← Chapters

အခန်း (၄၂၆)

Vol. 29 Ch. 426

အခန်း (၄၂၆)

Vol. 29 Ch. 426

သံသရာမြေကွက်လပ်က တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေသည်။ ရှေးဟောင်း သတ္တဝါများ၏ ရုပ်ထုများကိုသာ မြူခိုးများ၏ အစွန်တွင် ဝိုးတဝါး မြင်နေရ၏။ ကျန်းကျိဝေနှင့် တခြားသူများကတော့ ယခုအချိန်ထိ ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် သူတို့၏ လူသစ်တာဝန်ကလည်း ကွဲပြားနေကြောင်း မုန့်ချီက သံသယဝင်နေခဲ့မိသည်။

ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထူးခြားသော လက်စွပ်လေးတစ်ကွင်း ကြမ်းပြင်ပေါ်သို့ ကျလာခဲ့၏။

“ဒါက ဘာလဲ…”

မုန့်ချီက ညာလက်နှင့် ကောက်ယူလိုက်ရာ လက်စွပ်လေးက လက်ဖဝါးပေါ်သို့ ရောက်လာခဲ့သည်။

ထိုအရာက အနက်ရောင် လက်စွပ်လေးတစ်ကွင်း ဖြစ်၏။ လက်စွပ်က နက်မှောင်ပြီး ကြမ်းတမ်းသော်လည်း ပုံစံက ရိုးရှင်းသည်။ ကြည့်လိုက်ရုံနှင့် အတွေးများကပင် စုပ်ယူခံလိုက်ရသလို ထင်မှတ်ရ၏။

“မိုင်ထောင်ပေါင်းများစွာ အဝေးမှာ ရှိနေတဲ့ ခြံဝန်းလေးတစ်ခု…။ ဒါပေမယ့် အရိပ်တစ်ခုလိုပါပဲ…”

မုန့်ချီက လက်စွပ်ပေါ်တွင် ရေးထားသော စကားလုံးများကို ဖတ်ကြည့်လိုက်ပြီး အကျိုးအကြောင်း သဘောတရားများကို ချက်ချင်း နားလည်သွားခဲ့သည်။

ထိုလက်စွပ်ကတော့ ပေးအပ်သော တာဝန်ပြီးဆုံးသည့်အတွက် ယွင်ကျုံးကျိ၏ ဆုလက်ဆောင်တစ်ခု ဖြစ်သည်။

“ကြည့်ရတာ အင်မော်တယ်တွေရဲ့ ကျောက်စိမ်းတိုင်လုံးကလည်း သံသရာအရှင်သခင်ဆီကနေ ယူထားတဲ့ သဘောမျိုးပဲ…။ အတွင်းထဲကို ပစ္စည်း ထည့်လိုက်ပြီး ပိုင်ရှင်ကို တိတိကျကျ ပြောလိုက်မယ်ဆိုရင် သံသရာမြေကွက်လပ်ထဲကို ဝင်လာတာနဲ့ တိုက်ရိုက်ပေါ်လာနိုင်တာပဲ…”

သူက စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီး စကားလုံးများကို ရွတ်ဆိုလိုက်သည်။ ထို့နောက် လက်စွပ်ပေါ်သို့ သူ၏ သွေးတစ်စက်ကို ချလိုက်၏။ ထို့နောက် လေဟာနယ်လက်စွပ်ကို အသက်သွင်းလိုက်သည်။

တုန်းရန်စံအိမ်ထဲမှ ရခဲ့သော လက်စွပ်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ဤလေဟာနယ်လက်စွပ်က အဆပေါင်းများစွာ ပို၍ ကျယ်သည်။ သူက ယခင်တုန်းကထက် ပို၍များပြားသော ပစ္စည်းများ သိမ်းထားနိုင်၏။ ထို့ကြောင့် သူက ယွင်ကျုံးကျိ၏ ပန်းပဲစွမ်းရည်ကို အမှန်တကယ် လေးစားသွားမိခဲ့သည်။

လေဟာနယ် လက်စွပ်ထဲတွင်တော့ ယွင်ကျုံးကျိက ကျင်းလီ၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည့် ကောင်းကင်ဘိုးဘေးကို ကျေးဇူးတင်သော စာတစ်စောင် ရေးထားသည်။ သူက သံသရာတာဝန်အတောအတွင်း ပင်မကမ္ဘာကြီးထဲမှ နတ်ဆိုးကိုးကွယ်သူများနှင့် ရင်ဆိုင်တွေ့ရသည့်အကြောင်းကိုလည်း ပြောပြထား၏။

