← Chapters

အခန်း (၄၂၃)

Vol. 29 Ch. 423

အခန်း (၄၂၃)

Vol. 29 Ch. 423

ချန်းလဲ့မှ ကောင်းမိသားစုကဲ့သို့ အထက်တန်းလွှာမိသားစုများနှင့် ပင်မသိုင်းဂိုဏ်းကြီများကလွဲလျှင် မြောက်ပိုင်းကျိုးအင်ပါယာမှ ဂိုဏ်းနှင့် မိသားစုများအကြောင်း မုန့်ချီက လုံးဝသိမထားခဲ့ပေ။ သူက အတွေးအခေါ်ကျောင်းကိုပင် လုံးဝမကြားဖူးသည့်အတွက် ဝေဝေဝါးဝါးသာ တုံ့ပြန်နေရသည်။

သူက သူတို့နှင့် တူညီသော အကြောင်းအရာတစ်ခုကိုတော့ တွေးခဲ့ဖူးသည်။

‘သိစိတ်ဆိုတာက စိတ်ကူူးသလောက် ရောက်နိုင်တယ်…။ ဗဟုသုတနဲ့ လုပ်ရပ်တွေကတော့ လက်ထဲမှာပဲ ရှိတယ်…’။ ထိုအရာကတော့ လက်ရှိဓမ္မကာရအဆင့်ပညာရှင်များနှင့် အတွေးအခေါ်ဂိုဏ်းမှ သူတော်စင်များ၏ စွမ်းအားကွာဟမှုအရလည်း ဖြစ်နိုင်သည်။

ကောင်းလန်က ရှေ့ကို(၂)လှမ်းလျှောက်လာပြီး ရုတ်တရက် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ရှေးဟောင်းလမ်းမပေါ်တွင် နင်းလျှောက်လာနေရင်း မုန့်ချီက အိပ်မက်တစ်ခုထဲသို့ ကျရောက်နေသလို ခံစားနေရသည်။ မျက်ခုံးကြားလျှို့ဝှက်တံခါးပင် မပွင့်သေးသော သူ့လို လူတစ်ယောက်က လူသာဧကရာဇ်၏ ဓားတိုက်ပွဲကို အမှန်တကယ် ပါဝင်လာခဲ့ရသည်။

အကယ်၍ သူကသာ ကျန်းဝူအင်ပါယာ၏ အတွေ့အကြုံများနှင့် ဗုဒ္ဓလက်ဝါး၏ အတွေ့အကြုံများသာ မရှိလျှင် မည်သို့လုပ်ရမည်ဖြစ်ကြောင်း သေချာပေါက် သိလိမ့်မည် မဟုတ်ချေ။ သူက ကြောက်ရွံ့ထိတ်လန့်နေနိုင်ပြီး အချိန်မရွေး ထွက်ပေါ်လာနိုင်သော မကောင်းဆိုးဝါး တစ္ဆေများ၊ နတ်ဆိုးများကို ကြောက်လန့်နေရပါလိမ့်မည်။

လူသားဧကရာဇ်၏ နဂါးစင်မြင့်ထဲတွင် အသက်ရှင်နေနိုင်သော မကောင်းဆိုးဝါးများက ထူးထူးခြားခြားကို အစွမ်းထက်နိုင်သည်။ သူ့အနားတွင် ကောင်းလန်ရှိနေလျှင်ပင် မုန့်ချီကတော့ စိတ်အေးနေနိုင်ခြင်း မရှိချေ။ ထိုအရာက သံသရာတာဝန်များထဲမှ တစ်ခု မဟုတ်ချေ။ လူအရေအတွက် ကန့်သတ်ချက်လည်း မရှိသလို ထိန်းချုပ်ထားနိုင်သော အခြေအနေတစ်ရပ်လည်း မဟုတ်ချေ။ မတော်တဆဖြစ်ရပ်များစွာ ဖြစ်ပေါ်နိုင်၏။

ထို့ကြောင့် ကောင်းလန်၏ သက်ပြင်းချသံတိုးတိုးကို ကြားသည့်အချိန်တွင် မုန့်ချီက အလွန်ကြောက်လန့်သွားသည့်အတွက် သူ၏ဓားမောက်ကို ဆွဲထုတ်လိုက်၏။ သူက ပတ်ဝန်းကျင်ကို သတိကြီးကြီးထား၍ စစ်ဆေးကြည့်နေသော်လည်း မည်သည့်အရာမျှ မရှိချေ။ ပတ်ပတ်လည်တွင် ရန်သူနှင့် တိုက်ခိုက်သူများလည်း မရှိချေ။

“မင်းက ဘာတွေကြောက်နေတာလဲ…။ တကယ်လို့ ငါက အဲဒီအရာကို အနိုင်မရနိုင်ဘူးဆိုရင် မင်းဆီမှာ အသက်(၉)သက် ရှိရင်တောင် သေနေလောက်ပြီ…”

