အခန်း (၄၃၅)
Vol. 29 Ch. 435
ရင်လန်းဟွေက လျှို့ဝှက်မှော်ပညာကို အသုံးပြုခဲ့သည့်အချိန်တွင် ဤနေရာ၌ ရှိနေသူအားလုံးက သူ့ကို စိတ်ဝင်စားနေခဲ့ကြသည်။ သူတို့က မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြပြီး လျှို့ဝှက်ဆန်းကြယ်သည့်အရာ တစ်စုံတစ်ခုကိုမျှ လွတ်သွားလိုခြင်း မရှိကြပေ။
ရုတ်တရက်ဆိုသလို ရင်လန်းဟွေ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး နောက်သို့ ဆက်တိုက်ဆုတ်သွားရသည်ကို သူတို့က မြင်လိုက်ကြရသည်။ သူ၏နှာခေါင်းနှင့် မျက်လုံးထဲမှနေ၍ သွေးများ စီးကျလာနေသည့်အတွက် သူ့ပုံစံက အလွန်ကြောက်စရာကောင်းသည်။ တစ်ချိန်တည်းတွင် သူတို့က ပျက်စီးသွားသော မှော်အရုပ်၏အသံကို ကြားလိုက်ရသည်။
ကျိုးဟန်ဖုန်းကတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ချေ။ သူက စိတ်ဝိညာဉ် သွားလာမှုကို ထိန်းသိမ်းမထားနိုင်သည့်အတွက် လှုပ်ရှားသွားရုံသာ ရှိသည်။ ပြိုင်ဘက်က ထိုအခွင့်အရေးကို အရယူပြီး သူ့ကို မောင်းထုတ်လိုက်ခြင်းဖြစ်ပြီး အရုပ်ကတော့ တန်ပြန်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
မူလတုန်းက အမူအရာကဲ့သို့ သူက ရင်လန်းဟွေကိုသာ သတိလက်လွတ် စိုက်ကြည့်နေမိပြီး သူ၏မျက်လုံးများထဲတွင် ထိတ်လန့်အံ့ဩမှုများ ပြည့်နှက်နေသည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုများကသာ သူ့ခေါင်းထဲတွင် ပေါ်နေခဲ့၏။
“ကောင်းကင်ကြီးက လုံးပြီး မြေပြင်က လေးထောင့် မဟုတ်ဘူးလား…”
သူမြင်နေရသည့်အရာများက သာမာန်အရာများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ကမ္ဘာကြီးအပေါ် သူတို့နားလည်ထားသည့် မူလဇာစ်မြစ်များနှင့် ကွဲပြားနေသည်။
သူတို့အံ့ဩသွားခဲ့သည်မှာ ကြယ်ရောင်စုံကောင်းကင်ကြီးက အတော်လေးကို ကျယ်ပြန့်လွန်းလှပြီး ကမ္ဘာပေါင်းမြောက်များစွာ၊ နေလုံးပေါင်းမြောက်များစွာ ရှိနေ၏။ ထိုအရာများက နက်ရှိုင်းလွန်းလှပြီး အဆုံးမရှိပေ။ ထိုအရာများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူတို့က ဖုန်မှုန့်လေးများပမာ သေးငယ်လွန်းလှသည်။
သို့သော် ကျယ်ပြန့်လှသော စကြဝဠာတစ်ခုတည်းသာ မဟုတ်ချေ။ ကြည်လင်နေသော နံရံကြီးများ ခွဲထားသည့် စကြဝဠာပေါင်းမြောက်များစွာ ရှိနေကြ၏။ အစောပိုင်းအဆင့်တွင် တူညီသော နေရာတစ်ခုမှ ထွက်ပေါ်လာပြီးနောက် သူတို့က ထိုက်ကျိစက်ဝိုင်းအဖြစ် ဖွံ့ဖြိုးလာခဲ့ပြီး ယင်နှင့်ယန်အဖြစ် ကွဲသွားခဲ့သည်။
