ပါမောက္ခ အလုပ်သမားအား ရှုံးခြင်း
Vol. 38 Ch. 558
“ပထမဆုံးမေးခွန်းက ခဲတပိဿာနဲ့ လဲတစ်ပိဿာ ဘယ်ဟာ ပိုလေးပါသလဲ.. (က)ခဲတစ်ပိဿာ.. (ခ)လဲတစ်ပိဿာ.. (ဂ)နှစ်ခုစလုံး တူတူပါပဲ..”
ပါမောက်ခ ကျောင်း အပြုံးဖြင့်ပင်..
“အဖြေ (ဂ)ပါ.. အတူတူပါပဲ..”
CCTV မှ ခေါင်းဆောင် တစ်ယောက် မတ်တပ်ရပ် ရယ်မောလိုက်သည်။ အတူတူပဲလား။ ပါမောက္ခလော။. ခဲတစ်ပိဿာ ပိုလေးမည် မဟုတ်လော။
“ဒါ မင်းရဲ့ နောက်ဆုံးအဖြေပဲလား..”
နယ်ဖျင် ထပ်မေးလိုက်သည်။
“ဟုတ်ပါတယ်.. ဘာလို့လဲဆိုတော့ ခဲ နဲ့ လဲ တစ်ခုစလုံးက တစ်ပိဿာစီပဲလေ.. လဲကတော့ ထုတည်အရ ပိုများနေမှာပေါ့..”
“ဂုဏ်ယူပါတယ်.. အဖြေ မှန်ပါတယ်..”
ပရိတ်သတ်များ အားပေးကြတော့သည်။ ရယ်နေသည့် ခေါင်းဆောင်သည် ခဲနှင့်လဲ၏ အလေးချိန်ကို သတိမထားမိ လိုက်သည်ကို ယခုမှ သဘောပေါက်တော့သည်။ ရိုးရှင်းနေပါက မေးခွန်းများအားလုံး မြန်မြန်ဖြေနိုင်သွားလိမ့်မည် ဖြစ်သည်။ ယခုမူ မေးခွန်းများ ရိုးရှင်းပုံမပေါ်ချေ။
ပါမောက္ခကျောင်းသည် မေးခွန်း(၂)ခု မှန်ကန်စွာဖြေဆိုခဲ့ပြီး ပထမအဆင့် အောင်မြင်ခဲ့သည်။ ပထမအဆင့်အတွက် ဆုမျာ ယွမ်(၁၀၀၀)နှင့် လက်ဆောင်တစ်ခု ဖြစ်ပေသည်။ သို့ရာတွင် ဆုအား ရွေးချယ်ခဲ့ပါက ကျန်မေးခွန်းများ ဆက်လက် မဖြေဆိုနိုင်တော့ချေ။
“ပါမောက္ခကျောင်း ဆက်သွားဖို့ သေချာပြီလား..”
“သေချာပါတယ်.. ဆုငွေ ပိုရဖို့ လိုတယ်လေ..”
“ကောင်းပါပြီ… မေးခွန်းတွေ ဆက်သွားပါမယ်… နောက်ထပ် မေးခွန်းကို ရှုစားလိုက်ပါ..”
ပဉ္စမမေးခွန်းတွင် ပါမောက္ခကျောင်း တုံ့ဆိုင်းသွားသည်။ ဤသည်မှာ နေ့စဉ်ဘဝ မေးခွန်းမျိုး တစ်ခုဖြစ်ပေသည်။ အဖြေရှာမရသဖြင့် နယ်ဖျင်က..
“ကျွန်မတို့အနေနဲ့ အကူအညီတွေထဲက တစ်ခုကို သုံးရပါတော့မယ်.. တိုက်ရိုက်ကြည့်ရှုနေတဲ့ ပရိတ်သတ်တွေဆီက အကူအညီ တောင်းဆိုပါတယ်..”
