အခန်း (၄၃၄)
Vol. 29 Ch. 434
မျက်လုံးများအားလုံးက မုန့်ချီကို စိုက်ကြည့်လိုက်ကြသည်။ သူတို့အားလုံးက အဖြူရောင်ပတ်တီးများ ပြည့်နှက်နေသော သူ့မျက်နှာကို စိုက်ကြည့်နေကြ၏။ တချို့က အံ့ဩနေပြီး တချို့က ဝမ်းသာနေကြသည်။ တချို့က မကျေမနပ် ဖြစ်နေကြ၏။
“သူပြောတာ ဟုတ်တယ်…။ မူအန်ကတောင် ရန်သူသတ်တာ ခံလိုက်ရတယ်…။ ကျိတောင်က အကူအညီတောင်းဖို့ အခွင့်အရေးတောင် ရခဲ့တာလား…”
ကျိတောင်၏ မိုးကြိုးနတ်ဘုရား မွေးရာပါစွမ်းအားက အမှန်တကယ် အစွမ်းထက်သော်လည်း မူအန်ဆီတွင် ကောင်းကင်သိစိတ်စွမ်းအင်နှင့် အလွန်ထူးခြားသော လှည့်ကွက်များစွာ ရှိနေသည်။ ဤနေရာတွင် ရှိနေသော လူအများစုက ထိုအစွမ်းကို မြင်တွေ့ခဲ့ဖူးကြ၏။
ကျိတောင်က သူ့ကို မည်သို့ ယှဉ်နိုင်မည်နည်း။ သူက သေမှာကို ကြောက်ရွံ့ခြင်း..။ သို့မဟုတ် ရိုးရှင်းစွာ အညံ့ခံလိုက်ခြင်းပေလော။ ထိုအချိန်တွင် သူတို့က မုန့်ချီ၏ အဆင့်အတန်းကို သံသယဝင်နေခြင်း မရှိပေ။ မည်သို့ဖြစ်စေကာမူ သူတို့ဆီတွင် တူညီသောအရပ်၊ တူညီသောအငွေ့အသက်နှင့် တူညီသော သွေးမျိုးဆက် ရှိနေခဲ့၏။
သူ၏ရုပ်ရည်ကိုလည်း ပတ်တီးမစည်းခင် ကျန်းရှန်းဟုန်က အတည်ပြုထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက လက်ဝဲမြို့စားရဲတိုက်ကို သစ္စာဖောက်လိုက်သည်ဟုသာ သူတို့က တွေးနေကြ၏။
ကျိုးယိချမ်းက ပါးစပ်ကို လက်နှင့် အုပ်ထားသည်။ အလွန်ဆိုးရွားသောလူကြီးက ထိုကဲ့သို့ကိစ္စမျိုး ရှိလိမ့်မည်ဟု သူမက မယုံကြည်ချေ။ သူမအမေ၏အကြည့်ကလည်း အေးစက်လာ၏။ သူမက ဝတ်ရုံနီတပ်ဖွဲ့နှင့် ပတ်သက်နေသော လူတိုင်းကို အစိတ်စိတ် အမွှာမွှာ ဖျက်ဆီးပစ်ချင်နေပုံ ရသည်။
ကျိုးဟန်ဖုန်းက လူတိုင်းကို လှည့်ကြည့်နေရာမှာ မုန့်ချီကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက အစိမ်းရောင်ရေကန်ကြီးကဲ့သို့ အေးစက်ပြီး နက်ရှိုင်းလွန်းလှသည်။
မုန့်ချီကတော့ သူ့အကြည့်ကို လုံးဝကြောက်ရွံ့နေခဲ့ခြင်း မရှိချေ။ သို့သော် ကျိုးဟန်ဖုန်း၏ အကြည့်ကြောင့် အနည်းငယ် စိုးရိမ်လာသလို ခံစားနေရ၏။ အေးစက်မှုက သူ၏ခန္ဓာကိုယ်ထဲကို တစ်ဆင့်ချင်း ထိုးဖောက်လာသလို ခံစားလိုက်ရသည်။
မုန့်ချီ၏ကိုယ်တွင်းအင်္ဂါများကလည်း တဖြည်းဖြည်း အေးခဲသွားသလို ထင်မှတ်လိုက်ရပြီး သူ၏သွေးစီးဆင်းမှုက နှေးကွေးသွားခဲ့သည်။ သူ၏ဝိညာဉ်က အတွင်းထဲတွင် ရှိနေပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားနေရ၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကလည်း အေးချမ်းသော ရေကန်တစ်ခုသဖွယ် ထင်မှတ်ရသည်။
သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို သုံးပြီး သူ၏အငွေ့အသက်များကို ထင်ထင်ရှားရှား တုပ၍ ကျိတောင်၏ ပုံစံအတိုင်း ပြောင်းလဲထားသည်။ မုန့်ချီ၏ မျက်နှာက အပြာရောင် ပြောင်းလဲနေပြီး သွားများက ခိုက်ခိုက်တုန်နေခဲ့၏။
“မင်းမှာ ဘာပြောစရာရှိသေးလဲ…”
ကျိုးဟန်ဖုန်းက အသံတိုးတိုးနှင့် ပြောလိုက်သည်။
ကျိုးဟန်ဖုန်းက လက်အောက်ငယ်သားများအပေါ် စည်းကမ်းအလွန်တင်းကျပ်သည်။ သူခွင့်မပြုလျှင် မည်သူကမျှ စကားပြော၍ မရပေ။ စကားပြောလိုက်ခြင်းက သူ့အပေါ် မလေးမစား လုပ်လိုက်ခြင်းဟု သတ်မှတ်နိုင်သည်။
ရင်လန်းဟွေက သူနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ယုံကြည်မှုရပြီးမှသာ ကျိုးဟန်ဖုန်း၏ ရဲမက်များက သူတို့ဆန္ဒရှိသည့်အတိုင်း သူတို့၏ အခြေအနေကို ပြောပြနိုင်ခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် ရင်လန်းဟွေနှင့် လူထူးဆန်းများက လက်ဝဲရဲတိုက်မှ တပ်မှူးများ၊ ရဲမက်များနှင့် ဆက်ဆံရေး ဆိုးဝါးနေခဲ့သည်။
မုန့်ချီက တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ သူက လျင်မြန်စွာ ပြောလိုက်သည်။
“မြို့…မြို့စားကြီး ကျွန်တော့်မှာ အပြစ်မရှိပါဘူး…။ အဲဒီအချိန်တုန်းက ကျွန်တော့်ကို အကူအညီပေးဖို့ နောက်လိုက်တွေ အများကြီးရှိတယ်။ သူတို့က အဲဒီလူတွေကို အရင်တိုက်ခိုက်ဖို့ အာရုံစိုက်နေတာ။ ဒါကြောင့် ကျွန်တော်က အခွင့်အရေးရခဲ့တာပါ…”
“ဟုတ်ပါတယ် မြို့စားကြီး…။ အဲဒီအချိန်တုန်းက ကျိတောင်နဲ့အတူ သိုင်းလောကသားတွေ အများကြီးရှိတယ်…။ ပြီးတော့ ရန်သူက သူတို့ကို အထင်သေးနေတဲ့အတွက် အကူအညီတောင်းနိုင်တာပါ….”
ကျန်းရှန်းဟုန်က သူ့လက်အောက်ငယ်သားကို ကာကွယ်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူက ရင်လန်းဟွေကို စားတော့ ဝါးတော့မတတ် အမူအရာမျိုးနှင့် ကြည့်နေခဲ့၏။
“သူ့လူတွေက စိတ်ပျက်စရာကောင်းတယ်…။ ဒါပေမယ့် သူ့ရဲ့ဆုံးရှုံးမှုကို ငါ့အပေါ်အပြစ်တင်နေတယ်…။ တကယ့်မကောင်းဆိုးဝါးပဲ…”
ကျိုးဟန်ဖုန်းက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သော်လည်း မုန့်ချီကို ဆက်၍ စိုက်ကြည့်နေသေးသည်။
မုန့်ချီက ကျိတောင်နှင့် တူညီစေရန် အကောင်းဆုံးကြိုးစားနေပြီး ဆက်ပြောလိုက်၏။