ကျိုးဟန်ဖုန်းနှင့် ရင်လန်းဟွေတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့မြင်လိုက်ရသော ဧရာမစကြဝဠာကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် မသိနားမလည်သလို ခံစားနေရ၏။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော အရာကြီးက စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။
ထိုအရာက အမှန် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အစမှအဆုံးထိအောင် မြင်လိုက်ရသောအရာများကြောင့် သူတို့က ထိတ်လန့်နေကြသေး၏။ သူတို့က အချိန်နှင့် လေဟာနယ်သဘောတရားများပင် မရှိသော မူလအစနေရာကို မြင်လိုက်ရခြင်း ဖြစ်သည်။ သူတို့က ကမ္ဘာမြေကြီး၏ ကြီးကျယ်ခမ်းနားမှု၊ သက်ရှိလူသားများ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အံ့ဩမိနေပြီး သူတို့၏ အရေးမပါမှုကို နားလည်သွားကြသည်။
“တကယ်လို့ ဒါသာအမှန်ဆိုရင်…”
ကျိုးဟန်ဖုန်းနှင့် ရင်လန်းဟွေတို့၏ ရင်ထဲတွင် တစ်ချိန်တည်း အတွေးတစ်ခုဆီ ပေါ်လာခဲ့သည်။
ကောင်းကင်တာအိုသခင်က အလွန်ကြောက်စရာကောင်းသည်။ သူက လက်ကို လှုပ်လိုက်ရုံနှင့် စကြဝဠာကြီးက ပျောက်ကွယ်သွားနိုင်သည်။ မျက်လုံးဖွင့်လိုက်ရုံနှင့် ကမ္ဘာမြေကြီးက ပျက်စီးသွားနိုင်၏။ သူတို့လိုက်လံရှာဖွေနေသော ရန်သူက ကောင်းကင်တာအိုသခင်ဖြစ်သည်ဟု သူတို့က လုံးဝမယုံကြပေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်တာအိုသခင်က သူ၏အငွေ့အသက်နှင့်ပင် သူတို့အားလုံးကို သတ်ပစ်နိုင်စွမ်း ရှိ၏။ သို့သော် သူက တာအိုသဘောတရားများနှင့် အလွန်ရင်းနှီးနေပုံ ရသည်။ သူက ကောင်းကင်တာအိုသခင်နှင့် လျှို့ဝှက်ဆန်းကြယ်စွာ ပတ်သက်နေနိုင်ပြီး ကောင်းကင်တာအိုသခင်၏ အမွေအနှစ်၊ သိုင်းပညာများ ရှိနေပုံရသည်။
ကျိုးဟန်ဖုန်းက ခေါင်းငုံ့ပြီး ရုပ်သေးအပိုင်းအစများကို ကြည့်နေသည့်အချိန်တွင် သူ၏မျက်လုံးထဲရှိ အမူအရာများက လေးနက်ပြီး တည်ငြိမ်နေခဲ့၏။
“ကျွန်တော်တို့က ဒီတစ်ကြိမ်တော့ လုံးဝကို သဲလွန်စပျောက်သွားပြီ…”
ရင်လန်းဟွေက အလွန်မာနကြီးသည့်အတွက် သူ၏အရှုံးကို ရည်ရွယ်ချက်ရှိရှိ ပြောပြလိုခြင်း မရှိပေ။ သို့သော် ယခုတော့ အလွန်ထိတ်လန့်နေသည့်အတွက် အလိုလို ပြောလိုက်မိသည်။
“ဘယ်လို…”
ကျန်းရှန်းဟုန်နှင့် တခြားသူများက အံ့ဩသွားခဲ့ကြ၏။
ရန်သူက ရုပ်သေးကို ဖျက်ဆီးနိုင်ပြီး ရင်လန်းဟွေ၏ မှော်ပညာကိုပင် ပျက်စီးသွားအောင် လုပ်နိုင်သေးသည်။ ထို့ကြောင့် ယခုလိုအခြေအနေမျိုး မြင်လိုက်ရခြင်းပေလော။
