ရဲတပ်ဖွဲ့မှ သူရဲကောင်း တစ်ဦး ဖန်တီးခြင်း
Vol. 38 Ch. 562
ဝမ်သောင်ကျွင်း စားနေရာမှ ရုတ်တရက် ရပ်လိုက်သည်။ ဖုန်းယွီပင် အံ့ဩသွားရသည် လှည့်ကြည့်လိုက်သည့် အခါ အသက်(၅၀)အရွယ် အမျိုးသား တစ်ဦး တွေ့လိုက်ရသည်။ ရင်းနှီးပုံပေါ်နေပေသည်။
“အဖေ.. ဒီကို လာတာလား..”
ကျန်းဟန် မတ်တပ်ရပ်၍ မဝံ့မရဲဖြင့် မေးလိုက်သည်။
ကျန်းဟန်၏ အဖေ၊ ပေကျင်း ရဲတပ်ဖွဲ့ ခေါင်းဆောင်လော။
“နင် ကျောင်းမှာ တစ်ခုခု လုပ်နေမယ် ထင်နေတာ.. ဒါ နင်ပြောတဲ့ အလုပ်တစ်ခုလား..”
ကျန်းဟန်၏ ဖခင် အေးစက်စက် မေးလိုက်သည်။
“ဦးလေး…”
ဝမ်သောင်ကျွင်း နှုတ်ဆက်လိုက်သည်။ ယခုမူ သူခိုး လူမိသကဲ့သို့ ဖြစ်နေသည် မဟုတ်ပေလော။
ဝမ်သောင်ကျွင်းနှင့် ကျန်းဟန် မတ်တပ်ရပ်လိုက်သည်။ ထိုကောင်မလေးသည်လည်း ဘာမှ မစားတော့ချေ။ သို့ရာတွင် ဘာမှ မဖြစ်သကဲ့သို့ တဖြည်းဖြည်း စားနေသည့် လူငယ် တစ်ယောက် ရှိနေသေးသည်။ ကျန်းဟန်၏ ဖခင်လည်း စပ်စုမိလိုက်သည်။ ကျန်းဟန် သူငယ်ချင်းအားလုံး မည်သူများ ဖြစ်သည်နှင့် နောက်ခံများကို သိနေပေသည်။ ထိုလူငယ်ကမူ မရိုးရှင်ချေ။
ဖုန်းယွီ လက်ကိုင်ပုဝါထုတ်၍ ပါးစပ်နှင့် လက်များ သုတ်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်၍ ကျန်းဟန် ဖခင်ထံ လက်ဆန့်ပေးရင်း..
“မင်္ဂလာပါ ခေါင်းဆောင် ကျန်း.. ကျုပ်က ဖုန်းယွီပါ.. တွေ့ရတာ ဝမ်းသာပါတယ်..”
ဖုန်းယွီ ပြောလိုက်သည်မှာ ခေါင်းဆောင်ကျန်းဖြစ်ပြီး ဦးလေးကျန်း မဟုတ်ချေ။ သူ့ပုံစံမှာ အဆင့်တူ တစ်ယောက်နှင့် စကားပြောနေသကဲ့သို့ပင်။ ကျန်းဟန်၏ ဖခင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူငယ်သည် မည်သူနည်း။
သူကိုသူ ဖုန်းယွီဟု ဆိုခဲ့သည်လော။ ထိုဖုန်းယွီ ဖြစ်နိုင်သည်လော။
“မင်း.. ပမ့်မြို့တော်နဲ့ ထိုင်ဟွာ ကုန်သွယ်ရေးက ဖုန်းယွီပဲ..”
ကျန်းဟန်၏ ဖခင် လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ဦးလေးကျန်း ကျုပ်အကြောင်း ကြားထားတယ်လား.. အလုပ်မများရင် ကျုပ်တို့နဲ့ အတူ ညစာစားမလား..”
