ကျုပ်ကို အစုရှယ်ယာရှင် ဖြစ်ခွင့်ပေးလိုက်ပါ
Vol. 38 Ch. 564
ကျန်းရှန်းကျင့် သူ့ကို ယုံကြည်သွားသည်ကို မြင်သည့်အခါ ဖုန်းယွီ ကျေနပ်သွားသည်။ အကယ်၍ ကျန်းရှန်းကျင့်သည် ပြီးခဲ့သည့် (၆)လအတွင်း တိုးတက်မှုများ မရှိခဲ့ပါက၊ ကုမ္ပဏီရှယ်ယာများ မလိုချင်ပါက၊ အမှားများစွာမပြုလုပ်ခဲ့ပါက ဖုန်းယွီအတွက် ချွမ်ကျွီသဲတွင် ရင်းနှီးမြုပ်နှံရန် ခက်ခဲပေလိမ့်မည်။
သို့ရာတွင် ယခုအခါ ဖုန်းယွီသည် ရှယ်ယာရှင် တစ်ဦးဖြစ်လာရန် အခွင့်အရေး မြင့်မာလွန်းပေသည်။
"ရိုးရိုးလေးပါ.. ပြင်ပက ရင်းနှီးမြုပ်နှံသူရှာပြီး ပေကျင်း ချွမ်ကျွီသဲ ကုမ္ပဏီကို အစစ်အမှန် အစုရှယ်ယာ ကုမ္ပဏီအဖြစ် ပြောင်းလိုက်ပေါ့.."
ပြင်ပမှ ရင်းနှီးမြုပ်နှံသူ ရှာ၍ ပေကျင်း ချွမ်ကျွီသဲကုမ္ပဏီကို အစစ်အမှန် အစုရှယ်ယာကုမ္ပဏီ တစ်ခုဖြစ်လာစေမည်လော။ ထိုရင်းနှီး မြုပ်နှံသူ မည်သည့်နေရာတွင် ရနိုင်မည်နည်း။ ကျန်းရှန်းကျင့် ဖုန်းယွီကို ကြည့်၍ ဤနေ့ တွေ့ဆုံရေး ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ ရှယ်ယာရှင် ဖြစ်ချင်သည်လော။
"မန်နေဂျာဖုန်း.. မင်း ချွမ်ကျွီသဲမှာ ရင်းနှီးမြုပ်နှံချင်တယ်လို့ ပြောနေတာလား.."
"ဘာပြဿနာရှိလို့လဲ.. ကျုပ် ဘဏ္ဍာရေးအခြေအနေ၊ ဒါမှမဟုတ် ကျုပ်ရဲ့ စာရိတ္တကို သံသယ ရှိလို့လား.."
ဖုန်းယွီ ဆိုဖာပေါ်မှီ၍ မော့ကြည့်လိုက်သည်။
ကျန်းရှန်းကျင့် ဖုန်းယွီကို ကြည့်၍ အလေးအနက်ဖြင့်..
"မန်နေဂျာဖုန်း.. မင်း ငါ့ကုမ္ပဏီမှာ အခုမှ ရင်းနှီးမြုပ်နှံဖို့လုပ်တာလား၊ အချိန်ယူ စီစဉ်နေတာလား.."
"ဘာကွာလို့လဲ.."
"မှန်တယ်.. တအား စိတ်အားထက်သန်နေရင် မေ့လိုက်ပါ.. မင်းအချိန်မရွေး စိတ်ပြောင်းသွားနိုင်သလို အခု ငါတို့ဆွေးနွေးသမျှလဲ အချိန်ဖြန်ုးနေသလို ဖြစ်လိမ့်မယ်.. အစောကတည်းက စီစဉ်ထားတာဆိုရင်တော့ ဆက်ဆွေးနွေးကြတာပေါ့.."
"ရိုးရိုးသားသား ပြောရရင် ကျုပ် ချွမ်ကျွီသဲ အမှတ်တံဆိပ်ကိုပဲ စိတ်ဝင်စားတာ.. ဒါပေမယ့် ခင်ဗျားတို့တွေ အဲ့အမှတ်တံဆိပ် ကျုပ်ကို မရောင်းနိုင်ဘူးဆိုတာ သိတယ်လေ.. ဒါကြောင့် ချွမ်ကျွီသဲမှာပဲ ရင်းနှီးမြုပ်နှံယုံပေါ့.."
