← Chapters

အခန်း (၄၃၆)

Vol. 30 Ch. 436

အခန်း (၄၃၆)

Vol. 30 Ch. 436

"မင်းတို့ (၂) ယောက် ကြည့်တာ ကျေနပ်ပြီဆိုရင် ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ…"

ဂိုဏ်းချုပ်က မျက်လုံးမှိတ်နေရင်း လန်တျယ်ကို ကြားဖြတ်ပြောလိုက်သည်။

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး မလှုပ်မယှက် ရပ်နေကြ၏။ သူတို့က သိုင်းလောကတွင် မဆင်မခြင် လုပ်တတ်သည့် လူငယ်လေးများကို လှည့်စားရန် တူညီသော နည်းလမ်းများကို သုံးခဲ့ဖူးသည်။ အကယ်၍ သူတို့ ထွက်သွားမည်ဆိုလျှင် ပြိုင်ဘက်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်၏။

သို့သော် ဂိုဏ်းချုပ်ဖြစ်သူက မြို့နတ်ဘုရားကျောင်းဆောင်၏ အပြင်ဘက်တွင် ရှိနေသော သစ်ပင်ကြီးဆီကို လှည့်ကြည့်လိုက်ပြီး သိမ်မွေ့သော လေသံနှင့် ပြောလိုက်သည်။

"သစ်ပင်ပေါ်ကနေ နားထောင်နေတဲ့ မိတ်‌ဆွေ (၂) ယောက် … ကျေးဇူးပြုပြီး ငါ့ကိုလာတွေ့လှည့်ပါ။ မဟုတ်ရင်တော့ ငါက မယဉ်ကျေးနိုင်တော့ဘူး…"

လန်တျယ်က ထိတ်လန့်ရှုပ်ထွေးနေသည့် အမူအရာနှင့် စဉ်းစားနေခဲ့သည်။

"ငါက သေချာသတိထားနေတာပဲ။ ဒါပေမဲ့ ငါ့နောက်ကို နောက်ယောင်ခံ လိုက်လာတဲ့သူ တစ်ယောက်မှ သတိမထားမိဘူး။ ငါ့အစွမ်းက ဂိုဏ်းချုပ်နဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို ဆိုးသေးတာပဲ။ အစွမ်းထက်တဲ့ အဖွဲ့သားတွေ မစတေးခဲ့ရင် ငါက သေမင်းတမန်တာဝန်ကို ကျရှုံးသွားရလောက်တယ်…"

ဂိုဏ်းချုပ်ဖြစ်သူက သူတို့ကို အမှန်တကယ် တွေ့သွားပြီ ဖြစ်သည့်အတွက် မုန့်ချီကတော့ သူ၏မျက်နှာကို လက်နှင့် သပ်လိုက်ပြီး ရုပ်ရည်ကို ပြောင်းလဲလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ မီးတောက်များ ထွက်ပေါ်လာ၏။ သူ၏အဝတ်အစား ၊ ဆံပင်နှင့် အရေပြားများက လောင်ကျွမ်းသွားနေသော်လည်း အကောင်းအတိုင်းသာ ရှိနေသေးသည်။

ကျန်းကျိဝေကလည်း သူမ၏မုတ်ဆိတ်အတု (၂)ခုကို တိတ်တဆိတ် ဖြုတ်လိုက်ပြီး သူမ၏မျက်နှာကို သုတ်လိုက်သည်။

"ကြိုဆိုမထားတဲ့ ဧည့်သည်တွေ ဖြစ်နေလို့ ငါတို့ကို ခွင့်လွှတ်ပေးပါ…"

မုန့်ချီက သစ်ပင်ကြီးပေါ်တွင်သာ ဆက်၍ ပုန်းနေသော်လည်း သူ့အသံက အဝေးထိအောင် ပျံ့နှံ့သွားသည်။

မုန့်ချီ၏အသံက ဂိုဏ်းချုပ်နှင့် လန်တျယ်၏ နားထဲတွင် ကပ်၍ ပြောလိုက်သလို ထင်မှတ်ရ၏။ ခြံဝန်းနှင့် သစ်ပင်၏ကြားထဲတွင် ရှိနေသော အစွမ်းထက် ပညာရှင် တစ်ယောက်ယောက်က အလေးထားနေခြင်းမရှိလျှင် ထိုစကားများကို မကြားနိုင်ပေ။

