← Chapters

အခန်း (၄၃၈)

Vol. 30 Ch. 438

အခန်း (၄၃၈)

Vol. 30 Ch. 438

“မင်းက ငါ့ကိုခေါ်တာလား…”

မုန့်ချီက ခန္ဓာကိုယ်တစ်ပိုင်း ပြန်လှည့်လိုက်သည်။ သူမကို ကြည့်ရသည်မှာ တူဟိုင်ရှန့်က မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ဟု ပြောဆိုချင်နေပုံ ရ၏။ သူ့စကားကို ကြားသည့်အခါ သူမက သူ့ကို တားဆီးထားလိုက်သည်။

“သခင်မလေး…”

သူမ၏ အိမ်တော်ထိန်းက တားဆီးရန် ကြိုးစားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမက အလားတူ ရှေ့ဖြစ်ဟောဆရာများစွာကို တွေ့ခဲ့ဖူး၏။ သူတို့က လူများ၏ စိတ်ကို ဖတ်ရှုရာတွင် အလွန်တော်သောသူများသာ ဖြစ်ကြသည်။

သူတို့က လူများကို အရူးလုပ်ပြီး စကားပြောရာတွင် ကျွမ်းကျင်ကြ၏။ အကယ်၍ ထိုလူများက ကြောက်လန့်သွားသလို ခံစားရမည်ဆိုလျှင် သူတို့၏အလုပ် တစ်ဝက်ပြီးသွားပြီ ဖြစ်သည်။

ကျိုးယိချမ်းက သူမ၏ခေါင်းကို အနည်းငယ် ခါလိုက်ပြီး အိမ်တော်ထိန်းကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ သူမက သူ့ကို ယုံကြည်ရန် ရွေးချယ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူပြောလိုက်သည့် စကားလုံးများက သူမ၏ အကြီးမားဆုံး လျှို့ဝှက်ချက်များ ဖြစ်သည်။ လူတိုင်းတွင် ကိစ္စတစ်ခု ရှိနေသည်ဆိုလျှင် သူတို့က စိုးရိမ်သလို ခံစားကြရပါလိမ့်မည်။ ကျိုးယိချမ်းကလည်း အတူတူသာ ဖြစ်၏။

သူမက ပင့်သက်ရှိုက်ပြီး ပြောလိုက်သည်။

“ဆရာကြီး ကျွန်မက ကျွန်မရဲ့ အိမ်ထောင်ရေးအခြေအနေကို စစ်ဆေးကြည့်ချင်တယ်”

“မစစ်ဆေးပါနဲ့။ မလိုပါဘူး…”

မုန့်ချီကတော့ သူမနှင့် ကစားချင်နေခဲ့၏။

သူက လက်နှစ်ဖက်ကို လှုပ်ရှားပြီး အလျင်အမြန် ပြောလိုက်သည်။

“မိန်းကလေး…

မင်းက ဝမ်းနည်းမှုပဲ ရလာနိုင်တဲ့ အရာမျိုးကို ပိုက်ဆံအကုန်ခံပြီး သိချင်နေတာလား…။ ငါက ဒီအတွက်ကြောင့် မင်းရဲ့ ငွေကြေးကို လက်မခံနိုင်ဘူး…”

သူက ဝါးတုတ်တံကို လေထဲသို့ မြှောက်လိုက်သည်။ ထိုအရာက အိမ်ထောင်ရေးနှင့် နှလုံးသားရေးရာ ကံကြမ္မာများကို တိုင်းတာနိုင်သောဘက်ကို ပြသလိုက်၏။

ထိုလုပ်ရပ်ကြောင့် သူမက ပို၍ပင် စိတ်ဝင်စားခဲ့ပြီး တခြားလူများကလည်း စိတ်ဝင်စားလာကြသည်။ ချက်ချင်းပင် ကျိုးယိချမ်း၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူမက တုန်ယင်နေသော လေသံနှင့် ပြောလိုက်သည်။

“ကျေးဇူးပြုပြီး …ခဏရပ်ပါဦး ဆရာကြီး…။ ကျွန်မက တစ်ယောက်တည်း စမ်းတဝါးဝါးဖြစ်နေတာထက် ဝမ်းနည်းမှုကို သိရတာက ပိုပြီးတော့ ကောင်းပါတယ်…။ ပြင်ဆင်ထားမယ်ဆိုရင် ကျွန်မက ဆိုးရွားမှုကို ကာကွယ်နိုင်ပါသေးတယ်…”

သူမ၏ အိမ်တော်ထိန်းနှင့် အစေခံများက အချင်းချင်း အံ့အားသင့်စွာ ကြည့်နေမိကြသည်။ သူတို့၏သခင်မလေးက ကံကြမ္မာဆိုးတစ်ခုကို ကြုံရတော့မည်ဟု သူတို့လည်း ခံစားနေရ၏။ သူတို့က ဘာလုပ်ရမလဲ မသိကြချေ။

အစေခံများက သခင်မလေးကို သီးခြားဖျောင်းဖျသင့်မည်လော သို့မဟုတ် သူတို့က ထိုသတင်းကို သခင်မကြီးနှင့် မြို့စားမင်းဆီသို့ ချက်ချင်းပြန်ပြောရမည်လော။