“ပြီးတော့ ကျွန်တော် တွေ့ခဲ့ရတဲ့(၃)ယောက်က ရန်သူရဲ့တစ်စိတ်တစ်ပိုင်းပဲ ရှိနိုင်သေးတယ်…။ သူတို့ဆီမှာ တခြားပညာရှင်တွေ ရှိနေနိုင်သေးတယ်…။ အဲဒါက သာမာန်အခြေအနေပါပဲ…။ ဒါပေမယ့် ဆရာကြီးရင်ရဲ့စကားက ကျိုးကြောင်း သင့်တော်မှု မရှိဘူးလေ…”
“အဲဒါ အဓိပ္ပာယ်ရှိတယ်…။ ကျွန်တော်တို့က သူတို့တိုက်ခိုက်ခဲ့တဲ့နေရာကို စစ်ဆေးခဲ့တဲ့ အချိန်မှာ မတူညီတဲ့ ခြေရာလက်ရာ(၄)မျိုး တွေ့ခဲ့တယ်…။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့ရဲ့လူက (၃)ယောက်တော့ မဖြစ်နိုင်ဘူး…”
ကျန်းရှန်းဟုန်ကလည်း မုန့်ချီကို ကာကွယ်ပေးရန် ပြောလိုက်၏။
ကျိုးဟန်ဖုန်း၏မျက်နှာက တောက်ပလာပြီး ရင်လန်းဟွေနှင့် လန်းတျယ်ကို လှည့်ကြည့်လိုက်၏။
မုန့်ချီကတော့ စိတ်အေးသွားသလို ခံစားလိုက်ရသည်။ သူက ယခုမှသာ စိတ်အေးသွားချင်ယောင်ဆောင်ပြီး လေကို မှုတ်ထုတ်လိုက်မိသည်။ နောက်ကျောတွင်တော့ ချွေးများစိုရွှဲနေပြီး ချပ်ဝတ်အင်္ကျီ၏ အတွင်းထဲတွင်ရှိနေသော အဝတ်အစားများကပင် စိုရွှဲနေသည်။
ရင်လန်းဟွေက အမူအရာပြောင်းလဲခြင်း မရှိဘဲ ပြောလိုက်သည်။
“ငါက ဒီအတိုင်းပဲ မေးတာပါ…။ မင်းက ဘာလို့ဒီလောက်တောင် ဒေါသထွက်နေရတာလဲ…”
မုန့်ချီ ပြန်မဖြေနိုင်သေးခင် သူက ကျိုးဟန်ဖုန်းကိုလှည့်ကြည့်ပြီး ရင်ဘတ်ထဲသို့ လက်ထည့်လိုက်သည်။
“မြို့စားကြီး…
ကျွန်တော်တို့ရဲ့ရန်သူကို ဘယ်လိုရှာရမလဲဆိုတာ ကျွန်တော်သိတယ်…”
မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“သူက ငါတို့ကို ရှာတွေ့သွားတာလား…။ သူ့ရဲ့မှော်အရုပ်နဲ့လား…”
အကယ်၍ သူကသာ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် တည်ငြိမ်နေခြင်းမရှိလျှင် စိုးရိမ်ထိတ်လန့်သွားမိပါလိမ့်မည်။
“ဘယ်လို…”
ရဲမက်များ၊ တပ်မှူးများအားလုံးက အံ့ဩသွားကြ၏။
“ရင်လန်းဟွေမှာ နည်းလမ်းရှိနေတာလား…။ မူအန်သေဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့ဒေါသက အတုအယောင်လား…”
ကျိုးယိချမ်းက စိတ်ဝင်တစား လှည့်ကြည့်လိုက်သည်။
သူမကတော့ ကျိတောင်ထက်ပို၍ အဆိပ်ပိုးကောင်များ၊ လျှို့ဝှက်ချက်မျိုးစုံရှိနေသော လူထူးဆန်းများကို ပို၍ကြောက်လန့်သည်။ သို့သော် အလွန်လျှို့ဝှက်ဆန်းကြယ်သော မှော်ပညာနှင့် ပတ်သက်ပြီး ပို၍စိတ်ဝင်စား၏။
“သဲလွန်စမရှိတဲ့ ရန်သူတွေကို တကယ်ပဲ ရှာတွေ့နိုင်မှာလား…”