"ဒါဖြင့် ဘယ်လို ရင်းနှီးမြုပ်နှံချင်တာလဲ.."
ကျန်းရှန်းကျင့် ထိုမေးခွန်းမေးသည့်အခါ ဖုန်းယွီ အနည်းငယ် စိတ်ပျက်သွားမိသည်။ သူတို့သည် ချွမ်ကျွီသဲ အမှတ်တံဆိပ် ရောင်းချချင်ကြောင်း ပြောစကား ကြားချင်နေခြင်း ဖြစ်သည်။
"ဒါကတော့ ရိုးရိုးလးပါ.. ကျုပ် ခင်ဗျားကို ငွေပေးပြီး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခု လုပ်မယ်.. တတ်နိုင်သမျှ ရှယ်ယာများများ ပိုင်ချင်တယ်.. ပိုက်ဆံက ပြဿနာ မဟုတ်ဘူး.."
ချွမ်ကျွီသဲသည် ယခုအချိန်၌ များစွာ တန်ဖိုးမရှိချေ။ ဘဏ်ခွဲအနည်းငယ်သာရှိ၍ ဘဏ်ခွဲတိုင်သည် သန်းဆယ်ဂဏန်း လောက်သာ တန်ဖိုးရှိပေသည်။ ဤပမာဏတွင် ပိုင်ဆိုင်မှု တန်ဖိုး ပါဝင်ပေသည်။ တရုတ်တိုင်ငံတွင် အမှတ်တံဆိပ်တစ်ခု တန်ဖိုး၏ သဘောတရားမရှိသေးဘဲ ချွမ်ကျွီသဲ အမှတ်တံဆိပ်သည် တန်ဖိုးမရှိသေးဟု ယူဆရပေလိမ့်မည်။
ကုမ္ပဏီတစ်ခုလုံး ဖုန်းယွီထံ ရောင်းချင်ပါက တတ်နိုင်ပေသေးသည်။ ဖုန်းယွီသည် သူ၏ တရုတ်ကုမ္ပဏီထံမှ ရရှိသော အမြတ်အစွန်းအားလုံး သုံးစွဲထားသော်လည်း သူ၏ လေနှင့်မိုး အတိုင်ပင်ခံသည် ဤကိစ္စအတွက် ငွေအလုံအလောက် ထုတ်ပေးနိုင်သေးသည်။
ဖုန်းယွီသည် စားသောက်ကုန်နှင့် ဖျော်ယမကာကုမ္ပဏီကို မည်သို့ စီမံခန့်ခွဲရမည် မသိချေ။ သို့ရာတွင် သူ့အဖို့ စီမံခန့်ခွဲရန် ဟောင်ကောင် သို့တည်းမဟုတ် နိုင်ငံခြားမှ လူများပင် ငှားရမ်းနိုင်သေးသည်။ လစာကောင်းကောင်းပေး၍ အစုရှယ်ယာအနည်းငယ်ပင် ပေးနိုင်သေးသည်။
ချွမ်ကျွီသဲ အမှတ်တံဆိပ်ကို ကောင်းကောင်း စီမံခန့်ခွဲလိုက်ပါက ဖုန်းယွီအတွက် နောင်နှစ်အနည်းငယ်အတွင်း အမြတ်အစီါန်း များစွာ ယူဆောင်လာမည် ဖြစ်သည်။
သို့ရာတွင် ဖုန်းယွီ ထိုကိစ္စကို တွေးယုံသာ တွေးထားပြီး မျှော်လင့်မထားချေ။ ဖုန်းယွီသည် ချွမ်ကျွီသဲအနေဖြင့် သူ့အား အများဆုံး ရှယ်ယာ (၃၀)ရာခိုင်နှုန်း ရောင်းချနိုင်မည်ဟု ခန့်မှန်းထားသည်။ အကယ်၍ သူသည် ရင်းနှီးမြုပ်နှံသူများ ရှာဖွေပါက ရင်းနှီးမြုပ်နှံသူကို အဓိကရှယ်ယာရှင် အဖြစ်ခံမည် မဟုတ်ချေ။