“ရန်သူက ဒီလောက်တောင် အစွမ်းထက်တာလား…”
မုန့်ချီကတော့ သူ့အလုပ်မဟုတ်သည့်အတွက် စိတ်မဝင်စားခဲ့ချေ။ သူကလည်း အနားတွင် ရှိနေသော တခြားလူများကဲ့သို့ အံ့ဩနေသော အမူအရာနှင့် ခေါင်းကို မော့လိုက်သည်။
သူက ကျိုးဟန်ဖုန်းနှင့် ရင်လန်းဟွေတို့၏ စိတ်ဝိညာဉ်ကို သူ၏စိတ်ဝိညာဉ် ပင်လယ်ကြီးထဲသို့ ခေါ်ယူလိုက်ပြီး လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို ဆန့်ကျင်ဘက် အသုံးပြုလိုက်သည်။ ထို့နောက် ကောင်းကင်ရွှေကျင့်စဉ်၏ အငွေ့အသက်များကို အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ပူးပေါင်းလှုံ့ဆော်လိုက်သည့် အချိန်တွင် သူက မူလဟူသော စကားလုံးကို ထပ်မံနားလည်လာခဲ့သည်။
ထိုအချိန်တွင် များပြားလွန်းလှသော စကြဝဠာများ၊ အရင်ဘဝတွင် သိခဲ့ရသော ပေါက်ကွဲမှုကြီးများ အကြောင်းကို ပြသလိုက်ခြင်း ဖြစ်သည်။ ရလဒ်အနေနှင့် သူက ရင်လန်းဟွေနှင့် ကျိုးဟန်ဖုန်းတို့ကို ထိတ်လန့်သွားစေခဲ့ပြီး သူတို့၏စိတ်ထဲတွင် အားနည်းချက်များ ပေါ်လာစေခဲ့သည်။
ထို့နောက် အခွင့်အရေးကို အရယူခဲ့ပြီး တစ်ကြိမ်တည်းနှင့် သူတို့နှစ်ယောက်လုံးကို ဖယ်ထုတ်၍ သူတို့၏ရုပ်သေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ယခု သူတို့က မည်သည့်အရာကို မြင်ရစေကာမူ မည်သို့တွေးနေစေကာမူ ကိစ္စမရှိချေ။ ထိုအစား လက်ရှိကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်းနိုင်ခြင်းက ပို၍ အရေးပါသည်။ သူတို့၏တာဝန်အပြင် သူနှင့် တခြားသူများက ကျိုးဟန်ဖုန်းကို သတ်ပစ်ရမည် ဖြစ်၏။
ထို့ကြောင့် သူတို့က သူနှင့် အနှေးနှင့်အမြန် တိုက်ခိုက်ရန် အခွင့်အရေးရှိလာနိုင်သည်။ ထိုအရာကို ကြောက်နေခြင်းက ဘာများ အကျိုးရှိမည်နည်း။ ရုပ်သေးက ပျက်စီးသွားပြီဖြစ်သည့်အတွက် သူတို့ဘာသာ ရှာဖွေ၍ရနိုင်သည်။
သူ၏အသက်ရှူသံကို ထိန်းချုပ်လိုက်ပြီးနောက် ကျိုးဟန်ဖုန်းက ပြောလိုက်သည်။
“မင်းတို့က တစ်မြို့လုံးကို သေချာ နှံ့နှံ့စပ်စပ် ရှာဖွေကြပါ…။ ငါတို့က တူဟိုင်ရှန့်နဲ့ ငါတို့တွေ့ခဲ့တဲ့လူတွေကို သေချာပေါက် ဖမ်းရမယ်…”
“ကောင်းပါပြီ မြို့စားမင်း…”
ကျန်းရှန်းဟုန်က ဦးညွှတ်လိုက်၏။
ခဏကြာ တစ်ယောက်တည်း တီးတိုးရေရွတ်နေပြီးနောက် ကျိုးဟန်ဖုန်းက ပြောလိုက်၏။
“ကျိတောင်က တာဝန်ကို ပြီးဆုံးအောင်လုပ်ဖို့ အရည်အချင်းမမှီဘူး…။ ဒါကြောင့် သူ့ကို ထပ်ပြီး တာဝန်မပေးတော့ဘူး…။ သူ့ရဲ့နေရာမှာ ဝမ်ချန်းနဲ့ နေရာလဲမယ်…။ သူက သခင်လေးရင်ရဲ့လက်အောက်မှာ အလုပ်လုပ်ပေးရလိမ့်မယ်…”
