အခန်း (၄၃၇)
Vol. 30 Ch. 437
“ဆုံးဖြတ်ချက် ချလိုက်တာလား…”
မုန့်ချီက ဇဝေဇဝါ ဖြစ်သွားခဲ့၏။
ကျန်းကျိဝေက မည်ကဲ့သို့သော ဆုံးဖြတ်ချက်မျိုးချခဲ့ကြောင်း သူလည်း နားမလည်နိုင်ခဲ့ပေ။ သို့သော် သူမက ထိုအရာကို နောက်ပိုင်းမှသာ ပြောမည်ဖြစ်ကြောင်း မုန့်ချီက သိနေခဲ့၏။ ထို့ကြောင့် အလွန်အမင်းမေးမြန်းနေရန် မလိုအပ်ခဲ့ချေ။
သူမကိုသာ အလွန်အမင်းတွန်းအားပေးလိုက်မည်ဆိုလျှင် သူမက အတော်လေးကို စိတ်ပျက်သွားနိုင်ပြီး သူမ၏အစွမ်းကို ပြည့်ပြည့်ဝဝ အသုံးပြုနိုင်ရန် ကန့်သတ်ခံရနိုင်သည်။ ထိုသို့ဆိုလျှင် သူတို့အားလုံး သေဆုံးသွားနိုင်၏။ မည်သို့ဆိုစေကာမူ သူမက အတော်ဆုံး တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်သည်။
“ဒါဆိုလဲ ကောင်းပြီလေ…။ နင်က ပြဿနာရှိတယ်ဆိုရင် ငါက နင့်ကိုကူညီဖို့ ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်…”
မုန့်ချီက ခေါင်းညိတ်ပြီး ကျန်းကျိဝေနှင့်အတူ လက်ဝဲမြို့စားရဲတိုက်ဆီသို့ ပြန်လာခဲ့ကြသည်။
သူက အပြင်ဘက်ခြမ်းတွင် ကင်းလှည့်နေသည့်အတွက် သူ ခဏကြာ ပျောက်ကွယ်သွားခြင်းကို မည်သူကမျှ သတိမထားမိခဲ့ပေ။ သူက တစ်နေရာရာကို သွားရောက်စုံစမ်းနေသည်ဟုသာ သူတို့က တွေးကြပါလိမ့်မည်။
နောက်တစ်နေ့ ညနေခင်းတွင် ရဲတိုက်၏ အခင်းအကျင်းနှင့် ရင်းနှီးစေရန် မုန့်ချီက ရွမ်ယုရှုကို ကင်းလှည့်ရာတွင် ဦးဆောင်စေခဲ့သည်။ ကျိုးဟန်ဖုန်း၏ ရဲတိုက်က အမှန်တကယ်ကို ကြီးမားပြီး စြင်္ကံလမ်းများ၊ ရေကန်များ ၊ ကျောက်တုံးများဖြင့် ပြည့်နေခဲ့၏။
သူတို့က ထိုအရာများကို ဖြတ်သန်းသွားနေရသော်လည်း အလွန်လှပသော ရှူမျှော်ခင်းများ၏ ကြားထဲသို့ ရောက်နေသလို ခံစားနေသည်။ အေးစက်သော လေပြေညင်းလေးများကလည်း သူတို့၏မျက်နှာကို တိုက်ခတ်သွားတတ်၏။
မုန့်ချီက သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော ရွမ်ယုရှုကို ကြည့်လိုက်သည်။ သူမ၏ပါးနှစ်ဖက်က ဖောင်းနေပြီး တစ်စုံတစ်ခု စားနေသလို ထင်ရ၏။
“ခုနောက်ပိုင်း ကျိဝေက တစ်ခုခုတွေးနေတာကို နင် သတိထားမိလား…”
သူတို့ သိသလောက် ပြောရမည်ဆိုလျှင် မြစ်အရှေ့ပိုင်း ပြဿနာ ပြီးဆုံးသွားပြီးနောက် သူတို့နှစ်ယောက်က အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်နေကြသည်။
ရွမ်ယုရှုက စားစရာကို ဝါးမနေတော့ဘဲ မြိုချလိုက်၏။
“သူက ဘာမှတော့ မပြောဘူး…။ ငါလည်း သူ့ကို မမေးရဘူး…”
သူမက တခြားလူများ၏ အခြေအနေကို အမြဲလိုလို လေးစားတတ်သည်။ သူတို့က မိတ်ဆွေကောင်းများ ဖြစ်သည့်အတွက် သူမက ထိုအရာကို မစပ်စုချင်ပေ။ အကယ်၍ ကျန်းကျိဝေပြောရန် အဆင်သင့်ဖြစ်လာလျှင် အလိုလို ပြောပြမည်သာ ဖြစ်၏။
“ဒီတာဝန်ပြီးသွားရင် သူ ငါတို့ကို ပြောပြမယ်လို့တော့ ပြောတယ်…။ အဲဒါက အရမ်းအရေးမကြီးဘူး ထင်ရတာပဲ…”
မုန့်ချီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။
“သူက လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေပြီ…။ သူက ဘယ်သိုင်းပညာလမ်းကြောင်းကို ရွေးချယ်ရမယ်ဆိုတာ စိုးရိမ်နေတာများလား…။ ဒါမှမဟုတ် ကျိကျန်းဓားစံအိမ်ထဲမှာ တစ်ခုခု ဖြစ်နေတာလား…။ သူက ဓားပညာကို လေ့ကျင့်ဖို့ အာရုံစိုက်ချင်တာလား….”
