အခန်း (၄၃၀)
Vol. 29 Ch. 430
ထိုနေရာတွင် မိုးကြိုးနှင့် လေလှိုင်းများ မရှိချေ။ တိမ်တိုက်များထဲမှ ငွေရောင်လျှပ်စီးကြောင်းကြီးများ ထွက်ပေါ်လာနေသည်မှာ နတ်ဆိုးများ ကခုန်နေသလို ထင်မှတ်ရ၏။
သူတို့က မိုးကြိုးများအဖြစ် ဆက်တိုက်ပြောင်းလဲနေပြီး ကမ္ဘာပျက်တော့မည့် ပတ်ဝန်းကျင်မျိုး ဖြစ်လာခဲ့သည်။ သူတို့က အချင်းချင်း ရောယှက်လာပြီး အသံပေါင်းစုံထွက်၍ မတူညီသော လူ(၅)ယောက်အဖြစ် စုစည်းလာခဲ့သည်။
အနီရင့်ရောင် ဝတ်ထားသောသူများက အံ့ဩမှင်တက်နေကြသည်။ ဤကမ္ဘာကြီးထဲတွင် သူတို့၏ မွေးရာပါစွမ်းအားကိုသုံး၍ ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နိုင်သော နတ်ဘုရား မကောင်းဆိုးဝါးမျိုးဆက်များစွာ ရှိနေသော်လည်း အစစ်အမှန် ကောင်းကင်မကောင်းဆိုးဝါးကသာ ကမ္ဘာပျက်ဘေးကဲ့သို့ ကောင်းကင်အပြစ်ပေးမှုကို လုပ်ဆောင်နိုင်သည်။
ငွေရောင်အလင်းတန်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ထို(၅)ယောက်၏ ရုပ်ရည်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ (၃)ယောက်က ယောကျ်ားလေးဖြစ်ပြီး (၂)ယောက်ကတော့ မိန်းကလေးများဖြစ်၏။ သူတို့၏ အငွေ့အသက်များက အလွန်ထူးခြားလွန်းလှပြီး သူတို့ထဲမှာ တချို့ကတော့ အလွန်လှပသော နတ်သမီးများကဲ့သို့ ဖြစ်နေသည်။
“သူ…သူတို့တွေက ဆရာကြီးတွေပဲ…”
ညီလေး(၆)ဟု ခေါ်သောလူက သတိပြန်ဝင်လာပြီး အထိတ်ထိတ်အလန့်လန့်နှင့် ပြောလိုက်သည်။
“ဆရာကြီးတွေ ဟုတ်လား…”
ခေါင်းဆောင်နှင့် တခြားသောလူ(၄)ယောက်က အချင်းချင်း အံ့အားသင့်စွာ၊ ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်မိကြသည်။
“လူထူးဆန်းကြီး ပြောခဲ့တဲ့ ဆရာကြီးတွေလား…။ အစစ်အမှန်မကောင်းဆိုးဝါးကို ခစားနေတယ်လို့ ပြောတဲ့သူတွေလား…”
“မဟုတ်ရင် သူတို့ပေါ်လာတဲ့အတွက် ဒီလိုသဘာဝဖြစ်စဉ်မျိုး ဘာလို့ ပေါ်လာမှာလဲ…”
သူတို့က သူတို့၏ဓားသွားကို ကိုင်ပြီး နှစ်ပေါင်းများစွာကြာအောင် လူပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူတို့က ခံစားချက်များကို လျင်မြန်စွာ ထိန်းချုပ်နိုင်ကြ၏။
လူ(၅)ယောက်၏ ကိုယ်စား ခေါင်းဆောင်က တလေးတစား အရိုအသေ ပေးလိုက်သည်။
“ကျွန်တော်တို့က ကမ္ဘာမြေပေါ် ဆင်းသက်လာတဲ့ ဆရာကြီး(၅)ယောက်ကို အရမ်းကျေးဇူးတင်မိပါတယ်…”
သံသရာတာဝန်ကို စတင်လုပ်ဆောင်သည့်အချိန်ကတည်းကစပြီး မုန့်ချီတို့အဖွဲ့က သံသရာကမ္ဘာကြီးထဲကို တိတ်တဆိတ်ပို့ဆောင်ခြင်းသာ ခံခဲ့ရသည်။ ယခုလို အလွန်ကြီးကျယ်ခမ်းနားသော ပုံရိပ်မျိုး လုံးဝမရှိဖူးသည့်အတွက် သူတို့အားလုံးကလည်း အံ့ဩနေကြ၏။
