ကပ်ဘေးအလိုတော်ကျင့်စဥ်
Vol. 9 Ch. 112
မဟာဖုန်းဆိုးမြေ၏ ယင်တောင်တန်းသည် အလွန်ရှည်လျားကာ နက်ရှိုင်း၍ အေးစက်ပြီး တောင်ထိပ်တစ်ခုတွင် အရိုးပုံအထက်၌ ပုံရိပ်တစ်ခု ရပ်နေခဲ့သည်။ ငွေရောင်ဆံပင်ဖြူများ ပိုင်ဆိုင်ထားကာ အလွန်ချောမော၍ လိင်ခွဲခြားမရလောက်အောင်ပင် ဖြစ်သည်။ ဝတ်ရုံက လေထဲတွင် လွင့်ပျံနေပြီး သူက အရိုးခေါင်းများအထက်တွင် ခြေဗလာနှင့် ရပ်နေကာ နောက်ကျောဘက်မှ အမြှီးသုံးချောင်း ထွက်ပေါ်နေသည်။
"လနတ်သား"
"လင်အာ"
နွေးထွေးသော အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သောအခါ ကိုယ်ပွားယွမ်ရှောင်သည် နောက်လှည့်ကြည့်လိုက်သည်။ အနက်ရောင်မြူခိုးများအတွင်းမှ လှပသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာကာ မြွေတစ်ကောင်ကဲ့သို့ လူးလွန့်နေသည့် ခါးနှင့် လှချင်တိုင်းလှနေခဲ့သည်။ သူမက မဟာနတ်ဆိုးသခင်၏ သမီးတော်ဖြစ်ကာ သူ၏တောင်းဆိုချက်အတိုင်း ဖခင်၏ရတနာကို ခိုးယူ လာရောက်ပို့ဆောင်ခြင်း ဖြစ်သည်။
လင်အာသည် မြွေပုံများ ရေးထွင်းထားသည့် ကျောက်စိမ်းနက် သေတ္တာတစ်ခုကို ထုတ်ယူလိုက်သောအခါ အတွင်းမှ အလျှံတညီးညီး အရှိန်အဝါကြောင့် အေးစက်နေသည့် ပတ်ဝန်းကျင်ပင် ပြောင်းလဲသွားရသည်။ လနတ်သားရော သူမပါ ချွေးစို့နေကြပြီး ၎င်းကို အသုံးပြုပြီး ပြန်မထားလျှင် မဟာနတ်ဆိုးသခင် သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။ ၎င်းက မဟာနတ်ဆိုးသခင်၏ တန်ဖိုးအထားဆုံး ရတနာဖြစ်သောကြောင့် လနတ်သားသည် ကျင့်ကြံရန် အသုံးပြုပြီးလျှင် ပြန်လည်ပေးအပ်မည်ဟု ကတိထားခဲ့သည်။ လင်အာသည် ကျင့်ကြံခြင်းကို စောင့်ကြပ်ပေးရန် သဘောတူခဲ့ပြီး သူက ဆုလာဘ် ပေးမည်ဟု စနောက်လိုက်သည်။
ထို့နောက် လနတ်သားသည် ခပ်ညစ်ညစ်ပြုံးကာ စကားတစ်ခွန်းမှမဆိုဘဲ တောင်ထိပ်ရှိ ဂူကြီးအတွင်း ဝင်ရောက်သွားသည်။ သူက သေတ္တာငယ်ကို ကျောက်တုံးတစ်ခုအပေါ်တွင် တင်ထားကာ ကြယ်ပြာနှင့် စိတ်ချင်းဆက်သွယ်၍ ညွှန်ကြားချက် တောင်းခံလိုက်သည်။ ထို့နောက် သူက နားလည်သွားဟန်ဖြင့် တင်ပျဥ်ခွေထိုင်ကာ ငွေရောင်ဆံပင်များ ကျောဘက်တွင် ဖြာကျသွားခဲ့သည်။ သေတ္တာအတွင်း ရှိနေသည်မှာ ကြယ်ပွင့်အဆင့် ကပ်ဘေးအမြုတေများအနက် ပါဝင်သည့် အရိုးမီးတောက်ဖြစ်ကာ ဓားနယ်မြေတစ်ခုလုံးတွင် နတ်ဆိုးသခင်အဆက်ဆက် လက်ဆင့်ကမ်းလာသော အမွေအနှစ် ဖြစ်၏။
