ဖူမိသားစု ရူးသွပ်သွားချေပြီ
Vol. 38 Ch. 570
ဖူကွမ်းကျန့် သူ့ဦးလေးများထံ အကူအညီတောင်းခဲ့သည်။ စားသောက်ဆိုင်အနည်းငယ် ဝယ်ယူရန် သူတို့၏ အဆက်အသွယ်များ သုံးခဲ့သည်။ အကြီးဆုံးနှင့် ဒုတိယ ဦးလေးများသည် ထိုင်ဝမ်၊ မလေးရှားနှင့် အခြားဒေသများတွင် အိမ်ရာများ ပိုင်ဆိုင်ထားသည်။ သူ၏ တတိယဦးလေးမှာလည်း ထိုနေရာတွင် ကုန်တိုက်များ ရှိပေသည်။ ဖူကွမ်းကျန့်နှင့် သူ့ဖခင်တို့သည်လည်း ထိုနေရာများတွင် ရောင်းဝယ်ရေး လမ်းကြောင်းများ ရှိပေသည်။
ဤသည်မှာ ဖူမိသားစု တစ်ခုလုံးအနေဖြင့် လွယ်ကူလှပေသည်။ သူတို့ အားသာချက်များ ပေါင်းစပ်လိုက်သည့်အခါ လီမိသားစုထက် ပို၍ ဩဇာကြီးမားပေသည်။ ဖူကွမ်းကျန့်ကိုလည်း အကျိးခံစားခွင့် ရစေပေလိမ့်မည်။ ဖူမိသားစု တစ်ခုလုံး အခမဲ့ ကူညီပေးရန် မျှော်လင့်၍ မရချေ။
ဖူကွမ်းကျန့်သည် ဟောင်ကောင်ကုမ္ပဏီတစ်ချို့၏ ရှယ်ယာများကို သူ့ဝမ်းကွဲများထံ လွှဲပြောင်း ပေးမည်ဖြစ်သည်။ ရှယ်ယာများမှာ တန်ဖိုးမမြင့်မားသော်လည်း ဦးလေးများ၏ အကူအညီအတွက် ကျေးဇူးတင်ကြောင်း ပြယုတ်တစ်ခုဖြစ်သည်။ အစ်ကိုကြီးကိုသာ ဘာမှ မပေးခဲ့ပေ။ သူ့ဖခင်သည် အစ်ကိုကြီးအား အမွှေအားလုံး လက်ဆင့်ကမ်းပေးမည် ဖြစ်ပြီး အစ်ကိုဖြစ်သူသည်လည်း သူ့ထံမှ ရှယ်ယာနှင့် ငွေကြေး တောင်းခံရန် အကြောင်းပြချက် မရှိချေ။
ဖူကွမ်းကျန့် ဖုန်းယွီနှင့် တွေ့ဆုံပြီး ၎င်းတို့ဝယ်ယူနေသည့် စားသောက်ဆိုင် အရေအတွက်နှင့် ရှယ်ယာများ မည်သို့ ခွဲဝေမည်ကို ဆွေးနွေးခဲ့ပေသည်။
ဖုန်းယွီသည် ချွမ်ကျွီသဲ တွင် ရင်းနှီးမြုပ်နှံရန် ဈေးနှုန်းမြင့်မြင့် ပေးခဲ့ရပြီး ထိုစားသောက်ဆိုင်များ၏ အဓိကရှယ်ယာ လိုချင်ကြောင်း သာပြောခဲ့သည်။ မှန်ပေ၏။ သူသည် ငွေကြေး အမြောက်အများ ပိုမို ကုန်ကျပေလိမ့်မည်။
ဖူကွမ်းကျန့်ကမူ စိတ်မဆိုးချေ။ သူသည် ဤစားသောက်ဆိုင်များကို မပိုင်ဆိုင်ရသော်လည်း ချွမ်ကျွီသဲတွင် ရင်းနှီးမြုပ်နှံနိုင်ပေသည်။ ထို့အပြင် ဖုန်းယွီနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းထား လိုပေသည်။
