← Chapters

အခန်း (၄၂၁)

Vol. 29 Ch. 421

အခန်း (၄၂၁)

Vol. 29 Ch. 421

မှေးမှိန်နေသော အလင်းရောင်က ချက်ချင်းပင် တောက်ပလာခဲ့သည်။ မုန့်ချီ ကိုယ်တိုင်ကတော့ သေးငယ်သော ကျောင်းဆောင်လေးတစ်ခုထဲတွင် ထိုင်နေကြောင်း တွေ့လိုက်ရ၏။ ကျဆင်းလာသော အနီရောင်အလင်းတန်းများက ကျောင်းဆောင်ကြီးတစ်ခုလုံးတွင် လင်းလက်တောက်ပနေသည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်တော့ ပြိုကျလုဆဲဆဲ စားပွဲခုံကို မှီထိုင်နေသည့် လူသန်ကြီးတစ်ယောက် ရှိနေသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူက အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်ကြီးမားပြီး မုန့်ချီထက် ခေါင်းတစ်လုံးခန့် ပိုမြင့်သည်။

သူ၏မျက်နှာပေါ်တွင် ဆံပင်များ ဖုံးလွှမ်းနေပြီး သူ၏မျက်လုံးများကတော့ ကြယ်တာရာကောင်းကင်ကြီးကဲ့သို့ နက်ရှိုင်းလွန်းလှသည်။ မျက်လုံးထဲတွင် တလက်လက် တောက်ပနေသော အလင်းရောင်များ ထွက်ပေါ်လာသလို ထင်မှတ်ရ၏။

မုန့်ချီက စွန့်လွှတ်ခြင်းကျင့်စဉ်၏ ဆိုးကျိုးများကို ယခုအချိန်ထိ ခံစားနေရသေးသည်။ သူက အတော်လေးကို အားနည်းနေပြီး ဆိုးဆိုးဝါးဝါးကို ခေါင်းကိုက်နေခဲ့၏။ သူက စွမ်းအားပြန်ဖြည့်ဆေးကို သောက်ခဲ့သည်မှာ ကံကောင်းသွားသည်။ ထို့ကြောင့် သူက တဖြည်းဖြည်းပို၍ ပြန်ကောင်းလာနေ၏။

သူက အချိန်ဆွဲရန်နှင့် သံသယများကို ဖယ်ရှားရန် မေးလိုက်သည်။

“ဆရာကြီး…”

“မင်းက ဘာလို့ ငါ့ကို ဆရာကြီးလို့ ခေါ်နေတာလဲ…။ ငါက အသက်ကြီးနေလို့လား…။ မင်းက ငါ့ကို အစ်ကိုလို့ပဲ ခေါ်လို့ရတယ်…”

ထိုလူက ပြန်ပြောလိုက်သည်။

“ဟမ်…။ သူ့ကိုကြည့်ရတာ ကြမ်းတမ်းရက်စက်တဲ့ပုံ မပေါ်ပါဘူး…”

မုန့်ချီက အနည်းငယ် စိတ်အေးသွားခဲ့သည်။

ကူရှောင်စန်း၏ အပြုအမူကိုကြည့်၍ ထိုလူက သေချာပေါက် နာမည်ကြီးနိုင်၏။ သူက မြေပြင်မှတ်တမ်းတွင် နာမည်ကျော်ကြားသူတစ်‌ယောက် ဖြစ်နိုင်သည့်အတွက် သူ၏တိုက်ခိုက်မှုကို ခုခံနိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

“အစ်ကို…

ကျွန်တော့်ကို ဘာလို့ လိုအပ်တာလဲ…”

သူ့ကို ထိုကဲ့သို့ ခေါ်လိုက်သည့်အတွက် မုန့်ချီက အိုးတိုးအမ်းတမ်း ခံစားလိုက်ရသော်လည်း ထိုလူ ကျေနပ်စေရန် ခေါ်လိုက်သည်။