ရွမ်ယုရှုက စကားတစ်ခွန်းမျှ မပြောဘဲ မုန့်ချီ၏ မျက်နှာကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာပုံပန်းသဏ္ဍာန်က သာမန်သာ ဖြစ်သော်လည်း သူမ၏ မျက်လုံးလေးများကတော့ နက်မှောင်ပြီး တောက်ပနေသည်။ အလွန်နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ ထင်မှတ်ရသည်။ သူမက တိတ်ဆိတ်နေသည့်အတွက် မုန့်ချီက မသက်မသာ ခံစားနေရ၏။
“နှစ်ခုစလုံး ဖြစ်နိုင်တယ်…။ ဘယ်လိုပဲဖြစ်ဖြစ် အခြေအမြစ်မရှိဘဲ တွေးနေတာက အသုံးမဝင်ဘူး…”
သူမပြောချင်သည့် အဓိပ္ပာယ်ကို သိနေသည့်အတွက် မုန့်ချီက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ရ၏။
ထိုအချိန်တွင် သူတို့က အလွန်ရှေးကျပြီး ဝမ်းနည်းဖွယ်ကောင်းသော စောင်းသံတစ်ခုကို ကြားလိုက်ရသည်။ မုန့်ချီက စောင်းသံကြားရာဆီသို့ လျှောက်သွားလိုက်ရာ အတွင်းခြံဝန်းထဲတွင် (၃)ထပ် အိမ်လေးတစ်လုံးကို မြင်လိုက်ရသည်။ တရုတ်ရိုးရာအဆောင်အယောင်များဖြင့် ဆင်ယင်ထားသည့်အတွက် ထိုအရာက သခင်မလေးတစ်ယောက် နေထိုင်သောနေရာ ဖြစ်ပုံရ၏။
“ကြည့်ရတာ မိန်းကလေးကျိုးရဲ့ ခေါင်းထဲမှာ ခံစားချက်တွေ အများကြီး ရှိနေတယ် ထင်တယ်…”
သူက ရွမ်ယုရှု၏ရှေ့တွင် ထိုအရာများကို မပြောချင်ပေ။
ရွမ်ယုရှုက လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး ခဏကြာ နားထောင်နေခဲ့၏။ သူမက ပြောလိုက်သည်။
“ဒီစောင်းသံက အသည်းကွဲနေတဲ့ အသံမျိုးပဲ…။ ဒီအသံက တော်တော်လေးကို လှိုက်လှိုက်လှဲလှဲ ရှိတယ်…။ ဒါက တခြားသူတစ်ယောက်ရဲ့ကိုယ်စား ခံစားနေတာမျိုးလည်း မဟုတ်ဘူး…”
“ဒါဆိုရင် သူ့မှာ ချစ်သူတစ်ယောက်များ ရှိနေတာလား…”
မုန့်ချီက မေးလိုက်သည်။ စောင်းပညာရှင် တစ်ယောက် ဖြစ်သော ရွမ်ယုရှုက သူ့စကားကို ထောက်ခံခဲ့သည့်အတွက် သူလည်း အံ့ဩသွားခဲ့သည်။
ရွမ်ယုရှုက လရောက်တောက်ပနေသော ကြာပန်းရေကန်ကို စိုက်ကြည့်နေခဲ့၏။ သူမက စဉ်းစားပြီး ပြန်ဖြေလိုက်၏။
“သူ့ရဲ့စောင်းသံက ချိုသာတယ်…။ ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတယ်…။ တွေဝေမှုတွေ၊ ရုန်းကန်မှုတွေနဲ့ ပြည့်နှက်နေတယ်…။ ကြည့်ရတာ သူက မချစ်သင့်တဲ့လူတစ်ယောက်ကို သဘောကျနေတယ် ထင်တယ်…”
“နင်က အဲဒီအရာမျိုးကိုတောင် ကြားနိုင်တာလား…”
မုန့်ချီက အလွန်အံ့ဩသွားခဲ့သည်။
