← Chapters

အခန်း (၄၂၄)

Vol. 29 Ch. 424

အခန်း (၄၂၄)

Vol. 29 Ch. 424

ကောင်းလန် အနားတွင် ရှိနေသည့်အတွက် သူတို့ပြန်ထွက်လာခြင်းက ဝင်လာခြင်းထက်ပင် ပို၍ချောမွေ့နေသေးသည်။ သူတို့နှစ်ယောက်က လူသားဧကရာဇ်၏ ရှေးဟောင်းလမ်းမနှင့် ခန်းမကြီးကို ဖြတ်ကျော်သွားပြီး လျှို့ဝှက်နေရာမှ ထွက်လာခဲ့ကြသည်။

“လာခဲ့…။ သွားသောက်ကြမယ်…”

မုန့်ချီ၏ နားထဲတွင် ကောင်းလန်၏အသံကို ကြားလိုက်ရသည့်အချိန်၌ ရေမျက်နှာပြင်ပေါ်တွင် အလင်းရောင်အနည်းငယ် ပြန်နေခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံးကလည်း စတင်လည်ပတ်လာပြီး အရာအားလုံးက ဝေဝါးသွားခဲ့၏။ သူ သတိပြန်ဝင်လာသည့် အချိန်တွင် သူက စွန့်ပစ်ခြံဝန်းတစ်ခုထဲတွင် ရပ်နေကြောင်း နားလည်သွားသည်။ စွန့်ပစ်ထားသောအိမ်က နှစ်ပေါင်းများစွာ ပြင်ဆင်ထားခြင်း မရှိဘဲ တိုင်လုံးများ၊ အမိုးများက ပင့်ကူအိမ်များ ရှုပ်ထွေးနေသည်။

ဆောင်းရာသီ ဖြစ်သည့်အတွက် ဤနေရာတွင် ပေါင်းပင်များတော့ မရှိချေ။ သူတို့က နဂါးစင်မြင့်ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည့်အတွက် ပြန်ထွက်လာချိန်တွင် ညရောက်နေပြီဖြစ်၏။

“ဟမ်..။ ဒါက…”

မုန့်ချီက ကောင်းလန်ကို သေချာစိုက်ကြည့်လိုက်၏။

ကောင်းလန်က ပင့်ကူအိမ်တချို့ကို ဖျက်ဆီးလိုက်ပြီး လှေကားမှ တိုင်တစ်တိုင်ကိုမှီပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူက အရက်အိုးများနှင့် တခြားသော အမြည်းများကို ထုတ်ယူလိုက်သည်။ သူက မှော်ဆန်ဆန် မျက်လှည့်ပြသလို ထင်မှတ်ရ၏။

“ငါတို့က မြစ်အရှေ့ပိုင်းရဲ့ ဘယ်နေရာကို ရောက်နေလဲဆိုတာ ငါလည်း မသိဘူး..။ ဘယ်လိုပဲဖြစ်ဖြစ် နဂါးစင်မြင့်နဲ့ အဝေးကြီးပါပဲ…။ မင်းရဲ့ဇနီးလေးကသာ အဲဒီနေရာအကြောင်း သတင်းလွှင့်လိုက်မယ်ဆိုရင် ငါတို့က လူပေါင်းများစွာရဲ့ ပစ်မှတ်ထားတာကို ခံရနိုင်တယ်…။ ဒီတော့ ငါတို့က ဒီနေရာမှာ အေးအေဆေးဆေး အရက်သောက်ပြီး နားလို့ရပြီ…”

“ဇနီးလေး ဟုတ်လား...”

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူက ကောင်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး အရက်အိုးတစ်ခုကို ဖွင့်လိုက်၏။ ထိုအခါ အလွန်မွှေးပျံ့သော ရနံ့များကို ရလိုက်၏။ ထိုမွှေးရနံ့ တစ်ခုတည်းနှင့်ပင် မုန့်ချီက တစ်ကိုယ်လုံး သွေးကြောများ ပွင့်သွားသလို ခံစားလိုက်ရသည်။ ထိုခံစားချက်က အလွန်သက်သောင့်သက်သာရှိပြီး အနည်းငယ် ရီဝေဝေ ဖြစ်နေ၏။

ကောင်းလန်၏ လေဟာနယ်လက်စွပ်ထဲတွင် ထိုကဲ့သို့ အရက်အိုးများစွာ ရှိနေကြောင်း သူ သိနေသည်။ သူ့အတွက်တော့ ထိုအရာများက တန်ဖိုးမရှိသလို ထင်မှတ်ရ၏။ သူ၏အကျင့်စရိုက်ကြောင့် သူက အရက်နှင့် စားစရာများကိုသာ မက်မောသော လူတစ်ယောက်ဖြစ်ပြီး တခြားအဖိုးတန်ပစ္စည်းများကို စိတ်မဝင်စားသော လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။

“ဒီအရက်ကိုတော့ အင်မော်တယ် အရက်လို့ခေါ်တယ်…။ ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်တဲ့ အရက်များများ မရှိဘူး…”