“ဒါဆိုလည်း ကောင်းပြီလေ…။ အများအကျိုးကို ဆောင်ရွက်တတ်တဲ့သူ တစ်ယောက် ဆိုမှတော့ ငါက မင်းကို အကြံပေးချင်တယ်…။ မယူသင့်တဲ့အရာကို ယူဖို့ မကြိုးစားပါနဲ့…။ မဟုတ်ရင် မင်းကိုယ်တိုင် မင်းရဲ့မိတ်ဆွေနဲ့ ဆွေမျိုးတွေကို ထိခိုက်စေလိမ့်မယ်…။ မင်းက သူ့ကို မြန်မြန်စွန့်လွှတ်လိုက်လေလေ မင်းအတွက် ပိုပြီးကောင်းလေလေပဲ…။ တကယ်လို့ မင်းတို့ရဲ့ ဆက်သွယ်မှုကို မဖြတ်ဘူးဆိုရင်တောင် တစ်ရက် နှစ်ရက်အတွင်း မင်းတို့ရဲ့ပတ်သက်မှုက အဆုံးသတ်သွားလိမ့်မယ်…”

သူကတော့ ထိုစကားများကို ပြောလိုက်ပြီးနောက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။ ထို့နောက် လူအုပ်ကြီးထဲတွင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။ သူမက သူ့အတွက်တော့ မည်သည့်အရာမျှ မဟုတ်သလို ထင်မှတ်ရ၏။ သူက ငွေကြေးတစ်စုံတစ်ရာပင် တောင်းဆိုခဲ့ခြင်း မရှိချေ။

ထိုအရာကို မြင်သည့်အခါ ကျိုးယိချမ်းက အိပ်မက် မက်နေသည့်အလား ထင်မှတ်နေမိခဲ့သည်။

“သူက ကျွန်မတို့ကို ပိုက်ဆံမတောင်းခဲ့ဘူးလား…။ သူက ရှေ့ဖြစ်ဟောဆရာ တစ်ယောက်အစား ဒီကမ္ဘာကြီးထဲကို ရောက်လာတဲ့ ပညာရှင်တစ်ယောက်လို ချက်ချင်း ထွက်သွားခဲ့တာလား…”

သူမ၏အစေခံများက တီးတိုးပြောနေကြသည့်အတွက် သူမလည်း မှင်တက်နေရာမှ သတိပြန်ဝင်လာခဲ့သည်။ အကြိမ်ပေါင်းများစွာ လှုပ်ရှားသွားပြီးနောက် သူမက သတိလစ်သွားတော့မလို ထင်မှတ်ရ၏။

“သခင်မလေး အဆင်ပြေရဲ့လား…”

သူမ၏အိမ်တော်ထိန်းက သူမကို အလျင်အမြန် ထိန်းပေးလိုက်သည်။

သက်ပြင်းချလိုက်ပြီးနောက် ကျိုးယိချမ်းက ဖြူဖပ်ဖြူရော် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

“ကျွန်မက ခေါင်းမူးသလို ခံစားနေရတယ်…။ ပြန်ကြစို့…”

အိမ်တော်ထိန်းက အစေခံများကို လှည့်ကြည့်လိုက်ပြီး သူမကို တွဲထားရန် သတိပေးလိုက်သည်။ ရှေ့ဖြစ်ဟောဆရာ၏စကားအရ သူတို့ သခင်မလေး၏ ဆိုးဝါးသော ကံကြမ္မာက (၂)ရက် (၃)ရက်အတွင်း အဆုံးသတ်သွားမည် ဖြစ်သည်။

ထို့ကြောင့် သူမက ထိုသတင်းကို မြို့စားမင်း ဇနီးမောင်နှံဆီသို့ မပြောရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သခင်မလေးကို ဂရုမစိုက်သည့်အတွက် အပြစ်ပေးခံရနိုင်သည်။ ထိုသတင်းကို သူတို့ဘာသာ ထိန်းချုပ်ထားသည်မှာ အကောင်းဆုံးဖြစ်၏။

လမ်းထဲမှ ထွက်လာပြီးနောက် မုန့်ချီက အဝတ်အစားများကို လဲလှယ်လိုက်ပြီး မြို့စားရဲတိုက်ဆီသို့ ပြန်လာခဲ့သည်။ ကျိတောင်ကဲ့သို့ သူက ခေါင်းကိုမော့ပြီး ကင်းလှည့်နေခဲ့၏။

ထိုအချိန်တွင် ရဲမက်များကတော့ ပျင်းရိပြီး သန်းဝေနေကြကြောင်း မြင်လိုက်ရသည့် အချိန်တွင် သူတို့ကို ကြိမ်းမောင်းလိုက်သည်။

………

တဖြည်းဖြည်းနှင့် ညအချိန်ရောက်လာပြီး ကောင်းကင်ကြီးပေါ်တွင် လမင်းကြီး ထိန်ထိန်သာနေသည်။ မုန့်ချီကတော့ အနောက်ဘက်နံရံနှင့် အတွင်းခြံဝန်းကြားထဲတွင် ရှိနေသော ကျောက်တုံးများ ပတ်ချာလည်တွင် ကင်းလှည့်နေသည်။

သိပ်မကြာခင် မုန့်ချီက နံရံကို ကျော်လာသော အရိပ်တစ်ခုကို သတိထားမိခဲ့ပြီး ကျောက်တုံး၏နောက်တွင် ပုန်းနေခဲ့သည်။

