အခန်း (၄၂၇)
Vol. 29 Ch. 427
"လုပ်ကြံသတ်ဖြတ်ရေးလား…"
အတွေ့အကြုံ လုံးဝမရှိသော လူငယ်လေးများက ကိုယ့်နားကို ယုံကြည်ရန်ပင် ခက်ခဲနေကြသည်။
အလွန်နာမည်ကျော်ကြားသော ဂိုဏ်းတစ်ခုတွင် ကြီးပြင်းလာသော မင်းရန်လုံ ၊ တောင်ပိုင်းနယ်မြေတွင် ကြီးပြင်းလာသော ယွမ်ရန် ၊ သူတို့၏စိတ်ထဲတွင်တော့ ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုသည့် အတွေးမျိုးသာ ရှိနေသေးသည်။
ထို့ကြောင့် သူတို့ လုပ်ဆောင်ရမည့်အရာကို ကြားလိုက်ရသည့်အချိန်တွင် သူတို့က အနည်းငယ် တုန်ယင်သွားကြသည်။ သူတို့က စိတ်လှုပ်ရှားသင့်သလား ကြောက်သင့်သလားပင် မသိတော့ပေ။ သူတို့က လမ်းပြတစ်ယောက်ဖြစ်သော မုန့်ချီကိုသာ စိုက်ကြည့်နေကြ၏။
သူတို့လမ်းပြ၏ ပုံစံကလည်း အေးအေးဆေးဆေးနှင့် ပျင်းရိနေပုံရပြီး လက်ထဲတွင် ဓားကိုင်ထားသော်လည်း အစွမ်းရှိသလို မထင်ရပေ။ သို့သော် သူ၏နွေးထွေးသော အပြုအမူများကြောင့် သူတို့၏ အကြောက်တရားများအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။
မုန့်ချီက သူ့အတွက် ရေနွေးတစ်ခွက် ငှဲ့လိုက်၏။ သူကတော့ အပြုံးနှင့် လှည့်ကြည့်လိုက်သည်။
"ငါ့ကို မကြည့်နဲ့ ။ ငါက မင်းတို့ရဲ့တာဝန်မှာ လမ်းပြသက်သက်ပဲ။ မင်းတို့ရဲ့တာဝန် လုပ်ဆောင်တဲ့အပိုင်းမှာ ငါ ဝင်ပါလို့ မရဘူး။ အခုကစပြီး မင်းတို့တွေက အစီအစဉ်တွေချပြီး ကိုယ့်အစွမ်းနဲ့ကိုယ် တာဝန်ပြီးဆုံးအောင် လုပ်ဆောင်ရမှာ.."
ပင်မကမ္ဘာကြီးထဲတွင် လမ်းပြဟူသော အခြေအနေက ဓမ္မစာပေများထဲမှ ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုအရာက ဗုဒ္ဓ၏ လမ်းစဉ်များကို ပြောပြပြီး လူသားမျိုးနွယ်စု၏ ဒုက္ခများ ဝေဒနာများကို သက်သာရာရစေရန် လမ်းညွှန်ပေးခြင်း ဖြစ်သည်။
လူငယ်များကတော့ မုန့်ချီ၏ ပထမဆုံး အကြံပေးချက်များကို နားလည်နိုင်ခြင်း မရှိကြပေ။ ယွမ်ရန် တစ်ယောက်တည်းကသာ သူ၏နောက်ဆုံးစကားကို ကြားလိုက်ရပြီးနောက် သေချာစဉ်းစားနေပုံရသည်။
ထိုလူသစ်လေးများက အချင်းချင်း တွေဝေစွာ ကြည့်နေမိကြ၏။ ထို (၄)ယောက်ထဲတွင် ရဲတင်းသော ယွမ်ရန်က သူမ၏အတွေးကို ပြောပြလိုက်သည်။
"ငါ နေခဲ့တဲ့ တောင်ပိုင်းနယ်မြေထဲမှာတော့ ငါတို့က ငါတို့ရဲ့သားကောင်တွေ၊ ရန်သူတွေရဲ့ အမူအကျင့်တွေ သွားလာတတ်တဲ့နေရာတွေကို အရင်ဆုံး လေ့လာပြီး နားလည်အောင် လုပ်ကြတယ်။ ငါတို့က ပတ်ဝန်းကျင်ကို နားလည်သွားပြီဆိုရင် ကြောက်စရာကောင်းတဲ့ မှော်သားရဲတစ်ကောင် ဒါမှမဟုတ် ရန်သူမျိုးနွယ်စုကို စုပေါင်းပြီး တိုက်ခိုက်ကြတယ်။ ငါတို့က ဘယ်အရာကိုမှ အလျင်စလို မလုပ်ကြဘူး.."