ကျောင်းသားတစ်ယောက် လက်မြောက်ကာ ပါမောက္ခအတွက် အဖြေမှန် ရခဲ့ပေသည်။ ပါမောက္ခကျောင်း ဒုတိယ အဆင့် အောင်မြင်ခဲ့သည်။
ပါမောက္ခကျောင်း အဋ္ဌမမေးခွန်း ဖြေဆိုသည့်အခါတွင် သူရနိုင်သည့် အကူအညီအားလုံး သုံးပြီး ဖြစ်ချေသည်။ သို့ရာတွင် ကျန်မေးခွန်းများ ဆက်လက် ဖြေဆိုရန် ရွေးချယ်ခဲ့ပေသည်။
သို့ရာတွင် ပါမောက္ခကျောင်း (၁၀)ကြိမ်မြောက် မေးခွန်းသို့ ရောက်ရှိသည့်အခါ အဖြေမှားသွားခဲ့ပေသည်။
“စိတ်မကောင်းပါဘူးရှင်… ဒီမေးခွန်းမှာ အဖြေမှားသွားပါတယ်.. အဲ့ဒီအတွက် ဆုကြေးအမှတ် သုည ပြန်ဖြစ်သွားပါပြီ.. ဒါပေမယ့် ဆရာ့အတွက် နှစ်သိမ့်ဆု အိုက်ဝါ အိပ်ဆောင်သီချင်းဖွင့်စက် လက်ခံပေးပါရှင်..”
တိုက်ရိုက်ကြည့်ရှုနေသည့် ပရိတ်သတ်များ စိတ်ပျက် ညည်းတွားကြတော့သည်။ ပါမောက္ခကျောင်းသည်လည်း စိတ်ဓာတ်ကျနေပေသည်။ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် သမိုင်းဆိုင်ရာ ခက်ခဲသည့် မေးခွန်းများအားလုံး သူဖြေနိုင်လိမ့်မည်ဟု မျှော်လင့်မထားချေ။ သို့ရာတွင် နေ့စဉ် နေထိုင်မှုဘဝပုံစံ နှင့်ပတ်သက်သည့် နောက်ဆုံး မေးခွန်းတွင် မှားသွားခဲ့ပေသည်။
သုံးရောင်ခြယ်ကြောင်များကို အမျိုးသမီးထု (၉၉)ရာခိုင်နှုန်းကျော် သိကြပေသည်။ ပါမောက္ခကျောင်း သည် အိမ်မွေးတိရိစ္ဆာန် တစ်ကောင်မှပင် မမွေးမြူခဲ့ကြောင်း မည်သူ သိနိုင်မည်နည်း။
“ပါမောက္ခကျောင်း ဆုကြေးအားလုံး ဆုံးရှုံးသွားရတဲ့အတွက် တောင်းပန်ပါတယ်.. ဒါပေမယ့် စိတ်မပါနဲ့.. ဒါရိုက်တာက ကြောင်းကြားထားပါတယ်.. လေနှင့်မိုး လျှပ်စစ်၊ အိုက်ဝါလျှပ်စစ်၊ လီဟဟ ဖြည့်စွက်စာနဲ့ ထိုက်ဟွာ သုတေသနအဖွဲ့က ဆရာ့မွေးရပ်မြေရဲ့ အခြေအနေကို လေ့လာပြီး ပညာရေးထောက်ပံ့ပေးသွားမှာပါ.. အဲ့ဒေသက ကလေးတွေအားလုံး ကျောင်းတက်နိုင်ပါလိမ့်မယ်ရှင်..”
နယ်ဖျင်၏ စကားကြောင့် ပရိတ်သတ်များ ပျော်ရွှင်သွားတော့သည်။ ပါမောက္ခကျောင်းလည်း အံ့အားသင့်သွားသည်။ မတ်တပ်ရပ်၍ အစီအစဉ်မှူးနှင့် စပွန်ဆာရှင်များကို ကျေးဇူးတင်လိုက်ပေသည်။
