အခန်း (၄၂၈)
Vol. 29 Ch. 428
သူတို့က ထိုမျှပြိုင်ဘက်ကင်းပြီး ဖျက်ဆီး၍ မရနိုင်သော လူတစ်ယောက်ကို လုံးဝမမြင်ဖူးကြပေ။ သူတို့ သိထားသော ဗဟုသုတများအရ အကာအကွယ်ကျင့်စဉ်များ၏ အစွမ်းထက်ဆုံးအဆင့်ကပင် အရေပြားကို တိုက်ခိုက်လိုက်သော ဓားများ၊ လက်နက်များကို အနည်းငယ်လေးသာ ကာကွယ်ပေးနိုင်သည်။ ပါးစပ်နှင့် မျက်လုံးများကတော့ လူတစ်ယောက်၏ အားအနည်းဆုံးနေရာများ ဖြစ်၏။
“လုံးဝမဖြစ်နိုင်ဘူး…။ ဒီလိုတိုက်ခိုက်မှုမျိုးကနေ သာမန်လူသားတစ်ယောက်က လုံးဝလွတ်မလာနိုင်ဘူး…”
မုန့်ချီက အေးအေးဆေးဆေး မတ်တပ်ရပ်နေသော်လည်း ဆိုင်ရှင်နှင့် ပန်းရောင်ဝတ်မိန်းမပျိုတို့ကတော့ သူတို့၏ အိပ်မက်ဆိုးထဲမှ အင်မော်တယ်များ၊ နတ်ဆိုးများကို မြင်နေရသလို ခံစားနေရသည်။ သူတို့က အကြောက်တရားများနှင့် လဲကျသွားခဲ့၏။
အကြောက်တရားများ၏ လွှမ်းမိုးမှုကြောင့် သူတို့၏ နဖူးပေါ်မှနေ၍ ချွေးစေးများ စီးကျလာနေပြီး မုန့်ချီသာ တိုက်ခိုက်လိုက်သည်နှင့် သူတို့က သေရမည်ဖြစ်ကြောင်း သိနေကြသည်။ သူတို့၏ခေါင်းထဲတွင်တော့ အတွေးတစ်ခုတည်းသာ ပေါ်လာခဲ့ကြသည်။ ထိုအရာကတော့ ထွက်ပြေးရန် ဖြစ်သည်။
သူတို့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည့်အချိန်တွင် အသံတစ်သံကို ကြားလိုက်ရသည်။
“ငါက မင်းတို့ကို ထွက်ပြေးဖို့ အခွင့်အရေး ပေးရမှာလား…”
ထိုအချိန်တွင် သူတို့စုံတွဲ၏ ရင်ထဲ၌ အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။ မုန့်ချီ၏အသံက သူတို့၏နောက်ဆုံး ကျန်ရှိနေသော စိတ်ဝိညာဉ်ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်ရန် လုံလောက်သည်။ သူတို့က နောက်ထပ်ခြေလှမ်းတစ်လှမ်းပင် ထပ်လှမ်းရဲခြင်းမရှိဘဲ မလှုပ်မယှက် ရပ်နေမိကြ၏။
မုန့်ချီကတော့ သူ့ရှေ့တွင် ငြိမ်သက်နေသော စုံတွဲကိုကြည့်ပြီး စိတ်ထဲတွင် စဉ်းစားနေမိသည်။ အကယ်၍ သူတို့သာ အမှန်တကယ် ထွက်ပြေးချင်သည်ဆိုလျှင် သူက တားဆီး၍ မရနိုင်ပေ။ သူက ဤတာဝန်တွင် သံသရာသခင်၏ ကန့်သတ်ချက်များကို ခံထားရ၏။
သို့သော် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ပြီး သူတို့၏သတ္တိကို ချိုးနှိမ်လိုက်သည်မှာ သတ်ဖြတ်လိုက်ခြင်းထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။
မုန့်ချီက လူသစ်များကို လှည့်ကြည့်ပြီး ပြောလိုက်၏။
“သူတို့ဆီမှာ ဖြေဆေးသွားရှာလိုက်…”
မင်းရန်လုံနှင့် တခြားလူများက အချင်းချင်း မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြ၏။ ဆေးဝါးများ၏ အကျိုးသက်ရောက်မှုကြောင့် သူတို့က လက်တစ်ချောင်းပင် မြှောက်ရန် ခက်ခဲနေသည်။ ခြေလက်များကို လှုပ်ရှားပြီး ဖြေဆေးသွားရှာရန်ကတော့ ပို၍ပင် ခက်ခဲလွန်းလှ၏။
“ဆရာက ဘာလို့ ဒီလိုလမ်းညွှန်ချက်မျိုး ပေးရတာလဲ…”
ရုတ်တရက်ဆိုသလို သူတို့ထဲမှ လူတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်၏။
“မင်းတို့က သတိထားမိတာလား…”
ထိုအရာကတော့ အလွန်ထူးခြားသောအကျင့်စရိုက်ရှိနေသည့် ယွမ်ရန် ဖြစ်သည်။ သူမက ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခဲ့၏။
“မင်းရဲ့ချီစွမ်းအင်စီးဆင်းမှု၊ ကြွက်သားတုံ့ပြန်မှု၊ နှလုံးခုန်သံနဲ့ သွေးစီးဆင်းမှုတွေက တိမ်ကင်းစင်နေတဲ့ ညအမှောင်ထုထဲမှာ ရှိနေတဲ့ ကြယ်တွေလိုပဲ ငါ့အတွက် ရှင်းရှင်းလင်းလင်း မြင်နေရတယ်…”
မုန့်ချီက တစ်ယောက်တည်း တွေးနေခဲ့သည်။
သူကတော့ နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးနေပြီး ဆိုင်ရှင်နှင့် ပန်းရောင်ဝတ် မိန်းမပျိုတို့ဆီသွားရန် ယွမ်ရန်ကို အချက်ပြလိုက်သည်။