ကျင်းအင်ပါယာနှင့် နယ်မြေချင်း နီးကပ်နေပြီး လူပေါင်းများစွာနှင့် ဆက်သွယ်ဖူးသည့်အတွက် သူမ၏မျိုးနွယ်စုက ကျင်းအင်ပါယာစကားကို အတော်လေး ရင်းနှီးနေသည်။ ထို့ပြင် သံသရာအရှင်သခင်က သူတို့ကို အနီးကပ် စောင့်ကြည့်နေသည့်အတွက် သူတို့၏စကားလုံးများက ပုံမှန်ပြောနေသလို ထင်မှတ်ရသည်။
"သူ ပြောတာ ဟုတ်တယ်။ ငါတို့က ဒီနေရာမှာရှိတဲ့ ပတ်ဝန်းကျင် အခြေအနေအကြောင်းကို ဘာမှမသိဘူး။ ပြီးတော့ သံနှလုံးသားခန်းမနဲ့ မကောင်းဆိုးဝါးဓား အပါအဝင် အရာအားလုံးက ငါတို့အတွက် အစိမ်းသက်သက် ဖြစ်နေတယ်။ ငါတို့မှာ ဘာအချက်အလက်မှ မရှိဘူး…"
မင်းရန်လုံက သူတို့၏အခြေအနေကို လေ့လာပြီး ခေါင်းညိတ် ထောက်ခံလိုက်သည်။ သိုင်းလောကသို့ သွားရောက်ဖူးသော အကြီးအကဲများ၏ အကြံပေးချက်အရ လူသူရှုပ်ထွေးနေသော နေရာများတွင် သတင်းအချက်အလက်များကို ရှာဖွေ၍ ရနိုင်သည်။ သူက ထိုင်ခုံမှ လျင်မြန်စွာထပြီး ထွက်ခွာသွားခဲ့၏။
"သခင်လေးမင်း …
ဘယ်ကို သွားမလို့လဲ…"
ဝမ်လင်းယုက စိုးရိမ်တကြီး မေးလိုက်သည်။
ပို့ဆောင်ရေးအဖွဲ့မှ သိုင်းသမားတစ်ယောက်၏ သမီးဖြစ်သည့်အတွက် ဝမ်လင်းယုက တံခါးပေါက် ပွင့်နေခြင်း မရှိသလို လောကကြီး၏ သဘာဝ အခြေအနေများကိုလည်း နားမလည်ပေ။ အကယ်၍ သူမ၏အဖော် (၃) ယောက်သာ မရှိလျှင် သူမက အတော်လေး စိတ်ဓာတ်ကျသွားနိုင်သည်။ မင်းရန်လုံက နေရာမှ ထသွားသည်ကို ကြည့်ပြီး သူမက အတော်လေး မတည်မငြိမ် ဖြစ်နေခဲ့၏။
မင်းရန်လုံက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"သတင်းသွားပြီး စုံစမ်းမလို့လေ…"
"မင်း မင်းက ဒီနေရာမှာရှိတဲ့သူတွေနဲ့ ရင်းနှီးလို့လား…"
ဝူရှို့ရှန်၏ နှုတ်ဖျားမှနေ၍ အနည်းငယ် စိုးရိမ်နေသော စကားသံများ ထွက်ပေါ်လာသည်။
မုန့်ချီကတော့ ထိုလူငယ်များကို စိုက်ကြည့်နေပြီး သူတို့၏အစီအစဉ်ကို နားထောင်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာတွင် သူနှင့်သူ့အဖော်များ၏ မမေ့နိုင်သော မှတ်ဉာဏ်များကြောင့် သူလည်း ပြုံးလိုက်မိ၏။
"သေချာပေါက် မရင်းနှီးဘူးလေ ။ ဒါပေမယ့် ငွေကြေးက အရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်…"
သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်ပြီး အင်္ကျီလက်ကို ပုတ်ပြလိုက်သည်။
"ငါတို့က စားစရာတွေ မှာကြမယ်။ ငါတို့က ဗိုက်မပြည့်ဘဲ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး…"
မုန့်ချီက ရုတ်တရက် ဝင်ပြောလိုက်သည်။
မင်းရန်လုံက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။ အဖွဲ့ထဲမှ လူများကတော့ အချင်းချင်း တွေဝေစွာ ကြည့်နေကြ၏။
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ဂိုဏ်းငယ်လေးတစ်ခုမှ တပည့် တစ်ယောက်ဖြစ်သော ဝူရှို့ရှန်က အလျင်အမြန် ပြောလိုက်သည်။
"ဆရာ …
ကျွန်တော့်မှာပြောစရာတစ်ခုရှိတယ်…"
သူက မုန့်ချီကို သတိလက်လွတ် ကြည့်လိုက်မိသည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သူ့ကိုဆက်ပြောရန် အချက်ပြလိုက်၏။
"ဆရာပြောတဲ့ စကားတွေအရ ကျွန်တော်တို့ကို သံသရာအရှင်သခင် ပေးလိုက်တဲ့ တာဝန်က ရိုးရှင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ထက်တော့ ကျော်နေမှာ မဟုတ်ဘူး။ ပြင်ပအကူအညီတွေနဲ့ လက်ရှိသတင်းအချက်အလက် မရှိတာကို ဖယ်ထုတ်လိုက်မယ်ဆိုရင် လုပ်ကြံသတ်ဖြတ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အောင်မြင်နိုင်ချေရှိတယ်။ အန္တရာယ်များတယ် ဆိုပေမယ့် ပြန်ပြီးတိုက်ခိုက်ခံရမယ်ဆိုရင် သေနိုင်သလို ဒဏ်ရာပြင်းထန်နိုင်တယ်…”