ဖုန်းယွီသည် စာသင်ကျောင်းများသို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ဤရွာအတွက် ငွေကြေး အနည်းငယ်မျှပင် ပေးရန် စိတ်မဝင်စားခဲ့ချေ။ ယခုအစီအစဉ်၏ အစိတ်အပိုင်းလေးတစ်ခုကို သတင်းစာ ဖော်ပြချက်များဖြင့် သူ့ကုမ္ပဏီများ၏ လူမှုဆက်ဆံရေးနယ်ပယ် အဆင့်အတန်း တိုက်တက်စေပေလိမ့်မည်။
နှစ်သစ် နွေရာသီတွင် ပေကျင်း တက္ကသိုလ် ဘွဲ့ရကျောင်းသားများ ခေါ်ယူရန် ပို၍လွယ်ကူ လောက်ပေလိမ့်မည်။
ရှေ့တန်းတွင် ထိုင်နေသည့် ခေါင်းဆောင်အချို့ ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ဤအစီအစဉ်ကို ထုတ်လွှင့် လိုက်မည်ဆိုပါက အဆင့်သတ်မှတ်ချက် မြှင့်မားလာမည်မှာ အမှန်ပင်ဖြစ်ပေသည်။ ဤအစီအစဉ်သည် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပေသည်။ မေးခွန်းများသည် ထူးခြားသည့် အကြောင်းအရာမျိုးစုံကို လွှမ်းခြုံထားသည်။ ထက်ဝက်ကျော်ပင် အဖြေဆိုနိုင်ကြချေ။ သို့ရာတွင် မေးခွန်းများသည် အလွန် ခက်နေသည်လား။
ပါမောက္ခတစ်ဦးပင်လျှင် မေးခွန်းများအားလုံး မဖြေနိုင်ခဲ့ချေ။ အခြားလူများ ဖြေနိုင်မည်လော။ ကြည့်ရှုသူများ စိတ်ဝင်စားကြမည်လော။
“နောက်ထပ် ပြိုင်ပွဲဝင်ကို ကြိုဆိုလိုက်ကြပါစို့ရှင်…”
လုပ်သမားဝတ်စုံနှင့် လူတစ်ယောက် စင်မြင့်ပေါ်သို့ တက်လာပြီး ပရိတ်သတ်ကို အားရပါးရ လက်ဝှေ့ယမ်းပြနေပေသည်။ သူ့ကိုယ်သူ အနုပညာ ကြယ်ပွင့်တစ်ယောက်ကဲ့သို့ ခံစားနေရခြင်း ဖြစ်ပေသည်။ သူဝန်ဆင်ထားသည့် ဝတ်စုံသည် ဆောင်ကျန်း မော်တာ ဟု တံဆိပ်ရိုက်နှိပ်ထားပေသည်။
နယ်ဖျင်လည်း ထိုဝတ်စုံဖြင့် စင်မြင့်ပေါ်တက်လာသည့် အလုပ်သမားကို မြင်သည့်အခါ အံ့ဩသွားမိသည်။ သို့ရာတွင် အချိန်မှီ ကိုယ့်ကိုကိုယ် ထိန်းနိုင်လိုက်သည်။
“မင်္ဂလာညချမ်းပါ ဆရာ.. ထိုင်ပါရှင်.. ကျမက နယ်ဖျင်ပါ.. ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါအုံး..”
“မင်္ဂလာညချမ်းပါ.. ကျုပ်နာမည် စွန်းတဟေးပါ.. ကျုပ်က ပမ့်မြို့တော်ကပါ.. ပမ့်မြို့တော် စက်ယန္တယား ကုမ္ပဏီပိုင် အမှတ်(၁) ဌာနခွဲ မော်တော်ကားစက်ရုံက အလုပ်သမား တစ်ယောက်ပါ..”
တရုတ်ပြည် အရှေ့မြောက်ပိုင်း လေသံဖြင့် ပြောဆိုခဲ့သဖြင့် တိုက်ရိုက်ကြည့်ရှုနေသည့် ပရိတ်သတ်များ ရယ်မောကြတော့သည်။
“မစ္စတာစွန်း.. ဘာလု့ ရောက်လာရသလဲဆိုတာ မေးလု့ရမလား..”