မုန့်ချီကတော့ တခြားသူများထက် အရင် သတိပြန်ဝင်လာသည်မှာ ကံကောင်းသွားသည်။ သူက ပြုံးနေခြင်းမရှိဘဲ လေးလေးနက်နက် မေးလိုက်၏။
“ဘာလို့ မင်းတို့က တံဆိပ်ကို မီးရှို့လိုက်ရတာလဲ…”
သူက ခေါင်းဆောင်၏စကားနှင့် လိုက်လျောညီထွေ မေးလိုက်ခြင်း ဖြစ်သည်။ မုန့်ချီကတော့ ထိုကဲ့သို့ အခြေအနေမျိုးနှင့် အသားကျသွားကြောင်း မြင်လိုက်ရသည့်အခါ ကျန်းကျိဝေက ခေါင်းခါပြီး ရယ်လိုက်မိသည်။
ထိုကိုရင်လေး၏ သဘာဝက အပြောင်းအလဲ မြန်လွန်းလှ၏။ သို့သော် သူ၏ပင်ကိုယ်သဘာဝကိုသာ ထိန်းချုပ်နိုင်ခြင်း မရှိသ၍ သူ၏ဆုံးဖြတ်ချက်များ အရာအားလုံးက သူမအတွက် အဆင်ပြေနေသည်။
အရိုအသေပေးနေသော ခေါင်းဆောင်က ပြန်မော့လာပြီး မုန့်ချီကို စိုက်ကြည့်လိုက်သည်။ အလွန်ငယ်ရွယ်ပြီး ချောမောခန့်ညားသော ဆရာကြီးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ထားသည်။ သူ့ပုံစံက မကောင်းဆိုးဝါးတစ်ကောင်နှင့် လုံးဝမတူညီပေ။ သို့သော် သူ့အကြည့်က အဆုံးမရှိသော ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းလွန်းလှပြီး သူ၏မျက်ဝန်းများက ကြယ်ပွင့်များကဲ့သို့ တောက်ပနေသည်။ သူတို့ ကြည့်နေသည့်သူများကတော့ သူတို့ဆီမှ အကြည့်လွှဲဖယ်သွားရန် ခက်ခဲနေ၏။
“ဆရာကြီးတို့…
ကျွန်တော်တို့က ဝတ်ရုံနီတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေပါ…။ ကျွန်တော်တို့ရဲ့အစ်ကိုကြီး တူဟိုင်ရှန့်က တန်းနင်မှာ ပိတ်မိနေတယ်…။ ကျွန်တော်တို့က တခြားနည်းလမ်းတွေကိုလည်း စဉ်းစားလို့မရတဲ့အတွက် လူထူးဆန်းကြီး ပေးခဲ့တဲ့ တံဆိပ်ကို မီးရှို့ခဲ့တာပါ…”
ခေါင်းဆောင်က ရိုရိုသေသေ ပြန်ဖြေလိုက်သည်။
ကျန်းကျိဝေ၊ ကျိုးဟမ်၊ ချီကျန်းရန်နှင့် ရွမ်ယုရှူတို့က နှစ်ဖက်ခွဲ၍ ရပ်နေကြသည်။ အရေးပေါ်အခြေအနေဖြစ်လာလျှင် သူတို့က စွမ်းအားအသီးသီးကို အသုံးပြုနိုင်ကြ၏။
မုန့်ချီက ရေလှိုင်းမီးတောက်ဓားကို ကိုင်ထားရင်း တည်ငြိမ်စွာ မေးလိုက်သည်။
“ငြိမ်းချမ်းရေးကောင်းကင်ဘုရင် တူဟိုင်ရှန့်လား…”
“ဆရာကြီးက ကျွန်တော်တို့ရဲ့ အစ်ကိုကြီးကို သိနေတာလား…”
ခေါင်းဆောင်က အံ့ဩပြီး ဝမ်းသာသွားခဲ့သည်။
“အစ်ကိုကြီးရဲ့ဂုဏ်သတင်းက ကောင်းကင်(၉)သွယ်ရဲ့အပြင်ဘက်ထိ ပျံ့နှံ့နေတဲ့အတွက် ကောင်းကင်မကောင်းဆိုးဝါးကို ခစားတဲ့ ဆရာကြီးတွေကတောင် သိနေတာလား…”
ထိုအချိန်တွင် လူတစ်ယောက်က အသံတိုးတိုးနှင့် ပြောလိုက်၏။
“အစ်ကို(၂) …
ကျွန်တော်တို့ရဲ့အစ်ကိုကြီးက လူထူးဆန်းကို ကယ်ခဲ့ဖူးတယ်…။ လူထူးဆန်းက အကူအညီတောင်းဖို့ ဆရာကြီးတွေကို ကမ္ဘာမြေပေါ် ဆင်းလာခိုင်းတယ်ဆိုမှတော့ သူက ကောင်းကင်ဆက်သွယ်မှုကိုသုံးပြီး ကျွန်တော်တို့အစ်ကိုကြီးရဲ့နာမည်ကို သတင်းပို့ထားတာလည်း ဖြစ်နိုင်တယ်လေ…”
