သဘောတူရန်မှ လွဲ၍ ရွေးစရာမရှိ (၁)
Vol. 38 Ch. 566
ဖုန်းယွီသည် ကျန်းဟန်ဖခင် ရုံးခန်းသို့ ပထမဆုံးအကြိမ် သွားခြင်းဖြစ်သည်။ ပေကျင်း စီပင်သာယာ ကော်မတီရုံး ဖြစ်သည်။ ပေကျင်းသည် ပမ့်မြို့တော်ထက် ပိုချမ်းသာကာ ရုံးခန်းသည် ကျန်းလွေ့ချမ်းထက် ပိုကြီးပေသည်။
ဖုန်းယွီ မကျေနပ်သည့် တစ်ခုတည်းသောကိစ္စမှာ လက်ဖက်ရည်ဖြစ်သည်။ ကျန်းဟန်ဖခင်၏ လက်ဖက်ရည်သည် ကျန်းလွေ့ချမ်း အရသာကို မမှီချေ။
"ဦးလေးကျန်း.. ကျွန်တော် အကူအညီတစ်ခု လိုလို့.."
ဖုန်းယွီ တည့်တိုးသာ ပြောလိုက်သည်။
"စည်းမျဉ်း စည်းကမ်းတွေကို မချိုးဖောက်မိသရွေ့ အစွမ်းကုန် ကူညီပေးမယ်.."
ကျန်းဟန်၏ ဖခင်သည် သူ့သမီးနှင့် ဝမ်သောင်ကျွင်းတို့သည် အနာဂတ်တွင် အတူရှိနေမည်ကို သိထားပြီး သူဘာမှ လုပ်မရတော့ချေ။ သို့ရာတွင် ဝမ်သောင်ကျွင်းသည် ကြံရည်ဖန်ရည် ရှိသူမဟုတ်ချေ။ သူသည် အစိုးရဝန်ထမ်း ဖြစ်ပါက အလွန်ညံ့ဖျင်းပေလိမ့်မည်။ ကျန်းဟန်ဖခင် အာဏာရှိစဉ် ဝမ်သောင်ကျွင်းကို စောင့်ရှောက်နိုင်ပေလိမ့်မည်။ သို့ရာတွင် သူအနားယူပြီးချိန်တွင်မူ ဝမ်သေင်ကျွင်းကို မည်သူ စောင့်ရှောက်မည်နည်း။
ကျန်းဟန်၏ဖခင်သည် သူအငြိမ်းစားယူပြီးနောက် ဝမ်သောင်ကျွင်းကို စောင့်ရှောက်ရန် ယုံကြည်မှု မရှိချေ။ သူ့သမီးအနာဂါတ် ကောင်းမွန်စွာ နေထိုင်နိုင်ရေးသည် ဝမ်သောင်ကျွင်းကို အစိုးရ ရာထူး တိုးမြှင့် ပေးနိုင်ရန် လိုအပ်ပေသည်။
ကျန်းဟန်၏ ဖခင်သည် ဝမ်သောင်ကျွင်းကို အကြာကြာ မကူညီနိုင်သော်လည်း ဝမ်သောင်ကျွင်း၏ သူငယ်ချင်း ဖုန်းယွီ တတ်နိုင်သရွေ့ ကူညီပေးခဲ့သည်။ ထိုနှစ်ယောက်သည် ငယ်ပေါင်း ကြီးဖော်များ ဖြစ်၍ အလွန်ရင်းနှီးကြသည်။ ဖုန်းယွီ အကူအညီကြောင့် မဟုတ်ပါက ဝမ်သောင်ကျွင်းသည် ပေကျင်းရှိ တိုင်ခန်း(၂)ခန်း ဝယ်ယူနိုင်မည် မဟုတ်ချေ။
ကျန်းဟန် ဖခင်သည် ထိုနှစ်ယောက်ကို ပိုမိုရင်းနှီးအောင် မလုပ်နိုင်သော်လည်း ထိုနှစ်ယောက် ကွဲကွာ၍ မဖြစ်ပေ။ သူ့တွင် အာဏာရှိစဉ် သူ့အဖိုးတန်သမီးလေးအတွက် လမ်းခင်းရန် ဖုန်းယွီကို အတတ်နိုင်ဆုံး ကူညီရမည်ဖြစ်ကြောင်း သိထားပေသည်။
ကျန်းဟန်ဖခင် သူ့ကို ကူညီလိုကြောင်း ဖုန်းယွီ ကြားသည့်အခါ..