“သူ့ရဲ့စကားလုံးတွေက လှည့်စားလို့ ရနိုင်ပေမယ့် စောင်းတီးနေတဲ့အချိန်မှာ သူ့ရဲ့အစစ်အမှန် ခံစားချက်တွေက ထင်ဟပ်နေတယ်လေ…”
ရွမ်ယုရှုက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ နားလည်သွားပြီ…”
သူက ထိုကိစ္စကို ဆက်လက်မေးမြန်းရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။
သူက တစ်ယောက်တည်း တိတ်တဆိတ် စဉ်းစားနေပြီး သူမ၏ကိုယ်ပိုင်ဗျပ်စောင်းသံအား မည်သည့်ခံစားချက်မျိုး ဖြစ်လာမလဲ သိချင်နေခဲ့သည်။ သူက ကျိုးယိချမ်းနှင့် ပတ်သက်သော ဇာတ်လမ်းများကိုလည်း စတင်စဉ်းစားနေခဲ့၏။
“သူက ဆင်းရဲတဲ့ စာသင်သားလေးတစ်ယောက် ၊ သာမန်ရဲမက်လေးတစ်ယောက်ကို ချစ်မိသွားတာလည်း ဖြစ်နိုင်တယ်…။ ဒါပေမယ့် သူ့အဖေက သဘောမတူလို့လား…။ ဒါမှမဟုတ် သူက ခိုးရာလိုက်ပြေးချင်နေပေမယ့် အပြင်ဘက်ကမ္ဘာကြီးကို ကြောက်နေလို့များလား…။ သူက ရန်သူကို ချစ်မိသွားတာလည်း ဖြစ်နိုင်တယ်…”
သူက များပြားလွန်းလှသော ဇာတ်လမ်းများစွာကို စဉ်းစားနေခဲ့သည်။ သူ စကားပြောနေသည့် အချိန်တွင်ပင် ရွမ်ယုရှုကို မော့မကြည့်ခဲ့ပေ။
“ရန်သူ…”
မုန့်ချီက စဉ်းစားနေခဲ့၏။
ထိုအချိန်တွင် သူက ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီး မျက်လုံးပြူးသွားခဲ့၏။ သူက ရွမ်ယုရှုကို အလွန်အံ့ဩနေသည့်အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
“သူ့ရဲ့ချစ်သူက တူဟိုင်ရှန့်များလား…”
မုန့်ချီက အသံတိုးတိုးနှင့် မေးလိုက်မိ၏။
“ဟမ်…”
ရွမ်ယုရှုကလည်း ထိုအရာက ဖြစ်နိုင်ချေရှိသည်ဟု တွေးလိုက်မိသည်။
“တန်းနင်မြို့ကို ပိတ်ထားတယ်…။ နယ်မြေခံတွေအားလုံးကိုလည်း ပိတ်ထားတယ်…။ ဒီတော့ မှော်အရုပ်ပညာနဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေတဲ့ တူဟိုင်ရှန့်ကို ခြေရာခံဖို့ဆိုတာ အရမ်းလွယ်နေသင့်တယ်…။ ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲဆိုတာ ငါတို့လည်း တွေးမိတာလဲ…။ တကယ်လို့ သူကသာ ဒီရဲတိုက်ထဲမှာ ရှိနေတာဆိုရင်ရော…”
မုန့်ချီကတော့ အမှန်တရားနှင့် နီးစပ်လာပြီဟု ခံစားနေရသည်။
“ဒါပေမယ့် သူက သူ့ရဲ့အဖေကို သတ်ပစ်ခဲ့တယ်လေ…”
