← Chapters

အခန်း (၄၂၂)

Vol. 29 Ch. 422

အခန်း (၄၂၂)

Vol. 29 Ch. 422

"နဂါးစင်မြင့်ကို သွားကြစို့…"

ရင်ထဲတွင် ထိုစကားလုံးများကို ပြန်လည်စဉ်းစားနေရင်း မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော စည်ကားနေသည့် လူတန်းကြီးများ ၊ လမ်းသွားလမ်းလာများနှင့် လမ်းဘေးဈေးသည်များ အားလုံးက ပန်းချီပုံရိပ်များကဲ့သို့ ဖြစ်သွားသလို ထင်မှတ်လိုက်ရသည်။ သူက ထိုကမ္ဘာကြီးနှင့် အဝေးကို ရောက်သွားသလို ဖြစ်သွားခဲ့သည်။

ကောင်းကင်ကြီးက မှေးမှိန်နေရာမှနေ၍ ပြာလဲ့လဲ့ ကြည်လင်တောက်ပလာခဲ့သည်။ မုန့်ချီ၏ ရှေ့တွင်တော့ မြူခိုးများ လွှမ်းခြုံနေသော ရေကန်တစ်ခု ရှိနေပြီး အဝေးမိုးကုတ်စက်ဝိုင်းထိအောင် ကျယ်ပြန့်သလို ထင်မှတ်ရသည်။ ဆောင်းရာသီအချိန်တွင်ပင် ရေကန်၏အောက်ခြေကို မမြင်ရပေ။

ထိုရေကန်ကြီးထဲတွင် ရှိနေသော ရေများက အလွန်ကြည်လင်နေပြီး ရေစစ်ထားသည့် အလွှာများ ရှိနေသလို ထင်မှတ်ရသည်။ ထို့ကြောင့် မြင်လိုက်ရုံနှင့် ထိုရေများကို သောက်သုံးချင်စိတ် ပေါ်လာနိုင်၏။

သို့သော် သေချာ စိုက်ကြည့်လိုက်မည်ဆိုလျှင် ရေကန်ထဲမှနေ၍ အနီရောင်အရည်များ ဆက်တိုက် ထွက်ပေါ်လာသည်ကို တွေ့မြင်နိုင်သည်။ ရေကန်ထဲမှာနေ၍ အနက်ရောင် အငွေ့များလည်း ထွက်ပေါ်လာနေပြီး သူတို့ကတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။

"ဒီနေရာက လူသားဧကရာဇ်ရဲ့ဓားကို ပစ်ချခဲ့တဲ့ အစစ်အမှန်နဂါးစင်မြင့်ပဲ…"

ကောင်းလန်က မုန့်ချီကို တည်ငြိမ်စွာ ပြောပြလိုက်သည်။

မုန့်ချီကတော့ နဂါးစင်မြင့်နှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ သိမထားခဲ့သည့်အတွက် သူ၏အစီအစဉ်ကို လုံးဝမသိခဲ့ပေ။ သူက အနည်းငယ် ရှုပ်ထွေးစွာ မေးလိုက်၏။

"အစ်ကိုကောင်း …

ဒါက နဂါးစင်မြင့်လား…"

နာမည်အရ ထိုအရာက ရေကန်တစ်ခု ဟုတ်ပုံမရချေ။

ကောင်းလန်က အပြုံးနှင့် ပြောလိုက်၏။

"လူတွေက သူတို့ရဲ့ မသိမှုတွေကြောင့် တစ်ခုပြီးတစ်ခု ရှုပ်ထွေးနေကြတာ။ အလယ်ခေတ်နဲ့ ရှေးဟောင်းခေတ်ရဲ့ကြားထဲမှာ နတ်ဆိုးဗုဒ္ဓ(မာရ်နတ်)က နဂါးစင်မြင့်ကို ဒေါသတကြီး ဖျက်ဆီးခဲ့တယ်။ သူက ရှာဖွေခဲ့ပေမဲ့ နဂါးစင်မြင့်ကနေ အဖိုးတန်တဲ့ အရာတစ်ခုကိုမှ မရခဲ့ဘူးလေ။ ဒီတော့ ဒီနေရာက မြေအောက်ချော်ရည်တွေနဲ့ ယင်မီးတောက်တွေကို ဆက်သွယ်ထားတဲ့ ရေကန်ကြီးတစ်ခုအဖြစ် ပြောင်းသွားခဲ့တယ်…”

