အခန်း (၄၃၂)
Vol. 29 Ch. 432
ထိုစကားလုံး အနည်းငယ်ကို ပြောပြီးသွားသည့်အချိန်တွင် မုန့်ချီက ကျိတောင်အဖြစ် သူ့ကိုယ်သူ ပြောင်းလဲပြီးသွားပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီး မျက်နှာပေါ်တွင်လည်း ကြောက်စရာကောင်းသော ဒဏ်ရာများစွာ ရှိနေခဲ့၏။ ထိုဒဏ်ရာများက သူ၏ရုပ်ရည်ကို ဖုံးကွယ်ပေးထားရန် အလုပ်ဖြစ်သည်။ ကျိတောင်နှင့် တစ်အိပ်ယာထဲ အတူတူအိပ်သော လူတချို့လွဲလျှင် တခြားသူများက သူ၏ပြောင်းလဲမှုကို သိရန် အလွန်ခက်ခဲပါလိမ့်မည်။
“မင်းတို့အားလုံးကလည်း အဲဒီလူတွေလို အယောင်ဆောင်လိုက်…”
မုန့်ချီက မြေပေါ်တွင် ရှိနေသော အလောင်း(၄)ခုကို လက်ညှိုးထိုးပြလိုက်သည်။
သူ့အသံက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသူတစ်ယောက်ကဲ့သို့ အက်ရှရှဖြစ်နေ၏။ ထိုအသံက ကျိတောင်နှင့်ပင် ပို၍ တူနေသေးသည်။ အစောပိုင်းတွင် မုန့်ချီက ကျိတောင်၏ ပြောင်းလဲမှုမျိုး လုပ်ဆောင်ခဲ့သည့်အချိန်၌ သူ့အနေနှင့် ဟန်ဆောင်ရန် စဉ်းစားခဲ့ပြီးသား ဖြစ်သည်။
သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို ပိုင်ဆိုင်ထားသည့်အတွက် ရုပ်ရည်ကို ပြောင်းလဲရသည်မှာ အလွန်ရိုးရှင်းလှသည်။ ထို့ကြောင့် မုန့်ချီက ကျိတောင်၏ အခြေအနေကို ပြည့်ပြည့်ဝဝ နားလည်ရန် ကြိုးစားခဲ့ပြီး သူ၏လက်အောက်ငယ်သားများ၊ အစောင့်များနှင့် သိုင်းလောကသားများ၏ အခြေအနေကို အသေးစိတ် မေးခဲ့ခြင်း ဖြစ်၏။
သူ လက်ညှိုးထိုးပြလိုက်သော အလောင်း(၄)ခုက သီးခြားနေထိုင်သောသူများ ဖြစ်ကြသည်။ သူတို့ဆီတွင် မိသားစုများ မရှိဘဲ (၁၀)ရက် တစ်လခန့် ပျောက်သွားမည်ဆိုလျှင်ပင် မည်သူကမျှ မေးခွန်းထုတ်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ကျန်းကျိဝေနှင့် တခြားသူများ၏ ရုပ်ဖျက်သည့်နည်းလမ်းက အဆင့်နိမ့်လျှင်ပင် သူတို့ကို မည်သူကမျှ သံသယဝင်လိမ့်မည် မဟုတ်ချေ။
သူတို့က ရဲတိုက်ထဲမှ အစောင့်များ မဟုတ်သည့်အတွက် အသိအကျွမ်းလည်း မရှိနိုင်ပေ။ အစောင့်ခေါင်းဆောင် ကျန်းရှန်းဟုန်နှင့် လက်ဝဲနတ်ဆရာ ရင်လန်းဟွေတို့က သူတို့ကို မေးခွန်းထုတ်နိုင်သော်လည်း သူတို့ကို အလွန်အကျွံ မေးနေလိမ့်မည် မဟုတ်ပေ။ မည်သို့ဖြစ်စေကာမူ သူတို့က ထိုကဲ့သို့ လက်အောက်ငယ်သားများ၏ မျက်နှာကို မှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။
“ကောင်းပြီလေ…”
ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်၏။ ထို(၄)ယောက်ထဲတွင် သူမက ပိန်ပိန်ပါးပါး ယောကျ်ားတစ်ယောက်ကို ရွေးချယ်လိုက်သည်။ ရွမ်ယုရှုအတွက်သာ မိန်းကလေး အလောင်းကို ချန်ထားပေးခဲ့၏။
ထိုအရာက နတ်ဆိုးနှင့် နတ်ဘုရားများ၏ သွေးမျိုးဆက်များ ပိုင်ဆိုင်ထားသော ကမ္ဘာကြီးဖြစ်ပြီး သူတို့၏မျိုးဆက်များလည်း ရှိနေသေးသည်။ ထို့ကြောင့် ယောကျ်ားလေးများနှင့် မိန်းကလေးများ ကြားထဲတွင် စွမ်းအားကွာဟမှုက သိသာထင်ရှားမှု မရှိချေ။ သိုင်းလောကတွင် မိန်းမပျိုများလည်း ရှိနေသေး၏။
ထို့ပြင် ရွမ်ယုရှုက ကျန်းကျိဝေနှင့် ယှဉ်လိုက်လျှင် ယောကျ်ားတစ်ယောက်အနေနှင့် ဟန်ဆောင်ရန် ပို၍ ခက်ခဲနိုင်သည်။ သူ့အဖော်များကလည်း ရုပ်ဖျက်လိုက်ကြပြီး သူတို့၏မျက်နှာကို ပြောင်းလဲလိုက်ကြသည့် အချိန်တွင် မုန့်ချီက ရေလှိုင်းမီးတောက်ဓားကို နောက်တစ်ကြိမ် ဆွဲထုတ်လိုက်ပြီး ကျိတောင်၏အလောင်းကို ထိုးစိုက်လိုက်သည်။
မီးတောက်များက ကျိတောင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လောဘတကြီး ဝါးမြိုသွားခဲ့၏။ ထိုအရာ သေဆုံးသွားခဲ့သည့်အချိန်တွင် ပြာမှုန့်များသာ ကျန်နေခဲ့တော့သည်။ မုန့်ချီက သူ၏အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ ပြာမှုန့်များက လေလှိုင်းနှင့်အတူ ပြန့်ကျဲသွားခဲ့ပြီး လမ်းကြားထဲတွင် ပျောက်ကွယ်သွားခဲ့၏။
အချိန်မရှိတော့သည့်အတွက် ချီကျန်းရန်နှင့် တခြားသူများက ရုပ်ဖျက်လိုက်ပြီးနောက် အလောင်းများ၏ ခြေရာလက်ရာကို ရှင်းပစ်လိုက်ကြသည်။ ထိုအချိန်တွင် နှုတ်ခမ်းမွှေး နှစ်ဖက်နှင့် ပိန်ပိန်ပါးပါးဖြစ်ပြီး ဓားတစ်လက်ကို သယ်ဆောင်ထားသူက ကျန်းကျိဝေဖြစ်သည်။
ကျိုးဟမ်ကတော့ သာမာန်ကိုယ်နေဟန်ထားရှိပြီး မျက်နှာဝိုင်းဝိုင်းနှင့် လူတစ်ယောက် ဖြစ်သည်။ အနည်းငယ်ခါးကုန်းနေသော အစောင့်ကတော့ ချီကျန်းရန် ဖြစ်၏။ အစိမ်းရောင်ခြုံလွှာ ဝတ်ထားသော သာမာန်မိန်းမပျိုလေးကတော့ ရွမ်ယုရှုဖြစ်သည်။ သူမက ဗျပ်စောင်းကိုတော့ လေဟာနယ်လက်စွပ်ထဲကို သိမ်းထားရ၏။
မုန့်ချီက သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး သူတို့က ထူးဆန်းနေခြင်း မရှိကြောင်း သေချာသွားမှသာ အချက်ပြခြင်းကို ထုတ်လွှတ်လိုက်သည်။ အချက်ပြမီးက ကောင်းကင်ပေါ်တွင် ပေါက်ကွဲသွားခဲ့ပြီး အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