ထို့အပြင် ချွမ်ကျွီသဲသည် အမြတ်အစွန်းများပြီး အရှုံး မပေါ်သေးချေ။ တိုးတက်လာရန်သား တွေးထားကြသည်။
ဖုန်းယွီသည် ယခင်ဘဝက ချွမ်ကျွီသဲသည် အခြားကုမ္ပဏီငယ်နှင့် ပေါင်းစည်း၍ ချွမ်ကျွီသဲ ပိုင်ဆိုင်ရာများ ဖြစ်လာသည်ကို သတိရလိုက်သည်။ ထိုကုမ္ပဏီအနည်းငယ်သည် စာသောက်ကုန်နှင့် ဖျော်ယမကာကုမ္ပဏီများ ဖြစ်ပြီး ချွမ်ကျွီသဲ အမှတ်တံဆိပ် ဖန်တီးလိုခြင်း ဖြစ်ပေသည်။ ထိုစားသောက်ဆိုင်များသည် ချွမ်ကျွီသဲ၏ ဘဲကင်များကိုသာ ရောင်းချရန် လိုအပ်ပေသည်။
သို့ရာတွင် ယခုအချိန်ထိ ထိုသို့ မဖြစ်သေးချေ။ ချွမ်ကျွီသဲ အမှတ်တံဆိပ်ကို အပြည့်အဝ အသုံးမချနိုင်သေးချေ။ ဖုန်းယွီ စဉ်းစားထားသည့် ဖွံ့ဖြိုးရေးအစီအစဉ်မှာ ဤသို့ပင်ဖြစ်သည်။ ကျန်းရှန်းကျင့် ဤသည်ကို သဘောတူမည်ဖြစ်ကြောင်း သိနေပေသည်။
"မန်နေဂျာဖုန်း.. မင်း ရှယ်ယာ ဘယ်လောက် လိုချင်တာလဲ.."
ဖုန်းယွီ ပြုံးကာ..
"ရှယ်ယာ ဘယ်လောက် ဝယ်လို့ရမလဲ.. ခင်ဗျား ရောင်းနိုင်သမျှ အကုန်ဝယ်မယ်.."
ကျန်းရှန်းကျင့် ခေါင်းခါ၍..
"မန်နေဂျာဖုန်း.. မင်းစိတ်ပျက်သွားမှာ ကြောက်မိတယ်.. ငါ ဒီကုမ္ပဏီမှာ ဒု-ဥက္ကဋ္ဌနဲ့ အထွေထွေ မန်နေဂျာဆိုပေမယ့် ဘာဆုံးဖြတ်ချက်မှ ချက်လို့မရဘူး.. ဥက္ကဋ္ဌနဲ့ အရင်ပြောမှ ရမယ်.."
ဖုန်းယွီ အံ့ဩသွားမိသည်။ ကျန်းရှန်းကျင့် ဤဆွေးနွေးပွဲကို အဘယ့်ကြောင့် ရုတ်တရက် ရပ်လိုက်သနည်း။ ဖုန်းယွီအနေဖြင့်မူ သူ့ဘက်မှ မည်သည့်အမှား တစ်စုံတရာ မပြောခဲ့သည်မှာ သေချာပေသည်။ ရှယ်ယာများများ ဝယ်ယူလိုခြင်းကြောင့် အမှား ဖြစ်သွားသည်လော။
"မန်နေဂျာကျန်း.. ကျုပ် ခင်ဗျားကို လာတွေ့ကတည်က ခင်ဗျားက နောက်ဆို ချွမ်ကျွီသဲရဲ့ တာဝန်ခံဖြစ်လာမယ်ဆိုတာ ယုံလို့ပဲ.."
"မင်း ရင်းနှီးမြုပ်နှံပြီးရင် ငါက ဒီကုမ္ပဏီကို တာဝန်ယူရမှာလား.."