“နဂါးစင်မြင့်ကို စောင့်ရှောက်ရတဲ့ လူသားဧကရာဇ်ရဲ့ မျိုးဆက်တွေကလည်း ဒုက္ခကပ်ဆိုးတွေကြောင့် ကုန်ဆုံးသွားကြတယ်။ ဒါကြောင့် သူတို့ရဲ့အစေခံတွေ အစေခံမတွေကပဲ အခွင့်အရေးတွေ ရသွားခဲ့ကြတယ်။ လူသားဧကရာဇ်ရဲ့ မျိုးဆက်တွေလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ပြီး အဲဒီအစေခံတွေက နဂါးစင်မြင့်နဲ့ (၁၀) မိုင်လောက်အကွာမှာ နောက်ထပ် နဂါးစင်မြင့်ကြီးတစ်ခုကို ဖန်တီးထားခဲ့တယ်။ အဲဒီအရာကတော့ တဖြည်းဖြည်းနဲ့ ဝူကျင်းနဂါးစင်မြင့်မြို့ဆိုပြီး ဖြစ်လာကြတာပဲ..”

“ဟိုး...အရင်တုန်းကတော့ ခန်းအင်ပါယာရဲ့အိုက်ဘုရင်က နဂါးစင်မြင့်ရဲ့ အစစ်အမှန်တည်နေရာကို ရှာဖွေနိုင်ခဲ့တယ်။ သူက ရှေးဟောင်းကျမ်းစာတွေကို ရှာဖွေကြည့်နေရင်း အချက်အလက်တွေကို မတော်တဆရသွားခဲ့တာပဲ။ လူသားမျိုးနွယ်စု ဖျက်ဆီးခံရမယ့် ကံကြမ္မာ ရှိနေတာကိုတောင် သူကတော့ သူ့လူတွေလွှတ်ပြီး အဲဒီအရာကို တူးဖော်ခဲ့တယ်…”

“ဒါကြောင့်လည်း အိုက်ဘုရင်က နဂါးစင်မြင့်ကို တူးဖော်တယ်ဆိုတာ ကောလာဟလတစ်ခုလိုပဲ ဖြစ်နေခဲ့တာ။ အစစ်အမှန်သက်သေတွေ မရှိခဲ့ဘူးလေ။ သူက တခြားတစ်နေရာကနေ နဂါးစင်မြင့်ကို တူးဖော်ဖို့ လမ်းကြောင်းအသစ် တွေ့သွားပြီလို့ လူတွေက သံသယဝင်နေကြတာ။ နောက်ပိုင်းမှာတော့ သူ့ရဲ့မျိုးဆက်တွေက တွေ့သွားတယ်ပေါ့။ အခုတော့ နဂါးစင်မြင့်က မတူညီတဲ့နေရာတွေ ဖြစ်နေတာပဲ…"

မုန့်ချီက တုန်ယင်နေသော အသံနှင့် ပြောလိုက်သည်။

"ဒါပေမယ့် ကောင်းလန်က ဒီအကြောင်းကို ဘယ်လိုများ သိနေတာလဲ။ သူက ချန်းမျိုးရိုး နာမည်ရှိနေတဲ့ မိဘမဲ့တစ်ယောက်များ ဖြစ်နေတာလား…"

ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီးနောက် ကောင်းလန်က ရုတ်တရက်ရယ်မော၍ ပြောလိုက်သည်။

"ငါက ဒီနေရာကို လျှို့ဝှက်ပြီး ရောက်လာခဲ့တာ။ ဒါကြောင့် ငါက ရုတ်တရက် တိုက်ခိုက်လိုက်မယ်ဆိုရင် သူတို့တွေက ပြင်ဆင်ထားနိုင်မှာ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ဘာအနှောင့်အယှက်မှ မရှိနိုင်တော့ဘူးလေ…"

သူ၏အမူအရာက ခန့်မှန်းရန် ခက်ခဲလွန်းလှပြီး လေသံကလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုများ ပြည့်နေသည်။

"ငါက တော်တော်လေးကို ကောက်ကျစ်တာပဲ…"

တခြားလူများက လမ်းတစ်ဝက်တွင် နှောင့်ယှက်မည်ဆိုလျှင်ပင် နေစောင်းချိန်တွင် ကောင်းလန်က ရင်မြို့ထဲမှ ထွက်သွားခဲ့ပြီး မိုးလင်းချိန်တွင် နဂါးစင်မြင့်ကို အောင်အောင်မြင်မြင် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူက အန်ကျွင်း ရုံးစိုက်ရာမြို့တွင်လည်း ခဏကြာ နေခဲ့သေး၏။

ထို့ကြောင့် လက်ရှိအချိန်တွင် လူအတော်များများက ကူရှောင်စန်း၏ သတင်းကို ကြားခဲ့လျှင်ပင် မည်သူကမျှ သူ၏လုပ်ရပ်ကို ထင်ထားလိမ့်မည် မဟုတ်ချေ။

