အခန်း (၄၃၉)
Vol. 30 Ch. 439
ကောင်းကင်ကြီးပေါ်တွင် လမင်းကြီးက ထိန်ထိန်သာနေပြီး အလင်းရောင်က ကျိုးယိချမ်း၏ အခန်းလေးထဲသို့ ကျရောက်လာသည့် အချိန်တွင် သူမက ရုတ်တရက် နိုးလာခဲ့သည်။
သူမက လျှို့ဝှက်တံခါးဆီသို့ လျင်မြန်စွာ လျှောက်သွားခဲ့၏။ သူမက တူဟိုင်ရှန့်ကို ကယ်တင်ထားခဲ့သည့် အချိန်တွင် သူမ၏မိသားစုကို ထိခိုက်အောင် မလုပ်ရန် သစ္စာဆိုခိုင်းခဲ့သည်။ မဟုတ်လျှင် သူမက သူနှင့် ချက်ချင်း အဆက်အသွယ်ဖြတ်ပြီး သူမ၏ အကာအကွယ်ရတနာကို အသက်သွင်း၍ သူမ၏အဘိုးကို သတင်းပေးလိုက်မည် ဖြစ်သည်။
သူမက တံခါးဖွင့်ပြီး လျှို့ဝှက်အခန်းထဲသို့လျှောက်၍ အတွင်းထဲသို့ ဆင်းသွားခဲ့သည်။ အတွင်းထဲတွင်တော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ သူမက အံ့ဩမှင်တက်နေမိပြီး တစ်ယောက်တည်း တီးတိုးခေါ်လိုက်မိသည်။
"အစ်ကိုတူ အစ်ကိုတူ..."
သူမ၏အသံက ပျံ့နှံ့နေသော်လည်း ပြန်ဖြေမည့်သူ တစ်ယောက်မျှမရှိချေ။ ကျိုးယိချမ်း၏ မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူမက အခန်းနေရာလွတ်မကျန် လိုက်ရှာနေခဲ့သော်လည်း တူဟိုင်ရှန့်ကတော့ ပျောက်ကွယ်သွားခဲ့သည်။
သူမက အနည်းငယ် လှုပ်ရှားသွားပြီး ခါးသီးစွာ ပြုံးလိုက်မိ၏။
"ဪ... ဒီလိုမျိုးပါပဲလား။ ငါတို့ရဲ့ဆက်ဆံရေးက ရက်အနည်းငယ်လေးအတွင်း ပြီးသွားခဲ့ပြီ။ ရှေ့ဖြစ်ဟောဆရာရဲ့စကားက မှန်နေတာပဲ…"
…………..
(၂) ရက်ကြာပြီးနောက် ……….
ဝမ်ချန်း၏ လျှို့ဝှက်သတင်းသမားများစွာက လှည့်ပတ်သွားလာနေရင်း တူဟိုင်ရှန့်နှင့် သူ့အပေါင်းအဖော်များအကြောင်းကို ဈေးသည်များဆီတွင် မေးမြန်းနေခဲ့သည်။
"မင်းက နှာခေါင်းပြားပြား ပါးစပ်ကြီးကြီး မျက်ခုံးထူထူနဲ့ လူကိုပြောတာလား…"
ဈေးသည်က ပြန်မေးလိုက်၏။
သတင်းသမားက အလွန်စိတ်လှုပ်ရှားသွားပုံရပြီး အလျင်အမြန် မေးလိုက်သည်။
"မင်းက သူ့ကို တွေ့ခဲ့လို့လား…”
“ငါက ဟိုနားမှာရှိတဲ့ လမ်းကြားလေးကို ဖြတ်လာခဲ့တဲ့ အချိန်မှာ အဲဒီလို လူတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက ခေါင်းငုံ့ပြီး ခြံဝန်းတစ်ခုထဲကို ခပ်သုတ်သုတ် ဝင်သွားတာပဲ…"
ဈေးသည်က သေချာစဉ်းစားပြီး ပြန်ပြောလိုက်သည်။
ထိုသတင်းစုံစမ်းသူက သူ၏စိတ်လှုပ်ရှားမှုများကို မနည်းဖိနှိပ်နေရ၏။ သူက မတ်တတ်ရပ်လိုက်ပြီး မည်သည့်အရာမျှမဖြစ်သည့်အလား ခြံဝန်းလေးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
သူက တစ်နေ့တည်းတွင် ဝတ်စုံကို ဆက်တိုက်ပြောင်းလဲနေပြီး သူ့ကိုယ်သူ အရက်သမားတစ်ယောက် ၊ ဈေးသည်တစ်ယောက် ၊ ခရီးသွားတစ်ယောက်ပုံစံ ရုပ်ဖျက်ထားခဲ့သည်။ သူနှင့် သူ၏အပေါင်းအဖော်များက ထိုလမ်းကြားလေးထဲသို့ဝင်ပြီး သံသယဝင်စရာကောင်းသော လူတိုင်းကို တစ်လှည့်ဆီ စောင့်ကြည့်နေကြသည်။
မှောင်ရီပျိုးချိန်တွင် သူတို့က ခြံဝန်းလေးထဲမှနေ၍ အသံတစ်ခုကို ကြားလိုက်ရ၏။ သူက ဝက်သားတုံးတစ်တုံးကိုကိုင်ပြီး လက်ထဲတွင် အရက်အိုးတစ်လုံးကို ကိုင်ထားသည်။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုလေးတစ်ယောက်က သူ့ဆီကို လမ်းလျှောက်လာနေကြောင်း တွေ့လိုက်ရ၏။
"အဲဒါ သူပဲ။ ဒါပေမဲ့ အစိမ်းရောင်ဝတ်ထားတာမဟုတ်ဘူး။ အဖြူရောင်ဝတ်ထားတာ.."