"ကျုပ် ဒု-မြို့တော်ဝန် လျို ကို ထမင်းဖိတ်ကျွေးချင်လို့.."
ကျန်းဟန်ဖခင် စီးကရက်တစ်ရှိုက် ဖွာလိုက်သည်။ ဖုန်းယွီက သူ့ထံလာ အကူအညီတောင်းသဖြင့် လွယ်လွယ်ကူကူ မဖြစ်နိုင်ကြောင်း သိထားပေသည်။ သို့ရာတွင် ဖုန်းယွီသည် ဒု-မြို့တော်ဝန်နှင့် တွေ့လိုကြောင်း မျှော်လင့်မထားမိချေ။
"ရှောင်ဖုန်း.. မင်းဘာလို့ အဘိုးကြီး လျိုနဲ့ တွေ့ချင်ရတာလဲ.."
"ဘာရယ်မဟုတ်ပါဘူးဗျာ.. ပေကျင်း ချွမ်ကျွီသဲ ကုမ္ပဏီမှာ အစုရှယ်ယာ ဝယ်ချင်တာလေ.. မြို့တော် အစိုးရအဖွဲ့ကပဲ ဆုံးဖြတ်ပေးနိုင်တယ် ကြားလို့.. အဲ့ဒါကြောင့် ဒု-မြို့တော်ဝန်နဲ့ မိတ်ဆက်ပေးဖို့ အကူအညီတောင်းတာပါ.."
"ဘယ်ကုမ္ပဏီမှာ ရှယ်ယာဝင်ချင်တာ.... ချွမ်ကျွီသဲဟုတ်လား.. အဲ့ဒါ ဘဲကင် စားသောက်ဆိုင်မို့လား.."
"ဒီနှစ်မေလထဲမှာ ပေကျင်း ချွမ်ကျွီသဲ ကုမ္ပဏီ တည်ထောင်ခဲ့တာလေ.. ကျုပ် အဲ့ကုမ္ပဏီကို စိတ်ဝင်စားပြီး ရင်းနှီးမြုပ်နှံချင်လို့.."
"ငါ အလုပ်ထဲမှာ အဘိုးကြီးလျိုနဲ့ အထိအတွေ့ သိပ်မရှိပေမယ့် ပဋိပက္ခဖြစ်ထားတာတော့ မရှိဘူး.. သူ့ကို မေးကြည့်ယုံတော့ ပြဿနာ မရှိလောက်ဘူး.. ဒါပေမယ့် မြို့တော် အစိုးရရဲ့ လုပ်ငန်းမှာ ငါဝင်စွက်ဖက်လို့ မရဘူးနော်.. ငါမင်းကို အများကြီး မကူညီနိုင်ဘူး.."
ကျန်းဟန်ဖခင်သည် ဖုန်းယွီကို ဒု-မြို့တော်ဝန် လျိုအား စည်းရုံးရန် မကူညီနိုင်ကြောင်း သေချာပြောထားပေသည်။
"ပြဿနာမရှိဘူး.. သူ့ကို စည်းရုံးနိုင်ဖို့ ယုံကြည်မှုရှိတယ်.."
"ကောင်းပြီလေ.. ငါအခုပဲ သူ့ကို လှမ်းဆက်သွယ်လိုက်မယ်.."
ဒု-မြို့တော်ဝန်လျိုသည် ကျန်းဟန်ဖခင် မည်သည့်အတွက် ညစာစားရန် ဖိတ်ကြားကြောင်း မသိချေ။ သို့ရာတွင် ကျန်းဟန်၏ ဖခင်သည် သူ့ကို ညစာစားရန် ဖိတ်ခေါ်မှုမှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သဖြင့် ငြင်း၍မရချေ။ ထို့အပြင် မြို့တော်၏ လုပ်ငန်း အများအပြားသည် ပြည်သူ့လုံခြုံရေး၏ ခွင့်ပြုချက် လိုအပ်ပေသည်။ ကျန်းဟန်၏ဖခင်သည် ပေကျင်း ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဖြစ်သည်သာမက ပြည့်သူ့လုံခြုံရေးကော်မတီ၏ အတွင်းရေးမှူးလည်း ဖြစ်ပေသည်။
"ဒီည (၇)နာရီ.. ကောင်းကျွမ့် ဟော့ပေါ့ဆိုင် လာဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်ရမလား.."