"သူ့ရဲ့ထိန်းချုပ်စွမ်းရည်က တော်တော် အစွမ်းထက်တာပဲ…"

ဂိုဏ်းချုပ်နှင့် လန်တျယ်တို့ (၂) ယောက်စလုံးက မုန့်ချီ၏အစွမ်းကြောင့် အံ့ဩမှင်တက်သွားကြ၏။

ပညာရှင်တိုင်းက သူတို့၏စကားကို ပို့ဆောင်ရန် ချီစွမ်းအင်များကို အသုံးပြုနိုင်ကြသည်။ တစ်ခုထူးခြားသွားသည်မှာ မုန့်ချီက မီတာ (၃၀) အပြင်ဘက်ကိုတော့ စကားများ ပို့ဆောင်၍ မရနိုင်ပေ။ ‌

ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ဖြစ်သော ဂိုဏ်းချုပ်က ရင်လန်းဟွေကို ထိန်းချုပ်ရန် နည်းလမ်းများစွာ ရှိနေ၏။ သို့သော် သူကိုယ်တိုင်ကပင် စကားကို ထိုကဲ့သို့ အလွယ်တကူ မပြောနိုင်ကြောင်း သိနေခဲ့သည်။

သူက မျက်လုံးမှိတ်နေရင်း ပါးစပ်ကို လှုပ်ရှားလိုက်ရာ အသံအနည်းငယ် ထွက်လာခဲ့သည်။ ထိုအချိန်တွင် ပိုးကောင်များကဲ့သို့ အမျှင်လေးများစွာက သစ်ပင်ကြီး၏ ရှေ့တွင် ပေါ်လာ၏။ သူတို့က အတောင်ပံများကိုခတ်လာပြီး သူ့အတွက် စာတစ်စောင် ပို့လိုက်၏။

"ကောင်းကင်ကြီးပေါ်မှာ ကြယ်တွေ ပြည့်နှက်နေတဲ့အချိန်မျိုး အောက်ကို ဆင်းလာပြီး ငါတို့နဲ့ စကားပြောပါလား…"

ခဏကြာပြီးနောက် သူ့စကားကို မုန့်ချီနှင့် ကျန်းကျိဝေတို့၏ နားနားတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

"ငါတို့က နင်နဲ့ လက်ရည်စမ်းချင်ပါတယ်။ ဒါပေမဲ့ ဒီနေရာက သင့်တော်တဲ့နေရာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့က အချင်းချင်း မတွေ့ရတာ ပိုပြီးကောင်းမယ်…"

ကျန်းကျိဝေ၏အသံက ဓားရှည်တစ်ချောင်းကဲ့သို့ အလွန်ကြည်လင် ပြတ်သားနေသည်။

မုန့်ချီကတော့ ကျယ်လောင်စွာ ရယ်လိုက်မိ၏။

"မင်းတို့ (၂) ယောက်လုံးက အစွမ်းထက်နေမှတော့ တိုက်ခိုက်မယ်ဆိုရင်လည်း ငါတို့က မင်းတို့ကို ရှင်းပစ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းကို အကူအညီပေးဖို့ ရောက်လာမယ့် မြို့စားကျိုးနဲ့ ရင်လန်းဟွေတို့ကိုလည်း ငါတို့က စောင့်မနေနိုင်ဘူး.."