ပမ့်မြို့တော်မှ အရာရှိများအားလုံး ဖုန်းယွီအကြောင်း ကြားနေရပေသည်။ အောက်ခြေအဆင့် ငယ်သားများ မသိလျှင်ပင် ထိပ်တန်းခေါင်းဆောင်များအားလုံး ဖုန်းယွီ မည်သူဖြစ်ကြောင်း သိကြပေသည်။
ဖုန်းယွီသည် ခေါင်းဆောင်ကြီးနှင့် ဝန်ကြီးချုပ်ကြီး (၂)ဦးစလုံးကိုပင် တွေ့ဆုံးဖူးပေသည်။ ထို့ကြောင့် ကျန်းဟန်၏ ဖခင်ကို မကြောက်ခဲ့ချေ။ သူ့အား ပုံမှန်အစိုးရ အရာရှိအနေဖြင့်ပါ ဆက်ဆံခဲ့သည်။
ဝမ်သောင်ကျွင်းသည် ကျန်းဟန် ဖခင် ဖုန်းယွီနှင့် လက်ဆွဲနှုတ်ဆက်သည်ကို မြင်ကာ လန့်သွားသည်။ အရင်က ကျန်းဟန်၏ ဖခင်နှင့် တွေ့ကာ သူ့ဒေါသကို သိနေပေသည်။ မည်သည့်အချိန်က ဤသို့ ဖော်ရွှေသွားသနည်း။
သို့ရာတွင် ဖုန်းယွီ ဘာလုပ်နေသနည်း။ ကျန်းဟန်၏ ဖခင်ကို သူတို့နှင့်အတူ စားရန် မည်သည့်အတွက် ဖိတ်ခေါ်ခဲ့သနည်း။ ကျန်းဟန်၏ ဖခင်သည်လည်း အမှန်တကယ်ပိုင် ဝင်ထိုင်ခဲ့သည်လော။
“အခုတော့ အချိန်အားနေပါပြီလေ.. ငါ မင်းတို့နဲ့ စကား အေးအေးဆေးဆေး ပြောတာပေါ့.. ညစာတော့ မလိုပါဘူးကွာ..”
ကျန်းဟန်ဖခင် ထိုင်လိုက်ပြီးနောက် ဝမ်သောင်ကျွင်း လက်ဖက်ရည်တစ်ခွက် ချက်ချင်း ထည့်ပေးလိုက်သည်။
“မန်နေဂျာဖုန်း..”
“ဦးလေးကျန်း.. ကျုပ်ကို ရှောင်ဖုန်းလို့ပဲ ခေါ်ပါဗျာ..”
ဖုန်းယွီ ယဉ်ကျေးစွာ ပြောလိုက်သည်။ ဤနေရာတွင် အရာရှိတစ်ဦးကဲ့သို့ ပြုမူရန် မလိုအပ်ချေ။
“အဆင်ပြေပါတယ်.. မင်းတို့အားလုံး အတန်းဖော်တွေလား..”
“ကျုပ်တို့ အထက်တန်းကျောင်းမှာ တစ်ခန်းတည်း တက်ခဲ့ကြတာလေ.. နောက်ပိုင်း ဘာသာရပ် ကွဲသွားလို့ တစ်ခြားစီ ဖြစ်နေကြတာ..”
“ဒါဆို မင်း ပေကျင်း တက္ကသိုလ်မှာ ကျောင်းတက်နေတာလား..”
“ဟုတ်… ပေကျင်းမှာ တက်နေတာပါ.. ဒါပေမယ့် သိပ်မကြာခင်ကပဲ ဟောင်ကောင်တက္ကသိုလ်ကို ဖလှယ်ရေး ကျောင်းသားအဖြစ်နဲ့ ကျောင်းတက်နေပါတယ်..”
