← Chapters

အခန်း (၄၃၁)

Vol. 29 Ch. 431

အခန်း (၄၃၁)

Vol. 29 Ch. 431

သူတို့ကို ဦးဆောင်လာသည့် သူကတော့ လက်ဝဲမြို့စားရဲတိုက်မှ ဒုတပ်မှူး တစ်ယောက် ဖြစ်ပြီး လူသားလှေကားထစ် အဆင့်(၂)ကို ရောက်နေသော ကျိတောင် ဖြစ်သည်။ တပ်မှူးကျန်းရှန်းဟုန်က သူ့ကို အလွန်ယုံကြည်ပြီး နေရာပေးထား၏။

ကျိတောင်က သတင်းသမားများနှင့် ပတ်သက်သော အစိတ်အပိုင်းများကို တာဝန်ယူရသည်။ အဘယ်ကြောင့်ဆိုသော် သူက ကုန်သည်မျိုးစုံနှင့် ထိတွေ့ဆက်ဆံမှု ကောင်းမွန်သော နယ်မြေခံတစ်ယောက် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် သူ၏နေ့စဉ်တာဝန်က ကောမိသားစုကို ငါးစာအဖြစ် အသုံးချ၍ ဝတ်ရုံနီတပ်ဖွဲ့၏ သတင်းသမားများကို ဖမ်းဆီးရန် တာဝန်ယူထားရသည်။ အကယ်၍ သူရင်ဆိုင်နိုင်ခြင်း မရှိသော ရန်သူများနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဆူညံသံများ ပေး၍လည်းကောင်း အချက်ပေးမှု ထုတ်လွှတ်၍ ရနိုင်သည်။

ထိုသို့ဆိုလျှင် လက်ဝဲမြို့စားရဲတိုက်မှ ပညာရှင်များက သူ၏အချက်ပြမှုကို ရသည်နှင့် လာရောက်ကူညီပေးနိုင်၏။ သို့သော် ယခုတစ်ကြိမ်တော့ သူက ထိုကဲ့သို့ အရာမျိုးကို မလုပ်ခဲ့ပေ။ သူက အလျင်စလို အကူအညီ တောင်းလိုက်မည်ဆိုလျှင် အပြစ်ပေးခံရနိုင်သည့်အတွက် ရန်သူ၏အစွမ်းကို အရင်ဆုံးစမ်းသပ်ရန် စဉ်းစားထားသည်။

ထို့ကြောင့် သူက ထိုလူများ၏နောက်မှ တိတ်တဆိတ် လိုက်လာခဲ့ပြီး အခြေအနေကို အရင်ဆုံး ထုတ်ဖော်ရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။ နောက်တစ်လှမ်း မစခင် ရန်သူများ၏ ခြေလှမ်းကို သိနေခြင်းက အရေးကြီးသော အခြေအနေတစ်ရပ် ဖြစ်သည်။

ယခုတော့ သူက သာမန်အငွေ့အသက်များသာ ရှိနေသော ဝတ်ရုံနီတပ်ဖွဲ့မှ အဖွဲ့ဝင် တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ၏အဆင့်က လက်ဝဲမြို့စားရဲတိုက်ထဲတွင် ရှိနေသော ပညာရှင်များကဲ့သို့ မြေပြင်လှေကားအဆင့်ကိုပင် မရောက်သေးပေ။ ထို့ကြောင့် သူက သူ့အစွမ်းနှင့်သူ ထိုလူကို ရင်ဆိုင်နိုင်မည်ဟု သေချာနားလည်နေခဲ့၏။

မည်သို့ဖြစ်စေကာမူ အလွန်ထူးခြားသော သွေးမျိုးဆက်နှင့် အစွမ်းထက်သော လက်သီးကျင့်စဉ်များကြောင့် သူက လူသားလှေကား အဆင့်(၁)တွင် ရှိနေသော လူအများစုထက် နိမ့်ကျနေခြင်း မရှိချေ။ အကယ်၍ သူကိုယ်တိုင် ရန်သူကို ရင်ဆိုင်နိုင်ခြင်း မရှိလျှင် အကူအညီပေးနိုင်သော အဖွဲ့သားများစွာလည်း ရှိနေသေးသည်။

သူက ခနဲ့သလို ပြောလိုက်၏။

"ငွေစ ဟုတ်လား။ ဘာလို့ မင်းက ငါတို့ကို အခွင့်အရေး မပေးရတာလဲ။ သူ့ကို ငါ့အတွက် ဖမ်းပေးကြစမ်း…"