လန်တျယ်က ဖရိုဖရဲကျင့်စဉ်ကို သိနေသည့်အတွက် သံသရာခရီးသွားများနှင့် ပတ်သက်နေနိုင်သည်။ ထို့ကြောင့် သူတို့ကို နားမလည်နိုင်စရာ မရှိချေ။ သို့သော် မုန့်ချီကတော့ အလွန်သတိထားရန် လိုအပ်နေသေး၏။

"ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ ငါတို့က ဦးတည်ချက်တစ်ခုတည်းပါပဲ…"

ဂိုဏ်းချုပ်က မတ်တပ်ရပ်ပြီး လက် (၂) ဖက်ကို သုံးလိုက်၏။

"ဒါက အဖွဲ့လိုက် ယှဉ်ပြိုင်ရတဲ့ တာဝန်မဟုတ်ဘူး။ ဒါကြောင့် ငါတို့ကြားထဲမှာ တိုက်ခိုက်ဖို့ မလိုအပ်ဘူး။ ငါတို့က အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးတာ မကောင်းဘူးလား။ အဲဒါက လက်ခံပေးလို့ မရဘူးလား…"

မုန့်ချီ၏ ပတ်ပတ်လည်တွင် လွှမ်းခြုံနေသော မီးတောက်များကြောင့် သူက ဖရိုဖရဲကျင့်စဉ်နှင့် ကောင်းကင်ရွှေကျင့်စဉ်ကို အသုံးပြုနိုင်သော သံသရာခရီးသွား တစ်ယောက်ဖြစ်ကြောင်း သေချာနေသည်။ သို့သော် ထိုအရာက ဖြစ်နိုင်ခြေတစ်ခုသာ ဖြစ်နေသေး၏။ သူက (၁၀၀) ရာခိုင်နှုန်း သေချာနေခြင်း မရှိချေ။

သတိထားနေရသည့်အတွက် သူက သံသရာအရှင်သခင်အကြောင်းကို မပြောခဲ့ပေ။ အကယ်၍ သူကသာ ထိုကဲ့သို့ သတင်းတစ်ခုကို လူမှား၍ ပြောလိုက်မိမည်ဆိုလျှင် သေခြင်းတရားနှင့် အဆုံးသတ်သွားနိုင်ပြီး သံသရာကမ္ဘာကြီးထဲတွင် လုံးဝ ပျောက်ကွယ်သွားနိုင်သည်။

"သူတို့က တကယ့်ကို သံသရာခရီးသွား‌တွေလား…"

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး (၂) ယောက်စလုံးက အံ့ဩနေကြသည်။

သူတို့က သံသရာခရီးသွားများ ဖြစ်သည့်အတွက်ကြောင့်သာ အဖွဲ့လိုက် ယှဉ်ပြိုင်ရမည့်တာဝန်အကြောင်းကို သိနေကြခြင်း ဖြစ်သည်။ သံသရာခရီးသွားများ အချင်းချင်း အဖွဲ့လိုက် ယှဉ်ပြိုင်ရမည့် တာဝန်များရှိနေပြီး သူတို့ကို အပြင်လူများက နားလည်မှုလွဲစရာ မလိုအပ်ပေ။

သူတို့က မည်သို့ စကားပြောရမှန်း သိနေခဲ့သည့်အတွက် ဂိုဏ်းချုပ်ဖြစ်သူက ဆက်ပြောလိုက်သည်။

"ငါတို့ရဲ့သဘောထားကို ပြသဖို့အတွက် ငါတို့ရဲ့တာဝန်အကြောင်း မင်းတို့ကို ပြောပြမယ်။ ငါတို့က တူဟိုင်ရှန့်ကို ရှာဖွေရမယ့် တာဝန်ရှိတယ်။ သူက ဘိုးဘေးရဲ့ ပြန်လည်ဝင်စားခြင်း စိတ်ဝိညာဉ်ခန္ဓာကိုယ်ပဲ။ သူကမှ ဘိုးဘေးကို နိုးထလာအောင် လုပ်ပေးနိုင်မှာ...။ ဒါကြောင့် ငါတို့နဲ့ ဦးတည်ချက်တူနေတဲ့သူတွေကို လျစ်လျူရှုပေးထားလို့ ရနိုင်တယ်…"

ကျန်းကျိဝေနှင့် တိတ်တဆိတ် ပြောလိုက်ပြီးနောက် မုန့်ချီက ပြုံးလိုက်သည်။

"ဝမ်းနည်းစွာပဲ ငါတို့ရဲ့တာဝန်ကတော့ တူဟိုင်ရှန့်ကို အန္တရာယ်ကနေ ကယ်ထုတ်ရမယ့် တာဝန်ပဲ။ ကြည့်ရတာတော့ ငါတို့ကြားထဲမှာ ပြဿနာဖြစ်ဖို့ လုံးဝမရှိနိုင်ဘူး.."

