← Chapters

အခန်း (၄၂၉)

Vol. 29 Ch. 429

အခန်း (၄၂၉)

Vol. 29 Ch. 429

တိမ်တိုက်များနှင့် မြူခိုးအငွေ့များက ရေခဲမြူခိုးများနှင့်အတူ ရောနှောပြီး ပျံ့နှံ့နေခဲ့သည်။ ယွမ်ရန်နှင့် သူမ၏အဖော်များက သူတို့ ပထမဆုံး တွေ့ခဲ့သော မြေကွက်လပ်ထဲသို့ ပြန်ရောက်လာခဲ့ကြ၏။

သူတို့၏တာဝန် အောင်မြင်သွားသည့်အတွက် သူတို့၏မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး သံသရာကမ္ဘာကြီးထဲတွင် အခက်အခဲများစွာ တွေ့ကြုံခဲ့ရသော်လည်း သူတို့က ကျေနပ်နေမိကြသည်။

သူတို့က အချင်းချင်း ကြည့်နေမိကြရင်း မသက်မသာ ခံစားမှုများ ပျောက်ကွယ်သွားခဲ့၏။ သူတို့၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ အချင်းချင်း နားလည်မှုများ ရှိလာကြ၏။ တာဝန်အတောအတွင်း သူတို့ ရင်ဆိုင်နေရသော အခက်အခဲများစွာ ရှိနေကြသော်လည်း သူတို့ကတော့ စားသောက်ဆိုင်ထဲတွင် ပထမဆုံး အမှားလုပ်ခဲ့ပြီးနောက် မည်သည့်အမှားများ ထပ်မံလုပ်ခဲ့ခြင်း မရှိကြပေ။

သူတို့၏ ကြိုးစားအားထုတ်မှုကြောင့် သူတို့က အသီးအပွင့်များကို ရိတ်သိမ်းနိုင်ခဲ့ပြီး အချင်းချင်း အပြစ်တင်ခဲ့ကြခြင်းလည်း မရှိချေ။ သူတို့ အတူတကွ ဖြတ်သန်းလာခဲ့ရသော စမ်းသပ်မှုများ၊ အခက်အခဲများကြောင့် သူတို့က ညီအစ်ကို မောင်နှမများကဲ့သို့ ဖြစ်လာကြသည်။

ထိုသို့ဆိုရာတွင် သူတို့၏ပတ်သက်မှုက မယိမ်းယိုင်သည့်အဆင့်ကို ရောက်နေသည်ဟုတော့ မပြောနိုင်သေးပေ။ သူတို့က သေခြင်းတရားနှင့် နာကျင်မှု ၊ ဆုံးရှုံးရမှုများကို မကြုံရသေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

"ငါတို့ရဲ့ဆရာရော သူ ဘယ်မှာလဲ…."

ဝမ်လင်းယုက အံ့အားသင့်စွာ မေးလိုက်သည်။ သူမက ပတ်ပတ်လည်ကို လှည့်ကြည့်နေမိသော်လည်း သူတို့၏ဆရာကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

ထိုအချိန်တွင် သံသရာ အရှင်သခင်၏ သနားညှာတာမှုကင်းမဲ့သော စကားသံကြီး ထွက်ပေါ်လာပြီး သူတို့၏ ပထမဆုံးတာဝန် ပြီးဆုံးသွားကြောင်း ကြေညာခဲ့သည်။ သူတို့၏ စွမ်းဆောင်ရည်ကို သုံးသပ်ပေးပြီး သူတို့၏ အားနည်းချက်များကို ပြောပြခဲ့သည်။ နောက်ပိုင်းတွင်တော့ ထိုအသံက ကြေညာခဲ့၏။

"ဒီအဖွဲ့ရဲ့ အောင်မြင်မှုတွေက အစီအစဉ်တကျ ပြီးဆုံးသွားခဲ့ပြီ။ ဒီတော့ မင်းတို့တွေက လိုချင်တဲ့အရာတွေ တောင်းဆိုချင်တဲ့အရာတွေကို အလယ်မှာရှိတဲ့ အလင်းတိုင်လုံးဆီမှာ မေးလို့ရမယ်။ မင်းတို့က တစ်စုံတစ်ယောက်ကို စာပေးချင်တာပဲဖြစ်ဖြစ် သိချင်တာတွေ မေးချင်တာတွေပဲဖြစ်ဖြစ် အလယ်မှာရှိတဲ့ အလင်းတိုင်လုံးဆီကို ပို့ထားလို့ရမယ်။ လက်ခံသူက သံသရာမြေကွက်လပ်ထဲကို နောက်တစ်ကြိမ် ပြန်ဝင်လာတဲ့အချိန်ကျရင် မင်းတို့ရဲ့စာကို လက်ခံပြီး ပြန်ပို့နိုင်တယ်.."

"လက်အောက်ခံအဖွဲ့တစ်ခုလား ။ ဆရာက ငါတို့ကို လက်ခံလိုက်တာလား…"

မင်းရန်လုံနှင့် တခြားလူများကတော့ အလွန်အံ့သြဝမ်းသာနေခဲ့သည်။

သူတို့အတွက်တော့ အလွန်လျှို့ဝှက်ဆန်းကြယ်သော ဆရာ၏ အသိအမှတ်ပြုခြင်းကို ခံရခြင်းက လွန်ခဲ့သော (၇) ရက်အတွင်း သူတို့၏ တိုးတက်မှုကို အသိအမှတ် ပြုလိုက်ခြင်းသာ ဖြစ်သည်။

ဝူရှို့ရှန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ခံစားချက်များနှင့် သက်ပြင်းချလိုက်မိ၏။

"ငါတို့ဆရာက တော်တော်ကြောက်စရာကောင်းတဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားတာ သေချာတယ်။ သူက ဝေ့ကျင်းအဆင့်ကို မရောက်သေးဘူးဆိုရင်တောင် ရောက်ခါနီးနေလောက်ပြီ။ တကယ်လို့ သူကသာ ငါတို့နဲ့ကမ္ဘာအတူတူပဲဆိုရင် သေချာပေါက် နာမည်ကျော်ကြားမှာပဲ…."