"အစစ်အမှန်နဂါးစင်မြင့် ၊ မကောင်းဆိုးဝါးသခင်ကို ယှဉ်နိုင်တဲ့ အရူးမင်းသားက အဲဒီအချိန်တုန်းကလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ…"

ခေါင်းထဲတွင် ထင်မြင်ချက်များပေါ်လာပြီး မုန့်ချီက အသံတိုးတိုးနှင့် မေးလိုက်သည်။

"အစ်ကိုကောင်း …

အစ်ကို့ရဲ့ရည်ရွယ်ချက်က လူသားဧကရာဇ်ရဲ့ဓားလား ဒါမှမဟုတ် ကျန်ရှိနေတဲ့ မှော်လက်နက်တွေလား…"

မုန့်ချီက တည်ငြိမ်နေခြင်း မရှိတော့ပဲ လူသားဧကရာဇ်၏ ဓားဟူသော စကားလုံးတွင် ရပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ဒဏ္ဍာရီထဲမှ လူသားမျိုးနွယ်စု၏ အမှတ်သင်္ကေတဖြစ်ပြီး အလွန်အစွမ်းထက်သော မှော်လက်နက်တစ်ခု ဖြစ်သည်။ ထိုဓားကို လူသားဧကရာဇ် ပိုင်ဆိုင်ခဲ့သည့်အချိန်တွင် အလွန်ထက်မြက်သော ဓားအလင်းတန်းကို မည်သူကမျှ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။

သံသရာအရှင်သခင်၏ မှတ်တမ်းထဲတွင် ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက် အနည်းငယ်သာ ရှိသည်။ ထိုအထဲတွင် လူသားဧကရာဇ်၏ဓားကတော့ ထိပ်ဆုံးလက်နက် (၁၀) ခုထဲတွင် အပါအဝင်ဖြစ်ပြီး ပထမစာမျက်နှာတွင် ပြသထားသည်။ မပြည့်စုံသော ဗုဒ္ဓလက်ဝါးကျင့်စဉ်ကပင် ကံကြမ္မာအမှတ် တစ်သန်း တန်ကြေး ရှိသည်။ လူသားဧကရာဇ်၏ ဓားကတော့ ကံကြမ္မာအမှတ် (၉) သိန်း တန်ကြေး ရှိ၏။ ထိုအရာက အလွန်အမင်းကို တန်ကြေးရှိလှသည်။

"မဆိုးပါဘူး ။ မင်းက ကောင်းကောင်းကြီး နားလည်သားပဲ…"

ကောင်းလန်က အပြုံးနှင့် ပြောလိုက်၏။

"အစစ်အမှန် အင်ပါယာတံဆိပ်က လူသားဧကရာဇ်ရဲ့ ဓားအငွေ့အသက်ကို အနံ့ခံနိုင်တယ်။ အဲဒီအရာသာ မရှိရင် အိုက်ဘုရင်က နဂါးစင်မြင့်နဲ့ ပတ်သက်ပြီး သဲလွန်စဘယ်လိုတွေ့နိုင်မှာလဲ…"

"ဒါပေမဲ့ အဲဒါကို နတ်ဆိုးဗုဒ္ဓက ဖျက်စီးလိုက်ပြီ မဟုတ်ဘူးလား…"

မုန့်ချီက ပင့်သက်ရှိုက်၍ ပြောလိုက်သည်။

ကောင်းလန်က လက် (၂) ဖက်ကို နောက်ပစ်၍ ရပ်နေ၏။ သူ့ပုံစံက သူရဲကောင်း တစ်ယောက်ကဲ့သို့ ထင်ရသည်။ ထို့နောက် သူက အေးအေးဆေးဆေး အမူအရာနှင့် ပြောလိုက်၏။

"နတ်ဆိုးဗုဒ္ဓက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူက လူသားဧကရာဇ်ကို ယှဉ်နိုင်ရုံပဲ ရှိတယ်။ ဒါကြောင့် အစစ်အမှန်နဂါးစင်မြင့်နဲ့ လူသားဧကရာဇ်ရဲ့ဓားကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ဖျက်ဆီးနိုင်မှာလဲ။ လာခဲ့ပါ။ နဂါးစင်မြင့်က ဘာလဲဆိုတာ ငါမင်းကိုပြမယ်…"

မုန့်ချီကို စကားပြောနေရင်း သူ၏အငွေ့အသက်များက ကြောက်စရာကောင်းစွာ ပြောင်းလဲသွားခဲ့သည်။ ထိုအရာက ကမ္ဘာကြီးတစ်ခုလုံးနှင့် ပေါင်းစည်းသွားသလို ထင်မှတ်ရ၏။