ကောင်းလန်က ရယ်လိုက်၏။

“ဝမ်မိသားစုက မကောင်းဆိုးဝါးအိုကြီးလည်း ဒီနေရာမှာ ရှိနေလို့ ငါက အံ့ဩသွားခဲ့တာပါ…”

“ဝမ်မိသားစုရဲ့ မကောင်းဆိုးဝါးအိုကြီးလား…”

မုန့်ချီက ကောင်းလန် လက်ညှိုးထိုးပြသည့်နေရာကို လှမ်းကြည့်လိုက်သည့်အခါ အဝေးတွင် ရှိနေသော တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။

ထိုအရာကတော့ ကရုဏာသူတော်စင်ထက်ပင် ခြေ(၂)လှမ်းပိုသာနေပြီး နားလည်၍ မရနိုင်သော ခံစားမှုတစ်ခု ဖြစ်သည်။ သေချာစစ်ဆေးကြည့်လိုက်သည့်အချိန်တွင် ကမ္ဘာမြေကြီးထဲ၌ အလွန်လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ရှိနေကြောင်း နားလည်သွား၏။

“သူက မြစ်အရှေ့ပိုင်း ဝမ်မိသားစုရဲ့ ဘိုးဘေးလား…”

ကောင်းလန်က ခေါင်းညိတ်ပြလိုက်သည်။ သူက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး တခြားလက်တစ်ဖက်ကတော့ အစစ်အမှန် အင်ပါယာတံဆိပ်ကို ကိုင်ထားသည်။

သူက ရှေ့ဆက်သွားနေရင်း ပြောလိုက်၏။

“သူက ဝမ်မိသားစုရဲ့ မကောင်းဆိုးဝါးအိုကြီးပဲ…။ အလယ်ခေတ်တုန်းကတော့ တွက်ချက်ရေးသူတော်စင်လို့ လူသိများတယ်…”

“သူက ကရုဏာသူတော်စင်နဲ့ နှလုံးသားသူတော်စင်တို့ထက်တောင် ပိုပြီးတော့ ရှေ့ရောက်သေးတာပဲ…”

မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

“သူက တွက်ချက်ခြင်းပညာကို အားကိုးနေလို့ ခြေနှစ်လမ်းပဲ ပိုပြီးသာတာပါ…။ သူ အသာစီးရတယ်ဆိုတာ သဘာဝတရားကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို လှည့်စားပြီး လှည့်ကွက်တွေ သုံးခဲ့လို့ပဲ…။ သူ့ရဲ့အစစ်အမှန်အဆင့်က သူတို့လောက်ပဲ ရှိပါတယ်”

“သူကလည်း ကံကြမ္မာဟောတဲ့ လူတွေလိုပါပဲလား…”

မုန့်ချီကတော့ ဆက်သွယ်မှုကို ချက်ချင်း နားလည်သွားခဲ့သည်။

သို့သော် သူကလည်း ထိုလူ၏ သဘောထားကို လက်ခံနေခဲ့၏။ နောက်ထပ် ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် သူတို့က အလွန်လေးလံသော ကျောက်တံခါးကြီးအနားကို ရောက်လာခဲ့၏။

တံခါးကြီး၏အနားတွင်တော့ ခရမ်းရောင်လျှပ်စီးကြောင်းများ လှုပ်ရှားနေပြီး အလွန်ကြောက်စရာကောင်းသော ခံစားမှုမျိုး ရနေခဲ့သည်။

“လောကသခင်လား…”

မုန့်ချီက ခန့်မှန်းမိခဲ့သည်။

လူအနည်းငယ်ကသာ ထိုကဲ့သို့ အဆင့်မြင့်သော မိုးကြိုးစွမ်းအင်များကို ရရှိခဲ့ဖူးသည်။ ရှေးအချိန်မှ မိုးကြိုးနတ်ဘုရားကတော့ လူသားဧကရာဇ် အုပ်စိုးသည့်အချိန်တွင် သေဆုံးသွားခဲ့ပါပြီ။

ကောင်းလန်က ခရမ်းရောင်မိုးကြိုးများကို စိုက်ကြည့်နေခဲ့၏။

“ဟုတ်တယ်…။ အချိန်ကွာဟချက်ကြောင့် ငါတို့က လောကသခင်ရဲ့ သိုင်းကွက်(၆)ကွက်နဲ့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်တို့ကို မမြင်နိုင်တော့တာ ကံဆိုးသွားတယ်…”