သံသရာကမ္ဘာကြီးထဲတွင် ထူးခြားသောလူများ ရောက်လာခြင်းရှိမရှိ သူက သေချာမသိပေ။ သို့သော် သူတို့ပြန်လာခဲ့သော မကောင်းဆိုးဝါးဓား၏မြို့ကတော့ အစစ်အမှန်အတိုင်း ဖြစ်နေသည်ဟု အမှန်တကယ် ခံစားမိခဲ့သည်။

"သူ့ရဲ့အစွမ်းအရဆိုရင် ငါတို့ရဲ့ဆရာက သံသရာကမ္ဘာကြီးရဲ့စက်ကွင်းထဲမှာပဲ ပိတ်မိနေလောက်သေးတယ်။ သူတို့ရဲ့တာဝန်တွေက ဘယ်လောက်တောင်ခက်ခဲပြီး ကြောက်စရာကောင်းမလဲ…"

မင်းရန်လုံ၏ မာနတရားများက ပျောက်ကွယ်သွားပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကြုံခဲ့ရသည့် စမ်းသပ်မှုများ လုပ်ဆောင်မှုများကြောင့် အရာအားလုံးက ဝေဝါးသွားခဲ့ရသည်။

ဝမ်လင်းယု၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားပြီး သူမက တစ်စုံတစ်ခု ပြောချင်နေသော်လည်း တိတ်တိတ်သာ နေခဲ့သည်။

ယွမ်ရန်ကတော့ သူတို့၏ဆရာကို စိတ်ထဲမှ ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် သူမက ပါးပေါ်တွင် ရှိနေသော မွေးရာပါအမှတ်အသားကို ကိုင်ကြည့်လိုက်ပြီး အလယ်တွင် ရှိနေသော အလင်းတိုင်လုံးကြီးကို စိုက်ကြည့်လိုက်၏။

……………

သူ၏အဖွဲ့သစ်နှင့် ဆက်သွယ်မှု ချိတ်ဆက်ပြီးသွားသည့်အချိန်တွင် မုန့်ချီက သံသရာမြေကွက်လပ်ဆီသို့ ပြန်လာခဲ့သည်။ သူ့ရှေ့တွင်တော့ ရင်းနှီးသော လူတစ်ယောက် ရပ်နေခဲ့၏။

ထိုအရာကတော့ ကျန်းကျိဝေ ဖြစ်သည်။ သူမက အစိမ်းဖျော့ရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အလယ်တွင် ရှိနေသော အလင်းတိုင်ကြီးကို သေချာ စိုက်ကြည့်နေခဲ့၏။

"ကျိဝေ…."

မုန့်ချီက ဇဝေဇဝါ ဖြစ်နေသည့်အတွက် သူမကို စစ်ဆေးရန် လှမ်းခေါ်လိုက်သည်။

သူ၏ခေါ်သံကြောင့် ကျန်းကျိဝေက အနည်းငယ် တုန်ယင်သွားခဲ့၏။ သူမက အဖော်များကို မှတ်မိသည့်အတွက် မုန့်ချီကို ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"တံခါး (၉) ပေါက်လား။ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ငါက တံခါး(၄)ပေါက် ပွင့်ခါနီးအချိန်မှာ နင်ကတော့ ချီစုဆောင်းရေးအဆင့်တောင် မရောက်သေးဘူး။ နင့်ရဲ့တိုးတက်မှုအရှိန်က တော်တော်လေးကိုမြန်ပြီး မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်…"

သူမကတော့ ကြောက်စရာကောင်းသော ခံစားမှုများမရှိဘဲ သိမ်မွေ့ညင်သာစွာ ရပ်နေခြင်း ဖြစ်သည်။ သို့သော် သူမ၏ ခြေလှမ်းတိုင်းက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် လေထုကို ခွဲလာသလို ထင်မှတ်ရသည်။ သူမက ကောင်းလန်နှင့် မတွေ့ခင် ပထမဆုံး ခွဲခွာခဲ့ရသည့် အချိန်နှင့် လုံးဝကို ကွဲပြားနေခဲ့၏။

"နင်ကလည်း ကောင်းကောင်းကြီး လေ့ကျင့်နိုင်ခဲ့တာပဲ။ (၆) လအတွင်း လူသားနဲ့ ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်သွားပြီ။ နင်က လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကိုတောင် ရောက်ခါနီးနေပြီပဲ…"

မုန့်ချီက ပြန်ပြောလိုက်သည်။

"ငါက သိုင်းကျောင်းတွေရဲ့ ဓားသိုင်းပညာတွေကို လေ့လာပြီး ငါ့ရဲ့ဓားဆန္ဒကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ်။ အဲဒီအရာကလွဲရင် ငါက သူသေကိုယ်သေ လေ့ကျင့်မှုတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး အစွမ်းထက်ဆုံး ဓားသိုင်းကွက်တစ်ခုရအောင် လေ့ကျင့်ခဲ့တယ်။ တကယ်လို့ ငါက မအောင်မြင်ခဲ့ဘူးဆိုရင် ငါ့ကိုယ်ငါ ရှက်မိလိမ့်မယ်…"

သူမက အနည်းငယ် ခေါင်းမော့ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

မုန့်ချီက ထပ်မေးရန် ပြင်လိုက်စဉ် အလင်းတိုင်လုံးနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ ပြန်ရောက်လာခဲ့ကြ၏။

"နင်တို့ကရော လူသစ်တွေကို ဦးဆောင်ရတာပဲလား…"

ကျန်းကျိဝေက ပထမဆုံး မေးလိုက်သည်။

"ငါကတော့ ဟုတ်တယ်။ ငါ ဦးဆောင်ရတဲ့အဖွဲ့က အချင်းချင်း လှည့်စားနေကြတာ။ ဒီတော့ အဖွဲ့သားတွေရဲ့ ကြားထဲမှာ ယုံကြည်မှုနဲ့ ပူးပေါင်းမှုရဖို့အတွက် တော်တော်လေး ကြိုးစားခဲ့ရတယ်…"

ချီကျန်းရန်က ပြန်ဖြေလိုက်သည်။

ရွမ်ယုရှု၏ ဆံနွယ်များကလည်း သူမ၏ပုခုံးပေါ်သို့ ကျရောက်နေခဲ့၏။ သူမ၏ အနက်ရောင် ဆံပင်များက ဖြူဖွေးနေသော အသားအရေနှင့် လိုက်ဖက်ညီနေပြီး ချောမွေ့လွန်းလှသည်။ အလွန်အေးစက်သော သူမ၏ပုံစံကြောင့် သူမက ထူးချွန်သော မိန်းကလေး တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

သူမက အိပ်တန်းတက် ဇာမဏီဗျပ်စောင်းကို ရင်ဘတ်ထဲတွင် တင်းတင်းကျပ်ကျပ် ကိုင်ထားပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

"ငါ့ရဲ့အဖွဲ့ထဲမှာတော့ ထူးချွန်တဲ့လူ (၂) ယောက်ရှိတယ်။ ငါက သူတို့ကို လက်အောက်ခံအဖွဲ့အနေနဲ့ သီးသန့်ပြောခဲ့တယ်။ ဒါဆိုရင် သူတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုအရ သူတို့က အသက်ရှင်နိုင်သေးတယ်လေ…"

"ငါဦးဆောင်ခဲ့ရတဲ့အဖွဲ့ကတော့ မဆိုးပါဘူး။ သူတို့က အလေးထားဖို့ ထိုက်တန်တယ်…."