ထိုလူက ခေါင်းကုတ်ပြီး ပြောလိုက်၏။

“ငါက မင်းရဲ့ အစစ်အမှန်အင်ပါယာတံဆိပ်ကို ငှားချင်တာပါ…”

“ကျွန်တော့်မှာ အစစ်အမှန်အင်ပါယာတံဆိပ်ရှိနေတာကို အစ်ကိုက ဘယ်လိုသိတာလဲ…”

မုန့်ချီက အံ့ဩသွားခဲ့သည်။

လူလိမ်ဝမ်မှလွဲလျှင် သူ့အကြောင်းကို မည်သူကမျှ မသိခဲ့ပေ။ အနားတွင် ဖြတ်သွားသူတစ်ယောက်က သူ့ဆီတွင် အစစ်အမှန်အင်ပါယာတံဆိပ်ရှိကြောင်း မည်သို့သိနေသနည်း။

ထိုလူက ရယ်လိုက်၏။

“တခြားသူတွေကတော့ သိမှာမဟုတ်ဘူး….။ ဒါပေမယ့် ငါကတော့ သိတယ်…။ အစစ်အမှန်အင်ပါယာတံဆိပ်က အစစ်အမှန်အင်ပါယာတွေနဲ့ ဆက်သွယ်ထားတယ်လေ….”

သူပြောသည့်စကားက အလွန်ထူးဆန်းနေသည်။

“အစစ်အမှန်အင်ပါယာတစ်ယောက်လား…”

မုန့်ချီက ဆံပင်များ ဖုံးလွှမ်းနေသော သူ၏မျက်နှာကိုကြည့်ပြီး သူ့စကားကို စဉ်းစားနေခဲ့သည်။ ထိုလူက အစစ်အမှန်အင်ပါယာတစ်ယောက်ဖြစ်မည်ဟု မယုံကြည်ပေးနိုင်ခဲ့ပေ။ သို့သော် သူကတော့ ရူးသွပ်သောလူတစ်ယောက် မဟုတ်သည့်အတွက် တုံ့ပြန်ခဲ့ခြင်း မရှိချေ။

ထိုအစား ရှုပ်ထွေးစွာ မေးလိုက်၏။

“တကယ်လို့ အစ်ကိုက အစစ်အမှန်အင်ပါယာတံဆိပ်ကိုပဲ ငှားချင်တာဆိုရင် ဘာလို့ ကျွန်တော့်ကို ခေါ်လာရတာလဲ…”

ထိုလူက သူ့ကို ကူရှောင်စန်းဆီမှ ခေါ်လာသည့်အတွက် ကျေးဇူးတင်နေသော်လည်း မုန့်ချီက အကြောင်းပြချက်ကို ဖော်ထုတ်ရန် လိုအပ်သည်။ ထိုလူက အစစ်အမှန်အင်ပါယာတံဆိပ်ကို လိုချင်နေသည်ဆိုလျှင် ဘာကြောင့် မုန့်ချီကို ဖမ်းလာခဲ့ရသနည်း။

သူက ခဏကြာ ငြိမ်သက်သွားခဲ့၏။ ထို့နောက် ခေါင်းကုတ်ပြီး ပြောလိုက်၏။

“ငါက တံဆိပ်ကို ငှားယူလိုက်မယ်ဆိုရင် ဓားပြတစ်ယောက်လို့ မင်းက မတွေးဘူး မဟုတ်လား…။ တကယ်လို့ ငါက မင်းဆီကနေ ငှားယူရုံပဲဆိုရင် သာမာန် လူသားကမ္ဘာထဲက ပညာရှင်တစ်ယောက်နဲ့ ပိုပြီး တူနိုင်တယ်လေ…”

သူက ရယ်ကာမောကာနှင့် ပြောလိုက်၏။

“အသေးစိတ်ကိုတော့ မသိချင်ပါနဲ့…”