သူ၏ စကားလုံးများက တိုက်ပွဲကို ဆာလောင်နေသလို ထင်မှတ်ရသည်။

သူ၏စကားသံ၊ ခံစားချက်များက မုန့်ချီကို လှုံ့ဆော်ပေးနေခဲ့၏။ အနာဂတ်တွင် သူ သင်ယူခွင့်ရနိုင်သော အရာများကို စဉ်းစားမိသည့်အချိန်တွင် သူကိုယ်တိုင်ကလည်း လောကသခင်ကဲ့သို့ တိုက်ခိုက်ရေးသိုင်းကွက်(၆)ခုကို ဖန်တီးနိုင်ပါလိမ့်မည်။

မုန့်ချီနှင့် ကောင်းလန်တို့ကတော့ တံခါးအနားကို ကပ်လာခဲ့သည့်အချိန်တွင်ခရမ်းရောင်လျှပ်စီးကြောင်းများဆီမှ ထွက်ပေါ်လာသောအသံက တဖြည်းဖြည်း ပို၍ ကျယ်လောင်လာသည်။ ထိုတံခါးကတော့ အနားသို့ ကပ်လာသော လူတိုင်းကို တားဆီးနေသည့်အလား အလွန်ကြောက်စရာကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ သို့သော် ထိုအရာက လူသားဧကရာဇ်၏ ရှေးဟောင်းလမ်းကြောင်းထဲတွင် ကျန်နေသော အငွေ့အသက်တစ်ခုထက် ပိုနေခြင်း မရှိချေ။ မည်သည့်အစွမ်းမျှလည်း မရှိချေ။

ကောင်းလန်နှင့် မုန့်ချီတို့က တစ်ယောက်ပြီး တစ်ယောက် ခုန်တက်သွားကြသည်။ တခဏအတွင်း သူတို့က ရပ်လိုက်ကြ၏။ ခရမ်းရောင်မိုးကြိုးများ၏ အနားတွင်တော့ တင်ပျဉ်ခွေထိုင်နေသော ဘုန်းတော်ကြီးတစ်ပါး ရှိနေသည်။

ထိုဘုန်းတော်ကြီးက ညစ်ပတ်နေသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာက တပိုင်းတစ ဝေဝါးနေသည်။ သူက ပိန်ပိန်ပါးပါးရှိနေပြီး သူ့ဆီမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာနေ၏။ သူ့ဆီမှ တည်ငြိမ်အေးချမ်းမှု၊ လေးနက်မှု၊ လွတ်လပ်ပေါ့ပါးမှုနှင့် အနှောင်အဖွဲ့ကင်းမှုကို တွေ့နေရသည်။

“အဲဒီအငွေ့အသက်…”

ထိုဘုန်းတော်ကြီးကိုကြည့်ပြီး ကောင်းလန်က လှုပ်ရှားသွားသည်။

ထိုအရာက စိတ်ဝိညာဉ်လွှဲပြောင်းမှုများ မရှိသော ပုံရိပ်ယောင်တစ်ခု ဖြစ်နေသည်မှာ ကံကောင်းသွားသည်။

“ဒီဘုန်းတော်ကြီးက ဘယ်သူများလဲ…။ သူက လောကသခင်ကိုတောင် ယှဉ်နိုင်တယ်။ အလယ်ခေတ်မှာ ဗုဒ္ဓကျင့်စဉ်ကို လေကျင့်အောင်မြင်သွားတဲ့ ဘုန်းတော်ကြီးများများ မရှိဘူး။ ဒါက ဆေးဝါးဗုဒ္ဓလား။ မဟုတ်သေးဘူး။ အဲဒီလို ခံစားမှုမျိုး မဟုတ်ဘူး..

ကောင်းလန်က ထိုဘုန်းတော်ကြီး၏ သမိုင်းကြောင်းကို သေချာစဉ်းစားနေခဲ့သည်။

မုန့်ချီဆီတွင်လည်း ကိုယ်ပိုင်သုံးသပ်ချက်များ ရှိနေ၏။ သူက ထိုရွှေကိုယ်တော်၏ ထူးခြားသောအငွေ့အသက်များကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။ တခဏအတွင်းသူက သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရ၏။

“ဒီလိုပါပဲလား…”

“အနတ္တလား..”