နတ်ဆိုးများက အင်မော်တယ်နတ်ဆိုး ဖြစ်လာရန်အတွက် ရုပ်ခန္ဓာကို ကျင့်ကြံကြပြီး အရိုးမီးတောက်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်၏။ ၎င်း မတည်ရှိလျှင် မဟာဖုန်းဆိုးမြေ၌ အစွမ်းထက်နတ်ဆိုးသခင်များ ထွက်ပေါ်လာစရာ အကြောင်းမရှိသော်လည်း ယနေ့တွင် ဆုံးရှုံးရန် ကံပါလာခဲ့သည်။ လနတ်သားက အသက်ပြင်းပြင်းရှူ၍ သေတ္တာကို ဖွင့်လိုက်သောအခါ အဖြူရောင်မီးတောက်တစ်ခု ထွက်ပေါ်လာကာ ဂူတစ်ခုလုံးကို လင်းချင်းသွားစေပြီး အပူချိန် မြင့်တက်လာသဖြင့် မီးဖိုကြီးအလား ပြောင်းလဲသွားခဲ့သည်။
ကြယ်ပြာ၏စကားအရ ၎င်းသည် သဘာဝချီရတနာများနှင့် တူညီပြီး လူသားကျင့်ကြံသူများဆိုလျှင် ပန်းပဲပညာနှင့် ဆေးပညာ၌ အသုံးချပေလိမ့်မည်။ သို့သော် နတ်ဆိုးများက ခန္ဓာကိုယ်ကျင့်ကြံခြင်းတွင် အသုံးပြုပြီး မဟာနတ်ဆိုးသခင်များသည် ရုပ်ခန္ဓာကို သန့်စင်ကာ အသွေးအသားကို လောင်ကျွမ်းစေသဖြင့် ဆေးဖော်စပ်ခြင်းနှင့် တူညီ၏။ လင်အာ၏ ခန္ဓာကိုယ်ကိုလည်း အရိုးမီးတောက်ဖြင့် သန့်စင်ထားခြင်းဖြစ်ရာ ကိုယ်ပွားယွမ်ရှောင်သည် သူမကို လှည့်ဖျား၍ အရယူခဲ့ခြင်းပင်။
ရှေးဟောင်းဘိုးဘေး နတ်ဘုရားခြောက်ယောက်တွင် နတ်ဆိုးအင်မော်တယ်တစ်ယောက် ပါဝင်ပြီး နတ်ကပ်ဘေးဟု အမည်ရသည်။ သူက အတိတ်တွင် ဖန်ဆင်းရှင်အင်မော်တယ်၏ တံခါးစောင့်တစ်ယောက်ဖြစ်ကာ နတ်ဆိုးများအတွက် ဖန်တီးထားသည့် ကပ်ဘေးအလိုတော်ကျင့်စဥ်ကို ချီးမြှောက်ခံခဲ့ရသည်။ ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ကဲ့သို့ သားရဲလေး၏ ကိုယ်ထဲတွင် မှတ်တမ်းတင်ထားကာ နှစ်ခုလုံးသည် သဘောတရားချင်း မတူညီကြပေ။ နတ်ဆိုးရော လူသားပါ အင်မော်တယ်ဖြစ်လာရန် လမ်းကြောင်းမျိုးစုံရှိသော်လည်း အားလုံးက ဖန်ဆင်းရှင်အင်မော်တယ်၏ လက်ရာများပင်။