သူပြောပြီးသွားသည့်အချိန်တွင် ကျိုးဟမ်ဆီသို့ အမြင့်မှနေ၍ ခုန်ချလိုက်ပြီး အစိမ်းရောင် လျှပ်စီးကြောင်းများ လွှမ်းခြုံနေသော လက်သီးနှင့် ထိုးလိုက်သည်။ ကြည့်ရသည်မှာ သူ၏လက်သီးချက်က လေထုထဲကို ဖောက်ဝင်လာပြီး ဖြတ်သန်းလာသည့် နေရာတိုင်းတွင် 'တဖျစ်ဖျစ်' မြည်သံများ ထွက်ပေါ်လာနေခဲ့၏။

ထိုလက်သီးက ခန္ဓာကိုယ်ကို တိုက်ခိုက်မိလိုက်သည့်အချိန်တွင် ကျိုးဟမ်က ဓာတ်လိုက်သွားသလို ခံစားလိုက်ရပြီး ပင်မဝိညာဉ်ကလည်း လှုပ်ရှားသွားခဲ့သည်။ ခန္ဓာကိုယ်ထဲသို့ အစစ်အမှန်မိုးကြိုးတစ်ခု ဝင်ရောက်လာသလို ခံစားလိုက်ရ၏။

တစ်ချိန်တည်းတွင် နံရံပေါ်မှ အရိပ်ပေါင်းများစွာ ခုန်ဝင်လာပြီး လမ်းကြားလေး၏ အဆုံးမှနေ၍ လူပေါင်းများစွာ ရောက်လာခဲ့သည်။ သူတို့ထဲမှာ တချို့ကတော့ လက်ဝဲမြို့စားရဲတိုက်မှ ရဲမက်များဖြစ်ကြပြီး တချို့ကတော့ ကျိတောင် ခေါ်ဆောင်ထားသော သိုင်းလောကသားများနှင့် သတင်းသမားများ ဖြစ်ကြသည်။

သူတို့အများစု၏ အဓိကပစ်မှတ်ကတော့ ကျိုးဟမ်ဖြစ်ပြီး အနည်းစုကသာ မုန့်ချီကို ရင်ဆိုင်ရန် ကြိုးစားလိုက်သည်။ ရုတ်တရက်ဆိုသလို သူတို့ကိုယ်တိုင် မသိလိုက်ဘဲ အလွန်သာယာ ငြိမ့်ညောင်းသော ဂီတသံလေးတစ်ခု ပျံ့နှံ့လာခဲ့သည်။

ထိုဂီတသံက တိတ်ဆိတ်အေးဆေးနေပြီး လရောင်အောက်တွင် ရှိနေသော ရေကန်ကြီးတစ်ခုပမာ ခံစားနေရသလို နှစ်ပေါင်း တစ်သောင်းခန့် သက်တမ်းရှိသော ရေခဲတွင်းပေါက်ကြီးများကဲ့သို့ ဖြစ်နေသည်။ ပင်မဝိညာဉ်ထဲတွင် အေးစက်သွားခဲ့ပြီး သူတို့အားလုံးက ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားခဲ့၏။

ဒုတပ်မှူး ကျိတောင် အပါအဝင် လူတိုင်း၏ လှုပ်ရှားမှုက စတင်နှေးကွေးသွားပြီး ကွမ်ဟန်းကျိန်စာ၏ သက်ရောက်မှုကြောင့် နေရာတွင် တဖြည်းဖြည်း အေးခဲလာကြ၏။

"တကယ်ကြောက်စရာကောင်းတဲ့ ဂီတသံပဲ…"

လူအနည်းစုကသာ အချက်ပြထုတ်လွှတ်ရန် ခက်ခက်ခဲခဲ လှုပ်ရှားနိုင်ကြ၏။ သို့သော် အလွန်နောက်ကျသွားပြီ ဖြစ်သည်။

သူတို့၏မျက်လုံးထဲတွင် ဓားအလင်းတန်းတစ်ခု တောက်ပလာသည်ကို မြင်လိုက်ရပြီး အစိမ်းရောင် လူရိပ်တစ်ခုက ရုတ်တရက်ပေါ်လာပြီး အရာအားလုံး မည်းမှောင်သွားခဲ့သည်။ ထိုအချိန်တွင် သူတို့ထဲမှ တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် အဝါရောင် မီးတောက်ကလေးတစ်ခု လောင်ကျွမ်းနေပြီး ဂီတသံကြောင့် အေးခဲသွားသော သူ၏စိတ်ဝိညာဉ်ကို အနည်းငယ် ခုခံနေသည်။