ထို့နောက် မုန့်ချီ၏အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ အဖွဲ့တစ်ဖွဲ့ကို လက်ညှိုးထိုး၍ ဆူပူလိုက်သည်။

“အချိန်ဖြုန်းမနေနဲ့…။ ဟိုနေရာကိုသွားပြီး စစ်ဆေးကြည့်လိုက်စမ်း…”

ရဲမက်များက ဆင်ခြေမပေးရဲဘဲ သူ့အမိန့်ကို နာခံလိုက်ရ၏။ သူတို့၏အရှိန်ကလည်း တဖြည်းဖြည်း မြန်လာကြသည်။

သူတို့ထွက်သွားသည်ကို မြင်သည့်အခါ မုန့်ချီက ကျောက်တုံးများဆီကို လက်နောက်ပစ်၍ လျှောက်သွားခဲ့သည်။

“အစ်ကိုချီ … တစ်ခုခုတွေ့ခဲ့ရလို့လား..”

ချီကျန်းရန်က ကျောက်တုံးများနောက်မှ ထွက်လာပြီး မုန့်ချီ၏ဘေးတွင် ရပ်နေခဲ့သည်။ သူက မုန့်ချီနှင့် ကင်းလှည့်ရန် တစ်ချိန်လုံး အတူတူ ရှိနေသူတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

“အခန်းထဲကို ပြန်လာတဲ့အချိန်မှာ သူ့ရဲ့အိမ်တော်ထိန်းနဲ့ အစေခံတွေကို အဝေးနှင်ထုတ်လိုက်ပြီး တစ်ယောက်တည်း ထိုင်နေခဲ့တယ်…။ အဲဒီနောက်မှာတော့ သူက လျှို့ဝှက်တံခါးတစ်ချပ်ကို ဖွင့်ခဲ့တယ်…”

“အဲဒါက လျှို့ဝှက်လမ်းကြောင်းတစ်ခုပဲ…”

တူဟိုင်ရှန့်က ထိုနေရာတွင် ရှိနေမည်ဖြစ်ကြောင်း မုန့်ချီက သေချာနေခဲ့သည်။ မဟုတ်လျှင် ထိုကဲ့သို့ လျှို့ဝှက်အခန်းတစ်ခုကို အသုံးပြုရန် မလိုအပ်ချေ။

ကျောက်စိမ်းပုံရိပ်ယောင် လက်ဝါး၏ ခြေလှမ်းသိုင်းနှင့် ပုံရိပ်ယောင်ကိုယ်ဖော့ပညာကို လေ့ကျင့်လိုက်ပြီးနောက် မုန့်ချီက သူ၏ကိုယ်ဖော့ပညာအပေါ် အတော်လေး ယုံကြည်ချက်ရှိနေသည်။

ထို့ကြောင့် သူက အခြေအနေကို နားလည်သွားပြီးနောက် အသံတိုးတိုးနှင့် ပြောလိုက်၏။

“အစ်ကိုချီ …

ကျွန်တော့်အတွက် အခြေအနေကို စောင့်ကြည့်ပေးပါ…။ ကျွန်တော်က သူ့ကို အတွင်းထဲမှာ ချက်ချင်း သွားရှာကြည့်လိုက်မယ်…”

သူတို့က နံရံကို တိတ်တဆိတ် ဖြတ်ကျော်လာပြီး အမွှေးရနံ့များ သင်းပျံ့နေသော ဥယျာဉ်ကို ဖြတ်၍ ကျိုးယိချမ်း၏ စံအိမ်ဆီကို ရောက်လာခဲ့သည်။ အပြင်ဘက် အမှောင်ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး ချီကျန်းရန်ကတော့ အရေးပေါ်အခြေအနေတွင် သူ့ကို ကူညီပေးရန် ပြင်ဆင်နေခဲ့သည်။

မုန့်ချီကတော့ တောက်တဲ့တစ်ကောင်ကဲ့သို့ နံရံပေါ်ကို တိတ်တဆိတ် တက်သွားခဲ့၏။ မျက်စိတမှိတ်အတွင်း သူက အခန်းနားသို့ ရောက်သွားခဲ့သည်။ ထိုအချိန်တွင် ကျိုးယိချမ်းကတော့ စားပွဲခုံတစ်ခုံ၏ နောက်တွင် တွေဝေစွာ ထိုင်နေကြောင်း တွေ့လိုက်ရပြီး သူမက စိတ်မပါ လက်မပါနှင့် စောင်းတီးနေခဲ့သည်။

“သူက အချိန်အကြာကြီး နိုးနေနိုင်သေးတယ်…ငါဘာလုပ်ရမလဲ…”

မုန့်ချီက တစ်ယောက်တည်း တွေးနေမိ၏။

သူက ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ အိမ်တော်ထိန်းနှင့် အစေခံများ၏ တည်နေရာကို စစ်ဆေးမိခဲ့သည်။ တစ်ချိန်တည်းတွင် အထဲကို မည်ကဲ့သို့ ဝင်ရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့၏။ သူက လက်ဝါးနှင့် အသာအယာ ရိုက်ချလိုက်သည်။ ချီစွမ်းအင်များ ထွက်ပေါ်လာသည့်အချိန်တွင် ပြတင်းပေါက်ကို လှုပ်ရှားလိုက်ပြီး ညင်သာစွာ အောက်သို့ လျှောချလိုက်၏။