ရွမ်ယုရှုက အနည်းငယ် မှင်တက်သွားသလို ခံစားလိုက်ရ၏။ အထက်တန်းလွှာ မိသားစုတစ်ခုမှ တရားဝင်သမီးတစ်ယောက်ဖြစ်သည့်အတွက် အသက်(၁၈)နှစ်အရွယ် ရွမ်ယုရှုက ဘာကြောင့်မှန်း နားမလည်နိုင်ခဲ့ချေ။
မုန့်ချီက စဉ်းစားပြီး ပြောလိုက်၏။
“သူက သူ့ကိုချစ်မိသွားတဲ့အချိန်မှာ သူ့ရဲ့အဆင့်အတန်းကို မသိခဲ့တာ ဖြစ်နိုင်တယ်။ ပြီးတော့ သူ့အဖေက ဝတ်ရုံနီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ တူဟိုင်ရှန့်လည်း မရှိခဲ့ဘူးလေ…။ ပြောရမယ်ဆိုရင် သူ့ရဲ့အဖေက သူ့လက်ထဲမှာ သေခဲ့တာမဟုတ်ဘူး…။ ငါက အဲဒါကို စစ်ဆေးကြည့်ရမယ်…”
မုန့်ချီက လုပ်ရပ်ကို အလေးပေးသော လူတစ်ယောက်ဖြစ်ပြီး သံသယဝင်နေသည့် အချိန်တွင် သူမ၏ အခန်းထဲသို့ ဝင်သွားချင်နေခဲ့သည်။
ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်၏။
“ငါက နင့်ကို အပြင်ဘက်မှာ စောင့်နေမယ်…”
ရဲတိုက်၏ အပြင်အဆင်များနှင့် ရင်းနှီးနေသည့်အတွက် သူက မည်သည့်နေရာတွင် ရှိနေကြောင်း မုန့်ချီက သေချာသိနေသည်။ သူက ရေပေါ်တွင် ရှိနေသော ကြာပန်းလေးများကို တိတ်တဆိတ် ဖြတ်ကျော်လာပြီး နံရံပေါ်သို့ ခုန်တက်လိုက်၏။
“သူက ညအချိန် သခင်မလေးရဲ့အခန်းကို ဝင်သွားတယ်…”
ရွမ်ယုရှုကတော့ ထူးခြားသောတာဝန်တစ်ခုကို သတိရသွားသည့်အလား တီးတိုးရေရွတ်လိုက်မိသည်။
မုန့်ချီက စောင်းသံကြားရာသို့ လျင်မြန်စွာရောက်လာပြီး အစောင့်ပေါင်းများစွာကို ကျော်လာခဲ့သည်။ ကျိုးယိချမ်းက အိမ်တော်ထိန်းတစ်ယောက်နှင့်အတူ နေထိုင်ကြောင်း သူက သိနေသည့်အတွက် ဆူညံသံတစ်ခုခု ထွက်လာမည်ဆိုလျှင် ကျိုးဟမ်ဖုန်းက သေချာပေါက် သတိထားမိသွားနိုင်သည်။
သူက အမှောင်တစ်နေရာတွင် ပုန်းအောင်းနေပြီး ထောင့်စွန်းများကိုကန်၍ တောက်တဲ့ တစ်ကောင်ကဲ့သို့ ဖြည်းညင်းစွာ တက်လာခဲ့၏။ အဆောက်အအုံကြီးက အမှောင်ထုကြီးထဲတွင် မည်းမှောင်နေပြီး အခန်းတစ်ခန်းထဲတွင်သာ မှေးမှိန်နေသော အလင်းတန်လေးတစ်ခု ရှိသည်။
စောင်းသံကတော့ ထိုအခန်းထဲမှ ထွက်လာနေခြင်းဖြစ်ပြီး နာကျင်ဝမ်းနည်းဖွယ် အသံများဖြင့် ပြည့်နှက်နေသည်။ မုန့်ချီက ပြတင်းပေါက်ဘေးတွင် ရှိနေသော နံရံဆီသို့ ကပ်သွားခဲ့၏။ သူက အာရုံစူးစိုက်လိုက်သည့်အချိန်တွင် သူ၏အမြင်အာရုံက မြင့်တက်သွားပြီး သူ၏နှလုံးသားထဲတွင်လည်း မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်းသွားသည်။