သူတို့က သူတို့၏ နတ်ဆုံးရနံ့ကို လုံးဝဖုံးကွယ်ထားရန် လျှို့ဝှက်နည်းလမ်းကို အသုံးပြုထားပုံရသည်။ အစွမ်းထက်သော ပညာရှင်များကသာ သူတို့ကို သေသေချာချာ စစ်ဆေးနိုင်ခြင်း မရှိလျှင် သူတို့၏ နတ်ဆိုးရနံ့ကို သတိထားမိရန် လုံးဝမဖြစ်နိုင်ပေ။ သူက မုန့်ချီကို သတိထားနေရန် ပြောခဲ့၏။

“ရှန်းမိသားစုက ဒီလိုလျှို့ဝှက်ကျင့်စဉ်တစ်ခုကိုတောင် ပိုင်ဆိုင်ထားတာပဲ…”

မုန့်ချီက မျက်မှောင်ကြုတ်နေရင်း ထိုအရာကို စဉ်းစား၍ အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီကို ဦးတည်သွားခဲ့သည်။

ထို့နောက် အစစ်အမှန်အင်ပါယာတံဆိပ်နှင့် သတ္ထုလုံးကို အတွင်းထဲသို့ ထည့်လိုက်သည်။

“အစစ်အမှန်အင်ပါယာတံဆိပ်…

လူသားမျိုးနွယ် အထွဋ်အမြတ်ရတနာ…။ ဝေ့ကျင်းအဆင့်…။ လူသားဧကရာဇ်ရဲ့ အငွေ့အသက်တွေ ပါဝင်နေပြီး ကံကြမ္မာပေတံကို မြှင့်တင်နိုင်တယ်…။ လူတစ်ယောက်ရဲ့ကံကြမ္မာကိုလည်း တိုးမြှင့်နိုင်တယ်…။ အဲဒါက လူသားမျိုးနွယ်ရဲ့ သိုင်းပညာတွေအတွက် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိတယ်…။ ကံကြမ္မာအမှတ်(၅)ထောင် တန်ကြေး ရှိတယ်…။ ဒီပစ္စည်းက စာရင်းထဲမှာ မရှိတဲ့အတွက် လဲမယ်ဆိုရင် ကံကြမ္မာအမှတ် အနှုတ်မခံရဘူး…”

“လူသားဧကရာဇ်ရဲ့ ဓားကနေ ကျန်နေခဲ့တဲ့ ပစ္စည်းတစ်ခု…။ အဖြူရောင်သန့်စင်ရွှေတုံး၊ နှလုံးသားအဆီအနှစ်၊ ကြယ်သတ္တု၊ ကောင်းကင်နန်းတော်(၉)သွယ်က ရွှေနဲ့ တခြားပစ္စည်းတွေ ပေါင်းစပ်ထားပြီး နဂါးစင်မြင့်ရဲ့ မီးတောက်တွေထဲမှာ ပျော်ဝင်နေတယ်…။ အဲဒါက အဆင့်မြင့် လက်နက်သန့်စင်ဖို့ ဒါမှမဟုတ် အဖိုးတန်လက်နက်တွေကို အားဖြည့်ဖို့အတွက် အသုံးပြုနိုင်တယ်…။ ကံကြမ္မာအမှတ် (၃၅၀၀) တန်ကြေးရှိတယ်…။ အစစ်အမှန်နဂါးတံဆိပ်က တော်တော်လေး တန်ကြေးရှိတာပဲ…”

မုန့်ချီကတော့ အကျိုးအမြတ် တစ်ဝက်ကို ဆုံးရှုံးလိုက်ရသည့်အတွက် ရင်ထဲတွင် နာကျင်သွားသလို ခံစားလိုက်ရသည်။ သို့သော် ကံကြမ္မာနှင့် ပတ်သက်သော ကျင့်စဉ်များက အလွန်တန်ဖိုးရှိသည့်အတွက် ထိုအရာကလည်း ကိစ္စမရှိချေ။

စစ်ခုံထူက အနည်းဆုံး ကံကြမ္မာအမှတ်(၂)ထောင်ခန့် ရခဲ့သည်။ ထို့ပြင် သူက ကံကြမ္မာကွင်းဆက်များ၏ အကျိုးသက်ရောက်မှုကိုလည်း ညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်၏။ သူက ထိုအရာကို အစ်ကိုကျိုးဆီသို့ မူလဈေးနှုန်းအတိုင်း ရောင်းချနိုင်ခြင်း မရှိချေ။ သူက (၈၀)၊ (၉၀)ရာခိုင်နှုန်းခန့်သာ ရမည်ဖြစ်သည်။