ဝမ်စစ်ယွမ်နှင့် ကျန်းဟန်ချွန်တို့၏ စကားအရ သူ၏အစစ်အမှန် ပစ်မှတ်သာ ပေါ်သွားမည်ဆိုလျှင် သူ၏လုပ်ရပ်များ အားလုံးကို အထင်းသား ပေါ်သွားစေနိုင်ပြီး အရေးနိမ့်သွားနိုင်သည်။ ထို့ကြောင့် သူက ကျိုးဟန်ဖုန်းကို လုပ်ကြံရမည့်အကြောင်း မပြောခဲ့ပေ။

မည်သို့ဖြစ်စေကာမူ သူတို့က တစ်ချိန်ချိန်တွင် ပြိုင်ဘက်များ ဖြစ်လာနိုင်ပြီး သူတို့၏စကားကို ယုံကြည်၍ မရနိုင်ပေ။ အကယ်၍ သူလိုချင်သည့်အရာကို မရနိုင်လျှင်ပင် အမှန်တစ်ဝက် ပြောလိုက်သော စကားများက သူတို့ကို လမ်းလွဲသွားစေနိုင်၏။

"အဲဒါဆိုရင်တော့ ကောင်းပါတယ်။ မင်းတို့က တူဟိုင်ရှန့်ကို ဒဏ်ရာမရအောင် ကာကွယ်ပေါ့။ ဒါပေမဲ့ မင်းတို့က သူ့ကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ မင်းတို့ရဲ့ တာဝန်ပြီးသွားပြီဆိုရင် ငါတို့က အိပ်ပျော်နေတဲ့ သူ့ရဲ့ပြန်လည်ဝင်စားခြင်း မှတ်ဉာဏ်တွေကို နှိုးဆွလိုက်ဖို့ပဲ လိုတယ်။ ငါတို့က သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး။ တကယ်လို့ ငါတို့က မင်းတို့ထက်အရင် သူ့ကို ရှာတွေ့မယ်ဆိုရင် မင်းတို့ကို သတင်းပေးမယ်…"

ဂိုဏ်းချုပ်ဖြစ်သူက တည်ငြိမ်စွာ ပြောလိုက်၏။ ထိုအရာက နှစ်ဦးနှစ်ဖက် အကျိုးရှိသော အရာဖြစ်သည်။ သို့သော် သူကတော့ ထိုအရာကို သူ့အကျိုးအတွက်သာ ပြောနေခြင်းဖြစ်၏။

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ ငါတို့က ငါတို့ရဲ့ တာဝန်အရင်ဆုံး ပြီးဆုံးအောင်ပဲ လုပ်နိုင်မယ်။ ပြီးမှ ဆွေးနွေးဖို့ အကြောင်း ပြောကြတာပေါ့…"

"ကောင်းပြီလေ…"

ခေါင်းဆောင်ဖြစ်သူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

သူ့စကားမပြောနိုင်သေးခင် မုန့်ချီက တိုက်ရိုက် မေးလိုက်၏။

"ငါက အတွေ့အကြုံရှိပေမယ့် မင်းတို့အဖွဲ့သားတွေ တစ်ယောက်နဲ့မှ မတွေ့ဖူးဘူး။ ဘိုးဘေးဆိုတာ ဘယ်သူလဲ…"

ပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်သော အရာများကို စဉ်းစားမိနေသည့်အချိန်တွင် သူက ခေါင်းကိုက်နေခဲ့၏။

"နင်တို့က တော်တော်မသိသေးတာပဲ…"

လန်တျယ်က နှာခေါင်းရှုံ့လိုက်သည်။

"နတ်ဘုရားတွေက လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့အတွက် တောင်းဆိုတယ်ဆိုတာ မကြားဖူးဘူးလား…"

ကူအဆိပ်ပိုးကောင်များက သာမန်ဖြစ်သည့်အတွက် သူမက ထိုအရာများပြောရန် စိတ်ဝင်စားခြင်း မရှိချေ။