လူသားဧကရာဇ်အုပ်စိုးသည့်အချိန်တွင်ပင် သူ၏လှုပ်ရှားမှုများ ရှိနေသေးသည်။

“အနတ္တလား…အဲဒီဘုန်းတော်ကြီးတော့ ဖြစ်နိုင်တယ်…”

ကောင်းလန်က မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည်။

“ဒါပေမယ့် မကောင်းဆိုးဝါးသူတော်စင် သေဆုံးသွားပြီးတဲ့နောက်မှာ နတ်ဆိုးကိုးကွယ်သူတွေက ကောင်းကင်ပင်လယ်အရင်းအမြစ်လို နေရာမျိုးတွေမှာ ပုန်းနေကြတယ်။ အနတ္တကတော့ ကမ္ဘာမြေကြီးထဲကနေ လုံးဝပျောက်ကွယ်သွားတယ်။ လူသားဧကရာဇ် အုပ်စိုးပြီးသွားတဲ့ အချိန်မှာတောင် သူက ဒီလိုဘဝမျိုးနဲ့ ပြန်ပေါ်လာမယ်လို့ မယုံနိုင်ဘူး…”

မုန့်ချီက လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။

ကောင်းလန်က သူ့အနားတွင် ရှိနေသည့်အတွက် သူက ရွှေခန္ဓာကိုယ်၏အနားသို့ ကပ်သွားပြီး သေချာစစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။ အကယ်၍ သူသာ သဲလွန်စတချို့ကို ရှာတွေ့မည်ဆိုလျှင် အနတ္တ၏ တွယ်ကပ်ခြင်းမှ လွတ်မြောက်သွားနိုင်သည်။

သို့သော် ထိုအရာက လူသားဧကရာဇ်၏ ရှေးဟောင်းလမ်းထဲတွင် ကျန်ရစ်နေခဲ့သည့် အငွေ့အသက်တစ်ခုသာ ဖြစ်နေသည်မှာ ကံဆိုးသွားသည်။ အလွန်ထူးခြားသော အငွေ့အသက်များကလွဲလျှင် မုန့်ချီက မည်သည့်အရာကိုမျှ မရခဲ့ပေ။

“မင်းက ဒီဘုန်းတော်ကြီးကို တော်တော်လေး စိတ်ဝင်စားနေတယ်ထင်တယ်…”

ကောင်းလန်က မုန့်ချီ၏ဓားမောက်ပညာနှင့် သူ၏နောက်ကြောင်းကို မသိသေးပေ။

“မင်းက မိုးကြိုးအခြေခံ ဓားမောက်သိုင်းပညာကို လေ့ကျင့်ထားမှတော့ မင်းက လောကသခင်ကို ပိုပြီးအလေးထားမယ်လို့ ထင်နေတာ…”

မုန့်ချီက အလွန်အမင်း ရှင်းပြနေခြင်းမရှိဘဲ ခါးသီးစွာ ရယ်လိုက်၏။

“ကျွန်တော်က အနတ္တကျိန်စာဖျက် ဓားသိုင်းပညာရဲ့ ဓားကွက်(၂)ကွက်ကို သင်ထားတယ်…”

ကောင်းလန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ် စစ်ဆေးခဲ့ခြင်း မရှိချေ။ သူ့အတွေးများကလည်း အဝေးသို့ ရောက်သွားခဲ့သည်။ သူက နောက်ပစ်ထားသော ဘယ်လက်ကို မြှောက်လိုက်ပြီး သူ့ရှေ့တွင် ရှိနေသော ကျောက်တုံးတံခါးကြီးကို တွန်းဖွင့်လိုက်သည်။

အလွန်လေးလံသော ကျောက်တုံးတံခါးကြီးက အသံမထွက်ဘဲ ဖြည်းညင်းစွာ ပွင့်သွားခဲ့၏။ ထိုအချိန်တွင် မုန့်ချီ၏မျက်လုံးထဲ၌ မီးပင်လယ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ မီးတောက်များ ထွက်ပေါ်လာပြီး မကြာခဏဆိုသလို မြွေများ၊ ဇာမဏီငှက်များအဖြစ် ပြောင်းလဲနေခဲ့၏။

မီးတောက်များ၏ အပြင်ဘက်နယ်မြေတွင်တော့ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး အဝေးသို့ ရောက်သွားလေလေ အပြာဖျော့ရောင် ပြောင်းလဲသွားလေလေ ဖြစ်သည်။

သူတို့က မီးတောက်၏အတွင်းပိုင်းထဲသို့ ဝင်သွားသည့်အချိန်တွင် မုန့်ချီက မည်သည့်အရာကိုမျှ မမြင်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏မြင်ကွင်းများအားလုံးကို မီးတောက်များက လွှမ်းခြုံထားပြီး သူ့ကို လောင်ကျွမ်းနေခြင်းကြောင့် ဖြစ်သည်။

“တကယ်လို့ ဒီနေရာမှာ နေလုံးကြီးတစ်လုံး ရှိနေတယ် ပြောရင်တောင် ငြင်းမိမှာ မဟုတ်ဘူး…”

ကောင်းလန်က သက်ပြင်းချလိုက်မိပြီး သူ၏အမူအရာကလည်း ရှားရှားပါးပါး လေးနက်နေသည်။

မီးတောက်ထဲမှ လွတ်မြောက်လာသည့် အချိန်မှသာ မုန့်ချီက မြင်ကွင်းများကို ပြန်မြင်လာရပြီး ပင်မဝိညာဉ်ကလည်း ခံစားချက်များကို ပြန်လည်ခံစားမိလာသည်။ သူက နောက်ကို လှည့်ကြည့်မနေတော့ဘဲ ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။