မုန့်ချီကတော့ ယွမ်ရန်နှင့် တခြားသူများ၏အကြောင်းကို များများမပြောခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူတို့က လက်ရှိအဖွဲ့ထက် အဆပေါင်းများစွာ ပို၍အားနည်းနေသေး၏။ နောက်ထပ် တာဝန်များအတောအတွင်း သူတို့အားလုံး သေသွားခြင်းရှိမရှိ မည်သူကမျှ သေချာမပြောနိုင်ပေ။

"ငါ့အဖွဲ့ရဲ့အစွမ်းကလည်း ညီမလေးယုရှုရဲ့အဖွဲ့နဲ့ အတူတူလောက်ပဲ…"

ကျန်းကျိဝေက ပြောလိုက်သည်။

ထိုအချိန်တွင် မုန့်ချီက ချီကျန်းရန်နှင့် ရွမ်ယုရှုတို့၏ အငွေ့အသက်များကို သတိထားမိခဲ့၏။ အထူးသဖြင့် ချီကျန်းရန်က ယခင်တုန်းကထက်ပို၍ အစွမ်းထက်နေခဲ့သည်။ ခရမ်းရောင် အလင်းတန်းလေးများက သူ့ဆီမှ ထွက်ပေါ်လာနေသည်မှာ ညအချိန် ကြယ်များ တောက်ပလာနေသလို ထင်မှတ်ရသည်။

"ကြည့်ရတာ လူတိုင်းက ကောင်းကောင်းတိုးတက်လာခဲ့တာပဲ…"

သူက ပြုံးလိုက်မိသည်။ အဖွဲ့၏တိုးတက်မှုက သူ့ကိုပို၍ စိတ်ဓာတ် တက်ကြွလာစေခဲ့သည်။

ချီကျန်းရန်က မုန့်ချီကို အသိအမှတ်ပြုလိုက်သည်။

"ငါက တံခါး (၈) ပေါက် ပွင့်သွားပြီ။ ငါက တော်တော်လေးလည်း ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ခရမ်းကြယ်မြစ်သိုင်းကွက်ကို ပြည့်ပြည့်ဝဝနားလည်သွားပြီ။ ဒါပေမဲ့ ငါက ငါ့ရဲ့လက်ညှိုးစွမ်းအားတွေကို ပြည့်ပြည်ဝဝ အသုံးချနိုင်ဖို့တော့ အချိန်တော်တော်လေး ပေးရနိုင်သေးတယ်…."

သူက ဝန်ခံလိုက်သည်။

"ငါလည်း အတူတူပဲ။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကမှ အဆင့်တက်တာ…"

ရွမ်ယုရှုကလည်း ခေါင်းညိတ်ပြလိုက်သည်။

သူမ၏ရုပ်ရည်ကလည်း အတော်လေး ဖွံ့ဖြိုးလာပြီး အပြစ်ကင်းစင်သော မိန်းမကလေးတစ်ယောက်၏နေရာတွင် အေးစက်သော မိန်းမလှတစ်ယောက်၏ အလှတရားများ အစားထိုး ဝင်ရောက်လာခဲ့သည်။

မုန့်ချီက နောက်ထပ် မပြောတော့ပဲ အဓိကကိစ္စများကိုသာ ပြန်ပြောလိုက်၏။

"အားလုံးပဲ… ငါ့ဆီမှာ ဝေ့ကျင်းအဆင့် ဗုဒ္ဓသိုင်းကျမ်းတစ်ခုရှိတယ်။ အဲဒါကို မိုးကြိုးတံဆိပ်လို့ခေါ်တယ်။ စိတ်ဝင်စားကြလား…"

ကျန်းကျိဝေက ပြုံးလိုက်သည်။ သူမက သက်ပြင်းချပြီး ပြောလိုက်၏။

"တကယ်လို့ အဲဒါက မိုးကြိုးဓားသိုင်းဆိုရင်တော့ ငါက စိတ်ဝင်စားမိဦးမှာ။ အဲဒါက မိုးကြိုးတံဆိပ်ဆိုရင်တော့ ငါက နင့်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ရလိမ့်မယ်…"

"နင့်ဘာသာပဲ လေ့ကျင့်လိုက်ပါ။ ငါတို့ရဲ့တိုးတက်မှုကို မနှောင့်ယှက်ပါနဲ့"

ရွမ်ယုရှုက စနောက်လိုက်သည်။ သူမ၏လေသံအရ မုန့်ချီကသာ မိုးကြိုးတံဆိပ်ကို လေ့ကျင့်ရန် အသင့်တော်ဆုံးဖြစ်ကြောင်း ပြောပြနေသည်။ မုန့်ချီ၏ လက်ရှိစွမ်းရည်များနှင့် မူလဇစ်မြစ်ကလည်း ဘုန်းတော်ကြီးတစ်ပါး ဖြစ်ခဲ့၏။

ချီကျန်းရန်ကတော့ တည်ငြိမ်နေသည်။

"အဲဒါက ငါ့ရဲ့ဖရိုဖရဲကျင့်စဉ်နဲ့ ဆန့်ကျင်နေတယ်…"

"ဟုတ်တယ် ။ ငါလည်း အဲဒါကို သတိထားမိတယ်။ ကိုရင်လေး … သိုင်းလောကမှာရှိတဲ့ အဖွဲ့အစည်းတွေက ကောင်းလန်ရဲ့အကြောင်းကို ပြောနေကြတယ်။ သူက တောင်ပိုင်းကို ဆင်းလာတဲ့အတွက် သိုင်းလောကတစ်ခုလုံး တုန်လှုပ်နေတယ်။ သူ ဒီကိုရောက်နေတဲ့အတွက် ငါ့ဆရာကတောင် တော်တော်လေး စိတ်ဝင်စားနေတာ။ သူက နဂါးစင်မြင့်ကနေ ထွက်သွားပြီ။ ဒီတော့ နင်ကသာ သူနဲ့နောက်တစ်ကြိမ် တွေ့ရမယ်ဆိုရင် သူနဲ့ဝေးဝေးနေဖို့ အကြံပေးချင်တယ်…"