အလွန်ထူးခြားသော သွေးမျိုးဆက်၏ ကျေးဇူးကြောင့် သူက သာမန်လူများထက် ကွမ်ဟန်းကျိန်စာကို အနည်းငယ်ပို၍ ခုခံနိုင်သေးသည်။ သူက မီးရှူးမီးပန်းကို ထုတ်လွှတ်ရန် ပြင်လိုက်စဉ် ခရမ်းရောင် မြစ်ကြီးတစ်စင်းနှင့် တောက်ပသောကြယ်များ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။ နဂါးငွေ့တန်းတစ်ခုက သူ့ခေါင်းပေါ်ကို ရောက်လာသလို ခံစားလိုက်ရ၏။ ထိုအရာက သူ့ကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်သွားခဲ့သည်။

သူ၏အရိုးနှင့် ကိုယ်တွင်းကလီစာများ အားလုံးကလည်း အကြိမ်ပေါင်းများစွာ သန့်စင်ခံလိုက်ရ၏။ ခရမ်းမြစ်ကြီး ပျောက်ကွယ်သွားသည့်အချိန်တွင် သူက မြေပေါ်သို့ အားနည်းစွာ လဲကျသွားခဲ့ပြီး အရေပြားကလည်း အကောင်းအတိုင်း မရှိတော့ပေ။ တခဏအတွင်း လမ်းကြားလေးထဲတွင် ရှိနေသော လူတစ်ဝက်ခန့်က လဲကျသွားခဲ့၏။

ကျန်းကျိဝေနှင့် ချီကျန်းရန်တို့၏ တိုက်ခိုက်မှုကို သူတို့က အနည်းငယ်လေးပင် ခုခံနိုင်ခြင်း မရှိကြပေ။ အစိမ်းရောင် လျှပ်စီးကြောင်းများ ရှိနေသော ကျိတောင်၏ လှုပ်ရှားမှုကလည်း တဖြည်းဖြည်း နှေးကွေးလာပြီး သူ၏အရေပြားက အေးစက်၍ မျက်လုံးများက မှေးမှိန်လာသည်။

ကျိုးဟမ်က ညာဘက်ကို ဆန့်ထုတ်လိုက်ပြီး လက် (၅) ချောင်းကို လှုပ်ရှားလိုက်၏။ သူက ကျိတောင်၏ လက်သီးကို လက်ဖဝါးနှင့် ဖမ်းဆုပ်လိုက်သည်။ ထိုအချိန်တွင် လက်ဖဝါးအလယ်မှနေ၍ အစိမ်းရောင် အလင်းတန်းများ ပျောက်ကွယ်သွားခဲ့၏။

ထိုအရာကို မြင်သည့်အခါ မုန့်ချီကို ဝိုင်းရံနေသော ရဲမက်များက မျက်လုံးပြူးနေပြီး သူတို့၏ အတွေးများက နှေးကွေးနေကြသည်။ ထိုအချိန်တွင် သတင်းသမားက မီးတောက်များ တောက်ပနေသော ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး သူ့ကို ပြုံးပြလိုက်၏။ ထို့နောက် သူတို့၏လည်ပင်းမှနေ၍ သွေးများ ဖြာကျလာခဲ့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် လှုပ်ရှားမှုများက ရပ်တန့်သွားပြီး မုန့်ချီနှင့် ကျိတောင်တို့ကသာ လမ်းကြားလေးထဲတွင် ရပ်နေနိုင်တော့သည်။ အနီးအနားတွင် စောင့်ကြည့်နေသော လက်ဝဲမြို့စားရဲတိုက်မှ သူလျှိုများကလည်း မလွတ်မြောက်နိုင်ကြပေ။

မုန့်ချီနှင့် တခြားလူများကတော့ ကောမိသားစု၏ ရန်သူများကို မကြောက်ကြပေ။ သူတို့က ထိုရန်သူများကို တိတ်တဆိတ် ဖြေရှင်းနိုင်ခြင်း မရှိမှာကိုသာ စိုးရိမ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် တန်းနင်က သတိထားနေသော အနေအထားတွင် ရှိနေပြီး သူတို့က ကျိုးဟမ်ဖုန်းနှင့် သူ့လက်အောက်တွင် ရှိနေသော ပညာရှင်များကို သတိမထား၍ မရနိုင်ပေ။