သတ္ထုတုံးလေးကိုတော့ မုန့်ချီက စဉ်းစားနေခဲ့မိ၏။

“ငါက ဒါကို သံသရာအမှတ်နဲ့ လဲသင့်လား…။ ဒါမှမဟုတ် ကောင်းကင်ပြစ်ဒဏ်ဓားနဲ့ ရေလှိုင်းမီးတောက်ဓားကို မြှင့်တင်ဖို့အတွက် သုံးရမလား…”

သူ၏အခြေခံက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ဖြစ်ပြီး လက်နက်များကတော့ အပေါ်ယံ အကူအညီများသက်သက်သာ ဖြစ်သည်။ သူ၏ဓားရှည်သိုင်းပညာကလည်း ကျန်းကျိဝေ၏ အဆင့်ကို မရောက်သေးပေ။ သူ၏ဓားရှည် သို့မဟုတ် ဓားမောက်တို့ကို ပြောင်းလဲလိုက်ခြင်းက ကိစ္စမရှိချေ။

သို့သော် လက်နက်တစ်ခုကို ရင်းနှီးသည့်အခြေအနေထိ လေ့ကျင့်ထားမည်ဆိုလျှင် လက်နက်နှင့် နားလည်မှု ရှိလာနိုင်သည်။ သူ့အစွမ်းအပေါ် ထိုအရာ၏ သက်ရောက်မှုက ကြီးမားမှု မရှိနိုင်သော်လည်း သေချာပေါက်တော့ ရှိနေသေး၏။ ထို့ကြောင့် မုန့်ချီက မလိုအပ်လျှင် လက်နက်ပြောင်းလိုခြင်း မရှိချေ။

လက်နက်က အနည်းငယ် တိုးတက်လာမည်ဆိုလျှင် သူတို့၏ နားလည်မှုများကလည်း တိုးတက်လာနိုင်ပြီး သေရေးရှင်ရေး အခြေအနေမျိုးတွင် ကွဲပြားမှု ဖြစ်လာနိုင်၏။

“ဒီလိုပစ္စည်းတွေက ရဖို့ခက်တယ်…။ ငါက ဒါကို သံသရာအရှင်သခင်ဆီကို ရောင်းလိုက်မယ်ဆိုရင် ကံကြမ္မာအမှတ် (၁၃၀၀) ပဲ ရနိုင်မယ်…။ ဒါကို အဖိုးတန်လက်နက် အဆင့်မြှင့်ဖို့အတွက် သုံးလိုက်မယ်ဆိုရင် ပိုပြီး တန်ကြေးရှိနိုင်တယ်…”

သေချာစဉ်းစားလိုက်ပြီးနောက် မုန့်ချီက ထိုသတ္တုလုံးလေးကို သိမ်းလိုက်သည်။

သူက ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့သည့်အတွက် သိုင်းကျမ်းများကို နားလည်လာပြီး ထိုအရာများကို ကံကြမ္မာအမှတ်နှင့် အချိန်မရွေး လဲလှယ်၍ ရနိုင်သည်။ အနာဂတ်တာဝန်များတွင် ရရှိနိုင်သော အရာများ ပေါင်းလိုက်လျှင် ကံကြမ္မာအမှတ်(၁)သောင်းဟူသည်မှာ ဝေးကွာသော ဦးတည်ချက်တစ်ခုတော့ မဟုတ်ပေ။

သို့သော် လက်ရှိအချိန်တွင် သူ့ဆီ၌ ကံကြမ္မာအမှတ်(၁၂၀)သာ ရှိသည်။ သူက လက်နက်ကို အားဖြည့်နိုင်သော အရာများ လဲရန် မလုံလောက်သေးပေ။ ထို့ကြောင့် သူကိုယ်တိုင် ဖန်တီးထားခဲ့သော မိုးကြိုးတံဆိပ်ကို စစ်ဆေးခိုင်းရန် သံသရာအရှင်သခင်ကို မေးလိုက်သည်။

“မိုးကြိုးစွမ်းအားတွေကနေ ဆင်းသက်လာတဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခု ၊ အဲဒီအရာက ပြင်ပမကောင်းဆိုးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ရှင်းပစ်နိုင်တယ်…။ အဲဒီသိုင်းကျမ်းက လက်သီး၊ လက်ဝါးနဲ့ လက်ညှိုးတွေကိုပဲ သီးသန့်ထားတာ မဟုတ်ဘူး…။ အဲဒါက ကံကြမ္မာအမှတ် (၁၅၀၀)တန်ကြေးရှိတယ်…။ စာရင်းထဲမှာ မရှိတဲ့အတွက် မူလတန်ဖိုးအတိုင်း လဲလှယ်လို့ ရတယ်…”