ဖူကွမ်းကျန့် သူ့အကြံအစည်များ ကြားပြီးနောက် ဖုန်းယွီစကားကို ကြားဖြတ်၍ ချွမ်ကျွီသဲတွင် တစ်ယောက်တည်း ရင်းနှီးမြုပ်နှံမည် ဆိုပါက ဖုန်းယွီ စိတ်ဆိုးသွားပေလိမ့်မည်။ နောက်ဆုံးအကြိမ် ဖုန်းယွီ ဒေါသထွက်ခဲ့သည့် အချိန်တွင် ဖူကွမ်းကျန့်၏ ဖခင်သည် အကြီးအကျယ် ဆုံးရှုံးခဲ့ရပေသည်။ ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများတွင် ပါဝင်လာသဖြင့် ဖုန်းယွီ၏ သူငယ်ချင်း ဖြစ်ခြင်းက ပိုကောင်းပေသည်။
ယခု လတ်တလော ရွှေဈေးကွက် ကစားမှုသည် ရက်အနည်းငယ် ကြာပြီးနောက် ကန်ဒေါ်လာ (၃၈၀)မှ (၃၉၁)ကန်ဒေါ်လာသို့ မြင့်တက်လာခဲ့သည်။
ဦးလေးများသည် ၎င်းတို့ အနာဂတ် စာချုပ်တစ်ချို့ကို (၃၈၅)ကန်ဒေါ်လာဖြင့် ရောင်းချခဲ့သည်။ ဈေး ဆက်တိုက် တက်လာသည့်အချိန် ရွှေများကို ဖြည်းဖြည်းချင်း ရောင်းထုတ်ခဲ့သည်။ သို့ရာတွင် ရောင်းချခဲ့သည့် အမြင့်ဆုံး ပမာဏမှာ (၃၈၇)ကန်ဒေါ်လာ ဖြစ်ပေသည်။
လွန်ခဲ့သည့် (၁)လတွင် ဖူကွမ်းကျန့်၏ ဖခင်သည် ပြန်လည်ရရှိမှု အမြတ်ငွေမှာ အဆများစွာ တိုးလာခဲ့သည်။ တစ်နှစ်လုံးတွင်မှ တစ်ကြိမ်လုပ်ဆောင်နိုင်ယုံဖြင့် အခြားဘာမှ လုပ်စရာ မလိုအပ်တော့သည်အထိပင် ဖြစ်သည်။
ဖူကွမ်းကျန့်၏ ဖခင်သည် ဤသည်မှာ ရှားပါးအခွင့်အရေးမှန်း သိနေပေသည်။ ဖုန်းယွီသည် (၁၉၉၄) ခုနှစ်နောက်ပိုင်းတွင် ရွှေဈေးများ အတက်အကျ ပြင်းထန်မည်ဟုလည်း ပြောဖူးထားသည်။ သူ့ကိုယ်ပိုင် ကုမ္ပဏီသည် ရွှေဈေးကွက် အရောင်းအဝယ် ရှောင်ရှားပေလိမ့်မည်။
ယခု ဖူကွမ်းကျန့်၏ စည်းကမ်းသည် ဖုန်းယွီ လုပ်သမျှ လိုက်လုပ်ရန်သာပင်ဖြစ်သည်။
ဆွေးနွေးမှုများအပြီး ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် ရှယ်ယာ အချိုးကို (၇:၃)ဖြင့် အတည်ဖြစ်သွားသည်။ ဖုန်းယွီက ငွေ(၇၀)ရာခိုင်နှုန်းနှင့် ဖူကွမ်းကျန့်သည် (၃၀)ရာခိုင်နှုန်း ဖြစ်ပေလိမ့်မည်။ သူတို့သည် ချွမ်ကျွီသဲ ကုမ္ပဏီတွင် အောင်မြင်စွာ ရင်းနှီးမြုပ်နှံပြီးနောက် ဖုန်းယွီသည် ဖူကွမ်းကျန့် ကုမ္ပဏီရှယ်ယာများ ပို၍ ရနိုင်မည်ကို ဂရုမစိုက်တော့ချေ။