မုန့်ချီက ပြတင်းပေါက်ကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်ပြီး အသံတစ်စက်မျှမထွက်စေပဲ အတွင်းထဲကို ဝင်လိုက်သည်။ တစ်ချိန်တည်းတွင် သူက ပြတင်းပေါက်ရှိရာကို လက်ရွယ်ပြီး လှမ်းပိတ်လိုက်၏။ အသံအနည်းငယ်လေးသာ ထွက်လာခဲ့၏။

ထို့နောက် သူ၏ချီစွမ်းအင်များကို အသုံးချပြီး မည်သည့်နေရာတွင် ရှိနိုင်ကြောင်း စဉ်းစားနေခဲ့သည်။ တဖန် သူက မြွေတစ်ကောင်ကဲ့သို့ ပြောင်းလဲပြီး စောင်အတိုင်း အပေါ်ဘက်ကို တက်သွားခဲ့၏။

လေတိုက်လာသည့်အတွက် ကျိုးယိချမ်းက တစ်ကိုယ်လုံး အေးသွားသလို ခံစားလိုက်ရသည်။ သူမက ပြတင်းပေါက်ကို လှည့်ကြည့်လိုက်ရာ ထိုအရာက ပိတ်နေသေးကြောင်း တွေ့လိုက်ရ၏။

“ငါက စိတ်ကူးယဉ်နေတာပဲ ဖြစ်မှာပါ…”

သူမက ခါးသီးစွာ ပြုံးလိုက်၏။

တိတ်ဆိတ်ငြိမ်သက်သော အခြေအနေတွင် သူကတော့ သူမ၏ရှေ့တွင် တွားသွားနေခဲ့၏။ သူ့နောက်ကျောတွင်တော့ ချွေးများ စိုရွှဲနေသည်။ သူက စားပွဲခုံကို တိတ်တဆိတ် ဖြတ်ကျော်သွားပြီး ကန့်လန့်ကာ၏ အနောက်တွင် ပုန်းနေခဲ့၏။

ကျိုးယိချမ်းက စောင်းကို စိုက်ကြည့်နေရင်း နောက်တစ်ချိန် မှင်တက်သွားမိပြန်သည်။

ထိုအချိန်တွင် မုန့်ချီက ပါးစပ်ဟလိုက်ပြီး လေကို ဖြည်းညင်းစွာ ရှူလိုက်၏။ သူက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး သူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်၍ သူမ၏အာရုံများကို နှောင့်ယှက်ရန် ကြိုးစားလိုက်သည်။

မုန့်ချီ လုပ်ဆောင်ခဲ့သည့်အရာများက အလွန်ရိုးရှင်းလှ၏။ အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်က သူ၏ခန္ဓာကိုယ်နှင့် ချီစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း မြင့်မားသည့်အတွက် ပုံစံမျိုးစုံ ပြောင်းလဲနိုင်သည်။ ကျိုးယိချမ်းသာ နိုးနေဦးမည်ဆိုလျှင် သူမ၏ အိမ်တော်ထိန်းက ဤနေရာကို ရောက်လာနိုင်သေးသည်။

မမြင်နိုင်သော နယ်ပယ်အဆင့်မရှိဘဲ သူက အချိန်ကိုက်လှုပ်ရှားရန် မဖြစ်နိုင်ပေ။ အကယ်၍ သူက သူမ၏အာရုံများကို စစ်ဆေးရန် စိတ်ဝိညာဉ်စွမ်းအားကို သုံးလိုက်မည်ဆိုလျှင်လည်း အလုပ်မဖြစ်နိုင်ပေ။ သို့သော် စိတ်ဝိညာဉ်စွမ်းအား အမြောက်အများ ကုန်ဆုံးသွားပြီးနောက် မုန့်ချီက အတော်လေး အဆင်ပြေလာခဲ့သည်။

ခဏကြာ စွမ်းအားပြန်ဖြည့်လိုက်ပြီးနောက် သူက ကန့်လန့်ကာထဲမှ ထွက်လာခဲ့ပြီး ကျိုးယိချမ်း၏ နောက်တွင် ရပ်၍ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်စီးကျင့်စဉ်ကို သုံးလိုက်၏။

ယခုတော့ အခန်းထဲတွင် ရှိနေသော မြင်ကွင်းများက အတော်လေး ရှင်းလင်းလာသည်။ စားပွဲတွင် ထိုင်နေသော အနီဝတ်သခင်မလေးက ဝမ်းနည်းပြီး တစ်ခုခုကို တွေးနေပုံ ရသည်။ ရဲမက်ဝတ်စုံဝတ်ထားသော လူတစ်ယောက်ကတော့ လျှို့ဝှက်တံခါးကို ဖွင့်ရန်အတွက် အေးအေးဆေးဆေး ရှာနေပုံ ရသည်။ သူတို့က မည်သည့်အသံမျှ ထွက်လာခြင်း မရှိချေ။ သူတို့က လျှို့ဝှက်သဘောတူညီမှုတစ်ခု ရခဲ့၏။

အရာအားလုံး သေချာသွားပြီးနောက် ချီကျန်းရန်၏စကားအရ မုန့်ချီက သိပ်မကြာခင် အစိမ်းရောင်ကျောက်စိမ်းအိုးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာကို လက်နှင့် ဖိလိုက်ရာ လျှို့ဝှက်တံခါးတစ်ခု တိတ်တဆိတ် ပွင့်လာခဲ့၏။