“မင်းက ဘာလို့ စောစော မပြောရတာလဲ…”
ကျိုးဟန်ဖုန်းက တည်ငြိမ်စွာ မေးလိုက်သည်။
ရင်လန်းဟွေက အပြုံးနှင့် ပြောလိုက်၏။
“ဘာလို့လဲဆိုတော့ ကျွန်တော်က သူတို့ကို မရှာနိုင်လို့ပါ…။ ဒါကြောင့် သေချာစဉ်းစားပြီးမှသာ ကျွန်တော်က မြို့စားကြီးရဲ့အကူအညီကို တောင်းဆိုရဲတာပါ”
“ငါက ဘယ်လိုကူညီပေးရမှာလဲ…”
ကျိုးဟန်ဖုန်းက မျက်နှာပေါ်တွင် အရေးအကြောင်းများ မရှိချေ။ သူက အသက်(၄၀)ဝန်းကျင်ခန့်သာ ရှိနေသေး၏။ နတ်ဘုရားသွေးမျိုးဆက်များ၏ အသက်ကြီးရင့်သည့်အရှိန်က အလွန်နှေးကွေးသည်။
ရင်လန်းဟွေက ပြောလိုက်၏။
“မြို့စားကြီးက အဲဒီအရာကို ပြည့်ပြည့်ဝဝ လှုံ့ဆော်ပေးဖို့ပဲ လိုတာပါ…။ ကျန်တဲ့ကိစ္စတွေကိုတော့ ကျွန်တော့်တာဝန်ပဲထားပါ…”
“ကောင်းပြီလေ…”
ကျိုးဟန်ဖုန်းက တွေဝေမနေခဲ့ပေ။
ရင်လန်းဟွေက သူ၏ဘယ်လက်ကို ထုတ်လိုက်၏။ ထိုအချိန်တွင် အနက်ရောင်အငွေ့များ ထွက်ပေါ်လာသည်။ အတွင်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံကွက်များစွာ ရေးဆွဲထားသည့် မီးခိုးရောင်အရုပ်တစ်ခု ရှိနေ၏။
“မြို့စားကြီး…
ကျွန်တော်က ရန်သူခေါင်းဆောင်နဲ့ သွယ်ဝိုက်ပြီး တိုက်ခိုက်ခဲ့ရတယ်…။ ကျွန်တော် သူ့ကို မဖမ်းနိုင်ခဲ့ပေမယ့် သူ့ရဲ့အငွေ့အသက်တွေကို ဒီမှော်အရုပ်ထဲမှာ ပိတ်ဆို့ထားတယ်…။ ဒီအရုပ်ရဲ့ အကူအညီနဲ့ဆိုရင် သူကသာ တန်းနင်မြို့ထဲမှာ ရှိနေသေးသ၍ သူ့ကို ရှာတွေ့ပြီး သူ ဘယ်နေရာမှာ ပုန်းနေနေ သူ့ရဲ့ပင်မဝိညာဉ်ကို ပစ်မှတ်ထားနိုင်တယ်…။ ဒါဆိုရင် သူက ပုန်းမနေနိုင်တော့ဘူး…”
ရင်လန်းဟွေက တူဟိုင်ရှန့်ထက် အဆပေါင်းများစွာ ပို၍အားနည်းသည်။ သူက တူဟိုင်ရှန့်ကို ပိတ်ဆို့တားဆီးခဲ့သည့်အချိန်တွင် လိုအပ်သော အငွေ့အသက်ကို ရယူရန် ကျရှုံးခဲ့၏။
“သူ့မှာ အဲဒီလိုမှော်ပညာမျိုး ရှိနေတာပဲ…”
တူညီသော စွမ်းရည်နှင့် အဆင့်ရှိနေသော ကျန်းရှန်းဟုန်ကလည်း အလွန်ထိတ်လန့်သွားခဲ့သည်။
မုန့်ချီက မျက်မှောင်ကြုတ်ပြီး စဉ်းစားနေခဲ့သည်။
“ရင်လန်းဟွေရဲ့နည်းလမ်းတွေက တော်တော်ပြဿနာများတာပဲ…”
မုန့်ချီက သတိထားနေခဲ့သည်။ သူကတော့ မှော်နည်းလမ်းများနှင့် တွေ့နိုင်သော သဲလွန်စ မည်သည့်အရာကိုမျှ ချန်မထားခဲ့ပေ။ သို့သော် ရင်လန်းဟွေက သူ၏အငွေ့အသက် တစ်စိတ်တစ်ပိုင်းကို ခိုးယူခဲ့သည့်အချိန်တွင်တော့ သူလည်း မသိခဲ့ပေ။