လှုပ်ရှားမှုက အသံဆူဆူညံညံ ဖြစ်ပေါ်လာမည်ဆိုလျှင် သူတို့ကို သတိထားမိသွားနိုင်၏။ ထိုသို့ဆိုလျှင် သူတို့က ရှုံးနိမ့်သွားနိုင်ပြီး အရာအားလုံး ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် သူတို့က သိမ်မွေ့သော နည်းလမ်းကို အသုံးပြုရန်အတွက် ရန်သူကို ထောင်ချောက်ထဲသို့ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့က လူအနည်းငယ်သာ ဖြတ်သန်းသွားလာသော ချောင်ကျသည့် လမ်းကြားလေးတစ်ခုကို ရွေးချယ်လိုက်၏။ ထိုနေရာတွင် လှုပ်ရှားမှု ကြီးကြီးမားမား မရှိဘဲ ဂီတသံတစ်ခုတည်းသာ ပျံ့နှံ့နေခဲ့သည်။ ထို့ကြောင့် မည်သူကမျှ သတိထားမိခဲ့ခြင်း မရှိချေ။ သို့သော် လူအများစုကတော့ ဤကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားခဲ့ရ၏။

ကျန်းကျိဝေ ၊ ချီကျန်းရန်နှင့် တခြားလူများက စကားတစ်ခွန်းမျှ မပြောဘဲ စူးစိုက်၍ ကြည့်နေကြသည်။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပြီး ကျိုးဟမ်၏ သွေးကြောပိတ်ခြင်းကို ခံထားရသည့် ကျိတောင်ဆီကို မုန့်ချီ လျှောက်လာခဲ့သည့်အချိန်တွင် သူ၏အရှိန်အဝါက ရုတ်တရက် ပြောင်းလဲလာခဲ့သည်။ သူ့ပုံစံက ကမ္ဘာမြေကြီးကို ငုံ့ကြည့်နေသော ကောင်းကင်သူတော်စင် တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

ကျိတောင်က မူးဝေလာသလို ခံစားလိုက်ရပြီး အလွန်ထူးခြားသော မှတ်ဉာဏ်များ ပြန်ပေါ်လာခဲ့သည်။ သူက နာကျင်မှုကို ဖယ်ရှားရန်လည်း အလွန်ခက်ခဲနေခဲ့၏။ ထိုမှတ်ဉာဏ်များ ပြန်ပေါ်လာနေစဉ် အတောအတွင်း သူ၏အတိတ်အကြောင်းကို အကြိမ်ပေါင်းများစွာ သတိပြန်ရသွားခဲ့ပြီး မကြာခဏဆိုသလို ခန္ဓာကိုယ်က လှုပ်ရှားနေသည်။

နာကျင်မှုများ ပြည့်နှက်နေသော သံသရာက အဆုံးမဲ့ ဖြစ်နေပြီး လူတိုင်းကို ပြိုလဲသွားစေနိုင်၏။ ကျိတောင်၏ ခံစားချက်များက စတင်ပြေလျော့လာသည်။ ရုတ်တရက်ဆိုသလို သူ၏ဝိညာဉ်ထဲမှနေ၍ အလွန်အစွမ်းထက်သော လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူတို့က မုန့်ချီနှင့် သူ၏ဝိညာဉ် ဆက်သွယ်မှုကို ဖြတ်တောက်ရန် ကြိုးစားနေကြ၏။

ထိုအရာက ပြင်ပ မကောင်းဆိုးဝါးများ ကျူးကျော်လာခြင်းကို ကာကွယ်ပေးနိုင်သော သွေးမျိုးဆက်၏ ထူးခြားမှုလည်း ဖြစ်သည်။ မုန့်ချီက အလွန်လေးနက်ပြီး တည်ငြိမ်သော အကြည့်မျိုးနှင့် ကြည့်နေသည့်အတွက် သူ့ပုံစံက အင်မော်တယ်တစ်ပါး သို့မဟုတ် ဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်နေသည်။

မိုးကြိုးများ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့် အချိန်တွင်ပင် သူကတော့ လုံးဝ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူ၏လက်ခုံပေါ်တွင် ခရမ်းရောင် မိုးကြိုးအမှတ်အသားများ ပေါ်လာပြီး ထိုအရာများက အတော်လေးကို နူးညံ့လွန်းလှသည်။ အလွန်ကြောက်စရာကောင်းသော မိုးကြိုးအငွေ့အသက်များကလည်း ထိုအရာထဲသို့ ဖြည်းညင်းစွာ စီးဆင်းသွားခဲ့သည်။