ကျန်းကျိဝေက သတိပေးလိုက်သည်။ မုန့်ချီက သိုင်းကျင့်စဉ်များကိုသာ အလေးထားပြီး တခြားသော ဆက်သွယ်မှုများကို မလုပ်စေရန် သူမက စိုးရိမ်နေခြင်းလည်း ဖြစ်သည်။

ကျန်းကျိဝေ၏စကားကြောင့် မုန့်ချီက ကြောက်စရာကောင်းသော ဓမ္မကာရအဆင့် ပညာရှင်များ၏ အဖြစ်အပျက်များကို သူ့အဖော်များ သိအောင် ပြောပြလိုက်သည်။ သို့သော် ကူရှောင်စန်းနှင့် စနောက်ခဲ့သောအရာများ ၊ ကောင်းလန်နှင့် သူ၏ သွေးသောက်ညီအစ်ကို ကိစ္စများကိုတော့ ပြောပြခဲ့ခြင်း မရှိချေ။

သူက လူသားဧကရာဇ်၏ ဓားအကြောင်းကိုလည်း ပြောပြပြီး အလေးအနက် ပြန်မေးလိုက်၏။

"နင်တို့မှာ လက်နက်သန့်စင်ခြင်းနည်းလမ်းတစ်ခုများ ရှိလား…"

ကျန်းကျိဝေက သူပြောသည့် စကားများကို နားထောင်ပြီး ပထမဆုံး သတိပြန်ဝင်လာခဲ့သည်။ သူမက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"ကောင်းလန်က တော်တော်လေး နားလည်ရခက်တယ်လို့ ငါ့ဆရာက ပြောခဲ့ဖူးတယ်။ နင်က သူ့ရှေ့မှာ တော်တော်လေး သတိထားတာ ပိုကောင်းမယ်။ သူက တစ်ခါတစ်ရံ တည်ငြိမ်နေပေမယ့် တခဏအတွင်း ဒေါသထွက်နိုင်တယ်။ သူက အစပိုင်းမှာ ပျော်ပျော်နေတတ်ပြီး သဘောကောင်းပေမယ့် နောက်ပိုင်းမှာ သွေးအေးလူသတ်သမားအဖြစ် ပြောင်းလဲသွားနိုင်တယ်။ အဆိုးဆုံးကတော့ သူက စိတ်ရောဂါရနေသလိုပဲ။ သူ့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူူး…”

“မြောက်ပိုင်းကျိုးအင်ပါယာမှာရှိတဲ့ နန်းတွင်းမိသားစုတွေက ကောင်းကလန်ကို သူတို့ရဲ့နေရာကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေကြတယ်။ ပြီးတော့ ထိပ်တန်းသိုင်းဂိုဏ်းကြီးတွေ၊ အထက်တန်းလွှာ မိသားစုတွေနဲ့ပူးပေါင်းပြီး ကောင်းလန်ကို အကျဉ်းချထားခဲ့ကြတယ်။ တကယ်လို့ ဆရာကြီးချုံဟယ်နဲ့ ဆရာကြီးလုတတို့ကသာ ကူဒိုအာနဲ့ ချန်းရှန်အဖွဲ့အစည်းကို ပြဿနာမရှာမိခဲ့ဘူးဆိုရင် သူတို့တွေက အဲဒီလောက်ထိ အလေးထားကြမှာ မဟုတ်ဘူး…”

“နင်က သူနဲ့အတူတူ ရှိနေတဲ့ အချိန်တိုင်း ဂရုစိုက်ပါ။ နင့်ရဲ့စကားလုံးတိုင်းကို သတိထားပြီး သူ ဒေါသထွက်အောင် မလုပ်မိစေနဲ့…"

"အစ်ကိုကြီးက ဒီလိုဆိုးရွားတဲ့အတိတ်မျိုးကို ကြုံတွေ့ခဲ့ရတာပဲ…"

မုန့်ချီ၏ နောက်ကျောတွင် ချွေးများ စိုရွှဲနေသည်။ သူကတော့ ကောင်းလန်နှင့် လေ့ကျင့်ခဲ့စဉ် အတောအတွင်း ကောင်းမွန်စွာ လေ့ကျင့်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်နေရသည်။ သူနှင့် ကောင်းလန်တို့က သွေးသောက်ညီအစ်ကိုများ ဖြစ်နေသော်လည်း ကောင်းလန်ကိုသာ အပြစ်ပြုမိလိုက်မည်ဆိုလျှင် သူ့အခြေအနေက အတော်လေး ဆိုးသွားနိုင်သည်။

"ကြည့်ရတာ ကောင်းလန်ကလည်း ဓမ္မကာရအဆင့်ကို ရောက်သွားပြီထင်တယ်.."

ရွမ်ယုရှုက ထပ်ဖြည့်ပြောလိုက်သည်။

မုန့်ချီအနေနှင့် ပြောရလျှင်တော့ ကောင်းလန်၏အစွမ်းက သူတို့၏ အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေခဲ့၏။ တိကျသော သက်သေပြမှု မရှိသည့်အတွက် ရွမ်ယုရှု ကိုယ်တိုင်ကလည်း ဓမ္မကာရအဆင့်ကို ရောက်နေခြင်းရှိမရှိ သေချာမပြောနိုင်ပေ။ ထို့ပြင် ရွမ်မိသားစုထဲ၌ ဓမ္မကာရပညာရှင် မရှိသေးသည့်အတွက် ရွမ်ယုရှုက သူမမိသားစု၏ ရှေးဟောင်းမှတ်တမ်းများအရ ကောက်ချက်ချရခြင်းသာ ဖြစ်သည်။

"ငါ့ဆရာဆီကနေ ရံဖန်ရံခါ ထွက်လာတဲ့ အငွေ့အသက်တွေက အဲဒီလိုအစွမ်းမျိုးပဲ။ ဒါပေမဲ့ တော်တော်လေးကို ရှားပါတယ်…"

ကျန်းကျိဝေက ထပ်ဖြည့်ပြောလိုက်သည်။ သူမ၏ဆရာက သိုင်းလောကတွင် အမြင့်ဆုံး အထွဋ်အထိပ်ကို တက်လှမ်းနေကြောင်း သူမက စဉ်းစားနေခဲ့၏။

"တကယ်လို့ ကောင်းလန်ကသာ ဓမ္မကာရအဆင့်ဖြစ်သွားပြီဆိုရင်တော့ တော်တော်လေးကို အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်။ အနည်းဆုံးတော့ ငါတို့က ကောင်းကင်မှတ်တမ်းမှာ ပြောင်းလဲမှုတွေဖြစ်လာဖို့ မျှော်လင့်နိုင်တာပေါ့…"

