ဓားစာခံ
Vol. 9 Ch. 113
"လင်အာ မင်းက ကြင်နာတတ်တဲ့ မိန်းကလေးဆိုတော့ လူသားစားဖူးလား"
"ဒါပေါ့။ အထူးသဖြင့် မွေးကင်းစကလေးတွေကို ကြိုက်တယ်။ သူတို့ရဲ့ ငိုသံတွေ နားထောင်ရတာ ပျော်စရာကောင်းတယ်"
လနတ်သားသည် လင်အာနှင့် အနမ်းချင်းဖလှယ်နေရာမှ ရုတ်တရက် ရပ်တန့်ကာ မေးခွန်းထုတ်လိုက်သည်။ သူမ၏စကား မဆုံးခင်မှာပင် လည်မျိုသို့ အစွယ်နှစ်ချောင်း ဖောက်ဝင်လာသဖြင့် စူးစူးဝါးဝါး အော်ဟစ်ကာ ရုန်းကန်လိုက်သော်လည်း ခါးတွင် လက်သည်းဖြင့် ထိုးဖောက်ခံလိုက်ရ၏။ အချိန်ခဏအတွင်း သူမက သွေးချင်းချင်းနီသွားကာ အဖြူရောင် မီးတောက်များ တောက်လောင်လာသောကြောင့် အရှင်လတ်လတ် မီးကင်ခံနေရသည်။
"အား အား"
လွတ်မြောက်အောင် မရုန်းကန်နိုင်သဖြင့် သူမက နာကျင်စွာ အော်ဟစ်နေရင်း မူလအသွင်ပြောင်းလိုက်သောအခါ မြွေဖြူကြီးတစ်ကောင် ဖြစ်သွားခဲ့သည်။ သို့သော် တစ်ဖက်လူကလည်း မြေခွေးအသွင်ဖြင့် လည်မျိုကို ခဲထားပြီး ခွာထုတ်မရနိုင်ခဲ့ချေ။
"ဘာကြောင့်လဲ"
သူမက ပါးစပ်ဟလိုက်သောအခါ အဖြူရောင်မီးတောက်များ ဝင်ရောက်လာပြီး အတွင်းအင်္ဂါများကို ပြာဖြစ်သည်အထိ လောင်ကျွမ်း လှိုက်စားနေခဲ့သည်။ သူမက ဖခင်၏ အဖိုးတန်ရတနာကို တစ်ဖက်လူအတွက် ခိုးယူပေးခဲ့သော်လည်း ပြန်ရလိုက်သည်မှာ သေခြင်းတရားပင်။
"ငါက နတ်ဆိုးတွေကို သတ်ပစ်ဖို့ ဆုံးဖြတ်ထားတယ်"
"နင်ကိုယ်တိုင်လည်း နတ်ဆိုး မဟုတ်ဘူးလား"
လနတ်သား၏ အေးစက်စက် အဖြေကြောင့် လင်အာမှာ မယုံနိုင်ဖြစ်နေသော်လည်း နောက်ဆုံးတွင် ဝိညာဥ် လွင့်ပြယ်သွား၏။ ဖန်ဆင်းရှင်အင်မော်တယ်သည် လူသားနှင့် နတ်ဆိုးကို ဖန်တီးခဲ့သော်လည်း ယွမ်ရှောင်က လူသားတစ်ယောက်သာ ဖြစ်သည်။ သူ့ကို သားရဲလေးက အသိအမှတ်ပြုထားသော်လည်း ကိုယ့်ကိုကိုယ် လူသားမျိုးနွယ်ဟု ခံယူထားသောကြောင့် နတ်ဆိုးမျိုးနွယ်ကို ရှင်းလင်းရပေလိမ့်မည်။
"နတ်ဆိုးတွေကို သတ်ဖို့အတွက် နတ်ဆိုး ဖြစ်လာရမယ်။ တိုက်ပွဲကျောက်စိမ်း ကောင်းပြီ။ ကောင်းကင်နယ်မြေမှာ ငါတစ်ယောက်တည်းက ခန္ဓာကိုယ်နှစ်ခုနဲ့ တိုက်ခိုက်ရရင်လည်း မဆိုးပါဘူး"
ထို့နောက် သူသည် လင်အာ၏ကိုယ်ပေါ်မှ အဖြူရောင် ကျောက်စိမ်းပြားတစ်ချပ်ကို ရလိုက်သောကြောင့် ကျေနပ်စွာ ပြုံးလိုက်သည်။