ကျိတောင်က နှစ်ကြိမ်တိတိ ကျရှုံးသွားပြီးနောက် ကျိုးဟန်ဖုန်းက သူ့အပေါ် အယုံအကြည်မရှိတော့ပေ။ ထို့ပြင် ကျိုးဟန်ဖုန်းက ကျန်းရှန်းဟုန်၏ အရည်အချင်းကိုလည်း စတင် သံသယဝင်လာခဲ့၏။
ဝမ်ချန်းက ရဲတိုက်ကို ကင်းလှည့်ခြင်းနှင့် စောင့်ကြပ်သည့်အလုပ်ကို တာဝန်ရှိသည်။ ထို့ကြောင့် သူ့အတွက် အကျိုးအမြတ် များများ မရှိခဲ့ချေ။ မုန့်ချီကတော့ ထိုအရာကို ဂရုမစိုက်ခဲ့ချေ။
သူက ကျိုးဟန်ဖုန်းကို လုပ်ကြံရန် ခြေတစ်လှမ်းနီးလာပြီဖြစ်ကြောင်း ယုံကြည်နေခဲ့၏။ သို့သော် သူကတော့ စိတ်ပျက်သွားချင် ယောင်ဆောင်လိုက်ပြီး ကျန်းရှန်းဟုန်ကပင် မှားယွင်းသွားသလို ခံစားလိုက်ရသည်။
ခန်းမထဲမှ ထွက်လာပြီးနောက် မုန့်ချီက ကျိုးဟန်ဖုန်းနှင့် ရင်လန်းဟွေတို့၏ သက်ပြင်းချသံကို ကြားလိုက်ရ၏။
“ကောင်းကင်ဘိုးဘေး…”
ဤကမ္ဘာကြီးထဲတွင် ကောင်းကင်ဘိုးဘေးနှင့် ပတ်သက်သည့် မည်သည့်သတင်း၊ ပုံပြင်ဒဏ္ဍာရီမျှ ရှိပုံ မရပေ။
မုန့်ချီက ကျန်းကျိဝေနှင့် သတင်းသမားအဖွဲ့မှ လက်အောက်ငယ်သားအဖွဲ့ကို သူ၏လက်အောက်တွင်သာ ထားရန် တောင်းဆိုခဲ့သည်။ ကျိတောင်က သူ့လူများကို နှစ်ပေါင်းများစွာ ထိန်းချုပ်နေသည့်အတွက် ကျိတောင်က ပြဿနာရှာမည်ကို စိုးရိမ်နေသည့်အတွက် ဝမ်ချန်းကလည်း သူ၏တောင်းဆိုမှုကို သဘောတူခဲ့သည်။
ယခုတော့ ကျိတောင်က သူလိုချင်နေသည့်အရာကို အလွယ်တကူ လက်လျော့လိုက်သည့်အတွက် သူလည်း အံ့ဩသွားခဲ့၏။
တိမ်ဖုံးနေသော ညအချိန်တွင် မုန့်ချီက ကျန်းကျိဝေနှင့်အတူ ရဲတိုက်ထဲတွင် လမ်းလျှောက်နေသည်။ သူက ချီကျန်းရန်၊ ရွမ်ယုရှူ၊ ကျိုးဟမ်တို့နှင့်အတူ ကင်းလှည့်သည့်အဖွဲ့တိုင်းကို စစ်ဆေးနေခဲ့၏။ တခြားလူများက သူတို့၏ အားနည်းချက်ကို မဖော်ထုတ်နိုင်ရန်လည်း သတိထားနေခဲ့သည်။
“ငါက ဒီနေရာနဲ့ ရင်းနှီးအောင်လို့ ဒီရက်တွေအတွင်း ကင်းလှည့်တာကို လမ်းပြပေးမယ်…”
မုန့်ချီက ကျိတောင်၏ပုံစံအတိုင်း ပြောလိုက်သည်။ သူက လုပ်ကြံဖို့ အခွင့်အရေးရှာရန်ဟူသော စကားကိုတော့ မပြောခဲ့ပေ။
ကျန်းကျိဝေက ကောင်းကင်ကြီးကို မော့ကြည့်ပြီး စဉ်းစားနေခဲ့၏။ မုန့်ချီ ပြောသည့်စကားကို ကြားသည့်အခါ သူမက “အင်း”ဟုသာ ပြန်ပြောလိုက်သည်။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်ပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မေးလိုက်သည်။
“နင့်စိတ်ထဲမှာ တစ်ခုခု ရှိနေလို့လား…”