ယွမ်ရန်က စားပွဲမှ ထလာခဲ့၏။ သူမ၏လက်ဖမိုးပေါ်တွင်တော့ ပိုးကောင်လေးတစ်ကောင် ရှိနေသည်။ ထိုပိုးကောင်လေးက အပြာရင့်ရောင် ဖြစ်သော်လည်း သက်တန့်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်နေခဲ့၏။
သူမက သူမ၏အဖော်များကို အိုးတိုးအမ်းတမ်း အမူအရာနှင့် စိုက်ကြည့်နေခဲ့သည်။
“ပထမတော့ ငါတို့ရဲ့ စားစရာထဲမှာရှိတဲ့ အဆိပ်တွေကို ငါကိုယ်တိုင်လည်း သတိမထားမိခဲ့ဘူး…။ ဒီကြယ်ပြာလေးက အဆိပ်တွေကို အလိုလို စုပ်ယူလိုက်တဲ့ အချိန်ထိအောင် ငါမသိခဲ့သေးဘူး…။ ဒါပေမယ့် ငါတို့က တော်တော်များများ စားပြီးသွားတဲ့ အချိန်မှာတော့ ငါက လူတိုင်းကို သတိပေးဖို့ အရမ်းနောက်ကျသွားပြီ။ ဒါကြောင့် ငါလည်း မလှုပ်ရှားနိုင်ချင်ယောင်ဆောင်ပြီး တရားခံတွေ ပေါ်လာတဲ့အချိန်ထိအောင် စောင့်နေခဲ့တာ…”
“တုံ့ပြန်မှုကောင်းတယ်…”
မုန့်ချီက ရှားရှားပါးပါး ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ အကယ်၍ သူ မရှိလျှင် ယွမ်ရန်က သူတို့အဖွဲ့ အသက်ရှင်ရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်သည်။
သူမ၏အဖော်များကတော့ သူမ၏စွမ်းဆောင်ရည်နှင့် မသိစိတ်ကို ကျေးဇူးတင်စကား ပြောနေကြ၏။ သူတို့က သူမ၏ဟန်ဆောင်မှုကို အပြစ်မတင်ရက်ကြပေ။ သူတို့က ကျေးဇူးတင်နေကြသည့် အချိန်တွင် ယွမ်ရန်က ထိုစုံတွဲဆီမှ ဖြေဆေးကို သွားရောက် ရှာဖွေလိုက်သည်။
သူမ၏လက်ဖဝါးပေါ်တွင် အနီရောင်အပြားလေးနှစ်ခု လောင်ကျွမ်းနေပြီး သူမက ဖြးညင်းစွာ ရှူရှိုက်ကြည့်လိုက်သည်။ သူမက မျိုးနွယ်စုထဲတွင်ပင် ချီးကျူးအားပေးမှုများ ရရှိသည်မှာ နည်းပါးသည်။ သူမကတော့ အပြစ်တင်ကြိမ်းမောင်းမှုများနှင့်သာ အသားကျနေခဲ့၏။
သူမက ပန်းရောင်ဝတ်မိန်းမပျိုနှင့် ဆိုင်ရှင်၏အနားသို့ ချဉ်းကပ်သွားခဲ့သည်။ သူမက သူတို့ရှေ့၌ လက်ဖြန့်လိုက်သည့်အချိန်တွင် အကြောက်တရားများကြောင့် သူတို့က ဖြေဆေးကို ထုတ်ပေးလိုက်ကြ၏။
ယွမ်ရန်ကတော့ အလွန်ဗဟုသုတပြည့်စုံပြီး အလွန်သတိထားနေသည့်အတွက် ထိုဖြေဆေးက စစ်မှန်ခြင်းရှိ မရှိ ကြယ်ပြာလေးကို အရင်ဆုံး စစ်ဆေးခိုင်းလိုက်သည်။ ထို့နောက်တွင်မှ သူမ၏အဖော်များဆီသို့ ဝမ်းသာအားရ ပြန်လျှောက်လာခဲ့၏။
သူမ၏အဖော်များကလည်း ဖြေဆေးကို သောက်နေကြချိန်တွင် ဆိုင်ရှင်နှင့် ပန်းရောင်ဝတ် မိန်းမပျိုတို့ကတော့ မျက်နှာပျက်နေကြသည်။ ထိုအချိန်တွင် သူတို့က စူးစူးရှရှ အော်ဟစ်လိုက်ကြပြီး သူတို့၏ပါးစပ်ထဲမှနေ၍ အပြာရောင်သွေးများ ကြမ်းပြင်ပေါ်သို့ စီးကျလာသည်။ ခဏကြာပြီးနောက် ထိုစုံတွဲက မြေပေါ်သို့ လဲကျသွားခဲ့ပြီး နောက်ဆုံးထွက်သက် ပျောက်ကွယ်သွားခဲ့သည်။
မုန့်ချီနှင့် သူမ၏အဖော်များကြည့်နေသည်ကို ခံစားလိုက်မိသည့်အခါ ယွမ်ရန်က ပြောလိုက်သည်။
“ငါက အစောပိုင်းကတည်းက သူတို့ကို ကိုက်ဖို့ ကြယ်ပြာလေးကို ခိုင်းလိုက်တာ…။ နောက်ထပ်ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့နဲ့ တခြားသူတွေက ငါတို့အကြောင်း သိသွားမှာကို ရှောင်ရှားဖို့အတွက် သူတို့ကို အသက်ရှင်လျက် လွှတ်ပေးလို့မရဘူး…”
“ဟုတ်တယ်…။ တကယ်လို့ သူတို့သာ လွတ်သွားမယ်ဆိုရင် ငါတို့နဲ့ ငါတို့ရဲ့အစီအစဉ်တွေအကြောင်း မကောင်းဆိုးဝါးဓားဆီကို ရောက်သွားနိုင်တယ်…။ ဒါဆိုရင် လုပ်ကြံမှုအောင်မြင်ဖို့ကလည်း မလွယ်တော့ဘူး…”
ဝူရှို့ရှန်ကလည်း သဘောတူလိုက်သည်။ သူကတော့ သူမ၏လုပ်ရပ်ကို ပထမဆုံး ထောက်ခံလိုက်သည်။