မုန့်ချီက ပြုံးလိုက်မိသည်။ သူက အလွန်ဝမ်းသာသွားခဲ့၏။ ထင်ထားသည့်အတိုင်း သူကိုယ်တိုင် ဖန်တီးထားသော သိုင်းကျမ်းက တူညီမှု မရှိနိုင်ချေ။

“သံသရာအရှင်သခင်ဆီမှာတောင် အဲဒီသိုင်းကျမ်းမရှိဘူးပဲ…”

ကံကြမ္မာအမှတ်(၁၅၀၀)ရသွားလျှင် သူ၏အဖိုးတန်လက်နက်ကို အဆင့်မြှင့်တင်ရန် လုံလောက်သည်။ သို့သော် မုန့်ချီက ကံကြမ္မာအမှတ်များနှင့် ချက်ချင်းလဲခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏လက်နက်များကို မြှင့်တင်နိုင်သော နည်းလမ်းများစွာ ရှိသည်။ သံသရာအရှင်သခင်၏ စာရင်းထဲတွင် လက်နက်သန့်စင်ရေး ညွှန်ကြားချက်များစွာ ပါဝင်နေ၏။

အကယ်၍ သူ၏ပင်မပစ္စည်းက သတ္ထုလုံးလေးဖြစ်နေလျှင်ပင် နောက်ထပ်များပြားစွာ လိုအပ်နေသေးသည်။ လက်နက်သန့်စင်ရန် မတူညီသည့်အခြေအနေများကလည်း ရှိနေသေး၏။ ထို့ကြောင့် သူက သေချာစဉ်းစားပြီးမှ လုပ်ဆောင်လိုက်သည်မှာ ပိုကောင်းသည်။

မုန့်ချီက လူသစ်တာဝန်ပြီးဆုံးသွားမှသာ အဖွဲ့သားများ၏ အကြံဉာဏ်ကိုမေးပြီး လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူက ကျန်းကျိဝေ၏ လမ်းညွှန်ချက်ကိုလည်း အလွန်တန်ဖိုးထား၏။

သူမက ကျိကျန်းဓားစံအိမ်မှ ဖြစ်သည့်အတွက် လက်နက်များ မြှင့်တင်မှုကို အလေးထားဆုံးဖြစ်သည်။ သူမက ထိုအရာနှင့် ပတ်သက်ပြီး သေသေချာချာ နားလည်နေသည့်အပြင် လက်နက်သန့်စင်ရေးနည်းလမ်းများကိုလည်း သိထားနိုင်သည်။

မည်သို့ဖြစ်စေကာမူ လူသစ်တာဝန်က အန္တရာယ်များခြင်း မရှိနိုင်ပေ။ သူ့ကိုပင် တိုက်ခိုက်ခွင့်မပေးသည့်အတွက် အခက်အခဲက သိသာနိုင်သည်။ ထို့ပြင် ကတိပေးထားသည့်အတိုင်း သူက မိုးကြိုးတံဆိပ်ကို ကံကြမ္မာအမှတ်နှင့် မလဲခင် ကျန်းကျိဝေတို့ လေ့ကျင့်ခြင်းရှိ မရှိ အရင်ဆုံး မေးချင်သေး၏။

မုန့်ချီက ထိုအရာကို ခက်ခက်ခဲခဲ စဉ်းစားမနေခဲ့ပေ။ သူတို့က ခွန်အားသက်သက်ကို အလေးထားရသော သိုင်းပညာမျိုးကို စိတ်ဝင်စားမည် မဟုတ်ကြောင်း သိနေခဲ့၏။

“ကောင်းပြီလေ…။ လူသစ်တွေက ဘယ်သူတွေလဲဆိုတာ စောင့်ကြည့်ကြရမှာပေါ့…”

မုန့်ချီက လက်နောက်ပစ်ပြီး စိတ်အေးသွားခဲ့သည်။ သူက သူ့ကိုယ်သူ ဖုံးကွယ်လိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို လေဟာနယ်လက်စွပ်ထဲသို့ သိမ်းလိုက်၏။

သူက ရေလှိုင်းမီးတောက်ဓားကိုလည်း အနက်ရောင်ဓားအိမ်ထဲသို့ ပြန်ထည့်ထားလိုက်ပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ခဏကြာပြီးနောက် လေထဲတွင် အလင်းတိုင်လုံး(၄)ခု ပေါ်လာခဲ့၏။ မြူခိုးများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လူငယ်(၂)ယောက်နှင့် မိန်းမပျို(၂)ယောက် ပေါ်လာခဲ့သည်။