"ဒါဆိုရင် နတ်ဘုရား သိမ်းပိုက်ထားတဲ့ ခန္ဓာကိုယ်ပေါ့…"

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ခေါင်းဆောင်က အပြုံးနှင့် ပြောလိုက်၏။

"သံသရာကမ္ဘာကြီးထဲမှာ စွန့်စားခန်းတွေ အများကြီးရှိတယ်။ မင်းက ကောင်းကင်ရွှေကျင့်စဉ်ကို အသုံးပြုနိုင်သလို ငါတို့ကလည်း ဘိုးဘေးနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတွေ ရှိတယ်။ ငါတို့က သူ့ကို နှိုးပြီးသွားရင် အကျိုးအမြတ်တွေ အများကြီး ရနိုင်တယ်။ ပြီးတော့ သူ့ကို ဘဝအသစ်စဖို့ ကူညီပေးနိုင်တယ်။ မင်းတို့က ငါတို့ကို စကားနှိုက်ဖို့ မလိုပါဘူး…"

သံသရာအရှင်သခင်က ကောင်းကင်ရွှေကျင့်စဉ်ကို လဲလှယ်၍ရသော ပစ္စည်းအဖြစ် ကမ်းလှမ်းထားခဲ့ခြင်း မရှိချေ။ ထို့ကြောင့် မုန့်ချီကလည်း စွန့်စားခန်းတစ်ခုမှ ရလာခြင်းဖြစ်မည်ဟု သူက ခန့်မှန်းထားခဲ့၏။ မည်သို့ဖြစ်စေကာမူ အင်မော်တယ်များ၏ ကောင်းကင်ဘိုးဘေးနှင့် ပတ်သက်သော အချက်အလက်များက ပျံ့နှံ့နေခြင်း မရှိချေ။

"ဒါဆိုရင် နင်က သူ့ရဲ့အစွမ်းကိုသုံးပြီး လျှို့ဝှက်ဂိုဏ်းတစ်ခု တည်ထောင်ခဲ့တာလား.."

ကျန်းကျိဝေက ဖြတ်ပြောလိုက်သည်။

ဂို‌ဏ်းချုပ်က ခဏရပ်လိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

"ဟုတ်တယ်။ ဘိုးဘေးက ရင်လန်းဟွေကို တော်တော်လေး အထင်ကြီးထားတယ်။ ပြီးတော့ သူ့ကို စွမ်းရည်တစ်ခု ပေးထားတယ်။ ဒါကြောင့််လည်း သူက လူမသိသူမသိ ပညာရှင်အဖြစ်ကနေ မှော်ရုပ်သေးပညာရှင်အဖြစ် တိုးတက်လာတယ်။ မူအန်လည်း အတူတူပဲ။ မူအန်ကတော့ ပိုးကောင်ထိန်းချုပ်သူ တစ်ယောက်ပဲ ဖြစ်သွားတာ ဝမ်းနည်းစရာပဲ…"

သူက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"ငါတို့က အချင်းချင်း မရင်းနှီးတဲ့အတွက် အရာအားလုံးကို ပြောပြဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ ငါတို့ရဲ့ ပူးပေါင်းမှု အဆင်ပြေတယ်ဆိုရင်တော့ နောက်ပိုင်းကျမှ ဆက်ပြောကြတာပေါ့…"

"ဒါဆိုလည်း ကောင်းပြီလေ…"

မုန့်ချီက ထိုစကား (၂) ခုကို ပြောလိုက်ပြီးနောက် မြို့နတ်ဘုရားကျောင်းဆောင်၏ အပြင်ဘက်တွင် ရှိနေသော သစ်ပင်ကြီးနားတွင် ဧရာမမီးတောက်ကြီးတစ်ခု ဖန်တီးလိုက်ပြီး သူတို့၏မြင်ကွင်းကို တားဆီးလိုက်သည်။

မီးတောက်များ ငြိမ်းသွားသည့် အချိန်တွင် သူတို့ပျောက်ကွယ်သွားကြောင်း လန်တျယ်က တွေ့လိုက်ရ၏။