“တစ်ရက် အလုပ်ပြီးလို့ နားတဲ့အချိန် ရေဒီယိုကနေ ဒီအစီအစဉ်အကြောင်း ကြားလိုက်ရလို့ လျှောက်လွှာတင် လိုက်တာပါ။ ကိုယ့်ကိုကိုယ် ရွေးချယ်ခံရလိမ့်မယ်လို့ကို ထင်မထားမိဘူး.. တကယ်ဆို ကျုပ်မိန်းမက မလွှတ်ချင်ဘူးဗျ.. ကျုပ် ပညာအရည်အချင်းက အလယ်တန်းပဲ ရှိပြီး ဒီ ပျော်စရာ ပဟေဠိ မှာ ပထမဆုံး မေးခွန်းမှာတင် သေချာပေါက် ကျရှုံးလိမ့်မယ်လို့ ပြောပါတယ်.. ဒါပေမယ့် အားလပ်ရက်မှာ မိသားစုနဲ့ အလည်အပတ် သွားဖို့ ဆုငွေ လိုချင်မိပါတယ်.. မိသားစုကို တရုတ်ပြည် အနှံ့ အလည်အပတ် ပိုပေးချင်လို့လေ”
CCTV မှခေါင်းဆောင်များ မျက်မှောင်ကြုတ်သွားတော့သည်။ ဤပြိုင်ပွဲဝင်ကို စပွန်ဆာမှ ရွေးချယ်ခဲ့သည်လော။ အလယ်တန်း ပညာသာတတ်မြောက်ထားသည့် ဝန်ထမ်းတစ်ယောက်လော။ ပထမဆုံး မေးခွန်း(၃)ခုပင် ဖြေနိုင်မည် မဟုတ်ချေ။ ပထမဆုံး မေးခွန်းကိုပင် မဖြေဆိုနိုင်ပါ ဤအစီအစဉ်သည် ရယ်စရာ ဖြစ်သွားပေတော့မည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ ပရိတ်သတ် အားလုံးသည်လည်း အလားတူ တွေးမိနေကြပေသည်။ စွန်းတဟေး ကို အပထား ခေတ်ပညာတတ် ဖြစ်သည့် ပါမောက္ခတစ်ဦးသည်ပင် မေးခွန်းများအားလုံး မဖြေဆိုနိုင်ခဲ့ချေ။
ပထမ မေးခွန်းပေါ်လာသည့်အခါ ပရိတ်သတ်အားလုံး ရယ်မောလိုက်ကြတော့သည်။ ထိုစွန်းတဟေးသည် (က)(ခ)ပင် သေချာမသိပေ။ ထိုလူသည် ဤအစီအစဉ်တွင် မည်သို့ ပါဝင်ခဲ့ပေသနည်း။
သို့ရာတွင် စွန်းတဟေးသည် ပထမ မေးခွန်း(၃)ခုကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့ပေသည်။ စွန်းတဟေး အလုပ်ရုံတွင် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ထိုအသိပညာများ လေ့လာခွင့်ရခဲ့ပြီး မေးခွန်းများ ဖြေဆိုရာတွင် လက်တွေ့ အသုံးချနိုင်ခဲ့ပေသည်။
ဤသည်အထိပင် စွန်းဟေး၏ အကန့်အသတ်ထိ ရောက်နေနိုင်ကြောင်း ပရိတ်သတ်များ ယူဆခဲ့ပေသည်။ သူသည် ပထမအဆင့်တွင်ပင် ဆုငွေယူ၍ နှုတ်ထွက်သင့်ပေသည်။ သို့ရာတွင် စွန်းတဟေး ကမူ ဆက်သွားချင်နေသည်။
(၅)ခုမြောက် မေးခွန်းသည် သမိုင်းနှင့် ပတ်သက်သည့် မေးခွန်းဖြစ်သည်။ ဤမေးခွန်းမှာ ထူးခြားပေသည်။ ‘မြောက်ပိုင်း ဆောင်မင်းဆက်၏ တတိယ ဧကရာဇိသည် မည်သူနည်း’ ဟု မေးလာပေသည်။
“တတိယမြောက် အဖြေကို ရွေးပါတယ်.. ကျောင်းချန် ပါ..”
“ဒါ မင်းရဲ့ နောက်ဆုံး အဖြေလား..”
“အမှန်အတိုင်း ဝန်ခံရရင် ကျုပ်မသိပါဘူး.. ကျုပ် ရမ်းပြီး ဖြေလိုက်တာပါ.. ကျုပ်မိဘတွေမှာ သား(၃)ယောက်ရှိတယ်.. ကျုပ်က တတိယမြောက်သားပါ.. ဒါကြောင့်မို့ တတိယ အဖြေကို ရွေးလိုက်တာပါ.. ဟုတ်တယ်.. တတိယ အဖြေကိုပဲ ရွေးပါတယ်..”
“ဂုဏ်ယူပါတယ်.. အဖြေမှန်ပါတယ်……….”