သိပ်မကြာခင် အတောအတွင်း သူမက တစ်စုံတစ်ခု စဉ်းစားနေပုံရသည်။ သူမက ပြဿနာတချို့နှင့် ရင်ဆိုင်ခဲ့ရပြီး ထိုအရာကို မဖြေရှင်းနိုင်ခြင်းပေလော။ ကျန်းကျိဝေက နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏အမူအရာက အနည်းငယ်လေးနက်နေသည်။ သူမ၏အကြည့်ကလည်း ထက်မြက်လာပုံရ၏။
သူမက မုန့်ချီ၏အဝေးမှ နောက်ပြန်ဆုတ်သွားပြီး တောင်ကုန်းတုလေးတစ်ခု၏ နောက်တွင် ပုန်းနေလိုက်သည်။ ထို့နောက် သူမ၏အငွေ့အသက်ကို ဖုံးကွယ်လိုက်၏။ မုန့်ချီကလည်း သူ၏စွမ်းရည်ကိုသုံးပြီး သူ၏အငွေ့အသက်များကို ဖုံးကွယ်လိုက်သည်။
ထိုအချိန်တွင် သူ့ခေါင်းထဲ၌ မှန်တစ်ချပ်ကဲ့သို့ ကြည်လင်လာပြီး ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို မြင်လိုက်ရ၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ဉယျာဉ်ထဲမှနေ၍ အလွန်လှပသော မိန်းမပျိုလေးတစ်ယောက် ထွက်လာပြီး မြို့စားရဲတိုက်၏ အစွန်သို့ ထွက်သွားခဲ့သည်။
“လန်းတျယ်လား…”
မုန့်ချီက သူမကို မှတ်မိနေသည်။ သူမက ရင်လန်းဟွေ၏လက်အောက်ခံဖြစ်သော တခြားသော လူထူးဆန်းတစ်ယောက် ဖြစ်၏။
“ရင်လန်းဟွေလည်း ဒီမှာရှိတယ်…”
ကျန်းကျိဝေက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
မုန့်ချီက ချက်ချင်းပင် အံ့ဩသွားခဲ့၏။ သို့သော် ရင်လန်းဟွေက သတိထားမိသွားနိုင်သည့်အတွက် စစ်ဆေးရဲခြင်း မရှိချေ။ ထိုအရိပ်က လန်းတျယ်နှင့် အတူတူ လိုက်သွားသည့်အတွက် ထိုအရာက အမှန်တကယ် ရင်လန်းဟွေ ဟုတ် မဟုတ် မသိနိုင်ပေ။
သူတို့က အလွန်လျင်မြန်သောအရှိန်ဖြင့် တခဏအတွင်း နံရံအောက်ခြေသို့ ရောက်လာခဲ့သည်။ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီးနောက် သူတို့က နံရံကို လက်ဝါးနှင့်ထောက်ပြီး လေထဲသို့ ခုန်ကျော်၍ ရဲတိုက်ထဲမှ ခုန်ထွက်လိုက်၏။
“သူတို့က ဘယ်ကိုသွားနေတာလဲ…”
ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာပေါ်လာပြီး မုန့်ချီက ဆုံးဖြတ်ချက်ချလိုက်၏။
သူက လျှို့ဝှက်အသံပို့ဆောင်မှုဖြင့် ပြောလိုက်သည်။
“သူတို့ရဲ့နောက်ကနေ လိုက်သွားကြစို့…”
မည်သို့ဖြစ်စေကာမူ ကျိတောင်က ရင်လန်းဟွေနှင့် ပြဿနာရှိထားသည်။ ထို့ကြောင့် သူက တိတ်တဆိတ် လိုက်သွားသည်မှာ သာမာန်သာ ဖြစ်၏။ ကျန်းကျိဝေက စကားတစ်ခွန်းမျှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
ခဏကြာပြီးနောက် သူမလည်း မုန့်ချီနှင့်အတူ နံရံပေါ်မှ ခုန်ကျော်လာပြီး လန်းတျယ်နှင့် ရင်လန်းဟွေတို့၏နောက်မှ ခြေရာခံလိုက်လာခဲ့သည်။ သူတို့က ရင်လန်းဟွေနှင့် လန်းတျယ်တို့၏အနားကို ကပ်မသွားရဲပေ။