ကောင်းလန်ကတော့ တစ်ကိုယ်တော်ပညာရှင်တစ်ယောက်၏ အမူအရာမျိုးရှိသည်။

မုန့်ချီ၏ အဆင့်မျိုးတွင်ပင် အရက်သောက်လျှင် မူးရန် အလွန်ခက်ခဲသည်။ အကယ်၍ သူက ချီစွမ်းအင်များကိုသုံးပြီး ရီဝေဝေ ခံစားချက်များကို ဖယ်ရှားခဲ့ခြင်းမရှိလျှင်ပင် အလွန်အစွမ်းထက်သော ခန္ဓာကိုယ်က သူ့ကို မူးဝေမှုမရှိစေရန် တားဆီးပေးနိုင်သည်။

ကောင်းလန်၏စကားကြောင့် သူက ပြုံးလိုက်၏။

“ဟား…ဟား…ဟား…ဟား…။ အရက်က ကျွန်တော်တို့ သောက်ရတဲ့ အကြောင်းပြချက်မှ မဟုတ်တာ…”

“ပြောတာတော့ ကောင်းတယ်…။ အရက်က ငါတို့သောက်ရတဲ့ အကြောင်းပြချက် မဟုတ်ဘူး…။ လာ သောက်လိုက်ကြစို့…”

ကောင်းလန်က သူ့ရှေ့တွင် ရှိနေသော အရက်အိုးကိုမြှောက်ပြီး တဂွပ်ဂွပ် သောက်ချလိုက်သည်။

မုန့်ချီကလည်း သူ့အတိုင်း အရက်အိုးကို မြှောက်လိုက်၏။ နေရောင်ကျလာသည့် အချိန်တွင် အရက်အိုးထဲ၌ ရွှေရောင်အရည်များ တောက်ပနေခဲ့သည်။ သူက အရက်ကို မမြည်းရသေးခင်တွင်ပင် ခန္ဓာကိုယ်က အနည်းငယ် မူးဝေဝေ ဖြစ်နေခဲ့၏။

အလွန်ချိုသာအေးမြသော အရသာတစ်ခုက လည်ချောင်းထဲကို ဆင်းလာပြီး ဗိုက်ထဲသို့ ရောက်သွားခဲ့၏။ ထိုအချိန်တွင် မီးတောင်ကြီးတစ်ခု ပေါက်ကွဲသွားသည့်အလား အပူလှိုင်းတစ်ခုက ခန္ဓာကိုယ် နေရာတိုင်းကို ပျံ့နှံ့သွားခဲ့သည်။ ထိုအရာက သူ၏သွေးများ၊ အတွင်းဒဏ်ရာများအားလုံးကို လောင်ကျွမ်းပစ်လိုက်ပြီး ပြန်လည်ရှင်သန်လာသည့် ခံစားချက်မျိုး ပေးနေသည်။

အရက်၏လွှမ်းမိုးမှုကြောင့် မုန့်ချီ၏မျက်နှာက ချက်ချင်းပင် နီရဲလာခဲ့၏။ သူက အနည်းငယ် မူးဝေလာခဲ့သည်။

“တကယ်ကောင်းတဲ့အရက်ပဲ…”

ကောင်းလန်က နောက်ထပ် အနည်းငယ် ထပ်သောက်လိုက်ပြီး အသားကင်ကို ယူစားလိုက်သည်။ သူကတော့ အရက်သောက်နေရင်း ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာ ငါက ဆိုးဆိုးဝါးဝါးကို လှောင်ပြောင်သရော်ပြီး အရှက်ခွဲခံခဲ့ရတယ်…။ ဒီအင်မော်တယ်အရက်ရဲ့ ကျေးဇူးကြောင့် ငါက အရာအားလုံးကို ကျော်လွှားနိုင်ခဲ့တာ…”

“ကျွန်တော် အစ်ကိုကောင်းအတွက် ဆုတောင်းပေးမယ်…။ အစ်ကိုကောင်းက ပြဿနာတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး အကောင်းဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်…”

မုန့်ချီက အရက်အိုးကို လေထဲတွင်မြှောက်ပြီး ပြောလိုက်သည်။

“ဒီနေ့ကစပြီး လူတွေက ကောင်းလန်ကိုပဲ သိလိမ့်မယ်…။ မကောင်းဆိုးဝါးသခင်ကို သိမှာ မဟုတ်တော့ဘူး…”

ကောင်းလန်က မုန့်ချီ၏ဆုတောင်းကို ကျေနပ်သွားခဲ့၏။ သူက အလွန်သဘောကျနေပြီး နောက်ထပ်အရက်အနည်းငယ် ထပ်သောက်လိုက်သည်။

ထို့နောက် သူက ပြောလိုက်၏။

“တကယ်လို့ ငါ့မှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ငါက ဟန်ကွမ်းနဲ့ တိုက်ခိုက်ချင်တယ်…။ ငါက သူနဲ့တိုက်ခိုက်ပြီးမှပဲ သူက သေသွားသင့်တာ…”

“အစ်ကိုက ဟန်ကွမ်းနဲ့ နှစ်ပေါင်းများစွာ အတူတူကျော်ကြားလာခဲ့ပေမယ့် တစ်ကြိမ်မှ မတိုက်ခိုက်ခဲ့ရဘူးလား…”

သိုင်းလောကအကြောင်းကို စိတ်ဝင်စားနေသော မုန့်ချီက အံ့အားသင့်သွားသည်။

“အစ်ကိုကောင်းက သူနဲ့ နှစ်ပေါင်းများစွာ လက်ရည်ညီခဲ့တယ်လေ…။ ဒါပေမယ့် သူနဲ့တိုက်ခိုက်ဖို့ အခွင့်အရေး လုံးဝမရခဲ့ဘူးလား…”