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနေသည့် ပရိတ်သတ်များအားလုံး အံ့အားသင့် သွာကြတော့သည်။ ပြိုင်ပွဲဝင်သည် အဖြေမသိသဖြင့် ကြုံရာရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်ပေသည်။ သူသည် တတိယသားဖြစ်သဖြင့် တတိယကို ရွေးခဲ့၍ မှန်သွားသည်လော။
မည်သို့ပင်ဖြစ်စေ စည်းကမ်းက စည်းကမ်းပင် ဖြစ်ပေသည်။ ပြိုင်ပွဲဝင်သည် မေးခွန်း အဖြေမှန်နေသရွေ့ သိခြင်း မသိခြင်းသည် မလိုအပ်ချေ။ ရွေးချယ်မှုမျိုးစုံကို စမ်းသပ်ရန်အတွက် ထိုင်နေရသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ အဖြေ မှန်နေသရွေ့ အမှတ်ပေးရပေလိမ့်မည်။
ထို ကံထူးရှင် ပြိုင်ပွဲဝင်သည် ကျန်မေးခွန်းများ ဖြေဆိုခြင်းကို စွန့်လွှတ်ကာ ဒုတိယအဆင့် ဆုငွေဖြင့် ထွက်ခွာသွား သင့်သည်ဟု ပရိသတ်များ ထင်မြင်ခဲ့သော်လည်း ပြိုင်ပွဲဝင်ကမူ ရှေ့ဆက် တိုးနေတော့သည်။ ကျန်မေးခွန်းများအား ကံကောင်းစွာ ဖြေဆိုနိုင်မည်ဟု ယူဆထားသည်လော။ ယွမ်(၃၀၀၀)သည် နည်းသည့် ပမာဏမဟုတ်သည့်အပြင် အခြားဆုများလည်း ရှိနေပေသေးသည်။
ထိုအလုပ်သမားသည် (၈)ခုမြောက် မေးခွန်းဖြေဆိုသည့်အခါ ပရိသတ်အတွင်းမှ ခေါင်းဆောင်များပင် ကံကောင်းလွန်းသည်ဟု ခံစားနေရတော့သည်။ (၈)ခုမြောက် မေးခွန်းမှာ နက္ခတ္တဗေဒနှင့် ပတ်သက်ပေသည်။ ထို အလုပ်သမားသည် အဖြေ မသိသဖြင့် စိတ်ကူးပေါ်ရာ ရွေးချယ် ဖြေဆိုနေပေသည်။ အဖြေကလည်း မှန်နေပေသည်။
ဤအလုပ်သမားသည် သူ့ကံကြမ္မာကြောင့် အဆင့်(၃)သို့ ရောက်သွားသည့်တိုင် ရှေ့ဆက်ချင်နေပေသည်။
ထိုအလုပ်သမားသည် နောက်ဆုံး မေးခွန်း(၂)ခု၏ အဖြေကို မသိသော်လည်း သူ့ကံကြမ္မာရ မှန်နေဆဲပင်။ ဤသည်က ပရိတ်သတ် မျှော်လင့်ထားသည့်အတိုင်း မဟုတ်ချေ။ ထိုအလုပ်သမားသည့် ထူးခြားလွန်းသည့် ကံတရားဖြင့် မေးခွန်း (၁၀)ခုစလုံး မှန်ကန်စွာ ဖြေဆိုသွားပေသည်။
ဤအလုပ်သမားသည် အဆင့်အားလုံးကို ရှင်းလင်းမြင်သာစွာ အောင်မြင်ခဲ့ပြီး ယွမ်(၁၀၀၀၀)နှင့် အခြားဆုများ ဆွတ်ခူးနိုင်ခဲ့ကြောင်း အစီအစဉ်မှူးမှ ကြေငြာသည့်အခါ ပရိတ်သတ်များ အားရဝမ်းသာ အားပေးကြတော့သည်။
ခေတ်ပညာတတ် ပါမောက္ခတစ်ယောက် မတတ်နိုင်သည့် အရာများကို အလုပ်သမားတစ်ဦးက ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပေသည်။ မည်သူမဆို ကံကောင်းခြင်း သက်သက်ဖြင့် ဤပဟေဠိကို အောင်မြင်နိုင်သည်ဟု ဆိုလိုခြင်းလော။
ဒု-ခေါင်းဆောင်ကျားမှ လွဲ၍ ကျန်CCTV ခေါင်းဆောင်များသည် ထိုအစီအစဉ် မစတင်သေးချိန်ကတည်းက ထိုအလုပ်သမားသည် အဖြေများကို သိရှိထားကြောင်း မသိကြချေ။
လူတိုင်း တုန်လှုပ်သွားကြသည်။ ဤသည်က ရှုတ်ထွေးလွန်းလှပေသည်။ ပါမောက္ခတစ်ယောက်သည် အလုပ်သမား တစ်ဦးကို အရှုံးပေးခဲ့ရသည်လော။
-------*****--------
ဘာသာပြန်သူ . (NTP)