တစ်ယောက်ကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ထားသည်။ သူ၏မျက်နှာက ခပ်ရှည်ရှည်ဖြစ်ပြီး စွမ်းအားများ ပြည့်နှက်နေပုံရ၏။

တခြားတစ်ယောက်ကတော့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမာန် လူငယ်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ အကယ်၍ သူ့လက်ထဲတွင် ရှိနေသော စုတ်တံကြောင့်သာမဟုတ်လျှင် သူ့ကို စာရင်းငှားတစ်ယောက်ဟုပင် အထင်လွဲမိနိုင်၏။

မိန်းမပျို(၂)ယောက်ထဲတွင် တစ်ယောက်ကတော့ အစိမ်းဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမက နူးညံ့သိမ်မွေ့သည်ဟု သတ်မှတ်နိုင်သည်။ သူမက မိသားစုငယ်လေးတစ်ခုမှ ရောက်လာပုံရ၏။

တခြားတစ်ယောက်ကတော့ အနီရောင်ပွဲတော်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမက အတော်လေး ကြောက်လန့်နေပုံရသည်။ သူမ၏ခန္ဓာကိုယ်က ဝသည့်အပြင် နဖူးကျယ်ကျယ်နှင့် မျက်နှာပေါ်တွင် အနီရောင်မွေးရာပါအမှတ်အသားတစ်ခု ရှိနေသည်။

သူတို့အားလုံးက ထူးထူးခြားခြားကို ငယ်ရွယ်လွန်းလှ၏။ သံသရာမြေကွက်လပ်ထဲသို့ ရောက်လာပြီးနောက် သူတို့၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့် အမူအရာများ ပေါ်လာကြသည်။ အနက်ဝတ်လူငယ်နှင့် အနီဝတ်မိန်းမပျိုတို့ကတော့ အနည်းငယ်လေးပင် သတိထားနေခြင်း မရှိချေ။

ခဏကြာ ထိတ်လန့်သွားပြီးနောက် သူတို့က ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ရုတ်တရက်ရောက်လာနိုင်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။

“သံသရာကမ္ဘာကြီးထဲကနေ ကြိုဆိုပါတယ်…”

ထိုအချိန်တွင် သူတို့၏နားထဲ၌ အသံတစ်သံကို ကြားလိုက်ရ၏။

“ဘယ်သူလဲ…”

သူတို့(၄)‌ယောက်က လှမ်းကြည့်လိုက်ရာ အလင်းတိုင်လုံးရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

သူ့ဆီတွင် တောက်ပသောမျက်လုံး၊ ဖြောင့်တန်းသောမျက်ခုံးနှင့် ထူးခြားသော အပြုံးတစ်ခု ရှိနေသည်။ သူ၏ဒူးပေါ်တွင် ဓားတစ်လက်ကို တင်ထားပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ပုံစံက သိမ်မွေ့ညင်သာနေ၏။

မုန့်ချီက ပြုံးလိုက်၏။

“ငါက မင်းတို့ရဲ့ လမ်းပြပဲ…”

အနက်ရောင်မျက်လုံးများနှင့် လက်ထဲတွင် ကိုင်ထားသောဓားကို သတိထားမိသည့် အချိန်တွင် မုန့်ချီက ရယ်၍ ဆက်ပြောလိုက်၏။

“တကယ်လို့ မင်းတို့ရဲ့နေရာမှာ ငါသာဆိုရင် ကိုယ်တိုင်သတိမထားမိဘဲ ဒီနေရာဆီ ခေါ်လာနိုင်တဲ့ လူတစ်ယောက်ကို သေချာပေါက် သတိထားနေမှာပဲ…။ ငါက အလျင်စလို လှုပ်ရှားပြီး ငါ့ရဲ့အသက်ကို လောင်းကြေးထပ်မှာ မဟုတ်ဘူး…”

ထိုစကားကို ကြားသည့်အချိန်တွင် လူသစ်(၄)ယောက်လုံးက လှုပ်ရှားသွားခဲ့ကြသည်။ သူတို့က အချင်းချင်းစိုက်ကြည့်လိုက်မိကြပြီး မည်သူကမျှ အလေးမဲ့ မလှုပ်ရှားရဲကြတော့ပေ။