ချီကျန်းရန်က တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။

ထိုကိစ္စများက သူနှင့်သက်ဆိုင်မှု မရှိချေ။ ဓမ္မကာရအဆင့် ပညာရှင်များ၏ အကြောင်းအရာက လက်ရှိ သူတို့အတွက်တော့ အလွန်ဝေးကွာပြီး ကြီးကျယ်လွန်းလှသည်။ ထို့ကြောင့် သူတို့၏ဆွေးနွေးမှုက မုန့်ချီ၏ ကောင်းကင်ပြစ်ဒဏ်ဓား သို့မဟုတ် ရေလှိုင်းမီးတောက်ဓားတို့ကို အဆင့်မြှင့်တင်ရန် ခေါင်းစဉ်သို့ ပြောင်းသွားခဲ့သည်။

ရုတ်တရက်ဆိုသလို နောက်ထပ်အလင်းတိုင်လုံးတစ်ခု ပေါ်လာခဲ့၏။ ထိုအချိန်တွင် ဒဏ်ရာရနေသော ကျိုးဟမ်က မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။ သူက သူတို့ကို ပြုံးပြလိုက်သည်။ သူ့ပုံစံက အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်နေပုံရ၏။

"ငါ လမ်းညွှန်ရတဲ့အဖွဲ့က တော်တော်လေးကို မဆင်မခြင်လုပ်ကြတယ်။ သူတို့ရဲ့လုပ်ရပ်တွေကြောင့် ငါတို့ရဲ့ပင်မဦးတည်ချက်ကလည်း အတော်လေး ပြောင်းလဲသွားတယ်။ ငါက တိုက်ရိုက်ဝင်ပါလို့မရတဲ့အတွက် ဆိုးဆိုးဝါးဝါးရလဒ်ကို ကြုံခဲ့ရတာပဲ။ ဟမ်...လူသားတွေရဲ့ရတနာ … အစစ်အမှန်အင်ပါယာတံဆိပ်…"

သူက ငြီးငြူ၍ မပြီးဆုံးသေးခင် နောက်ဆုံးစကားကို ထိတ်လန့်အံ့ဩစွာ ပြောလိုက်သည်။

မုန့်ချီ၏ လက်ဖဝါးထဲတွင် ဘုရင်တစ်ပါး၏ အငွေ့အသက်များ ထွက်ပေါ်နေသော အစစ်အမှန် အင်ပါယာတံဆိပ်တစ်ခု ရှိသည်။

"မင်းက အိမ်ရှေ့မင်းသားနဲ့ မင်းသားကျင်းတို့ဆီကနေ သတင်းရခဲ့တာလား…"

မုန့်ချီက သူ့ကို စနောက်၍ ပြောလိုက်သည်။ ကျိုးဟမ်က မင်းသား (၅) ဖြစ်သည့်အတွက် အခြေအနေကို နားလည်နေကြောင်း မုန့်ချီက သိနေသည်။

မုန့်ချီက သူ့ကို အေးအေးဆေးဆေး ပြောပြလိုက်၏။

"ငါက ခရီးသွားနေရင်း မြေပေါ်မှာ လဲနေတဲ့ လူတစ်ယောက်ကို မတော်တဆ တွေ့ခဲ့တယ်။ မင်းက အဲဒါကို စိတ်ဝင်စားမယ်ဆိုတာလည်း ငါသိတယ်။ ဒါကြောင့် ငါတို့က သင့်တော်တဲ့ဈေးနှုန်းတစ်ခုနဲ့ အပေးအယူလုပ်ကြတာပေါ့…"

ကျိုးဟမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက စိတ်မဝင်စားချင်ယောင်ဆောင်ပြီး ပြောလိုက်၏။

"ငါက ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိပါဘူး။ အဲဒီတံဆိပ်က ငါ့အတွက် ဘာများအသုံးဝင်မှာလဲ…"

"ဒါဆိုလည်း ကောင်းပြီလေ။ သံသရာအရှင်သခင်ဆီမှာပဲ လဲလိုက်မယ်…"

မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။ ထို့နောက် သူက အလင်းတိုင်လုံးဆီသို့ အလျင်အမြန် လျှောက်သွားခဲ့သည်။

"နေဦး ခဏနေဦး…"

ကျိုးဟမ်က အလျင်အမြန် လှမ်းခေါ်လိုက်ပြီး ယခုတစ်ကြိမ်တော့ သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ပေ။ သူ့စကားကြောင့် ရယ်သံများကို ကြားလိုက်ရ၏။

ကျန်းကျိဝေကတော့ ပါးစပ်ကို လက်နှင့်အုပ်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ ရွမ်ယုရှုကလည်း ရုတ်တရက် စိတ်ဝင်စားလာပြီး သူတို့ (၂) ယောက်ကို စိုက်ကြည့်နေခဲ့၏။ ချီကျန်းရန်ကတော့ သူ့အကြည့်ကို ရှောင်ရှားနေသည့်အလား ဘေးဘက်ကို ကြည့်နေခဲ့သည်။

ကျိုးဟမ်က ထိန်းချုပ်၍ မရနိုင်တော့ပေ။ သူက တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။

"ဘုရင့်အတွက် လက်ဆောင်…"

သူက သူ၏ရူးမိုက်မှုအတွက် အပြစ်တင်နေခဲ့၏။

"ငါ့ရဲ့ရင်ထဲမှာ တော်တော်လေး လှုပ်ရှားနေတယ်။ ငါ့ရဲ့လောဘက ငါ့ရဲ့လုပ်ရပ်တွေကို လွှမ်းမိုးမသွားဖို့ မျှော်လင့်မိတာပဲ။ စုမုန့် …မင်းက ဒီအစစ်အမှန်အင်ပါယာတံဆိပ်ကို ငါ့အတွက် ခဏချန်ထားပေးနိုင်မလား။ ငါတို့ရဲ့နောက်ထပ်တာဝန် ပြီးဆုံးသွားတဲ့ အချိန်ကျရင်တော့ ငါ့ဆီမှာ သင့်တော်တဲ့ကံကြမ္မာအမှတ်တွေ ရှိလာမှာပါ…"

နောက်ဆုံးတာဝန် အတောအတွင်း သူ၏ပစ္စည်း တော်တော်များများက ကုန်ဆုံးသွားခဲ့ရသည်။ ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော အဖိုးတန်ပစ္စည်းများကပင် ကုန်ဆုံးသွားသည့်အတွက် တံဆိပ်ကို သူ့အတွက်ချန်ထားပေးရန် မုန့်ချီကို တောင်းဆိုနေရခြင်း ဖြစ်သည်။