“ပုံရိပ်အတွက်လား…”

မုန့်ချီက ထိုလူကိုကြည့်ပြီး အံ့ဩသွားခဲ့သည်။

အသက်ကြီးနေသည်ကိုပင် ခေါင်းထဲတွင် သူ့ပုံရိပ်အကြောင်း ရှိနေသေး၏။

“တကယ်လို့ ငါသာ သူ့လိုလူတစ်ယောက် ဖြစ်လာမယ်ဆိုရင် ငါ့ကိုငါ သတ်သေမိမှာပဲ။တကယ်လို့ ခင်ဗျားကသာ ကိုယ့်ပုံရိပ်ကို ပိုပြီးတော့ ထိန်းသိမ်းချင်တယ်ဆိုရင် ပိုပြီးတော့ သတိထားသင့်တယ်…”

သူက တစ်ယောက်တည်း စိတ်ထဲတွင် ရေရွတ်မိသည်။

ထို့နောက် သူက သက်ပြင်းချပြီး ပြောလိုက်၏။

“အစ်ကို ကျွန်တော်က အစစ်အမှန် အင်ပါယာတံဆိပ်ကို ယူလာခဲ့တဲ့အချိန်မှာ သစ္စာဆိုခဲ့ရတယ်…။ ဒါကြောင့် ကျွန်တော်က အကျိုးဆက်တွေကို ခံယူရလိမ့်မယ်…။ တကယ်လို့ ကျွန်တော်က အဲဒီအရာကို ငှားပေးလိုက်မယ်ဆိုရင် အစ်ကိုက တစ်ခုခု ပြန်ပေးနိုင်မလား…”

အကယ်၍ သူက သင့်တော်သော ဈေးနှုန်းတစ်ခုခုဖြင့် ရောင်းပေးနိုင်မည်ဆိုလျှင် စစ်ခုံထူ၏ ယုံကြည်မှုကို ပြီးဆုံးသွားနိုင်သည်။

“ငါက အဲဒီအရာကို ပြန်ပေးမှာပါ…”

ထိုလူက အိုးတိုးအမ်းတမ်း အမူအရာဖြင့် ပြန်ပြောလိုက်၏။

“ငါက အလျင်အမြန်ထွက်လာခဲ့တယ်ဆိုတော့ ငါ့ဆီမှာ တန်ဖိုးကြီးတဲ့အရာ ဘာမှ ပါမလာခဲ့ဘူး…”

သူက မုန့်ချီကို လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

သူ၏အမူအရာက ရုတ်တရက် လေးနက်သွားခဲ့၏။

“ငါကလည်း အကျိုးအကြောင်း သဘောတရားတွေအားလုံးကို သိတယ်…။ မင်းက ရလဒ်ကို ဆက်ခံထားမှတော့ မင်းကို ငါနဲ့အတူ ခေါ်သွားတာ ပိုကောင်းမယ်…။ မင်းက အစစ်အမှန်အင်ပါယာတံဆိပ်ကို သိမ်းထားနိုင်တယ်…”

“အဖိုးတန်တဲ့ပစ္စည်းမရှိလို့လား…”

မုန့်ချီက တွေဝေစွာ ခေါင်းညိတ်ပြလိုက်သည်။

မည်သို့ဖြစ်စေကာမူ သူက အစစ်အမှန်အင်ပါယာတံဆိပ်ကို တခြားသူများဆီ ငှားပေးလိုက်နိုင်ခြင်း မရှိချေ။ အကျိုးဆက်က သူ့အတွက် အလွန်ပြင်းထန်လွန်းလှ၏။

“အစ်ကို…။ အစ်ကို့ရဲ့နာမည်က ဘယ်သူလဲ…”

မုန့်ချီက သတိထား၍ မေးလိုက်သည်။ အကျိုးအကြောင်း သဘောတရားများကို နားလည်နေသော လူတစ်ယောက်က လူမသိနိုင်သော လူတစ်ယောက် မဖြစ်နိုင်ချေ။