ကျိတောင်က သူ၏စိတ်ဝိညာဉ် ပင်လယ်ကြီးထဲတွင် ခါးသီးစွာ ရုန်းကန်နေပြီး သူ၏သွေးမျိုးဆက်ထဲတွင် ရှိနေသော မိုးကြိုးအနှစ်သာရများက ရန်သူ၏ ပင်မဝိညာဉ်ကို ဖျက်ဆီး၍ သူ့ကို ကယ်တင်ပေးနိုင်မည်ဟု မျှော်လင့်နေခဲ့သည်။

ထိုအချိန်တွင် မိုးကြိုးပင်လယ်ကြီးပေါ်၌ သူ၏ပြိုင်ဘက်က တဖြည်းဖြည်း ကြီးမားလာပြီး နောက်ကျောတွင်လည်း ခရမ်းရောင်အလင်းတန်းများ ရှိနေကြောင်း ခံစားမိလိုက်သည်။ သူက ကောင်းကင်ဘုံမှ ကျဆင်းလာသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေပြီး သူအရိုအသေ ပေးနေရသော နတ်ဘုရားကဲ့သို့ ခံစားနေရသည်။

"မိုးကြိုးနတ်ဘုရားလား…"

ကျိတောင်က အလွန်အံ့ဩမှင်တက်သွားခဲ့ပြီး နာကျင်ရသော ခံစားမှုများက နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့၏။

"ကျေး ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ…"

နောက်ဆုံးတွင်တော့ သူ့ကိုယ်သူ မဟန်နိုင်တော့ပဲ မျက်ရည်များနှင့် တောင်းပန်လိုက်သည်။

မုန့်ချီက သူ့ကို ကြည့်မနေတော့ပဲ လက်ခုံပေါ်တွင် ရှိနေသော မိုးကြိုးအမှတ်အသားကလည်း မူလအခြေအနေကို ပြန်ရောက်သွားခဲ့၏။ သူက ကျိတောင်ကို ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့သည်။

မျက်ခုံးကြား ပင်မတံခါးကို လေ့ကျင့်လိုက်ပြီးနောက် သူက ကျိတောင်၏ မိုးကြိုးသွေးမျိုးဆက်ကို ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိနေသည်။ သို့သော် အချိန်ကန့်သတ်ချက် ရှိနေသည့်အတွက် သူကတော့ အမြန်ဆုံးနည်းလမ်းနှင့် ဖြေရှင်းရန်သာ ဆုံးဖြတ်လိုက်၏။ မဟုတ်လျှင် ဖြတ်သွားဖြတ်လာ တခြားလူများက သူတို့ကို သတိထားမိသွားနိုင်သည်။

"တူဟိုင်ရှန့်က ဘယ်နေရာမှာလဲ…"

မုန့်ချီက ကျိတောင်ကို စိုက်ကြည့်လိုက်၏။

ကျိတောင်ဆီတွင် ကြောက်ရွံထိတ်လန့်နေသည့် အမူအရာမျိုး မရှိတော့ဘဲ လေးလေးစားစားနှင့် ပြောလိုက်သည်။

"သူ ထွက်ပြေးသွားပြီ…"

သူ၏မျက်နှာပေါ်တွင် အလွန်ကြီးမားသော ဓားရာကြီးတစ်ခု ရှိနေသည်။ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီးနောက် သူ့ပုံစံက ကြောက်ရွံ့နေသော ယုန်သူငယ်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

"သူက ဘယ်လိုထွက်ပြေးသွားခဲ့တာလဲ…"

မုန့်ချီက အလွန်တည်ငြိမ် အေးချမ်းနေပြီး နှိပ်စက်သည့် အကျိုးသက်ရောက်မှုကို မရှိစေရန် ကျိတောင်၏ စိတ်ထဲမှ သူ့ပုံရိပ်ကို ဖျက်ဆီးရန် ကြိုးစားခဲ့ခြင်း မရှိချေ။

ကျိတောင်က အနည်းငယ် သက်ပြင်းချလိုက်ပြီး လျင်မြန်စွာ ပြောလိုက်၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်မှာ သတင်းသမား ကြွက်ကလေးတွေက ဝတ်ရုံနီတပ်ဖွဲ့က သူဌေးကြီးကောကို ရှာတွေ့သွားခဲ့တယ်။ ဒါပေမဲ့ လက်ဝဲနတ်ဆရာရင်က ကောမိသားစုကို ဘာမှမလုပ်သေးဘဲ ခေါင်းဆောင်ကိုပဲ စောင့်ဖမ်းဖို့ အကြံပေးခဲ့တယ်။ အဲဒီနောက်မှာပဲ ကောမိသားစုကို အရေးပါတဲ့ ဧည့်သည်တစ်ယောက် လာလည်တယ်။ ဧည့်သည်ကတော့ တူဟိုင်ရှန့်ဖြစ်နေတာပဲ..”