“ဒါကြောင့် ဖုကွေက ကျွန်တော်တို့ (၄)ယောက် ပေါင်းတာထက် နည်းနည်းလေးပဲပိုပြီး အစွမ်းထက်နိုင်တယ်။ သခင်လေးမင်း ရှိနေပြီး ဆရာ့ရဲ့အကာအကွယ်လည်း ရှိနေတယ်ဆိုတော့ ကျွန်တော်တို့ပစ်မှတ်ရဲ့အစွမ်းက တံခါး (၄) ပေါက်နဲ့ တံခါး (၆)ပေါက်အတွင်း ရှိနေနိုင်တယ်…"
မုန့်ချီက သူ၏တွက်ချက်မှုကို အနည်းငယ် သဘောကျသွားခဲ့သည်။ အသက် (၂၀) မတိုင်ခင် ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ပြီး ပထမဆုံး တံခါးပေါက်ကို ဖွင့်လှစ်နိုင်သည့်အတွက် ဝူရှို့ရှန်ကလည်း ဂိုဏ်းငယ်လေးတစ်ခုတွင်ပင် အကြီးအကဲများ၏ သေချာပေါက် မျက်စိကျခြင်းကို ခံရနိုင်သည်။
သူ၏ဆရာနှင့် အကြီးအကဲများက သူ့ကို သေချာ အလေးထားနေပြီး သူ၏အရည်အချင်းကို မြှင့်တင်ပေးနိုင်သည်။ ကိစ္စတစ်ခုအပေါ် အလွန်တိကျသော သူ၏သုံးသပ်ချက်ကလည်း သူ၏စွမ်းရည်တစ်ခု ဖြစ်ပုံရ၏။ သူက မုန့်ချီကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြီး သူ၏စကားကို အတည်ပြုလိုက်သည်။
ထို့နောက် သူက ရှက်ရွံ့စွာ ပြောလိုက်၏။
"ဒါကြောင့် သံနှလုံးသားခန်းမထဲမှာရှိတဲ့ အကြီးအကဲတွေ ခေါင်းဆောင်တွေကတော့ အနိမ့်ဆုံး တံခါး (၇) ပေါက် ၊ တံခါး (၈) ပေါက်အဆင့်ကို ရောက်နေနိုင်တယ်။ တံခါး (၉) ပေါက်အဆင့်တောင် ရှိနေနိုင်တယ်။ ဒီတော့ သခင်လေးမင်းက ငါ့ရဲ့သုံးသပ်ချက်ကို သေချာအောင် အတည်ပြုပြီး သိုင်းလောကထဲမှာ သံနှလုံးသားခန်းမရဲ့ရပ်တည်ချက် ၊ သူတို့အဖွဲ့အစည်းရဲ့ အရွယ်အစားကို သိထားသင့်တယ်။ ဒါပေမယ့် တွေ့ရမဲ့ တံခါး (၆) ပေါက်အဆင့် ရန်သူတွေက တော်တော်လေး ရှားနိုင်တဲ့အတွက် ကြောက်လန့်နေစရာတော့ မလိုဘူး။ တကယ်လို့ မတော်တဆ ဖြစ်ခဲ့မယ်ဆိုရင်တောင် ငါတို့က ဆရာ့ကို အားကိုးလို့ရတယ်…"
မုန့်ချီက ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။ တာဝန်အပေါ် သူ၏ခွင့်ပြုချက်ကြောင့် သူတို့က တံခါး (၆) ပေါက်နှင့်အထက် ရန်သူများကို ရင်ဆိုင်ရန်အတွက် စိုးရိမ်စရာမလိုကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။
"ဒါဆိုရင် မကောင်းဆိုးဝါးဓားက နာမည်ခံအနေနဲ့ပဲရှိပြီး သူ့မှာ လိုအပ်တဲ့စွမ်းရည်တွေ မရှိဘူးလို့ ဆိုလိုနေတာလား…"
ဝမ်လင်းယုက စိတ်ဝင်တစား တီးတိုးပြောလိုက်သည်။ သူမကတော့ စွမ်းရည်မရှိသော ခေါင်းဆောင်များကို မြင်ဖူးထားခြင်း မရှိပေ။
"သေချာပေါက် ဖြစ်နိုင်တာပေါ့။ မျိုးနွယ်စုထဲမှာ အတော်ဆုံးစစ်သည်တော် (၁၀) ယောက်ထဲက တစ်ယောက်ဖြစ်တာကိုတောင် ငါ့အဖေကတော့ မျိုးနွယ်စုရဲ့ အကြီးအကဲအဖြစ် ရွေးချယ်မခံခဲ့ရဘူး။ ဘာလို့လဲဆိုတော့ သူက မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကို ရန်စမိခဲ့လို့လေ…"
ယွမ်ရန်က ဝင်ပြောလိုက်သည်။
မုန့်ချီကတော့ ယုံကြည်ချက်များ ၊ စိတ်ဝင်စားမှုများ ပြည့်နှက်လာသော သူတို့ (၃)ယောက်ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့၏။ သူတို့က တာဝန်အကြောင်း စတင်ပြောနေသည့်အချိန်တွင် မုန့်ချီကတော့ ဘေးမှသာ စောင့်ကြည့်နေခဲ့သည်။
သူတို့က စကားပြောနေရင်း တဖြည်းဖြည်း စည်းလုံးလာကြပြီး အစီအစဉ်များ ချမှတ်၍ သူ၏အဖွဲ့တစ်ခု ဖြစ်လာနိုင်သည်။ ကံကြမ္မာစက်ဝိုင်းက အလွန်ထူးဆန်းလှ၏။ ယခုသူက အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်နေပြီး သူတို့၏ အခြေအနေကို လေ့လာသုံးသပ်နိုင်သည်။
သူတို့စကားပြောနေစဉ် မုန့်ချီက အကြံပေးလိုက်၏။
"မင်းတို့က ဒီကမ္ဘာကြီးထဲမှာရှိတဲ့ လူတွေရဲ့ ကျင့်စဉ်တွေ ၊ ကျင့်ကြံမှုတွေကိုလည်း သိထားဖို့ လိုလိမ့်မယ်။ အဆင့်တစ်ခုချင်းဆီမှာရှိတဲ့ ရန်သူတွေက ငါတို့လို တူညီတဲ့ကျင့်စဉ်တွေ သိုင်းကျမ်းတွေကိုပဲ လေ့ကျင့်ထားမယ်လို့ မျှော်လင့်မထားနဲ့.."