“အေး…ငါ နားလည်ပြီ…”
ခေါင်းဆောင်က ချက်ချင်းနားလည်သွားခဲ့သည်။
မုန့်ချီက အခြေအနေကို ရှင်းရှင်းလင်းလင်း မသိသေးပေ။ ထို့ကြောင့် သူက ပြန်ဖြေခဲ့ခြင်း မရှိဘဲ ပြောလိုက်၏။
“တန်းနင်မှာ ပိတ်မိနေတဲ့ တူဟိုင်ရှန်ရဲ့အခြေအနေကို ပြောပြပါ…”
“ကျေးဇူးတင်ပါတယ်...။ ဆရာကြီးတို့…”
ခေါင်းဆောင်က သူ၏ပျော်ရွှင်မှုကို ထိန်းချုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။
“သူ့ရဲ့မေးခွန်းအရဆိုရင် သူတို့က ငါတို့အစ်ကိုကြီးကို သွားကယ်တော့မယ်လို့ ဆိုလိုနေတာပဲ…”
ထို့နောက် သူက စကားလုံးစဉ်းစားပြီး ပြောလိုက်သည်။
“ဘုရင်က အသုံးမကျတော့ လူတိုင်းက ဒုက္ခတွေ ရောက်နေတယ်…။ ကျွန်တော်တို့ အစ်ကိုကြီးက တန်းနင်ရဲ့ တောင်ဘက်ပိုင်းကို စုစည်းပြီး လူသားတွေအတွက် ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးပေးချင်ခဲ့တယ်…။ သူ အနိုင်မရမချင်း သူနဲ့ သူ့တပ်ဖွဲ့က လက်လျော့မှာ မဟုတ်ဘူး…။ ကျွန်တော်တို့က တိုက်ပွဲ တိုက်ခိုက်တဲ့အချိန်မှာ အနီရောင်အကျ်ီတွေပဲ ဝတ်ဆင်ထားကြတယ်…။ ဒါကြောင့် ကျွန်တော်တို့ကို ဝတ်ရုံနီတပ်ဖွဲ့လို့ ခေါ်ကြတယ်…”
“နန်းတွင်းရဲ့မျက်လုံးထဲမှာတော့ ကျွန်တော်တို့က ဆူးတွေပဲ…။ သူတို့က နေရာအနှံ့မှာရှိတဲ့ ပုန်ကန်မှုတွေကို မဖြေရှင်းနိုင်တဲ့အတွက် မြေပြင်အဆင့်ရှိတဲ့ အစွမ်းထက် ပညာရှင်တွေ အများကြီး လွှတ်ခဲ့တယ်…။ နန်းတွင်းခုံရုံးက အတော်လေး ပင်ပန်းနေတဲ့အတွက် ရှင်ဘုရင်က ကျွန်တော်တို့အားလုံးကိုသတ်ဖို့ ပညာရှင်တွေ စေလွှတ်ခဲ့တယ်…”
ဝတ်ရုံနီတပ်ဖွဲ့၏ အကြံပေးတစ်ဝက်ဖြစ်သည့်အတွက် သူ့အမြင် ပြောရလျှင် ထိုပညာရှင်များအားလုံးက အစစ်အမှန် ကောင်းကင်မကောင်းဆိုးဝါးကို ခစားရသော ကောင်းကင်(၉)သွယ်မှ ပညာရှင်များ ဖြစ်နိုင်သည်။ အကယ်၍ သူကသာ သူတို့၏ အကူအညီကို ရရှိမည်ဆိုလျှင် ဝတ်ရုံနီတပ်ဖွဲ့က သေချာပေါက် အနိုင်ရနိုင်၏။ ထို့ကြောင့် သူက ဝတ်ရုံနီတပ်ဖွဲ့၏ ယုံကြည်မှုနှင့် မူလဇာစ်မြစ်ကိုပါ ထပ်ဖြည့်ပြောခဲ့သည်။
သူပြောပြီးသွားသည့်အချိန်တွင် မုန့်ချီနှင့် သူ့အဖော်များ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိကြောင်း တွေ့လိုက်ရသည်။ သူက စိုးရိမ်စိတ်ကို ဖိနှိပ်ပြီး အဓိကအချက်ကို ပြန်ပြောလိုက်၏။
“လွန်ခဲ့တဲ့ရက် အနည်းငယ်လောက်မှာ တန်းနင်ကို ကာကွယ်ရတဲ့ ကျောက်စိမ်းမျက်လုံးနဂါးပျံ ကျိုးဟမ်ဖုန်းက လူထူးဆန်းအဖွဲ့တစ်ခုကို ခေါ်လာခဲ့ပြီး ဝတ်ရုံနီတပ်ဖွဲ့ရဲ့ ပင်မအင်အားစုကို တိုက်ခိုက်ဖို့ ပြင်နေတယ်ဆိုတာ သတင်းကြားခဲ့တယ်…။ ကျွန်တော်တို့က ဒီကိစ္စကို ပိုပြီးတော့ စုံစမ်းချင်ခဲ့တယ်…”