ဖလှယ်ရေး ကျောင်းသားလော။ ဤသည်က အဘယ်နည်း။ ကျန်းဟန်ဖခင် ဤသည်ကို သေချာမသိသော်လည်း အရေးကြီးသည်ဟု ထင်နေပေသည်။
“ဒါဆို ဘာလို့ ပြန်လာတာလဲ..”
ကျန်းဟန်ဖခင်သည် ဖုန်းယွီနှင့် မိတ်ဆွေများကဲ့သို့ စကားစမြည်ပြောဆိုခဲ့ပြီး ဝမ်သောင်ကျွင်းနှင့် ကျန်သူများကို အာရုံစိုက်နေပေသည်။ ဆက်မစားကြတော့ချေ။
“ကျွန်တော် CCTV မှာ လုပ်စရာရှိလို့ ပြန်လာတာ.. ရက်ပိုင်းအတွင် ဟောင်ကောင်ကို ပြန်ရမယ်.. စာမေးပွဲ နီးနေပြီလေ..”
“မင်း တော်တော် ထက်မြက်တယ်လို့ ကျန်းလွေ့ချင်းဆီက ကြားထားတယ်.. အလုပ်မှာ ပြဿနာ တစ်ခုခုရှိရင် ငါနဲ့လာတွေ့လိုက်လေ.. ဖြေရှင်းပေးမယ်..”
ကျန်းလွေ့ချမ်း မိမိအကြောင်း ပြောဖူးသည်လော။ မိမိကောင်းကြောင်း ပြောထားသည်လော။ ဤသည်က မဆိုးချေ။အနည်းဆုံး သူ့အတွက် နိုင်ငံရေး ပုံရိပ် ကောင်းရန် ကူညီခဲ့သည်မှာ အလဟသ မဖြစ်ခဲ့ချေ။
“ကြည်တတ်သူတွေ မြင်တာပါပဲ..”
ကျန်းဟန်ဖခင် ခေါင်းညိတ်လိုက်သည်။ နှိမ့်ချသည့် လူငယ်နှင့် တွေ့ရန် ရှားပါးပေသည်။ ကျန်းလွေ့ချင်းမှ ဖုန်းယွီသည် ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်ကြောင်း ပြောခဲ့ပေသည်။ သို့ရာတွင် ယခု တွေ့ဆုံမှုမှ မသုံးသပ်နိုင်သေးချေ။ သို့ရာတွင် ဖုန်းယွီသည် ကျိုးနွံပြီး ရင့်ကျက်သူတစ်ယောက် ဖြစ်ကြောင်း သတိထားမိခဲ့သည်။
ကျန်းဟန် ဖခင်သည် ထိုအချက်ကို တွေးရင်း ဝမ်သောင်ကျင်းကို ကြည့်လိုက်သည်။ ထိုနှစ်ယောက် အတူကြီးပြင်းလာပြီး အဘယ့်ကြောင့် ဤမျှ ကွာခြားနေသနည်း။ ဝမ်သောင်ကျွင်းသည် ဖုန်းယွီထက် အသက်သာကြီး၍ တခြား မည်သည့် အားသာချက် ရှိမည်နည်း။
ဝမ်သောင်ကျွင်းသည် အဝလွန်ကာ သူ့အတွက် လုပ်ငန်းစီစဉ်ရန် လွယ်ကူမည် မဟုတ်ချေ။ အရပ် (၁.၉)မီတာရှိ လာက်ထောက်ကို မည်သည့်ခေါင်းဆောင်မှ လိုချင်မည် မဟုတ်ချေ။ နေနည်း ထိုင်နည်းများ ရှာဖွေရန် လိုပေလိမ့်မည်။ ကျန်းဟန် အလွန်လှသော်လည်း အဘယ့်ကြောင့် သူ့ကို သဘောကျနေသနည်း။
“ရှောင်ဝမ်..”
“ဟုတ်ကဲ့ ဦးလေး..”