"တခြားကျင့်ကြံမှု နည်းလမ်းတွေ ရှိနေသေးတာလား…"
ဝမ်လင်းယုနှင့် ဝူရှို့ရှန်တို့က အံ့သြသွားကြသည်။
တောင်ပိုင်းနယ်မြေမှ ယွမ်ရန်က အဝေးကိုကြည့်နေရင်း ခေါင်းညိတ်ပြလိုက်၏။ သူမကတော့ ထူးဆန်းသော လေ့ကျင့်နည်းပေါင်းစုံနှင့် ကျင့်စဉ်များအပေါ် ထူးဆန်းနေခြင်း မရှိချေ။
မကောင်းဆိုးဝါးများ မှော်သားရဲများက သူမတို့ နေထိုင်သော မျိုးနွယ်စု၏ ပတ်ပတ်လည်တွင် လှည့်ပတ်သွားလာနေကြပြီး ထူးခြားသည့်ကျင့်စဉ် နည်းလမ်းမျိုးစုံကို အသုံးပြုကြသည်။ ထိုအရာများထဲတွင် ကူပိုးကောင်များကို မွေးထုတ်ပြီး အသုံးပြုသည့် နည်းလမ်းလည်း ပါဝင်နေခဲ့၏။ သူ သို့မဟုတ် သူ၏အသက်စွမ်းအင်များနှင့်သာ ပေါင်းစပ်သွားမည်ဆိုလျှင် စွမ်းအားများက အဆိပ်ပိုးကောင်အဖြစ် ပြောင်းလဲနိုင်ပြီး ထိုပိုးကောင်ကို စွမ်းအားများနှင့် အစာကျွေး၍ ရသလို အဆိပ်များ ၊ ဆေးများနှင့် အသွေးအသားများပင် ကျွေး၍ရနိုင်၏။
မုန့်ချီက သူမ၏တိတ်ဆိတ်မှုနှင့် အိပ်မက်ဆန်သော မျက်လုံးများကို သတိထားမိခဲ့သည်။ သူက သူမကို အပြုံးနှင့် ပြောလိုက်၏။
"မိန်းကလေးယွမ်က ဒီလိုထူးဆန်းတဲ့ ကျင့်စဉ်နည်းလမ်းတွေကို ထူးဆန်းမနေဘူးဆိုတာ ယုံပါတယ်။ ပြီးတော့ သူက ထူးဆန်းတဲ့နည်းလမ်းနဲ့ လေ့ကျင့်ထားတဲ့ သွေးဝတ်ရုံအဖွဲ့အစည်းကိုလည်း သိနေတယ်။ သူတို့က တောင်ပိုင်းနယ်မြေမှာ တော်တော်လေးကို ထူးခြားတဲ့ အဖွဲ့အစည်းတစ်ခုပဲ…"
သွေးဝတ်ရုံအဖွဲ့အစည်းက မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်ထဲမှ တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် သူတို့က အလယ်ပိုင်းနယ်မြေထဲမှ မောင်းထုတ်ခံခဲ့ရပြီး တောင်ပိုင်းနယ်မြေထဲသို့ ရောက်လာခဲ့၏။ သူတို့က တောင်ပိုင်းနယ်မြေထဲတွင် ရှိနေသော ဆိုးသွမ်းသည့် လူများဆီတွင် ခိုလှုံ၍ သူတို့၏ အာဏာကို ပြန်လည်ယူဆောင်ကြသည်။
ထိုအချိန်တွင် သူ၏ဂိုဏ်းချုပ်က စွမ်းအားအသစ်များ ရရှိသွားပြီး သွေးပင်လယ်ယက္ခ ခန္ဓာကိုယ်ကို ပိုင်ဆိုင်၍ တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်ကို ကိုးကွယ်သူများက ကြောက်စရာကောင်းသော နည်းလမ်းမျိုးစုံကိုသုံး၍ သူတို့၏အစွမ်းများကို မြှင့်တင်ကြသည်။
ထိုအရာကတော့ ဓမ္မကာရအဆင့်ကို ရောက်ရှိရန် အချိန်ကုန် လူပင်ပန်းသက်သာပြီး အများစုကတော့ မှန်ကန်သော နည်းလမ်းကိုသာသုံး၍ အံ့သြစရာကောင်းသော အစွမ်းများကို ရရှိနိုင်ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ နောက်ပိုင်းမျိုးဆက်များက အန္တရာယ်ရှိသော အရာများကို လုပ်ဆောင်ခဲ့သည့်အတွက် ရလဒ်က မကောင်းတော့ပေ။ ထို့ပြင် သူတို့၏ လှပ်ရပ်များကြောင့် အဖွဲ့အစည်းများ မျိုးနွယ်စုများက ရန်ငြိုးထားလာကြသည်။
ယွမ်ရန်က မုန့်ချီ၏စကားကို ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ်ဆရာ ။ ကျွန်မက သွေးဝတ်ရုံအဖွဲ့အစည်းက တပည့်တွေ အဖွဲ့သားတွေကို တွေ့ခဲ့ဖူးတယ်။ သူတို့က သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းတဲ့အဆောင်တွေ တံဆိပ်တွေ ကပ်ထားပြီး သူတို့ရဲ့အသွေးအသားတွေကို အပ်တွေနဲ့ ထိုးကြတယ်…"
သိပ်မကြာခင် မင်းရန်လုံက ပြန်ရောက်လာခဲ့၏။ သူကတော့ သတင်းကောင်း ကြားခဲ့ရသည့်အတွက် အတော်လေး ဝမ်းသာနေပုံရသည်။ သူ့အဖော်များဆီကို ရောက်သည့် အချိန်တွင် သူက အလျင်အမြန် ပြောလိုက်၏။
