ပါဝင်သည်။ ဤသတင်းက အားလုံးကို တုန်လှုပ်သွားစေသည့်အပြင် ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်၏ တိုက်ပွဲမှာ စကားဝိုင်းများ၏ ခေါင်းစဥ်ဖြစ်လာသော အချိန်တွင် မင်သက်သွားစေသည်။
ယွမ်ရှောင်၏ လက်ချက်ဖြင့် မဟာအကြီးအကဲ ခြောက်ယောက် သေဆုံးသွားသောကြောင့် ဓားကောင်းကင်က အသာစီးရနေသော်လည်း ထိုးကျွေးခံလိုက်ရသော အကြောင်းအရင်းကို သူတို့ နားမလည်နိုင်ကြပေ။ ဤကား ခေါင်းဆောင်လင်း၏ ရွှေ့ကွက် ဖြစ်နိုင်သော်လည်း တစ်ရက်အကြာတွင် ရဲကုရင် ထွက်လာတော့မည် ဖြစ်သောကြောင့် ရှေးဟောင်းမျှော်စင်က သည်းခံနေမည် မဟုတ်ချေ။
ဓားပင်လယ်မှ လူများအပြင် ဓားကောင်းကင်ဂိုဏ်းသားများလည်း လင်းချင်းဖန်၏ သဘောထားကို နားမလည်နိုင် ဖြစ်နေကြသည်။ အများစုက ယွမ်ရှောင် လှုံ့ဆော်ထားခဲ့သည့်အတိုင်း ရှေးဟောင်းမျှော်စင်ကို တိုက်ခိုက်ဖျက်ဆီးရန် စိတ်အားတက်ကြွနေသည်။ နေကျောက်စိမ်းနန်းဆောင်၏ သီးသန့်ခန်းအတွင်း ခေါင်းဆောင်နှစ်ယောက်နှင့် ရှောင်ယုသည် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြသည်။ အောက်တွင် အင်အားစုနှစ်ခုမှ ကျင့်ကြံသူများ ပူးတွဲတည်ရှိသော်လည်း သွေးသံရဲရဲ တိုက်ခိုက်ထားသည်မှာ မကြာမြင့်သေးသဖြင့် သတိမလွတ်ရဲကြပေ။
ဓားအရိုးကိစ္စ ထွက်ပေါ်သွားလျှင် ရှင်းရခက်မည် ဖြစ်သောကြောင့် လင်းချင်းဖန်က သက်ပြင်းချလိုက်သည်။
"မင်းကို ဟိုကောင်က အရုပ်လို ကစားသွားတယ်။ ဘာမျှော်လင့်ချက် ရှိသေးလို့လဲ"
"ဓားနှလုံးသားဆေးရည်က အသုံးမဝင်တော့ပေမယ့် နှလုံးစား အရိုးအဆိပ်ကို အသုံးပြုနိုင်တယ်။ အောင်မြင်ဖို့ ငါးဆယ်ရာခိုင်နှုန်းသာ ရှိပေမယ့် စွန့်စားရမှာပဲ"
ရှောင်ချန်တန်း၏ အမေးကို သူက လေးနက်စွာ ရှင်းပြလိုက်သည်။ ဤအရာနှစ်မျိုး ပေါင်းစပ်လိုက်လျှင် ဓားဝိညာဥ်ကို အပိုင်စီးရန် ရာနှုန်းပြည့်သေချာသော်လည်း အကြံ ပျက်စီးခဲ့ရ၏။ အလောင်းအစားလုပ်ရန် လိုအပ်သောကြောင့် ယွမ်ရှောင်ကို ဖမ်းဆီးရန် လင်းမောင်နှံအတွက် အရေးကြီးနေသည်။ သူတို့က ရင်သွေးနှစ်ယောက်ကို စတေးခဲ့ရသောအခါ နှလုံးသားကို ဓားဖြင့် ထိုးစိုက်ထားသည့်အလား နာကျင်နေကြသည်။
ဓားပင်လယ်တွင် ယွမ်ရှောင်၏ တစ်ခုတည်းသော အဆက်အသွယ်မှာ ရတနာလမ်းဖြစ်ကြောင်း ရှောင်ချန်တန်းက ထောက်ပြလိုက်သည်။ သို့သော် ဆိုင်ရှင်ချန်၌ ထူးခြားသော နောက်ခံရှိသည့်အပြင် ကြောက်မက်ဖွယ် အစွမ်းထက်သော ကောင်းကင်နယ်မြေမှ ဓားနှလုံးသားကို ပိုင်ဆိုင်ထားသဖြင့် ဖမ်းဆီးအကျပ်ကိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူတို့က ရတနာလမ်းပတ်ဝန်းကျင်၌ ကင်းချထားခဲ့ပြီး ယွမ်ရှောင် ရောက်ရှိလာလျှင် ချက်ချင်း သိရပေလိမ့်မည်။