ဤကမ္ဘာကြီးထဲတွင် မကောင်းဆိုးဝါးများ၊ နတ်ဘုရားများ၏ မျိုးဆက်ပေါင်းများစွာ ရှိနေသည်။ တိုက်ပွဲများဟူသည်မှာတော့ ရဲမက်များကို တိုက်ခိုက်ခိုင်းပြီး အနိုင်ရယူရသော အရာတစ်ခု ဖြစ်၏။ ခေါင်းဆောင်စစ်သူကြီးကသာ အသတ်ခံရမည်ဆိုလျှင် ဝတ်ရုံနီတပ်ဖွဲ့က ပျက်စီးသွားနိုင်သည်။
“ကျိုးဟမ်ဖုန်းက အစွမ်းထက်တယ်…။ တန်းနင်မှာ ပညာရှင်တွေလည်း အများကြီးရှိတယ်…။ အဲဒါက နဂါးရေကန်ကျားရဲတွင်းလို နေရာတစ်ခုပဲ…။ ကျွန်တော်တို့က လုံလောက်အောင် အစွမ်းမထက်တဲ့အတွက် အစ်ကိုကြီးရဲ့နောက်ကို လိုက်သွားမယ်ဆိုရင် သူ့ကို ဒုက္ခပေးသလိုပဲ ဖြစ်သွားနိုင်တယ်…။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အစ်ကိုကြီးက လျှို့ဝှက်သတင်းပေးနဲ့ ဆက်သွယ်ဖို့အတွက် တန်းနင်ကို တစ်ယောက်တည်း ထွက်သွားခဲ့တယ်…"
ခေါင်းဆောင်က အလေးအနက်ဖြစ်လာပြီး စိုးရိမ်နေပုံရသည်။
“ဒါပေမယ့် ကျွန်တော်တို့ရဲ့ အစ်ကိုကြီး မြို့ထဲကို ဝင်သွားပြီး တတိယမြောက်နေ့မှာပဲ ကျိုးဟမ်ဖုန်းက မြို့ကို လုံးဝပိတ်ထားလိုက်ပြီး လူတိုင်းကို အဝင်အထွက် ခွင့်မပြုတော့ဘူး…။ အဲဒီအချိန်ကတည်းကစပြီး အစ်ကိုကြီးနဲ့ ဆက်သွယ်မှု ပြတ်တောက်သွားတာပဲ…။ ကျွန်တော်တို့က သတင်းပေးတွေလွှတ်ပြီး သတင်းစုံစမ်းခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့ဘူး…”
“ကျွန်တော်တို့ရဲ့ပုံစံ၊ ရုပ်ရည်နဲ့ စွမ်းရည်တွေက တန်းနင်မှာ လူသိများနေတယ်ဆိုတော့ ကျွန်တော်တို့က ခိုးဝင်သွားဖို့လည်း မဖြစ်နိုင်ဘူး…။ ကျွန်တော်တို့က မြို့ထဲမှာ အစ်ကိုကြီးနဲ့အတူတူ တိုက်ခိုက်ချင်တာ…။ အခုတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်နေရပြီး ဘာအကူအညီမှ မပေးနိုင်ဘူးဖြစ်နေတယ်…။ ကောင်းကင်ဘုံက ကျွန်တော်တို့က ကူညီပေးတာ ကံကောင်းသွားတယ်…။ ကျွန်တော်တို့က ဆရာကြီးတို့ရဲ့အကူအညီကို ရတယ်…။ ကျွန်တော်တို့ရဲ့ အစ်ကိုကြီးကိုသာ ကယ်တင်နိုင်မယ်ဆိုရင် ကျွန်တော်တို့က ဘယ်အရာကိုမဆို ပေးဆပ်မှာပါ…”
မုန့်ချီက တိတ်ဆိတ်နေခဲ့သည်။ သူက ခေါင်းဆောင်စကားဆုံးသည့်အချိန်အထိ တိတ်တဆိတ် နားထောင်နေခဲ့၏။ ထို့နောက် သူက ပြောလိုက်သည်။
“မင်းတို့မှာ တံဆိပ်ရှိနေမှတော့ ငါက ကူညီပေးမယ်…။ မင်းတို့ပေးမယ့် ဆုလာဘ်တွေက စဉ်းစားစရာလိုတဲ့အရာမျိုးမဟုတ်ရင် ငါတို့က ဘာဆုလာဘ်မျိုးမှ မလိုအပ်ဘူး…”
“စဉ်းစားစရာလိုတယ် ဟုတ်လား…”
ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါတို့က ဒီအရာကို အလေးမဲ့နေလို့တော့ မရဘူး…။ ဘယ်လိုဆုလာဘ်မျိုးကို စဉ်းစားစရာ လိုမှာလဲ…”
မုန့်ချီက ပို၍အဆင့်မြင့်သလို လုပ်ဆောင်နေလေလေ သူတို့က ပို၍ သတိထားသင့်လေလေ ဖြစ်သည်။
“ငါတို့က ကမ္ဘာမြေပေါ်ကို ဆင်းလာတာဖြစ်တဲ့အတွက် ငါတို့ရဲ့အစွမ်းတွေက ကန့်သတ်ခံထားရတယ်…။ ဒါကြောင့် ငါတို့တွေက အချက်အလက်တွေရဖို့ မင်းတို့ရဲ့ အကူအညီကို လိုအပ်တယ်…။ ဒါဆိုရင် ငါတို့က ရန်သူရဲ့အခြေအနေကိုလည်း ပိုပြီးတော့ ကောင်းကောင်းနားလည်နိုင်တယ်…”
မုန့်ချီက အကြောင်းပြချက်တစ်ခု ပြောလိုက်သည်။
သူက အကြောင်းရင်းကို အသေးစိတ်ရှင်းပြနေခြင်းမရှိချေ။ ထိုသို့ဆိုလျှင် ခေါင်းဆောင်ဆီ၌ မေးခွန်းများအနည်းငယ် ရှိနေလျှင်ပင် မုန့်ချီကတော့ သူ၏မေးခွန်းကိုသာ တိုက်ရိုက်ပြန်ဖြေ၍ ရနိုင်သည်။
ခေါင်းဆောင်ကတော့ ထိုအရာကို ထူးဆန်းနေသည်ဟု မခံစားရခဲ့ပေ။ ကောင်းကင်မကောင်းဆိုးဝါးက ကမ္ဘာမြေကြီးကို ရောက်မလာတော့သည်မှာ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသော လမ်းကြောင်းက ပြတ်တောက်သွားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့၏စွမ်းအားများ ကန့်သတ်ခံရခြင်းက ကျိုးကြောင်းသင့်လျော်မှုရှိသည်ဟု တွေးခဲ့မိ၏။
“ဆရာကြီးတို့ သိချင်တဲ့အရာကိုသာ မေးပါ…။ ကျွန်တော်တို့က အရာအားလုံး ပြောပြပါ့မယ်…”
“ကမ္ဘာကြီးက အတော်လေး ပြောင်းလဲသွားပြီ…။ ငါတို့က ဒီကမ္ဘာကြီးထဲကနေ ကင်းကွာနေတာလည်း တော်တော်လေး ကြာနေပြီ…။ ဒီတော့ လက်ရှိအချိန်မှာ ပညာရှင်တွေကို ဘယ်လိုခွဲခြားထားလဲဆိုတာ မသိတော့ဘူး…။ ကျိုးဟမ်ဖုန်းနဲ့ တူဟိုင်ရှန့်တို့က ဘယ်လိုအဆင့်မျိုးမှာ ရှိနေတာလဲ…”
မုန့်ချီကတော့ အရေးကြီးသောအရာတစ်ခုကို ပြောသည့်အချိန်တွင် အတော်လေးကို လေးနက်နေခဲ့သည်။
ခေါင်းဆောင်က အလျင်အမြန် ပြန်ဖြေလိုက်၏။
“သူတို့တွေကတော့ လူသားလှေကားအဆင့်နဲ့ မြေပြင်လှေကားအဆင့်တွေပါ…။ ဒါပေမယ့် သိပ်မကြာခင် မျိုးဆက်တွေအတွင်း ပညာရှင်ခန်းမက လှေကား(၂)ထစ်နဲ့ အဆင့်(၁၈)ဆင့်ကိုသုံးပြီး ပညာရှင်တွေအားလုံးကို အဆင့်သတ်မှတ်ခဲ့တယ်…။ သူတို့ရဲ့ ခွဲခြားမှုကိုလည်း တဖြည်းဖြည်း လက်ခံလာခဲ့ကြတယ်…"
“လူသားလှေကား(၉)ဆင့်က လျှို့ဝှက်ဆန်းကြယ်ပေမဲ့ အရမ်းအစွမ်းထက်တာ မဟုတ်ဘူး။ မြေပြင်လှေကား(၉)ဆင့်ကတော့ တောင်တန်းကြီးများကို ရွှေ့ပစ်နိုင်ပြီး ပင်လယ်ကြီးများကို ထက်ခြမ်းခွဲ၍ မြစ်များကို ဖျက်ပစ်နိုင်တယ်။ သူတို့တွေ တော်တော်လေး ကြောက်စရာကောင်းပြီး ထူးလဲ ထူးခြားတယ်…။ အမှန်အတိုင်း ပြောရရင် ပညာရှင်ခန်းမက ကောင်းကင်လှေကားဆိုတဲ့နာမည်ကိုလည်း သတ်မှတ်ခဲ့တယ်…။ ဒါပေမယ့် အဲဒီအဆင့်ကိုတော့ ဘယ်သူမှ မရောက်ဖူးသေးဘူး…။ ဒါကြောင့် အဲဒါကို နတ်ဘုရားမကောင်းဆိုးဝါးလှေကားလို့လဲ ခေါ်ကြတယ်…”