"ငါက သတင်းကောင်းနဲ့ ပြန်လာခဲ့ပြီ။ သံနှလုံးသားခန်းမက လမ်းမှားကို ဦးတည်နေပေမဲ့ သူတို့ရဲ့ခေါင်းဆောင်တွေက ဒီကမ္ဘာကြီးထဲမှာ အတော်ဆုံး ပညာရှင်တွေပဲ။ သူတို့ရဲ့စွမ်းအားအစစ်ကိုတော့ မသိရဘူး။ ဒီနေရာက သူတို့ရဲ့ ပင်မဌာနချုပ် မဟုတ်ဘူး။ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ မြို့တစ်မြို့ပဲ။ ဒီမြို့ကို အုပ်ချုပ်ရတဲ့ မကောင်းဆိုးဝါးဓား ဖုကွေကတော့ ဒီနေရာမှာ ရှင်ဘုရင်တစ်ပါးလိုပဲ။ သူက မျက်လုံးတံခါးနဲ့ နားတံခါး ပွင့်နေလောက်ပြီ…"
ရရှိလာသော သတင်းအချက်အလက်များကို ပြောပြနေစဉ် စားသောက်ခန်းထဲသို့ နောက်ထပ်လူသစ်များ ရောက်လာကြသည်။ ခဏကြာပြီးနောက် စားပွဲထိုးက စားစရာများ အရက်များကိုယူ၍ သူတို့၏စားပွဲကို ရောက်လာခဲ့၏။
အလွန်ဆာလောင်နေသော သူတို့ (၄) ယောက်က ဆက်လက်ဆွေးနွေးနေရင်း စားစရာများကို စားနေကြ၏။ မုန့်ချီက တိတ်တဆိတ် ပြုံးလိုက်မိသည်။ သူက တူတစ်စုံကို ယူလိုက်ပြီး တခြားလူများနှင့်အတူ စားနေခဲ့၏။
"ဒါကြောင့် အလုပ်စလုပ်တော့မယ်ဆိုရင် ငါတို့အဓိက လုပ်ဖို့လိုနေတာက ဖုကွေရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေ လေ့ကျင့်မှုတွေကို လေ့လာဖို့ပဲ။ ငါတို့က အခွင့်အရေးတိုင်းကို အရယူဖို့ လိုလိမ့်မယ်…"
မင်းရန်လုံက ပြောလိုက်သည်။ သူကတော့ ယုံကြည်ချက်များ ပြည့်နှက်နေပြီး သိုင်းလောက၏ ပထမဆုံးတာဝန်အပေါ် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
စားပွဲဝိုင်း၏ တခြားတစ်ဖက်တွင် ရှိနေသော ဝမ်လင်းယုကတော့ ပထမဆုံး စွန့်စားခန်းကို အနည်းငယ် ထိတ်လန့်နေပုံရသည်။ သူမက မုန့်ချီကို လှည့်ကြည့်လိုက်၏။
"ဆရာ ကျွန်မတို့ရဲ့အစီအစဉ်ကို ဘယ်လိုသဘောရလဲ…"
"သင့်တော်ပါတယ်…"
မုန့်ချီက တူကိုပြန်ချပြီး ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင် သူ့အပြုံးက ပျောက်ကွယ်သွားခြင်းမရှိဘဲ သူက ဆက်ပြောလိုက်၏။
"ဒါပေမယ့် မင်းတို့က အမှား(၃) ခု လုပ်ခဲ့တယ်…"
ထိုစကားလုံးက သူတို့ကို အတော်လေး ထိခိုက်သွားစေခဲ့သည်။ အထူးသဖြင့် မင်းရန်လုံက သူ့နားသူ မယုံကြည်နိုင်သလို ခံစားနေရ၏။
"ကျွန်တော်တို့က ဘယ်လိုအမှားတွေ လုပ်ခဲ့မိတာလဲ…"
သူတို့ကိုကြည့်ပြီး မုန့်ချီက အရက်ခွက်ကို ကိုင်လိုက်သည်။
"ပထမဆုံးအမှား - လုပ်ရမယ့်အလုပ်ရဲ့ လျှို့ဝှက်ချက်က အရေးကြီးဆုံးပဲ။ မင်းတို့ရဲ့အစီအစဉ်ကို လူကြားထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတာက မင်းတို့ရဲ့ပန်းတိုင်ကို ရန်သူတွေက သိသွားနိုင်တယ်…"
သူတို့က ရုတ်တရက် မျက်နှာပျက်သွားကြ၏။ သူတို့က ပတ်ပတ်လည်ကိုကြည့်ပြီး အတော်လေးကို ကြောက်လန့်သွားကြသည်။ သူတို့စားသောက်ရင်း စကားပြောနေသည့် အချိန်တွင် စားသောက်ဆိုင်ထဲမှ ဧည့်သည်များ ထွက်သွားခဲ့သည်ကိုလည်း နားမလည်ခဲ့ကြပေ။ ထိုနေရာတွင် စားပွဲအလွတ်များ ထိုင်ခုံများသာ ကျန်နေတော့၏။
ထိုအချိန်တွင် သူတို့အားလုံးက တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူတို့၏မျက်နှာအမူအရာကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ဝမ်လင်းယုက တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
"ဆ ဆရာရှိနေတော့ ကျွန် ကျွန်မတို့က..."