အကယ်၍ သူသာဆိုလျှင် ထိုကဲ့သို့ပြိုင်ဘက်တစ်ယောက်ကို သေချာပေါက် တိုက်ခိုက်မိပါလိမ့်မည်။ သူတို့၏ရပ်တည်ချက်က မည်သို့ရှိစေကာမူ သေချာပေါက် သွားရောက်စိန်ခေါ်မည်သာ ဖြစ်၏။

“ငါက သူ့ကို ရှာဖို့ မြောက်ပိုင်းကို အကြိမ်ပေါင်းများစွာ သွားခဲ့ဖူးတယ်…။ ဒါပေမယ့် သူက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲက ဖြစ်နေတော့ ခြေရာလက်ရာ ဖျောက်နေတာ…။ ငါက သူနဲ့ လုံးဝမတွေ့ခဲ့ဖူးဘူး…။ အဲဒီနောက်မှာတော့…”

ကောင်းလန်က ရုတ်တရက် မိန်းမောသွားပုံရသည်။

သူက အရက်အိုးကို မြှောက်ပြီး ခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။

“ညီလေး…

လော်အဖွဲ့အစည်းက မိန်းကလေးက မင်းရဲ့ဇနီးလား…”

“အစ်ကိုကောင်း …ကျွန်တော့်ကို အထင်လွဲနေပြီ…”

မုန့်ချီက ရှင်းပြရန် ကြိုးစားလိုက်သည့်အချိန်တွင် ကောင်းလန်က ခေါင်းခါပြီး ပြောလိုက်၏။

“လော်အဖွဲ့အစည်က နတ်ဆိုးမက အရမ်းထူးဆန်းတယ်…။ သူ ဘာတွေ တွေးနေလဲဆိုတာ မင်း လုံးဝသိမှာ မဟုတ်ဘူး…။ သူက တော်တော်လေးလည်း ဆွဲဆောင်မှုရှိတယ်…။ တကယ်လို့ မင်းသာ သူ့ကို လက်ထပ်လိုက်မယ်ဆိုရင် မင်းက သူ့ကို သိမ်းသွင်းနိုင်မှာ မဟုတ်ဘူး…။ သူကလည်း လူကောင်းမဟုတ်ဘူး…။ မင်းမှာ တခြားရင်းနှီးတဲ့ မိန်းကလေးမိတ်ဆွေတွေ မရှိဘူးလား…”

“မရှိဘူး…။ ကျွန်တော့်မှာ မရှိပါဘူး…”

မုန့်ချီက အလျင်အမြန် ငြင်းဆန်လိုက်သည်။

ကောင်းလန်က မျက်လုံးပြူးသွားခဲ့၏။

“မင်းက လူငယ်မှတ်တမ်းထဲမှာ ထိပ်ဆုံးစာရင်းထဲက ပညာရှင်တစ်ယောက်…။ မင်းမှာ တကယ်မရှိဘူးလား…။ မင်းမှာ ရင်းနှီးတဲ့ မိန်းကလေးမိတ်ဆွေ မရှိဘူးဆိုတာကို ဘယ်လိုများ ယုံကြည်နိုင်မှာလဲ…”

သူက နှစ်ပေါင်းများစွာ လောကကြီးနှင့် ကွဲကွာနေပြီး မကြာခင်ကမှ အလွန်ခက်ခဲသည့် အခြေအနေမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ သူက လူငယ်မှတ်တမ်းနှင့် ပတ်သက်ပြီး မည်သည့်အရာမျှ သိမထားခဲ့ချေ။ သို့သော် သူ၏ကျင့်ကြံမှုအဆင့်အရ မုန့်ချီကိုကြည့်ပြီး သူ့အစွမ်းကို ခန့်မှန်းကြည့်နိုင်သည်။ မုန့်ချီက မှတ်တမ်းထဲတွင် ထိပ်ဆုံးလူငယ်တစ်ယောက်ဖြစ်ကြောင်း သူက ပြောနိုင်၏။

“အဲဒီလိုတော့ မဟုတ်ဘူး…။ ကျွန်တော်က ရဲစွမ်းသတ္တိရှိမှုနဲ့ သူရဲကောင်းဆန်မှုကို အလေးထားတဲ့ လူတစ်ယောက်ပါပဲ…”

အင်မော်တယ်အရက်က အမှန်တကယ်ကို အကျိုးရှိသည်။ မုန့်ချီကတော့ အနည်းငယ် မူးဝေလာသည့်အတွက် ပို၍စကားများလာခဲ့၏။

“ကျွန်တော်နဲ့အတူတူ အသက်ကိုတောင် စွန့်ပြီး တိုက်ခိုက်ခဲ့ဖူးတဲ့ မိန်းကလေးမိတ်ဆွေ(၂)ယောက်တော့ ရှိတယ်…"

“အဲဒါလည်း အဆင်ပြေတာပဲလေ…။ ပြောစမ်းပါဦး…”