သူ့ကို ကြည့်လိုက်သည့်အချိန်တွင် မုန့်ချီကတော့ အဝေးတွင် ရှိနေသော လယ်ယာမြေများကို ရိတ်သိမ်းနေသော လယ်သမားများ ၊ သစ်တောကြီးတွင် ထင်းခုတ်နေသော ရွာသားများ ၊ ငါးဖမ်းပိုက်များ ခင်းနေသော ငါးဖမ်းသမားများကို တွေ့နေရသည်။ သူကတော့ စာရွက်ပေါ်ရှိ ဖန်တီးမှုများကို မြင်နေရသလို ထင်မှတ်ရ၏။

လူနေအိမ်များ တည်ဆောက်ခြင်း ၊ မီးခိုးငွေများ ထွက်ပေါ်လာခြင်း ၊ သိုင်းပညာရှင်များ သိုင်းပညာလေ့ကျင့်ခြင်းနှင့် ပြည့်နှက်နေသော သာမန်လူသားကမ္ဘာကြီးတစ်ခု ဖြစ်သည်။

ကောင်းလန်က ရှေ့ကို တစ်လှမ်းလျှောက်လိုက်ရာ ရေကန်က အလိုလို ထက်ခြမ်းကွဲသွားပြီး မုန့်ချီက သူ့နောက်မှ လိုက်လာခဲ့သည်။ သူတို့က ရေကန်၏ အတွင်းပိုင်းထဲကို တဖြည်းဖြည်း ဆင်းသွားခဲ့ကြ၏။ ဘေး (၂) ဖက်တွင် ရှိနေသော ရေနံရံများတွင် လှိုင်းလုံးများ ထွက်ပေါ်လာနေသည်မှာ အိပ်မက်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ရုတ်တရက်ဆိုသလို ကောင်းလန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မုန့်ချီ၏ လက်ထဲမှနေ၍ အစစ်အမှန် အင်ပါယာတံဆိပ် ထွက်လာခဲ့သည်။ ထိုအချိန်တွင် သက်ရှိများ၏ အငွေ့အသက်များ အားလုံး ရပ်သွားပြီး အရာအားလုံး ပေါင်းစပ်သွားသလို ခံစားမှုမျိုး ပေါ်လာသည်။

နောက်ဆုံးတွင်တော့ ထိုအရာက ကောင်းလန်၏လက်ထဲကို ရောက်သွားခဲ့၏။ ကောင်းလန်က ထိုအရာကို သိမ်မွေ့စွာ ကိုင်လိုက်သည့်အချိန်တွင် ကမ္ဘာကြီးက ရုတ်တရက် ပြောင်းလဲသွားပြီး မုန့်ချီ ကိုယ်တိုင်က ခေါင်းထဲတွင် မူးဝေဝေ ဖြစ်သွားခဲ့၏။

ပတ်ပတ်လည်ရှိ ရေကန်ကြီးကလည်း အလွန်တည်ငြိမ်သော နန်းတော်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ နန်းတော်ကြီး၏ အနောက်ဘက်တွင်တော့ လူ (၂) ယောက်သွားသာရုံ လမ်းကြောင်းလေးတစ်ခုသာ ရှိသည်။ လမ်းဘေး (၂) ဖက်တွင် ရှိနေသော မီးတိုင်များပေါ်တွင်တော့ အဝါရောင်နှင့် အနီရောင်ရောနေသော မီးတောက်ကလေးများ တောက်လောင်နေသည်။

"ငါတို့က လူသားဧကရာဇ်ရဲ့ ရှေးဟောင်းလမ်းကြောင်းကိုဖြတ်ကျော်ပြီးမှပဲ ဓားကို ထားခဲ့တဲ့ စင်မြင့်ကို ရောက်လိမ့်မယ်.."

ကောင်းလန်က အစစ်အမှန် အင်ပါယာတံဆိပ်ကို ကိုင်ထားရင်း ဆက်လျှောက်လာခဲ့သည်။

ထို့နောက် သူက ရှေးဟောင်းလမ်းကြောင်း၏ ရှေ့တွင်ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ညီငယ်လေး…

မင်းက ဘယ်လောက်ဝေးဝေး သွားနိုင်လဲဆိုတာ ကြိုးစားကြည့်ပါ…"

"ဟမ်…"