သူက အတော်လေးကို စိတ်လှုပ်ရှားသွားခဲ့သည်။ ထို့နောက် သူမကို ဖြတ်ကျော်၍ သူ၏အငွေ့အသက်များကို ဖုံးကွယ်လိုက်သည်။
သူက ထောင့်ချိုးလေးကို လှည့်ပတ်သွားပြီးနောက် သူမက သတိထားမိခြင်းရှိမရှိ ပြန်လှည့်ကြည့်လိုက်၏။ ထိုအခါ မိန်းကလေးက ခြံဝန်းထဲသို့ပြန်ဝင်သွားခဲ့ကြောင်း တွေ့လိုက်ရသည်။
"ရပြီ။ ငါ သူတို့ကို တွေ့ပြီ…"
သူက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့၏။
…………
ကျန်းရှန်းဟုန်နှင့် ဝမ်ချန်းတို့၏ သတင်းပေးမှုကို ကြားသည့်အခါ ကန့်လန့်ကာ နောက်ကွယ်တွင် ရှိနေသော ကျိုးဟန်ဖုန်းကတော့ မည်သည့်စကားမျှမပြောခဲ့ပေ။ သူက ရင်လန်းဟွေနှင့် သူ၏ဂိုဏ်းချုပ် ကျိုးယုံတို့ကိုသာ စိုက်ကြည့်နေခဲ့၏။
ရင်လန်းဟွေက နှာခေါင်းရှုံ့လိုက်သည်။
"တူဟိုင်ရှန့်က ကျွန်တော့်ရဲ့မှော်ရုပ်သေးကို ဖျက်စီးပစ်လိုက်ပြီး ပြန်ကောင်းသွားတဲ့ အချိန်မှာ သူတို့က ပေါ်လာကြတာလား။ တော်တော်လေးကို တိုက်ဆိုင်နေတယ်…"
"ဆရာကြီးရင် မင်းပြောချင်တာက... "
ဝမ်ချမ်းက သူ့စကားကို အဆုံးသတ်ထိ ပြောရန် အလွန်အမင်းကို ထိတ်လန့်နေခဲ့သည်။
ကျန်းရှန်းဟုန်ကလည်း ပြောစရာစကားလုံးများပျောက်ရှနေသလို ခံစားနေရ၏။ သူက မှော်ရုပ်သေးနှင့် ပတ်သက်ပြီး မည်သည့်အရာမျ သိမထားခဲ့ပေ။
"အဲဒါက သေချာပေါက် ထောင်ချောက်တစ်ခုပဲ…"
ကျိုးယုံက မျက်လုံးမှိတ်ပြီး အေးစက်စွာ ပြောလိုက်၏။
ရင်လန်းဟွေက သူတို့ကို အသေးစိတ်ရှင်းပြလိုက်သည်။
"တူဟိုင်ရှန့်က လွန်ခဲ့တဲ့ (၂) ရက်လောက်မှာ ငါ့ရဲ့မှော်ရုပ်သေးကို လုံးဝဖျက်ဆီးပစ်လိုက်ပြီ။ မြေပြင်လှေကားအဆင့် ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် အခုချိန်မှာ သူ့ရဲ့စွမ်းအား (၇၀) ရာခိုင်နှုန်း ၊ (၈၀) ရာခိုင်နှုန်းလောက် ပြန်ကောင်းနေလောက်ပြီ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ကယ်တင်ရှင်တွေလည်း ပေါ်လာခဲ့တယ်။ ဒါကိုငါတို့က သံသယ မဝင်လို့ရမလား…”
“သူတို့က သူ့ကို ရှာတွေ့သွားပြီ ဖြစ်လိမ့်မယ်။ သူ့ရဲ့ကယ်တင်ရှင်တွေက တူဟိုင်ရှန့်ရဲ့ ရုပ်သေးတွေကို ဖယ်ရှားဖို့ အကူအညီပေးလိုက်တာ။ သူက စွမ်းအားပြန်ကောင်းသွားပြီဆိုမှတော့ ငါတို့ကို မျှားခေါ်ဖို့အတွက် သူ့ရဲ့နေရာကို တမင်တကာ ပြလိုက်တာပဲ။ ငါတို့သာ သူတို့ကို တိုက်ခိုက်လိုက်မယ်ဆိုရင် သူတို့က ဆရာကြီးရင်နဲ့ ဆရာကြီးကျိုးတို့ကို ထောင်ချောက်ဆင်ပြီး သတ်ပစ်လိမ့်မယ်။ ဒါဆိုရင် လက်ဝဲမြို့စားမှာ အစွမ်းထက်တဲ့ အကူအညီတွေ ဆုံးရှုံးသွားမှာပဲ။ သူတို့ထွက်ပြေးသွားမှာကိုလည်း တားဆီးလို့ မရနိုင်တော့ဘူး..”