"သူတို့က တော်တော်မောက်မာတယ်…"

ဂိုဏ်းချုပ်က သက်ပြင်းချလိုက်၏။ သူက မုန့်ချီတို့ကို မည်သို့ သိမ်းသွင်းရမည် ဖြစ်ကြောင်း မသိသေးပေ။ သူတို့ကတော့ အနားကိုပင် မလာဘဲ အဝေးမှ စကားပြောနေခဲ့၏။

လန်တျယ်က နှုတ်ခမ်းလေးကို လျှာနှင့်သပ်ပြီး အေးစက်စွာ ပြောလိုက်သည်။

"နိုးထလာမယ့် မှတ်ဉာဏ်တွေက တူဟိုင်ရှန့်ကို မထိခိုက်စေနိုင်ဘူးလား…"

"ငါလည်း အဲဒါကို မလုပ်ဖူးတဲ့အတွက် ဘယ်လိုလုပ်သိမှာလဲ…"

သူက မျက်နှာပျက်ပျက်နှင့် ပြန်ဖြေလိုက်၏။

"ဒါဆိုလည်း ဘာလို့ သူတို့ကို အဲဒီလိုမျိုး ပြောလိုက်ရတာလဲ…"

လန်တျယ်က အနည်းငယ် အံ့သြသွားခဲ့သည်။ သူက ပူးပေါင်းရန်အတွက် လှိုက်လှိုက်လှဲလဲှ ရှိနေသည်ဟု ထင်မှတ်ရသည်။

ဂိုဏ်းချုပ်က အပြုံးနှင့် ပြောလိုက်၏။

"ငါက သူတို့ကို သတိထားမိအောင် အခွင့်အရေး မရခဲ့ဘူး။ ဒါကြောင့် သူတို့ကို လမ်းလွှဲလိုက်တာ။ သူတို့က ငါတို့နဲ့ အတူပူးပေါင်းမယ်လို့ နင်က ထင်နေလို့လား…"

သူက ဆက်၍ ပြောလိုက်၏။

"ရင်လန်းဟွေက သူ့ရဲ့တာဝန်ကို မြန်မြန်လုပ်နိုင်ဖို့ မျှော်လင့်ရတာပဲ။ အစီအစဉ် ပြောင်းသွားမယ်ဆိုရင်တောင် ငါက သူတို့ကို ထိန်းချုပ်ဖို့ နည်းလမ်း ရှိသေးတယ်…"

ရုတ်တရက်ဆိုသလို သူက မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် ပင်လယ်ကြီးကဲ့သို့ အနီရောင်အလင်းတန်းများ တောက်ပနေသည်။ ရင်ထဲတွင်လည်း သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။

……………

ဖြစ်နိုင်ချေရှိသော နောက်ယောင်ခံသမားများကို ဖြေရှင်းရန်အတွက် မုန့်ချီနှင့် ကျန်းကျိဝေတို့က လမ်းမကြီးတစ်ခုပေါ်တွင် လျှောက်လာပြီး သူတို့၏လမ်းကြောင်းကို ဆက်တိုက်ပြောင်းလဲ၍ ပုန်းအောင်းသည့် နေရာတစ်ခုကို ဝင်လာခဲ့သည်။ ထို့နောက် သူတို့က နောက်တစ်ကြိမ် အယောင်ဆောင်လိုက်ပြန်သည်။

"သူတို့က ဒီကမ္ဘာကြီးထဲက သံသရာခရီးသွားတွေ ဖြစ်နိုင်တယ်…"

မုန့်ချီက ပြောလိုက်၏။

ကျန်းကျိဝေကလည်း ပြောလိုက်သည်။

"ဘာလို့ အဲဒီလိုမျိုး ပြောနိုင်ရတာလဲ…"

"ဖြစ်စဉ်အများစုမှာ တကယ်လို့ ငါတို့ရဲ့တာဝန်တွေကသာ ဆန့်ကျင်ဘက်ဆိုရင် ဒါက အဖွဲ့လိုက် ယှဉ်ပြိုင်ရတဲ့ တာဝန်တစ်ခု ဖြစ်သင့်တယ်…"