ကောင်းလန်၏စကားသံကလည်း လေးလေးကြီး ဖြစ်နေသည်။

“သူတို့ထဲက တစ်ယောက်ကတော့ အထက်တန်းလွှာမိသားစုတစ်ခုက နာမည်ကျော် သခင်မလေးတစ်ယောက်ပါ…။ သူက အရမ်းလှသလို အရမ်းလည်း ထူးချွန်ထက်မြက်တယ်…။ အပြင်ဘက်မှာ အေးစက်သယောင် ထင်ရပေမယ့် တကယ်တမ်းပြောရရင်တော့ တော်တော်လေး သဘောကောင်းတယ်…”

မုန့်ချီက အရက်အိုးကို ကိုင်ထားရင်း တီးတိုးရေရွတ်လိုက်သည်။

ကောင်းလန်ကတော့ နှုတ်ခမ်းကို သပ်ပြီး သဘောမတူခဲ့ပေ။

“ထိပ်တန်းအထက်တန်းလွှာမိသားစုတွေမှာ စည်းမျဉ်းတွေ အများကြီးရှိတယ်…။ ငါက မင်းထက်ပိုပြီးတော့ သိတယ်…။ တကယ်လို့ မင်းသာ သူ့ကို လက်ထပ်ခဲ့မယ်ဆိုရင်တော့ တစ်သက်လုံး နောင်တရနေလိမ့်မယ်…။ သူက မကောင်းဘူး…။ နောက်တစ်ယောက်ကရော…”

“နောက်ထပ်တစ်ယောက်ကတော့ ပင်မသိုင်းဂိုဏ်းကြီးရဲ့ အမွေခံတစ်ယောက်ပါ…။ သူကလည်း ထူးချွန်ထက်မြက်ပြီး အရမ်းကို အစွမ်းထက်တယ်…။ သူ့ရဲ့နှလုံးသားထဲမှာတော့ ဓားဆန္ဒပဲ ရှိနေပြီး ဆုံးဖြတ်ချက် ပြတ်သားတယ်…။ သူက ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး သဘောကောင်းတယ်…”

မုန့်ချီက အသားတုံးတစ်ခုယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထိုအချိန်တွင် ကောင်းလန်ကတော့ အရက်အိုးတစ်လုံးကို အကုန်သောက်ပစ်လိုက်၏။

“သိုင်းပညာကို စိတ်ဝင်စားတဲ့သူတစ်ယောက်…။ သူကတော့ ချစ်သူ တစ်ယောက်ဆိုတာထက် သိုင်းအဖော် တစ်ယောက်နဲ့ ပိုတူတယ်…။ ဒါလဲ မကောင်းပြန်ဘူး…”

(၃)ယောက်လုံးကို ပယ်လိုက်သည့်အတွက် မုန့်ချီက အနည်းငယ် စိတ်ဓာတ်ကျနေသလို ခံစားလိုက်ရသည်။

“ငါ့ရဲ့မိတ်ဆွေတွေကို ဘယ်သူကများ ဒီလိုပုံစံပြောနိုင်တာလဲ..”

“သူတို့တွေ တစ်ယောက်မှ မကောင်းဘူးလို့ အစ်ကိုက ပြောနေတယ်….။ ဒါဆိုရင် အစ်ကိုကောင်းရဲ့ ရင်ထဲမှာ သတ်မှတ်ထားတဲ့လူမျိုး ရှိနေပြီလား…”

မုန့်ချီက ပြန်မေးလိုက်သည်။

ကောင်းလန်က အရက်အိုးကို လက်နှင့်ရိုက်ပြီး ပြန်ပြောလိုက်၏။

“သေချာပေါက် ရှိတာပေါ့…။ သူက နတ်သမီးတွေထက်တောင် ပိုပြီးတော့ လှသေးတယ်…။ အဆင့်အတန်းမြင့်တယ်…။ မာနမကြီးဘူး…။ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံတယ်…။ သူ့မှာ ကလေးဆန်တဲ့ အကျင့်စရိုက်ရှိပြီး တခါတလေ အလောင်းအစား လုပ်တတ်တယ်…။ တခါတလေ သူလုပ်တဲ့အရာတွေက ရယ်ရမလား ငိုရမလားတောင် မသိဘူး…။ သူက အခက်အခဲတွေကို ရင်မဆိုင်နိုင်တဲ့လူမျိုးပဲ…။ ဒါပေမယ့် အခက်အခဲတွေ ကြုံလာရင်လည်း ဖြတ်ကျော်နိုင်သေးတယ်…။ သူဆင်ခြေပေးတာကို ငါလုံးဝ မကြားဖူးဘူး…။ သူ့ကို ထိခိုက်အောင် လုပ်မိတာကတော့ ငါကိုယ်တိုင်ပါပဲကွာ…”

ပြောနေရင်း ကောင်းလန်၏ မျက်နှာအမူအရာက ပျက်ယွင်းလာပြီး သူ၏မျက်လုံးများက နီရဲလာသည်။ သူက ငိုကြွေးလာတော့မလို ထင်မှတ်ရ၏။ ထိုမျှ အရက်သောက်မထားသော မုန့်ချီကတော့ သူ့ကို နှစ်သိမ့်ရန် စကားလုံးများ စဉ်းစားနေသည်။

ထိုအချိန်တွင် ကောင်းလန်က အရက်အိုးကိုချလိုက်ပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်၏။

“ယောကျ်ားတွေက မငိုဘူး…။ သူတို့တွေက သွေးပဲ ထွက်တာ…”