သိပ်မကြာခင် လှပသော ဝတ်စုံနှင့် ကျောက်စိမ်းခါးပတ်ဝတ်ထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်က လေလှိုင်းနှင့်အတူ ပေါ်လာခဲ့သည်။ သူက အလျင်အမြန် ရောက်လာခဲ့ပြီး လေထဲတွင် လှည့်ပတ်ကြည့်၍ အမိန့်ပေးလိုက်၏။
“တပ်သားတွေ ဘယ်မှာလဲ…”
သူက မြေပြင်ပေါ်သို့ မဆင်းရသေးခင် မေးလိုက်သည်။
သို့သော် သူက လူ(၅)ယောက်ကိုသာ မြင်လိုက်ရ၏။ အပြာဖျော့ရောင် လေလှိုင်းတစ်ခုက သူတို့ကို လွှမ်းခြုံသွားခဲ့ပြီး သူတို့၏ ပတ်ပတ်လည်၌ ရှိနေသော လှုပ်ရှားမှုများအားလုံး ပေါ်လာသလို ထင်မှတ်ရသည်။
ကျိတောင်၏ ပြောပြချက်ကို အခြေခံပြီး မုန့်ချီက သူ့ရှေ့တွင် ရှိသောလူကို ခွဲခြားနိုင်သည်။ ထိုအရာကတော့ အစောင့်ခေါင်းဆောင် ကျန်းရှန်းဟုန်ဖြစ်သည်။ သူက လူသားလှေကား အဆင့်သာ ရှိသေးသော်လည်း သူ၏သွေးမျိုးဆက်က အလွန်အစွမ်းထက်၏။
သူက တချို့နေရာများတွင် မြေပြင်လှေကားအဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီး သူ၏လှုပ်ရှားမှုများတွင် လေလှိုင်းများ၏ အကူအညီကို ရယူနိုင်သည်။ သူက သဘာဝဖြစ်စဉ်များကိုလည်း ဆင့်ခေါ်နိုင်၏။ ထို့ကြောင့် သူက ဝတ်ရုံနီတပ်ဖွဲ့ခေါင်းဆောင်များထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည်။
သိပ်မကြာခင် ရင်လန်းဟွေ ပေါ်လာပြီး သူကတော့ ကျိုးဟမ်ဖုန်း၏ လက်အောက်တွင် ထိပ်တန်းစစ်သူကြီးတစ်ယောက်ဖြစ်သည်။
“လူသားနှင့်ကောင်းကင်ဆက်သွယ်မှု…”
မုန့်ချီ၊ ကျန်းကျိဝေနှင့် တခြားသူများက အချင်းချင်း တိတ်တဆိတ် ကြည့်လိုက်မိကြသည်။ ကျန်းရှန်းဟုန်က သူ၏နာမည်ဂုဏ်သတင်းအပေါ် မူတည်ပြီး မည်မျှအစွမ်းထက်ကြောင်း အကြမ်းဖျဉ်း ခန့်မှန်းကြည့်၍ ရနိုင်သည်။ ထိုလူကတော့ လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီး လေထဲတွင် ပျံသန်းနိုင်သည်။ သူကလည်း ရင်ဆိုင်ရန် လွယ်ကူသော ပြိုင်ဘက်တစ်ယောက်တော့ သေချာပေါက် မဟုတ်နိုင်ပေ။
ထို့ပြင် ထိုအရာက ခံစားချက်သက်သက်သာ ဖြစ်၏။ အမှန်တကယ် တိုက်ခိုက်သည့်အချိန်တွင် တစ်ဖက်လူများက သူ၏သွေးမျိုးဆက်ကြောင့် မထင်ထားသော အရာများ ဖြစ်လာနိုင်သည်။ သူက ပို၍အစွမ်းထက်နိုင်သလို အနည်းငယ်ပို၍ အားနည်းနိုင်သည်။
မုန့်ချီက ရင်ဘတ်ကို လက်နှင့်ဆုပ်ပြီး ဒယိမ်းဒယိုင်နှင့် ရှေ့ကိုလျှောက်လာခဲ့၏။ သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာနေသည်။ သူက ခက်ခက်ခဲခဲ ပြန်ဖြေလိုက်၏။
“ကျွန်…ကျွန်တော်တို့ အချက်ပြလိုက်တာကို မြင်သွားတဲ့အချိန်မှာ သူတို့က ချက်ချင်းထွက်ပြေးသွားကြတယ်…”
မုန့်ချီက အသက်ကို အမောတကောရှူနေရပြီး စကားကို ပြတ်တောင်းပြတ်တောင်းနှင့် ပြောနေရသည်။ သူ၏ ရှေ့ဘက်နှင့် မျက်နှာပေါ်တွင် ရှိနေသော ဒဏ်ရာများမှနေ၍ သွေးများစီးကျလာနေသည့်အတွက် သူ့ပုံစံက အလွန်ကြောက်စရာကောင်းနေသည်။
“မင်း အဆင်ပြေရဲ့လား…”
ကျန်းရှန်းဟုန်က အဝေးကို လှမ်းကြည့်လိုက်ပြီး မုန့်ချီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သူ အယုံကြည်ရဆုံး လက်အောက်ငယ်သားက လူစားထိုးထားခြင်း ဖြစ်ကြောင်းကို သူ လုံးဝ သတိမထားမိပေ။ သူတို့၏အငွေ့အသက်များကပင် တစ်ထပ်တည်းနီးပါး တူညီနေခဲ့၏။
“ကျွန်တော် ထိန်းထားနိုင်ပါသေးတယ်…”
မုန့်ချီက သူ၏ချီစွမ်းအင်များကို အနည်းငယ် ဆန့်ကျင်ဘက်သို့ ပို့ဆောင်လိုက်ရာ သွေးအန်လိုက်ရပြန်သည်။ သူ၏ရှေ့ရင်ဘတ်တွင် သွေးများ စိုရွှဲပြီး နီရဲနေခဲ့၏။
ကျန်းရှန်းဟုန်ကတော့ လွဲမှားနေသည့် အရာတစ်ခုကိုမျှ သတိမထားမိခဲ့ပေ။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ စွမ်းအားအနည်းငယ် ပို့လွှတ်လိုက်သည်။ ထို့နောက် သူ၏အခြေအနေကို တည်ငြိမ်အောင် ကူညီပေးလိုက်၏။
“ရန်သူတွေက ဘယ်နေရာမှာလဲ…။ သူတို့က ဘယ်ဘက်ကို ပြေးသွားတာလဲ…။ ဘာတွေဖြစ်ခဲ့တာလဲ…”
“သူတို့က အဲဒီဘက်ကနေ ရောက်လာခဲ့တာ…။ ကျွန်တော်က ကောရဲတိုက်ကို စောင့်နေတဲ့အချိန်မှာ သံသယဝင်စရာကောင်းတဲ့ လူတစ်ယောက်က သူဌေးကြီးကောအကြောင်းကို မေးနေတာ တွေ့လိုက်ရတယ်…။ ဒါကြောင့် ကျွန်တော်က သူ့အနောက်ကနေ တိတ်တဆိတ် လိုက်လာပြီး ဒီနေရာကို ရောက်လာခဲ့တာ…။ နောက်ဆုံးမှာတော့ သူတို့ရဲ့ထောင်ချောက်ထဲကို ရောက်သွားတော့တာပဲ…။ ကျွန်တာ့်ရဲ့လက်အောက်ငယ်သားတွေ အများကြီး အသတ်ခံလိုက်ရတယ်…။ ကျွန်တော်က အကူအညီတောင်းဖို့တောင် အခွင့်အရေးမရသလောက်ပဲ…”
“ရန်သူဘယ်နှစ်ယောက်လဲ…”
ကျန်းရှန်းဟုန်က မျက်နှာပျက်ပျက်နှင့် မေးလိုက်သည်။