“ကျွန်တော်တို့အားလုံးကတော့ လူသားလှေကား အဆင့်(၁)မှာပဲ ရှိသေးတယ်…။ ကျွန်တော်တို့ အစ်ကိုကြီးနဲ့ ကျိုးဟမ်ဖုန်းတို့ကတော့ မြေပြင်လှေကား အဆင့်(၉)မှာ ရောက်နေကြပြီ…။ ဒါပေမယ့် ကျိုးဟမ်ဖုန်းက ကြမ်းတမ်းရက်စက်တယ်…။ သူ့မှာ ထူးခြားတဲ့ ကောင်းကင်သိစိတ်လည်း ရှိနေတဲ့အတွက် အစ်ကိုကြီးက သူ့ကို အနိုင်မရနိုင်ဘူး…။ ပြီးတော့ ပညာရှင်တွေ အများကြီး ရှိနေတဲ့အပြင် သူက လူထူးဆန်း အဖွဲ့တစ်ဖွဲ့ကိုလည်း ထပ်ပြီးတော့ ဖိတ်ခေါ်ထားသေးတယ်…”
မုန့်ချီတို့က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့အချင်းချင်း ဆက်သွယ်ရန် လျှို့ဝှက်အသံပို့ဆောင်မှုကို မသုံးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဝတ်ရုံနီတပ်ဖွဲ့၏ ဒုခေါင်းဆောင်က အရေးကြီးသောသတင်းတစ်ခုကို ပြောပြနေခြင်းကြောင့် ဖြစ်သည်။
နတ်ဘုရားများ၊ မကောင်းဆိုးဝါးများ၏ သွေးမျိုးဆက်ရှိနေသော သိုင်းပညာရှင်များက မြေပြင်လှေကားအဆင့်ကို မရောက်သေးသော်လည်း ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နိုင်သော ကိုယ်ပိုင်စွမ်းရည်များ ရှိနေကြသေးသည်။ ထို့ကြောင့်လည်း သူတို့က ထူးဆန်းသောဖြစ်စဉ်များကို အသုံးပြုနိုင်ခြင်း ဖြစ်၏။
သူတို့က ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော ဉာဏ်အလင်းပွင့်မှု အဆင့်ရှိ ပညာရှင်များထက် ခုခံရန် ပို၍ခက်ခဲနိုင်သည်။ ထို့ကြောင့် မုန့်ချီတို့အဖွဲ့က သေချာဂရုစိုက်ရမည် ဖြစ်သည်။ သူတို့ထဲမှ တချို့တွင် ကောင်းကင်သိစိတ်များ ရှိနေနိုင်ပြီး မုန့်ချီတို့က လျှို့ဝှက်အသံပို့ဆောင်မှုကိုသုံးပြီး ပြောလျှင်ပင် ကြားနိုင်သော ကောင်းကင်နားကျင့်စဉ်များလည်း ရှိနေနိုင်သည်။
ဝတ်ရုံနီတပ်ဖွဲ့ခေါင်းဆောင်က ကျိုးဟမ်ဖုန်း၏ အချက်အလက်များကို အသေးစိတ် ပြောပြလိုက်ပြီးနောက် မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ယုံကြည်ချက်ရှိသွားပုံ ရသည်။
“မြို့ထဲကို ဝင်သွားတဲ့အချိန်မှာ တူဟိုင်ရှန့်က ဘယ်သတင်းပေးနဲ့ တွေ့ခဲ့တာလဲ…”
“သူ့နာမည်က ကောရှန့်လို့ခေါ်တယ်… ။ သူဌေးကြီးကောလို့လည်း လူသိများတယ်…။ သူက ကျွန်တော်တို့အစ်ကိုကြီးရဲ့ ဆွေမျိုးတစ်ယောက်ပါပဲ…။ ဝတ်ရုံနီတပ်ဖွဲ့ရဲ့ လျှို့ဝှက်အထောက်အပံ့ဖြစ်နေတဲ့ သူက တန်းနင်မှာလည်း နာမည်ကျော် သူဌေးကြီးတစ်ယောက် ဖြစ်နေပြီ…”
ခေါင်းဆောင်က ဆက်လက်၍ အသေးစိတ်အချက်အလက်များကို ပြောပြလိုက်သည်။