မုရုံမျိုးနွယ်သည် ဓားကောင်းကင်၌ လင်းနှင့် နင် မျိုးနွယ်များပြီးလျှင် အသန်မာဆုံး ဖြစ်သည်။ မုရုံလီသည် နဂါးဘုရင်အစောပိုင်းအဆင့်ဖြစ်ပြီး ကျန်မျိုးနွယ်ဝင်နှစ်ဆယ်ကျော်ဖြင့် မုရုံအိမ်တော်၌ အစည်းအဝေး ပြုလုပ်နေခဲ့၏။
"အဖေ မုရုံမျိုးနွယ်က သေမျိုးတိုင်းပြည်ကို လူငါးဆယ် ပို့ပေးလိုက်ပါတယ်။ အများစုက လူငယ်တွေပါ"
"ငါးစာချလိုက်ပြီဆိုတော့ ငါးလာဟပ်ဖို့ စောင့်ရမယ်"
မဟာဓားသခင် မုရုံရီက တင်ပြလိုက်ပြီး မဟာဓားသခင် မုရုံခန်ကလည်း အေးစက်စက် ပြုံးနေခဲ့သည်။
"အဖေ ခေါင်းဆောင်က ယွမ်ရှောင်ကို တစ်ခုခု ကြံစည်နေတယ်မလား။ ဒါပေမယ့် သူက လှည့်စားခံလိုက်ရတယ်ပေါ့"
"ဟုတ်တယ်။ ဒီကောင်လေးက ရက်စက်လွန်းတယ်"
မဟာဓားသခင်နှစ်ယောက်လုံးက မုရုံလီ၏သားများ ဖြစ်ကြသည်။ သူတို့၏အမြင်တွင် ရှေးဟောင်းမျှော်စင်နှင့် ဆက်ဆံရေးတစ်ခုရှိသော လင်းချင်းဖန် ပြောင်းလဲသွားခြင်းက ထူးဆန်းနေပြီး လက်ရှိအနေအထားကြောင့် အရာရာ အဓိပ္ပါယ်ရှိလာခဲ့သည်။
"ငါတို့က ခေါင်းဆောင်လင်းရဲ့အကြံကို စိတ်ဝင်စားနေစရာ မလိုဘူး။ ဒါက အရေးမကြီးဘူး။ ဓားကောင်းကင်နဲ့ ရှေးဟောင်းမျှော်စင် စည်းလုံးနေရင် အဆင်ပြေတယ်။ ငါတို့က ဒီအပြစ်သားကို ဖမ်းဆီးပြီး သတ်ပစ်ရမယ်။ မဟုတ်ရင် ဓားပင်လယ်အတွက် အရှက်ရစရာပဲ"
မုရုံရီက ထောက်ပြလိုက်ပြီး အသူရာပင်လယ်ဖြစ်ရပ်မှာ မုရုံမျိုးနွယ်ဝင်များကို နာကျင်စေသည်။ အနာဂတ်မျိုးဆက်သစ်များအတွက် အဖိုးတန် အခွင့်အရေးတစ်ခု ပျောက်ဆုံးသွားသည် မဟုတ်ပါလော။
"အသူရာဓားဂိုဏ်းရဲ့ ခွေးကောင်တွေက ထာဝရ ပုန်းမနေနိုင်ပါဘူး။ ဒီအားနည်းတဲ့ လူတွေကို ယွမ်ရှောင်က ဂရုစိုက်တယ်ဆိုတော့ သေချာပေါက် အသတ်ခံရလိမ့်မယ်။ မေးစရာရှိတာက ဘယ်လောက်အသေဆိုးမလဲ။ နေထွက်ဖို့ သုံးနာရီသာ လိုတော့တယ်။ ရဲကုရင် ထွက်လာရင် ဒီကောင် ပြေးစရာ မြေမရှိတော့ဘူး"
မုရုံခန်က လှောင်ရယ်လိုက်ပြီး အားလုံး ကျေနပ်နေကြစဥ် မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။ အပြာရောင် အလင်းတစ်ချက်က အစည်းအဝေးအခန်းတွင်းသို့ ရောက်ရှိလာကာ သူ၏ပါးစပ်အတွင်းမှ ဖောက်ထွက်သွားခဲ့၏။ ထိုင်လျက်သား နောက်လှန်သွားကာ မျက်လုံးအပြူးသားနှင့် အသက်ထွက်သွားသည့် သားဖြစ်သူကြောင့် မုရုံလီ၏ရယ်သံ ရပ်တန့်သွားခဲ့သည်။ လူတိုင်း မတုံ့ပြန်နိုင်ခင်မှာပင် ဓားမြှောင်က အခန်းအတွင်း လှုပ်ရှားကာ တစ်ယောက်မကျန် သတ်ဖြတ်၍ နောက်ဆုံးတွင် သူ့အလှည့် ကျရောက်လာသည်။