မီးပင်လယ်ကြီး၏ ပတ်ပတ်လည်တွင်တော့ အလွန်ထူးဆန်းသော မီးခိုးရောင်ကျောက်တုံးများ ရှိနေသည်။ သူတို့က ကျောက်စိမ်းရောင် လှေကားကွေးတစ်ခု ဖြစ်နေပြီး လေထဲသို့ ဦးတည်နေ၍ မီးတောက်များထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

“ချွမ်…ချွမ်…ချွမ်…”

ဤနယ်မြေတစ်ခုလုံးတွင်လည်း သံချင်းထိခိုက်သံများ ကြားနေရသည်။

ထို့ပြင် အော်ဟစ်သံများလည်း ကြားနေရ၏။ မသက်မသာ အော်ဟစ်သံများ၊ အညံ့မခံလိုသော အော်ဟစ်သံများ၊ အသက်ရှင်လိုသော အော်ဟစ်သံများက ဓားချင်းထိခိုက်သံထဲတွင် ပျံ့နှံ့နေသေး၏။

“ချွမ်…ချွမ်…ချွမ်…”

မုန့်ချီ၏ သွေးများကပင် ဆူပွက်လာသလို ခံစားလိုက်မိသည်။

သူက ရှေးအချိန်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ ဓားရှည်များကို မြှောက်ပြီး အဖိုးတန်လက်နက်များနှင့် အတားအဆီးများကို ဖြတ်ကျော်ပြီး နတ်ဆိုးများကို သုတ်သင်ရှင်းလင်းကြသည်။ ထိုအရာက လူသားမျိုးနွယ်စု၏ ရှင်သန်ရေး လမ်းကြောင်းဖြစ်ပြီး တစ်လက်မချင်းဆီတိုင်းတွင် သွေးများ လွှမ်းခြုံနေ၏။

“လှေကားထစ်ရဲ့ အဆုံးမှာတော့ လူသားဧကရာဇ်ရဲ့ဓားကို စိုက်ထားတဲ့နေရာ ရှိတယ်..”

ကောင်းလန်က ဤနယ်မြေနှင့် ပတ်သက်ပြီး သူသိထားသည့်အရာကို ပြောပြလိုက်သည်။

“အစတုန်းကတော့ လူသားဧကရာဇ်ရဲ့ ဓားက ပြိုင်ဘက်ကင်းနတ်ဘုရား လက်နက်တစ်ခုလို့ သတ်မှတ်လို့မရဘူး…။ ဒါပေမယ့် လူသားမျိုးနွယ်စုက တခြားလူတွေကို ဖိနှိပ်နေရင်း ယုံကြည်ချက်ပြင်းပြင်းနဲ့ ဆက်ပြီး သွေးလာခဲ့ကြတယ်…။ မကောင်းဆိုးဝါးဘုရင်တွေ ၊ မကောင်းဆိုးဝါးနတ်ဘုရားတွေနဲ့ မကောင်းဆိုးဝါး ဝိညာဉ်သူတော်စင်တွေကို ဓားနဲ့ သတ်ပြီးသွားတဲ့အချိန်မှာတော့ သူတို့ရဲ့ သွေးက ဓားမှာ ကပ်ပါလာပြီး ဓားက အနီရောင် ပြောင်းလဲလာတယ်…။ အဲဒီအချိန်ကျမှပဲ ဖြည်းဖြည်းချင်းဆီ တိုးတက်လာခဲ့ပြီး နောက်ဆုံးအချိန်မှာတော့ လူသားဧကရာဇ်နဲ့အတူ အထွဋ်အထိပ်ကို ရောက်လာခဲ့တယ်…”

သူက ရှင်းပြနေရင်း မုန့်ချီကို ကျောက်စိမ်းလှေကားဆီသို့ ခေါ်သွားခဲ့သည်။

သူတို့က အနားကို ရောက်လာသည့်အချိန်တွင် ရုတ်တရက် အလွန်ထက်မြက်သော အငွေ့အသက်တစ်ခုကို သတိထားမိခဲ့၏။

“နတ်ဆိုးဗုဒ္ဓအပြင် ဒီနေရာကို ရောက်ခဲ့ဖူးတဲ့လူက သူတော်စင်အင်ပါယာချီပဲ …”