သူက တခြားသော သဲလွန်စများကို မတွေ့ရသည့်အတွက် မြေပေါ်တွင် လဲကျနေသော အလောင်းများကို အာရုံစိုက်နေခဲ့သည်။ ထိုအရာကလည်း အတော်လေး အစွမ်းထက်သော လက်အောက်ငယ်သားများဖြစ်၏။ ကျိတောင်က လူသားလှေကား အဆင့်(၁) ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် မိုးကြိုးနတ်ဘုရား၏သွေးများ စီးဆင်းနေသည့်အတွက် သူက သေချာပေါက် လွယ်ကူသောပြိုင်ဘက်တစ်ယောက် မဟုတ်ချေ။
ထို့ပြင် သူ့လက်အောက်တွင် သိုင်းလောကသားများစွာ ရှိနေသည့်အတွက် အရေအတွက်ကလည်း ပိုများလှ၏။ ထိုအထဲတွင် ထူးချွန်သော ပညာရှင် အနည်းငယ်လည်း ပါဝင်နေသည်။ အကယ်၍ ရန်သူများကသာ သူတို့ကို အလွယ်တကူ ရင်ဆိုင်နိုင်သည်ဆိုလျှင် သူတို့၏အစွမ်းကို လျော့တွက်၍ မရနိုင်ပေ။
“ဝတ်ရုံနီတပ်ဖွဲ့ရဲ့ ပင်မအင်အားစုတွေက တန်းနင်ကို ဝင်လာနိုင်တာများလား…။ သူတို့က ဘယ်နေရာမှာ နေကြတာလဲ…”
မုန့်ချီက ပင့်သက်ရှိုက်ပြီး ပြန်ဖြေလိုက်၏။
သူကတော့ တစ်ချိန်လုံး လည်ပင်းကိုသာ အာရုံစိုက်ထားခဲ့သည်။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်အရ သူ၏ပြောင်းလဲမှုကို တခြားသူများ သတိမထားမိနိုင်ပေ။ သို့သော် ကျန်းရှန်းဟုန်ကဲ့သို့ ပညာရှင်တစ်ယောက်ကတော့ ချီကျန်းရန်နှင့် တခြားသူများ ရုပ်ရည်ပြောင်းလဲထားသည်ကို အလွယ်တကူ သတိထားမိသွားနိုင်သည်။
“လူ(၃)ယောက်လား…”
ကျန်းရှန်းဟုန်က မျက်လုံးပြူးသွားခဲ့၏။ မုန့်ချီ၏စကားကြောင့် သူက အတော်လေးကို အံ့ဩသွားခဲ့သည်။ ကျိတောင်နှင့် သူ့လူများကို သတ်ပစ်ခြင်းက ရိုးရှင်းသော တာဝန်တစ်ခု ဖြစ်သည်။ သို့သော် လှုပ်ရှားမှုမဖြစ်စေရန် ကြိုတင်စီစဉ်ပြီး တိုက်ခိုက်ခဲ့သည့်အတွက် ထိုလူ(၃)ယောက်က သူ့လို အစွမ်းထက်နေခြင်းပေလော။
သူက မြေပေါ်တွင် ရှိနေသော ခန္ဓာကိုယ်များကို စိုက်ကြည့်လိုက်ပြီး သူတို့တွေ အများစု၏လည်ပင်းက ပြတ်နေကြောင်း နားလည်သွား၏။ အနည်းစု၏ ခန္ဓာကိုယ်ကတော့ အရိုးများ ကျိုးနေခဲ့၏။ တစ်ခုကွဲပြားသွားသည်မှာ ဓားနှင့် သတ်ပစ်လိုက်သော လူများကြားထဲတွင်ပင် ကွဲပြားမှုရှိနေသည်။ တချို့ကတော့ ဓားဒဏ်ရာပေါ်တွင် လောင်ကျွမ်းနေသော အမှတ်အသားများ ရှိနေပြီး သွေးနှင့် ပတ်သက်သည့် ခြေရာလက်ရာများ မရှိချေ။
“တကယ့်ကို လူ(၃)ယောက်ပဲ…”
ကျန်းရှန်းဟုန်က ကျန်းကျိဝေနှင့် အဖွဲ့သားများကို လှမ်းကြည့်လိုက်သည်။ သူတို့၏ ရုပ်ရည်က သိသိသာသာပြောင်းလဲထားကြောင်း သိနေသော်လည်း သူတို့က လျှို့ဝှက်သူလျှိုများ ဖြစ်နေသည့်အတွက် သူတို့၏ရုပ်ရည်ကို နေ့စဉ်ပြောင်းလဲနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူက များများ မမေးခဲ့ပေ။
“သူတို့က ဘယ်သူတွေလဲ…”
သူက မုန့်ချီကို မေးလိုက်သည်။
ထိုစကားကိုကြားသည့်အခါ မုန့်ချီက စိတ်အေးသွားခဲ့၏။ ထိုစကားကြောင့် ကျန်းရှန်းဟုန်က သူတို့ကို စစ်ဆေးပြီးသွားပြီဖြစ်ကြောင်း ဆိုလိုနေသည်။
“တပ်မှူး…
သူတို့က ကျွန်တော့်ရဲ့လက်အောက်မှာ အလုပ်လုပ်နေတဲ့ လျှို့ဝှက်သူလျှိုတွေပါ…။ သူတို့က ဒီအနီးပတ်ချာလည်ကို စောင့်ကြပ်ဖို့ တာဝန်ကျတယ်…။ သူတို့ကတော့ တိုက်ခိုက်မှုကနေ လွတ်သွားခဲ့တယ်…။ အချက်ပြတာကို မြင်တဲ့အချိန်မှာ သူတို့လည်း အလျင်အမြန် ရောက်လာကြတာပဲ…။ ဒါပေမယ့် ရန်သူကို မမြင်လိုက်ရဘူး…”
ကျန်းရှန်းဟုန်က ခေါင်းညိတ်ပြလိုက်ပြီး မူလခေါင်းစဉ်ကို ပြန်သွားလိုက်သည်။
“အဲဒီလူ(၃)ယောက်က မြန်မြန်ထွက်ပြေးသွားတယ်…။ သူတို့ရဲ့ ရုပ်ရည်နဲ့ သိုင်းပညာတွေကို ပြောပြဦး…။ သူတို့ရဲ့ပန်းချီကားကို ဆွဲခိုင်းရမယ်…။ ပြီးရင်တော့ တစ်မြို့လုံးမှာ သေချာရှာမှရမယ်…။ သိပ်မကြာခင် သမားတော်စွန်း ရောက်လာလိမ့်မယ်…။ ဒီမှာ စောင့်နေပြီး မလှုပ်နဲ့တော့…။ မင်းရဲ့ ဒဏ်ရာတွေ ပိုဆိုးလာလိမ့်မယ်…”
ရန်သူ(၃)ယောက်၏ အကြမ်းဖျဉ်းအခြေအနေကို နားလည်သွားပြီးနောက် အပြာရောင်လေလှိုင်းများက သူ့ကို အဝေးသို့ ခေါ်ဆောင်သွားပြီး မုန့်ချီ လက်ညှိုးထိုးပြသည့်ဘက်ကို ထွက်ခွာသွားခဲ့သည်။
ခဏကြာပြီးနောက် ပန်းချီပညာရှင်နှင့် သမားတော် ရောက်လာသည်။ သူတို့၏အနားတွင်တော့ အစောင့်ပေါင်းများစွာ ရှိနေ၏။
“မင်းရဲ့လက်ကို ပေးပါ…”
သမားတော်စွန်းက ဖြူဖပ်ဖြူရော်မျက်နှာနှင့် မုတ်ဆိတ်မရှိသော လူတစ်ယောက် ဖြစ်သည်။ သူ့ပုံစံက စကားလုံးအစား မျက်နှာအမူအရာနှင့် တခြားသူများကို လမ်းညွှန်သူတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
မုန့်ချီက ဘယ်လက်ကို တည်ငြိမ်စွာ ဆန့်ထုတ်ပေးလိုက်၏။ ထိုအချိန်တွင် မိုကြိုးအမှတ်အသားနှင့် ခရမ်းမိုးကြိုးစွမ်းအားများကိုလှုံ့ဆော်ပြီး ကျိတောင်၏ ချီစွမ်းအင်များကဲ့သို့ တုပလိုက်သည်။
သမားတော်စွန်းက မုန့်ချီ၏ လက်ကောက်ဝတ်သွေးကြောများကို လက်နှစ်ချောင်းနှင့် စမ်းကြည့်လိုက်၏။ သူက သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“မင်းရဲ့အသည်းက တော်တော်လေး ထိခိုက်သွားတာပဲ…။ မင်းက ဘယ်လိုများ အသက်ရှင်နေသေးတာလဲ…”