"ရတယ်.. မလိုဘူး.. ငါအဲ့က စောင့်နေမယ်.."
ကောင်းကျွမ့် ဟော့ပေါ့ဆိုင်သည် ပေကျင်းတွင် တည်ထောင်ထားသော စားသောက်ဆိုင် တစ်ခုလည်း ဖြစ်ပေသည်။ ထိုဆိုသည် စစ်ချွန်း ဟော့ပေါ့ ဝန်ဆောင်မှု ရှိပေသည်။ ဒု-မြို့တော်ဝန်လျိုသည် စစ်ချွန်းမှ ဖြစ်ပြီး ဖုန်းယွီသည် ဤစားသောက်ဆိုင်တွင် ညစာစားရန် ရည်ရွယ်စီစဉ်ခဲ့ခြင်းဖြစ်သည်။
ည(၇)နာရီ မတိုင်မှ (၁၀)မိနစ်အလို၌ စောင်ကျန်း အိုလံပစ် မော်ဒယ်(၂)ယောက်သည် ဟော့ပေါ့ စားသောက်ဆိုင်ရှေ့တွင် ကားများ ရပ်သွားသည်။ အစိုးရကားများကို အလွဲသုံးစား လုပ်နေသည်လော။ ပြဿနာမရှိချေ။ အထက်တန်းလွှာများပင် ဂရုမစိုက်သည့်အတွက် မည်သူ ဂရုစိုက်နေမည်နည်း။
ဖုန်းယွီသည် အထူးခန်း တစ်ခန်းနှင့် ယဉ်မောင်းများအတွက် ပင်မခန်းမ၌ စားပွဲတစ်ခု စီစဉ်ထားပေသည်။
ရိုးရိုးရှင်းရှင်းသာ မိတ်ဆက်ပြီးနောက် ဖုန်းယွီမှ အားလုံးကို ဦးစွာ ဖိတ်ခေါ်ခဲ့သည်။
"ကျုပ် ဒီလိုမျိုး အစစ်အမှန် စစ်ချွန်း ဟော့ပေါ့ကို ကြားထားတာ ကြာပြီ.. ပေကျင်းမှာ ဒီလောက် ကောင်းတဲ့ ဟော့ပေါ့ စားသောက်ဆိုင် ရှိတယ်ဆိုတာ ကျုပ်မသိဘူး.."
ဒု-မြို့တော်ဝန်လျိုသည် တူတစ်စုံကို ချထားလိုက်ပြီး လက်ကိုင်ပုဝါဖြင့် ချွေးများ သုတ်လိုက်သည်။
"ဟား ဟား.. ကံကောင်းတာက ဒါ (၂)ထပ်အိုးလေ.. ကျုပ် အပူ မခံနုင်ဘူး.. တော်တော်စပ်တယ်နော့.."
ကျန်းဟန်၏ ဖခင်သည် အိုးထဲတွင် ပွက်ပွက်ဆူနေသော အနီရောင် ငရုတ်ဆီများကို ကြည့်လိုက်သည်။ အစောပိုင်းတွင် ဟင်းချိုကို နည်းနည်း မြည်စမ်းကြည့်ပြီး မထိရဲတော့ချေ။
ဖုန်းယွီ စကား စပြောလိုက်သည်။
"ကျွန်တော်တို့ အားလုံးမှာ အရသာ အကြိုက်မတူပေမယ့်.. တူနေတာကတော ဟော့ပေါ့ တွေပဲလေ.."
ဒု-မြို့တော်ဝန်လျို လက်ဖက်ရည်သောက်ရင်းဖြင့်..
"မန်နေဂျာဖုန်း.. ငါတို့တွေ စားလဲပြီးပြီ.. ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ.."