"ငါတို့က ဒီလိုမျိုးပြုမူနေတာ မသင့်တော်ဘူး။ သံသရာအရှင်သခင်ရဲ့ ဖော်ပြချက်တွေက ငါတို့အတွက် အနည်းအကျဉ်းပဲ ရှိသေးတယ်။ ပြီးတော့ ငါတို့ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာနိုင်မယ့် ဘဝတစ်ခုပဲ။ ငါတို့ကတော့ သတိမထားမိခဲ့ဘူး…"
ယွမ်ရန်က အပြစ်ရှိသလို ခံစားမိခဲ့သည်။ သူမ၏ အမူအရာကလည်း မူလတုန်းကနှင့် ဆန့်ကျင်ဘက်အဖြစ် ပြောင်းလဲသွားခဲ့၏။
မုန့်ချီက ဆက်ပြောလိုက်သည်။
"ဒုတိယအမှား - မင်းတို့က သတင်းစုံစမ်းဖို့ ဆုံးဖြတ်လိုက်တာတော့ မှန်တယ်။ ဒါပေမဲ့ မင်းတို့က ဒီကမ္ဘာကြီးထဲမှာ လူစိမ်းတွေပဲ။ မင်းတို့ကို သတင်းပေးလိုက်တဲ့သူက မကောင်းဆိုးဝါးဓားရဲ့ လက်အောက်ခံတွေ ဖြစ်နေမှာကို မစိုးရိမ်ဘူးလား။ သူတို့ဆီကနေ အချက်အလက်တွေကို ရပြီဆိုရင်တောင် မတူညီတဲ့ နေရာတွေကနေ အချက်အလက်တွေကို ပြန်ပြီးစစ်ဆေးရမယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတာမျိုး မရှိဘဲ တိုက်ရိုက်သွားမေးလိုက်မယ်ဆိုရင် တစ်ဖက်အဖွဲ့က သံသယဝင်လာနိုင်ပြီး မင်းတို့ကို ပစ်မှတ်ထားနိုင်တယ်။ ဒီနေ့ မင်းတို့တာဝန်နဲ့ မင်းတို့ရဲ့အသက်က သူများလက်ထဲရောက်သွားပြီ…"
ထိုအရာကတော့ သိုင်းလောကတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံမရှိဘဲ သိမလာနိုင်ပေ။ မင်းရန်လုံ၏ ခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့၏။ သူ၏ မျက်နှာကလည်း ပို၍ပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူ၏အကြီးအကဲများကလည်း တူညီသော အကြောင်းအရာကို သတိပေး လမ်းညွှန်ခဲ့ကြသည်။ သို့သော် သူကတော့ ပထမဆုံးတာဝန်တွင် ဆိုးဆိုးဝါးဝါး ကျရှုံးခဲ့ရ၏။
"တတိယအမှား…"
မုန့်ချီက အပြုံးနှင့် ဆက်၍ပြောလိုက်သည်။
"မင်းတို့က စားစရာထဲမှာ အဆိပ်တွေ ခပ်ထားတာရှိမရှိ မစမ်းသပ်ခဲ့ကြဘူး။ နေရာတိုင်းမှာ စားစရာကို လုံလုံခြုံခြုံ စားလို့မရဘူးဆိုတဲ့ အချက်ကို မင်းတို့က သတိမထားမိခဲ့ဘူး…"
"ဘယ်လို..."