နောက်ဆုံးတော့ အနီဝတ်မိန်းမပျိုက ပြောလိုက်၏။

“စီနီယာ…

စီနီယာက ဘာလို့ ကျွန်မတို့ကို ဒီနေရာဆီ ဖမ်းခေါ်လာခဲ့ရတာလဲ…။ စီနီယာက အရမ်းကို အစွမ်းထက်ပါတယ်…။ ဘာလို့ ကျွန်မတို့လို အားနည်းတဲ့သူတွေကို နှောင့်ယှက်ရတာလဲ…”

သူတို့အားလုံးက ထူးဆန်းသည့်အခြေအနေကို ရောက်နေသည့်အတွက် မုန့်ချီကို လျော့မတွက်ရဲကြပေ။

“ငါကိုယ်တိုင်လည်း ဒုက္ခသည်တစ်ယောက်ပါပဲ…။ ငါ့ရဲ့ဇာတ်ကြောင်းတွေကို မင်းတို့သိအောင် ပြောပြမယ်…”

မုန့်ချီက သူ ဤနေရာသို့ ရောက်လာခဲ့ရသည့်အကြောင်းများကို အကြမ်းဖျဉ်းပြောပြပြီး အရေးကြီးသည့် အကြောင်းအရာများကို ပြောပြလိုက်သည်။ လူသစ်(၄)ယောက်၏ ရှေ့တွင် သူ၏အဖြူရောင်ဝတ်စုံက လေလှိုင်းနှင့်အတူ လှုပ်ရှားနေပြီး အပြုံးနှင့် စကားပြောနေသည့် သူ့ပုံစံကြောင့် သူပြောသည့်ဇာတ်လမ်းက ယုံကြည်ရန် ခက်ခဲနေသည်။

ခဏကြာပြီးနောက် သူတို့က သတိပြန်ဝင်လာကြပြီး မတူညီသောခံစားမှုများ ပေါ်လာကြသည်။ သူတို့ထဲမှ တချို့ကတော့ မျက်မှောင်ကြုတ်လိုက်မိပြီး တချို့ကတော့ မျှော်လင့်ချက်များ ပြည့်နှက်လာကြသည်။

“စီနီယာ…

ကံကြမ္မာအမှတ်သာ လုံလောက်မယ်ဆိုရင် သံသရာအရှင်သခင်ဆီကနေ ဘယ်လိုပစ္စည်းမျိုးမဆို လဲလှယ်လို့ ရနိုင်တာပေါ့…။ ဒါဆိုရင် ကျွန်မရဲ့ မျက်နှာပေါ်မှာရှိတဲ့ မွေးရာပါအမှတ်အသားကိုရော ဖယ်ရှားလို့ရနိုင်မလား…”

အနီဝတ်မိန်းမပျိုက အရင်ဆုံးမေးလိုက်သည်။ သူမ၏အသက်ရှူသံကလည်း အနည်းငယ် လျင်မြန်လာခဲ့၏။

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ငါ့ကို စီနီယာလို့ သတ်မှတ်လို့ မရသေးပါဘူး…။ ဒါကြောင့် မင်းတို့က ငါ့ကို ဆရာလို့ပဲ ခေါ်နိုင်တယ်…။ မျက်နှာပေါ်မှာရှိတဲ့ မွေးရာပါအမှတ်အသားကို ဖယ်ဖို့က ကံကြမ္မာအမှတ်(၂၀)တောင် ကုန်မှာ မဟုတ်ဘူး…”

သူက ထိုအရာများကို မေးလိမ့်မည်ဟု မထင်ထားသော်လည်း ပြန်ဖြေပေးလိုက်သည်။ ထိုအရာကလည်း ထိုမျှတန်ကြေးရှိမည်ဟုသာ ယုံကြည်နေခဲ့၏။

အနီဝတ်မိန်းမပျိုက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ…”

မုန့်ချီက ဓား၏ကိုယ်ထည်ကို ညင်သာစွာ ပုတ်လိုက်ပြီး သူတို့ကို အပြုံးနှင့် ပြောလိုက်သည်။

“မင်းတိုတွေက အဖွဲ့သားတွေ ဖြစ်လာပြီဆိုတော့ မင်းတို့ရဲ့နာမည်နဲ့ စိတ်ကူးတွေကို အချင်းချင်း ပြောပြတာ အကောင်းဆုံးပဲ…။ ဒါဆိုရင် မင်းတို့က အဖွဲ့တစ်ခု ဖြစ်လာနိုင်ပြီး ဒုက္ခတွေကို အတူတူဖြတ်ကျော်နိုင်လိမ့်မယ်…။ ဘယ်လိုပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းမရှိဘဲ ခိုးကြောင်ခိုးဝှက်လုပ်တဲ့သူမျိုးကို ဘယ်သူက ယုံကြည်မှာလဲ…”