အခန်းထဲတွင် ရှိနေသော မြင်ကွင်းများကိုလည်း မြင်နေရ၏။ ကျိုးယိချမ်းက စားပွဲပေါ်တွင် ထိုင်နေရင်း ဗျပ်စောင်းကို တီးနေခဲ့သည်။ ရွမ်ယုရှု ပြောသည့်အတိုင်း သူမ၏စောင်းသံက ချိုသာသော်လည်း ဝမ်းနည်းမှုများ ပြည့်နေ၏။ သူမက သူမ၏ ခံစားချက်များကို မသိစေရန် အိမ်တော်ထိန်းကိုတော့ ဘေးအခန်းတွင် အနားယူရန် အမိန့်ပေးထားသည်။ ထိုအခန်းထဲတွင် သူမတစ်ယောက်တည်းသာ ရှိနေ၏။
မုန့်ချီကတော့ အနည်းငယ်လေးပင် လှုပ်ရှားခဲ့ခြင်း မရှိချေ။ သူမ၏ လက်ထဲတွင် အဖိုးတန်လက်နက်များ ပိုင်ဆိုင်ထားသည့်အတွက် အလွန်အန္တရာယ်များကြောင်း သူသိနေသည်။ သူက ကျိုးဟမ်ဖုန်းနှင့် ရင်လန်းဟွေတို့၏ အာရုံစိုက်မှုကို မလိုချင်ပေ။
ကျိုးယိချန်းက ထူးခြားသော လှုပ်ရှားမှုများ ရှိ မရှိ သူက စိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။ အချိန်တော်တော်ကြာ စောင်းတီးနေပြီးနောက် သူမက သက်ပြင်းချလိုက်မိပြီး သူမ၏အင်္ကျီများကို ချွတ်ပေးရန် အစေခံများကို ခိုင်းလိုက်သည်။
မုန့်ချီက ကျိုးယိချမ်းကို ဆက်ပြီး စောင့်ကြည့်နေရန် မသင့်တော်ကြောင်း သိနေသည့်အတွက် သူ၏အာရုံများကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ခဏကြာပြီးနောက် ကျိုးယိချမ်းက အိပ်ရာဝင်ပြီး အစေခံနှစ်ယောက်က အပြင်ဘက်တွင် အိပ်နေခဲ့သည်။ သူမဆီမှ လှုပ်ရှားမှုများ မရှိတော့သည့်အတွက် သူလည်း အပေါ်မှ ပြန်ဆင်းလာခဲ့သည်။
“ဘာမှထူးခြားတာ ဖြစ်မသွားဘူး…”
သူက ရွမ်ယုရှုကို မျက်မှောင်ကြုတ်ကြည့်၍ ပြောလိုက်၏။
“သူက ဘယ်လိုခံစားနေရတာလဲ…”
ရွမ်ယုရှုက ထူးဆန်းစွာ ပြောလိုက်သည်။
သူက အသေးစိတ် အချက်အလက်များကို ရွမ်ယုရှုအား ပြောပြလိုက်၏။
“သူ့ရဲ့ခေါင်းထဲမှာ တစ်ခုခု ရှိနေနိုင်တယ်…။ တကယ်လို့ ငါတို့ကသာ သူ့ကို စောင့်ကြည့်ပြီး တူဟိုင်ရှန့်နဲ့ ဘာမှမပတ်သက်ဘူးဆိုရင် အချိန်တွေ ဖြုန်းသလို ဖြစ်နေလိမ့်မယ်…။ ဒါက ငါတို့ရဲ့ကောက်ချက်ပဲ ရှိနေသေးတယ်လေ…”
ရွမ်ယုရှုက အေးစက်စွာ ပြောလိုက်သည်။
“နင်ပြောတာ ဟုတ်တယ်…”
မုန့်ချီက တိုးတိုးလေး ခေါင်းညိတ်ပြလိုက်၏။