“ဒါကြောင့် လက်ဝဲမြို့စားက သူ့ရဲ့အဖွဲ့သားတွေကို ဦးဆောင်ပြီး ညအချိန် ကောမိသားစုကို တိုက်ခိုက်ခဲ့တယ်။ သူတို့ကို ဖမ်းဆီးသတ်ဖြတ်ဖို့လည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တူဟိုင်ရှန့်ကိုတော့ လုံးဝရှာမတွေ့ခဲ့ဘူး။ သူက အခြေအနေကိုကြိုပြီးတော့ သတိထားမိသွားတယ်ထင်တယ်။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီး ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းမျိုးလည်း မကြားရဘူး။ ဒါကြောင့် လက်ဝဲမြို့စားက တန်းနင်မြို့ကို ပိတ်ထားပြီး လူအနည်းစုကိုပဲ ဝင်ထွက်သွားလာခွင့်ပြုတယ်…"

"လက်ဝဲနတ်ဆရာရင်က ဘယ်သူလဲ…"

မုန့်ချီက မေးခွန်းကို ဖြတ်မေးလိုက်သည်။

"လက်ဝဲနတ်ဆရာရင်ဆိုတာက ကျိုးဟမ်ဖုန်းခေါ်ထားတဲ့ လူထူးဆန်းအသစ်များလား"

သူတို့က ဝတ်ရုံနီတပ်ဖွဲ့ဆီမှ ပြီးပြည့်စုံသော သတင်းအချက်အလက်များကို ရခဲ့သည်။

ကျိတောင်က ပြန်ဖြေလိုက်၏။

"လက်ဝဲနတ်ဆရာရင်ရဲ့နာမည်က ရင်လန်းဟွေလို့ခေါ်တယ်။ သူက တန်းနင်နယ်မြေခံတစ်ယောက်ပါပဲ။ လွန်ခဲ့တဲ့ တစ်လလောက်မှာ သူက မြို့စားရဲတိုက်ကို ရုတ်တရက်ရောက်လာပြီး သူ့ကိုယ်သူ ထောက်ခံပေးခဲ့တယ်။ သူက လူထူးဆန်းတစ်ယောက်ရဲ့ သင်ကြားပေးမှုကြောင့် ရုပ်သေးမှော်ပညာ ကျွမ်းကျင်တယ်လို့ ပြောခဲ့တယ်။ ပြီးတော့ သူ့ရဲ့စွမ်းရည်နဲ့ အကူအညီပေးချင်တယ်လို့ ပြောခဲ့တယ်…"

"သူက တကယ်ပဲ နယ်မြေခံတစ်ယောက်လား…"

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် သူ့ပုံစံကို ကြည့်ရသည်မှာ တခြားသော သံသရာခရီးသွား တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ ရုတ်တရက် ထွက်ပေါ်လာသော ပညာရှင်များကြောင့် သူတို့ကလည်း သံသရာခရီးသွားများဖြစ်မည်ဟု မုန့်ချီက ခံစားမိနေခဲ့၏။

ကျိတောင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"လက်ဝဲမြို့စားက သတင်းသမားကြွက်ကလေးတွေကို စေလွှတ် အတည်ပြုပြီးသွားတဲ့ အချိန်မှာ လက်ဝဲနတ်ဆရာရင်ကို ယုံယုံကြည်ကြည် တာဝန်ပေးခဲ့တယ်…"

"ဘာလို့ သူ့ကို လက်ဝဲနတ်ဆရာလို့ ခေါ်ရတာလဲ…"

ယခုတော့ မုန့်ချီ၏ရှုပ်ထွေးမှုများက ပျောက်ကွယ်သွားသည်။

ကျိတောင်က ပြောလိုက်၏။

"ရင်လန်းဟွေက သူ့အဖော်နှစ်ယောက်နဲ့အတူ လက်ဝဲမြို့စားဆီကို ရောက်လာခဲ့တာ။ သူတို့က လျှို့ဝှက်ဂိုဏ်းတစ်ခုက တပည့်တွေလို့ ပြောတယ်။ သူကတော့ ဂိုဏ်းမှာ လက်ဝဲနတ်ဆရာလို့ ပြောခဲ့တယ်။ အဲဒီအဖြစ်အပျက်တွေ ပြီးသွားရင် သူက ရုပ်သေးမှော်ပညာကိုသုံးပြီး တူဟိုင်ရှန့်ကို တိုက်ခိုက်နိုင်တယ်။ ဒါဆိုရင် တူဟိုင်ရှန့်က တစ်လ နှစ်လအတွင်း ပြန်ကောင်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူက တန်းနင်ကနေ လုံးဝလွတ်မြောက်နိုင်မှာ မဟုတ်ဘူး…."