ဝမ်လင်းယုက မြေပေါ်တွင် ရှိနေသော အလောင်းများကြားထဲတွင် ရပ်နေခဲ့သည်။ သူမကတော့ အနည်းငယ် တုန်ယင်နေခဲ့သော်လည်း ယွမ်ရန်၏ဆုံးဖြတ်ချက်နှင့် စီစဉ်မှုများကို လက်ခံလိုက်သည်။ သူမကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
မင်းရန်လုံက သူ့ဓားကိုဆွဲထုတ်လိုက်ပြီး ထိုအလောင်းများကို တစ်ချက်ဆီ ထိုးစိုက်လိုက်သည်။
“အရမ်းကောင်းတယ်…။ ငါတို့က ဒီနေရာကနေ ထွက်သွားသင့်ပြီ…။ ပြီးတော့ ပုန်းအောင်းဖို့ နေရာတစ်ခုရှာပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ကြရမယ်…။ ပြီးတော့ နောက်ထပ်အစီအစဉ်တစ်ခု ဆွဲရမယ်…”
မုန့်ချီက သူ့ဓားကိုကိုင်ပြီး မတ်တပ်ရပ်၍ အမိန့်ပေးလိုက်သည်။
ထို့နောက် လူငယ်(၄)ယောက်က သံသရာကမ္ဘာကြီးထဲတွင် စတင်လှုပ်ရှားလာကြသည်။
လက်ရှိအချိန်တွင် သူ့အတွက်တော့ အဆိပ်များ၊ ပိုးကောင်များ၏ အကျိုးသက်ရောက်မှုမှ မရှိတော့ပေ။ သူ၏ခန္ဓာကိုယ်ခုခံမှုစနစ်ကို ထိခိုက်စေနိုင်သောအရာက အလွန်အမင်းကို ရှားပါးလှ၏။
…………………
အလွန်လူသူစည်ကားလှသော ဈေး၏အနောက်ဘက်၌ ရှိနေသော တိတ်ဆိတ်ငြိမ်သက်နေသည့် ခြံဝန်းတစ်ခုထဲတွင် သစ်ပင်များ ထူထပ်ပြီး စိမ်းလန်းစိုပြည်နေသည်။ မုန့်ချီကတော့ သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် တင်ပျဉ်ခွေထိုင်နေပြီး မျက်ခုံးကြားပင်မတံခါးကို ဖွင့်ရန် လေ့ကျင့်နေခဲ့၏။ သူ၏ဓားကတော့ ဒူးပေါ်တွင် ရှိနေသည်။
ရုတ်တရက်ဆိုသလို အလွန်ကျယ်လောင်သော ခြေသံများက ခြံဝန်းနှင့် နီးကပ်လာခဲ့၏။ ထိုခြေသံများက ခြံဝန်းအပြင်ဘက်တွင် ရုတ်တရက် ရပ်သွားခဲ့ပြီး တံခါးမှနေ၍ မိန်းကလေးတစ်ယောက် ဝင်လာခဲ့၏။
ထိုအရာကတော့ ဝမ်လင်းယုဖြစ်၏။ သူမ၏ပုံစံက ဆိုးဆိုးဝါးဝါးဖြစ်နေသည်။ အဝတ်အစားများကလည်း စိုစွတ်နေပြီး သကြားရည်များ စိုရွှဲနေသည်။
“ဘာတွေဖြစ်နေတာလဲ…”
သူမဝင်လာသည်ကို သတိထားမိသည့်အတွက် မုန့်ချီက ဖြည်းညင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်၏။ သူကတော့ အပြုံးနှင့် မေးလိုက်၏။ သူက ဝမ်လင်းယု၏ လက်ရှိအခြေအနေကို ကြိုတင်တွေးထားမိသည်မှာ မကြာသေးပေ။
သူမ၏ မျက်နှာပေါ်တွင် ဒေါသများ၊ အရှက်တရားများ ပေါ်နေခဲ့၏။
“ဆရာ…
ကျွန်မက မိန်းကလေးတစ်ယောက်ရဲ့အနားမှာ အချိုရည်တွေ သွားရောင်းတာ…။ ဒါပေမယ့် သူကတော့ ကျွန်မကို ရန်သူကြီးတစ်ယောက်လို အမုန်းထားနေတာ…။ သူက ဘာလို့ကျွန်မကို ဒီလောက်တောင် မုန်းနေရတာလဲ…”
သူမက ပြောပြလိုက်သည်။
ထိုအရာက တည်းခိုခန်းထဲမှ အဖြစ်အပျက်ပြီးသွားသည်မှာ (၄)ရက်မြောက်နေ့ ဖြစ်သည်။ ပထမဆုံး ရက်အနည်းငယ်အတောအတွင်း သူတို့က နည်းလမ်းပေါင်းစုံသုံး၍ သံနှလုံးသားခန်းမ၏ အဆင့်နိမ့် အဖွဲ့သားများထံမှ သတင်းများ၊ အချက်အလက်များကို စုံစမ်းနေခဲ့ကြသည်။
ထို့ကြောင့် မကောင်းဆိုးဝါးဓား ဖုကွေက မြို့တစ်မြို့လုံးတွင် အကြီးဆုံး ပြည့်တန်ဆာအိမ်ရှိ နာမည်အကြီးဆုံး မိန်းမပျိုတစ်ယောက်ဆီကို မကြာခဏ ရောက်လာတတ်ကြောင်း သိသွားခဲ့သည်။ သူက (၂)ရက် (၃)ရက်ကြာတိုင်း တစ်ကြိမ်ရောက်လာတတ်၏။
ဖုကွေက ထိုပြည့်တန်ဆာအိမ်ထဲတွင်လည်း သေချာပေါက် အစောင့်အရှောက်များ ချထားမည်ဟု ယုံကြည်နေခဲ့သည်။ ထို့ကြောင့် ပြည့်တန်ဆာအိမ်ထဲတွင် အလျင်အမြန် လုပ်ကြံခြင်းက သူတို့၏ပစ်မှတ်ကို အလွယ်တကူ သတိထားမိသွားစေနိုင်သည်။ ဖုကွေက ပြည့်တန်ဆာအိမ်သို့ သွားနေစဉ် အတောအတွင်း လုပ်ဆောင်ပါက ပို၍ အဆင်ပြေနိုင်သည်။
သူတို့အဖွဲ့က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားနိုင်သလို အလျင်အမြန် နောက်ပြန်ဆုတ်ပြီး သံသရာမြေကွက်လပ်သို့ ပြန်သွားမည့်အချိန်ကို စောင့်နေ၍လည်း ရနိုင်သည်။