သူပြောပြီးသွားသည့်အချိန်တွင် ထပ်ပြောလိုက်၏။
“ကျွန်တော်တို့ ညီအစ်ကို(၁၀)ယောက်က တစ်နေ့တည်း မွေးလာတာ မဟုတ်ပေမယ့် တစ်နေ့တည်း သေမယ်လို့ သစ္စာဆိုထားကြတယ်…။ တကယ်လို့ ဆရာကြီးကသာ ကျွန်တော်တို့ အစ်ကိုကြီးကို ကယ်တင်ပေးမယ်ဆိုရင် ကျွန်တော်တို့ကို ကယ်တင်ပေးသလိုပါပဲ…။ ကျေးဇူးပြုပြီး ကျွန်တော်တို့ အရိုအသေပေးတာကို လက်ခံပေးပါ…”
ဝတ်ရုံနီတပ်ဖွဲ့၏ ကျန်ရှိနေသော ခေါင်းဆောင်များက ဒူးထောက်ပြီး အရိုအသေပေးလိုက်ကြသည်။ သူတို့၏မျက်နှာအမူအရာက အလွန်လေးနက်နေပြီး မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့၏။
မုန့်ချီ၊ ကျန်းကျိဝေနှင့် တခြားသောအဖွဲ့သား(၃)ယောက်က သူတို့၏ အရိုအသေပေးမှုကို တည်ငြိမ်စွာ လက်ခံနေခဲ့ကြသည်။ သူတို့က ထိုတာဝန်ကို ကောင်းမွန်စွာ နားလည်နေခဲ့ကြ၏။ သို့သော် သတိလွတ်၍ မနေရဲပေ။
အဘယ်ကြောင့်ဆိုသော် သိပ်မကြာခင်အတောအတွင်း ကျိုးဟမ်ဖုန်း ခေါ်ထားသော လူထူးဆန်းများက အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး သိုင်းလောကတွင် သူတို့နှင့် ပတ်သက်သော အချက်အလက်များ မရနိုင်ပေ။
………….
မြို့၏ပတ်ပတ်လည်ကို ခရမ်းရောင်မြစ်ကြီးတစ်စင်းက ဝိုင်းပတ်နေသည့်အတွက် တန်းနင်မြို့က အိပ်မက်ဆန်သည့် မြို့တစ်မြို့ ဖြစ်နေသည်။ နေရာတစ်ခုက ပို၍လှပလေလေ ပို၍အန္တရာယ်များလေလေ ဖြစ်၏။ အနားကို ကပ်သွားရုံနှင့် လူတိုင်းက တုန်လှုပ်ခြောက်ခြားသွားနိုင်သည်။
မုန့်ချီတို့အဖွဲ့က အဝတ်အစားများ လဲလှယ်ထားကြ၏။ သူတို့က ဝတ်ရုံနီတပ်ဖွဲ့နှင့် အဆက်အသွယ်မရှိသည့် လူစိမ်းများဖြစ်သည့်အတွက် သူတို့ကို မြို့တံခါးမှတဆင့် တန်းနင်မြို့ထဲသို့ ဝင်ခွင့်ပေးခဲ့သည်။
“စည်ကားတယ်…။ ဆူညံတယ်…။ လူသူထူထပ်တယ်…”
သူတို့၏ခေါင်းထဲတွင် စကားလုံးပေါင်းများစွာ ပေါ်လာခဲ့၏။
တန်းနင်က အလွန်ကြီးမားသော နာမည်ကျော်မြို့တစ်မြို့ဖြစ်သည်။ ဝတ်ရုံနီတပ်ဖွဲ့ ပြောခဲ့သော လိပ်စာနှင့် လမ်းပုံသဏ္ဍာန် အချက်အလက်များကြောင့် သူတို့က သူဌေးကြီးကော၏ ရဲတိုက်အနီးအနားတွင် ဆွေမျိုးများကို ရှာဖွေနေသော လူများကဲ့သို့ ဟန်ဆောင်နေခဲ့၏။
သူတို့က ထိုနေရာသို့သွားရန် သွယ်ဝိုက်သောနည်းလမ်းနှင့် စုံစမ်းသည်မှာ အကောင်းဆုံးဟု ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က သိပ်မကြာခင် ကောရဲတိုက်၏ ဘယ်ဘက်ခြမ်းကို ရောက်လာခဲ့၏။ သူတို့က အရပ်မျက်နှာကို စစ်ဆေးကြည့်လိုက်ပြီးနောက် လမ်းနှစ်ခုကို ဖြတ်ကျော်သွားသည့်အချိန်တွင် အနီရောင်အဆောက်အဦးကြီးတစ်ခုကို တွေ့လိုက်ရသည်။