ထိုနေရာကလည်း လျှို့ဝှက်လှသည်။ မဟုတ်လျှင် အစောပိုင်းကတည်းက သူမ၏အိမ်တော်ထိန်းက ရှာတွေ့သွားနိုင်၏။ ခဏကြာ စဉ်းစားပြီးနောက် သူက သူ၏အငွေ့အသက်များကို ကျိုးယိချမ်း၏ ပုံသဏ္ဍာန်ပြောင်းလဲလိုက်ပြီး တံခါးထဲသို့ လှစ်ခနဲ ဝင်သွားခဲ့သည်။

တံခါး၏နောက်ဘက်တွင်တော့ သစ်သားလှေကားတစ်ခု ရှိနေပြီး မုန့်ချီက ထိုလှေကားပေါ်မှ ဆင်းလာခဲ့၏။ သူက အောက်ကို တိတ်တဆိတ်ဆင်းလာပြီး နောက်ဆုံးတွင်တော့ ညလင်းပုလဲလုံးများ ရှိနေသော နေရာတစ်ခုကို ရောက်လာခဲ့သည်။

“သခင်မလေး…”

သူ့နားထဲတွင် ကြည်လင်နေသော အသံတစ်ခု ပေါ်လာခဲ့သည်။

သူက မမြင်နိုင်သော နယ်ပယ်အဆင့်ကို ရောက်နေသော်လည်း ဖြစ်ခဲ့သည့်အရာများကို သတိမထားမိခဲ့သေးပေ။ သူက ဝတ်ရုံနီတပ်ဖွဲ့၏တံဆိပ်ကို ပြချင်ခဲ့သည်။

ထိုအချိန်တွင် ယောကျ်ားတစ်ယောက်၏ အသံထွက်ပေါ်လာခဲ့ပြီး သူက အလွန်အံ့ဩဒေါသထွက်နေပုံ ရသည်။

“မင်း…”

စကားပြောသူက သူ့ကို လက်သီးနှင့် ထိုးလိုက်သည်။ ထိုအချိန်တွင် အနီးအနား၌ ရှိနေသော လေလှိုင်းများက စုစည်းသွားပြီး မုန့်ချီကို ဖိနှိပ်ထားခဲ့၏။ တူဟိုင်ရှန့်က ငြိမ်းချမ်းရေးကောင်းကင်သခင်ဟူသော နာမည်နှင့် ကိုက်ညီလှသည်။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသည်ကိုပင် သူက အစွမ်းထက်နေသေး၏။

မုန့်ချီကတော့ အလွန်တည်ငြိမ်အေးချမ်းသော အမူအရာနှင့် သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး လှမ်းထိုးလိုက်၏။ မုန့်ချီက ဆုံးဖြတ်ချက် မှားယွင်းသွားသလို ထင်မှတ်ရသည်။ သူ၏ တိုက်ခိုက်မှုက ပစ်မှတ်ကို မထိချေ။ သူ၏တိုက်ခိုက်မှုက လေထဲတွင် ရောက်နေပြီး ပတ်ပတ်လည်တွင် အေးခဲနေသော လေလှိုင်းများက ပျောက်ကွယ်၍ လက်သီးကို ဖယ်ထုတ်လိုက်သည်။

တူဟိုင်ရှန့်က နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ် သူက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ကျန်းရှန်က ငါ့ကို ကူညီဖို့ မင်းကို ဖိတ်ခေါ်ထားခဲ့တာလား…”

မုန့်ချီတို့အဖွဲ့က သွေးသောက်ညီအစ်ကို (၁၀)ယောက်ထဲတွင် နံပါတ်(၂)ဖြစ်သော ကျန်းရှန်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ ကျန်းရှန်က ဝတ်ရုံနီတပ်ဖွဲ့၏ ဒုခေါင်းဆောင်လည်း ဖြစ်၏။

ယခုတော့ မုန့်ချီက သူပေးလိုက်သောတံဆိပ်ကို အပြုံးနှင့် ထုတ်ပြလိုက်သည်။

“ဟုတ်တယ်…။ ခင်ဗျားက ငြိမ်းချမ်းရေးကောင်းကင်ဘုရင် တူဟိုင်ရှန့်လား…”

မုန့်ချီက ထူးဆန်းသော ကျောက်စိမ်းပြားကို တူဟိုင်ရှန့်ဆီသို့ ပစ်ပေးလိုက်သည်။ အသက်(၃၀)အရွယ်တွင် တူဟိုင်ရှန့်က အတော်လေးကို ချောမောခန့်ညားပြီး ရွှေရောင်မျက်လုံးတစ်စုံနှင့် မျက်ခုံးကြားထဲတွင် ဒေါင်လိုက်မျဉ်းကြောင်းတစ်ခု ရှိသည်။

ခဏကြာစဉ်းစားပြီးနောက် သူက ဦးညွှတ်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ဟုတ်ပါတယ်…။ မိတ်ဆွေရဲ့နာမည်ကို သိလို့ရမလား…”

“ငါ့ကို ဝမ်လို့ပဲခေါ်ပါ…”

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

“ငြိမ်းချမ်းကောင်းကင်ဘုရင်တူ …

ဒီနေရာက အရမ်းအန္တရာယ်များတယ်…။ ဒါကြောင့် ဖြစ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ လိုမယ်…”