ကျန်းရှန်းကျင့် မေးလိုက်မိတော့သည်။
ကျန်းရှန်းကျင့်သည် ဆွေးနွေးမှု ရပ်ချင်သည့် အကြောင်းအရင်းကို ဖုန်းယွီ နားလည်လိုက်သည်။ ဖုန်းယွီသည် ရှယ်ယာရှင် ဖြစ်လာပြီးနောက် သူ့လုပ်ပိုင်ခွင့် အာဏာ ဆုံးရှုံးသွားမှာ ကြောက်နေပေသည်။
ဖုန်းယွီသည် စားသောက်ကုန်နှင့် ဖျော်ယမကာ လုပ်ငန်းအကြောင်း အသိသည့်အပြင် ဤုလုပ်ငန်းအကြောင်း သူသိလျှင်ပင် စီမံခန့်ခွဲရန် စိတ်မဝင်စားချေ။ ထို့ကိစ္စအတွက် တစ်ယောက်ယောက် ငှားရမ်းရန် ပိုက်ဆံ အနည်းငယ် သုံးလိုက်မည်ပင်။ သူသည် ငွေကြေးကိစ္စများကို တစ်ကြိမ်သာ စစ်ဆေးကြည့်ချင်သည်။
ဖုန်းယွီတွင် ကုမ္ပဏီများစွာရှိပြီး စီမံခန့်ခွဲရန် စွမ်းအားမရှိချေ။ စိတ်ပူစရာ မလိုအပ်ဘဲ သူ့ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်အောင် ကြီးပွားစေချင်သည်။
"ဟုတ်တယ်.. ရှယ်ယာရှင်ကြီး တစ်ယောက်ဖြစ်လာရင် ခင်ဗျားကို တာဝန်ခံတစ်ယောက်ဖြစ်အောင် ကျုပ်ထောက်ပံ့ပေးမယ်.. ပြီးတော့ ချွမ်ကျွီသဲကို ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ မလေးရှားနဲ့ စင်္ကာပူတွေမှာ ဆိုင်ခွဲတွေ ဖွင့်ပေးဖို့ နည်းလမ်းရှိတယ်.."
ဖူမိသားစုသည် ဤနေရာများ အားလုံး၌ စီးပွားရေး လုပ်ငန်းများ ရှိပေသည်။ ဖုန်းယွီသည် သင့်လျော်သောနေရာများ ရှာဖွေရန် ကူညီလိမ့်မည်ဟု ယုံကြည်ထားပေသည်။ ဘဲကင်များကို အာရှသားများ ကောင်းကောင်း လက်ခံကြပေသည်။ သို့ရာတွင် ထိုနိုင်ငံများတွင် ဘဲကင်ပုံစံမှာ ပေကျင်းနှင့် မတူသလို အရသာလည်း မတူချေ။
ဟောင်ကောင်တွင် ကော်ဖီဆိုင်များသည် အကင်များ ကျွေးကြပြီး ပန်နင်စူလာ ဟော်တယ်တွင်လည်း အကင်များ ကျွေးပေသည်။ သို့ရာတွင် မည်သည့်အတွက် ဈေးနှုန်း (၁၀)ဆကျော် ကွာခြားရသနည်း။
ပထမအချက်မှာ ပတ်ဝန်းကျင်ဖြစ်သည်။ နောက်တစ်ချက်မှာ ၎င်းတို့၏ ဖေါက်သည်အနေအထားဖြစ်သည်။ နောက်ဆုံးမှာ အရသာဖြစ်သည်။ ချွမ်ကျွီသဲ၏ ဘဲကင်သည် အလွန်အရသာရှိပေသည်။ ဖုန်းယွီသည် ထိုနိုင်ငံများတွင် ဆိုင်ခွဲများ ထူထောင်ပါက ထိုနေရာ၌ အမြန်ဆုံး ရေပန်းစားလာလိမ့်မည်ဟု ယုံကြည်ပေသည်။
ဖုန်းယွီ စိုးရိမ်သည့် တစ်ခုတည်းသော အချက်မှာ ဘဲများဖြစ်သည်။ ချွမ်ကျွီသဲတွင် အသုံးပြုသော ဘဲများသည် အစာကောင်းကောင်း ကျွေးကြပေသည်။ နိုင်ငံရပ်ခြားတွင် ဘဲများ၏ အရသာ ကွဲပြားမည်ကို စိုးရိမ်နေပေသည်။
သို့ရာတွင် အရသာ မတူလျှင်ပင် အရမ်းမကွာသင့်ချေ။ ထိုနိုင်ငံရှိ လူအများစုသည် ရိုးရာ ချွမ်ကျ ဘဲကင်ကို မစားဖူးကြသဖြင့် ခြားနားချက် မသိနိုင်ကြချေ။
ကျန်းရှန်းကျင့် ဖုန်းယွီ၏ စကားကြားသည့်အခါ အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ..