ထိုလူက ခါးဆန့်ပြီး မတ်မတ်ရပ်လိုက်၏။ သူက အေးစက်သွားသည့် အခြေအနေမျိုး ပြောင်းလဲရန် ကြိုးစားလိုက်သည်။

“ငါက သိုင်းလောက ကနေ ထွက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ…။ ငါက တောင်ပိုင်းကျင်းအင်ပါယာက မဟုတ်ဘူး…။ ဒါကြောင့် မင်းက ငါ့အကြောင်းကို ကြားဖူးမှာ မဟုတ်ဘူး…။ ပြီးတော့ ဂုဏ်သတင်းဆိုတာကလည်း အသုံးမဝင်ဘူးလေ…။ ငါ့နာမည်က ကောင်းလန်လို့ခေါ်တယ်…”

မုန့်ချီ အံ့ဩထိတ်လန့်သွားမှာကို စောင့်နေသည့်အလား သူက မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။

“တောင်ပိုင်းကျင်းအင်ပါယာက မဟုတ်ဘူးလား…။ ဒါဆိုရင် သူက မြောက်ပိုင်းကျိုးအင်ပါယာကလား..”

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

“ကျွန်တော်က တကယ်ပဲ အစ်ကို့အကြောင်းကို မကြားဖူးဘူး…”

လူငယ်မှတ်တမ်းမှ နာမည်ကျော်သခင်လေးများကလွဲလျှင် မုန့်ချီက ကျင်းအင်ပါယာနှင့် သေမင်းပင်လယ်ကန္တာရ၏ အပြင်ဘက်တွင် ရှိနေသော ပညာရှင်များအကြောင်းကို အနည်းငယ်လေးသာ သိထားသည်။ မြေပြင်မှတ်တမ်းကိုပင် သူက စစ်ဆေးကြည့်ခဲ့ဖူးသော်လည်း ထိုနေရာတွင် နာမည်ပေါင်းများစွာ ရှိနေ၏။

မုန့်ချီ၏အဖြေကိုကြားသည့်အခါ လူသန်ကြီးက မျက်ခုံးပင့်၍ မေးလိုက်သည်။

“သေချာစဉ်းစားပါဦး…။ ငါက ချန်းလဲ့က ကောင်းလန်လေ…”

“ချန်းလဲ့က ကောင်းမိသားစုလား…။ မြောက်ပိုင်းကျိုးအင်ပါယာက မိသားစုပဲ…။ သူက ကောင်းမိသားစုက ပညာရှင်တစ်ယောက် …။ ဒါကြောင့်လည်း ကူရှောင်စန်းက ဒီလောက်တောင် ကြောက်နေတာကိုး…။ ကောင်းမိသားစုရဲ့ တိတ်ဆိတ်ခြင်း နှလုံးသားကျင့်စဉ်က နားလည်ဖို့ အရမ်းခက်တယ်လို့ ပြောကြတယ်…။ နည်းနည်းလေး လွဲသွားတာနဲ့ ရူးသွပ်သွားနိုင်တယ်…။ ဒါကြောင့် ကောင်းမိသားစုက ရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကြီးတယ်…။ သူကတော့ သဘောကောင်းတဲ့ လူတစ်ယောက်ဖြစ်နေတာ ကံကောင်းသွားတယ်…”

မုန့်ချီက အလွန်ထိတ်လန့်သွားပြီး ကောင်းလန်ကို ဒေါသထွက်အောင် မလုပ်မိစေရန် တိတ်တိတ်နေခဲ့၏။

ကောင်းလန်က မျက်မှောင်ကြုတ်လိုက်မိသည်။

“မင်းက ငါ ဘယ်သူလဲဆိုတာ မမှတ်မိသေးဘူးလား…။ ငါက မင်းကို နောက်ထပ် သဲလွန်စတစ်ခု ပြောမယ်…။ ငါက အရူးမင်းသားပဲ…။ မဟုတ်ဘူး ဉာဏ်ကောင်းတဲ့မင်းသား ကောင်းလန်….”