သူက အရက်အိုးကိုပြန်ချပြီး လေကို တစ်ဝကြီးရှူလိုက်၏။

“ဒါပေမယ့် သူတို့က ငိုရမယ့်အစား သီချင်းပဲ အော်ဆိုကြတာ…”

ကြမ်းပြင်ကို လက်ဖြင့် ပုတ်နေရင်း သူက ကျယ်လောင်စွာ အော်ဆိုလိုက်သည်။

“ဘဝကြီးက အိပ်မက်ထဲမှာရှိတဲ့ လိပ်ပြာငယ်လေးတစ်ကောင်လိုပဲ…ဒါပေမယ့် နောက်ပြန်လှည့်ကြည့်လိုက်ရင်တော့ ခံစားချက်တွေပဲ ကျန်နေတော့တယ်… နွေဦးရာသီက ဒီနေ့ရောက်လာခဲ့ပြီး မနက်ဖြန် ပန်းပွင့်လေးတွေ ကြွေသွားမယ်… အရက်ကို မြန်မြန်သောက်လိုက်မယ်ဆိုရင် အိပ်ရာထ နောက်ကျသွားနိုင်တယ်… ဘဝကြီးက တိုတောင်းပေမယ့် အရက်ဘယ်လောက်သောက်နိုင်လဲဆိုတာ ကန့်သတ်ချက်ရှိတယ်…ဘဝတလျှောက်လုံးမှာ ရိုးရာပွဲတော် ဘယ်လောက်များများကို ပါဝင်ဆင်နွှဲနိုင်မှာလဲ…”

သူကတော့ ဆောင်းရာသီအတွေးများဟူသော သီချင်းကို သီဆိုနေခြင်း ဖြစ်သည်။ မုန့်ချီက ထိုသီချင်းကို အရင်ဘဝတွင် ကြားခဲ့ဖူး၏။ ထိုအရာက ယွမ်ပြဇာတ်၏ တစ်စိတ်တစ်ပိုင်းဟုလည်း သတ်မှတ်နိုင်သည်။

ကောင်းလန်က သီချင်းမဆိုတတ်သော်လည်း သူ့ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေခဲ့၏။ မုန့်ချီက ကောင်းလန်၏ ဝမ်းနည်းမှုများ၊ နာကျင်မှုများကို ကြားနေရပြီး သူ၏အသံက ဆောင်းရာသီလေပြင်းထက်ပင် ပို၍ ကြမ်းတမ်းခက်ထန်နေခဲ့သည်။

ရင်တွင်းခံစားချက်များ ရှိနေသူ တစ်ယောက်သာဆိုလျှင် စည်းချက်လိုက်ပြီး သူ၏ဝမ်းနည်းမှုများကို မျှဝေပေးချင်စိတ်များ ပေါ်လာနိုင်သည်။

မုန့်ချီက အရင်ဘဝတွင် ရှိနေသော မိသားစု၊ မိတ်ဆွေများကို လုံးဝပြန်တွေ့နိုင်တော့မည် မဟုတ်ချေ။ သူက လက်ရှိဘဝတွင် ရှိနေသော ရင်းနှီးသည့် မိတ်ဆွေများကိုလည်း သေခြင်းတရားနှင့် ခွဲခွာခဲ့ရဖူးသည်။

ခံစားချက်များ ပြည့်နှက်နေသော ကောင်းလန်၏ သီချင်းဆိုသံအပြင် အရက်သောက်ထားသည့် အရှိန်ကြောင့် မုန့်ချီကလည်း လက်ခုပ်တီး၍ စည်းချက်လိုက်ပေးနေခဲ့သည်။

ကောင်းလန်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး အရက်အိုးကိုကိုင်ပြီး အပြင်ဘက်သို့ ဒယိမ်းဒယိုင် ထွက်သွားခဲ့သည်။ ထို့နောက် သူက အရက်များသောက်နေရင်း သီချင်းကို အော်ဆိုနေခဲ့သည်။

သူက ကောင်းကင်ပေါ်တွင် ရှိနေသော လမင်းကြီးကိုလည်း လက်ညှိုးထိုးနေခဲ့၏။

“ငါက တစ်ယောက်တည်းနေရမှာကို ကြောက်တယ်… ဒါပေမယ့် အမှောင်ထုကြီးက ရုတ်တရက် ကျလာတာပဲ… ငါကိုယ်တိုင်တောင် ဘာမှမလုပ်ရသေးခင် ငါ့ရဲ့စိတ်ဝိညာဉ်က မျက်နှာဖုံးအထပ်ထပ်နဲ့… ပျက်စီးသွားတဲ့နှလုံးသားကို ဘယ်သူက ကုစားပေးနိုင်မှာလဲ…”

ထိုသီချင်းကတော့ အလွန်ထူးခြားသော သီချင်းတစ်ပုဒ်ဖြစ်ပုံရပြီး ကောင်းလန်က နှလုံးသား နာကျင်နေသော မြေခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေပုံရ၏။

ကောင်းလန်၏ သီဆိုမှုကြောင့် မုန့်ချီ၏ရင်ထဲတွင်လည်း ဝမ်းနည်းမှုများ ပြည့်နှက်လာခဲ့၏။ သူလည်း ကြမ်းပြင်ပေါ်မှ ထလာပြီး ကောင်းလန်ရှိသည့်နေရာသို့ ဒယိမ်းဒယိုင်နှင့် လျှောက်သွားခဲ့သည်။