"သူက ဘာကြောင့် ရတနာလမ်းကို သွားမှာလဲ"
ရှောင်ယုက မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်း ဖြစ်သည်။
"ဓားအခြေတည်ဆေးလုံး။ ဓားပင်လယ်မှာ ဒါကို ထုတ်ပေးနိုင်တာ ငါတို့အပြင် ရတနာလမ်းပဲ ရှိတယ်။ ကျောက်ကျန်ရှင်းရဲ့ ဓားဝိညာဥ် ပျက်စီးနေတဲ့အတွက် ဒီဆေးလုံးကို မရရင် ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ခေါင်းဆောင်ရှောင်က ရှင်းပြလိုက်သည်။
"ဒါဆိုရင် ငါတို့က ရတနာလမ်းမှာ သွားစောင့်နေရင်ရော"
"ရတနာလမ်းထက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ ယွမ်ရှောင်နဲ့ အသူရာဓားဂိုဏ်းသားတွေက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ သူတို့က သေမျိုးတိုင်းပြည်တွေမှာ နတ်ဆိုးတွေကို အမဲလိုက်နေတယ်ဆိုတော့ အစွမ်းထက်နတ်ဆိုး နည်းနည်းလောက် လွှတ်ပေးလိုက်မယ်။ ကံကောင်းရင် ငါးကြီးကြီးမိနိုင်ပြီး ယွမ်ရှောင်ရဲ့ အားနည်းချက် ဖြစ်နေနိုင်တယ်"
ခေါင်းဆောင်ရှောင်၏ အကြံက ဆိုးရွားလွန်းပြီး သေမျိုးများအတွက် ကပ်ဘေးကြီးတစ်ခုအလားပင် ဖြစ်သည်။ သို့သော် သူ့အတွက် ဤလူများမှာ မွေးဖွားလာပြီး သေရမည် ဖြစ်သောကြောင့် အရေးမပါပေ။ လင်းမောင်နှံသည်လည်း လင်းချင်းဖန်၏ အသက်အတွက် သေမျိုးများစွာ၏အသက်ကို စတေးရန် တုံ့ဆိုင်းမနေခဲ့သည့်အပြင် လူအင်အားဖြင့် ကူညီရန် သဘောတူခဲ့သည်။ သူတို့အားလုံး၏ အမြင်တွင် သေမျိုးများက ကျင့်ကြံသူများအောက် နိမ့်ကျပြီး ကိုယ့်ကိုကိုယ် အင်မော်တယ်ဟု နားထင်သွေးရောက်နေကာ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြပေ။ မဟာဖုန်းဆိုးမြေစာချုပ် ရှိသော်လည်း လူသားများ နေ့စဥ် အသတ်ခံနေရသောကြောင့် ဤကိစ္စမှာ မထူးခြားသည့်အပြင် မည်သူမှ သူတို့ကို ဝေဖန်ရဲမည် မဟုတ်ချေ။
အနီရောင်အုတ်များနှင့် အစိမ်းရောင်အင်္ဂတေများဖြင့် တည်ဆောက်ထားသော သေမျိုးမြို့တစ်ခုတွင် သက်တမ်း ကြာမြင့်နေပုံရသည့် မြို့ရိုးများကြောင့် ဟောင်းနွမ်းနေခဲ့သည်။ အနက်ရောင်ဝတ်ရုံနှင့် ကြီးမားကျယ်ပြန့်သော ခမောက်တစ်ခု ဆောင်းထားသည့် မိန်းကလေးသည် လှပတင့်တယ်စွာဖြင့် ဝင်ရောက်လာသောအခါ အကြည့်များစွာကို