"ရင်လန်း‌ဟွေက လူသားလှေကားအဆင့်လား မြေပြင်လှေကားအဆင့်လား…"

မုန့်ချီက လေးလေးနက်နက် မေးလိုက်သည်။

ကျိတောင်က ခေါင်းခါပြီး ပြောလိုက်၏။

"ကျွန်တော် မသိဘူး။ သူ့ပုံစံက တစ်ခါတလေ လူသားလှေကားအဆင့် ပညာရှင် တစ်ယောက်လိုပဲ။ တစ်ခါတလေကျရင်တော့ မြေပြင်လှေကားအဆင့် ပညာရှင် တစ်ယောက်လိုပဲ။ သူ့အဖော်နှစ်ယောက်ကလည်း ထူးခြားတဲ့စွမ်းရည်တွေ ရှိနေတဲ့ လူထူးဆန်းတွေပဲ။ ဒါပေမယ့် သူတို့က လူသားလှေကားအဆင့်လား မြေပြင်လှေကားအဆင့်လားဆိုတာ ကျွန်တော်လည်း မခွဲခြားနိုင်ဘူး…"

ဘက်ပေါင်းစုံမှ မေးခွန်းများ မေးလိုက်ပြီးနောက် ကျိတောင်က ရင်လန်း‌ဟွေ၏ အချက်အလက်များကို ဖုံးကွယ်ထားခြင်း မရှိကြောင်း မုန့်ချီက သေချာသွားခဲ့သည်။ ထို့ကြောင့် ကျိုးဟမ်ဖုန်း၏ ကိစ္စများကို ဆက်မေးခဲ့၏။ ထို့နောက် သူက ကျိတောင်၏ မျက်ခုံးကြားထဲကို ရေလှိုင်းမီးတောက်ဓားနှင့် ထိုးစိုက်လိုက်သည်။

ဓားရှည်ကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ဓားထိပ်ဖျားတွင် သွေးတစ်စက်ပင် မရှိခဲ့ချေ။ မီးတောက် အနည်းငယ်သာ တိတ်တဆိတ် လောင်ကျွမ်းနေခဲ့၏။

"တူဟိုင်ရှန့် ပုန်းနေတဲ့နေရာက လျှို့ဝှက်နေရာတစ်ခု ဖြစ်နိုင်တယ်။ ကျိုးဟမ်ဖုန်းက မြို့ကို ပိတ်ထားတာကိုတောင် သူ့ကို ရှာမတွေ့သေးဘူး။ ပြီးတော့ ငါတို့တွေက ဒီနေရာနဲ့ ဒီနေရာမှာရှိတဲ့လူတွေကို လုံးဝမရင်းနှီးဘူး။ ဒီတော့ သူ့ကိုရှာဖို့ အဆင်မပြေမှာ စိုးရတယ်…”

ကျိတောင်၏အဖြေကို နားထောင်နေပြီးနောက် ကျိုးဟမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ချီကျန်းရန်ကလည်း မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

"တကယ်လို့ ငါတို့ကသာ သေချာမစဉ်းစားဘဲ အချက်အလက်တွေကို စုံစမ်းလိုက်မယ်ဆိုရင် ကျိုးဟမ်ဖုန်းရဲ့ ထောင်ချောက်ထဲကို ရောက်သွားနိုင်တယ်”

“အမှန်အတိုင်းပြောရရင် ကျိုးဟမ်ဖုန်းကို သတ်ပြီးသွားတာနဲ့ တန်းနင်မှာရှိတဲ့ အခက်အခဲတွေ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် ငါတို့က တူဟိုင်ရှန့်ကို ရှာစရာမလိုဘူး…

ကျန်းကျိဝေ၏ အမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိပဲ ထိုအကြံကို ပြောလိုက်သည်။