ဝမ်သောင်ကျွင်း ချက်ချင်း ကျောဆန့်လိုက်သည်။
“ဌာနခွဲ ဗျူရိုရဲ့ အမှုအခင်း ဖြေရှင်းနိုင်မှုနှုန်း နည်းနေတဲ့အချိန် အရပ်သားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရရင် ဘာလုပ်သင့်လဲ..”
ဝမ်သောင်ကျွင်း မျက်မှောင် ကြုတ်လိုက်သည်။ လာပြန်ချေပြီ။ ရဲတပ်ဖွဲ့သို့ မဝင်ချင်ချေ။ တွေ့တိုင်း စမ်းသပ်နေမှုကြီးအား ရပ်စေချင်နေမိသည်။ သို့ရာတွင် ကျန်းဟန်အဖေသည် သူ့ကို သတို့သားလောင်း စာမေးပွဲစစ် နေကြောင်း ဝမ်သောင်ကျွင်း လည်းသိနေပေသည်။ အကယ်၍ ရဲတပ်ဖွဲ့အတွင်း ဝင်ပါက ရာထူးတိုးရန် ကျန်းဟန်ဖခင်မှ ကူညီနိုင်မည် ဖြစ်သည်။
ဝမ်သောင်ကျွင်း ကျန်းဟန် ဖခင်ကို မည်သို့ ပြန်ပြောရမည်ဖြစ်ကြောင်း သေချာ သိနေပေသည်။ မှုခင်းဖြေရှင်းမှုနှုန်း နည်းပါးပါက ဌာနခွဲမှူကို အပြစ်ပေး အရေးယူရပေမည်။
သို့ရာတွင် ဝမ်သောင်ကျွင်း ထိုသို့ မဖြေရဲချေ။ ယနေ့ နေ့လည်ပိုင်း မျိုးစုံရှိုးပွဲအစိအစဉ်အကြောင်း ရုတ်တရက် သတိရသွားမိသည်။ ဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အမျိုးမျိုးသော အစီအစဉ်များ မည်သည့်အတွက် မလုပ်နိုင်မည်နည်း။ ဖုန်းယွီသည် သူ၏ ပျော်စရာအဘိဓာန်သည် သာမန်လူများထံမှ သူရဲကောင်းတစ်ဦး ဖန်တီးရန် ဖြစ်ကြောင်းပြောခဲ့ဖူးသည်။ ရဲတပ်ဖွဲ့ သူရဲကောင်း မည်သည့်အတွက် မဖန်တီးသနည်း။
လိန်ဖုန်းအကြောင်း ဇာတ်လမ်းတော်တော်များများတွင် အမျိုးသားသူရဲကောင်း အဖြစ် သရုပ်ဖော်ရန် ဖန်တီးထားသည့် ဖုန်းယွီစကား ဝမ်သောင်ကျွင်း ကြားထားပေသည်။ စံပြ ရဲတစ်ယောက် ဖန်တီးနိုင်ရန် ပြဿနာ မရှိလောက်ချေ။
“ဦးလေးကျန်း. ရဲတပ်ဖွဲ့ဝင်တွေကို မှုခင်းဖြေရှင်းရေးမှာ အစွမ်းပြနိုင်အောင် တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တစ်ခု ဖန်တီးဖို့ ရုပ်မြင်သံကြားဌာနနဲ့ လက်တွဲနိုင်မယ်ထင်ပါတယ်.. တစ်မျိုးပြောရရင် သူတို့တွေ ရာဇဝတ်ကောင်တွေကို သတိပေးသလိုမျိုး လုပ်နိုင်တဲ့အပြင် ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကောင်းတွေ မြင်လာလိမ့်မယ်.. လိန်ဖုန်း လို့ပေါ့..”
“လိန်ဖုန်းလား..”