သူကလည်း ခံစားချက်များအားလုံးကို ဖယ်ရှားလိုက်ပြီး နောက်မှ လိုက်ဆိုလိုက်၏။

“ငါက တစ်ယောက်တည်းနေရမှာကို ကြောက်တယ်… ဒါပေမယ့် အမှောင်ထုကြီးက ရုတ်တရက် ကျလာတာပဲ… ငါကိုယ်တိုင်တောင် ဘာမှမလုပ်ရသေးခင် ငါ့ရဲ့စိတ်ဝိညာဉ်က …”

သူတို့နှစ်ယောက်က တပြိုင်နက်တည်း သီချင်းဆို၍ အရက်သောက်နေပြီး အရက်သောက်ရင်း သီချင်းဆိုနေကြသည်။ သူတို့က ခြံဝန်း၏အပြင်ဘက်တွင် ရှိနေသော နံရံကိုမှီနေကြ၏။

အနီးအနားတွင်တော့ တည်းခိုဆောင်တစ်ခုရှိပြီး ဒုတိယထပ်နှင့် တတိယထပ်တွင်တော့ လူများ ပြည့်နေသည်။ အခန်းတစ်ခုထဲတွင်တော့ ခန္ဓာကိုယ် အချိုးအစားလှပသော မိန်းမပျိုလေး တစ်ယောက်ရှိနေပြီး သူမ၏အဖေကို စိုးရိမ်စွာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ဘေးတွင်ရှိသော အစေခံမလေးကလည်း တစ်ကိုယ်လုံးတုန်ယင်နေခဲ့သည်။ သူမက ကြောက်လန့်နေသည့်အတွက် မည်သည့်အရာကိုမျှ မလုပ်နိုင်တော့ချေ။

ထိုအချိန်တွင် ဝမ်းနည်းကြေကွဲဖွယ် သီချင်းဆိုသံများက ရုတ်တရက် ထွက်ပေါ်လာသည့်အတွက် ရှေ့ပြန် နောက်ပြန် လျှောက်နေသော သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်လိုက်မိ၏။

မိန်းမပျိုလေးကလည်း ပြန်လှည့်ကြည့်လိုက်ပြီး အစေခံမလေးကို ပြတင်းပေါက်ဖွင့်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် အပြင်ဘက်တွင် မည်သည့်အရာများ ဖြစ်နေကြောင်း စစ်ဆေးကြည့်လိုက်သည်။

ပြတင်းပေါက်ကို ဖွင့်လိုက်သည့်အချိန်တွင် အစေခံမလေးက ခေါင်းပြူ၍ ကြည့်လိုက်၏။

“သခင်မလေး…

အရက်သမားနှစ်ယောက်က အောက်ဘက်မှာ မူးနေကြတာပါ…”

“အရက်သမားနှစ်ယောက်လား…”

သခင်မလေးက စိတ်ဝင်စားသွား၏။

သူမက လှမ်းကြည့်လိုက်ရာ လူနှစ်ယောက်က ဘယ်ဘက်ခြံဝန်း၏ နံရံကို မှီထားကြောင်း မြင်လိုက်ရသည်။ တစ်ယောက်ကတော့ မျက်နှာပေါ်တွင် ဆံပင်များ ဖုံးနေသည့်အတွက် သူ့အသက်ကို ပြောပြနိုင်ခြင်းမရှိချေ။ တခြားတစ်ယောက်ကတော့ လူငယ်တစ်ယောက်ဖြစ်ပုံရ၏။ သူတို့၏ရှေ့တွင်လည်း အရက်အိုးပေါင်းများစွာ ပြည့်နေသည်။ သူတို့က သီချင်းကို ရူးသွပ်စွာ ဆိုနေကြ၏။

“သခင်မလေး ကျွန်မက အောက်ဆင်းသွားပြီး သူတို့ကို တိတ်တိတ်နေဖို့ ပြောလိုက်ရမလား…”

အစေခံမလေးက ပြောလိုက်သည်။

“မလိုပါဘူး…။ သူတို့တွေကို ဒီအတိုင်းထားလိုက်ပါ…။ သူတို့ကို သတိပေးတော့ရော ဘာများထူးခြားသွားမှာလဲ…”

သက်လတ်ပိုင်းလူကြီးက ပြောလိုက်၏။

“အဖေ…”

မိန်းကလေးက တရှုံ့ရှုံ့ငိုကြွေးနေခဲ့၏။

သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်မိသည်။

“အဖေက အရမ်းအစွမ်းထက်တဲ့ လူတွေကို ရန်စမိခဲ့တာ…။ တကယ်လို့ အဖေ့ရဲ့ အသက်ကို သူတို့ဆီ ပေးလိုက်မယ်ဆိုရင် သမီးနဲ့ သမီးရဲ့အမေကတော့ လွတ်နိုင်ပါတယ်…။ ဒီညပြီးသွားရင် သမီးရဲ့အမေနဲ့အတူ လော့ရန်ကိုသွားပြီး သမီးရဲ့အဒေါ်နဲ့ နေပါ…။ သူက အဖေ့ရဲ့ကိုယ်စား သမီးတို့ကို စောင့်ရှောက်ပေးလိမ့်မယ်...”