သူတို့ဆီတွင် နတ်ဘုရားချုပ်နှောင်ခြင်းကြိုး ရှိနေပြီး သူတို့ ပူးပေါင်းလိုက်မည်ဆိုလျှင် အလွန်အစွမ်းထက်လွန်းလှသည်။ ကျိုးဟမ်ဖုန်းက အစွမ်းထက်မည်ဆိုလျှင်ပင် သူတို့က သတ်ပစ်ရန် အခွင့်အရေး ရှိနေသေး၏။

"အရမ်းကောင်းတယ်…"

မုန့်ချီက သူ့ဆီတွင်လည်း တူညီသော အတွေးတစ်ခု ရှိသည့်အတွက်ခေါင်းညိတ်ပြလိုက်သည်။ လူတစ်ယောက်ကို ရှာဖွေရခြင်းက ခက်ခဲပြီး ကျိုးဟမ်ဖုန်း၏ လိုက်လံသတ်ပစ်ခြင်းကို ခံရနိုင်၏။ ထို့ကြောင့် အကြီးမားဆုံး အန္တရာယ်ကို ဖြေရှင်းလိုက်ခြင်းက ပို၍ အခွင့်အရေးရှိသည်။ ထိုအရာက တာဝန်လည်း ပြီးဆုံးသွားနိုင်သည်။

ခဏကြာ စဉ်းစားပြီးနောက် ကျိုးဟမ်ဖုန်းကို သတ်ပစ်လိုက်ခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ကျိုးဟမ်နှင့် ချီကျန်းရန်တို့ကလည်း ယုံကြည်လာကြသည်။

"လူထူးဆန်း (၃) ယောက်ကို သတိထားရမယ်…"

ရွမ်ယုရှုက သူမ၏ ရှေးဟောင်းဗျပ်စောင်းကို ကိုင်ထားရင်း သတိပေးလိုက်သည်။ ရင်လန်းဟွေနှင့် တခြားလူများက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသည်။ ထို့ကြောင့် အစစ်အမှန် အခြေအနေကို သေချာမသိရပဲ ကျိုးဟမ်ဖုန်းကို လုပ်ကြံသတ်ဖြတ်ရန် မလွယ်ကူနိုင်ပေ။

"ဒီကိစ္စကို ကိုင်တွယ်ဖို့က လွယ်ပါတယ်…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။ ထိုအချိန်တွင် သူ၏မျက်နှာကြွက်သားများက ပြောင်းလဲသွားပြီး ကျိတောင်၏ ပုံသဏ္ဍာန် ဖြစ်သွားခဲ့သည်။

"မင်းရဲ့အစီအစဉ်က ဘာလဲ…"

ကျိုးဟမ်က အလွန်အံ့ဩနေသည့် အမူအရာနှင့် မေးလိုက်သည်။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ကျိတောင်က အလစ်ချောင်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် သတင်းပို့ဖို့ လက်ဝဲမြို့စားရဲ့ရဲတိုက်ဆီကို ပြန်သွားခဲ့တယ်လေ။ ရန်သူတွေကတော့ ကြောက်စရာကောင်းတဲ့ အစွမ်းရှိနေတဲ့ ယောကျ်ားလေး (၂) ယောက်နဲ့ မိန်းကလေးတစ်ယောက်ပဲ။ သူတို့က သူ့ရဲ့လူတွေကို သတ်ပစ်ခဲ့ပြီး သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့လက်အောက်ငယ်သား (၄) ယောက်လည်း အသက်ရှင်နေသေးတယ်။ သူတို့က သိုင်းလောကသားတွေဆိုတော့ လုပ်ကြံသတ်ဖြတ်သူတွေကို ရှာဖွေဖို့ သတင်းသမားကြွက်ကလေးတွေကို အကူအညီပေးနေလို့ လွတ်သွားတာပဲ.."

သူက စကားပြောနေရင်း ကျိတောင်၏ အဝတ်အစားများကို ပြောင်းလဲလိုက်သည်။ ထို့နောက် သူ၏မျက်နှာပေါ်တွင် အစစ်အမှန် အမာရွတ်များ ဖန်တီးလိုက်၏။ မည်သို့ဖြစ်စေကာမူ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် အမာရွတ်များအားလုံးကို ဖယ်ရှားခြင်း ၊ လုပ်ဆောင်ခြင်းက အလွန်လွယ်ကူလှသည်။ ထိုသို့ဆိုလျှင် တခြားလူများက သူတို့ကို သတိထားမိရန် ခက်ခဲနိုင်၏။

Translated by Hein Htet

All Chapters