ကျန်းဟန်ဖခင်သည် ဝမ်သောင်ကျွင်းကို စိုက်ကြည့်နေပေသည်။
“လိန်ဖုန်းရဲ့ ဇာတ်လမ်းတွေက အများအားဖြင့် အတုတွေပါ.. ဥပမာဆို သူလှူလိုက်တဲ့ အလှူက သူ့ဝင်ငွေထက် အများကြီး ပိုများတယ်.. ပြီးတော့ သူ နေ့တိုင်း အလုပ် တော်တော် လုပ်ဖို့လိုတဲ့အပြင် လေ့ကျင့်ချိန်ရော ဘယ်မှာ ရခဲ့လို့လဲ.. ဇတ်လမ်းကို သေချာကြည့်မယ်ဆို ဟာကွက်တွေ အများကြီးပဲ.. ဒါပေမယ့် လိန်ဖုန်းရဲ့ ဇာတ်လမ်းတွေကို ယုံပြီး သူ့ကို စံပြပုံစံ ခံယူသူတွေ အများကြီး ရှိသေးတယ်လေ”
ဝမ်သောင်ကျွင်း သူပြောသလို ပျော့ပြောင်းလာသည်။ လိန်ဖုန်းသည် စံပြနိုင်ငံသားတစ်ဦးအဖြစ် သရုပ်ဖော်ခဲ့ပြီး သူ့ မကောင်းကြောင်းများ ပြောနေပေသည်။ ဤသည်မှာ လုပ်သင့် လုပ်ထိုက်သည်မထင်ပေ။ ဥက္ကဋ္ဌမော် ပင်လျှင် လူတိုင်း လီန်ဖုန်းကို စံနမူနာအဖြစ် လိုက်နာသင့်ကြောင်း ပြောခဲ့ပေသည်။ သို့ရာတွင် ဤသည်က အမှန်တရားပင်။
လိန်ဖုန်းကို ရဲတပ်ဖွဲ့မှ ဖန်တီးရမည်ဟု ပြောနေသည်လော။ ကျန်းဟန်၏ဖခင်သည် ဝမ်သောင်ကျွင်းမျက်နှာကို ကြည့်နေပေသည်။
“မှန်တယ်..”
ကျန်းဟန်၏ဖခင် ထပ်မေးပြန်သည်။
“ဒါပေမယ့် ရဲတပ်ဖွဲ့မှာ သူ့လိုလူမရှိရင် ဘယ်လိုလုပ်မလဲ..”
“ကျုပ်သိပါတယ်.. လူတစ်ယောက်ရဲ့ ကောင်းခြင်းကို ကျုပ်တို့တွေ ဂုဏ်ပြုနေသ၍ အဲ့လူကို သူရဲကောင်းဖြစ်အောင် လုပ်သွားရမယ်..”
ဖုန်းယွီ ထိုစကား ကြားသည့်အခါ လက်ဖက်ရည်သောက်ရင်း သီးလုနီးနီး ဖြစ်သွားသည်။
မိမိ ဟိုစဉ်က ပေါက်တတ်ကရ ပြောခဲ့သမျှ မှတ်မိနေသည်လော။ သူသည် နားထောင်ကောင်းသူ ဟု ထင်လိုက်သည်။ သူ့တွင် ဤမျှ မှတ်ဉာဏ်ကောင်းမှန်း မသိခဲ့ချေ။ ဤအရာများကို အချင်းချင်း ကြားတါင်သာ ပြောနိုင်ပေသည်။ ဤအခန်းသည် အထူးဧည့်သည်တော် အခန်းဖြစ်သော်လည်း တံခါးဖွင့်ထားဆဲ ဖြစ်သည်။
ကျန်းဟန်ဖခင်သည် ဝမ်သောင်ကျါင်းကို ကြည့်ကာ မျက်လုံး တစ်ချက် မှိတ်လိုက်ပြီး..
“သူရဲကောင်း အတု ဖန်တီးဖို့ မင်းငါ့ကို ပြောနေတာလား..”