တူဟိုင်ရှန့်၏ ဖြူဖျော့ဖျော့အသားရောက်အောက်တွင် အနက်ရောင်ပိုးကောင်များ သွားလာနေပြီး သူ့ကို အသက်ရှင်ဖို့ အခွင့်အရေးမရှိစေရန် တိုက်ခိုက်နေသည်။

သူက ပင့်သက်ရှိုက်လိုက်ပြီးနောက် ပြောလိုက်၏။

“ဟုတ်တယ် ။ ဒါပေမယ့် ငါက ဒီနေရာကနေ ထွက်မသွားခင် အသက်ကယ်ပေးခဲ့တဲ့ သခင်မလေးယိကို ကျေးဇူးတင်ရဦးမယ်…”

“ကောင်းကင်ဘုရင်တူ …

သူ့ရဲ့နာမည်အပြည့်အစုံကိုသိလား…”

မုန့်ချီက ဓားကို တင်းတင်းဆုပ်ကိုင်ထားသေးသည်။

တူဟိုင်ရှန့်က ခေါင်းခါလိုက်ပြီး ရှုပ်ထွေးစွာ မေးလိုက်၏။

“ငါက ဘာလို့ သိသင့်တာလဲ…”

“သူက ကျိုးယိချမ်းလို့ခေါ်တယ်…”

မုန့်ချီက ပြောလိုက်၏။

တူဟိုင်ရှန့်၏ မျက်လုံးများက အေးစက်သွားပြီး ပင့်သက်ရှိုက်လိုက်မိသည်။ ခဏကြာပြီးနောက် သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“နတ်ဘုရားတွေက ငါတို့ကို လှည့်စားခဲ့တာပဲ…”

“ခင်ဗျားက ကျိုးဟန်ဖုန်းကို သတ်ချင်နေသေးလား…”

မုန့်ချီက အပြုံးနှင့် မေးလိုက်၏။

တူဟိုင်ရှန့်က ပင့်သက်ရှိုက်လိုက်ပြီး သူ့ကို ပြန်ဖြေလိုက်သည်။

“ငါက အပြစ်မရှိတဲ့သူတွေအတွက် ဒီအရာကို လုပ်နေတာ…။ ငါ့အတွက် လုပ်နေတာ မဟုတ်ဘူး…။ တကယ်လို့ ကျိုးဟန်ဖုန်းကသာ တာဝန်မယူတတ်တဲ့ ဘုရင်အတွက် အလုပ် လုပ်မပေးတော့ဘူးဆိုရင် ငါက သူ့ကို သတ်မှာ မဟုတ်ဘူး…။ ဒါပေမယ့် သူက မကောင်းဆိုးဝါးကို ဆက်ပြီး ကူညီနေမယ်ဆိုရင်တော့ ငါက သူ့ကို သနားမနေနိုင်ဘူး…။ ငါက ဒီကိစ္စထဲမှာ သခင်မလေးယိအပါအဝင် သူ့ရဲ့ဆွေမျိုးတွေကိုတော့ ချန်ထားပေးနိုင်တယ်…”

“ကျုပ်တို့က သူ့ကို မသတ်နိုင်ရင် တန်းနင်မြို့ထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး…”

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။ထို့နောက် သူက လက်ထဲတွင် ဓားကို ကိုင်ပြီး လှေကားဆီသို့ လျှောက်သွားခဲ့၏။

တူဟိုင်ရှန့်ကလည်း မျက်နှာပျက်ပျက်နှင့် သူ့နောက်မှ လိုက်လာခဲ့သည်။

မုန့်ချီကတော့ မူလလမ်းကြောင်းအတိုင်း ပြန်မသွားခဲ့ပေ။ သူက ဒဏ်ရာရနေသော တူဟိုင်ရှန့်ကို ကူညီပြီး နံရံပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် အမိုးကိုဖောက်ပြီး အမိုးမှ ထွက်သွားခဲ့၏။

တူဟိုင်ရှန့်က ဒဏ်ရာရနေပြီး လှုပ်ရှားရန် ခက်ခဲသည်။ သူထွက်ပြေးနေစဉ် အတောအတွင်း မုန့်ချီကိုသာ အားကိုးနေရ၏။ သူက အခန်းထဲမှ မထွက်ခင် မှင်တက်နေသော ကျိုးယိချမ်းကို လှည့်ကြည့်လိုက်ပြီး ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။

“ကောင်းကင်ဘုရင်တူ …

ကျုပ်က ခင်ဗျားကိုပြောဖို့ ကိစ္စတစ်ခုရှိနေသေးတယ်…”

မုန့်ချီက ခြံဝန်းထဲတွင် ကျန်းကျိဝေတို့ကို မိတ်ဆက်ပေးလိုက်ပြီးနောက် အဓိကအချက်ကို ပြောလိုက်သည်။

“ဘာကိစ္စလဲ…”

တူဟိုင်ရှန့်က ရှုပ်ထွေးစွာ မေးလိုက်၏။

မုန့်ချီက သူ့ကို ဘိုးဘေးနှင့် ပြန်လည်ဝင်စားခြင်းဖြစ်စဉ်အကြောင်း ပြောပြလိုက်၏။ အဆုံးတွင်တော့ သူက မေးလိုက်၏။

“ခင်ဗျားက ခင်ဗျားရဲ့လူဝင်စားမှတ်ဉာဏ်တွေကို မှတ်မိနေသေးလား…”