သူက မုန့်ချီကို မျက်လုံးပြူး၍ ကြည့်နေသည်။ သူ့ပုံစံက မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေရသလို ထင်မှတ်ရ၏။ မုန့်ချီကတော့ သူ့အမှားကို နားလည်သွားသည့်အတွက် ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာသည်။
သူက ခန္ဓာကိုယ်ဒဏ်ရာများကို ပြင်ဆင်ထားခဲ့သည်။ သို့သော် တံခါး(၉)ပေါက်အဆင့်တွင်ပင် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ အစွမ်းက မကောင်းဆိုးဝါး မျိုးဆက်တစ်ယောက်နှင့် အလှမ်းကွာနေသေးသည်။ မုန့်ချီက ချက်ချင်းပင် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သမားတော်စွန်း၏ မေးခွန်းကို တုံ့ပြန်ခြင်းမရှိပဲ သူ၏သွေးကြောကို ဆက်တိုက်ပြောင်းလဲလိုက်၏။
“ဘာလို့ သွေးကြောက ရုတ်တရက်ကြီး မြန်လာရတာလဲ…။ အခုတော့ တော်တော်လေးကို အားနည်းပြီး ကျဆင်းသွားပြီ…”
သမားတော်စွန်းက အံ့အားသင့်စွာ ပြောလိုက်သည်။
သွေးကြောအပေါ် အခြေခံ၍ ပြောရမည်ဆိုလျှင် သူ့ရှေ့၌ ရှိနေသော ဒုတပ်မှူးက (၇)ကြိမ် (၈)ကြိမ်ခန့် သေသင့်နေသည်။ သူက (၇)ကြိမ်၊ (၈)ကြိမ်ခန့် အသက်ပြန်ရှင်လာသလို ဖြစ်နေ၏။
“ဒါက ဘယ်လိုဖြစ်ရတာလဲ…”
သူက နှစ်ပေါင်းများစွာ ဆေးပညာကို လေ့လာထားခဲ့သောလည်း ထိုကဲ့သို့ လက္ခဏာများကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။ သူ၏နဖူးပေါ်မှနေ၍ ချွေးများ စီးကျလာခဲ့၏။ သူလည်း ဘာလုပ်ရမှန်း မသိတော့ပေ။
“သမားတော်စွန်း…
ကျွန်တော့်ရဲ့ဒဏ်ရာတွေက ဘယ်လိုနေသေးလဲ…”
သူက သမားတော်ကို ရှုပ်ထွေးအောင်လုပ်ရန် ကြိုးစားလိုက်သည်။
သမားတော်စွန်းက ချွေးသီးချွေးပေါက်များကို သုတ်ပြီး မေးလိုက်၏။
“မင်းက ဘယ်လိုဒဏ်ရာ ရခဲ့လဲဆိုတာ ငါ့ကို အသေးစိတ် ပြောပြလို့ရမလား…”
“ကျွန်တော်က အလစ်ချောင်း တိုက်ခိုက်ခံခဲ့ရတယ်…။ လူတစ်ယောက်က နောက်ကျောဘက်ကနေ လက်ဝါးနဲ့ တိုက်ခိုက်ဖို့ ကြိုးစားပြီး ကျွန်တော်က ရှေ့ကို လွင့်သွားတယ်…။ အဲဒီနောက်မှာတော့ ဓားသမားတစ်ယောက်က ကျွန်တော့်ရဲ့ မျက်နှာကို ခုတ်ခဲ့တယ်…။ တကယ်လို့ ကျွန်တော်သာ အဲဒီတိုက်ခိုက်မှုကို မရှောင်ခဲ့ဘူးဆိုရင် သူကလည်း ကျွန်တော့်ရဲ့မိုးကြိုးစွမ်းအားတွေကို ကြောက်မနေခဲ့ဘူးဆိုရင် ကျွန်တော်က ငရဲပြည်ကို ရောက်နေလောက်ပြီ…”
မုန့်ချီက သက်ပြင်းချ၍ ပြောလိုက်သည်။
သမားတော်စွန်း၏ တုံ့ပြန်မှုကိုစောင့်မနေဘဲ သူက ပြောလိုက်၏။
“တစ်ခုတော့ တော်တော်လေး ထူးဆန်းတယ်…။ နောက်ကျောကို တိုက်ခိုက်ခံခဲ့ရပေမယ့် အရိုးတွေက ကျိုးမသွားဘူး…။ ကြည့်ရတာ စွမ်းအားတစ်ခုက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာသလိုပဲ…”
“ဟုတ်တယ်။ အဲဒီလက်ဝါးစွမ်းအားတွေက တော်တော် ထူးဆန်းတယ်…။ အဲဒါကို တိုက်ရိုက်ဖယ်ရှားဖို့တော့ အရမ်းခက်တယ်…။ ဒီအဝါရောင်ဆေး(၂)လုံးကိုယူပြီး မင်းရဲ့သွေးကြောတွေကို အရင်ဆုံး တည်ငြိမ်အောင်ကြိုးစားပါ…။ ပြီးတော့ မင်းရဲ့ ကိုယ်ပိုင်ချီစွမ်းအင်တွေကိုသုံးပြီး အဲဒီစွမ်းအားကို ဖြည်းဖြည်းချင်းထုတ်ဖို့ ကြိုးစားပါ…”
သမားတော်စွန်းက သူ၏ချွေးသီးချွေးပေါက်များကို နောက်တစ်ကြိမ်သုတ်လိုက်ပြီး မုန့်ချီ၏ စကားလုံးများအတိုင်း ပြန်ပြောလိုက်သည်။
ထို့နောက် သူက ထိုလူ၏အခြေအနေကို စစ်ဆေးရန် ရှေးဟောင်းဆေးကျမ်းစာများကို လှန်လှောဖတ်ရှုနေခဲ့၏။
“တကယ်လို့ ကျိတောင်ကသာ ဒီဒဏ်ရာတွေကြောင့် သေသွားခဲ့မယ်ဆိုရင် သူသေတာက ငါ့အပေါ် တာဝန်ကျလာနိုင်တယ်…”
မုန့်ချီက မည်သည့်အရာကိုမျှ အလေးမဲ့မသောက်ရဲပေ။ ထို့ကြောင့် သူက အဝါရောင်ဆေးလုံးကို အမှုန့်များအဖြစ် ပြောင်းလဲပြီး သောက်ချင် ယောင်ဆောင်လိုက်၏။ သမားတော်စွန်းက သူ့ဒဏ်ရာများကို ကုသပေးလိုက်ပြီးနောက် အလောင်းများကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက သူ၏ လက်ဝါးနှင့် တိတ်တဆိတ် ရိုက်ကြည့်လိုက်၏။
တစ်ချိန်တည်းတွင် အစောင့်များက ကျန်းကျိဝေနှင့် တခြားသူများကို မေးနေကြသည်။ သူတို့အားလုံးကတော့ အပြင်ဘက်ပိုင်းတွင် တာဝန်ကျနေသည့်အတွက် ရန်သူများကို မမြင်လိုက်ရပေ။ အစောင့်များက သူတို့၏စကားလုံးများထဲတွင် ဟာကွက်များလည်း ရှာမတွေ့နိုင်ကြပေ။
“ဒုတပ်မှူးကျိ…
အခြေအနေကောင်းသွားပြီလား…”
လူတစ်ယောက်က ပန်းချီပညာရှင်ကိုခေါ်ပြီး ရောက်လာခဲ့သည်။
သူကတော့ ဝမ်ချန်းဟုခေါ်သော တခြားဒုတပ်မှူးတစ်ယောက် ဖြစ်သည်။ သူက ကျိတောင်နှင့် လုံးဝရင်းနှီးခြင်း မရှိဘဲ အခွင့်အရေးကို အရယူပြီး သူ့ကို နှောင့်ယှက်ရန် ကြိုးစားနေခြင်း ဖြစ်၏။
“မင်းက မေးမလို့ မဟုတ်လား…။ မေးချင်တာ မေးပါ…”
မုန့်ချီက ကျိတောင်၏ မှတ်ဉာဏ်အပိုင်းအစများထဲတွင် မြင်ခဲ့ရသည့်မြင်ကွင်းများကို အတုယူပြီး ပြောလိုက်သည်။