ထိုစကားကို ကြားသည့်အချိန်တွင် သူတို့ (၄) ယောက်က အတော်လေးကို အခြေအနေ ဆိုးသွားကြသည်။ သူတို့၏ စိတ်လှုပ်ရှားမှုများက အကြောက်တရားများအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။
ထိုအချိန်တွင် သူတို့က မလှုပ်နိုင်ကြတော့ပေ။ အားအင်နည်းပါးပြီး အိပ်ချင်နေသော ခံစားမှုများ ပေါ်လာပြီး သူတို့၏စွမ်းအားများက ပျောက်ကွယ်သွားသလို ထင်မှတ်ရသည်။
သူတို့ စကားပြောနေစဉ် အတောအတွင်း တက်ကြွနေသော အခြေအနေကြောင့် အန္တရာယ်ကို သတိမထားမိခဲ့ဘဲ သိုင်းလောကတွင် အရေးကြီးဆုံး စည်းမျဉ်းတစ်ခုကို မေ့လျော့သွားခဲ့ကြသည်။ သူတို့က နောင်တရနေသော်လည်း နောက်ထပ် အခွင့်အရေးတစ်ခုရရှိရန် မျှော်လင့်နေခဲ့၏။
သို့သော် ထိုအခွင့်အရေးက အလွန်ဝေးကွာပြီး ဖျော့တော့နေခဲ့သည်။ မင်းရန်လုံ တစ်ယောက်တည်းကသာ သူ၏ကံကြမ္မာကို လက်လျှော့ရန် စိတ်ကူးမရှိပေ။ သူက မတ်တတ်ရပ်ရန် အကောင်းဆုံး ကြိုးစားလိုက်ပြီး သူ့အဖော်များအတွက် ခုခံရန် ဓားကို ဆွဲထုတ်လိုက်သည်။
သူ့ဆီတွင် ဆုံးဖြတ်ချက် ရှိနေသော်လည်း ဆေးခပ်ထားသည့် အရှိန်ကြောင့် ဒူး (၂)ဖက်က ခွေကျသွားတော့မလို ဖြစ်နေ၏။ တစ်ဖက်တွင်တော့ သူ့အဖော်များက အကောင်းဆုံး ကြိုးစားနေသော်လည်း စွမ်းအားထုတ်နိုင်ခြင်း မရှိချေ။
"မင်းက အရိုးပျော့ဆေးမှုန့် စားမိထားတာကိုတောင် မတ်တပ်ရပ်နိုင်သေးတာလား။ ကြည့်ရတာ ငါတို့ရဲ့လှည့်ကွက်ကို သတိထားမိသွားတယ် ထင်တယ်…"
အနောက်ဘက်မှနေ၍ စိတ်ဝင်စားနေသော အသံတစ်ခု ကြားလိုက်ရပြီး ကြံစည်သူများ ထွက်လာခဲ့သည်။
စားသောက်ဆိုင် ပိုင်ရှင်ကလည်း သူတို့အနားကို ကပ်လာခဲ့၏။ ပန်းရောင် ဝတ်ထားသော မိန်းမလှလေး တစ်ယောက်က သူ့ဘေးတွေ ရပ်နေပြီး စားသောက်ဆိုင်ထဲမှ တခြားလူများကတော့ တိတ်တဆိတ် အဝေးကို ထွက်သွားကြသည်။
"ခွေးမျိုးတွေ …ငါတို့ကိုများ အဆိပ်ခပ်ရဲတယ်…"
မင်းရန်လုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။
မုန့်ချီကတော့ သူတို့ကို အပြုံးနှင့် ကြည့်နေခဲ့၏။
"အရိုးပျော့ဆေးမှုန့်ခတ်ထားတဲ့ အသားကင်ကို ငါစားခဲ့တယ်။ ဒီစားစရာက ထူးဆန်းတဲ့ အရသာရှိတယ်။ ဒါပေမဲ့ အမှုန့်တွေကတော့ အေးအေးဆေးဆေးပါပဲ။ အဲဒါက လူတွေစားလို့ရသားပဲ…”
"သူက တကယ်ပဲ အဲဒီအမှုန့်တွေကို စားခဲ့တယ်။ ဒါပေမဲ့ ဘာမှပြဿနာမရှိဘူး။ စားစရာရဲ့အရသာကိုတောင် ချီးကျူးနေသေးတယ်…"
ဆိုင်ရှင်ကတော့ နေရာတွင်ရပ်ပြီး အံ့ဩမှင်တက်နေခဲ့သည်။
သို့သော် ပန်းရောင်ဝတ် မိန်းမပျိုကတော့ ကြမ်းတမ်းခက်ထန်လာပြီး တိုက်ခိုက်လိုက်၏။ သူမက ထိုအဖွဲ့ထဲတွင် တစ်ယောက်တည်း ကျန်နေသည့် ရန်သူကို ရှင်းပစ်ရန် ကြိုးစားနေပုံရသည်။
"ဖျောက်.."