ရင်လန်းဟွေက ကြောက်စရာကောင်းပြီး အစွမ်းထက်သော အင်အားမျိုး ရှိနေသည့်အပြင် သူ့တို့ထက်ပို၍ အဆင့်မြင့်သည်။ အကယ်၍ သူတို့ကသာ အဝေးမှ လိုက်မသွားလျှင် သူတို့ကို ရှာတွေ့သွားမှာစိုးရ၏။
လန်းတျယ်၏ စွမ်းရည်နိမ့်ကျမှုကြောင့် လမ်းတလျှောက်တွင် ခြေရာလက်ရာအများစုကို ဖျက်သွားသော်လည်း အငွေ့အသက်တချို့တော့ ကျန်နေသေးသည်။ ထို့ကြောင့် ကျိကျန်းဓားစံအိမ်၏ လျှို့ဝှက်နည်းလမ်းကိုသုံးပြီး အငွေ့အသက်များကို ဖော်ထုတ်နိုင်သော ကျန်းကျိဝေက ရှာဖွေနိုင်ခဲ့၏။
လမ်းပေါ်တွင် အချိန်တော်တော်ကြာ လျှောက်လာပြီးနောက် သူတို့က ညအချိန်တွင် အမွှေးတိုင်များ ထွန်းညှိပူဇော်ပြီး နတ်ဘုရားမျာကို ဆုတောင်းကြသော မြို့နတ်ဘုရားကျောင်းဆောင်ကို မြင်လိုက်ရသည်။
ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး မုန့်ချီက ကျန်းကျိဝေကို သူနှင့်အတူ အနီးအနားတွင် ရှိနေသော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်၏။ သစ်ပင်အပေါ်တွင် ရှိနေသော အကာအကွယ်အောက်မှနေ၍ ရင်လန်းဟွေနှင့် လန်းတျယ်တို့၏အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူတို့က မြို့နတ်ဘုရားကျောင်းဆောင်အနားတွင် ရှိနေသော မြက်ခင်းပြင်ကြီးပေါ်တွင် ရပ်နေပြီး ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်နှင့် တွေ့နေသည်။ ထိုလူငယ်ကတော့ သူတို့နှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေခဲ့၏။
အလွန်ချောမောခန့်ညားသောလူငယ်က မျက်လုံးမှိတ်နေပြီး သူ့ဆီတွင် အလွန်ထူးခြားသော အငွေ့အသက်များ ရှိနေသည်။ မုန့်ချီနှင့် ကျန်းကျိဝေတို့က သေချာစိုက်ကြည့်လိုက်ပြီး သူတို့ကို သေချာစောင့်ကြည့်ရန် အချိန်မရှိခဲ့ပေ။
မုန့်ချီနှင့် ကျန်းကျိဝေတို့က သူတို့၏ စကားကို နားထောင်ရန်သာ အကောင်းဆုံး ကြိုးစားလိုက်ပြီး သူတို့၏နားကို အနည်းငယ် တုန်ခါလိုက်သည်။
“ဂိုဏ်းချုပ်…
ဒီနေ့ ကျွန်တော်က ထူးဆန်းတဲ့အရာတစ်ခုကို တွေ့လိုက်ရတယ်…”
ရင်လန်းဟွေက ထိုလူငယ်ကို ကောင်းကင်ဘိုးဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။
“ဂိုဏ်းချုပ် ဟုတ်လား…”
မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။
သူတို့၏မျက်လုံးထဲတွင်လည်း အံ့ဩနေသည့် အမူအရာများ ရှိနေသည်။ ရင်လန်းဟွေက တန်းနင်နယ်ခံ လျှို့ဝှက်ဂိုဏ်းတစ်ခုမှ ပညာရှင်တစ်ယောက်ဟု သူတို့က မထင်ထားပေ။
“သူ့ရဲ့အငွေ့အသက်ကို ကြည့်ရတာတော့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် မဟုတ်ဘူး…”