"မင်း ဘာပြောလိုက်တယ်.. အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဆိုင်ခွဲတွေ တည်ထောင်နိုင်တယ် ဟုတ်လား.."
"ဒါ ကိစ္စကြီးကြီး မဟုတ်ပါဘူး.. ဟောင်ကောင်မှာ အဆက်အသွယ်တွေ ရှိတယ်လေ.. အဲ့လိုမဟုတ်တောင် အဲ့မှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ရင်းနှီးမြုပ်နှံလိုက်မှာပေါ့.."
ဖုန်းယွီ ခေတ္တစဉ်းစားလိုက်သည်။ သူသည် ထိုနိုင်ငံများရှိ စားသောက်ဆိုင် အနည်းငယ် ဝယ်ယူနိုင်ပြီး ၎င်းတို့ကို ရင်းနှီးမြုပ်နှံကာ ချွမ်ကျွီသဲ စားသောက်ဆိုင်များ အဖြစ် ပြောင်းလဲ သုံးနိုင်မည် ဖြစ်သည်။ ဤနည်းဖြင့် မြို့တော် အစိုးရက အစုရှယ်ယာများ ထပ်မံ ပိုင်ဆိုင်ခြင်းကို ငြင်းဆန်မည် မဟုတ်ချေ။
"မန်နေဂျာ ဖုန်း.. ဒီကိစ္စ ငါ့ခေါင်းဆောင်တွေကို သတင်းပို့မှရမယ်ကွ.."
ကျန်းရှန်းကျင့် တုံ့ဆိုင်းနေသည်ကို တွေ့ရသည့်အခါ ဖုန်းယွီ ရယ်ရင်းဖြင့်..
"ဟောင်ကောင်က အချမ်းသာဆုံးပုဂ္ဂိုလ် မဟာလူသားလီရဲ့သား၊ ဟောင်ကောင်ရဲ့ စတုတ္ထ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖူရုံချီရဲ့တူ၊ ပြီးတော့ နောက်ထပ် ဟောင်ကောင် ရင်းနှီးမြုပ်နှံသူ တစ်ယောက် ဒါမှမဟုတ် (၂)ယောက်လောက်နဲ့ မိတ်ဆက်ပေးလို့ရသေးတယ်.. သူတို့အကူအညီနဲ့ဆို အရှေ့တောင်အာရှက တခြားနိုင်ငံတွေမှာ ဆိုငခွဲတွေ ထူထောင်နိုင်တာပေါ့.. ဟုတ်သားပဲ.. ထိပ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်းတွေကို အစုရှယ်ယာ တွေပေးအောင် အဆိုပြုဖို့လဲ သူတို့နဲ့ ပူးပေါင်းလုပ်လို့ ရသေးတယ်.."
ဖုန်းယွီ နောက်ထပ် စကားထပ်ထည့်လိုက်သည်။ အကျိုးကျေးဇူး များစွာကြောင့် ကျန်းရှန်းကျင့်ကို စည်းရုံနိုင်မည်ဟု ယုံကြည်ထားပေသည်။
ကျန်းရှန်းကျင့် မျက်လုံးများ မှိတ်ထားပြီး ဖုန်းယွီကို ကြည့်ကာ..
"မန်နေဂျာဖုန်း.. ငါမင်းကို (၃)ရက်အတွင်း အဖြေပေးမယ်.."
-------*****--------
ဘာသာပြန်သူ . (NTP)