မျက်နှာပေါ်တွင် ရှိနေသော ကြောက်စရာကောင်းသည့် ဒဏ်ရာများကြောင့် ကျိတောင်က ရဲတိုက်ထဲမှ သခင်မလေးများ၏ မုန်းတီးခြင်းကို ခံခဲ့ရသည်။ ဝမ်ချန်းကတော့ ထိုအရာကို အသုံးပြုပြီး သူ့ကိုအရှက်ရအောင် လုပ်ခဲ့သည့်အတွက် ကျိတောင်ဆီတွင် နာကျင်ရသော မှတ်ဉာဏ်များ ရှိနေခဲ့၏။
ဝမ်ချန်းက အိန္ဒြေဆည်လိုက်ရပြီး ပန်းချီပညာရှင်ကို ညွှန်ကြားလိုက်သည်။
“ဒုတပ်မှူးကျိ ပြောတဲ့စကားကို သေချာနားထောင်ပါ…။ ဘာမှ လွဲမသွားစေနဲ့…”
“ဒုတပ်မှူးကျိ …
ရန်သူတွေက မင်းနဲ့ မင်းရဲ့တပ်ဖွဲ့တစ်ခုလုံးကိုတောင် သတ်နိုင်တယ်ဆိုတော့ တော်တော်လေးကို အစွမ်းထက်နိုင်တယ်…”
ဝမ်ချန်းက မုန့်ချီကို လှည့်ပြောလိုက်ပြီး သူ့ပုံစံက လှောင်ပြောင်နေသလို ထင်ရသည်။
သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို ပြောချင်နေသလို ထင်မှတ်ရ၏။
‘မိုးကြိုးနတ်ဘုရားရဲ့သွေးမျိုးဆက်ရှိနေတဲ့ လူတစ်ယောက်က ငါတို့ခေါင်းဆောင်ရဲ့ လက်အောက်မှာ ပထမတန်းစား မဟုတ်ဘူးလား…။ ဘာလို့ ဒီလိုရှက်စရာ အခြေအနေမျိုးကို ကြုံနေရတာလဲ…။ မင်းရဲ့တပ်ဖွဲ့က လုံးဝဆုံးရှုံးသွားရတာ သနားစရာကောင်းလိုက်တာ…’
မုန့်ချီက လက်သီးကို တင်းတင်းဆုပ်ထားပြီး အံကြိတ်ထားသည်။ သူကတော့ ဒေါသမထွက်စေရန် ထိန်းချုပ်ထားရသလို ဟန်ဆောင်နေခဲ့၏။
ထိုအရာကို မြင်သည့်အခါ ဝမ်ချန်းက ကျေနပ်သွားခဲ့ပြီး မူလခေါင်းစဉ်ကို ပြန်သွားခဲ့သည်။
“ရန်သူ ဘယ်နှစ်ယောက် ရှိလဲ…”
“စုစုပေါင်း ရန်သူ(၃)ယောက်ရှိတယ်…။ ယောကျ်ားနှစ်ယောက်နဲ့ မိန်းမတစ်ယောက်…”
မုန့်ချီကတော့ ထိုအဖြစ်အပျက်များကို ပြန်တွေးမိသည့်အလား အတော်လေးကို ကြောက်လန့်ချင် ယောင်ဆောင်ခဲ့သည်။
“သူတို့ရဲ့ရုပ်ရည်နဲ့ သိုင်းပညာကို တစ်ယောက်ပြီး တစ်ယောက် ပြောပြပါ…”
ဝမ်ချန်းက မျက်နှာပျက်သွားခဲ့၏။
“သူတို့ထဲက တစ်ယောက်က အသက်(၃၀)ဝန်းကျင်လောက် ရှိတယ်…။ တံမြက်စည်းပုံသဏ္ဍာန်မျက်ခုံး၊ ပါးစပ်ပြားပြားနဲ့ မျက်နှာက အကျောဆွဲနေသလို ထင်ရတယ်…။ သူ တိုက်ခိုက်တဲ့အချိန် သူ့ရဲ့ပတ်ပတ်လည်မှာ ခရမ်းရောင်ကြယ်တွေ ဝိုင်းပတ်နေသလိုမျိုးပဲ…။ ဒါပေမယ့် သူ ငါ့ကို တိုက်ခိုက်ဖို့သုံးလိုက်တဲ့ လက်ဝါးချက်က အသံမထွက်ဘူး…”
မုန့်ချီက လေးလေးနက်နက် ပြန်ဖြေနေခဲ့သည်။
“တခြားတစ်ယောက်ကတော့ အသက်ငယ်တယ်…။ သူ့ရဲ့ဓားသိုင်းပညာက တော်တော်လေးကို ထူးချွန်တယ်…။ သူက မျက်ခုံးကောင်းကောင်းနဲ့ တောက်ပတဲ့ မျက်လုံးတွေရှိတယ်…။ ချောမောခန့်ညားပြီး ပေါ့ပေါ့ပါးပါး နေတတ်တယ်…။ သူသုံးနေတဲ့ဓားရဲ့ ပတ်ပတ်လည်မှာတော့ မီးတောက်တွေ လွှမ်းခြုံနေတယ်…။ အဲဒါက သာမာန်လက်နက်လို မဟုတ်ဘူး…”
ထိုစကားကိုကြားသည့်အချိန်တွင် ချီကျန်းရန်က အနည်းငယ် ရှုံ့မဲ့သွား၏။ ကျန်းကျိဝေတို့ကတော့ မြေပြင်ကို စိုက်ကြည့်နေပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားရပုံ ပေါ်သည်။
“မိန်းကလေးကတော့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နဲ့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်…။ တော်တော်လေးကို တောက်ပတဲ့အသားအရည်မျိုးလည်း ရှိတယ်…။ သူ့ရဲ့ဓားသိုင်းပညာက ခန့်မှန်းလို့မရဘူး…”
သူတို့က အစစ်အမှန်လူသတ်သမားများဖြစ်သည့်အတွက် မုန့်ချီက လူသတ်သမားများ၏ ရုပ်ရည်ကို အနည်းငယ်လွှဲ၍ ပြောလိုက်သည်။ ပန်းချီပညာရှင်က လျင်မြန်စွာ ရေးဆွဲခဲ့ပြီး သိပ်မကြာခင် မုန့်ချီတို့(၃)ယောက်၏ ပန်းချီကားကို ထုတ်ပေးခဲ့၏။
“အဲဒါက သူတို့ပဲ…”
မုန့်ချီက ထိုရုပ်ပုံများကို လျင်မြန်စွာ စစ်ဆေးပြီး ပြောလိုက်သည်။
ထိုပန်းချီ(၃)ပုံတွင် သူတို့၏ အစစ်အမှန် ရုပ်ရည်များ ပျောက်ကွယ်နေပြီး အထူးသဖြင့် ချီကျန်းရန်၏ ရုပ်ရည်ဖြစ်သည်။ အသေးအဖွဲကိစ္စများ ပြီးဆုံးသွားပြီးနောက် မုန့်ချီက သူ့အဖော်များနှင့်အတူ အနားယူရန် မြို့စားရဲတိုက်ဆီသို့ ပြန်လာခဲ့သည်။ တခြားသော အစောင့်များကတော့ ထိုပန်းချီများကိုယူပြီး မြို့နေရာအနှံ့ကို လိုက်ကပ်နေကြသည်။
ခြံဝန်းထဲသို့ ဝင်လာပြီးနောက် မုန့်ချီက ကျိတောင်၏ မှတ်ဉာဏ်များအတိုင်း သူ့အိမ်သို့ ပြန်လာခဲ့သည်။ သူက လုံးဝလက်ထပ်ခဲ့ခြင်း မရှိသလို မိဘနှစ်ပါးကလည်း မြို့စားရဲတိုက်၏ အပြင်ဘက်တွင် နေထိုင်ခဲ့၏။ ထို့ကြောင့် သူ့ကို ရှာတွေ့သွားမှာ စိုးရိမ်စရာ မလိုအပ်ချေ။
သူတို့တွေက ခြံဝန်းထဲသို့ ဝင်လာခဲ့သည့်အချိန်တွင် ကျယ်လောင်သော အော်သံများကို ကြားလိုက်ရသည်။ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမလှလေးတစ်ယောက်က ထိတ်လန့်တကြား နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။
သူမ၏အနားတွင် ရှိနေသော အစေခံများက မုန့်ချီ၏မျက်နှာကို စိုက်ကြည့်နေကြသည်။
“ဘာတွေကြည့်နေတာလဲ…။ နင့်ရဲ့မျက်နှာကြောင့် သခင်မလေးက ကြောက်သွားပြီဆိုတာ မသိဘူးလား…။ မြန်မြန်သွားစမ်း…”