ရွမ်ယုရှု ပြောသည့်စကားက မှန်နေသည်။ သူတို့၏ မူလအစီအစဉ်က ကျိုးဟန်ဖုန်းကို လုပ်ကြံသတ်ဖြတ်ရန် အခွင့်အရေးကို ရှာဖွေရန် ဖြစ်သည်။ သို့သော် သူက အတွင်းခြံဝန်းထဲတွင် နေထိုင်ပြီး ရင်လန်းဟွေ တစ်ယောက်တည်းကိုသာ ဝင်ခွင့်ပေး၏။ ကျန်းရှန်းဟုန်ကပင် အခန်းအပြင်ဘက်မှနေ၍ သတင်းပို့ရပြီး မုန့်ချီတို့ကတော့ သွားရောက်ခွင့်ပင် မရှိကြပေ။
နောက်တစ်နေ့တွင်တော့ မုန့်ချီနှင့် ကျိုးဟမ်တို့က အပြင်ဘက်ခြံဝန်းထဲ၌ ကင်းလှည့်နေစဉ်တွင် ကျန်းရှန်းဟုန်က အလျင်အမြန် ဖြတ်သွားသည်ကို မြင်လိုက်ရ၏။ သူ၏မျက်နှာပေါ်တွင် ဒေါသများပြည့်နှက်နေသည်။
“တပ်မှူး …ဘာတွေဖြစ်နေတာလဲ…”
မုန့်ချီက စိုးရိမ်နေသည့် အမူအရာဖြင့် မေးလိုက်၏။
ကျန်းရှန်းဟုန်က ဖြည်းညင်းစွာ သက်ပြင်းချပြီး ပြောလိုက်၏။
“ရင်လန်းဟွေက သူ့ရဲ့ဂိုဏ်းချုပ်ကို ငါတို့ရဲတိုက်ထဲ ခေါ်လာတယ်။ မြို့စားကလည်း သူနဲ့တွေ့ရတဲ့အတွက် အရမ်းဝမ်းသာနေတယ်။ သူ့ကို ပွေ့ပိုက်ကြိုဆိုနေတယ်လေ…”
ရဲတိုက်ထဲတွင် သူ၏အဆင့်က ခြိမ်းခြောက်ခံနေရပြီး လက်ဝဲမြို့စားက လူထူးဆန်းများကို တဖြည်းဖြည်း ပို၍ လေးစားလာနေသည်။
“ဂိုဏ်းချုပ် ဟုတ်လား…”
မုန့်ချီက အံ့ဩသွားချင်ယောင် ဆောင်လိုက်၏။ မျက်လုံးမှိတ်ထားသော ဂိုဏ်းချုပ်က ရဲတိုက်ထဲသို့ ရောက်လာခြင်းပေလော။ သူတို့ဆီတွင် လျှို့ဝှက်ကြံစည်မှုများ ရှိနေသည့်အပြင် ယခင်တုန်းကထက် ပိုပြီး ပညာရှင်များ များပြားလာသည်။ ထို့ကြောင့် ကျိုးဟန်ဖုန်းကို လုပ်ကြံရန် အခက်အခဲက ပို၍ များပြားလာ၏။
ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်သော ရင်လန်းဟွေက ကျန်းကျိဝေနှင့် တစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင်နိုင်သည်။ သို့သော် သူက အနောက်ပိုင်းသခင်မကဲ့သို့ အစွမ်းထက်ခြင်းမရှိချေ။ ထို့ပြင် မှော်ရုပ်သေးပညာကို ကျွမ်းကျင်နေသည့်အတွက် သူက လူနှစ်ယောက်ကို အနည်းဆုံးထိန်းထားနိုင်၏။
မျက်လုံးမှိတ်နေသော ဂိုဏ်းချုပ်က မုန့်ချီ နီးပါး အစွမ်းထက်သည်။ ထို့ကြောင့် သူ့ကို အနိုင်ရရန် မလွယ်နိုင်ပေ။ ထို့ပြင် သံသရာခရီးသွားတစ်ယောက် ဖြစ်သည့်အတွက် သူ့ဆီတွင် အဖိုးတန်လက်နက်တချို့ ပိုင်ဆိုင်ထားနိုင်၏။
သုံးသပ်ကြည့်လိုက်ပြီးနောက် မုန့်ချီတို့အဖွဲ့က သူတို့နှင့် လန်းတျယ်ကို ရင်ဆိုင်ရန် ခက်ခဲကြောင်း တွေ့လိုက်ရသည်။ ဝေ့ကျင်းအဆင့် ရှိနေသော ကျိုးဟန်ဖုန်းကို သတ်ပစ်ရန်ကတော့ ဆိုဖွယ်ရာပင် မရှိချေ။ အကယ်၍ သူတို့ကသာ လမ်းလွှဲခြင်း နည်းစနစ်ကို ကျင့်သုံးလိုက်မည်ဆိုလျှင်လည်း တစ်ကြိမ်လျှင် ရန်သူတစ်ယောက်ကိုသာ လမ်းလွှဲနိုင်သည်။