အစီအစဉ်များကို သတ်မှတ်လိုက်ပြီးနောက် သူတို့အဖွဲ့များက ရုပ်ဖျက်မည့် နေရာများကို စတင်ပြင်ဆင်နေကြသည်။ ဝမ်လင်းယုက လမ်းဘေးတွင် အချိုရည်ရောင်းချသော ဈေးသည်တစ်ယောက်အဖြစ် ဟန်ဆောင်ရသည်။
သို့သော် ထိုနေ့ရက်များ အတောအတွင်း သူမက အဆင်ပြေပုံ မရချေ။ လမ်းပေါ်တွင် အချိုရည်ရောင်းချသော တခြားမိန်းမပျိုတစ်ယောက်က သူမကို ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်နေခဲ့၏
“လူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို နှောင့်ယှက်တာက အကြီးအကဲတစ်ယောက်ကို သတ်လိုက်သလိုပဲလေ…”
မုန့်ချီက ရိုးရှင်းစွာ ပြန်ဖြေခဲ့သည်။
ဝမ်လင်းယုက အတွေ့အကြုံမရှိသည့်အတွက် မုန့်ချီပြောသည့်စကားကို နားမလည်နိုင်ပေ။ လက်ရှိအချိန်တွင် လူသူစည်းကားပြီး ရှုပ်ထွေးနေသော လမ်းမများက လုပ်ကြံရန် အသင့်တော်ဆုံးနှင့် အကောင်းဆုံးနေရာများ ဖြစ်သည်။
ဆိုင်ခန်းများ၊ လမ်းဘေးဈေးသည်များနှင့် ကုန်သည်များက လူတိုင်းလုပ်နိုင်ပြီး သူတို့၏ကုန်ပစ္စည်းများကို ပြသ၍ လမ်းသွာလမ်းလာများနှင့် စည်ကားနေတတ်သည်။ နယ်မြေခံကုန်သည်များကြားထဲတွင် ဝင်ဆံ့ရန်အတွက် သူမက အထင်သေးမှုများ၊ ရှုံ့ချမှုများကို သေချာပေါက် ခံရပါလိမ့်မည်။
“ဒါဆိုရင် ကျွန်မက ဘာလုပ်ရမလဲ ဆရာ…”
သူမက မုန့်ချီကို အကြံဉာဏ်တောင်းလိုက်၏။
“တကယ်လို့ ဖုကွေသာဆိုရင် နေ့စဉ်နေ့တိုင်း သူ သွားနေတဲ့ လမ်းပေါ်မှာ ဈေးသည်အသစ်တစ်ယောက် ရောက်လာတာကို သတိမထားမိဘဲ နေမှာလား…”
မုန့်ချီက တိတ်တဆိတ် ပြန်မေးလိုက်သည်။
“အဲဒီလို လုပ်ခဲ့တဲ့ မိန်းကလေးကို ပျောက်ကွယ်သွားအောင် လုပ်ရလိမ့်မယ်…။ ပြီးတော့ သူ့နေရာမှာ အယောင်ဆောင်ပြီး ဖုံးကွယ်ထားရလိမ့်မယ်…။ မင်းက ခေါင်းငုံ့ထားပြီး ဘယ်သူနဲ့မှ စကားမပြောနဲ့…။ ဒါဆိုရင် အချိန်တိုလေးအတွင်း သူမရှိတော့တာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး…”
ဝမ်လင်းယုက ခေါင်းညိတ်ပြလိုက်သည်။
“နားလည်ပါပြီ ဆရာ…။ ကျွန်မက ချက်ချင်းပဲ ကျွန်မရဲ့နေရာကို ပြန်သွားပြီး လုပ်ဆောင်လိုက်ပါ့မယ်…”
သူတို့၏စကားက အဆုံးသတ်သွားချိန်တွင် ခြံဝန်းထဲသို့ စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ထားသော လူတစ်ယောက် ဝင်လာခဲ့သည်။ ထိုလူကတော့ ဝူရှို့ရှန် ဖြစ်သည်။
“အစ်ကိုဝူ.. တခြားသူတောင်းစားတွေက တိုက်ခိုက်လိုက်ပြန်ပြီလား…”
ဝမ်လင်းယုက ပါးစပ်ကို လက်နှင့်အုပ်ပြီး မေးလိုက်သည်။
ထိုရက်အနည်းငယ်အတောအတွင်း သူတို့အဖော်(၄)ယောက်က လျင်မြန်စွာ ရင်းနှီးလာကြ၏။ ဝူရှို့ရှန်ကလည်း ပထမဆုံး ပြန်ရောက်လာသည့်အချိန်တွင် ဝမ်လင်းယုနှင့် ကွဲပြားမှုမရှိချေ။ သူကလည်း အတော်လေးကို မကျေမနပ် ဖြစ်နေသည့် အမူအရာနှင့် ပြောလိုက်၏။
“အဲဒီလူတွေက ငါ့ကို မောင်းထုတ်လိုက်တယ်…။ ငါတို့ ဒီလိုအမုန်းတရားတွေ ရန်လိုမှုတွေနဲ့ ရိုက်နှက်ခံလိုက်ရတဲ့ အကြောင်းတရားကိုတောင် မသိလိုက်ရဘူး…”
ဝမ်လင်းယုက မုန့်ချီကို ကြည့်လိုက်သည်။ သူမက သူပြောခဲ့သည့်ပုံစံအတိုင်း ပြောလိုက်၏။
“လူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုယူတာက အကြီးအကဲတစ်ယောက်ကို သတ်လိုက်သလိုပဲလေ…”
ထိုရက်များက သူတို့(၄)ယောက်အတွက်တော့ အလွန်အံ့ဩစရာကောင်းသော ရက်များ ဖြစ်နေခဲ့သည်။ သူတို့လုပ်ဆောင်ရသည့် အစီအစဉ်များက အပြစ်မရှိသော နယ်မြေခံဈေးသည်များအဖြစ် ဟန်ဆောင်ရခြင်းဖြစ်ပြီး တခြားသူများ၏ တိုက်ခိုက်မှုမရှိလျှင် အောင်မြင်မည် မဟုတ်ချေ။