မုန့်ချီက ရှုပ်ထွေးသွားခဲ့သည်။

ကောင်းလန်၏ အငွေ့အသက်များနှင့် တွန်းပို့မှုကြောင့် သူက လမ်းပေါ်သို့ တက်လိုက်၏။ သူက ထိုလမ်းကြောင်းထဲသို့ ခက်ခက်ခဲခဲ ဝင်လိုက်ရသည့်အချိန်တွင် သူ၏နားနှင့် နှလုံးသားထဲသို့ အသံနှင့် မြင်ကွင်းမျိုးစုံ ဝင်လာပြီး တစ်ခုပြီးတစ်ခု ခံစားလိုက်ရသည်။

ကျောက်ခေတ်တွင် တောရိုင်းတိရစ္ဆာန်များက အမဲလိုက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်အတောအတွင်း လူသားများကလည်း အားနည်းသော သက်ရှိများ ဖြစ်နေသည်။ လူသားမျိုးနွယ်စုက တောရိုင်းတိရစ္ဆာန်များ ၊ ကြောက်စရာကောင်းသောနတ်ဆိုးများ ၊ မကောင်းဆိုးဝါး ဝိညာဉ်များနှင့် နတ်ဘုရားများ၏ တည်ရှိမှုကြောင့် အသက်ရှင်နိုင်ခဲ့သည်။

သူတို့က အခက်အခဲများအားလုံးကို ကျော်လွှားနိုင်ပြီး ကိုယ်ပိုင်လမ်းကြောင်း တည်ဆောက်နိုင်ခဲ့၏။ အဆုံးတွင်တော့ မြို့ကြီးများ တည်ဆောက်ပြီး လမ်းများကို ပြုပြင်ခဲ့ကြသည်။ ထိုမြင်ကွင်းများက အစစ်အမှန် ဖြစ်နေသလို ထင်မှတ်ရပြီး သူ့ရင်ထဲတွင် လေးလံ၍ မုန့်ချီကို ဖိနှိပ်နေခဲ့၏။

သူက တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ရှေ့ကို ဆက်၍ လျှောက်နေခဲ့သည်။ လူသားဧကရာဇ်၏ ရှေးဟောင်းလမ်းမပေါ်တွင် မည်မျှဝေးဝေး သွားနိုင်မလဲ ဟူသည်မှာ သူ့အစွမ်းပေါ် မူတည်နေကြောင်း မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့သည်။

ခိုင်မာသော စိတ်ဓာတ်နှင့်အတူ သူ့ဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အစွမ်းကုန်သုံး၍ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် သူက ရှေ့ကို နောက်တစ်လှမ်း လှမ်းလိုက်၏။ အလွန်လေးလံသော မြင်ကွင်းများကြောင့် မုန့်ချီကတော့ အလွန်ကြီးမားသော ကျောက်တုံးကြီးများကို သယ်ဆောင်ထားရသည့်အလား လဲကျသွားတော့မလို ဖြစ်နေခဲ့သည်။

သူ့ရှေ့တွင် ကြေးနီနှင့် သံနံရံကြီးများ ရှိနေသလို ထင်မှတ်ရပြီး သူက ထိုအရာများကို ထိုးဖောက်ရန် ခက်ခဲနေ၏။ ထို့နောက် ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်များ အလွန်လျင်မြန်စွာ စီးဆင်းလာပြီး ကြွက်သားများလည်း ထွက်ပေါ်လာသည်။

မုန့်ချီက အံကြိတ်ပြီး နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြန်၏။

"ဖျောက်…ဖျောက်…."

သူကတော့ အရိုးနှင့် ကြွက်သားအသံများကိုပင် ကြားနေရပြီး ပတ်ပတ်လည်မှ လေးလံသော တောင်တန်းကြီးများ သူ့အပေါ်သို့ ကျဆင်းလာသလို ခံစားနေရသည်။ သူက ချွေးပင် မထွက်နိုင်တော့ပေ။

မုန့်ချီက ခြေလှမ်းတစ်ဝက်ခန့် လှုပ်ရှားကြည့်လိုက်၏။ သူ၏ခြေထောက် (၂) ဖက်က ဖြည်းညင်းစွာ ကွေးသွားပြီး သူ၏ဒူး (၂) ဖက်ကပင် ဖိအားကို ထပ်၍ ခံနိုင်ရည် မရှိတော့ပေ။

"အရမ်းကောင်းတယ်။ မင်းက လျှို့ဝှက်တံခါးမပွင့်ခင် (၃)လှမ်းခွဲ လျှောက်နိုင်တာပဲ.."