မိန်းကလေး၏အနားတွင် ရှိနေသော မိန်းမကြီးတစ်ယောက်က သူ့ကိုဒေါသတကြီး အော်လိုက်သည်။
ထိုမိန်းမပျိုကတော့ ကျိုးဟမ်ဖုန်း၏ မြေးမလေး ကျိုးယိချမ်းဖြစ်သည်။ သူကတော့ မုန့်ချီ၏မျက်နှာကြောင့် အလွန်ကြောက်လန့်နေပြီး သူက နေ့ခင်းကြောင်တောင် သရဲတစ္ဆေမြင်လိုက်ရသလို ထင်မှတ်လိုက်မိသည်။
“ကောင်းပါပြီ…။ ကောင်းပါပြီ…။ ကျွန်တော် အခုပဲ ထွက်သွားပါ့မယ်…”
မုန့်ချီက ကျိတောင်၏ ပုံစံအတိုင်း အတုယူပြီး ပြောလိုက်သည်။ ထို့နောက် သူက စြင်္ကံကိုဖြတ်ပြီး သခင်မလေးက သူ့မျက်နှာကို မမြင်ရစေရန် ဖုံးကွယ်ထားသည်။
“သခင်မလေး…
အဲဒီရုပ်ဆိုးကြီးကျိတောင်က တစ္ဆေတစ်ကောင်လိုပဲ…”
“အဲဒါသူပဲ…။ သူ့ရဲ့မျက်နှာက နောက်တစ်ကြိမ် ထိခိုက်လာတယ်ထင်တယ်…။ သူ့ရဲ့ဒဏ်ရာတွေ ကောင်းသွားရင် ပိုပြီးတော့ ရုပ်ဆိုးလာနိုင်တယ်…”
ထိုကဲ့သို့ နာကျင်စရာကောင်းသော မှတ်ချက်များကိုကြားသော်လည်း မုန့်ချီကတော့ လှုပ်ရှားသွားခဲ့ခြင်း မရှိချေ။ သူကတော့ အလျင်အမြန် လျှောက်သွားလိုက်ရာ ကျန်းကျိဝေတို့နှင့်အတူ သူ့အိမ်ဆီသို့ ရောက်လာခဲ့၏။ ခြံဝန်းတံခါးကို မဖွင့်ရသေးခင် ယောကျ်ားတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်က သူတို့ဆီကို ကပ်လာခဲ့သည်။
“ဒုတပ်မှူးကျိ…။ ဘယ်လိုရန်သူမျိုးကို တွေ့ခဲ့ရတာလဲ…”
ထိုလူက မေးလိုက်သည်။
သူကတော့ အလွန်ထူးခြားသောလက္ခဏာများ ရှိနေပြီး သူ၏အရေပြားက မီးခိုးရောင် ဖြစ်နေသည့်အတွက် သူ့ပုံစံက ကျောက်ရုပ်ထုတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုလူထူးဆန်းကတော့ ရင်လန်းဟွေ၏ လက်အောက်ငယ်သားများဖြစ်သော လူထူးဆန်း မူအန်ဖြစ်သည်။ သူက ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး ခုခံရန် ခက်ခဲသည်ဟု ဆိုကြ၏။
သူ့အနားတွင် ရှိနေသော မိန်းမပျိုကတော့ ရင်လန်းဟွေ၏ လက်အောက်ခံ လူထူးဆန်း လန်းတျယ်ဟုခေါ်သည်…။ သူကတော့ ဆံပင်များ ရှုပ်ထွေးနေသည်ကိုပင် လှပပြီး နှုတ်ခမ်းကတော့ သဘာဝအတိုင်း နီရဲနေသည်။ မုန့်ချီက အရာအားလုံးကို သေသေချာချာ မှတ်မိနေသည်။ ကျိတောင်က ထိုလူထူးဆန်း(၃)ယောက်နှင့် လုံးဝမတည့်ပေ။
သူ့စကားကို နားထောင်ပြီးနောက် လန်းတျယ်၏ နှုတ်ခမ်းလေးက ပြုံးသွားခဲ့၏။
“ဒုတပ်မှူးကျိ …
သူတို့ရဲ့ သိုင်းပညာကို နောက်တစ်ကြိမ် ပြောပြလို့ရမလား…။ သူတို့က ငါတို့နဲ့ ရင်းနှီးနေတယ် ထင်တယ်…”
သူမက ကျိတောင်ကို အလစ်ချောင်း တိုက်ခိုက်ခဲ့သော လူငယ်နှစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကို စိတ်ဝင်စားနေပုံရသည်။
“မင်းတို့က မြို့စားရဲတိုက်ရဲ့ပြဿနာတွေကို ကူညီပြီး မြန်မြန်ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်…”
မုန့်ချီက အသေးစိတ်ပြောလိုက်ပြီးနောက် သူတို့ကို လှောင်ပြောင်သလို တုံ့ပြန်လိုက်သည်။
“ခရမ်းကြယ်မြစ်…”
လန်းတျယ်က တစ်ယောက်တည်း စဉ်းစားနေပုံရသည်။ တခြားပြိုင်ဘက်နှစ်ယောက်၏ သိုင်းပညာတွင် လုံလောက်သော အချက်အလက်များ မရှိသည့်အတွက် သူတို့က ဆုံးဖြတ်ရန် ခက်ခဲနေသည်။
“တခြားသဲလွန်စတွေ ရှိသေးလား…”
မူအန်က အေးစက်စွာ မေးလိုက်၏။
မုန့်ချီက ခေါင်းခါပြီး ပြောလိုက်သည်။
“ငါက သူတို့ သတ်တာကို ခံရလုနီးပါးလေ…။ တခြားသဲလွန်စကို ဘယ်လိုများ သိနိုင်မှာလဲ…”
မူအန်က စကားမပြောတော့ပဲ ပြန်လှည့်သွားခဲ့ပြီး တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။
“အသုံးမကျတဲ့ အမှိုက်ကောင်ပဲ…”
မုန့်ချီက လက်သီးကို တင်းတင်းဆုပ်ပြီး ဒေါသထွက်ချင်ယောင်ဆောင်လိုက်၏။
ထို့နောက် ပင့်သက်ရှိုက်လိုက်ပြီး တံခါးကို တွန်းဖွင့်၍ အခန်းထဲကို ဝင်သွားခဲ့သည်။ သူ၏ခြံဝန်းထဲတွင်တော့ အပင်ကြီး အနည်းငယ်ရှိနေပြီး နေပြောက်မထိုးစေရန် ကာကွယ်ပေးထားသည်။ သူတို့က ခြံဝန်းလေးကို အေးမြနေစေရန် ကူညီပေးနေခဲ့၏။
မုန့်ချီက စကားပြောရန် ပြင်လိုက်စဉ် ကျန်းကျိဝေက နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်၍ တိုးတိုးနေရန် အချက်ပြလိုက်သည်။ သူမက ခေါင်းအုံး၏ထောင့်ကို ဓားနှင့် လှမ်းထိုးလိုက်၏။ ဓားထိပ်ဖျားတွင် အစိမ်းရောင်အလင်းတန်းလေးတစ်ခု ပေါ်လာပြီး မုန့်ချီတို့က စစ်ဆေးကြည့်လိုက်ရာ ထိုအရာက ဆန်တစ်စေ့ အရွယ်အစားခန့်ရှိသော ကူအဆိပ်ပိုးကောင်တစ်ကောင် ဖြစ်သည်။ ထိုအကောင်လေးက ကျန်းကျိဝေ၏ဓားထဲမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
“ကျိတောင်က ရင်လန်းဟွေတို့နဲ့ သေချာပေါက် ဆက်ဆံရေး မကောင်းဘူးပဲ…။ ဒါကြောင့် သူတို့က သူ့ကို စောင့်ကြည့်ဖို့ ကူအဆိပ်ပိုးကောင်ချထားတာလား…”
ကျိတောင်က ကျိုးဟမ်ဖုန်းနှင့် မကြာခဏတွေ့ရန် အခွင့်အရေးရှိသည်။ အကယ်၍ သူတို့ကသာ သူ့ဆီတွင် ပိုးကောင်ချထားမည်ဆိုလျှင် တစ်ဖက်လူက သတိထားမိရန် လွယ်ကူနိုင်၏။