ဒု-မြို့တော်ဝန်သည် ညွှန်ကြားရေးမှူးကျန်းနှင့် ဖုန်းယွီ၏ ဆက်ဆံရေးကို သေချာမသိပေ။ နှစ်ယောက်စလုံး ပမ့်မြို့တော်မှ မဟုတ်ပေလော။ ၎င်းတို့သည် အသက်အရွယ်ကွာခြားချက် ကြီးမားပြီး သူငယ်ချင်း ဖြစ်ဟန် မတူချေ။ သူတို့နှစ်ယောက်သည် ဆက်ဆံရေး ကောင်းများ ရှိနေပေလိမ့်မည်။
သို့ရာတွင် လက်ထောက်မြို့တော်ဝန် လျို ဤသည်ကိုလည်း မဖြစ်နိုင်ဟု ခံစားရမိသည်။ ညွှန်ကြားရေးမှူးကျန်းသည် နာမည်ကောင်းရှိပြီး မည်သည့် စီးပွားရေးသမားနှင့်မှ ငြိစွန်းမှုမရှိကြောင်း သိထားပေသည်။ ဤမန်နေဂျာဖုန်းသည် ရာထူးကြီးသူများနှင့် ဆက်ဆံရေး အနည်းငယ် ရှိနိုင်သည်လော။ ညွှန်ကြားရေးမှူး ကျန်း သူ့ကို မည်သည့်စကားမှ ပြောမထားချေ။
"မြို့တော်ဝန်ကျန်း.. ခင်ဗျားက မြို့တော် ရန်ပုံငွေ တာဝန်ခံလားဗျ.."
ဒု-မြို့တော်ဝန်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူငယ် မည်သည်ကို ပြောချင်နေသနည်း။ သူ့မြို့တော် ပိုင်ဆိုင်မှုများကို စိတ်ဝင်စားနေသည်လော။
"အင်း.. ငါ တာဝန်ခံပဲ.."
သူသည် ပေကျင်း၏ အကြီးတန်းအရာရှိ၊ ဒု-မြို့တော်ဝန် ဖြစ်ပြီး ထိုတာဝန် ယူမထားလျှင်ပင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပေသည်။ ဒု-မြို့တော်ဝန်လျိုသည် ယခု သူ့ထံမှ ဖုန်းယွီ မည်သည်ကို လိုချင်နေကြောင်း အလွန်စိတ်ဝင်စားနေမိသည်။
"ပေကျင်း ချွမ်ကျွီသဲ ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံချင်ပါတယ်.."
"မင်းက ချွမ်ကျွီသဲ ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံချင်တာလား.. ဘာကြောင့်လဲ.."
ပေကျင်း ချွမ်ကျွီသဲ ကုမ္ပဏီကို အစုရှယ်ယာ ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြောင်း ဒု-မြို့တော်ဝန်လျို သိထားပြီး ထိုအမိန့်စာ ထုတ်ခဲ့သူလည် ဖြစ်ပေသည်။
"ဘာလို့လဲဆိုတော့ ကျုပ် ချွမ်ကျွီသဲကို ကြိုက်တဲ့အပြင် ထိပ်တန်းဖြစ်အောင် လုပ်ချင်တယ်.."
ဖုန်းယွီ ချွမ်ကျွီသဲကို ထိပ်တန်းဖြစ်ရန် ပြုလုပ်ခြင်းမှာ သာမန်ကဲ့သို့ပင် တည်ငြိမ်စွာ ဖြေခဲ့ခြင်း ဖြစ်သည်။
"ဒီထက် မြင့်အောင် လုပ်မယ်တဲ့လး.. မင်း ဘယ်လိုလုပ်မှာလဲ.."
"စားသောက်ဆိုင်တွေ တည်ဆောက်မှာပေါ့.."
"ဒီလို လုပ်ဖို့ မင်းအကူအညီ မလိုဘူးလေ.. ငါတို့လဲ အဲ့လိုလုပ်ဖို့ စီစဉ်နေတာပဲ.."
ဖုန်းယွီ ပြောစကားသည် ကျန်းရှန်းကျင့်၏ အစီအစဉ်နှင့် တူနေပေသည်။ ဒု-မြို့တော်ဝန်လျိုသည် ဤတင်ပြချက်၏ အကျိုးကျေးဇူးကို သိသော်လည်း အဘယ့်ကြောင့် အခြားသူများကို ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံခွင့် ပေးသင့်မည်နည်း။ မိမိ ကိုယ်တိင်လည်း လုပ်နိုင်ပေသည်။
"ဘာလို့လဲဆိုတော့ ကျုပ်က ချွမ်ကျွီသဲကို အချိန်တိုတိုလေးနဲ့ ကြီးထွားအောင် လုပ်နိုင်လို့ပဲ.. ဥပမာ ပြောရရင် ကျုပ် ချွမ်ကျွီသဲ မှာ ရင်းနှီးမြုပ်နှံပြီး ပေါင်းစည်းဖို့ စားသောက်ဆိုင်တွေ သုံးနိုင်တယ်.. အဲ့လိုမှ မဟုတ်ရင် ကျုပ်တို့ရဲ့ ထူးခြားချက်အနေနဲ့ ချွမ်ကျွီသဲ ဘဲကင်တွေကို စစ်ချွန်းက စားသောက်ဆိုင်တွေမှာ ကျွေးနိုင်သေးတယ်.. တစ်ချိန်တည်းမှာ တခြားဒေသတွေရဲ့ အထူးအစားအစာတွေ လုပ်နိုင်သေးတယ်လေ.."