ကပ်ဘေးအလိုတော်ကျင့်စဥ်၏ နည်းလမ်းအတိုင်း အရိုးမီးတောက်ဖြင့် ခန္ဓာကိုယ်အား တိုက်ရိုက်လောင်ကျွမ်းစေနိုင်သည်။ ၎င်းသည် နတ်ဆိုးကျင့်စဥ်အားလုံး၏ အနှစ်ချုပ်ဖြစ်ကာ မီးတောက်သည် အထောက်အပံ့ ရတနာတစ်ခုကဲ့သို့ အလုပ်လုပ်၏။ ကိုယ်ပွား၏ ကျင့်ကြံခြင်းကို မူလကိုယ်လည်း ပိုင်ဆိုင်နိုင်ပြီး ကပ်ဘေးနတ်ခန္ဓာအား အောင်မြင်နိုင်လိမ့်မည်ဟု ကြယ်ပြာသည် လနတ်သားကို ရှင်းပြထားသည်။ ယွမ်ရှောင်အနေဖြင့် လိုအပ်လျှင် မူလကိုယ်နှင့် ကိုယ်ပွားကို အချိန်မရွေး ခွဲထုတ်ပေါင်းစပ်နိုင်၏။ ဤကား အံ့သြစရာကောင်းလွန်းပြီး ရှေးဟောင်းအင်မော်တယ်မှလွဲလျှင် စွမ်းဆောင်နိုင်စရာ အကြောင်း မရှိချေ။
ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်အတွက် ကောင်းကင်တာအိုဆေးလုံးများ လိုအပ်ပြီး ကပ်ဘေးအလိုတော်ကျင့်စဥ်အတွက် ကပ်ဘေးအမြုတေများကို အသုံးချရသည်။ လနတ်သားက ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် ပျက်စီးသွားလျှင်လည်း အသစ်တစ်ခု ပြန်လည်ဖန်တီးနိုင်သောကြောင့် ထိုကျင့်စဥ်ကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သူက မြေခွေးအသွင်ပြောင်းလိုက်ပြီး အထီးဖြစ်သော်လည်း အရာရာကို ဆွဲဆောင်နိုင်လောက်သော ညှို့ငင်အားမျိုး ရှိနေသည်။ ထို့နောက် သူသည် အရိုးမီးတောက်ကို စိုက်ကြည့်နေရင်း ဆတ်ခနဲ ဝါးမျိုလိုက်သောအခါ နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ရီ၍ အဖြူရောင် မီးတောက် ထွက်ပေါ်လာသဖြင့် အမွေးအားလုံး ပြာကျကုန်သည်။ ဤကား ကျင့်ကြံနေသည်နှင့် မတူညီဘဲ ကိုယ့်ကိုကိုယ် မီးတိုက်နေခြင်းအလားပင်။
အစွမ်းအထက်ဆုံးသော နတ်ဆိုးကြီးများပင် အရိုးမီးတောက်ကို အပြင်ဘက်မှသာ အသုံးပြုရဲကြသောကြောင့် နတ်ဆိုးဧကရာဇ်အဆင့်ဖြင့် တိုက်ရိုက်ဝါးမျိုခြင်းမှာ သေဒဏ်ကဲ့သို့ ဖြစ်၏။
"လခွမ်း နာလိုက်တာ"
လနတ်သားက ညည်းညူလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်နေကာ အတွင်းအင်္ဂါများပင် လောင်ကျွမ်းနေသဖြင့် လူသားတစ်ယောက် သည်းခံနိုင်သော အရာမျိုး မဟုတ်ပေ။ သူက လက်လျှော့ချင်သော်လည်း ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် ဆက်လက်စွန့်စားရန်အတွက် သည်းခံနေခဲ့၏။ ထို့နောက် မီးတောက်သည် နတ်ဆိုးအမြုတေထံ ရောက်လာပြီး အစစ်အမှန် အသွင်ပြောင်းခြင်း စတင်လာခဲ့သည်။ လူသားများနှင့် နတ်ဆိုးများ၏ ကျင့်ကြံခြင်းသည် နောက်ပိုင်းတွင် ကွဲပြားပြီး လူသားအမြုတေက နဂါးအဖြစ် အသွင်ပြောင်းသွားကာ နတ်ဆိုးများ၏ နည်းလမ်းက ပိုမိုကြမ်းတမ်းသည်။ နတ်ဆိုးအမြုတေကို ချေမွပစ်ကာ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရသောကြောင့် ရုပ်ခွန်အား ပိုမိုသန်မာလာစေသဖြင့် ရုပ်ခွန်အားဘုရင်အဆင့်ဟု ခေါ်တွင်၏။
မဟာဖုန်းဆိုးမြေ၏ အဖိုးတန်ရတနာ အရိုးမီးတောက်သည် လနတ်သား၏ အမြုတေကို ဖြိုခွဲကာ ရုပ်ဘုရင်အဆင့်သို့ ရောက်စေပြီး ကပ်ဘေးနတ်ခန္ဓာကို ပိုင်ဆိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိ၏။ အချိန်တစ်ခုအကြာတွင် အမြုတေသည် ကြီးမားလာကာ နောက်ဆုံးတွင် ပြိုကွဲသွားပြီး အသွေးအသားထံ စွမ်းအင်များ စိမ့်ဝင်ပေါင်းစပ်လာခဲ့သည်။ ကပ်ဘေးနတ်ခန္ဓာအဖြစ် ပြောင်းလဲနေသောကြောင့် တစ်ကိုယ်လုံးမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာသည်။ မီးတောက်များ ပိုမိုပြင်းထန်လာသော်လည်း သူက အသစ်ပြန်လည် မွေးဖွားလာသကဲ့သို့ မီးကျွမ်းနေသည့် အသားကင်အဖြစ်မှ လှပခမ်းနားသော မြေခွေးအသွင် ပြောင်းလဲသွား၏။
လနတ်သားက လူသားအသွင် ပြန်လည်ယူလိုက်ပြီး မျက်လုံးဖွင့်လိုက်သောအခါ ငွေရောင်မျက်ဆံများအတွင်း မီးတောက်နှစ်ခု ကြမ်းတမ်းစွာ တောက်လောင်နေသည်။ ငွေရောင်ရုန်းများက တစ်ကိုယ်လုံး ပြည့်နှက်နေပြီး အစိတ်အပိုင်းတိုင်းက ပိုမိုခမ်းနားလာပုံရသည်။ နောက်ဆုံးတွင် အောင်မြင်သွားသောကြောင့် အရှိန်အဝါသည် ရှေးဟောင်းသတ္တဝါကြီးအလား ပြောင်းလဲသွားကာ နတ်ဆိုးချီများ တစ်ကိုယ်လုံးတွင် လှည့်ပတ်နေကြ၏။ ပုံရိပ်ယောင် နတ်ဆိုးစွမ်းရည်လည်း ပိုမိုတိုးတက်လာကာ ကပ်ဘေးအလိုတော်ကျင့်စဥ်၏ အသွင်ပြောင်းခြင်းသည် ဖန်ဆင်းရှင်အင်မော်တယ်၏ လက်ရာ ပီသနေခဲ့သည်။ မူလကိုယ်နှင့် မတူညီသည်မှာ ဤကိုယ်ပွားသည် ရုပ်ခွန်အားကို ပိုင်ဆိုင်ပြီး ကပ်ဘေးခန္ဓာကိုယ်အား မူလကိုယ်ထံ အချိန်မရွေး လွှဲပြောင်းပေးနိုင်သည်။