“အဲဒါက တကယ်အငွေ့အသက်လား…။ ရင်လန်းဟွေက တစ်စုံတစ်ခုကို ဖုံးကွယ်ထားတယ် ထင်တယ်…။ ဒါပေမယ့် အခုအချိန်က အဲဒီအရာကို စိုးရိမ်နေရမယ့်အချိန် မဟုတ်ဘူး…။ တကယ်လို့ ရင်လန်းဟွေရဲ့ မှော်ပညာကသာ အလုပ်ဖြစ်တယ်ဆိုရင် ငါက အတောင်ပေါက်နေရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး…”
“ငါက ခန်းမထဲကနေ ထွက်ပြေးနိုင်မယ့် နည်းလမ်းတစ်ခု ရှာရမယ်…။ အပြင်ဘက်မှာတော့ ငါ့ရဲ့စွမ်းရည်တွေကို အသုံးချဖို့ ပိုပြီးအဆင်ပြေနိုင်တယ်…။ ဒါပေမယ့် ငါ့ရဲ့လုပ်ရပ်က သိသာသွားမယ်ဆိုရင် လူတိုင်းက ငါ့ကို သံသယဝင်လာနိုင်တယ်…”
မုန့်ချီ၏ လေဟာနယ်လက်စွပ်ထဲတွင် နတ်ဘုရားချုပ်နှောင်ခြင်းကြိုး ရှိနေခဲ့သည်။ သူက အနာဂတ်တွင် ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာကို ရင်ဆိုင်ရမည် ဖြစ်၏။ အကယ်၍ သူသာ ပေါ်သွားမည်ဆိုလျှင် ထိုလျှို့ဝှက်လက်နက်ကိုသုံးပြီး သူ့အသက်လွတ်အောင် ကြိုးစား၍ ရနိုင်သည်။ မုန့်ချီက ထိုအရာကို နောက်ဆုံးဝှက်ဖဲအဖြစ် သတ်မှတ်ထားခဲ့ပြီး တခြားနည်းလမ်းပေါင်းစုံကို စဉ်းစားနေခဲ့၏။
မုန့်ချီ၏ ခေါင်းထဲတွင် မတူညီသော အတွေးပေါင်းစုံပေါ်လာနေသည်မှာ လျှပ်စီးများ၊ မီးတောက်များ လောင်ကျွမ်းနေသလို ထင်မှတ်ရ၏။ မုန့်ချီ၏ ရင်ထဲတွင်လည်း ပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံးကဲ့သို့ ဖြစ်နေခဲ့သည်။
“ငါက ဘာလုပ်သင့်လဲ…။ ငါက ဘာလုပ်ရမလဲ…”
“မြို့စားကြီး ဒီမှော်အရုပ်ကို ကိုင်ထားပြီး အသက်သွင်းလိုက်ပါ…”
ရင်လန်းဟွေက ရှင်းပြလိုက်သည်။
ကျိုးဟန်ဖုန်းက အရုပ်ကို ကိုင်လိုက်ပြီးနောက် သေချာစွာ စစ်ဆေးကြည့်လိုက်၏။ သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ထိုအရုပ်က သူ့အတွက် အန္တရာယ်မရှိကြောင်း သေချာသွားသည့်အချိန်တွင် ရင်လန်းဟွေကို ကူညီပေးရန် သဘောတူလိုက်သည်။
ခန်းမကြီးထဲတွင် အရာအားလုံးက တိတ်ဆိတ်သွာခဲ့၏။ မုန့်ချီ၏အသက်ရှူသံကလည်း တဖြည်းဖြည်းပို၍ နှေးကွေးလာခဲ့သည်။ သူက မသက်ဆိုင်သောအတွေးအားလုံးကို ရှင်းထုတ်လိုက်ပြီး ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိနေခဲ့၏။
“တကယ်လို့ ဒီအရုပ်ကို တိုက်ခိုက်မှုအတွက် ကြားခံတစ်ခုအဖြစ် အသုံးပြုလိုက်တယ်ဆိုရင် သူ့ရဲ့အစွမ်းက အားနည်းသွားနိုင်တယ်…။ မဟုတ်ရင် ရင်လန်းဟွေ ကိုယ်တိုင် အဲဒါကို အသုံးပြုနိုင်တယ်…။ ပြီးတော့ ဒီလှည့်ကွက်က သူ့ရဲ့စိတ်ဝိညာဉ်ကိုလည်း သက်ရောက်သွားစေနိုင်လောက်တယ်…။ ဒီလိုဆိုမှတော့ ငါက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကိုသုံးပြီး သူတို့ကို ငါ့ရဲ့စိတ်ဝိညာဉ်ထဲထိ လာကြည့်ဖို့ မျှားခေါ်လိုက်တာ အကောင်းဆုံးပဲ…”