တစ်ချိန်တည်းတွင် မုန့်ချီက စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။ စစ်ဆေးမှုအရာ၌ ကြည့်လိုက်လျှင် သူက ကျန်းကျိဝေထက် နိမ့်ကျနေသေး၏။ အတိတ်တုန်းက ဆိုလျှင်တော့ မျက်ခုံးကြားပင်မတံခါးကို လှုံ့ဆော်နိုင်ခဲ့ပြီး အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်နှင့် လှုပ်ရှားခြင်းကျင့်စဉ် မြေပြင်ဖျက်ဆီးကျင့်စဉ်တို့ကို ပူးပေါင်း၍ ကျန်းကျိဝေထက် အသာစီးရခဲ့သည်။
သို့သော် သူမက မျက်ခုံးကြားပင်မတံခါးကို လေ့ကျင့်နေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပြီး လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေသည်။ ထို့ကြောင့် သူ့ကို နောက်တစ်ကြိမ် ကျော်လွန်သွားခဲ့၏။
သူတို့(၅)ယောက်က အချင်းချင်းကြည့်လိုက်ကြပြီး မုန့်ချီက ရုတ်တရက် ပြောလိုက်သည်။
“အဲဒီခွေးမျိုးတွေ…
တကယ်လို့ ငါသာ သူတို့ကို နောက်တစ်ကြိမ် တွေ့ရမယ်ဆိုရင် အမှုန့်ချေပစ်မယ်…”
“တပ်မှူးကျိ…
စိတ်အေးအေးထားပါ…။ အချိန်ကျရင်တော့ ကျွန်တော်တို့က သူတို့ကို ထောင်ထဲထည့်နိုင်မှာပါ…”
မုန့်ချီ၏ ရည်ရွယ်ချက်ကို နားလည်နေသည့်အတွက် ကျိုးဟမ်က အလိုက်သင့် ဝင်ပြောလိုက်သည်။
သူတို့က ကူအဆိပ်ပိုးကောင်ကို ထိုနေရာတွင် ဆက်ထားပြီး ရင်လန်းဟွေကို အချက်အလက်အမှားများ ပေးပို့နေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သူကမျှ သူတို့၏အဆင့်အတန်းကို သံသယဝင်တော့မည် မဟုတ်ချေ။
ခဏကြာ သရုပ်ဆောင်လိုက်ပြီးနောက် မုန့်ချီတို့က အခန်းထဲမှ ထွက်သွားပြီး ခြံဝန်းထဲကို ဝင်သွား၍ အသံတိုးတိုးနှင့် ဆွေးနွေးနေကြသည်။
“ရင်လန်းဟွေက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါတို့ မသိဘူး…။ တကယ်လို့ ငါတို့ကသာ အစီအစဉ်မရှိဘဲ သူ့ရဲ့စွမ်းရည်ကို စမ်းသပ်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် အန္တရာယ်ကျသွားနိုင်တယ်…”
ကျိုးဟမ်က စိုးရိတ်တကြီး ပြောလိုက်သည်။
အကယ်၍ သူတို့ကသာ ကျိုးဟမ်ဖုန်းကို သတ်ချင်နေသည်ဆိုလျှင် ရင်လန်းဟွေ၏ အစွမ်းကို သေချာသိရန် လိုအပ်သည်။ မဟုတ်လျှင် အောင်မြင်တော့မည့်အချိန်တွင် ကျရှုံးသွားနိုင်၏။
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
“တခြား(၂)ယောက်က စောနက တွေ့ခဲ့တဲ့ လူထူးဆန်း(၂)ယောက်ပဲ…။ သူတို့က ရင်လန်းဟွေနဲ့ တော်တော်လေးကို ရင်းနှီးတယ်…။ ဒါကြောင့် သူတို့နဲ့စတာ ပိုပြီး လွယ်ကူလိမ့်မယ်…။ ငါတို့က အခွင့်အရေးရောက်လာမယ့်အချိန်ထိ စောင့်နေရမယ်…”
ကျန်းကျိဝေက သဘောတူလိုက်၏။ သူမက စိတ်မရှည်သောလူတစ်ယောက် မဟုတ်ချေ။
ရွမ်ယုရှုနှင့် ချီကျန်းရန်တို့ကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။
………..
(၃)ရက်ကြာပြီးနောက် သူတို့က အစောင့်ခန်းမထဲတွင် ရောက်နေခဲ့သည်။ ကျန်းရှန်းဟုန်ကတော့ မုန့်ချီ၏ရှေ့တွင် ရှေ့ပြန်နောက်ပြန် လမ်းလျှောက်နေသည်။ သူ၏ထူးခြားသော အပြုအမူကြောင့် သူ့လက်အောက်ငယ်သားများက စိုးရိမ်နေကြ၏။
“ဘာလို့ သဲလွန်မတွေ့ရတာလဲ…”
သူက အံကြိတ်ပြီး ပြောနေခဲ့၏။
“အဲဒီလူ(၃)ယောက်က လေထဲမှာ ပျောက်သွားသလိုပဲ…။ တစ်မြို့လုံး ရှာလိုက်တာကိုတောင် သူတို့နဲ့ပတ်သက်ပြီး ဘာသဲလွန်စမှ ရှာမတွေ့ဘူး…”
“ဟုတ်တယ်လေ…။ ဘယ်ရှာတွေ့မှာလဲ…။ သူတို့က မြို့စားရဲတိုက်ထဲမှာ ပုန်းနေတာကိုး…”
မုန့်ချီက တစ်ယောက်တည်း တွေးနေမိသည်။
အပေါ်ယံတွင်တော့ သူက ပြောလိုက်၏။
“ဒါက တူဟိုင်ရှန့်နဲ့အတူတူပဲ ဖြစ်နိုင်တယ်…”
“ဒါဆိုရင် တန်းနင်မြို့ထဲမှာ ငါတို့ မသိတဲ့ အင်အားစုတွေရှိနေတာလား…”
ကျန်းရှန်းဟုန်က မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ သူတို့ကသာ လက်ရှိအခြေအနေအတိုင်း ဆက်သွားမည်ဆိုလျှင် သူက လိမ်ပြောနေခြင်းဖြစ်ကြောင်း ကျန်းရှန်းဟုန်က တွေ့သွားပါလိမ့်မည်။
ထို့ကြောင့် သူက စဉ်းစားချင်ယောင်ဆောင်လိုက်၏။
“တကယ်လို့ သူတို့က တခြားသူတွေနဲ့ ရောနှောနေတာ မဟုတ်တဲ့ ခြံဝန်းတစ်ခုထဲမှာ ပုန်းနေပြီး စားသောက်စရာတွေ၊ ရေတွေကို ခိုးယူနေမယ်ဆိုရင် သာမာန်နည်းလမ်းနဲ့ သူတို့ကို ရှာဖို့ခက်ခဲတယ်…”
“အဲဒါ အဓိပ္ပာယ်ရှိတယ်…”
ကျန်းရှန်းဟုန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီ၏ရှင်းပြချက်က ဖြစ်နိုင်ကြောင်း အသိအမှတ်ပြုလိုက်သည်။
မုန့်ချီက ဆက်ပြောလိုက်၏။
“တပ်မှူး… ကျွန်တော့်ရဲ့ဒဏ်ရာအများစုက ကောင်းသွားပြီ…။ ကျွန်တော်က ကျွန်တော့်လူတွေနဲ့အတူ ရှာဖို့ ကူညီပေးမယ်…”
“အရမ်းကောင်းတယ်…။ ငါက မင်းကိုမြို့စားရဲတိုက်ရဲ့ရှေ့မှာ တာဝန်ပေးမယ်…”
ကျန်းရှန်းဟုန်က ပြောလိုက်သည်။
……………
စားသောက်စရာများ ရောင်းချသော ဆိုင်တစ်ခုထဲတွင် ...