"ယွမ်ရှောင် ငါတို့ မင်းကို ဓားကောင်းကင်ရဲ့ ခေါင်းဆောင်အဖြစ် ထောက်ခံပေးပါမယ်"
သူက အလန့်တကြားဒူးထောက်၍ တုန်ရီစွာ တောင်းပန်လိုက်သော်လည်း နောက်ကျသွားကာ ခေါင်းကို ထိုးဖောက်ခံလိုက်ရ၏။ ခဏအတွင်း မုရုံအိမ်တော်မှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားကာ ဓားမြှောင်သည် အဝေးသို့ ပျံထွက်သွား၍ သဲလွန်စ မကျန်ရစ်ခဲ့ပေ။ ရှေးမနှောင်းမှာပင် လင်းချင်းဖန်နှင့် နောက်လိုက်များ ရောက်ရှိလာ၍ တံခါးဖွင့်လိုက်သောအခါ စားပွဲဝိုင်း၌ သေဆုံးနေကြသည့် မုရုံမျိုးနွယ်ဝင် အလောင်းများက ကြိုဆိုနေသည်။ မုရုံလီက ခေါင်းတစ်ခုလုံး ပုံပျက်နေကာ ကျန်အလောင်းများ၏ ဒဏ်ရာမှ သွေးများက တစ်ခန်းလုံး စီးနေခဲ့သည်။
ဓားကောင်းကင်၌ ယွမ်ရှောင်ရှိနေကြောင်း သိလိုက်ရသောအခါ လူတိုင်း ကြောက်လန့်ကုန်ပြီး မျက်နှာ၌ သွေးရောင် မရှိတော့ပေ။ လင်းချင်းဖန်က ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ခါနေစဥ် လင်းမျိုးနွယ်၌ အလားတူဖြစ်ပျက်ခဲ့ကြောင်း နောက်လိုက်များမှ သတင်းပို့လာပြန်သည်။ ထို့ကြောင့် လူတိုင်း ဖြူဖပ်ဖြူရော်ဖြစ်သွားကာ ရှောင်ယုမှာ ထိန်းချုပ်မရနိုင်လောက်အောင် အကြောက်လွန်နေခဲ့သည်။
"လုပ်ကြံခံရတာကို ရှောင်လွှဲဖို့အတွက် နေကျောက်စိမ်းခေါင်းလောင်းတီးပြီး လူတိုင်းကို ဆင့်ခေါ်လိုက်စမ်း"
လင်းချင်းဖန်က အမိန့်ပေးလိုက်ပြီးနောက် ခေါင်းလောင်းသံနှင့်အတူ ဓားကောင်းကင်၏ ကျင့်ကြံသူရှစ်ထောင်ကျော်သည် မျက်နှာထားမျိုးစုံနှင့် ရောက်ရှိလာကြသည်။ မုရုံမျိုးနွယ်နှင့် လင်းမျိုးနွယ် လုပ်ကြံခံလိုက်ရသော်လည်း နင်မျိုးနွယ်မှာ အန္တရာယ်ကင်းနေပြီး နင်ရန်ကိုလည်း လုံးဝ ရှာမတွေ့ပေ။ ညအမှောင်က ပို၍နက်မှောင်နေသယောင် ထင်မှတ်ရကာ လင်းချင်းဖန်သည် သေရည်ခွက်ကိုင်ရင်း မျက်မှောင်ကြုတ်နေခဲ့သည်။ ဤအဖြစ်အပျက်များ မရှိခဲ့လျှင် သူ၏အကြံက ရာနှုန်းပြည့် အောင်မြင်နိုင်သော်လည်း ကံဆိုးသွားရ၏။
"အစ်ကိုဖန် ကောင်းကင်က ရှင့်ကို ကာကွယ်ပေးမှာပါ။ ယွမ်ရှောင်ရဲ့ ဓားအရိုးကို သေချာပေါက် ရလိမ့်မယ်"