မုန့်ချီက မည်သည့်အရာကိုမျှ ခံစားမိခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ကောင်းလန်၏ စကားကိုသာ ယုံကြည်နေရ၏။ သူတော်စင်အင်ပါယာချီက လူသားမျိုးနွယ်စုတွင် အလွန်အစွမ်းထက်သော သူတော်စင်တစ်ယောက်ဖြစ်ခဲ့ပြီး လူသားဧကရာဇ် သေဆုံးသွားချိန်တွင် ထီးနန်းကို အောင်မြင်နိုင်ခဲ့သည့် အစွမ်းထက် ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။

နောက်ပိုင်းမျိုးဆက်များ၏ စကားအရ သူက နိဗ္ဗာန်ကို မရောက်သေးသော ‌ဆေးဝါးဗုဒ္ဓထက် နိမ့်ကျနေခြင်း မရှိပေ။ သို့သော် သူက ထိုကဲ့သို့ အခြေအနေမျိုးထိ ရောက်လာသည်မှာ စွမ်းရည်နှင့် ရတနာများအပေါ် အများအပြား အားကိုးခဲ့ခြင်းကြောင့် ဖြစ်သည်။ နတ်ဆိုးဗုဒ္ဓ(မာရ်နတ်)ကတော့ ဗုဒ္ဓကိုပင် ရန်ရှာခဲ့သည်။ သူ၏ဂုဏ်သတင်းကလည်း အမှန်တကယ်ကို ထိုက်တန်လှ၏။

“ကြည့်ရတာတော့ နတ်ဆိုးဗုဒ္ဓက ဒီနေရာကို ရောက်လာပေမယ့် ဘာမှ ရမသွားဘူး ထင်တယ်…။ ဒါကြောင့် သူက ဒီနဂါးစင်မြင့်ကို ဒေါသတကြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့တာပဲ”

မုန့်ချီက ရေရွတ်မိသည်။

ကောင်းလန်က အားရပါးရ ရယ်လိုက်မိ၏။

“သူက လူသားဧကရာဇ်ရဲ့ဓားကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့နိုင်တယ်…။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး…။ ဒါကြောင့် နဂါးစင်မြင့်ကြီးက ပျောက်ကွယ်သွားခဲ့ပြီး အလိုလို ပုန်းနေခဲ့ရတာ…။ ခန်းအင်ပါယာ အဆုံးသတ်ချိန်ထိတောင် နောက်တစ်ကြိမ် ထပ်ပေါ်မလာတော့ဘူး…”

သူက ကျောက်စိမ်းလှေကားကိုကြည့်ပြီး မျက်နှာက မည်းမှောင်သွားသည်။

“ဒီမီးတောက်တွေထဲမှာ အစစ်အမှန် မီးနဂါးမျိုးနွယ်နဲ့ ရှေးဟောင်းရွှေကျီးကန်း မျိုးနွယ်တွေလည်း ပုန်းအောင်းနေတယ်ဆိုတဲ့ ကောလာဟလမျိုးလည်း ကြားခဲ့ဖူးတယ်။ အဲဒါက တော်တော်လေးအန္တရာယ်များတယ်…။ ဒီတော့ မင်းက ငါ့ကို ဒီနေရာမှာ စောင့်နေပါ…။ ငါက အတွင်းထဲကိုသွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ်…”

မုန့်ချီက သာမာန်လူတစ်ယောက်သာ ဖြစ်နေသေးသည်။ ထို့ကြောင့် ဒဏ္ဍာရီအကြောင်းအရာများကို ရှာဖွေရန် သတ္တိမရှိသေးချေ။ သူက ကောင်းလန်၏ အကြံပေးချက်ကို သဘောတူလိုက်ပြီး ကျောက်စိမ်းလှေကားနားတွင်သာ သူရနိုင်သောအရာ ရှိ မရှိ စစ်ဆေးကြည့်လိုက်သည်။

ကောင်းလန်က လှေကားပေါ်သို့ ဖြည်းညင်းစွာ တက်သွားခဲ့၏။ သူက အပေါ်သို့ တက်သွားသည့် အချိန်တွင် ထိုအရာက ပုံရိပ်ယောင်တစ်ခုဖြစ်ကြောင်း မုန့်ချီက နားလည်သွားခဲ့၏။ ဖြစ်စဉ်များကတော့ အလွန်မြင့်မားသောအပူရှိန်ကြောင့် ပေါ်လာခြင်း ဖြစ်ပုံရသည်။

ကောင်းလန်က‌ လှေကားတစ်ဝက်ခန့်ကို ဖြတ်ကျော်သွားသည့်အချိန်တွင် သူ၏ပတ်ပတ်လည်၌ အဖြူရောင်မီးခိုးများ ထွက်ပေါ်လာခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲတွင် မီ‌တောက်ပေါင်းများစွာ လောင်ကျွမ်းနေသလို ထင်မှတ်ရသည်။ အလွန်ကြောက်စရာကောင်းသော အပူရှိန်ကြောင့် သူက ရှေ့သို့ ဆက်သွားနေခြင်းကို ရပ်တန့်လိုက်ရ၏။ ထို့နောက် သူက လက်ထဲတွင် အစစ်အမှန် အင်ပါယာတံဆိပ်ကိုကိုင်ရင်း တင်ပျဉ်ခွေထိုင်၍ မျက်လုံးကို မှိတ်လိုက်သည်။