လုပ်ကြံသတ်ဖြတ်သူအများစုက ဈေးသည်များ၊ လမ်းပေါ်တွင် ရှိနေသော သူတောင်းစားများ၊ ကံကြမ္မာဟောပြောသူများကဲ့သို့ ဟန်ဆောင်ပြီး လျင်လျင်မြန်မြန် လုပ်ဆောင်၍ ပြန်လည်ထွက်ခွာသွားတတ်ကြသည်။ လူအများစုကတော့ သူတို့၏ စိတ်ကူးယဉ်သူရဲကောင်းများအကြောင်းကို ပို၍ပင် အမှားမခံနိုင်ကြပေ။
ထို့ကြောင့် သဏ္ဍာန်တူရန်နှင့် အစစ်အမှန် လုပ်ကြံခြင်းက သူတို့က စိန်ခေါ်မှုများ ဖြစ်နေခဲ့သည်။ (၂)ရက်အတွင်း အဖော်(၄)ယောက်က မုန့်ချီ၏လမ်းညွှန်မှုနှင့် သူတို့၏အလုပ်ကို ဖြည်းညင်းစွာ သင်ယူလာခဲ့ကြသည်။ နာကျင်မှုများ၊ အမှားများမှတဆင့် သူတို့က သံသရာတာဝန်များကြားထဲတွင် အသက်ရှင်နေထိုင်နည်းများကို နားလည်လာခဲ့ကြ၏။
(၆)ရက်မြောက်နေ့ကို ရောက်လာခဲ့သည်။ ဈေးထဲတွင်တော့ နေလုံးကြီးက အနောက်ဘက် မိုးကုပ်စက်ဝိုင်းထဲသို့ ကျဆင်းသွားခဲ့၏။ လမ်းပေါ်တွင် လူများပြည့်နှက်နေပြီး အတော်လေး စည်ကားနေပုံရသည်။
ကလေးတစ်ယောက်က သူ့အမေဆီတွင် ငိုယိုပြီး သောက်စရာတစ်ခု ဝယ်ပေးရန် တောင်းဆိုနေသည်။ ကလေး၏ တောင်းဆိုမှုကြောင့် အမေဖြစ်သူက လမ်းဘေးတွင် ရှိနေသော ဆိုင်တစ်ဆိုင်ဆီသို့ ခေါ်လာခဲ့သည်။
ထိုနေရာတွင်တော့ သောက်စရာများ ရောင်းချသော ဈေးဆိုင်တစ်ဆိုင် ရှိနေ၏။ မိန်းမပျိုကတော့ ဝယ်သူကို နွေးထွေးပျူငှာသောအပြုံးနှင့် နှုတ်ဆက်ပြီး သူမ၏အလုပ်ကို ကျေပွန်စွာ လုပ်ဆောင်နေသည်။ သူမကတော့ ခေါင်းမော့ခြင်းပင် မရှိဘဲ ဈေးဝယ်များကို အလွယ်တကူ ရောင်းချနိုင်ခဲ့၏။
သူမ၏ရှေ့တွင်တော့ အိုးကြီးတစ်လုံးထဲတွင် ဆူပွက်နေသော အိုးကြီးတစ်လုံး ရှိနေသည်။ ရွှေရောင်အရည်များလည်း ရှိနေပြီး မွှေးရနံ့များက ပတ်ပတ်လည်သို့ ပျံ့နှံ့နေသည့်အတွက် လမ်းသွားလမ်းလာများကို ပို၍ ဆွဲဆောင်နိုင်၏။
အမေဖြစ်သူက သူ့သားကို အချိုရည်ခွက်ပေးလိုက်သည်။ ထို့နောက် ကလေး၏လက်ကိုကိုင်ပြီး ကျေနပ်စွာ ထွက်ခွာသွားခဲ့သည်။
“စွန့်ကြဲကြပါ…။ ကျွန်တော် ရက်ပေါင်းများစွာ ဘာမှမစားရသေးလို့ တစ်ခုခု စွန့်ကြဲကြပါ..”
စုတ်ပြတ်နေသော သူတောင်းစားတစ်ယောက်က ရေဆာနေသည့်အမူအရာနှင့် ရောက်လာခဲ့သည်။
ထိုအခါ ကလေးငယ်၏အမေဆီတွင် သနားကြင်နာသောစိတ်များ ပေါ်လာခဲ့သည်။ သူမက ကြေးပြားလေးတစ်ပြားကို သူတောင်းစား၏ ခွက်ထဲသို့ အလျင်အမြန် ပစ်ချလိုက်၏။ သူတောင်းစားကတော့ ထိုကလေးအမေကို ဆုတောင်းပေးနေခဲ့သည်။ သို့သော် သူမကတော့ ကလေးနှင့်အတူ အဝေးသို့ အလျင်အမြန်ထွက်သွားခဲ့ကြ၏။
မျက်နှာချင်းဆိုင်တွင်တော့ မိန်းကလေးအသုံးအဆောင်များ ရောင်းချသော ဆိုင်တစ်ဆိုင် ရှိသည်။ ထိုနေရာတွင်တော့ အလွန်လှပသော မိန်းမပျိုလေးတစ်ယောက် ရပ်နေပြီး ဈေးသည်များက ကုန်ပစ္စည်းများကို စိတ်ဝင်တစား ကြည့်နေခဲ့ကြသည်။
မလှမ်းမကမ်းတွင်တော့ တည်းခိုခန်းတစ်ခုရှိပြီး အနက်ရောင်ဝတ်စုံဝတ်ထားသော အစောင့်တစ်ယောက် ရှိသည်။ သူကတော့ ဖြတ်သွားနေသော လူအုပ်ကြီးကို လေ့လာနေပြီး ရံဖန်ရံခါ အသားကို ကိုက်စားနေ၏။ စားပွဲပေါ်တွင်တော့ ဓားတစ်လက် ရှိနေသည်။
လမ်းပေါ်တွင် ရှိနေသော အရာအားလုံးက မုန့်ချီ၏မျက်လုံးအောက်မှ လွတ်မြောက်ခဲ့ခြင်း မရှိချေ။ သူကတော့ အပြုံးနှင့် ရေနွေးသောက်နေခဲ့ရင်း သူ့တပည့်များကို စောင့်ကြည့်နေခဲ့၏။ သူက အခြေအနေအမြင့်ဆုံး ရောက်လာမည့် အချိန်ကို စိတ်ဝင်တစား စောင့်နေခဲ့သည်။