လက်ရှိတွင် လူသားယွမ်ရှောင်သည် စိတ်ကျောက်တုံးများစွာ အမြတ်ထွက်ခဲ့သောကြောင့် တစ်ရက်တည်းဖြင့် မူလအမြုတေ အခြေတည်အဆင့်ထိ ဆက်တိုက်မြင့်တက်သွားပြီ ဖြစ်သည်။ ကိုယ်ပွား၏ရုပ်ခန္ဓာနှင့် နတ်ဆိုးချီက ပိုမိုသန်မာနိုင်သော်လည်း မူလကိုယ်၏ ကောင်းကင်သင်္ချိုင်းဓားကို ယှဥ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူက ကိုယ်ပွားနှင့် မူလကိုယ်အား ယှဥ်ပြိုင်တိုက်ခိုက်ကြည့်ချင်သည့် စိတ်ကို ချုပ်တည်းထားလိုက်ရ၏။
"မဟာဖုန်းဆိုးမြေစာချုပ် ဟုတ်လား"
လနတ်သားသည် တစ်ချက်ပြုံးကာ ဂူအပြင်သို့ မျှော်ကြည့်ရင်း မတ်တပ်ထရပ်လိုက်သောအခါ ငွေရောင်ဆံပင်များ တဖြတ်ဖြတ် လင်းလက်နေသည်။ သူက ခြေဗလာဖြင့် ဂူအပြင် ထွက်လိုက်သောအခါ ညသန်းခေါင်ရောက်နေသဖြင့် လင်အာမှာ ပျင်းရိလွန်းသဖြင့် ဂူဝင်ပေါက်၌ မြွေတစ်ကောင်အလား ပျော့ခွေနေသည်။
"လင်အာ"
"နင် တစ်ခုခု ပြောင်းလဲသွားသလိုပဲ။ ပိုပြီး ချောလာတယ်။ နင့်နတ်ဆိုးစွမ်းရည်တွေ အသုံးပြုထားတာလား။ ငါက နင့်အတွက် အရိုးမီးတောက်ကို ခိုးပေးခဲ့တယ်နော်။ ဆုပေးမယ်ဆို ဘယ်မှာလဲ"
သူ၏ခေါ်သံကြောင့် သူမက ခေါင်းထောင်လာ၍ လှည့်ကြည့်လိုက်သောအခါ မျက်ဝန်းလေးများ တောက်ပသွားခဲ့သည်။
"အထဲကို သွားရအောင်"
လနတ်သားသည် ဂူအတွင်းရောက်သောအခါ သူမကို ရင်ခွင်အတွင်း ဆွဲသွင်းလိုက်သောကြောင့် ရှက်သွေးဖြာသွားစေသည်။
"နင် သိလား။ အဖေက သဘောမတူရင်တောင် ငါ ဂရုမစိုက်နိုင်တော့ဘူး"
"သူက ဘာကြောင့် သဘောမတူရတာလဲ"
"မြေခွေးနဲ့ မြွေက မျိုးနွယ်မတူလို့ ပေါင်းဖက်မရဘူးတဲ့။ စိတ်ရှုပ်စရာကောင်းတယ်"
သူမက နှုတ်ခမ်းဆူ၍ ရေရွတ်လိုက်သောအခါ လနတ်သားက ခါးကို ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်၏။
"လင်အာ မင်း ငါ့ကို ဒီလောက်တောင် ဂရုစိုက်တာလား။ သူ ပြောတာလည်း မှန်ပါတယ်"
"နင်က ဟိုနတ်ဆိုးတွေနဲ့ယှဥ်ရင် အများကြီး ပိုချောတယ်။ နည်းနည်းရယ်ရပေမယ့် ငါ့အပေါ် ကောင်းတယ်လေ"
"ဒီလိုလား။ ဒါဆိုရင် ငါ ဘယ်လောက်ဆိုးတယ်ဆိုတာ မင်းကို ပြရသေးတာပေါ့"
ဤသို့ဖြင့် ဂူအတွင်း သူ၏စကားသံက ပဲ့တင်ထပ်သွားလေသည်။