"သေချာပေါက် ချန်ထားပေးမှာပေါ့…"

မုန့်ချီက သူ့ကို အပြုံးနှင့် ပြောလိုက်သည်။ ထိုအရောင်းအဝယ်၏ အကျိုးအမြတ်များ အားလုံးကို စစ်ခုံထူ၏ မိသားစုကသာ ရရှိမည်ဖြစ်သည်။ ထို့ပြင် ကျိုးဟမ်၏ လက်နက်ကို ထိန်းသိမ်းထားခြင်းက သူတို့၏ နောက်ထပ် တာဝန်အတောအတွင်း ယာယီအသုံးပြု၍ ရနိုင်သေးသည်။

သူက အင်မော်တယ်ကမ္ဘာကြီးထဲတွင် သူ၏ပစ္စည်းများကို လဲလှယ်ရန် အချိန်မလုံလောက်တော့ပဲ ကံကြမ္မာအမှတ် လိုအပ်နေသည့်အတွက် မုန့်ချီက သူ၏ကံဆိုးမှုကိုသာ ကျိန်ဆဲရတော့သည်။ ထို့ကြောင့် သူက မိုးကြိုးတံဆိပ်ကို သံသရာအရှင်သခင်ဆီသို့ လဲလှယ်ရန် သဘောတူလိုက်ရ၏။ ကံကြမ္မာအမှတ် (၁၀၅၀) ရသည့်အတွက် သူ့ဆီတွင် စုစုပေါင်း ကံကြမ္မာအမှတ် (၁၁၇၀) ရှိလာခဲ့သည်။

တခြားလူများကလည်း သူတို့၏တာဝန်မစခင် သံသရာအရှင်သခင်ဆီတွင် အလဲအလှယ်များ လုပ်ဆောင်ကြသည်။ သူတို့ဆီတွင် ကံကြမ္မာအမှတ် ရာဂဏန်းသာ ကျန်နေတော့၏။

သူတို့၏ လဲလှယ်မှုများ ပြီးဆုံးသွားပြီးနောက် သူတို့က နတ်ဘုရားချုပ်နှောင်ခြင်းကြိုးကို လဲလှယ်လိုက်သည်။ ထိုအရာက ကံကြမ္မာအမှတ် (၂၅၀၀) တန်ကြေးရှိသော ရတနာတစ်ခု ဖြစ်သည်။ ထိုအရာက တစ်ကြိမ်အသုံးပြုနိုင်သော လက်နက်တစ်ခု ဖြစ်သော်လည်း တတိယကောင်းကင် ဝေ့ကျင်းအဆင့်အောက်တွင် ရှိနေသော ပညာရှင်တိုင်းကို ချုပ်နှောင်နိုင်သော စွမ်းရည်ရှိသည်။

ချုပ်နှောင်ခံထားရသော ပစ်မှတ်က သူတို့၏ ခန္ဓာကိုယ် အကာအကွယ်ကိုသာ အသုံးပြုနိုင်ပြီး ခုခံနိုင်သော စွမ်းရည်များကလည်း (၅) စက္ကန့်ထက် မပိုနိုင်ပေ။ နတ်ဘုရားချုပ်နှောင်ခြင်းကြိုးကို လဲလှယ်လိုက်ပြီးနောက် သူတို့က မုန့်ချီ၏လက်နက်များ မြှင့်တင်မှုကို အကြံပေးနေကြသည်။

သူတို့က အမှတ်ပိုရစေရန် မုန့်ချီ၏ ဆေးရည်များ ၊ ဆေးလုံးများကို သံသရာအရှင်သခင်ဆီတွင် လဲလှယ်ခိုင်းနေကြ၏။ သူ၏လက်ထဲတွင် မည်သည့်အရာမျှ မရှိသော်လည်း မုန့်ချီဆီတွင် အကာအကွယ်ကျင့်စဉ်နှင့် မာကျောသော ခန္ဓာကိုယ် ရှိနေသည်။ ထို့ကြောင့် သူက သာမန်ဒဏ်ရာများကို စိုးရိမ်စရာ မလိုအပ်သလို ပြန်လည်ကုသနိုင်စွမ်းလည်း မြင့်မားသည်။

ထို့ကြောင့် သူက သူ့အဖော်များကို အကူအညီပေးနိုင်သော ဆေးရည်များ ၊ ဆေးပုလင်းတချို့ကိုသာထားပြီး တခြားအရာများကိုတော့ လဲလှယ်ရန် စဉ်းစားလိုက်သည်။

ယခုအချိန်တွင် သူ၏လက်နက်ကို မြှင့်တင်လိုက်ခြင်းက တိုက်ခိုက်ရေးစွမ်းရည်ကို ပို၍မြင့်တက်လာစေနိုင်သည်။ လက်နက်များ၏ တိုးတက်မှုက အနာဂတ်တာဝန်များတွင် သူ့အဖွဲ့၏ ရည်ရွယ်ချက်နှင့် လိုအပ်ချက်အတွက် ပို၍သင့်တော်လှသည်။

မုန့်ချီက ထိုအချက်များကို စဉ်းစားနေပြီး လက်နက်များကို သုံးသပ်ခိုင်းလိုက်၏။ နောက်ဆုံးတွင်တော့ သူက ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ဓားရှည်ကိုမြှင့်တင်ရန် ဆုံးဖြတ်လိုက်၏။ ရေလှိုင်းမီးတောက်ဓားက ကောင်းကင်ပြစ်ဒဏ်ဓားထက် ပို၍အစွမ်းထက်ပြီး လူသားဧကရာဇ်၏သတ္တုနှင့် ပို၍သင့်တော်လာသည်။

ထို့ကြောင့် ကျန်းကျိဝေက လက်နက်သန့်စင်ရေး နည်းလမ်းတစ်ခုကို ပေးလိုက်ပြီး ထိုအရာကို ပင်မပစ္စည်းအဖြစ် အသုံးချ၍ မီးတောက်သဘာဝကို အားဖြည့်ပေးလိုက်သည်။ လက်နက်အဆင့်မြှင့်ရန်အတွက် ကံကြမ္မာအမှတ် (၆၀၀) လိုအပ်သည်။

အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲတွင် ရေလှိုင်းမီးတောက်ဓားကို မီးတောက်များ လောင်ကျွမ်းနေသည်ကို မုန့်ချီက စိုက်ကြည့်နေခဲ့၏။ မီးဖိုကြီးထဲတွင် ဓားကို မီးဖုတ်နေသကဲ့သို့ ဓားက အလင်းတိုင်လုံးကြီးထဲတွင် တောက်ပနေခဲ့သည်။ နောက်ဆုံး ပြီးပြည့်စုံသွားသည့်အချိန်တွင် မုန့်ချီက ဓားကို အလင်းတိုင်လုံးထဲမှ ပြန်ဆွဲထုတ်လိုက်၏။