အမှောင်ထုကြီးက တဖြည်းဖြည်း ဖုံးလွှမ်းလာသည့်အချိန်တွင် လမ်းအဆုံးမှနေ၍ မြင်းခွာသံများကို ကြားလိုက်ရ၏။ အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီး သူတို့က လမ်းကြားလေးကို ကပ်လာကြသည်။ မြင်းပေါ်တွင် မကောင်းဆိုးဝါးဓား ဖုကွေ လိုက်လာပြီး သူ့နောက်တွင် အစောင့်(၉)ယောက် ပါနေသည်။
သူတို့ထဲတွင် အစွမ်းထက်ဆုံးကတော့ မျက်လုံးတံခါး ပွင့်နေသည့် လူတစ်ယောက်ဖြစ်ပြီး အများစုက ဝူရှို့ရှန်၏ အစွမ်းထက် နိမ့်ကျခြင်း မရှိချေ။ မြင်းစီးသမား(၁၀)ယောက်က လူသူစည်ကားနေသော လမ်းမကြီးထဲသို့ ရောက်လာခဲ့သည့်အတွက် အရှိန်ကို လျော့လိုက်ကြပြီး လမ်းသွားလမ်းလာများက သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
ဖုကွေက စိတ်ဝင်တစား ကြည့်နေသူများကို ဖြတ်ကျော်သွားခဲ့ပြီး လူတိုင်း၏ လေးစားမှုကို ခံရသည့်အတွက် ကျေနပ်နေပုံရသည်။ ရုတ်တရက်ဆိုသလို အညိုရောင်မြင်းကြီးတစ်ကောင်က ထိန်းမရဖြစ်ပြီး ပတပ်ရပ်ရန် ကြိုးစားလိုက်၏။
လူအုပ်ကြီးက စိုးရိမ်ထိတ်လန့်သွားကြပြီး သူတို့၏လုံခြုံမှုအတွက် စိုးရိမ်ပူပန်သွားကြသည်။ ထိုအချိန်တွင် မြင်းပိုင်ရှင်ကလည်း မြင်းအကန်ခံရမှာကို ကြောက်လန့်နေခဲ့၏။ ထိုမြင်း၏ ခြေထောက်တစ်ဖက်တွင် အပြာရောင် ပိုးကောင်လေးတစ်ကောင် ကပ်နေကြောင်း မည်သူကမျှ သတိထားမိခြင်း မရှိချေ။ ထိုပိုးကောင်လေး၏ နောက်ကျောဘက်တွင် သက်တန့်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်နေခဲ့၏။
ရုတ်တရက်ဆိုသလို မျက်နှာအောက်ချထားသော ဈေးသည်မလေးက သူမ၏အဖော်များကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမက ရှေ့ကို တက်လာပြီး ဆူပွက်နေသော အချိုရည်များနှင့် ဖုကွေတို့ကို လှမ်းပက်လိုက်သည်။
ဆူညံနေသော လမ်းပေါ်တွင် အော်ဟစ်သံများ ၊ ဒေါသတကြီး အော်သံများ ထွက်ပေါ်လာခဲ့၏။ ဘေးကင်းလုံခြုံရန် ထွက်ပြေးနေကြသော လမ်းသွားလမ်းလာများ၊ အစောင့်များကလည်း ဆူပွက်နေသော အချိုရည် တိုက်ခိုက်မှုကို တားဆီးရန် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ တချို့ကတော့ မြင်းပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်ကြ၏။
လူအားလုံးကတော့ ထိတ်လန့်ကြောက်ရွံ့နေကြသည်။ ထိုအချိန်တွင် သူတို့အားလုံးက သူတောင်းစား တစ်ယောက်ကို သတိမထားမိခဲ့ကြပေ။ သူက အလွန်ပေါ့ပါးသော အမူအရာနှင့် ဖုကွေဆီသို့ ကပ်လာပြီး သူ့လည်ပင်းနှင့် နဖူးကို တုတ်နှင့် ရိုက်လိုက်သည်။
ဖုကွေက မြင်းပေါ်မှ ပြုတ်ကျမသွားစေရန် သူ့မြင်းကို ထိန်းသိမ်းနေခဲ့သည်။ ထိုအချိန်တွင် အချိုရည်ပူများနှင့် သံတုတ် တိုက်ခိုက်မှု ရောက်လာသည့်အတွက် အန္တရာယ်များကို အနည်းငယ်လေးသာ သတိထားမိလိုက်သည်။
သူက နားတံခါးပွင့်နေခြင်းကြောင့် ပိုးကောင်၏ အတောင်ပံခတ်သံကို သတိထားမိခဲ့၏။ သို့သော် ပိုးကောင်လေးက သူ့အဝေးမှ ပျံသန်းသွားသည့်အချိန်တွင် သူလည်း သံသယဝင်နေခြင်း မရှိတော့ချေ။ ပိုးကောင်လေးက သူ့မြင်းဆီကို ပြန်ရောက်လာကြောင်း လုံးဝမတွေ့ခဲ့ရပေ။
သူက သတိထားနေသည့်အတွက် သူ့ဓားကို ဆွဲထုတ်ပြီး သူ့ကိုယ်သူကာကွယ်ရန် ကြိုးစားလိုက်သည်။ လျင်မြန်စွာ(၂)ချက် တိုက်ခိုက်လိုက်ပြီး သံတုတ် တိုက်ခိုက်မှု(၂)ခုကို ကာကွယ်လိုက်၏။
ထိုအချိန်တွင် သူ၏အာရုံများက နောက်ထပ် အန္တရာယ်တစ်ခုကို သတိပေးနေသည်။ လေထဲမှနေ၍ အလင်းတန်းတစ်ခု တောက်ပလာပြီး သူ့ကို တိုက်ခိုက်လိုက်သည်။ ဓားသွားရောက်လာသည့် တခဏအတွင်း ဖုကွေက ကျန်ရှိနေသော ခြေထောက်တစ်ဖက်ကိုသုံးပြီး မြင်းနောက်ကျောပေါ်တွင် ရပ်လိုက်သည်။ ထိုသို့ဆိုလျှင် သူက တိုက်ခိုက်မှုပေါင်းစုံကို အလွယ်တကူ ရှောင်တိမ်းနိုင်၏။