မုန့်ချီက တွေးတွေးဆဆနှင့် ပြောလိုက်၏။

"မဟုတ်ရင်တော့ ဖြေရှင်းစရာရှိတာက ဒဏ္ဍာရီတွေလိုပဲ ဖြစ်မယ်။ သူတို့က သံသယတံဆိပ်ကိုသုံးပြီး ဒီကမ္ဘာကြီးထဲကို ဝင်လာတယ်။ ပြီးတော့ ငါတို့ရဲ့တာဝန်ကို နှောင့်ယှက်တယ်။ တခြားဖြစ်နိုင်ချေတစ်ခုကတော့ သူတို့က ဒီကမ္ဘာကြီးထဲမှာ နေထိုင်တဲ့ သံသရာခရီးသွားတွေပဲ။ အင်မော်တယ်တွေ ၊ ဒဏ္ဍာရီတွေလိုပဲ သူတို့ကလည်း ပင်မကမ္ဘာကြီးထဲမှာ တိုးတက်အောင် ကြိုးစားနေကြတယ်။ သူတို့က ကံကြမ္မာအမှတ်တွေနဲ့ လဲလှယ်ဖို့အတွက် အရင်းအမြစ်တွေကိုရဖို့ ကြိုးစားနေကြတယ်။ ကြည့်ရတာတော့ ရင်လန်းဟွေနဲ့ မူအန်တို့ကလည်း ငါ့လိုပဲ ဒီနေရာကို ရောက်နေတာ သိပ်မကြာလောက်သေးဘူး။ ဒါကြောင့် သူတို့က သံသရာတံဆိပ် အများကြီး မရနိုင်တဲ့ နယ်မြေခံ သံသရာခရီးသွားတွေ ဖြစ်ဖို့များတယ်…"

ကျန်းကျိဝေက မုန့်ချီ၏စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ငါတို့ရဲ့ကမ္ဘာကြီးအပြင်ဘက် တခြားကမ္ဘာကြီးတွေထဲမှာလည်း သံသရာခရီးသွားတွေ ရှိနေမယ်လို့ ငါလုံးဝမတွေးဖူးဘူး..”

“သံသရာအရှင်သခင်က ငါတို့ကို ကမ္ဘာတစ်ခုနဲ့ တစ်ခုဆီ ပို့ပေးနိုင်တယ်လေ…"

မုန့်ချီကတော့ ထိုဖြစ်စဉ်ကို သာမန်ဟုသာ သတ်မှတ်ထားသည်။

"ဂိုဏ်းချုပ်နဲ့ လန်တျယ်တို့က နတ်ဆိုးသွေးမျိုးဆက် ရှိ‌နေတဲ့ ပညာရှင်တွေ ဖြစ်နိုင်တယ်။ ဒါကြောင့် သူက သူတို့ကို အခွင့်အရေးတစ်ခု ပေးထားတာပဲ…"

ကျန်းကျိဝေက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"ကိုရင်လေး …

နင်က ဂိုဏ်းချုပ်ရဲ့ မျက်လုံးထဲမှာရှိတဲ့ မြင်ကွင်းတွေကို ရင်းနှီးနေလား…"

ကျန်းကျိဝေက မည်သည့်အရာများမြင်ခဲ့ကြောင်း မုန့်ချီက နားမလည်ခဲ့ပေ။

"ငါက အနီရောင်ပင်လယ်ကြီး ၊ တောင်ကုန်းတွေနဲ့ မြစ်ကြီးတွေကို မရင်းနှီးဘူး…"

သေချာစဉ်းစားလိုက်ပြီးနောက် ကျန်းကျိဝေက ပြောလိုက်၏။

"တချို့ဂိုဏ်းကြီးတွေက သူတို့ရဲ့တပည့်တွေကို မှတ်မိဖို့အတွက် ရေကြေးမုံတွေ ပေးတတ်ကြတယ်။ ဒါဆိုရင် သူတို့က မသွားသင့်တဲ့ နေရာတွေကိုသွားပြီး ဒုက္ခမရောက်နိုင်တော့ဘူး…"