“သူတို့က ဘယ်လောက်တောင် အစွမ်းထက်တာလဲ…။ သူတို့က ယပ်တောင်(၆)လက်ချောင်းထက်တောင် ပိုပြီးတော့ အစွမ်းထက်တာလား…”

မိန်းမပျိုလေးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။

သက်လတ်ပိုင်းလူကြီးက ခါးသီးစွာ ရယ်လိုက်၏။

“အဲဒါက အဖေလုပ်ခဲ့တဲ့ အမှားတစ်ခုပါ…။ တကယ်လို့ ယပ်တောင်(၆)လက်ကျောင်း ဝင်ပါမယ်ဆိုရင်တောင် အဖေက သေခြင်းတရားကနေ လွတ်မြောက်ဖို့ ခက်တယ်…။ သမီးနဲ့ သမီးရဲ့အမေကလည်း လက်စားချေဖို့အတွက် ပစ်မှတ်ထားခံရလိမ့်မယ်…။ ပြဿနာဖြစ်နိုင်ချေတွေကတော့ အရမ်းများတယ်…။ ဒီတော့ သမီးတို့ စိတ်အေးအေးနေနိုင်ဖို့ အဖေ့ရဲ့အသက်နဲ့ပဲ အလဲအလှယ်လုပ်ချင်တော့တယ်…”

မိန်းမပျိုလေးက တစ်စုံတစ်ခုပြောတော့မည့်အချိန်တွင် အစေခံမလေးက တုန်လှုပ်စွာ ပြောလိုက်၏။

“သူ…သူတို့ ရောက်လာပြီ…”

သူမက နောက်ပြန်လှည့်ကြည့်လိုက်ရာ တခြားသော လမ်းမတစ်ခုမှနေ၍ အဖွဲ့တစ်ဖွဲ့ ရောက်လာကြောင်း တွေ့လိုက်ရသည်။ သူတို့အားလုံးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်ဆိုးများသဏ္ဍာန် ထင်မှတ်ရ၏။ အဖွဲ့ကို ခေါင်းဆောင်လာသည့်သူကတော့ အလွန်ကြောက်စရာကောင်းသည့် အစွမ်းမျိုးရှိနေပုံ ရသည်။

“ဟား…ဟား…ဟား…ဟား…

အနည်းဆုံးတော့ သူတို့ထဲက (၃)ယောက်က အဖေ့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်…”

ကြည့်ရသည်မှာ သက်လတ်ပိုင်းလူကြီးက စွမ်းအားများအားလုံး ဆုံးရှုံးသွားပုံရပြီး စိတ်ဓာတ်ခိုင်မာမှုကြောင့်သာ ဆက်လက်ရပ်တည်နိုင်သေးပုံ ပေါ်သည်။

မိန်းမပျို၏ပါးပေါ်တွင် မျက်ရည်များ စီးကျလာနေခဲ့၏။

“ငါက တစ်ယောက်တည်းနေရမှာကို ကြောက်တယ်… ဒါပေမယ့် အမှောင်ထုကြီးက ရုတ်တရက် ကျလာတာပဲ…”

အနက်ဝတ်အဖွဲ့က လမ်းကြားလေးကို ဖြတ်လာသည့်အချိန်တွင် ကျယ်လောင်သော သီချင်းဆိုသံကို ကြားလိုက်ရသည်။

ခေါင်းဆောင်က မျက်မှောင်ကြုတ်၍ အမိန့်ပေးလိုက်သည်။

“အရက်သမား(၂)ယောက်ပါလား…။ တော်တော်ကံဆိုးတာပဲ…။ သူတို့ကို ရိုက်ပုတ်ပြီး ဝေးဝေးကို နှင်ထုတ်လိုက်…။ တကယ်လို့ ခုခံမယ်ဆိုရင်တော့ သတ်သာ သတ်ပစ်လိုက်တော့…”

သူက လည်ပင်းကို လက်ညှိုးနှင့် ဖြတ်သည့်ပုံစံ လုပ်ပြလိုက်၏။ ချက်ချင်းပင် လက်အောက်ငယ်သား အနည်းငယ်က သူတို့၏ဓားများကိုထုတ်ပြီး မုန့်ချီနှင့် ကောင်းလန်တို့ကို သင်ခန်းစာပေးရန် ပြင်ဆင်လိုက်ကြသည်။

မုန့်ချီက သူတို့ကိုစိုက်ကြည့်ပြီး မေးလိုက်သည်။

“မင်းတို့တွေက ဒီမှာ ဘာလာလုပ်တာလဲ…”

“မင်းတို့တွေက ဒီမှာ ဘာလာလုပ်တာလဲ…ဟုတ်လား…။ မင်းတို့တွေ ဘဝတလျှောက်လုံး အရက်သောက်လို့ မရတော့အောင် လုပ်ပေးမလို့လေ…”

လက်အောက်ငယ်သား တစ်ယောက်က ကြောက်စရာကောင်းစွာ ပြုံးလိုက်သည်။

ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်သည့်အချိန်တွင် သက်လတ်ပိုင်းလူကြီးက ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။

“အရက်သမားနှစ်ယောက်က သူတို့ကို ပြဿနာရှာမိပြီပဲ…”