နေ့လည်ခင်းဖြစ်သည့်အတွက် ထိုနေရာတွင် အဝင်အထွက်မရှိဘဲ တံခါးက ပိတ်ထား၏။ ရဲတိုက်၏ အနီးတွင်တော့ သစ်ပင်များရှိနေပြီး အနီရောင်အဆောက်အဦးများလည်း ရှိနေသည်။
“တကယ်လို့ ကောရဲတိုက်ထဲမှာ ဘာမှမဖြစ်ဘူးဆိုရင်တော့ ပိုပြီးတော့ သတိထားရမယ်…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေမယ့် ငါတို့က အလေးမဲ့မနေပါဘူး…။ ငါတို့က…”
မုန့်ချီက သူ၏အကြံအစည်ကို ပြောပြီးသွားသည့်အချိန်တွင် ကျန်းကျိဝေ၊ ရွမ်ယုရှုနှင့် တခြားသူများက သူတို့စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ရန် ခေါင်းညိတ်ပြလိုက်ကြသည်။
မိနစ်အနည်းငယ်အတွင်း မုန့်ချီကတော့ လမ်းပေါ်တွင် သွားလာနေသော သာမာန်လူတစ်ယောက်ကဲ့သို့ ပြောင်းလဲလိုက်၏။ သူက ကောရဲတိုက်၏အနားသို့ ကပ်သွားပြီး အနီးအနားတွင်ရှိသော သစ်ပင်ကြီး၏အောက်တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
ထို့နောက် ခေါက်ဆွဲတစ်ပွဲ ဝယ်လိုက်ပြီး ဈေးသည်ကို မေးလိုက်သည်။
“ကောရဲတိုက်ကြီးက ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ…။ လူတစ်ယောက်မှလည်း မတွေ့ပါလား…”
ဈေးသည်က မုန့်ချီကိုကြည့်ပြီး ရယ်လိုက်သည်။
“ချမ်းသာတဲ့သူတွေက အဲဒီလိုပဲလေ…။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို မြို့စားက သိမ်းသွားပြီ…”
“ဪ… အဲဒီလိုလား…”
မုန့်ချီက ခေါက်ဆွဲစားနေရင်း မေးလိုက်သည်။
ထို့နောက် သူက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး အနီးအနားတွင် ရှိနေသော လမ်းတစ်ခုထဲသို့ ချိုးဝင်သွားခဲ့သည်။ သူက နေရာပေါင်းများစွာ ချိုးကွေ့လိုက်ပြီးနောက် လူသူကင်းမဲ့နေသော လမ်းတစ်ခုကို တွေ့လိုက်ရ၏။
လမ်းအဆုံးတွင်တော့ အပြာရင့်ရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်က လက်နောက်ပစ်ပြီး ရပ်နေ၏။ သူ့ပုံစံက အလွန်ကြီးကျယ်ခမ်းနားသည်။
မုန့်ချီ ပြန်လာသည်ကို မြင်သည့်အခါ သူက အလျင်အမြန် မေးလိုက်၏။
“စုံစမ်းတာ ဘယ်လိုဖြစ်သွားပြီလဲ…”
“အဲဒီအချက်အလက်တွေသာ ရမယ်ဆိုရင် ဒီငွေစတွေက မင်းအတွက်ပဲ…”
ထိုလူက ကျိုးဟမ်ဖြစ်၏။
ထိုအချိန်တွင် ရုတ်တရက်ဆိုသလို လမ်းဘေးနံရံများပေါ်၌ လူပေါင်းများစွာ ခုန်ထွက်လာပြီး မုန့်ချီနှင့် ကျိုးဟမ်တို့ကို ဝိုင်းလိုက်ကြသည်။ ထိုလူများ၏ ခေါင်းဆောင်က အလွန်ကြောက်စရာကောင်းသော အငွေ့အသက်မျိုးရှိပြီး မျက်နှာပေါ်တွင် အမာရွတ်ကြီးတစ်ခု ရှိသည်။
သူက ခနဲ့သလို ပြုံးလိုက်၏။
“ငွေစ ဟုတ်လား။ မင်းတို့က ငါတို့ကို လှည့်စားချင်တာလား။ သူတို့ကို ဖမ်းလိုက်ကြစမ်း…”
Translated by Hein Htet.