တူဟိုင်ရှန့်ကတော့ အလွန်ရှုပ်ထွေးနေသည်။ ဘိုးဘေးက ဘာကြောင့် သူ့ကို မျက်စိကျနေကြောင်း သူလည်း မသိတော့ပေ။ သူက လက်နောက်ပစ်ပြီး ခြံဝန်းထဲတွင် လျှောက်နေခဲ့၏။

ခဏကြာပြီးနောက် သူက ပြောလိုက်၏။

“ငါက တစ်နှစ်နီးပါးလောက် အနီရောင်ကြာပန်းပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက် အကြောင်းကို အိပ်မက် မက်ခဲ့တယ်… ။ ဒါပေမယ့် သူ့ကိုရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး…။ ရင်နှီးနေသလိုတော့ ခံစားခဲ့ရတယ်…။ လွန်ခဲ့တဲ့ (၁၅)ရက်လောက်မှာတော့ ငါက သူ့ကို မြင်လိုက်ရတယ်…။ သူက ငါကိုယ်တိုင်ပဲ…”

နတ်ဘုရားသွေးမျိုးဆက် ပိုင်ဆိုင်ထားသည့်အတွက် သူက ဝေ့ကျင်းအဆင့်တွင် အတော်လေး အစွမ်းထက်သည်။ ထို့သို့ဆိုရာတွင် သူက တစ်နှစ်နီးပါးခန့် အိမ်မက်ဆိုးကြီးတစ်ခု ခံစားခဲ့ရပြီး ထိုအရာက ထူးဆန်းသလို သဲလွန်စလည်း မရှိချေ။ အဖြေမရှိသည့်အတွက် သူလည်း မည်သူ့ကိုမျှ မပြောခဲ့ပေ။

ယခု မုန့်ချီ ပြောသည့်စကားကို ကြားသည့်အခါ သူလည်း အလွန်ကြောက်လန့်သွားသလို ခံစားလိုက်ရ၏။

မုန့်ချီတို့က အချင်းချင်း မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြသည်။ သူက ဆက်ပြောလိုက်၏။

“ကျုပ်တို့က ကျိုးဟန်ဖုန်း၊ ရင်လန်းဟွေနဲ့ သူ့ဂိုဏ်းချုပ်ကို အနိုင်မရဘူးဆိုရင် တန်းနင်မြို့ထဲကနေ ထွက်သွားလို့ မရနိုင်ဘူး…။ အထူးသဖြင့် ကျုပ်တို့က ဒီနေရာမှာ ပိတ်မိနေတယ်…။ ကောင်းကင်ဘုရင်တူ အကြံဉာဏ်တစ်ခုခုများ ရှိလား…”

တူဟိုင်ရှန့်က ခေါင်းခါပြီး ပြောလိုက်သည်။

“တကယ်လို့ ဒီမှော်အရုပ်ကသာ ငါ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူးဆိုရင် ငါက သူတို့ကို အနိုင်ရဖို့ ဖြစ်နိုင်ချေ ရှိသေးတယ်…။ ဒါပေမယ့် အခုတော့…”

သူတို့က ဆေးပညာကျွမ်းကျင်သော ပညာရှင်များမဟုတ်သည့်အတွက် သူ့ကို ကူညီပေး၍လည်း မရနိုင်ပေ။

ချီကျန်းရန်က ဖြတ်ပြောလိုက်သည်။

“မှော်အရုပ်ပညာက မကောင်းဆိုးဝါးဆန်တယ်…။ တကယ်လို့ သန့်စင်တဲ့ စွမ်းအားတွေကသာ သူ့ရဲ့အစွမ်းနဲ့ ပူးပေါင်းလုပ်ဆောင်လိုက်မယ်ဆိုရင် အဲဒီအရာကို ရှင်းပစ်ဖို့ မခက်ပါဘူး…”

“အဲဒါ အလုပ်ဖြစ်နိုင်လား…”

မုန့်ချီက ချီကျန်းရန်ကို အံ့အားသင့်စွာ ပြောလိုက်၏။

ချီကျန်းရန်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

“အနောက်မြောက်ပိုင်းနယ်မြေနဲ့ တောင်ပိုင်းဖုန်းဆိုးမြေရဲ့အနားမှာ ရှိနေတဲ့ ငါတို့ဂိုဏ်းက မှော်အရုပ်တွေနဲ့ ပတ်သက်ပြီး တော်တော်လေး သိတယ်…”

“တောင်ပိုင်းဖုန်းဆိုးမြေ…”

တူဟိုင်ရှန့်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ထိုကဲ့သို့နေရာတစ်ခုကို လုံးဝမကြားဖူးချေ။

“အဲဒါဆိုရင် ကောင်းတယ်… ။ ငါက ခရမ်းမိုးကြိုးစွမ်းအားတွေကို ထုတ်လိုက်မယ်…”

မုန့်ချီက အပြုံးနှင့် စဉ်းစားလိုက်၏။

ကျိုးဟမ်ကလည်း ပြောလိုက်သည်။

“အင်ပါယာဝိညာဉ်ကလည်း အလုပ်ဖြစ်နိုင်တယ်…။ ဒါပေမယ့် ငါတို့က မှော်အရုပ်ကို ဖြေရှင်းလိုက်တဲ့အချိန်မှာ ရင်လန်းဟွေက ငါတို့ကို ခြေရာမခံနိုင်ဖို့ တားဆီးရမယ်…”