မျက်ရည်များ ပြည့်နေသော မိန်းမပျိုလေးကလည်း သူတို့ကို လှမ်းကြည့်လိုက်မိသည်။

ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခုက အမှောင်ထုကြီးကို ဖြတ်သန်းလာပြီး ငွေရောင်နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် မြေပေါ်၌ အလောင်းများ ပုံနေခဲ့သည်။ ထိုအထဲတွင် မလှမ်းမကမ်း၌ ရပ်နေသော အဖွဲ့ခေါင်းဆောင်လည်း ပါဝင်နေ၏။

အရက်သမားက ဓားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

“အစ်ကိုကောင်း…

ဘာလို့ သူတို့ရဲ့ချီစွမ်းအင်တွေ ပျောက်ကွယ်သွားရတာလဲ…”

ထိုအရာက မုန့်ချီ၏ တိုက်ခိုက်မှုဖြစ်သည်။ သို့သော် သူက တိုက်ခိုက်မှုတစ်ခုတည်းနှင့် အဖွဲ့တစ်ဖွဲ့လုံးကို ရှင်းပစ်နိုင်ခဲ့၏။

ကောင်းလန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကောင်းကင်လက်သီးကျင့်စဉ်လေ။တကယ်လို့ ငါက သူတို့ဆီမှာ ချီစွမ်းအင်တွေ မရှိစေချင်ရင် သူတို့ဆီမှာ လုံးဝရှိမလာနိုင်ဘူး…”

“အရမ်းကောင်းတယ်…။ တကယ်ထူးခြားတဲ့ လက်သီးသိုင်းပညာပဲ…”

မုန့်ချီက သူ့ကို ချီးကျူးလိုက်ပြီး နောက်ထပ်အရက်ကို ထပ်သောက်လိုက်ပြန်သည်။

“သီချင်းပြောင်းကြစို့…။ တစ်ချိန်လုံး ဝမ်းနည်းနေရတာ ဘာမှ မကောင်းဘူး…။ သိုင်းလောကသားတွေက ခံနိုင်ရည်ရှိသင့်တာပေါ့…”

သူက သီချင်းတစ်ပုဒ်ကို ကျယ်လောင်စွာ အော်ဆိုလိုက်ပြန်သည်။

“သမုဒ္ဒရာကြီးက ရယ်မောနေပေမယ့် လှိုင်းလုံးတွေက ထွက်ပေါ်လာတယ်…”

ကောင်းလန်က နားထောင်ကြည့်နေရင်း မုန့်ချီ၏သီချင်းက အနည်းငယ် ထူးခြားနေကြောင်း တွေ့လိုက်ရသည်။

သူကတော့ ပို၍ပင် စိတ်ဝင်စားပြီး လိုက်ဆိုလိုက်၏။

“လှိုင်းလုံးတွေ ကြီးလာတဲ့အချိန်မှာ လူသားကမ္ဘာကြီးကတော့ ဆက်ပြီးတော့ ရှိနေသေးတယ်… လေလှိုင်းတွေကလည်း ရယ်မောနေကြတယ်…”

သူတို့၏ သီချင်းဆိုသံက အခန်းထဲထိ ပျံ့နှံ့သွားပြီး သက်လတ်ပိုင်းလူကြီးနှင့် မိန်းမပျိုတို့ကတော့ မှင်တက်နေကြသည်။

“အဖေ…

သ..သမီးတို့က သူတို့ကိုသွားပြီး ကျေးဇူးတင်သင့်လား…”

မိန်းမပျိုက တုန်လှုပ်နေသည့် အမူအရာနှင့် မေးလိုက်သည်။

သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်၏။

“မလိုတော့ဘူး…။ သူတို့တွေက သာမာန်လူသားကမ္ဘာကြီးကို ကစားကွင်းအဖြစ် သတ်မှတ်ထားတဲ့ ထိပ်တန်းသိုင်းပညာရှင်တွေပဲ…။ သူတို့က အဲဒီလိုအရာမျိုး လာပြောတာကို မုန်းတီးကြတယ်…”

မုန့်ချီနှင့် ကောင်းလန်တို့ကတော့ နောက်ဆုံးစာသားကို အတူတူဆိုလိုက်ကြသည်။ သူတို့ကတော့ လွတ်လပ်ပေါ့ပါးနေသလို ခံစားလိုက်ရပြီး အချင်းချင်းကြည့်၍ ရယ်လိုက်မိကြ၏။

ကောင်းလန်က လက်ခုပ်လက်ဝါးတီး၍ ပြောလိုက်သည်။

“ညီလေး …

အစ်ကို့ဆီမှာ ဒီလိုမိတ်ဆွေတစ်ယောက် မရှိခဲ့တာ တော်တော်လေးတောင် ကြာနေပြီ။ ငါတို့က သွေးသောက်ညီအစ်ကို ဖွဲ့လိုက်ကြစို့…။ လာ…ငါတို့ သွေးသောက်ညီအစ်ကို လုပ်ကြမယ်…”

“ကောင်း…ကောင်းပါပြီ…”

မုန့်ချီက မျက်လုံးကို မနည်းဖွင့်နေရသည်။ သူ မည်သည့်အရာများ လုပ်နေကြောင်း သူကိုယ်တိုင်လည်း မသိတော့ချေ။

Translated by Hein Htet

All Chapters