မုန့်ချီကတော့ အုတ်ခဲဘေးတွင် ထိုင်နေပြီး ပြင်းပြင်းထန်ထန် စဉ်းစားရင်း အလွန်အမင်းကို ထိတ်လန့်သွားခဲ့သည်။

“အဲဒီကောင်းလန်လား…။ ကျွန်တော်က အစ်ကို့ကို အရမ်းလေးစားနေတာ…။ တခါတလေ အစ်ကိုနဲ့ တွေ့ဖို့ အခွင့်အရေးမရှိခဲ့လို့ တော်တော်လေး ဝမ်းနည်းသလို ခံစားနေရတာ…။ ဒီနေ့တော့ အစ်ကိုနဲ့ တွေ့ရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး…”

အကယ်၍ ချီကျန်းရန်ကသာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် မုန့်ချီ၏တုံ့ပြန်မှုကိုကြည့်၍ သေချာပေါက် ရယ်ပါလိမ့်မည်။

သို့သော် ကောင်းလန်ကတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားသည့်အမူအရာနှင့် ခေါင်းမော့ရယ်လိုက်၏။ သူက အလွန်ကျေနပ်သွားခဲ့သည်။

“ဟား…ဟား…ဟား…ဟား…ဟား……

ငါက နှစ်ပေါင်းများစွာပျောက်နေတာနဲ့ သိုင်းလောကမှာရှိတဲ့ လူတိုင်းက ငါ့ကို မေ့နေပြီလို့ ထင်ထားတာ…။ မင်းက တကယ်ဉာဏ်ကောင်းတဲ့ ကောင်လေးပဲ…။ ငါ့ကို ဆရာကြီးလို့ မခေါ်ပါနဲ့…။ ငါ့ကို အစ်ကိုကောင်းလို့ပဲ ခေါ်ပါ…”

“အစ်ကိုကောင်း…အစ်ကို့ရဲ့တုံ့ပြန်မှုကလည်း တော်တော်များနေတယ်…”

မုန့်ချီက တစ်ယောက်တည်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူကတော့ သူ့ကို ဆက်လက်၍ ကျေနပ်နေစေရန် ပြောနေခဲ့၏။ သို့သော် မုန့်ချီကတော့ မည်သည့်အဖြစ်အပျက်ကိုမျှ ပြောပြခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူက ကောင်းလန်နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မသိထားချေ။

မုန့်ချီနှင့် ကောင်းလန်တို့နှစ်ယောက်စလုံးက ကျေနပ်နေခဲ့၏။ သူက ကောင်းလန်ကို မြှောက်ပင့်ပြောဆိုရန် တခြားစကားလုံးရှာမတွေ့မီချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်၏။

“အစ်ကိုကောင်း…

ကျွန်တော်က အစ်ကိုသွားချင်တဲ့နေရာကို လျှို့ဝှက်ထားပေးရမလား…။ ပြီးတော့ ကျွန်တော့်ကို နတ်ဆိုးမက ခေါ်သွားတယ်ဆိုတော့ ကျွန်တော့်သူငယ်ချင်းတွေက စိတ်ပူနေကြမှာ စိုးတယ်…။ ဒီတော့ ကျွန်တော်က အဆင်ပြေနေတဲ့အကြောင်း သူတို့ကို သတင်းပို့ချင်တယ်…”

ကောင်းလန်၏အပြုံးက ပျောက်ကွယ်သွားပြီး အေးအေးဆေးဆေး လက်ကာပြလိုက်သည်။

“ကိစ္စမရှိပါဘူး…။ ငါလုပ်ချင်တယ်ဆိုရင် ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး…”