ဖုန်းယွီသည် ဖူကွမ်းကျန့်အား ထိုစားသောက်ဆိုင်များ ဝယ်ယူရန် သူ့မိသားစု အကူအညီတောင်းရန်အတွက် ကုန်ကျစရိတ်များ မမေးမြန်းခဲ့ချေ။ ဖုန်းယွီမမေးသဖြင့် ဖူကွမ်းကျန့်သည်လည်း ထုတ်မပြောခဲ့ချေ။ ဖူကွမ်းကျန့်သည် ဖုန်းယွီထံမှ ဤအခွင့်အရေး ရရန်အတွက် သူ့ဘက်မှ ပံ့ပိုးကူညီမှုအနည်းငယ် မဖြစ်မနေ လုပ်ရပေလိမ့်မည်။
ယခင်က ဖုန်းယွီသည် အခြားကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံမှုများအတွက် ဖူကွမ်းကျန့်ကို ပြောဖူးခဲ့ပြီး ဖူကွမ်းကျန့်က သူ့လူများကို ထိုကုမ္ပဏီများတွင် စီမံခန့်ခွဲရန် စေလွှခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုလည်း ထိုနည်းအတိုင်းသာပင်။ ဖုန်းယွီသည် ဖူမိသားစု၏ အဆက်အသွယ်များ လိုအပ်ပေသည်။ ငွေကြေးအတွက် ဆိုပါက ဖုန်းယွီ သူတို့နှင့် လာရောက် တွေ့ဆုံလိမ့်မည် မဟုတ်ချေ။ ဖုန်းယွီလို လူမျိုးသည် ငွေကြေး မတတ်နိုင် ရှိမည်လော။
ဖူကွမ်းကျန့် ကျန်လုပ်ငန်းများကို ဂရုမစိုက်တော့ချေ။ ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းကို အာရုံစိုက်ရန် တရုတ်သို့ ပြန်လာခဲ့သည်။ စားသောက်ဆိုင်များ ဝယ်ယူခြင်းအတွက် ဖူမိသားစု အဖွဲ့ဝင်များထံ လွှဲအပ်ခဲ့ပေသည်။
(၃)ရက်အကြာတွင် ဖူရုံချီသည် စားသောက်ဆိုင် တစ်ဆိုင် အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။ ဟောင်ကောင်ရှိ Central မှ စားသောက်ဆိုင်တစ်ဆိုင် အောင်မြင်စွာ ဝယ်ယူခဲ့ပေသည်။ ဤသည်မှာ ရှန်တောင်း ဟင်းလျာ စားသောက်ဆိုင်ပင် ဖြစ်သည်။ ၎င်းသည် အလွန် နာမည် ကျော်ကြားခြင်း မရှိသော်လည်း နေရာအချက်အချာ ကျပေသည်။ အရေးအကြီးဆုံးမှာ ထိုစားသောက်ဆိုင်သည် ကြီးမားသည့်အပြင် လူအသွားအလာများသည့် နယ်မြေ ဖြစ်ပေသည်။
ဖူရုံချီသည် ဤစားသောက်ဆိုင်ကို အဘယ့်ကြောင့် ဝယ်ယူခဲ့ကြောင်း လူအများ နားမလည်နိုင်ကြချေ။ ထိုစားသောက်ဆိုင်အတွက် ဈေးနှုန်း မြင့်မားစွာ ပေးခဲ့သည်ဟု ကြားသိထားခြင်း ကြောင့်ဖြစ်ပေသည်။ ဖူရုံချီသည် သူ၏ ရင်းနှီးမြုပ်နှံမှုများ ပြန်လည် ရရှိရန် (၅)နှစ်ကျော် အချိန်ယူရမည်ဟု ခန့်မှန်းထားကြပေသည်။ ဤစားသောက်ဆိုင်သည် ဆုံးရှုံးမှု မရှိသော်လည်း ပြန်လည်ရရှိမှုနှုန်းမှာ နည်းပါးလွန်းလှသည်။ ဤသည်က ဖူရုံချီ၏ အကျင့်စရိုက် လုပ်ကိုင်နည်းများနှင့် မကိုက်ညီချေ။