“ဟုတ်တယ်…။ စဉ်းစားကြည့်လိုက်မယ်ဆိုရင် လျှို့ဝှက်ဆန်းကြယ်တဲ့ ရန်သူတွေကလည်း တန်းနင်မှာ ရှိနေသေးတယ်…”
ကျန်းရှန်းဟုန်က ဒေါသတကြီး ပြောလိုက်၏။
မုန့်ချီကတော့ သူ၏မျက်နှာကို ပတ်တီးစည်းထားခြင်း မရှိတော့သည့်အတွက် ကြောက်စရာကောင်းသောမျက်နှာကြီး ပေါ်နေခဲ့သည်။
“သူတို့တွေမှာ သေချာပေါက် အကြံအစည်တွေ ရှိနေနိုင်တယ်…။ ကျွန်တော်တို့က မြို့စားကြီးကို ကာကွယ်ပေးဖို့အတွက် သူတို့ရဲ့ရည်ရွယ်ချက်ကို ဖော်ထုတ်ဖို့လိုတယ်…”
သူက ပြောလိုက်သည်။
“ဟုတ်တယ်…”
ကျန်းရှန်းဟုန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ ပြောရမည်ဆိုလျှင် သူက ရင်လန်းဟွေနှင့် တခြားသူများကို စုံစမ်းရန် မုန့်ချီကို တာဝန်ပေးချင်ခဲ့၏။
ကျန်းရှန်းဟုန် ထွက်သွားပြီးနောက် မုန့်ချီက လက်နောက်ပစ်၍ စဉ်းစားနေခဲ့သည်။ သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
“ငါတို့က ထပ်ပြီး စောင့်နေလို့ မဖြစ်တော့ဘူး…။ တကယ်လို့ ငါတို့ကသာ အခွင့်အရေးကို ဆက်ပြီး စောင့်နေမယ်ဆိုရင် ကျိုးဟန်ဖုန်းက ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး…”
“ငါတို့နှစ်ယောက်က ငါးစာအဖြစ် သူတို့ကို အာရုံလွှဲနေတဲ့အချိန်မှာ ကျန်တဲ့(၃)ယောက်က ကျိုးဟန်ဖုန်းကို လုပ်ကြံကြမလား…”
ကျိုးဟမ်က ပြတ်သားစွာပြောလိုက်၏။
“ငါတို့က တူဟိုင်ရှန့်ကို ရှာဖွေဖို့အတွက် ကျိုးယိချမ်းကို တွန်းအားပေးသင့်တယ်…။ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ပဲ…။ ငါတို့ကသာ သူ့ကို ကုသဖို့ နည်းလမ်းတစ်ခု ရှာနိုင်မယ်ဆိုရင် အရာအားလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားနိုင်တယ်…”
မုန့်ချီကတော့ စိုးရိမ်ထိတ်လန့်နေခဲ့ခြင်း မရှိချေ။
“မင်းရဲ့အစီအစဉ်က ဘာလဲ…”
ကျိုးဟမ်က မေးလိုက်၏။
မုန့်ချီက မသေမချာသာ ပြောလိုက်၏။
……………..
နောက်တစ်နေ့တွင်…
ကျိုးယိချမ်းက သူမ၏အိမ်တော်ထိန်း၊ အစေခံများနှင့် အပြင်သို့ ထွက်လာခဲ့သည်။
မုန့်ချီက သူ့ဘေးတွင် ရှိသော ချီကျန်းရန်ကို ပြောလိုက်သည်။
“အစ်ကိုချီ….