စိတ်ဝိညာဉ် တည်ငြိမ်သွားပြီးနောက် သူက ရတနာတစ်ခုကို အသက်သွင်းလိုက်ပြီး ထိုအငွေ့အသက်ကို အသုံးချလိုက်သည်။ ထို့နောက် သူ၏စွမ်းအင်များကို အသုံးချပြီး လူသားဧကရာဇ်၏ ဓားကို ဆွဲဆောင်ရန် ကြိုးစားလိုက်၏။

မုန့်ချီ၏ရှေ့တွင် လူပေါင်းများစွာ ရောက်ခဲ့ဖူးသည့်အတွက် ကျောက်စိမ်းလှေကားထစ်၏ အပြင်ဘက်တွင် ရှိနေသော ပစ္စည်းအများစုက ရှင်းလင်းနေသည်။ ထို့ကြောင့် သူလည်း အလွန်ထူးဆန်းသော မီးခိုးရောင်ကျောက်တုံးများကိုသာ စိုက်ကြည့်နေခဲ့ရ၏။

“ဒီလို မီးပင်လယ်ကြီးထဲမှာတောင် သူတို့က ဘာမှမထိခိုက်ဘူး…။ ဒီတော့ ဒီကျောက်တုံးတွေက သာမာန်ပစ္စည်း မဟုတ်နိုင်ဘူး…”

မုန့်ချီက သူ၏ပုံရိပ်ကို သတိထားနေသည့်အတွက် ကောင်းလန်ကို အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။

ထိုလူကတော့ ဓားကို ဆွဲဆောင်ရန်သာ အာရုံစိုက်နေကြောင်း မြင်လိုက်သည့် အချိန်တွင် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျောက်တုံးတချို့ကို ဖဲ့ယူရန် စတင်ကြိုးစားလိုက်သည်။ သူက လက်ဝါးနှင့် ရိုက်ချပြီး လက်ချောင်းလေးများနှင့် ဖဲ့ကြည့်လိုက်၏။ နောက်ဆုံး ဓားနှင့် ခုတ်ချလိုက်သော်လည်း ကျောက်တုံးအပိုင်းအစ သေးသေးလေးသာ ကျလာခဲ့သည်။

“တကယ့်ကို ထူးခြားတာပဲ။ ငါက ဝေ့ကျင်းအဆင့်ကို ရောက်သွားတဲ့အချိန်ကျရင် အစ်ကိုကျိုးနဲ့အတူ ပြန်လာရမယ်။ ငါတို့က တစ်ခုခုမရဘဲ ပြန်သွားရမယ်လို့ မယုံဘူး”

နောက်ဆုံးတော့ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး ချီစွမ်းအင်များကို လှည့်ပတ်ရန် ကြိုးစားလိုက်သည်။

ခဏကြာပြီးနောက် ကောင်းလန်၏အော်သံကြီးက တိတ်ဆိတ်ငြိမ်သက်မှုကို ဖျက်ဆီးပစ်လိုက်၏။

“ငါက လူသားဧကရာဇ်နဲ့ ရေစက်မပါတာများလား…”

သူက အချိန်ကြာမြင့်စွာ ကြိုးစားနေခဲ့သော်လည်း မီးပင်လယ်ကြီးက တုံ့ပြန်ခဲ့ခြင်း မရှိချေ။ သူတို့ဝင်လာခဲ့သည့်အချိန်ကနှင့် လုံးဝကွဲပြားမှုမရှိချေ။ ကြည့်ရသည်မှာ သူကတော့ ထိုအရာကို အလွယ်တကူ ရနိုင်သည်ဟု တွေးထားခဲ့ပုံရသည်။

မုန့်ချီ၏ နဖူးပေါ်မှနေ၍ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့၏။ ကောင်းလန်က သူ့အတွက်တော့ အလွန်ထူးခြားသောလူတစ်ယောက် ဖြစ်သည်။ ခံစားချက်များကို ဖုံးကွယ်ထားတတ်သော တခြားပညာရှင်များကဲ့သို့ မဟုတ်ဘဲ သူ၏ခံစားချက်များကတော့ ကလေးငယ်တစ်ယောက်ကဲ့သို့ ပြင်းထန်လှသည်။

“ကြည့်ရတာ ဒီနေ့ ငါ့ရဲ့အခြေအနေက မကောင်းသေးလို့ ဖြစ်မယ်…။ ငါ မနက်ဖြန်ကျမှ နောက်တစ်ကြိမ် ကြိုးစားတော့မယ်…”