ဖူရုံချီသည် မည်သူနည်း။ ဟောင်ကောင်၏ ငွေကြေးဈေးကွက်တွင် ထိပ်တန်း ရင်းနှီးမြုပ်နှံသူ ဖြစ်ပေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် ငွေကြေးဈေးကွက်မှ ကြွယ်ဝချမ်းသာလာသူ ဖြစ်သည်။ မည်သည့်အတွက် စားသောက်ဆိုင်ကို ရုတ်တရက် ဝယ်ယူခဲ့သနည်း။
အချို့သော လူပြိန်းကြိုက် သတင်းမီဒီယာများမှ ဇာတ်လမ်းများ စတင်ဖန်တီးကြတော့သည်။ ဖူရုံချီသည် ထိုစားသောက်ဆိုင်တွင် ထမင်းစားရင်း ဆိုင်မန်နေဂျာနှင့် စကားများခဲ့ကြောင်း၊ သို့ဖြစ်၍ ဒေါသတကြီးဖြင့် ဤစားသောက်ဆိုင်ကို ဝယ်၍ ထိုမန်နေဂျာကို အလုပ်ထုတ်ခဲ့ကြောင်း ရေးသားဖော်ပြကြတော့သည်။
မန်နေဂျာတစ်ဦးကို အလုပ်ထုတ်ရန် စားသောက်ဆိုင်ကြီးအား ဝယ်လိုက်သည်လော။ မည်သို့ပင်ဆိုစေ ထိုကောလဟလများ ဖတ်ရသည်ကို သဘောကျနေကြသည်။
သို့ရာတွင် ထိုသတင်းအား ဖြေရှင်းခြင်း မပြုမှီ ဖူရုံချွီသည် မကာအိုတွင် စားသောက်ဆိုင်တစ်ဆိုင် ဝယ်ယူခဲ့သည်ဟု အခြားသတင်းစာတစ်ခုမှ ဖော်ပြခဲ့သည်။ စားသောက်ဆိုင်သည် ထိုဒေသတွင် နာမည်အကြီးဆုံး လောင်းကစားရုံနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေပေသည်။ ဤသည်က ကန်တုံ စားသောက်ဆိုင်တစ်ခု ဖြစ်ပေသည်။
လူတိုင်း ပဟေဠိဖြစ်သွားသည်။ ဖူရုံချွီသည် အခြားစားသောက်ဆိုင်မှ မန်နေဂျာနှင့် ထပ်မံ ပြဿနာတက်မည်မဟုတ်ချေ။ ဖူမိသားစုသည် စားသောက်ဆိုင် မန်နေဂျာများအားလုံးနှင့် ပြဿနာရှိနေသည်လော။
သို့ရာတွင် ဖူရုံချွီသည် အိမ်ရာပိုင်ဆိုင်ကြောင်း လူအများ သတိရမိကြသည်။ ရင်းနှီးမြုပ်နှံရန် ထိုစားသောက်ဆိုင်အား ဝယ်ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ထိုဝယ်ယူမှုသည် ရင်းနှီးမြုပ်နှံမှုအတွက် ဖြစ်ကြောင်း မယုံကြည်သူများလည်း ရှိကြပေသည်။ ထိုနေရာသည် ကောင်းမွန်သော်လည်း ဖူရုံချွီသည် ဤစားသောက်ဆိုင်ကို အငှားမချခဲ့ချေ။ သူကိုယ်တိုင် စားသောက်ဆိုင် ဖွင့်လိုသည်လော။