ဖမ်းစားနိုင်ခဲ့၏။ သူမက စားသောက်ဆိုင်တစ်ခုအတွင်း ဝင်ရောက်ကာ လက်ဖက်ရည်ကြမ်းတစ်အိုးမှာ၍ ပြတင်းပေါက်အနားတွင် ထိုင်ချလိုက်သည်။ သူမက ကျောက်ရန်ရန်ဖြစ်ပြီး ယွမ်ရှောင်မှာထားသဖြင့် သေရည်သောက်ချင်သော်လည်း အပြုံးတစ်ခုနှင့် ခေါင်းယမ်းလိုက်သည်။ သူမသည် ဤမြို့တော်အတွင်း ကလေးများ ရယ်မောပျော်ရွှင်နေသည့် မြင်ကွင်း၊ စစ်သည်များနှင့် သာမန်လူများ လှုပ်ရှားသွားလာနေသည့် မြင်ကွင်းများကို ငေးမောနေခဲ့သည်။
"ဒါက ကျန်းတိုင်းပြည်လား တိမ်တိုင်းပြည်လား"
ထို့နောက် သူမသည် ဆိုင်ရှင်ကို သိမ်မွေ့စွာ မေးလိုက်သည်။
"ဒါက ပြောရခက်တယ်။ တိမ်တိုင်းပြည် ဖြစ်ခဲ့ဖူးပေမယ့် နှစ်ပေါင်းငါးရာကျော်ကို ယွမ်မျိုးနွယ်က ငြိမ်းချမ်းစွာ အုပ်ချုပ်ခဲ့တယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ် ဘုရင်ယွမ်ရှောင်ကြောင့် နတ်ဆိုးတွေရောက်လာပြီး လူတွေ သောင်းချီ သေခဲ့ရတယ်။ ကံကောင်းတာက ရဲမျိုးနွယ်အမည်နဲ့ အင်မော်တယ်တစ်ယောက် ရောက်လာပြီး အကုန်လုံးကို သတ်ပေးခဲ့တယ်။ သူနဲ့အတူ ဝန်ကြီးကျန်းရဲ့ သမီးကိုလည်း ကျင့်ကြံဖို့ ခေါ်ဆောင်သွားတယ်"
ဆိုင်အတွင်း ဧည့်သည်များစွာ ရှိမနေသောကြောင့် ဆိုင်ရှင်က စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သည်။ သူမက ထိုမိန်းကလေး၏ နာမည်ကို မေးလိုက်သောအခါ ကျန်းရယ်ဖြစ်ကြောင်း သိလိုက်ရသဖြင့် လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ ယွမ်ရှောင်က တိမ်တိုင်းပြည်အကြောင်း ပြောဖူးသဖြင့် ဤဆက်စပ်မှုများကို တွေးခေါ်လိုက်လျှင် အရာရာမှာ အဓိပ္ပါယ်ရှိလာခဲ့သည်။ သူမက ထိုဖြစ်ရပ်အကြောင်း အသေးစိတ် သိလိုက်ရသောကြောင့် မျက်ရည်လည်နေခဲ့သည်။
"ဘုရင်က လူဆိုးတစ်ယောက်လို့ ရှင် ထင်လား"
"အာ ဒါက ပြောရခက်တယ်။ သူက အသက်၁၂နှစ်မှာ ဘုရင်ဖြစ်လာပြီး ပြည်သူတွေကို တစ်ခါမှ စိတ်မပျက်စေခဲ့ဖူးဘူး။ ဒါပေမယ့် အင်မော်တယ်တွေက မမှားနိုင်ပါဘူး"
"အင်မော်တယ်တွေလည်း အမှားလုပ်တတ်ကြတယ်။ တကယ်လို့ အင်မော်တယ်မဟုတ်ဘဲ သာမန်ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်ရော"
"မိန်းကလေး စကားကို သတိထားပြောပါ။ ကျုပ်ဘိုးဘေးတွေ ပြောဖူးတယ်။ အင်မော်တယ်တွေက ဓားပျံစီးနင်းပြီး နတ်ဆိုးတွေကို သတ်ဖြတ်နိုင်ကြတယ်တဲ့"
ဆိုင်ရှင်က အလန့်တကြားဖြင့် သတိပေးလိုက်သောအခါ ကျောက်ရန်ရန်သည် တိတ်ဆိတ်သွားကာ အပြင်ဘက်သို့ အကြည့်လွှဲလိုက်သည်။