"ရှန်ချန်းမှာ စားသောက်ဆိုင်တွေ ရှိလို့လား.."
ဒု-မြို့တော်ဝန်လျို မေးလိုက်သည်။
"လောလောဆယ် စားသောက်ဆိုင်တွေ မပိုင်ပေမယ့် ရင်းနှီးမြုပ်နှံဖို့ တူရင် စားသောက်ဆိုင်တွေ ချက်ချင်းလုပ်မယ်.. တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ စင်္ကာပူနဲ့ အမေရိကန်တွေတင် မကသေးဘူး.."
ဖုန်းယွီ ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
ဖုန်းယွီ နေရာကောင်းကောင်းရှိ စားသောက်ဆိုင် အနည်းငယ် ဝယ်ရန်သာ လိုအပ်ပေသည်။ ဤသည်က ဖုန်းယွီအတွက် လွယ်ကူပေသည်။ သူ့ယခင်ဘဝတွင် ဖော်သည်များသည် ချွမ်ကျွီသဲ စောက်သောက်ဆိုင်တွင် တန်စီရန်ပင် လိုပေသည်။ ဝယ်လိုအားသည် ရောင်းလိုအားထက် အမြဲပိုနေပေသည်။ အကြောင်းအရင်း တစ်ခုမှာ ချွမ်ကျွီသဲ အမှတ်တံဆိပ်ကြောင့် ဖြစ်ပြီး နောက်တစ်ခုမှာ ဘဲကင်၏ အရသာ ကောင်းလွန်း၍ ဖြစ်ပေသည်။
ချွမ်ကျွီသဲ အမှတ်တံဆိပ်ဖြင့် ဘဲကင်များနှင့်အတူ စားသောက်ဆိုင်များ၏ ကွင်းဆက်သည် ကောင်းမွန်သော စီးပွားရေး လုပ်ငန်းများ ရှိလိမ့်မည်မှာ အသေအချာပင်။ အထူးသဖြင့် ဘဲကင်နှင့် ပါလာသည့် အထူးအချဉ်ရည်ပင်။ ထိုအရသာကို အနောက်တိုင်းသားများပင် ကြိုက်နှစ်သက်ကြပေသည်။
ဒု-မြို့တော်ဝန်လျိုသည် ဖုန်းယွီ၏ ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေသည်ကို မြင်ပြီး ကျန်းဟန်၏ ဖခင်ဘက် လှည့်ကာ..
"အတွင်းရေးမှူကျန်း.. ခင်ဗျား ဘယ်လိုထင်လဲ.."
ဒု-မြို့တော်ဝန်လျိုသည် ကျန်းဟန်၏ဖခင်အား ထင်မြင်ယူဆချက် မမေးခဲ့ချေ။ ဖုန်းယွီ ပြောစကားများ ဖြစ်နိုင်မဖြစ်နိုင် မေးခြင်း ဖြစ်သည်။ ကျန်းဟန်၏ ဖခင်သည် ဖုန်းယွီကို ပမ့်မြို့တော် စီးပွားရေးသမား တစ်ဦးအဖြစ်သာ မိတ်ဆက်ပေးခဲ့ပြီး ဖုန်းယွီသည် မည်သည့် စီးပွားရေး လုပ်ငန်း လုပ်ဆောင်နေသည်ကို မပြောခဲ့ချေ။
"မန်နေဂျာဖုန်းရဲ့ လေနဲ့မိုး အမှတ်တံဆိပ်၊ အိုက်ဝါ အမှတ်တံဆိပ်နဲ့ စောင်ကျန်း အမှတ်တံဆိပ်တွေ အားလုံး တော်တော်ကောင်းတယ်.. ချွမ်ကျွီသဲကို စီမံခန့်ခွဲဖို့ဆိုတာ ပြဿနာ မရှိလောက်ဘူး ထင်တယ်.."
-------*****--------
ဘာသာပြန်သူ . (NTP)