“ပြီးရင်တော့ ငါ့ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့အတွေးတွေကို ဖန်တီးပြီး သူတို့ကို ခြိမ်းခြောက်လို့ရတယ်…။ ဒီလိုဆိုရင် ငါ့မှာ အခွင့်အရေးတချို့ ရှိနိုင်သေးတယ်…။ တကယ်လို့ မအောင်မြင်ဘူးဆိုရင်လည်း ငါက တစ်ကြိမ်တော့ တိုက်ခိုက်လို့ရသေးတယ်…။ ပထမဆုံး ငါက ကျိုးဟန်ဖုန်းကို နတ်ဘုရားချုပ်နှောင်ကြိုးနဲ့ ချုပ်နှောင်ထားလို့ရတယ်…။ ပြီးရင်တော့ အပြင်ကို ထွက်သွားဖို့အတွက် တိုက်ခိုက်လိုက်ပြီး လှုပ်လှုပ်ရှားရှား အခြေအနေတွေကို ကျန်းကျိဝေတို့သိအောင် သတင်းပေးလိုက်လို့ ရနိုင်တယ်…။ ငါက ဘယ်လိုအရာမျိုးကို ဖန်တီးသင့်လဲ…”
မုန့်ချီက စဉ်းစားနေခဲ့ပြီး အတိတ်ဘဝနှင့် လက်ရှိဘဝတွင် ဖြစ်ခဲ့သော အကြောင်းအရာများစွာက ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
လူတိုင်းက စိတ်ဝင်တစား မျှော်လင့်တကြီး စိုက်ကြည့်နေကြသည့်အချိန်တွင် ကျိုးဟန်ဖုန်းက မှော်အရုပ်ကို ကိုင်လိုက်ပြီး သူ၏စိတ်ဝိညာဉ်ကို လှုပ်ရှားလိုက်သည်။ ထိုအချိန်တွင် မှော်အရုပ်ပေါ်၌ ထူးဆန်းသော ပုံစံကွက်များ ပေါ်လာပြီး အချုပ်အနှောင်များကဲ့သို့ ဖြစ်လာသည်။ ထိုအရာက တဖြည်းဖြည်းနှင့် အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
ရင်လန်းဟွေက ယခင်တုန်းကကဲ့သို့ အေးစက်နေခဲ့ခြင်း မရှိဘဲ ငရဲကြီး(၉)ထပ်မှ မကောင်းဆိုးဝါးနတ်ဘုရားတစ်ပါး သို့မဟုတ် ကောင်းကင်ဖျက် မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ထင်မှတ်ရပြီး တခြားလူများ၏ စိတ်ကို ထိန်းချုပ်နိုင်သလို ထင်ရသည်။ သူ၏အကြည့်ကလည်း တဖြည်းဖြည်း အရုပ်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားခဲ့၏။
ကျိုးယိချမ်းကလည်း သူ့ကို ကြောက်လန့်တကြား စိုက်ကြည့်နေခဲ့ပြီး သူမအမေ၏ အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမက သူမ၏လက်သီးများကို ဆုပ်ထားသည်မှာ သွေးများပင် မရှိတော့ချေ။
မုန့်ချီက တွေးနေသော အရာအားလုံးကို ရှင်းထုတ်လိုက်၏။ သူ့စိတ်ထဲတွင် တွေးနေသည်မှာ သူပြုမူနေသည့် အရာများနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။