သူမ၏လက်ဖဝါးက တိုက်ခိုက်မိလိုက်သည့်အချိန်တွင် သူမက အလွန်ဝမ်းသာသွားခဲ့သည်။ သူမ၏လက်ဖဝါးထဲတွင် အလွန်ကြောက်စရာကောင်းသော အစွမ်းများ ပါဝင်နေသည့်အတွက် ရန်သူကို သတ်နိုင်မည်ဟု ထင်မှတ်ထား၏။
သို့သော် ရန်သူက သူမ၏တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့ခြင်း မရှိသည့်အတွက် သူမ၏ ပျော်ရွှင်မှုက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ရန်သူကတော့ စားစရာကိုပင် အရသာခံနေသေး၏။
"အကာအကွယ်ကျင့်စဉ်လား။ ဒါကြောင့်လည်း သူတို့က ခေါင်းဆောင်ကို လုပ်ကြံဖို့ စီစဉ်ရဲတာပဲ။ ဒါပေမဲ့ သူက တိုက်ခိုက်တာ မရှိသေးဘူး။ သူက တိုက်ခိုက်မှုကြောင့် သေချာပေါက် အတွင်းဒဏ်ရာ ရသွားနိုင်တယ်…"
သူတို့၏ မျက်လုံးများက အချင်းချင်း ကြည့်လိုက်မိကြသည်။ သူမက ဓားကို ဆွဲထုတ်လိုက်ပြီး သူမ၏အဖော်ကလည်း သူ၏ဓား (၂) လက်ကို ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်။ သူတို့က မုန့်ချီ၏ ပတ်ပတ်လည်မှနေ၍ ဓားများနှင့် မုန်တိုင်းသဖွယ် တိုက်ခိုက်နေကြသည်။
ဓားသံများက ကျယ်လောင်စွာ ထွက်ပေါ်နေပြီး ကြောက်စရာကောင်းစွာ တိုက်ခိုက်နေကြ၏။ သို့သော် ထိုဓားများက မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာလေးပင် ပေါ်မလာစေခဲ့ပေ။
ဝမ်လင်းယုနှင့် သူမ၏အဖော်များကတော့ ကြောက်လန့်မှု ၊ စိုးရိမ်မှု၊ မယုံကြည်နိုင်မှုများနှင့်အတူ ကြည့်နေကြရသည်။
ထိုအချိန်တွင် စားသောက်ဆိုင်ပိုင်ရှင်က သူ့ကိုယ်သူ အားတင်ပြီး မုန့်ချီကို အံကြိတ်၍ ကြည့်လိုက်သည်။ ထို့နောက် အကာအကွယ်ကျင့်စဉ်များ၏ အားနည်းချက်နေရာကို တိုက်ခိုက်လိုက်၏။ မုန့်ချီကတော့ တည်ငြိမ်နေသော ရေကန်တစ်ခုအလား မျက်လုံးမှိတ်နေပြီး ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကို တုန့်ပြန်ခဲ့ခြင်း မရှိချေ။
"ချွမ်..."
မုန့်ချီကတော့ နေရာမှ တစ်လက်မလေးပင် ရွေ့လျားသွားခဲ့ခြင်း မရချေ။ ဆိုင်ရှင်ကသာ ကြောက်လန့်တကြား နောက်ကို ဒယိမ်းဒယိုင် ပြန်ဆုတ်သွားလိုက်ရ၏။ ယခုတော့ သူ၏ဓားသွားများကပင် တုံးသွားကြောင်း သတိထားမိခဲ့သည်။ လူသားများကတော့ ထိုကဲ့သို့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိချေ။
သူ့အဖော်များက ကြောက်လန့်ပြီး သံသယဝင်နေကြသော်လည်း ပန်းရောင်ဝတ် မိန်းမပျိုကတော့ ရှေ့ကိုတိုးလာပြီး တိုက်ခိုက်နေပြန်သည်။ သူမက မုန့်ချီ၏ ပါးစပ်ကို ဓားနှင့်ထိုးရန် ကြိုးစားလိုက်၏။
"ဖျောက်…"
မုန့်ချီက မိန်းမပျို၏ဓားသွားကို အနည်းငယ် ကိုက်လိုက်သည်။ ဓားသွားက မုန့်ချီ၏ သွားကြောင့် အနည်းငယ် ကျိုးသွားခဲ့၏။
မုန့်ချီက ဓားထိပ်ဖျားကို ပါးစပ်ထဲတွင် ဝါးလိုက်ပြီး သံမှုန့်များကို ထွေးထုတ်လိုက်၏။ ထို့နောက် သူက အံ့ဩမှင်တက်နေသော မိန်းမပျိုကို ပြုံးပြလိုက်သည်။
ထိုအချိန်တွင် အသားမည်းမည်းနှင့် ဆိုင်ရှင်ကတော့ အတော်လေးကို ထိတ်လန့် ကြောက်ရွံ့သွားခဲ့၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကိုသုံးပြီး မုန့်ချီ၏ ညာဘက်လက်ကို တိုက်ခိုက်လိုက်ပြန်သည်။ ထိုစွမ်းအားများက မုန့်ချီ၏ အကာအကွယ်ကျင့်စဉ်များကို ဖျက်ဆီးနိုင်မည်ဟု သူလည်း တွေးထားခဲ့၏။
"ဂျွတ်..."
သူ၏လက်က ဒဏ်ရာရခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ လက်ချောင်းများကလည်း ကျိုးသွားခဲ့ပြီး အတော်လေးကို ပုံပျက်ပန်းပျက် ဖြစ်နေခဲ့၏။ ဆိုင်ခန်းထဲတွင် အလွန်ကြောက်စရာကောင်းသော အော်သံတစ်ခုသာ ပျံ့နှံ့နေသည်။
ပန်းရောင်ဝတ် မိန်းမပျိုကလည်း စိုးရိမ်ထိတ်လန့်စွာ ပြောလိုက်၏။
"နင် နင် နင်က လူမဟုတ်ဘူး…"
ထိုအရာက မကောင်းဆိုးဝါးတစ်ကောင် သို့မဟုတ် အင်မော်တယ်တစ်ပါး ဖြစ်နိုင်သည်။
မင်းရန်လုံနှင့် သူ့အဖော်များကတော့ မြင်တွေ့နေရသော အဖြစ်အပျက်ကြောင့် အလွန်ထိတ်လန့်သွားခဲ့ပြီး အိပ်မက်မက်နေသလို ခံစားနေရသည်။ ထိုအချိန်ကျမှသာ သူတို့ဆီတွင် ဆေးအာနိသင်များ ပြယ်သွားအောင် လုပ်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်ဟု တွေးနေမိကြ၏။
Translated by Hein Htet