သူ့ဓားကို လှုပ်ရှားလိုက်သည့်အချိန်တွင် သူက တိုက်ခိုက်မှုကို ခဏကြာ ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် မင်းရန်လုံနှင့် ဝူရှို့ရှန်တို့က ရပ်နေခဲ့ကြခြင်း မရှိချေ။ သူတိုက လုပ်ကြံမှု အောင်မြင်ခြင်းမရှိ မရှိကို ဂရုမစိုက်ဘဲ ထွက်ပြေးသွားကြသည်။
ထိုလုပ်ကြံသူများ၏ ထူးဆန်းသော အပြုအမူကြောင့် ဖုကွေက အနည်းငယ် စိတ်အေးသွားသည့် အချိန်တွင် ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့သည်။ သူ၏မျက်နှာကလည်း လျင်မြန်စွာ မည်းနက်လာပြီး နှုတ်ခမ်းထောင့်မှနေ၍ အပြာရောင်သွေးများ စီးကျလာခဲ့၏။
အဆိပ်ပိုးကောင်က အစစ်အမှန်တိုက်ခိုက်မှု ဖြစ်သည်။ ဝူရှို့ရှန်နှင့် မင်းရန်လုံတို့၏ တိုက်ခိုက်မှုက ဖုကွေကို အာရုံပြန့်သွားစေရန်သာ လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး အစစ်အမှန် သေစေနိုင်သော တိုက်ခိုက်မှုကတော့ ပိုးကောင်၏ တိုက်ခိုက်မှုသာ ဖြစ်သည်။
ထိုအချိန်တွင် အချိုရည်များကို ပက်လိုက်သော ဝမ်လင်းယုနှင့် မိန်းကလေး အသုံးအဆောင် ရောင်းချသော ယွမ်ရန်တို့က လူအုပ်ကြီးထဲသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားကြသည်။
အစောင့်များက လူခွဲပြီး ထွက်ပြေးသွားသော ဝူရှို့ရှန်နှင့် သူ့အဖော်များကို လိုက်ရန် ကြိုးစားကြ၏။ သို့သော် ရှုပ်ထွေးလွန်းလှသော လူအုပ်ကြီးထဲတွင် သူတို့၏ ကြိုးစားမှုက အရာမထင်ခဲ့ပေ။
မုန့်ချီက ကျေနပ်စွာ ခေါင်းညိတ်မိလိုက်၏။ သူက ထို(၄)ယောက်၏ တုံ့ပြန်မှုကို အလွန်ကျေနပ်နေခဲ့သည်။ သူတို့၏စွမ်းရည်များနှင့် တိုးတက်မှုများကြောင့် သူတို့က လုပ်ကြံမှုကို အောင်မြင်သွားခဲ့၏။ သူတို့၏ တိုးတက်မှုများက အတော်လေးကို ထိုက်တန်လှသည်။
သူက တပည့်များ ပြန်ရောက်လာပြီး အောင်မြင်မှုကို သတင်းပို့မည့်အချိန်ထိ စောင့်နေခဲ့သည်။ သို့သော် သူတို့တစ်ယောက်မှ သူ့အခန်းဆီသို့ ပြန်မလာခဲ့ကြပေ။ သူက အသေးအဖွဲကိစ္စများကို စဉ်းစားနေခဲ့၏။
ထိုအချိန်တွင် တည်းခိုဆောင်၏ သစ်သားလှေကားများမှနေ၍ လျင်မြန်သော ခြေသံများကို ကြားလာရသည်။ ဝမ်လင်းယုက လိုက်လာသူများကို အနည်းငယ် လမ်းလွှဲနိုင်ခဲ့သည်။ ခြေသံများက ခဏရပ်လိုက်ပြီးနောက် ဝမ်လင်းယုက အခန်းထဲသို့ တိတ်တဆိတ် ဝင်လာခဲ့သည်။
သူတို့၏တာဝန်က အဆုံးသတ်သွားပြီဖြစ်ကြောင်း သူမက ယုံကြည်နေခဲ့သည်။ သူမက သူမ၏အောင်မြင်မှုအတွက်လည်း ဝမ်းသာနေခဲ့သည်။ သူမက သူမ၏လမ်းပြကို စကားပြောတော့မည့် အချိန်တွင် ဓားကိုင်ထားသော လူတစ်ယောက်က သူမ၏နောက်မှနေ၍ ခြံဝန်းထဲသို့ ဝင်လာခဲ့သည်။ သူ့ဆီတွင်တော့ ကြောက်စရာကောင်းသော အစွမ်းများရှိနေ၏။
“သူ…သူက ငါ့နောက်ကို လိုက်လာတာပဲ…”
ဝမ်လင်းယုက အလွန်ထိတ်လန့်သွားခဲ့သည်။
ထိုလူက ရေနွေးသောက်နေသော မုန့်ချီကိုကြည့်ပြီး ပြောလိုက်၏။
“ဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ ဉာဏ်ကြီးရှင် ရှိနေမယ်လို့ ငါက ယူဆမိခဲ့တယ်…။ ကြည့်ရတာတော့ ငါ့ရဲ့သံသယတွေက မှန်နေတာပဲ…”
သူက မုန့်ချီဆီသို့ ဖြည်းညင်းစွာ ချည်းကပ်လာပြီး ယုံကြည်ချက်ရှိရှိ တိုက်ခိုက်လိုက်သည်။
မု့န်ချီကတော့ ပြန်လှည့်မကြည့်ဘဲ ဓားအိမ်နှင့် ဓားကိုမြှောက်၍ တည့်တည့်လှမ်းထိုးလိုက်သည်။ ထိုလူက မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုလူက သူ၏ဓားမောက်ကို ဝှေ့ယမ်းပြီး မုန့်ချီ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် မုန့်ချီကတော့ ထူးဆန်းသောလူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အနည်းငယ်လေးသာ ပြင်ဆင်လိုက်ရသည်။ သူ့ဓားက လူထူးဆန်း၏ ဒူးခေါင်းရှိရာကို ဆက်လက်တိုက်ခိုက်လိုက်၏။