မှော်အရုပ်ကိုသုံး၍ ရင်လန်းဟွေ၏ ပင်မဝိညာဉ်က သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး တောင်ကုန်းများ၊ မြစ်များ လွှမ်းခြုံနေသောနေရာတစ်ခုကို ရောက်သွားခဲ့သည်။
“ပုံမှန်မဟုတ်တဲ့ ရလဒ်ပဲ ပေါ်လာတယ်…။ ငါက သူ့ရဲ့အကူအညီကို တောင်းလိုက်တာ ကံကောင်းသွားတယ်…”
ရင်လန်းဟွေက နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးမှိတ်၍ ပြိုင်ဘက်ကို အာရုံခံကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက တူညီသော အငွေ့အသက်တစ်ခုကို သတိထားမိခဲ့၏။
ကျိုးဟန်ဖုန်း၏အစွမ်းကို အသုံးပြုနေသည့်အတွက် သူက ကျိုးဟန်ဖုန်း၏ မျက်လုံးအကြည့်နှင့်အတူ ကောင်းကင်အမြင့်သို့ ပျံသန်းသွားနိုင်ခဲ့သည်။ သူက ပင်မဝိညာဉ်ကို ရှာဖွေနိုင်ရန် မုန့်ချီ၏အိပ်မက်နယ်မြေကို ဖြတ်ကျော်ရန် လိုအပ်၏။
တောင်တန်းကြီးများနှင့် မြစ်ကြီးများက တဖြည်းဖြည်းပို၍ သေးငယ်လာသည်။ တဖြည်းဖြည်းနှင့် သူတို့၏ပတ်ပတ်လည်တွင် တိမ်တိုက်များ လွှမ်းခြုံလာ၏။ သို့သော် ရင်လန်းဟွေက ရပ်တန့်နေခြင်းမရှိဘဲ အာရုံခံနေခဲ့သည်။
သူ၏အာရုံခံစွမ်းရည်နှင့်အတူ သူက လေဟာနယ်ထဲသို့ ဆက်၍ မြောက်တက်လာခဲ့သည်။ ကမ္ဘာမြေကြီးက အဖြူရောင်မြူခိုးများ ဝိုင်းရံနေသော အလုံးကြီးတစ်လုံးကဲ့သို့ ဖြစ်နေ၏။
ရင်လန်းဟွေက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါက ကောင်းကင်ပေါ်ကနေမြင်ရတဲ့ ငါတို့ကမ္ဘာကြီးလား…”
ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူက အေးစက်သွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်က နက်မှောင်ပြီး အဆုံးမရှိပေ။ ပတ်ပတ်လည်တွင် ကမ္ဘာပေါင်းမြောက်များစွာ လွင့်မျောနေပြီး တချို့ကတော့ နေလုံးကြီးများကဲ့သို့ မီးတောက်များ လောင်ကျွမ်းနေသည်။
“ဒီလောက်များတဲ့ကြယ်တွေ…။ နေတွေလဲ အများကြီးပဲ…။ ကမ္ဘာကြီးတွေလဲ အများကြီးပဲ…”
ရင်လန်းဟွေက အလွန်ထိတ်လန့်သွားခဲ့၏။
သူက ရှာဖွေချင်စိတ်ကို ဖိနှိပ်ထားလိုက်ပြီး သူ၏ပင်မဝိညာဉ်ကို နောက်တစ်ကြိမ် လေထဲသို့ လွင့်မျောလိုက်ပြန်သည်။ သူ့အတွေးက တဖြည်းဖြည်း ပို၍ မြင့်မားလာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူက ထိတွေ့ကိုင်တွယ်၍ မရနိုင်သော နံရံတစ်ခုကို မြင်လိုက်ရ၏။ သူ့ရှေ့တွင်တော့ များပြားလွန်းလှသော စကြဝဠာများစွာ ရှိနေခဲ့သည်။ ထိုအချိန်တွင် သူမြင်နေရသည့်အရာများက မည်သည့်အရာဖြစ်ကြောင်း ရင်လန်းဟွေက ချက်ချင်း နားလည်သွားခဲ့၏။
“စကြဝဠာတွေ….”