သူ စကားပြောလိုက်သည့်အချိန်တွင် ကမ္ဘာကြီးကို အုပ်စိုးနိုင်သော အစွမ်းရှိနေသလို ခံစားလိုက်ရ၏။

“သူက ရူးပေမယ့် တကယ့်ပညာရှင်တစ်ယောက်လိုပဲ…”

မုန့်ချီက စိုးရိမ်နေခြင်း မရှိချေ။

“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး…။ တကယ်လို့ ကျွန်တော်တို့ကသာ ရုံးစိုက်တဲ့မြို့တစ်မြို့ ဒါမှမဟုတ် တခြားမြို့တွေကို ဝင်မယ်ဆိုရင် ကျွန်တော်က ကျိကျန်းဓားစံအိမ်နဲ့ ဟွမ်ဟွာဓားဂိုဏ်းတို့ကို သတင်းပို့ချင်တယ်…”

မုန့်ချီ၏ စကားမဆုံးသေးခင် ကောင်းလန်က သူ့အနားကိုကပ်လာပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

“တကယ်လို့ ငါတို့ကို တစ်ယောက်ယောက်က တားဆီးမယ်ဆိုရင်တော့ အခြေအနေက ကောင်းမှာမဟုတ်ဘူး…။ ဒီတော့ မင်းရဲ့မိတ်ဆွေတွေကို ရိုးရှင်းတဲ့သတင်းပဲ ချန်ထားခဲ့ပါ…။ ငါတို့ရဲ့တည်နေရာနဲ့ ပတ်သက်ပြီး ဘာမှ မပြောနဲ့…”

မုန့်ချီက မျက်နှာပျက်သွားပြီး ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သူက ဟန်ဆောင်ပြုံး၍ ပြောလိုက်၏။

“ကောင်းပါပြီ…”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဘယ်သွားမှာလဲဆိုတာ ငါလဲ မသိဘူးလေ…”

……………

မုန့်ချီနှင့် ကောင်းလန်တို့က ရုံးစိုက်ရာမြို့တစ်မြို့ထဲသို့ ဝင်လာခဲ့ကြသည်။ ကောင်းလန်က သိုင်းလောကထဲသို့ ဝင်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည့်အတွက် အရာအားလုံးက သူ့အတွက် အသစ်ဖြစ်နေခဲ့သည်။ သူက ကလေးတစ်ယောက်ကဲ့သို့ အရာအားလုံးကို စိတ်ဝင်စားနေခဲ့၏။ သူက တခါတရံရယ်နေပြီး တခါတရံ တခြားသူများကိုကြည့်၍ စကားပြောနေခဲ့သည်။

“ငါ့ကိစ္စတွေပြီးသွားရင် မင်းကို သေချာပြုစုမယ်။ ငါတို့ မမူးမချင်း သောက်ကြတာပေါ့”

ကောင်းလန့်က မုန့်ချီ၏ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။

သူက ကြီးမားသောခွန်အားနှင့် မွေးဖွားလာသော လူတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ မုန့်ချီက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို လေ့ကျင့်ထားသော်လည်း ကောင်းလန်ကတော့ ပို၍အစွမ်းထက်နေသေး၏။ မုန့်ချီက သူပုတ်လိုက်သည့် ခွန်အားကို ခံနိုင်ရည်မရှိခဲ့ချေ။

သူတို့က ကျိကျန်းဓားစံအိမ်၏ ဌာနရှိရာကို ရောက်လာခဲ့ကြသည်။ ခဏကြာပြီးနောက် မုန့်ချီက အထဲကို ဝင်သွားပြီး တာဝန်ခံဆီကို လျှောက်သွားခဲ့၏။

“ကျွန်တော်က စုမုန့်ပါ…။ ဒီကို ဝင်လာတာပါ…”

မုန့်ချီက အရိုအသေ ပေးလိုက်သည်။

တာဝန်ခံ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက မုန့်ချီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။