မုန့်ချီက အနည်းငယ် အံ့ဩနေသော ကောင်းလန်၏အသံကို ကြားလိုက်ရသည်။ ထို့နောက် လေးလံသောဖိအားက ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီ၏ ခန္ဓာကိုယ်ကတော့ တစ်ကိုယ်လုံးချွေးများ စီးကျနေသည်။

မုန့်ချီက ပြန်လှည့်ကြည့်လိုက်ရာ ကောင်းလန်က အစစ်အမှန် အင်ပါယာတံဆိပ်ကို ကိုင်ထားကြောင်း မြင်လိုက်ရ၏။

"တော်တော်အစွမ်းထက်တာပဲ…"

သူက ကောင်းလန်၏ ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။

"တကယ်လို့ လူသားဧကရာဇ်ရဲ့ကျင့်စဉ်ကို လေ့ကျင့်မထားဘူးဆိုရင် ဒါမှမဟုတ် အဖိုးတန်ရတနာတွေ သယ်ဆောင်မထားဘူးဆိုရင်တော့ ဒီလမ်းပေါ်မှာလျှောက်ဖို့ ခက်ခဲတယ်။ လူသားကမ္ဘာကြီးထဲမှာ နတ်ဆိုးဗုဒ္ဓ ပေါ်လာတဲ့အချိန်ထိအောင် ဘယ်သူမှ လမ်းအဆုံးထိ မရောက်ဖူးသေးဘူး။ လူသားဧကရာဇ်ကိုယ်တိုင် အသက်ပြန်ရှင်လာပြီး ကမ္ဘာကြီးထဲမှာ နောက်တစ်ကြိမ်ပေါ်လာမှပဲ လမ်းအဆုံးထိ လျှောက်နိုင်လိမ့်မယ်.."

"တာအိုလမ်းစဉ်က ဘိုးဘေး (၉) ယောက်ကတောင် အဆုံးထိ မလျှောက်နိုင်ကြဘူးလား…"

မုန့်ချီက သတိလက်လွှတ် မေးခဲ့မိသည်။

"ကောင်းကင်ဘိုးဘေး ၊ ဘိုးဘေးလင်းပေါင်နဲ့ ဘိုးဘေးဒိုတီတို့က အစစ်အမှန် အောင်မြင်မှုမျိုး မရှိခဲ့ဘူး။ သူတို့နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများစုက နောက်ပိုင်းမျိုးဆက်တွေ ဖန်တီးထားတဲ့ ပုံပြင်ဒဏ္ဍာရီတွေလိုပဲ။ အဲဒီအရာတွေအားလုံးက ထင်မြင်ချက်အနေနဲ့ပဲ ရှိနေတာ။ နတ်ဆိုးသုတ်သင်ရေးဘိုးဘေးနဲ့ ဘိုးဘေးကွမ်ချန်းတို့က အဲဒီလောက် အစွမ်းမထက်ကြဘူး။ သူတို့က အဆုံးထိရောက်နိုင်ကြပေမယ့် နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ကြဘူး…"

ကောင်းလန်က ရှေးဟောင်းစာအုပ်များနှင့် မှတ်တမ်းများကို အခြေခံပြီး ပြောပြလိုက်သည်။

"ဒါပေမယ့် သူတို့ရဲ့အစွမ်းကို ငါကိုယ်တိုင် မမြင်ဖူးတော့ တိတိကျကျ ပြောလို့တော့ မရနိုင်ဘူး…"

မုန့်ချီ၏ စွမ်းအားကုန်ဆုံးမှုကလည်း ပျောက်ကွယ်သွားခဲ့ပြီး ဘေး (၂) ဖက်တွင် ရှိနေသော မီးတောက်လေးများက သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေခဲ့၏။

ကောင်းလန်က ခဏရပ်သွားပြီးနောက် သူ၏အရှိန်အဝါက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြန်သည်။ ချီစွမ်းအင်လှုပ်ရှားမှုများနှင့်အတူ မုန့်ချီက သူ့ကို ကြည့်လိုက်ရာ ကောင်းလန်က အလွန်လေးနက်ပြီး ဆန်းကြယ်လွန်းလှကြောင်း ခံစားမိနေခဲ့၏။

သူတို့က ကောင်းကင်နှင့် မြေကြီး ကွဲပြားသွားသည့် စကြဝဠာ ပထမအစကို ပြန်ရောက်သွားသလို ခံစားနေရသည်။ ထိုအချိန်တွင် နေ ၊ လနှင့် ကြယ်များလည်း မရှိသေးချေ။

အတော်ကြာပြီးနောက် အသက်စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး ဉာဏ်ပညာများ ပေါ်ပေါက်လာခဲ့သည်။ လူသားဧကရာဇ်၏ မီးအလင်းရောင် အနည်းငယ်ကလည်း တူညီသော ကြယ်များဆီမှ လင်းလက်လာပြီး မတူညီသော ကမ္ဘာကြီးများကို ဆက်သွယ်ပေးလိုက်သလို ထင်မှတ်ရသည်။