ထိုအချိန်တွင် လက်ထဲ၌ ကိုင်ထားသော ဓားကို ခံစားမိနေခဲ့သည်။ သူက ဓားကို ဝှေ့ယမ်းကြည့်နေသည့်အချိန်တွင် သံသရာအရှင်သခင်က ကြေညာလိုက်၏။

"ရေလှိုင်းမီးတောက်ဓား …

ကံကြမ္မာအမှတ် (၅၀၀၀) တန်ကြေးရှိတယ်။ အဆင့်မြှင့်တင်နိုင်တဲ့ အဖိုးတန်လက်နက်။ လူသားဧကရာဇ်ရဲ့ ဓားအကြွင်းအကျန်သတ္တု ၊ နဂါးနီအကြေးခွံနဲ့ တခြားအစိတ်အပိုင်းတွေကိုပေါင်းပြီး ထုလုပ်ထားတယ်။ စိတ်ဆန္ဒနဲ့ ရန်သူရဲ့သွေးကို ရတဲ့အချိန်တိုင်း ဓားရဲ့စွမ်းရည်က မြင့်တက်လာနိုင်တဲ့ အစွမ်းရှိတယ်။ ဒါက ပစ္စည်းတွေရဲ့ သဘာဝကို ပေါင်းစပ်လိုက်တာပဲ။ ရေလှိုင်းမီးတောက်ဓားက အထွဋ်အထိပ်ကိုရောက်လာရင်း တန်ဖိုးမြင့် အဖိုးလက်နက်တစ်ခုဖြစ်လာနိုင်တယ်..”

“ရေလှိုင်းမီးတောက်ဓားက မီးတောက်အများစုကို သိမ်းဆည်းထားနိုင်တယ်။ အဲဒီအရာက သတ္တုတွေကိုတောင် ရွှံ့တစ်ခုလို ဖြတ်နိုင်ပြီး မကောင်းဆိုးဝါးတွေကို သတ်ပစ်နိုင်တယ်။ ဒေါသထွက်နေပြီဆိုရင် သူ့ရဲ့ဒေါသက မိုင် (၂၀) ပတ်ပတ်လည်အတွင်း ရှိနေတဲ့ ရာသီဥတုကိုတောင် သက်ရောက်သွားစေနိုင်တယ်။ သူ့ရဲ့ဒေါသက အပေါ်မှာရှိတဲ့ တိမ်တိုက်‌တွေကို လောင်ကျွမ်းသွားစေနိုင်ပြီး မီးတောက်ကြီးတစ်ခုလို ကောင်းကင်ပေါ်မှာ ပျံ့နှံ့သွားနိုင်တယ်။ ဝေ့ကျင်းအဆင့် ပညာရှင်တွေကတောင် သူ့ရဲ့ကြောက်စရာအစွမ်းကြောင့် သက်ရောက်နိုင်တယ်..”

“ဓားသွားနဲ့ တိုက်ခိုက်လိုက်မယ်ဆိုရင် ယင်မီးတောက်တွေက မြေကြီးထဲကနေ ထွက်လာနိုင်ပြီး ဓားနဲ့ ဝှေ့ယမ်းလိုက်တဲ့ ရန်သူကို ဝါးမျိုသွားနိုင်တယ်။ မီးတောက်တွေက ရန်သူကို ခြေအဆုံးခေါင်းအဆုံး ဝါးမျိုပစ်နိုင်ပြီး ဒဏ်ရာကနေ ဖျက်ဆီးပစ်နိုင်တယ်။ မီးတောက် (၃) ခုပေါင်းဆုံသွားရင် ရေလှိုင်းမီးတောက်ဓားရဲ့ရန်သူတွေက ပြာအဖြစ် ပြောင်းလဲသွားမှာပဲ။ ဒါက သူ့ရဲ့ဓားသွားတွေထဲမှာ ကြောက်စရာကောင်းတဲ့အစွမ်းတွေကို ဖုံးကွယ်ထားတယ်။ တခြားပါဝင်ပစ္စည်းတွေ အစွမ်းတွေ ဖြည့်ဆည်းလိုက်မယ်ဆိုရင် တော်တော်လေး ထူးခြားတဲ့ အကျိုးသက်ရောက်မှုမျိုးပေးနိုင်တယ်…"

သံသရာအရှင်သခင်၏ စကားသံက တိတ်ဆိတ်သွားခဲ့သည်။ မုန့်ချီ မတ်တပ်ရပ်သည့်နေရာတွင် သတိပေးချက်မရှိဘဲ မီးတောက်များ ထွက်ပေါ်လာပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။ သူက သူ့အဖော်များနှင့် မလှမ်းမကမ်း မြေပြင်ပေါ်တွင် နောက်ထပ် မီးတောက်များကို ထုတ်ဖော်ကြည့်လိုက်ပြန်သည်။

"မီးတောက်တွေ ထုတ်သုံးနိုင်တဲ့စွမ်းရည်။ ဒါဆို ရေလှိုင်းမီးတောက်ဓား အသုံးပြုသူက မီတာ (၁၀၀) အတွင်းမှာ မီးတောက်တွေနဲ့ တိုက်ခိုက်လို့ ရတာပဲ။ ဒါက တော်တော်လေးကို အသုံးဝင်တဲ့ စွမ်းရည်တစ်ခုလို့ ပြောနိုင်တယ်…

မုန့်ချီက ဝမ်းသာသွားခဲ့သည်။

ကျန်းကျိဝေကလည်း ရေလှိုင်းမီးတောက်ဓားကို ကျေနပ်စွာ စိုက်ကြည့်နေခဲ့၏။ သူမကတော့ ချီးကျူးနေခဲ့သည်။ သူတို့၏ပြင်ဆင်မှုများ ပြီးဆုံးသွားပြီးနောက် သူတို့၏အဖော်များက တာဝန်ကို စောင့်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ရွမ်ယုရှုက တိုးတိုးလေးပြောလိုက်၏။

"နတ်ဆိုးထုတ်ဖော်ကြေးမုံ ၊ နတ်ဆိုးသိမ်းသွင်းရေးကျောင်းဆောင်နဲ့ နတ်ဘုရားချုပ်နှောင်ခြင်းကြိုးတို့က အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်။ သူတို့က ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေကို ဝေ့ကျင်းအဆင့် ပညာရှင်တွေနဲ့တောင် တိုက်ခိုက်နိုင်တဲ့အစွမ်းမျိုး ပေးနိုင်တယ်။ ဒါပေမယ့် ငါတို့ကမ္ဘာကြီးထဲမှာတော့ အလားတူရတနာမျိုးမရှိဘူးနော်…"