“သတ်ဖြတ်ရေးဓား စုမုန့်လား…”

“ဟုတ်တယ်…။ မြေခွေးဘုရင်ကို ခြေရာခံဖို့အတွက် ငါက ရင်မြို့ထဲကနေ ထွက်လာခဲ့တာ…။ မိန်းကလေးကျန်းက ငါ့အတွက် စိုးရိမ်နေမှာ စိုးတယ်…။ ဒါကြောင့် ဒီကိုလာပြီး သတင်းပို့တာ…”

ကောင်းလန်က သူ့အနားတွင်ရှိနေသည့်အတွက် မုန့်ချီက မြေခွေးဘုရင်၏ အကြောင်းကို ဆင်ခြေပေးလိုက်သည်။

တာဝန်ခံက စိတ်အေးသွားခဲ့ပုံ ရသည်။

“ညီမလေးကျန်းက မင်းကို ရှာနေခဲ့တာ…။ မင်းက လုံခြုံနေတယ်ဆိုတော့ တော်သေးတာပေါ့…”

“မြေခွေးဘုရင်ဆီမှာ သူ့ကိုယ်သူ ဓားတစ်ချောင်းအဖြစ် ပြောင်းလဲနိုင်တဲ့ ဓမ္မကာရသိုင်းကွက်မျိုး ရှိတယ်ဆိုတာ ကျေးဇူးပြုပြီး သူ့ကို သတိပေးလိုက်ပါဦး။ ပြီးတော့ သူ့ကိုယ်သူ သတိထားဖို့လည်း ပြောပေးပါ…”

မုန့်ချီက မြေခွေးဘုရင်၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ ထိုအစား လူတိုင်းသိသွားရန် မျှော်လင့်နေခဲ့၏။ ထိုသိုင်းကွက်ကြောင့်သာမဟုတ်လျှင် မုန့်ချီက ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းတွင် မြေခွေးဘုရင်ကို သတ်ပစ်နိုင်စွမ်း ရှိသည်။

သို့သော် သူ၏တည်နေရာနှင့် အဖိုးတန်လက်နက်များ ကျေးဇူးကြောင့် မုန့်ချီက သတ်ဖြတ်ရေးချီစွမ်းအင်များ၏ ထိခိုက်မှုကို မခံစားရပေ။ ထိုအစား မြေခွေးဘုရင်၏ ဘယ်လက်ကသာ အချိန်မီ ကုသနိုင်ခြင်းမရှိလျှင် ထိုအရာက သူ့အတွက် ခက်ခဲနိုင်၏။

ကောင်းကင်မိုးကြိုး(၅)သွယ်က သူ၏‌သွေးကြောများကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးပစ်သည့်အတွက် သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနိုင်သည်။ ဆေးရည်များ၏ အကူအညီနှင့်ပင် သူက တစ်နှစ်အတွင်း သေခြင်းရှင်ခြင်းတံခါးကို ဖွင့်ရန် လုံးဝမဖြစ်နိုင်ပေ။

သူက မျက်ခုံးပင့်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ဪ… ဒါနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်မှာ ကောင်းလန်လို့ခေါ်တဲ့ ဆရာကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်…”

မုန့်ချီကတော့ သူ၏ဗဟုသုတကို စမ်းသပ်ရန် ကြိုးစားလိုက်သည်။

ကောင်းလန်ကတော့ မုန့်ချီ၏အနားသို့ ကပ်လာပြီး သေချာနားထောင်နေခဲ့သည်။

“ကောင်းလန်လား…။ ချန်းလဲ့က ကောင်းလန်လား…"

ကျိကျန်းဓားစံအိမ်မှ ပညာရှင်က အလွန်အံ့ဩသွားပုံရ၏။

ကောင်းလန်က ချောင်းဟန့်လိုက်ပြီး လက်နောက်ပစ်၍ ပညာရှင်တစ်ယောက်၏ ပုံစံဖမ်းလိုက်သည်။

“မင်းလည်း သူ့ကို သိတာလား…”