မတူညီသော လေဟာနယ်အသီးသီးမှ ရောက်လာပြီး အတိတ်နှင့် အနာဂတ်က အချိန်အဖြစ် ပေါင်းစည်းသွားခြင်းဖြစ်သည်။
“စကြဝဠာတွေ အများကြီးပါလား…”
သူက ကျိုးဟန်ဖုန်း၏သက်ပြင်းချသံကိုလည်း ကြားလိုက်ရ၏။
ရုတ်တရက်ဆိုသလို အချိန်က နောက်ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး ကြယ်များက ပျောက်ကွယ်သွားသည်။ နေလုံးကြီးများက ကျုံ့သွားပြီး စကြဝဠာများစွာက တစ်နေရာတည်းတွင် ပျက်စီးသွားခဲ့၏။ အချိန်ခရီးသွားသလို ကြုံခဲ့ရပြီးနောက် မတူညီသော စကြဝဠာများက အခြေခံဓာတ်သဘာဝများအဖြစ် ပြောင်းလဲသွားပြီး ယင်နှင့် ယန်အဖြစ် စုစည်းသွားသည်။ ထို့နောက် ထိုက်ကျိစက်ဝိုင်းအဖြစ် ပေါင်းစည်းသွားခဲ့၏။
အရာအားလုံးက မူလအခြေအနေကို ပြန်ရောက်သွားခဲ့ကြောင်း ရင်လန်းဟွေနှင့် ကျိုးဟန်ဖုန်းတို့က မြင်လိုက်ရသည်။ စကြဝဠာများစွာ၏ ပျက်စီးမှုကြောင့် လုံးဝကို အမှောင်ထုကြီးသာ ဖြစ်သွားခဲ့သည်။ သူတို့က ရှင်းပြ၍မရနိုင်သော အမှတ်အသားလေးတစ်ခုအဖြစ် လျင်မြန်စွာ စုစည်းသွားခဲ့၏။
ထိုအရာထဲတွင် အချိန်စီးဆင်းမှုနှင့် လေဟာနယ်ဦးတည်ချက်များ လုံးဝမရှိတော့ချေ။ ထိုအရာက အရာအားလုံး၏ မူလပထမဖြစ်သလို အရာအားလုံး၏ အဆုံးသတ်လည်း ဖြစ်သည်။ ထိုအထဲတွင် မရေမတွက်နိုင်သော စကြဝဠာများ ပါဝင်နေ၏။
ထိုအရာက အကျိုးအကြောင်း သဘောတရားများအားလုံး၏ မူလပထမလည်း ဖြစ်သည်။ ထိုနေရာတွင်တော့ အတိတ်ဘဝ၏ အကြောင်းများကို မည်သူကမျှ မမေးနိုင်တော့ပေ။ ထိုအရာကို နားလည်ရန် အလွန်ခက်ခဲလွန်းလှ၏။
ရင်လန်းဟွေနှင့် ကျိုးဟန်ဖုန်းတို့ နှစ်ယောက်လုံးက အံ့ဩမှင်တက်နေကြသည်။ သူတို့က သူတို့၏အာရုံနှင့် ခန္ဓာကိုယ်များကိုပင် မယုံကြည်နိုင်ကြဘဲ တစ်ကိုယ်လုံး တုန်လှုပ်လာကြ၏။
ထိုအချိန်တွင် သူတို့က ထိုနေရာ၌ ထိုင်နေသော တာအိုသခင်တစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏အသက်နှင့် ရုပ်ရည်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
“မင်းက…”
ရင်လန်းဟွေက ရှုပ်ထွေးသွားခဲ့သည်။
ထိုတာအိုသခင်က မျက်လုံးဖွင့်လိုက်၏။ အလွန်ကြီးကျယ်ခမ်းနားသော လေလှိုင်းများက သူတို့ဆီသို့ ရောက်လာခဲ့ပြီး အလွန်တည်ငြိမ်သော စကားသံတစ်ခုကို ကြားလိုက်ရသည်။
“ငါ့နာမည်က ယွမ်ရှီ…”
“ဗုန်း…”
သူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ကောင်းကင်နှင့် မြေကြီးက ပွင့်သွားခဲ့သည်။
ရင်လန်းဟွေနှင့် ကျိုးဟန်ဖုန်းတို့၏ ပင်မဝိညာဉ်ထဲတွင် ခေါင်းလောင်းများ မြည်လာသလို ခံစားလိုက်ရ၏။ သူတို့၏ စိတ်ထဲတွင်လည်း ပြင်းပြင်းထန်ထန်ကို တုန်ခါသွားခဲ့သည်။ သူတို့မြင်တွေ့ရသော အရာများအပြင် သူတို့က ထိုကဲ့သို့ ခံစားမှုမျိုးကို ခံနိုင်ရည် မရှိသည့်အတွက် အတော်လေးကို ထိတ်လန့်သွားခဲ့ကြ၏။
“ဖောက်…”
ကျိုးဟန်ဖုန်း ကိုင်ထားသော မှော်အရုပ်လေးက အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သည်။
ရင်လန်းဟွေက အလွန်ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာနှင့် အနောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားလိုက်ရ၏။ သူ၏နှာခေါင်းထဲမှနေ၍ သွေးများ စီးကျလာခဲ့လေသည်။
“သူက ငါ ခြေရာခံနေတဲ့ ရန်သူလား…”
Translated by Hein Htet