ဖူမိသားစုမှ ညီအစ်ကိုများ ရူးသွပ်သွားကြပြီလော။ သို့တည်းမဟုတ် ဖူမိသားစုသည် စားသောက်ကုန်နှင့် ဖျော်ယမကာ လုပ်ငန်းအတွင်း ဝင်ရောက်လာကြပြီလော။ စားသောက်ကုန်နှင့် ဖျော်ယမကာ လုပ်ငန်းအတွင်း ဝင်မည်ဆိုလျှင်ပင် အခြားသူများ၏ စားသောက်ဆိုင်များကို ဈေးနှုန်း မြင့်မားစွာဖြင့် ဝယ်ယူစရာ အကြောင်းမရှိချေ။
ဖူရုံချီနှင့် ဖူရုံချွီတို့ ရူးသွပ်သွားကြပြီလော။
သို့ရာတွင် ထိုသတင်း အဆုံးမသတ်ခင် ဖူရုံပမ့်သည် ထိုင်ဝမ်ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို လွှဲပြောင်းရယူရန် ညှိနှိုင်းနေသည်ဟု အသံတစ်ခု ထွက်လာပြန်သည်။ ညှိနှိုင်းမှုမှာ ပြီးလုနီးပါးပင် ဖြစ်နေချေပြီ။
လူများအားလုံး စိတ်ရှုတ်သွားသည်။ ဖူမိသားစု၏ တတိယညီ ဖြစ်သူပင်လျှင် စားသောက်ဆိုင် လုပ်ငန်း ဝင်ရောက် လုပ်ကိုင်နေကြပြီလော။ ဖူမိသားစု မည်သို့ ဖြစ်သွားခဲ့သနည်း။ သူတို့သည် ကျိန်စာ တစ်ခုခု ခံစားနေကြရသည်လော။ စားသောက်ဆိုင် မထူထောင်ပါက သေလောက်သည့် ကျိန်စာ မိထားကြသည်လော။
လူအားလုံး၏ အာရုံစိုက်မှုသည် ဖူမိသားစု အငယ်ဆုံးညီဖြစ်သည့် ဖူရုံကျင်းထံ လှည့်သွားကြတော့သည်။ ဖူမိသားစု၏ အငယ်ဆုံးသည် စားသောက်ဆိုင်တစ်ခု တည်ထောင်တော့မည်လော သိချင်နေကြသည်။
နောက်ဆုံး၌ ဖူရုံကျင်းသည် မလေးရှားသို့ သွားကြောင်း သိလိုက်ရတော့သည်။ ဖူရုံချီနှင့် ဖူရုံချွီ၏ သားများသည် စင်္ကာပူသို့ သွားခဲ့ကြသည်။
မည်သည့်အတွက် နိုင်ငံခြားသို့ သွားနေကြသနည်း။ စားသောက်ဆိုင်များ ဝယ်ရန်လော။
ဖူမိသားစုသည် စားသောက်ကုန်နှင့် ဖျော်ယမကာလုပ်ငန်းသို့ ဝင်ရောက်မည် ဆိုပါက တစ်ဆင့်ချင်း စတင်သင့်ပေသည်။ သူတို့ကဲ့သို့ စားသောက်ဆိုင်များကို မည်သူမှ ဝယ်မည် မဟုတ်ချေ။ ဖူမိသားစုသည် ရွှေဈေးကွက်မှ ငွေအချို့ ရခဲ့ကြောင်း လူတစ်ချို့ သိသော်လည်း ယင်ငွေကို သုံးရန် နည်းလမ်းမှန် မဟုတ်ချေ။
အခြားသူဌေးကြီးများပင်လျှင် ဖူမိသားစုကို နားမလည်နိုင်ကြတော့ပေ။ သူတို့အားလုံး စိတ်အတွင်း အတွေးတူများ ရှိနေပေသည်။ ဤ ဖူမိသားစု တစ်ခုလုံး ရူးသွပ်သွားကြပြီလော။
-------*****--------
ဘာသာပြန်သူ . (NTP)