ဒီမှာ ဘယ်သူမှမရှိတဲ့အချိန် သူ့ရဲ့အခန်းထဲမှာ ပုန်းနေပါ…။ ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ လျှို့ဝှက်လမ်းကြောင်းတွေကို ရှာကြည့်ပါ…။ ကျိုးယိချန်းပြန်လာတဲ့အချိန်ကျရင် သူ့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်လို့ရတယ်…”
“ကောင်းပြီလေ…”
ချီကျန်းရန်က ထိုအစီအစဉ်ကို လက်ခံလိုက်သည်။
မုန့်ချီကတော့ သူ၏မျက်နှာကိုကြည့်ပြီး စနောက်လိုက်၏။
“သခင်မလေးတစ်ယောက်ရဲ့ အိပ်ခန်းထဲမှာ စိတ်ဝင်စားစရာတွေ ပြည့်နေတယ်…။ အစ်ကိုချီက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပါ…”
ချီကျန်းရန်က မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
မုန့်ချီကတော့ ပြုံးလိုက်ပြီး သူ ပုန်းအောင်းသည့်နေရာသို့သွား၍ ရဲတိုက်ထဲမှ ထွက်သွားခဲ့သည်။ သူက ဝတ်စုံကို ပြောင်းလိုက်ပြီး ကြောက်စရာကောင်းသော မျက်နှာပေါ်တွင် ဆေးရောင်စုံများ ခြယ်လိုက်၏။
…………..
ကျိုးယိချမ်းက တန်းနင်မြို့ထဲရှိ အစည်ကားဆုံးလမ်းမများထဲတွင် ဦးတည်ရာမဲ့ လျှောက်သွားနေသည်။ မကြာခဏဆိုသလို သူမက အသုံးအဆောင်တစ်ခု ယူလိုက် ပြန်ချလိုက် ဖြစ်နေခဲ့၏။
သူမ၏ အိမ်တော်ထိန်းနှင့် အစေခံများက သူမ၏ခံစားချက်များကို သိနေသည့်အတွက် မည်သူကမျှ နှောင့်ယှက်ရဲခြင်းမရှိဘဲ နောက်မှ တိတ်တဆိတ် လိုက်လာကြသည်။
ထိုအချိန်တွင် သူမ၏ရှေ့၌ သက်လတ်ပိုင်း လူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏မျက်နှာတွင် ဆေးရောင်စုံများ ရှိနေသည်။ သူ့လက်ထဲတွင်တော့ အဖြူရောင် အဝတ်ပတ်ထားသော ဝါးတစ်ချောင်းကို ကိုင်ထားပြီး ထိုအဝတ်ပေါ်တွင် စာသားများ ကိုင်ထားသည်။
“ငါ့ကိစ္စကလွဲရင် အရာအားလုံးကို မေးမြန်းနိုင်တယ်…။ ငါ့ရဲ့တွက်ချက်မှုတွေက မှန်ကန်တယ်ဆိုတာ သက်သေပြနိုင်တယ်…။ နှလုံးသားရေးရာအပြင် ငါက လက်ထပ်ထိမ်းမြားမှုတွေကို တွက်ချက်ပေးနိုင်တယ်…။ ငါ့ရဲ့တွက်ချက်မှုတွေကလည်း မှန်ကန်တယ်ဆိုတာ သက်သေခံတယ်…”
ကျိုးယိချန်းက ရှေ့ဖြစ်ဟောဆရာကို အဝေးသို့ မောင်းထုတ်ရန် သူမ၏ အိမ်တော်ထိန်းကို ခိုင်းတော့မည့်အချိန်တွင် ရှေ့ဖြစ်ဟောဆရာက သူမကိုကြည့်ပြီး ခေါင်းခါ၍ အကြိမ်ကြိမ် ပြောလိုက်၏။
“တော်တော်သနားစရာကောင်းတဲ့ သခင်မလေးပဲ…။ ဉာဏ်ကောင်းပေမယ့် လူမှားပြီး ချစ်မိနေပြီ…”
ထိုစကားကြောင့်် သူမက နွေခေါင်ခေါင် မိုးကြိုးအပစ်ခံရသလို ခံစားလိုက်ရသည်။ သူမက သတိပြန်ဝင်လာသည့်အချိန်တွင် ရှေ့ဖြစ်ဟောဆရာက ထွက်သွားသည်ကို မြင်လိုက်ရသည်။
“ဆရာကြီး…
ကျေးဇူးပြုပြီး ခဏစောင့်ပါဦး…”
သူမ၏ နှုတ်ဖျားမှနေ၍ ထိုစကားလုံးများ ထွက်လာခဲ့လေသည်။
Translated by Hein Htet