မုန့်ချီက လူသစ်များကို သူတို့၏ အိပ်မက်နှင့် ရည်ရွယ်ချက်များ၊ သူတို့၏နာမည်များကို မေးလိုက်သည်။

အနီဝတ်မိန်းမပျိုက အရင်ဆုံး ပြောလိုက်၏။

“ကျွန်မရဲ့နာမည်က ယွမ်ရန်လို့ခေါ်ပါတယ်…။ ကျွန်မက ချောင်ကျတဲ့ တောင်ပိုင်းနယ်မြေကပါ…။ ကျွန်မက ဒီမွေးရာပါအမှတ်အသားကြီးကို ဖယ်ရှားပြီး မိန်းမလှလေးတစ်ယောက် ဖြစ်ချင်တယ်…။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့ အစွမ်းမျိုးပိုင်ဆိုင်ပြီး ကျွန်မကို လှောင်ပြောင်တဲ့သူတိုင်းကို သင်ခန်းစာပေးချင်တယ်…”

သူမက ငယ်ရွယ်သော်လည်း လေသံထဲတွင် မောက်မာမှုများ ပြည့်နှက်နေသည်။

“တော်တော်ထူးခြားတဲ့ ရည်မှန်းချက်ပဲ…”

မုန့်ချီက ရယ်မိမတတ် ဖြစ်သွားခဲ့၏။

ကလေးတစ်ယောက်၏ စကားက အမှန်တကယ်ကို ထူးခြားလှ၏။ သူတို့၏ ဆန္ဒကလည်း အပြစ်ကင်းစင်လှသည်။

“ကျွန်တော့်နာမည်ကတော့ မင်းရန်လုံလို့ ခေါ်ပါတယ်…။ ကျွန်တော်က ထိုက်တောင်တန်းဂိုဏ်းက တပည့်တစ်ယောက်ပါ…။ ကျွန်တော်က မျက်လုံးတံခါး ပွင့်နေပါပြီ…။ သိုင်းလောကမှာ ကိုယ်ပိုင်နာမည်တစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်…”

အနက်ဝတ်လူငယ်က သိုင်းလောကသားတိုင်း အိပ်မက် မက်နေရသည့်အရာကိုသာ ပြန်ဖြေလိုက်သည်။

“ထိုက်တောင်တန်းဂိုဏ်းက တပည့်လား…”

အနီဝတ်မိန်းမပျိုအပြင် တခြားသော လူသစ်(၂)ယောက်က မင်းရန်လုံကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်မိသည်။

သူက ပင်မသိုင်းဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ယောက်ဖြစ်နေမည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။ ထိုင်တောင်တန်းက အစွမ်းထက်သော အဖွဲ့အစည်း(၄)ခုထဲမှ တစ်ခုဖြစ်ပြီး မြောက်ပိုင်းကျိုးအင်ပါယာထဲတွင် ရှိနေသော ပင်မသိုင်းအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အစိမ်းဖျော့ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုကတော့ ထိန်းထိန်းသိမ်းသိမ်းရှိပုံ ရသည်။

“ကျွန်မက‌တော့ မြစ်အရှေ့ပိုင်းက ဝမ်လင်းယုလို့ ခေါ်တယ်…။ ကျွန်မက သာမာန်မိသားစုတစ်ခုကပါ…။ ကျွန်မရဲ့အဖေက ပို့ဆောင်ရေးအဖွဲ့က လူတစ်ယောက်ပါ…။ ကျွန်မက စောစောအိမ်ထောင်ကျပြီး ဘဝတလျှောက်လုံး မြို့ငယ်လေးထဲမှာ ပိတ်မိနေရတာမျိုး မဖြစ်ချင်ဘူး…”

သူမ၏စကားလုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နေ၏။ သံသရာအရှင်သခင်၏ အန္တရာယ်များကတော့ သူ့အတွက် စိတ်ကူးယဉ်သက်သက်ဖြစ်နေခဲ့ပြီး သူမ၏မျှော်လင့်ချက်များ ပြည့်လာရန်သာ မျှော်လင့်နေပုံ ရသည်။

“ကျွန်တော်ကတော့ ကျုံးစီရင်စုက ဝူရှို့ရှန်လို့ခေါ်ပါတယ်…။ ကျွန်တော်က ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဆက်ခံသူပါ…။ ကျွန်တော်က သိုင်းစာသင်သား တစ်ယောက်ဖြစ်ချင်ပြီး အနာဂတ်မှာ မြို့စားလူဆိုးထိန်းတစ်ယောက် ဖြစ်ချင်တယ်…”