"ငါကတော့ ထုတ်ပယ်ခံထားရတယ်လေ…"

မုန့်ချီကတော့ အနည်းငယ် ရှက်ရွံ့သွားခဲ့၏။

"ကျတ်တီးတောင်ကုန်းကြီး ၊ လှုပ်ရှားနေတဲ့မြစ်..၊ ပိုးကောင်တွေနဲ့ မှော်သားရဲတွေက တောင်ပိုင်းနယ်မြေနဲ့ တော်တော်လေး နီးစပ်နေတယ်…"

ကျန်းကျိဝေက ပြောလိုက်၏။

"ဒါဆိုရင် ဘိုးဘေးက တောင်ပိုင်းနယ်မြေမှာ ရှိနေတယ်လို့ ပြောချင်တာလား…"

မုန့်ချီက ပြန်မေးလိုက်ပြီး အလွန်ရှုပ်ထွေးနေခဲ့သည်။ ဘာကြောင့် သံသရာကမ္ဘာကြီးက သူတို့၏ အစစ်အမှန် ကမ္ဘာကြီးနှင့် ထပ်မံ ဆက်သွယ်နေရသနည်း။

ကျန်းကျိဝေက ပင့်သက်ရှိုက်လိုက်မိ၏။

"ဘိုးဘေးက သွေးပင်လယ်ယက္ခ ဖြစ်မယ်ထင်တယ်…"

"သွေးပင်လယ်ယက္ခ ဟုတ်လား…"

မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။

သွေးပင်လယ်ယက္ခက ကောင်းကင်မှတ်တမ်းတွင် အဆင့် (၁၀) ဖြစ်ပြီး သွေးဝတ်ရုံအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သည်။ သူက အချိန်တိုလေးအတွင်း ဓမ္မကာရအဆင့်ကို ရောက်ရှိခဲ့ပြီး အလယ်ပိုင်းနယ်မြေကို လုံးဝ ပြန်မလာခဲ့ပေ။ ထို့ကြောင့် မုန့်ချီက သူနှင့်ပတ်သက်ပြီး အနည်းငယ်လေးသာ သိထား၏။

"ဒါက ငါ့ရဲ့ထင်မြင်ချက်ပါပဲ…"

ကျန်းကျိဝေက စဉ်းစားနေရင်း ပြောလိုက်သည်။

"သံသရာကမ္ဘာကြီးနဲ့ ပင်မကမ္ဘာကြီးရဲ့ ဆက်သွယ်မှုက ငါတို့ထင်ထားတာထက် ပိုပြီးတော့ နီးစပ်နေတယ်…"

"သွေးပင်လယ်ယက္ခက ပြန်လည်ဝင်စားဖို့ လိုအပ်နေလို့လား…"

မုန့်ချီက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ သူက အသက် (၁၀၀) ပင် မရှိသေးပေ။

ကျန်းကျိဝေက ခေါင်းခါပြီး ပြောလိုက်၏။

"ငါလည်း မသိဘူး…"

"ကောင်းပြီလေ ထားလိုက်ပါတော့။ ငါတို့က လန်တျယ်ကို စောင့်ကြည့်သင့်တယ်။ ပြီးတော့ သူတို့ကို လမ်းလွှဲဖို့ကြိုးစားပြီး ကျိုးဟန်ဖုန်းကို လုပ်ကြံဖို့ အခွင့်အရေးရှာရမယ်…"

မုန့်ချီက စဉ်းစားနေရင်း ပြောလိုက်သည်။

"စကားမစပ် နင့် စိတ်ထဲမှာ တစ်ခုခုရှိနေသေးလား…"

ကျန်းကျိဝေက အံကြိတ်ပြီး ပြောလိုက်၏။

"အရေးမကြီးပါဘူး။ ငါက ဆုံးဖြတ်ချက်ချပြီးသွားတဲ့အချိန်မှာ နည်းနည်းလေး စဉ်းစားနေတာ။ တာဝန်ပြီးသွားရင်တော့ နင်တို့ကို ပြောပြပါ့မယ်…"

Translated by Hein Htet.

All Chapters