ရင်လန်းဟွေ၏စကားကို နားထောင်လိုက်ပြီးနောက် မျက်လုံးမှိတ်နေသော လူငယ်က တီးတိုးပြောလိုက်သည်။
“ကောင်းကင်တာအိုသခင်…။ ငါလည်း မကြားဖူးဘူး…”
“ဂိုဏ်းချုပ်…
အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘိုးဘေးကို မေးပေးလို့ရမလား…”
ရင်လန်းဟွေက မေးလိုက်သည်။
“ဘိုးဘေးလား…”
မုန့်ချီနှင့် ကျန်းကျိဝေတို့က ထိုဂိုဏ်းအကြောင်း ပို၍ပင် အံ့ဩနေခဲ့ပြီး အနည်းငယ်ထူးဆန်းနေသလို ခံစားနေရသည်။
“ကောင်းပြီလေ…”
ဂိုဏ်းချုပ်ဆိုသူက မျက်လုံးမှိတ်လိုက်ပြီး တခြားစကား ပြန်မပြောခဲ့ပေ။ သူကလည်း ထိုလူကို ဖော်ထုတ်ချင်နေပုံ ရ၏။
စကားပြောလိုက်ပြီး သူက ထူးဆန်းသော ခြေလှမ်းများကို လုပ်ဆောင်လိုက်ပြီး အလွန်ထူးဆန်းသော ပုံသဏ္ဍာန်အတိုင်း ပြောင်းလဲလိုက်သည်။
ထိုအချိန်တွင် မုန့်ချီ၏ခေါင်းထဲ၌ စကားလုံး(၂)ခု ပေါ်လာခဲ့၏။
“နတ်ဆရာ ကကွက်…”
ချောမောခန့်ညားသော လူငယ်က တင်ပျဉ်ခွေထိုင်နေပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
မုန့်ချီနှင့် ကျန်းကျိဝေတို့က သူ့ကို တိတ်တဆိတ်ကြည့်နေကြပြီး သူ၏လှုပ်ရှားမှုများကို အလွန်စိတ်ဝင်စားနေကြသည်။ သူ့ဆီမှ မျက်လုံးအကြည့်ကို ဖယ်ရှားနိုင်ခြင်းပင် မရှိကြချေ။
သူတို့က အလွန်နက်ရှိုင်းပြီး အသက်စွမ်းအင်များ ပြည့်နှက်သော မျက်ဝန်းတစ်စုံ ဖြစ်နေပြီး ခံစားချက် တစ်စုံတစ်ရာမျှ မရှိကြချေ။ လေဟာနယ်ကြီးက ရုတ်တရက် အက်ကွဲသွားခဲ့ပြီး ကုန်းမြေတစ်ပိုင်းတစ်စ ပေါ်လာခဲ့သည်။
ထိုကုန်းမြေထဲတွင် တောင်ကုန်းများ၊ မြစ်များ၊ စီးဆင်းနေသော ရေများ ရှိနေသော်လည်း မြို့များ၊ လမ်းကြောင်းများ တည်ဆောက်ရန်တော့ မသင့်တော်ပေ။ ထိုနေရာက ပို၍ချောင်ကျပုံ ရ၏။ တောင်တန်းတစ်ခုက ပို၍ကြီးမားလာပြီး လူသားများကို ကြောက်လန့်သွားစေနိုင်သော ပိုးကောင်များ၊ မှော်သားရဲများနှင့် ပြည့်နှက်နေသည်။
တောင်ကုန်းကြီးကို ကျော်ကြည့်လိုက်မည်ဆိုလျှင် သူတို့က သွေးစက်များပြည့်နေသော အနီရောင်ပင်လယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ သွေးပင်လယ်ကြီး၏ အလယ်တွင် လွင့်မျောနေသော သွေးကြာပန်းတစ်ပွင့်ပေါ်၌ အရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။ သူ့ဆီမှ ကမ္ဘာမြေကြီးကို ဖျက်ဆီးနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာနေခဲ့၏။
ရင်လန်းဟွေနှင့် လန်းတျယ်တို့က ခေါင်းငုံ့ပြီး တလေးတစား ပြောလိုက်သည်။
“ဘိုးဘေး…
ကျွန်တော်တို့က ဘိုးဘေးကိုလာပြီး နှုတ်ဆက်တာပါ…”