ရှောင်ယုက သူ၏လက်ကို ဆွဲကိုင်ကာ အားပေးလိုက်ခြင်း ဖြစ်သည်။
"ခေါင်းဆောင် သတင်းကောင်း ရှိပါတယ်"
ထိုအချိန်တွင် ကျင့်ကြံသူတစ်ယောက်က ဓားပျံဖြင့် လင်းချင်းဖန်ထံ အလောတကြီး ရောက်လာခဲ့သည်။
"ပြောစမ်း"
"ရှေးဟောင်းမျှော်စင်ရဲ့ ပါရမီရှင် ရှောင်ရွှယ်က သေမျိုးတိုင်းပြည်မှာ မျိုးရိုးနာမည် ကျောက်နဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့တယ်။ သူမက ယွမ်ရှောင်ရဲ့ ဂိုဏ်းတူအစ်မ ဖြစ်နိုင်တယ်"
ထိုသတင်းကို ကြားလိုက်ရသောအခါ လင်းချင်းဖန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် လက်ထဲမှ ခွက်ကို ညှစ်ချေလိုက်မိသည်။ ရှောင်ရွှယ်က သူမကို ဓားပျံဖြင့် ရှေးဟောင်းမျှော်စင်ထံ ခေါ်ဆောင်လာနေကြောင်း သိလိုက်ရသောအခါ မျက်လုံးများပင် တောက်ပလာသည်။
"ယွမ်ရှောင်ကို သတ်ပြီး ဓားပင်လယ်အတွက် ဂုဏ်ဆောင်ချင်ရင် ငါနဲ့အတူ ရှေးဟောင်းမျှော်စင်ကို လိုက်လာကြ"
သူက ရှေ့တက်၍ အမိန့်ပေးလိုက်သောအခါ ပြိုင်တူအော်ဟစ်လိုက်ကြပြီး ကျင့်ကြံသူလေးထောင်ကျော် ရှေ့ထွက်လာခဲ့၏။ ကျန်ကျင့်ကြံသူများမှာ အကြည့်ချင်းဖလှယ်၍ ခေါင်းဆောင်နှစ်ယောက်နှင့် ရဲကုရင် ရှိနေသောကြောင့် မလိုအပ်ဟု တွေးနေခဲ့ကြသည်။ လူငယ်တစ်ယောက်ကို ဤအင်အားမျိုးဖြင့် သတ်ဖြတ်ရန် အလွန်လွယ်ကူသော်လည်း လူတိုင်းကို ဆင့်ခေါ်နေခြင်းမှာ လင်းချင်းဖန်နှင့် ရှောင်ချန်တန်းက အာဏာပြလိုခြင်းသက်သက်ဟု ထင်မြင်နေကြသဖြင့် မလှုပ်ရှားကြပေ။
"ဓားကောင်းကင်တစ်ခုလုံးက သတ္တိ မရှိကြတော့ဘူးလား"
လင်းချင်းဖန်က အေးစက်စက်ရယ်မော၍ ဓားပျံနှင့် ထွက်ခွာသွားသောအခါ နောက်လိုက်လေးထောင်ကျော်လည်း တက်ကြွစွာ လိုက်ပါသွားကြ၏။
"ပေအာကို သတ်တဲ့အတွက် ယွမ်ရှောင်က အပြစ်ရှိပါတယ်။ ဒါပေမယ့် ခေါင်းဆောင်နှစ်ယောက်က သူ့ကို ဖမ်းဖို့အတွက် သေမျိုးတိုင်းပြည်တွေကို ဒုက္ခပေးခဲ့တယ်။ သူ့မိသားစုနဲ့ မိတ်ဆွေတွေကို အကျပ်ကိုင်ဖမ်းဖို့ နတ်ဆိုးတွေနဲ့ ပူးပေါင်းတာမျိုးကို နင်မျိုးနွယ်က သေပါစေ၊ လုံးဝမလုပ်ဘူး"
ကျန်ရစ်ခဲ့သည့် လူအုပ်အကြားတွင် ရှိနေသော အဘိုးနင်က လင်းချင်းဖန်၏ လုပ်ရပ်ကြောင့် စိတ်ပျက်စွာ ရေရွတ်လိုက်လေသည်။