“အဲဒါ အဆင်ပြေပါတယ်…။ ငါ့ဂိုဏ်းမှာ ဆက်သွယ်မှုကို ဖြတ်တောက်နိုင်တဲ့ ဓားတစ်ချောင်းရှိတယ်…”

ကျန်းကျိဝေက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ပင်မသိုင်းဂိုဏ်းကြီးများက အလယ်ကုန်းမြေကို တောင်ပိုင်းဖုန်းဆိုးမြေက လူများ၏ရန်မှ အမှန်တကယ် ကာကွယ်နိုင်သည်။ မှော်ရုပ်သေးများကို ဖြေရှင်းရန် နည်းလမ်းကလည်း ထိုကဲ့သို့ အရာတစ်ခု ဖြစ်သည်။

“မင်းတို့ကို ကျေးဇူးတင်ပါတယ်…”

တူဟိုင်ရှန့်က သူတို့ကို ဦးညွှတ်လိုက်၏။

ထို့နောက် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်နှစ်ဖက်ကို အပေါ်သိ့ု မြှောက်ထားသည်။ သူ၏ အငွေ့အသက်များကလည်း ဒီရေလှိုင်းများကဲ့သို့ ဖြစ်ပေါ်လာပြီး မှော်အရုပ်၏ အဆိပ်များကို ဖြည်းညင်းစွာ တွန်းထုတ်လိုက်၏။

သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အငွေ့များက မြွေများ၊ ပိုးကောင်များကဲ့သို့ ထွက်ပေါ်လာပြီး ကျိုးဟမ်က လက်သီးဆုပ်၍ မမြင်ရသော နဂါးတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ သူ၏မျက်လုံးထဲတွင်လည်း အဝါရောင်အလင်းတန်းများ တောက်ပနေ၏။ ထို့နောက် သူက တူဟိုင်ရှန့်၏ နောက်ကျောကို ဖြည်းညင်းစွာ ပုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်အငွေ့များက ပျောက်ကွယ်လုမတတ် ဖြစ်သွားခဲ့၏။

မုန့်ချီက ညာလက်ကို မြှောက်လိုက်ပြီး ခရမ်းရောင်မိုးကြိုးစွမ်းအားများ ထုတ်လိုက်သည်။ ထိုအရာက တူဟိုင်ရှန့်၏ရှေ့တွင် လွင့်မျောနေပြီး အလွန်သန့်စင်သော စွမ်းအားများ ထွက်ပေါ်နေခဲ့၏။ ခရမ်းမိုးကြိုးစွမ်းအားများနှင့် အဝါရောင်စွမ်းအားများက တူဟိုင်ရှန့်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် အချိန်တွင် အနက်ရောင်အငွေ့များက တိတ်တဆိတ် အော်ဟစ်လိုက်သလို ထင်မှတ်ရသည်။

သူ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အနက်ရောင် အငွေ့များက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် လေထဲ၌ ရွမ်ယုရှု၏ စောင်းသံပေါ်လာပြီး မမြင်ရသော အနက်ရောင်မျဉ်းကြိုးလေးတစ်ခု ပေါ်လာခဲ့သည်။ တစ်ချိန်လုံး မျက်လုံးမှိတ်ထားခဲ့သော ကျန်းကျိဝေက ထိုမျဉ်းကြောင်းလေးကို ဖြတ်ရန် သူမ၏ဓားကို အသုံးပြုခဲ့၏။

…………..

လျှို့ဝှက်အခန်းတစ်ခုထဲတွင် ရင်လန်းဟွေက အံ့ဩမှင်တက်နေသည့်အမူအရာနှင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်မိသည်။

“ဘာဖြစ်တာလဲ…”

မျက်လုံးမှိတ်ထားသောလူက မေးလိုက်သည်။

ရင်လန်းဟွေက ပြန်ဖြေလိုက်၏။

“တူဟိုင်ရှန့်က ကျွန်တော့်ရဲ့မှော်အရုပ်ကို ဖယ်ရှားလိုက်ပြီ…။ သူက အရုပ်နဲ့ ကျွန်တော့်ရဲ့ပတ်သက်မှုကိုလည်း ဖြတ်တောက်လိုက်ပြီ…”

“ကိစ္စမရှိပါဘူး…။ ငါ ထွက်သွားရင် သူ့ကို သတ်ပစ်နိုင်တယ်…”

ကျိုးဟန်ဖုန်း၏အသံက အခန်းထဲတွင် ပျံ့နှံ့နေသည်။

အခန်းထဲတွင် တူဟိုင်ရှန့်ဆီမှ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး အနက်ရောင် အငွေ့အသက်များ လုံးဝပျောက်ကွယ်သွားခဲ့သည်။

သူက မုန့်ချီတို့ကို နောက်တစ်ကြိမ် ဦးညွှတ်ပြီး ပြောလိုက်သည်။

“ငါက (၂)ရက်အတွင်း အလုံးစုံ ပြန်ကောင်းနိုင်တယ်…။ အဲဒါပြီးရင်တော့ ငါတို့တွေ ထွက်သွားနိုင်ဖို့အတွက် သူတို့ကို သွားသတ်ကြတာပေါ့…”

Translated by Hein Htet

All Chapters