စုတ်တံကို ကိုင်ထားသော အပြာဝတ်လူငယ်က ပြောလိုက်သည်။

သူက ထိုက်တောင်တန်းဂိုဏ်းမှ လူတစ်ယောက်၏ရှေ့တွင် သူ့ဂိုဏ်း၏နာမည်ကို ထုတ်ပြောရန် ရှက်ရွံ့နေပုံ ရ၏။ မည်သို့ဖြစ်စေကာမူ သူ့ဂိုဏ်းက လူမသိသော ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သည်။

မုန့်ချီက သူတို့အားလုံးကိုကြည့်၍ ရင်ထဲတွင် ပြုံးလိုက်မိ၏။ သို့သော် သူ့ပုံစံက တည်ငြိမ်နေပြီး သူတို့၏ မိတ်ဆက်ခြင်း ပြီးဆုံးသည့်တိုင်အောင် နားထောင်နေခဲ့သည်။ ထို့နောက် သူက ဖြည်းညင်းစွာ မတ်တပ်ရပ်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ငါက မင်းတို့ရဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့အတွက် မင်းတို့ရဲ့တာဝန်ပြီးဆုံးသွားအောင် ဝင်ပြီး ကူညီပေးမှာ မဟုတ်ဘူး…။ ဒါကြောင့် မင်းတို့က သေချာသတိထားပါ…။ မင်းတို့ရဲ့အကြီးအကဲတွေ ပြောပြထားတဲ့ သိုင်းလောကအတွေ့အကြုံတွေကို လုံးဝ မမေ့ပါနဲ့…”

သူ၊ ကျန်းကျိဝေနှင့် ချင်ကျင်းတို့က သူတို့၏ ပထမဆုံးတာဝန် အတောအတွင်း အတွေ့အကြုံနည်းပါးမှုကြောင့် ပြဿနာတက်ခဲ့ကြောင်း သူ မှတ်မိနေသေးသည်။ သူတို့၏ သတိမထားမှုကြောင့် လူတစ်ယောက် ဒဏ်ရာရသွားခဲ့ပြီး တစ်ယောက် သေဆုံးသွားခဲ့သည်။ မဟုတ်လျှင် သူတို့အဖွဲ့၏အစွမ်းမျိုးနှင့် အဖွဲ့သားများများ သေဆုံးသွားရန် မလိုအပ်ပေ။

လူသစ်(၄)ယောက်ထဲတွင် မင်းရန်လုံနှင့် ဝူရှို့ရှန်တို့က မျက်လုံးတံခါးပွင့်နေပြီး ဝမ်လင်းယုနှင့် ယွမ်ရန်တို့က အဆင့်မြင့်ချီစုဆောင်းရေးအဆင့်သာ ရှိသေးသည်။ ထို့ကြောင့် သူတို့က သတိထားရန် လိုအပ်၏။

သူတို့ပြောပြီးသွားသည့်အချိန်တွင် ပတ်ဝန်းကျင်က စတင်မှေးမှိန်လာသည်။ သူနှင့် တခြားသူများက တည်းခိုဆောင်တစ်ခု၏ ခန်းမထောင့်နေရာတွင် ပြန်ပေါ်လာပြီး စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေကြ၏။

“မင်းက တခြားသူတွေကို တမင်တကာ ထိခိုက်အောင် လုပ်လို့ မရဘူး…”

မုန့်ချီက သံသရာအရှင်သခင်၏ ကန့်သတ်ချက်ကို ပြန်လည်စဉ်းစားပြီး အဖွဲ့ကို မေးလိုက်သည်။

“မင်းတို့ရဲ့တာဝန်က ဘာလဲ…”

သူက အသံကိုထိန်းသိမ်းပြီး ချီစွမ်းအင်များနှင့် ပြောလိုက်သည်။

ယွမ်ရန်၊ ဝမ်လင်းယုနှင့် တခြားသူများက အလွန်လျှို့ဝှက်ဆန်းကြယ်သော ပြောင်းလဲမှုကြောင့် သတိပြန်ဝင်လာခြင်း မရှိသေးပေ။

ခဏကြာပြီးမှသာ မင်းရန်လုံက ပြန်ဖြေလိုက်၏။

“(၇)ရက်အတွင်း သံနှလုံးသားခန်းမရဲ့ခေါင်းဆောင် မကောင်းဆိုးဝါးဓား ဖုကွေကို လုပ်ကြံသတ်ဖြတ်ရမယ်…”

Translated by Hein Htet

All Chapters