မုန့်ချီက အံ့ဩသွားခဲ့သည်။

ကျိကျန်းဓားစံအိမ်မှ ပညာရှင်က သက်ပြင်းချလိုက်မိသည်။

“ဘာလို့ သူ့အကြောင်းကို မသိဘဲ နေရမှာလဲ…။ ရိုးရိုးသားသားပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်(၂၀)အတွင်း ဆရာဦးလေးစုက လူငယ်မှတ်တမ်းနဲ့ မြေပြင်မှတ်တမ်းမှာ ညအချိန်တောက်ပတဲ့ လမင်းကြီးတစ်စင်းလို ဖြစ်ခဲ့တယ်…။ သူက သိုင်းလောကမှာ ပညာရှင်တိုင်းအတွက် နာမည်ကျော်၊ စံပြပုဂ္ဂိုလ်တစ်ဦးပဲ…”

“ဒါပေမယ့် အဲဒီအရင် လွန်ခဲ့တဲ့ နှစ်(၂၀)လောက်မှာတော့ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ ကြယ်ပွင့်(၂)ခု ရှိခဲ့တယ်…။ တစ်ယောက်ကတော့ မကောင်းဆိုးဝါးသခင် ဟန်ကွမ်းနဲ့ တခြားတစ်ယောက်ကတော့ အရူးမင်းသား ကောင်းလန်ပဲ…။ သူတို့နှစ်ယောက်ရဲ့အစွမ်းက အတူတူပဲ…။ နောက်ပိုင်းမှာတော့ မကောင်းဆိုးဝါးသခင်က ဓမ္မကာရအဆင့်ကိုရောက်သွားပြီး ကောင်းလန်ကတော့ ကျန်နေခဲ့တယ်…”

“ဒါပေမယ့် မကောင်းဆိုးဝါးသခင်ကို ကျောင်းထိုင်ကိုယ်တော် ကုံဝမ်က သတ်ပစ်ခဲ့တယ်….။ အရူးမင်းသားကတော့ ရူးသွပ်သွားခဲ့ပြီး မြောက်ပိုင်းကျိုးအင်ပါယာမှာရှိတဲ့ ဂိုဏ်းတွေက ချန်းလဲ့မှာ ထိန်းချုပ်ထားတယ်…။ သူတို့တွေ သေဆုံးသွားတဲ့အချိန်မှာတော့ သူ့ကို မေ့သွားကြပြီ…။ အရူးမင်းသားက အသက်ရှင်နေသေးတာ အံ့ဩစရာဖို့ ကောင်းတာပဲ…။ သခင်လေးစု …မင်းက တစ်ယောက်ယောက်နဲ့များ မှားနေတာလား…”

သူပြောလိုက်သည့်အချိန်တွင် ကောင်းလန်၏အမူအရာက တဖြည်းဖြည်း ပြုံးလာခဲ့သည်။ သူ၏အရှိန်အဝါကလည်း ခန့်မှန်း၍ မရနိုင်ပေ။ သူက လက်နောက်ပစ်ပြီး ကျိကျန်းဓားစံအိမ်ထဲမှ ဖြည်းညင်းစွာ ထွက်သွားခဲ့၏။

မုန့်ချီက သူ့ကို ဒေါသထွက်အောင် မလုပ်ရဲသည့်အတွက် တာဝန်ခံကို နှုတ်ဆက်စကားပြောလိုက်ပြီး ကောင်းလန်၏ နောက်မှ လိုက်သွားခဲ့သည်။

အဝေး မိုးကုတ်စက်ဝိုင်းကိုကြည့်ပြီး ကောင်းလန်က သက်ပြင်းချ၍ ပြောလိုက်သည်။

“နဂါးစင်မြင့်ဆီကို သွားကြစို့…”

Translated by Hein Htet

All Chapters