ထိုလူက မုန့်ချီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်ပြန်ခုန်ဆုတ်လိုက်ရသည်။ ထို့နောက် နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်၏။ မုန့်ချီက သူ့ဓားနှင့် ကာကွယ်လိုက်ပြီး ထိုလူ၏ဒူးဆီကို လှမ်းထိုးလိုက်ပြန်သည်။
မုန့်ချီက (၃)ချက်တိတိ တိုက်ခိုက်လိုက်ပြီး အချိန်တိုင်းတွင် လူစိမ်းက နောက်ပြန်ဆုတ်သွားနေရ၏။ မုန့်ချီက သူ့ဓားကို ပြန်ချလိုက်သည်။ လူစိမ်းကတော့ သူပထမဆုံး ရောက်လာခဲ့သည့်နေရာတွင်သာ ရပ်နေခဲ့၏။
“ထွက်သွားတော့…”
မုန့်ချီက တိတ်တဆိတ် ပြောလိုက်သည်။
ရှုံးနိမ့်သွားခဲ့ပြီးနောက် လူစိမ်း၏နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ ကျဆင်းလာနေသည်။ သူ၏အသက်ရှူသံကလည်း လေးလံနေခဲ့၏။
“မင်း…။ မင်းက ငါ့နာမည်ကို မသိချင်ဘူးလား…။ ငါ ဘာလို့ ဒီကိုရောက်လာလဲဆိုတာ မသိချင်ဘူးလား…”
သူက မေးလိုက်သည်။
“မင်းက ငါ့ကို စိတ်ဝင်စားစရာ မလိုဘူး…”
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်ပြီး သူ့အတွက် ရေနွေးတစ်ခွက် ငှဲ့လိုက်သည်။
“ကောင်းပြီလေ…”
လူစိမ်းက ရေရွတ်လိုက်ပြီး ဒေါသများကို ဖိနှိပ်ထားခဲ့ရ၏။
“မင်းက ငါ့ကို အလွယ်တကူ အနိုင်ရနိုင်တာပဲ…။ ကြည့်ရတာ မင်းမှာလည်း ပြိုင်ဘက်ကင်းစွမ်းရည်တွေ ရှိနေတယ် ထင်တယ်…”
မုန့်ချီကတော့ ပြုံးနေခဲ့သည်။ အစောပိုင်းတွင် ပရမ်းပတာဖြစ်ခဲ့သော လမ်းမကြီးက ယခုတော့ ပြန်လည်ငြိမ်သွားသည်ကို ကြည့်နေရင်း သူက ပြောလိုက်၏။
“ငါ့ဆီမှာ သိုင်းပညာနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီးရှိတယ်…။ ဒီတော့ မင်းလို လူတစ်ယောက်နဲ့ တိုက်ခိုက်ဖို့အတွက် စိတ်မဝင်စားဘူး…။ ထွက်သွားလိုက်တော့…”
ထိုအရာက အထင်သေးခြင်း မဟုတ်သလို အရှက်ခွဲခြင်းလည်း မဟုတ်ချေ။ အစစ်အမှန် ပညာရှင်တစ်ယောက်၏ စွမ်းရည်မျိုးကို ပြသလိုက်ခြင်းသာ ဖြစ်သည်။ လူစိမ်း၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့သည်။ သူကတော့ စကားတစ်ခွန်းမျှ မပြောဘဲ နောက်သို့ ဖြည်းညင်းစွာ ပြန်လှည့်သွားခဲ့သည်။
သူက နှေးကွေးပြီး လေးလံသော ခြေလှမ်းများနှင့်အတူ အဝေးသို့ ထွက်ခွာသွားခဲ့ပြီး သူ၏ရှုံးနိမ့်မှုအတွက် အတော်လေး စိတ်ဓာတ်ကျနေခဲ့သည်။
ဝမ်လင်းယုက မုန့်ချီကို စိုက်ကြည့်လိုက်၏။ သူမက လမ်းပြ၏တိုက်ခိုက်မှုများကို အလွန်ရင်းနှီးနေခဲ့သည်။ ထို့သေူမက ထိုအရာကို စဉ်းစားမိခဲ့သည်။ ထိုအရာက ကျင်းတုံတွင် အလွန်ထူးခြားသော ဓားသိုင်းပညာတစ်မျိုး ဖြစ်သည်။ သူမက ထိုအရာကိုကြည့်ပြီး ပြောစရာစကားလုံး မရှိခဲ့ချေ။
“ကန်ရှုဓားသိုင်းပညာ…။ ရှင်…ရှင်က ဝမ်ကလန်ကပဲ…”
မုန့်ချီက နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးတင်လိုက်ပြီး သူမကို တိတ်တိတ်နေရန် ပြောလိုက်သည်။
“တိုးတိုးနေ…။ အခု အဲဒီအကြောင်းကို ဘယ်သူမှ သိလို့မရဘူး…”
သူက တိုးတိုးလေးချောင်းဟန့်လိုက်သည်။ ထိုအချိန်တွင် အမှောင်ထုက သူတို့ဆီကို ကျရောက်လာခဲ့ပြီး သူတို့၏ ပထမဆုံး တာဝန်ပြီးဆုံးသွားကြောင်း အချက်ပြခဲ့သည်။
………………..
ကွမ်လင်းတွင် ရှိနေသော ဝမ်ကလန်၏ ဘိုးဘေးနယ်မြေထဲတွင် ဝမ်စစ်ယွမ်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။ သူက လက်ချောင်းလေးများနှင့် တွက်ချက်နေသော်လည်း မည်သည့်အရာကိုမျှ တွက်ချက်နိုင်ခြင်း မရှိသေးပေ။
Translated by Hein Htet