မီးပွားလေးတစ်ခုလုံးက မီးလောင်ပြင်ကြီးတစ်ခုလုံး ဖြစ်သွားနိုင်၏။ လူသားဧကရာဇ်၏အစွမ်းက ကောင်းကင်ကြီးကိုပင် အုပ်စိုးနိုင်သည်။

"ဒီလိုအရှိန်အဝါမျိုးနဲ့ ဒီလိုခံစားမှုမျိုး…"

မုန့်ချီက ထိုအရာကိုကြည့်ပြီး အံ့ဩနေခဲ့၏။

ကောင်းလန်က တံဆိပ်ကိုကိုင်ပြီး ရှေ့သို့ ဆက်‌လျှောက်နေခဲ့သည်။ မုန့်ချီကတော့ ကောင်းလန်နှင့် ကပ်လိုက်နေသည့်အတွက် မည်သည့်ဖိအားမျှ ခံစားနေရခြင်း မရှိတော့ချေ။ ခဏကြာ လျှောက်လာပြီးနောက် သူတို့က ရှေးဟောင်းလမ်းမ၏ ဘယ်ဘက်အခြမ်းတွင် အစိမ်းရောင်သစ်သား အငွေ့အသက်တစ်ခုနှင့် အလွန်တောက်ပသော နေမင်းကြီးကို တွေ့လိုက်ရသည်။ ထိုအရာများက အချင်းချင်း ထူးဆန်းစွာ ချိတ်ဆက်နေကြ၏။

"တုန်းရန်နတ်ဘုရားက ဒီနေရာအထိ ရောက်နိုင်ခဲ့တယ်…"

ကောင်းလန်က ကျန်ရှိနေသော အငွေ့အသက်ကို လက်ညှိုးထိုးပြပြီး အပြုံးနှင့် ပြောလိုက်၏။

"ဒီနည်းလမ်းက တော်တော်ထူးဆန်းတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့နောက်ဆုံး အငွေ့အသက်က နှစ်ပေါင်းတစ်သန်းလောက်ထိ ကျန်ရှိနေသေးလို့ပဲ…"

"တုန်းရန်နတ်ဘုရားလား…"

မုန့်ချီက ထိုအရာကို ကြည့်နေလိုက်သည်။

"သူက ‘ငါဘယ်သူလဲ ဘယ်သူကငါလဲ’ ဆိုတဲ့ မှတ်စုကို ချန်ထားခဲ့တဲ့ တစ်ယောက်လား။ သူလည်း နဂါးစင်မြင့်ကို ရောက်လာခဲ့တာလား။ သူ့ရဲ့အဆင့်က ဓမ္မကာရပညာရှင်တွေလောက်တောင် မထူးခြားဘူးလား…"

မုန့်ချီက ထိုမှတ်စုနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော် ရှေးဟောင်းလမ်းမပေါ်တွင် အငွေ့အသက် အနည်းငယ်လေးသာ ကျန်နေတော့သည့်အတွက် သဲလွန်စမရှိကြောင်း နားလည်သွား၏။ ထို့ကြောင့် သူက ကောင်းလန်၏နောက်မှ ကပ်လိုက်လာခဲ့သည်။

"ဆန်းကြယ်နတ်သမီး ၊ လောကအရှင်သခင်ရဲ့ချစ်သူက လောကသခင် ပျက်သုဉ်းခြင်းဓားကို သခင်မစုဆီ ပြန်ယူလာပြီးတာနဲ့ ပင်မဝိညာဉ်ပျက်စီးပြီး သေသွားခဲ့တယ်…"

ကောင်းလန်က အလွန်တည်ငြိမ်စွာ ပြောလိုက်၏။

"သူက ဒီနေရာကို ရောက်လာနိုင်တဲ့အတွက် ငါလည်း တော်တော်အံ့ဩမိတယ်။ ဒါကြောင့် သူ့ရဲ့အစွမ်းက တကယ်ထူးခြားတာပဲ…"

လမ်းတလျှောက်တွင် အငွေ့အသက်မြောက်မြားစွာ ကျန်နေခဲ့သည်။ ‌ကောင်းလန်က မုန့်ချီကို တစ်ယောက်ပြီးတစ်ယောက် ပြောပြနေခဲ့၏။ သူပြောပြခဲ့သည့် လူများအားလုံးက အလယ်ခေတ်တွင် နာမည်ကျော် ပညာရှင်များဖြစ်နေခဲ့ပြီး အများစုက ရှေးဟောင်းကျမ်းစာနှင့် မှတ်တမ်းများထဲတွင် ရှိနေခဲ့သည်။