“အတု လုပ်စရာ မလိုပါဘူး.. အဖြစ်အပျက် သေးသေးလေးတစ်ခုကို အကျယ်ချဲ့ပေးဖို့ပဲ လိုတာပါ.. အရာရှိတွေ အများကြီး စည်းကမ်းဘောင်အတွင်း လူမသိသူမသိ အောင်မြင်မှု များစွာရှိခဲ့တာပဲ.. သူတို့ လုပ်ခဲ့တာနဲ့ သူတို့ အောင်မြင်မှုတွေကို လူသိရှင်ကြား ထုတ်ပြန်လို့ ရတာပဲ.. တစ်ချိန်တည်းမှာ ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ ပြည့်သူတွေကို အသိပေးရမယ်.. အဲ့နည်းနဲ့ဆို ရဲတပ်ဖွဲ့ဝင်တွေကို မှုခင်း ဖြေရှင်းမှုနှုန်း နိမ့်ကျတာအတွက် လူတွေ အပြစ်မတင်တော့ဘဲ သူတို့ ပတ်ဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင် သူရဲကောင်းတွေ ရှိနေတယ်ဆိုတာ သိသွားလိမ့်မယ်.. သူတို့တွေ ပိုပြီး လုံခြုံတယ်လို့ ခံစားရမှာပေါ့..”
“မင်း အဲ့လိုပဲ တွေးနေတာလား..”
“ကျုပ်တယ် ကျုပ်ဟာကျုပ် တွေးမိတာ”
ဝမ်သောင်ကျွင်း ပြန်ဖြေလိုက်သည်။ ဤသည်ကို ဖုန်းယွီပြောခဲ့ခြင်း ဖြစ်ကြောင်း လုံးဝ ဝန်ခံမည် မဟုတ်ချေ။
“နောင် ဒီလို အချိုးမပြေတဲ့ နည်းလမ်းတွေ လျှောက်တွေးမနေနဲ့.. ဟန်ဟန် မင်း ညစာ ပြီးပြီလား.. အခု ငါနဲ့ အိမ်ပြန်ကြမယ်.. မင်းတို့တွေ ဆက်ပြီး ညစာစားကြလေ.. ဟန်ဟန်ကို အရင် အိမ်ပြန်ပို့လိုက်အုံးမယ်..”
ကျန်းဟန်ဖခင်သည် မတ်တပ်ထရပ်ပြီး ကျန်းဟန်နှင့်အတူ ထွက်သွားတော့သည်။ ရဲတပ်ဖွဲ့မှ ရဲသူရဲကောင်း ဖန်တီးရန် ဈေးကွက်ရှာဖွေရေး ဗျူဟာကို သုံးခြင်းသည်လည်း အကြံကောင်းတစ်ခုဖြစ်သည်။ ကျန်းဟန်၏ ဖခင်သည် ထိုအကြံကို သေချာ ပြန်တွေးချင်နေပေသည်။
ဝမ်သောင်ကျွင်းသည် ကျန်းဟန် သူ့ဖခင်နှင့်အတူ ထွက်သွားသည်ကိုသာ ကြည့်နေရသည်။ စိတ်ဓါတ်လည်း ကျသွားမိသည်။ မိမိ အဖြေတွင် တစ်ခုခု မှားနေသည်လော။
ဖုန်းယွီကမူ ထွက်သွားချိန်တွင် ကျန်းဟန်၏ဖခင် မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားနေကြောင်း သတိထားမိလိုက်သည်။ ဝမ်သောင်ကျွင်းသည် ကျန်းဟန်ဖခင်ကို တော်တော်လေး လှုံဆော်နိုင်လိုက်ပုံရပေသည်။
ဤနည်းလမ်းများကို အစိုးရ တာဝန်ရှိသူများ သိထားရန် လိုပေသည်။
-------*****--------
ဘာသာပြန်သူ . (NTP)