ဂိုဏ်းချုပ်၏နှုတ်ခမ်းက လှုပ်ရှားသွားပြီး သိပ်မကြာခင် ဖြစ်ခဲ့သည့်အရာများကို ဘိုးဘေးဆီသို့ သတင်းပို့နေပုံရသည်။
ခဏကြာပြီးနောက် ဂိုဏ်းချုပ်က အက်ရှရှလေသံနှင့် ပြောလိုက်၏။
“အဲဒါက ကောင်းကင်ဘိုးဘေးရဲ့ စိတ်ဝိညာဉ်ကျင့်စဉ်လွှဲပြောင်းမှုပဲ…။ ဒီတော့ ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့…”
“ကောင်းကင်ဘိုးဘေး ဟုတ်လား…”
ရင်လန်းဟွေက နောက်ထပ်မေးခွန်းတစ်ခု မေးတော့မည့်အချိန်တွင် ဂိုဏ်းချုပ်က မျက်လုံးမှိတ်လိုက်၏။ ထိုအချိန်တွင် ကမ္ဘာမြေကြီးကို ဖျက်ဆီးနိုင်သော အရှိန်အဝါများကလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲသည်။
ထိုအခွင့်အရေးကြောင့် မုန့်ချီနှင့် ကျန်းကျိဝေတို့က အဝေးကို မျက်စိလွှဲနိုင်ခဲ့သည်။
“မင်းတို့သိဖို့လိုတဲ့အချိန်ကျရင် ငါ မင်းကို ပြောပြမယ်…”
ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်။
ရင်လန်းဟွေက ယခင်ထိတ်လန့်မှုမှ စိတ်သက်သာရာ ရသွားခဲ့သည်။
“ငါတို့က ခုချိန်ထိ တူဟိုင်ရှန့်ကို မတွေ့ရသေးဘူး…။ ပြီးတော့ ဘိုးဘေးပြန်လည်ဝင်စားဖို့ကိုလည်း နှောင့်နှေးနေပြီ…။ ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့…”
သူက တောင်းပန်သည့်လေသံနှင့် ပြောလိုက်သည်။
“ပြန်လည်ဝင်စားခြင်း…။ ဒီကမ္ဘာကြီးထဲကို ပြန်ရောက်လာတာလား…”
မုန့်ချီနှင့် ကျန်းကျိဝေတို့က အရေးကြီးသောအရာတစ်ခုကို နားလည်သွားခဲ့ကြသည်။
“ဘာမှကိစ္စမရှိပါဘူး…။ သူက တန်းနင်မှာရှိနေသ၍ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…”
ဂိုဏ်းချုပ်ဖြစ်သူက သူ့ကို နှစ်သိမ့်လိုက်ပြီး ကျိုးဟန်ဖုန်းကို ဆက်လက်မျှားခေါ်ရန် ပြောလိုက်သည်။
ရင်လန်းဟွေက လန်းတျယ်နှင့်အတူ ပြန်ဆုတ်သွားရန် စောင့်နေစဉ် လန်းတျယ်က ခေါင်းဆောင်၏အနားသို့ ကပ်သွားပြီး ဖက်လိုက်သည်။ သူတို့က ပြောပြ၍မရနိုင်သော ရင်းနှီးမှုများ ရှိနေသည့်အတွက် သူတစ်ယောက်တည်းသာ ရဲတိုက်ဆီသို့ ပြန်လာခဲ့ရ၏။
ရင်လန်းဟွေက အဝေး၌ ပျောက်ကွယ်သွားသည့်အချိန်တွင် လန်းတျယ်က မတ်တပ်ရပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“ကောင်းကင်ရွှေကျင့်စဉ်နဲ့ ဖရိုဖရဲကျင့်စဉ်…။ ကြည့်ရတာတော့ ပြိုင်ဘက်တွေက…”
ခေါင်းဆောင်က သူမ၏စကားကိုဖြတ်ပြီး ရုတ်တရက် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်က မြင်သင့်သလောက် မြင်ပြီးသွားပြီဆိုမှတော့ ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ…”
Translated by Hein Htet