"သူက သူ့ရဲ့ပင်မဝိညာဉ်ကို ဖျက်ဆီးပြီး သေဆုံးသွားခဲ့တာလား…"

မုန့်ချီကတော့ အင်မော်တယ်ကမ္ဘာကြီးမှ လူများနှင့် ကွဲပြားသော မိန်းမလှလေးကိုကြည့်ပြီး အလွန်ထိတ်လန့်နေခဲ့သည်။ ကူရှောင်စန်းပြောပြသော လောကသခင်အကြောင်း ကြားခဲ့သည့်အချိန်တွင် ဆန်းကြယ်နတ်သမီးက လောကသခင်ကို ထိခိုက်အောင်လုပ်နိုင်ခဲ့သည်ဟု သူက တွေးခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် သူမက အထက်တန်းလွှာ မိသားစုတစ်ခုနှင့် ပူးပေါင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူမက အချစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခဲ့မည်ဟု မည်သူက တွေးထားခဲ့မည်နည်း။

ကောင်းလန်က တစ်ယောက်တည်း ရှေ့ကိုသာ စိုက်ကြည့်နေခဲ့၏။ အငွေ့အသက်ပေါင်းများစွာကို ဆက်တိုက် ဖြတ်ကျော်လာပြီးနောက် သူက ဘေး (၂)ဖက်တွင် ရှိနေသော အငွေ့အသက် (၂) ခုကို လက်ညှိုးထိုးပြလိုက်သည်။

"သူတို့ (၂) ယောက်ကတော့ အလယ်ခေတ်မှာရှိခဲ့တဲ့ သူတော်စင်တွေထဲက (၂) ယောက်ပဲ.."

ဤနေရာနှင့် မလှမ်းမကမ်းတွင်တော့ ကျောက်တုံးတံခါးကြီး ရှိနေသည်။ ဤနေရာသို့ ရောက်လာနိုင်သော သူများက ခန့်မှန်းကြည့်ရန် ခက်ခဲသော စွမ်းအားများကို ပိုင်ဆိုင်ထားပုံရသည်။

မုန့်ချီကတော့ အငွေ့အသက်တစ်ခုနှင့် အလွန်ရင်းနှီးနေ၏။ ထိုအရာက ပြတ်သားပြီး ခိုင်မာသည်။ အမှန်တရားကိ ုမြတ်နိုးပြီး ဆန်းကြယ်သော ဝိညာဉ် ရှိနေသည်။ သူ့ကို သေချာမကြည့်မိလျှင် မည်သည့်ခံစားမှုမျှ ရလိမ့်မည်မဟုတ်ချေ။ ထိုအရာကို သတိထားမိသည့် အချိန်တွင်တော့ ရင်ဘတ်ထဲတွင် ပန်းပွင့်လေးတစ်ခု ဖြည်းညင်းစွာ ပွင့်လန်းလာသလို ထင်မှတ်ရ၏။

"အဲဒါကတော့ ဆန်းကြယ်ဝိညာဉ်နဲ့ သူတော်စင်ဓား (၉) သွယ် အမွေအနှစ်တွေကို ချန်ထားခဲ့တဲ့ ဂရုဏာသူတော်စင်ပဲ။ ဟား …ဟား … ဟား …ဟား ကျိုးနိုင်ငံ ဝမ်မိသားစုက သူတို့ရဲ့ အမွေအနှစ်တွေကို ရခဲ့တယ်လေ…"

ကောင်းလန်က အငွေ့အသက်များကိုကြည့်ပြီး ပြောလိုက်သည်။

မုန့်ချီက ထိုအရာကို မှတ်မိနေသည့်အတွက် သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။

"တခြားတစ်ယောက်ကတော့ ‘စိတ်က လွဲရင် ဘယ်အရာမှ မရှိဘူး။ အသိပညာနဲ့ လုပ်ရပ်ဆိုတာက လက်ထဲမှာပဲ ရှိတယ်’ ဆိုတဲ့အယူကို ဆွဲကိုင်ထားတဲ့ နှလုံးသားသူတော်စင်ပဲ။ သူ့ရဲ့အတွေးအခေါ်ဝါဒတွေက ချန်းလဲ့မှာရှိတဲ့ အတွေးအခေါ်ကျောင်းဆောင်ထဲမှာ တော်တော်လေးနာမည်ကြီးတယ်။ သူတို့တွေက စိတ်ရဲ့သဘောသဘာဝကိုပဲ ဆွေးနွေးကြတဲ့အတွက် ဝမ်မိသားစုလောက် မထူးချွန်ကြဘူး…"

ကောင်းလန်က ခနဲ့သလို ပြောလိုက်သည်။

Translated by Hein Htet.

All Chapters