"မိန်းကလေးက ဒီတိုင်းပြည်အကြောင်း မသိဘူးဆိုတော့ အဝေးက လာတဲ့ ခရီးသည်တစ်ယောက် ထင်တယ်"
"ဟုတ်ပါတယ်"
ဒါဆိုရင် တိမ်တိုင်းပြည်လို့ မှတ်ထားလိုက်ပါ။ ကျန်းရယ် ထွက်သွားတဲ့နောက်မှာ ကျန်းမျိုးနွယ်က ထီးနန်းယူခဲ့ပေမယ့် ညတွင်းချင်း ရှင်းပစ်ခံလိုက်ရတယ်။ တိုင်းပြည်ကို လောလောဆယ် ယွမ်မျိုးနွယ်ရဲ့ စစ်သူကြီး ယွမ်ဟိုင် အုပ်ချုပ်နေတယ်ဆိုတော့ ဘဝက အေးချမ်းပါတယ်"
ဆိုင်ရှင်က ခေါင်းကုတ်၍ မူလမေးခွန်းကို အဖြေပေးလိုက်သည်။ ကျောက်ရန်ရန်သည် မြောက်ပိုင်းဖုန်းဆိုးမြေတွင် နတ်ဆိုးများကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့သော လူအကြောင်း ကြားဖူးသလားဟု မေးလိုက်ပြန်သည်။ တစ်ဖက်လူက တက်ကြွသော မျက်လုံးအစုံဖြင့် ကြားဖူးကြောင်း အပြင် ဘုရင်ငယ်နှင့် မျိုးရိုးနာမည် တူညီကြောင်း ဖြေလာခဲ့၏။
"ဒီဘုရင်အကြောင်း နည်းနည်းလောက် သိချင်တယ်"
"မေးပါ မိန်းကလေး"
"သူ့မှာ မိဖုရား ဘယ်နှယောက်ရှိလဲ"
"သူက ကလေးအရွယ်ဆိုတော့ မိဖုရားတစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ချောမောလှပတဲ့ အစေခံမလေးတွေတော့ အနည်းဆုံး တစ်ရာလောက် ပိုင်ဆိုင်တယ်"
သူတို့၏ စကားဝိုင်းက တိမ်တိုင်းပြည်ဘုရင်အကြောင်း ပုံပြင်များထံ ဦးတည်သွားခဲ့သည်။
"ဒါဆိုရင် အင်မော်တယ်ရဲကြောင့် ဒီသတ္တိရှိတဲ့ ဘုရင်လေး အသတ်ခံခဲ့ရတယ်ပေါ့"
ကျောက်ရန်ရန်၏ မှတ်ချက်ကြောင့် ဆိုင်ရှင်ကြီးက သက်ပြင်းချကာ ငြိမ်သက်သွားခဲ့သည်။
"သူ အိမ်ပြန်လာလိမ့်မယ်"
"ဘယ်သူလဲ"
"တိမ်တိုင်းပြည်ရဲ့ ဘုရင်"
"နောက်ဘဝဆိုရင်တော့ ဖြစ်နိုင်လောက်ပါတယ်"
ဆိုင်ရှင်က ခါးသက်သက်ပြုံးကာ ခေါင်းယမ်းလိုက်သည်။
"ဂိုဏ်းတူအစ်မကျောက် နှစ်ငါးရာသက်တမ်း သွေးနတ်ဆိုးတစ်ကောင် မြောက်ဘက်မှာ သောင်းကျန်းနေတယ်။ မြန်မြန်"
ထိုအချိန်၌ အဝါရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက် ရုတ်တရက် ရောက်ရှိလာကာ သတင်းပို့လိုက်သည်။
"ဒီလောက်အစွမ်းထက်တဲ့ နတ်ဆိုးက ဘယ်လိုရောက်နေတာလဲ"
"ရွာသားတွေ အများကြီး သေနေကြပြီ။ မြန်မြန်"
သတင်းလာပို့သော မိန်းကလေးက မျက်လုံးများနီရဲနေသဖြင့် အခြေအနေမှာ အရေးကြီးကြောင်း သိသာ၏။
"အင်မော်တယ်"
ကျောက်ရန်ရန်က ပြတင်းပေါက်မှတဆင့် ခုန်ထွက်၍ ဓားပျံစီးနင်းကာ ထွက်ခွာသွားသောအခါ ဆိုင်ရှင်သည် အံ့သြမှုကြောင့် လဲကျသွားသကဲ့သို့ မြို့သားများစွာလည်း ဒူးထောက်ခဲ့ကြလေသည်။