ရွမ်ကလန်တွင် သူတို့၏ကိုယ်ပိုင် အဖိုးတန်လက်နက်များစွာ ရှိသည်။ သူတို့ပိုင်ဆိုင်ထားသော အဖိုးတန်လက်နက်များက အငွေ့အသက်များကို ဖုံးကွယ်နိုင်စွမ်း ၊ အဖိုးတန်လက်နက်များ၏ အငွေ့အသက်များ ထုတ်ဖော်နိုင်စွမ်းနှင့် ဝေ့ကျင်းအဆင့် ပညာရှင်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းသာ ရှိနေသည်။ နတ်ဘုရားချုပ်နှောင်ခြင်းကြိုး ၊ နတ်ဆိုးထုတ်ဖော်ကြေးမုံနှင့် တခြားသော ရတနာများကဲ့သို့ အန္တရာယ်ရှိသော တိုက်ခိုက်စွမ်းရည်မျိုး မရှိကြပေ။

"ကြည့်ရတာ ငါတို့ရဲ့ကမ္ဘာကြီးက အဲဒီလိုအဖိုးတန်လက်နက်တွေကို ထုတ်လုပ်တာ မကျွမ်းကျင်ကြလို့ နေမှာပေါ့…"

မုန့်ချီက ဝင်ပြောလိုက်သည်။

ထိုအချိန်တွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။

"ရှေးအချိန်တုန်းက နတ်ဘုရားတွေ နတ်ဆိုးတွေက လောကကြီးထဲကို ရောက်လာပြီး သူတို့ရဲ့မျိုးဆက်တွေ အမွေဆက်ခံသူတွေကို ချန်ထားခဲ့ကြသလို ထူးဆန်းတဲ့ စွမ်းရည်တွေ အဖိုးတန်လက်နက်တွေကို ချန်ထားခဲ့ကြတယ်။ သူတို့တွေရဲ့ အမွေအနှစ်တွေကြောင့် ကမ္ဘာမြေကြီးပေါ်မှာ ရှုပ်ထွေးမှုတွေဖြစ်လာခဲ့တယ်..”

“လက်ရှိအချိန်မှာတော့ ဘုရင်ကိုယ်တိုင်က သူ့ကိုယ်သူ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေတယ်။ ဘုရင်ရဲ့မာနကြောင့် သူ့ရဲ့အာဏာကလည်း ပျက်စီးလုနီးပါး ဖြစ်နေပြီ။ သူ့ရဲ့တာဝန်တွေကိုလည်း မေ့လျော့နေတဲ့အတွက် ဘုရင်က လုံးဝပျက်စီးတော့မယ့် အခြေအနေကို ရောက်နေတယ်။ ဒါကြောင့် ကမ္ဘာမြေတခွင်လုံးမှာ ဆူပူအုံကြွမှုတွေ တိုက်ပွဲတွေဖြစ်နေတယ်။ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ ဆက်ခံသူအသစ်က ရှေ့ထွက်လာပြီး လောကရဲ့အရှင်သခင်အဖြစ် ဆက်ခံရလိမ့်မယ်..”

“ပင်မတာဝန်...

တန်းနင်ကနေ ထွက်ခွာပြီး ဝတ်ရုံနီတပ်ဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးကောင်းကင်ဘုရင် တူဟိုင်ရှန့်ကို ကယ်တင်ရမယ်။ မကောင်းဆိုးဝါးတွေနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ ကန့်လန့်ကာနောက်ကွယ်မှာရှိတဲ့ ကြံစည်သူ ကျောက်စိမ်းမျက်လုံးနဂါးပျံ ကျိုးဟန်ဖုန်းကို ရှင်းပစ်ရမယ်။ တာဝန်အောင်မြင်တဲ့အတွက် ဆုလက်ဆောင်က ကံကြမ္မာအမှတ် (၁၀၀၀) ၊ တာဝန်ကျရှုံးမယ်ဆိုရင်တော့ တူညီတဲ့ကံကြမ္မာအမှတ် အလျော့ခံရမယ်…"

…………….

တောင်ကုန်း၏ တခြားတစ်ဖက်တွင် တပ်ဖွဲ့တစ်ခု၏ စခန်းတစ်ခု ရှိနေသည်။ အနီရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူအနည်းငယ်က အသည်းအသန် ဆွေးနွေးနေကြ၏။

"ငါတို့ကို လူထူးဆန်းကြီးပေးခဲ့တဲ့အဆောင်ကို မီးမရှို့ခဲ့ဘူးလား ညီလေး (၆) ။ အခုချိန်ထိ ဆရာကြီးတွေကို အကူအညီမတောင်းခဲ့သေးဘူးလား…"

အဖွဲ့ခေါင်းဆောင်ဖြစ်သူက မေးလိုက်သည်။ သူကတော့ စိတ်မရှည်သည့်အလား ရှေ့နှင့်နောက် လမ်းလျှောက်နေခဲ့၏။

ထိုအချိန်တွင် မျောက်ပုံသဏ္ဍာန်ရှိပြီး ညီလေး (၆) ဟုခေါ်သော လူတစ်ယောက်က ပြောလိုက်သည်။

"ကျွန်တော်က အဆောင်ကို အခုလေးပဲမီးရှို့လိုက်တာ။ ဒါပေမဲ့ ဘာမှအရာမထင်ဘူး ထင်တာပဲ…"

သူက သက်ပြင်းချလိုက်မိသည်။

"ဂျိမ်းးး..."

ကောင်းကင်ကြီးပေါ်တွင် အလွန်ကြီးမားသော မိုးကြိုးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လျှပ်စီးကြောင်းများစွာလည်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် နေ့အချိန်အလား လင်းထိန်သွားခဲ့သည်။ မိုးကြိုးများက အချင်းချင်း ပေါင်းစပ်နေပြီး မီးပွားများလည်း ထွက်ပေါ်နေခဲ့သည်။ ထိုအလင်းရောင်ကြားထဲတွင် တဖြည်းဖြည်း လူ (၅) ယောက် ပေါ်လာခဲ့၏။

"ဆရာကြီးတွေ..."

သူတို့က ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ထိုလူများက ဇဝေဇဝါ ဖြစ်နေသော်လည်း အလွန်အံ့ဩနေခဲ့ကြ၏။

Translated by Hein Htet

All Chapters