ကောင်းလန်ကတော့ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး ကျောက်စိမ်းလှေကားထစ်မှ ပြန်ဆင်းလာခဲ့သည်။

သူက အောက်ခြေကို ရောက်တော့မည့်အချိန်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပစ္စည်းနှစ်ခုကို ဆွဲထုတ်လိုက်သည်။ တစ်ခုကတော့ ရှည်မျောမျောနှင့် ဓားတစ်ချောင်းကဲ့သို့ဖြစ်နေပြီး တခြားတစ်ခုကတော့ အဖုအထစ်များနှင့် ဖြစ်နေသည်။ နှစ်ခုလုံးက အနက်ရောင်သတ္ထုကဲ့သို့ ဖြစ်နေပြီး စွန့်ပစ်ထားသည့်ပစ္စည်းများ ဖြစ်ပုံရ၏။

“နဂိုတုန်းကတော့ လူသားဧကရာဇ်ရဲ့ဓားက ငါ့ဆီကိုရောက်လာတယ်ဆိုပြီး ဝမ်းသာသွားခဲ့တာ…”

ကောင်းလန်၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများ အထင်းသားပေါ်နေခဲ့သည်။

သူက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ရူးသွပ်သွားမှာကို ကြောက်လန့်နေသည့်အတွက် မုန့်ချီက အလျင်အမြန် ပြောလိုက်၏။

“ဒါက နဂါးစင်မြင့်ပေါ်မှာ ပေါ်လာမှတော့ ဘယ်လိုလုပ်ပြီး ဆိုးနိုင်မှာလဲ…။ အစ်ကိုကောင်း .. သူတို့တွေက မီးတောက်ထဲမှာ ဒီလောက်ကြာနေတာတောင် အရည်ပျော်ကျမသွားဘူး…။ ဒါက ပုံမှန်ပစ္စည်းဖြစ်နိုင်ပါ့မလား…”

ကောင်းလန်က သက်ပြင်းချပြီး ပြန်ဖြေလိုက်သည်။

“မင်းပြောတာ ဟုတ်တယ်…။ ငါက ဒါကို တိုက်တိုက်ဆိုင်ဆိုင် ရခဲ့မှတော့ ဒါက လက္ခဏာတစ်ခုပဲ…။ ဒီထဲမှာ လူသားဧကရာဇ်ရဲ့ဓားနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ပါနိုင်တယ်…”

“ဟုတ်လား…”

မုန့်ချီက သံသယဝင်သွားမိသည်။

ကောင်းလန်က ဓားကဲ့သို့သော ပစ္စည်းတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

“ဒီအရာလေ…။ ငါက ဒီအရာနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မတွေ့ရဘူး…။ ဒါကြောင့် အတော်လေးကို ထူးဆန်းနေတယ်…။ သူတို့က လူသားဧကရာဇ်ရဲ့ဓားကို ပစ်ချလိုက်ချိန်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတချို့လည်း ဖြစ်နိုင်တယ်…။ မင်းက အစစ်အမှန်အင်ပါယာတံဆိပ်ကို ငှားပေးခဲ့တဲ့အတွက် ဒီပစ္စည်းကို လက်ဆောင်အဖြစ် ယူလိုက်ပါ…”

ကောင်းလန်က မုန့်ချီကို အဖုအထစ်ပါနေသော သတ္တုလေးတစ်ခု ရက်ရက်ရောရော ပေးလိုက်သည်။ မုန့်ချီက ထိုအရာကို ဖမ်းလိုက်ရာ အလွန်လေးလံနေသည်။ ထိုအရာကတော့ ကောင်းကင်ပြစ်ဒဏ်ဓား၏ အလေးချိန်နှစ်ဆခန့် ပိုလေးသောအရာတစ်ခု ဖြစ်သည်။

“ကျန်ခဲ့တဲ့ ပစ္စည်းလား…။ မဆိုးပါဘူး… ကျွန်တော် သဘောကျတယ်…”

မုန့်ချီကတော့ အလွန်ဝမ်းသာသွားခဲ့၏။

ထိုသတ္တုတုံးလေးကို သိမ်းလိုက်ပြီးနောက် ကောင်းလန်က ထွက်သွားရန် ပြင်ဆင်နေသည်ကို မြင်သည့်အခါ မုန့်ချီက မေးလိုက်သည်။

“အစ်ကိုကောင်း…

ကျွန်တော်တို့က မနက်ဖြန် ပြန်လာဦးမှာလား…”

“လာမှာပေါ့…”

ကောင်းလန်က သတ္တုပြားလေးကိုပိုက်ပြီး ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

Translated by Hein Htet

All Chapters