ဆိုင်ရှင်က နာမည်ဆိုးနှင့် ကျော်ကြားသော သူ့မိတ်ဆွေများနှင့်အတူ စားသောက်နေကြသည်။ သူက သတင်းစုံသောနယ်မြေခံ ပညာရှင်တစ်ယောက် ဖြစ်သည်။ ရုတ်တရက်ဆိုသလို သူက တစ်စုံတစ်ယောက်ကို တွေ့လိုက်မိ၏။
အပြာရောင်ဝတ်စုံဝတ်ထားသော မိန်းမပျိုလေးတစ်ယောက်က တံခါးရှေ့သို့ ရောက်လာခဲ့သည်။ သူမက ရုပ်ဖျက်ထားသော်လည်း အလွန်ထက်မြက်သော မျက်လုံးများက ထင်းနေခဲ့၏။
ထိုမိန်းမပျိုလေးက သူမ၏ဓားနှင့်အတူ ဖြည်းညင်းစွာ လျှောက်လာပြီး အသံတိုးတိုးနှင့်အတူ မေးလိုက်သည်။
“ကျွန်မ ရှင့်ကို မေးချင်တာရှိတယ်…”
ဆိုင်ရှင်က သူမ၏ ပတ်ပတ်လည်တွင် လွှမ်းခြုံလျက်ရှိသော ဓားချီများကို ခံစားမိသည့်အလား တုန်ယင်သွားခဲ့၏။ သူက ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး ထိုမိန်းကလေးကို ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်၏။
“မိန်းကလေး ဘာသိချင်တာလဲ…”
“ရှင်က တူဟိုင်ရှန့်ရဲ့နေရာကို သိလား…”
ထိုမိန်းကလေးကတော့ ကျန်းကျိဝေဖြစ်သည်။
ဆိုင်ရှင်က ခါးသီးစွာရယ်ပြီး ပြောလိုက်၏။
“တကယ်လို့ ကျွန်တော်သိမယ်ဆိုရင် မြို့စားရဲတိုက်ကို ကိုယ်တိုင်သွားပြီး ဆုကြေးထုတ်ယူတော့မှာပေါ့…”
ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာသွားခဲ့သည်။ ဆိုင်ထဲမှ ထွက်သွားပြီး သိပ်မကြာခင် သူမက လမ်းကျဉ်းလေးထဲသို့ ချိုးဝင်သွားခဲ့ပြီး နောက်မှ လိုက်လာသူများကို ခြေရာဖြတ်ခဲ့သည်။ ထို့နောက် နံရံကို ခုန်ကျော်လိုက်ပြီး အဝတ်အစားများကို လဲလိုက်၏။ မုတ်ဆိတ်မွှေးအတုနှစ်ခုကိုလည်း ကပ်လိုက်သည်။ ထို့နောက် သူမက အနီးအနားတွင်ရှိနေသော နေရာများကို ကွေ့ပတ်၍ သွားခဲ့၏။
ဆိုင်ထဲတွင်တော့ ဆိုင်ရှင်က သူ့မိတ်ဆွေများကို မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
“မြို့စားရဲတိုက်ရဲ့ လျှို့ဝှက်သူလျှိုတွေကို မြန်မြန်သွားရှာလိုက်…။ သူတို့ ရှာနေတဲ့သူ ပေါ်လာပြီလို့ ပြောလိုက်…”
ရန်သူများ၏ သတင်းက မြို့စားရဲတိုက်ဆီကို နည်းလမ်းပေါင်းစုံနှင့် ရောက်ရှိသွားခဲ့သည်။ သတင်းပို့သည့် လူများထဲတွင် တစ်ယောက်က ကျန်းကျိဝေ ကိုယ်တိုင် ဖြစ်၏။ ကျန်းရှန်းဟုန်နှင့် လန်းတျယ်တို့က တစ်ချိန်တည်းနီးပါး ဆိုင်ရှင်အနားကို ရောက်လာခဲ့သည်။ သို့သော် သူတို့အားလုံးက ရန်သူကို နောက်တစ်ကြိမ် လွတ်သွားပြန်၏။
ဒုတိယမြောက်နေ့တွင်တော့ မြို့အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် ရှိနေသော နယ်မြေခံများက အလိုရှိနေသော လူသတ်သမားများကို တွေ့ခဲ့ရသည်။ တစ်ယောက်ကတော့ ယမန်နေ့တွင် တွေ့ခဲ့သော အပြာရောင်ဝတ်မိန်းမပျိုဖြစ်ပြီး တစ်ယောက်ကတော့ နှာခေါင်းပြားပြားနှင့် ခရမ်းရောင်ကြယ်များ ရှိနေသော လူတစ်ယောက် ဖြစ်သည်။ သတင်းက မြို့စားရဲတိုက်သို့ လျင်မြန်စွာ ရောက်သွားခဲ့သည်။ ထိုနေ့တွင် တာဝန်ကျနေသည်မှာ မူအန်နှင့် ကျိတောင်ဖြစ်သည်။
“ဒီအရူးတွေကတော့ကွာ။ သူတို့က ဘာလို့တစ်ကြိမ်ပြီး တစ်ကြိမ် ပေါ်လာနေရတာလဲ…”
နောက်ဆုံးတွင်တော့ မူအန်၏မျက်နှာပေါ်တွင် ဒေါသများ ပေါ်လာခဲ့၏။ သူက လက်အောက်ငယ်သားများကို ညွှန်ကြားပြီး ပြောလိုက်သည်။
“ခေါင်းဆောင်ကျန်းကို သွားရှာလိုက်…။ ငါတို့က ဒီတစ်ကြိမ် လွတ်မသွားအောင်လို့ လူခွဲပြီး ရှာကြမယ်…။ တကယ်လို့ ဒီကိစ္စကသာ ရုံးတော်ကို ရောက်သွားပြီး လက်ဝဲမြို့စား ဝင်ပါလာမယ်ဆိုရင် ငါတို့က မျက်နှာပြရဲတော့မှာ မဟုတ်တော့ဘူး…”
သူက ကျိတောင်ကို သူ၏လက်အောက်ငယ်သားအဖြစ် သတ်မှတ်ထားခဲ့သည်။
မုန့်ချီက အံ့ဩနေခြင်းမရှိဘဲ ရယ်မောနေခဲ့သည်။
“မင်းက ရန်သူသတ်တာကို ခံရမှာ စိုးရတယ်…”
သူတို့က မြို့စားရဲတိုက်ထဲတွင် ရောက်နေသည်မှာ ရက်ပေါင်းများစွာ ကြာနေသော်လည်း ကျိုးဟမ်ဖုန်းနှင့် ရင်လန်းဟွေတို့ကို မတွေ့ရသည်မှာ အမှန်တကယ် ထူးဆန်းနေသည်။
“ငါက မင်းလိုအမှိုက်မှ မဟုတ်တာ…”
မူအန်က ခန်းမထဲမှ လျင်မြန်စွာ ထွက်သွားခဲ့သည်။
ဈေးအရှေ့သို့ ရောက်သည့်အချိန်တွင် သူက ရန်သူများ၏အငွေ့အသက်ကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် လျှို့ဝှက်သူလျှိုများနှင့် သတင်းသမားများကို အကူအညီတောင်းနေရ၏။ သူတို့ကို အကြိမ်ပေါင်းများစွာ မေးလိုက်ပြီး နောက်ဆုံးတွင်တော့ သူ၏မျက်နှာက ဝင်းလက်တောက်ပသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သဲလွန်စရလိုက်ခြင်းကြောင့် ဖြစ်၏။
“ငါက လမ်းကြားထဲ ဝင်သွားတဲ့ အပြာဝတ်မိန်းကလေးကို မြင်လိုက်ရတယ်…”
မုတ်ဆိတ်မွေးနှစ်ခုရှိနေသော ပိန်ပိန်ပါးပါး လူတစ်ယောက်က သတင်းလာပို့ခဲ့၏။
Translated by Hein Htet