ကျန်းရှန်းဟုန်က ရင်လန်းဟွေကို မုန်းတီးနေသော်လည်း သူတို့၏ အရေးပါမှုကို သိနေခဲ့သည်။ အကယ်၍ သူတို့၏ရန်သူများကသာ အစိမ်းရောင်မိန်းကလေးကဲ့သို့ ရိုးရှင်းနေမည်ဆိုလျှင် သူ ၊ရင်လန်းဟွေနှင့် ကျိုးယုံတို့ကပင် ရင်ဆိုင်ရန် လုံလောက်သည်။ သို့သော် လက်ရှိအချိန်တွင် သူတို့၏ရန်သူများက ရင်လန်းဟွေနှင့် ကျိုးယုံတို့ကို သတ်ပစ်ရန် အခွင့်အရေးတစ်ခု ရှိနေ၏။ အထူးသဖြင့်သူတို့က တူဟိုင်ရှန့်ကို ရှာတွေ့သွားခြင်းကြောင့် ဖြစ်သည်။
ရင်လန်းဟွေက ခနဲ့သလိုပြုံးလိုက်သည်။
"ဒါက ရိုးရှင်းတဲ့အစီအစဉ် တစ်ခုပါပဲ။ တစ်ခါတစ်လေမှာ ရိုးရှင်းတဲ့ အစီအစဉ်တွေက အလုပ်ဖြစ်ပေမယ့် ငါတို့က အဲဒီအစီအစဉ်ကို တွေ့သွားရင်တော့ သူတို့အတွက် ကံမကောင်းနိုင်တော့ဘူး….”
“ကျွန်တော်တို့ကဘာလုပ်ကြမလဲ။ သူတို့ထွက်သွားတာကို စောင့်နေလို့လည်း မရဘူးလေ…"
သတင်းစုံစမ်းရန် တာဝန်ရှိသော ဝမ်ချန်းက ထိုကဲ့သို့ရှားရှားပါးပါး အခွင့်အရေးကို အရမယူနိုင်လျှင် ဆုံးရှုံးရမည်ဟု တွေးနေမိသည်။
ကျိုးယုံက တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။
"တစ်ရက် နှစ်ရက်ကြာပြီးသွားရင် မြို့စားမင်းရဲ့ အလုပ်တွေပြီးသွားပြီ။ ဒီလိုဆိုရင် သူတို့ရဲ့လှည့်ကွက်တွေကလည်း ဘာမှအသုံးဝင်မှာ မဟုတ်တော့ဘူး။ ငါတို့က သူတို့ကို ရှာမတွေ့သေးတဲ့ပုံစံနဲ့ တစ်ရက်လောက်ထပ်ပြီး အချိန်ဆွဲကြမလား…"
လက်ဝဲမြို့စားက မည်သည့်အရာများ လုပ်နေသနည်း။ ကျန်းရှန်းဟုန်နှင့် ဝမ်ချမ်းတို့ (၂) ယောက်လုံးက အပြင်ဘက်တွင်သာ ရှိနေခဲ့သည့်အတွက် အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်ကြပေ။ သူတို့၏ အရှင်သခင်က သူတို့ကိုပင် ယခင်တုန်းကကဲ့သို့ ယုံကြည်ခဲ့ခြင်းမရှိချေ။
"မလိုဘူး…"
ကျိုးဟန်ဖုန်းက ရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး ကျိုးယုံ၏ အကြံပြုချက်ကို ငြင်းဆန်လိုက်၏။
"တကယ်လို့ ဒါက ထောင်ချောက်တစ်ခုဆိုရင် ငါတို့က သူတို့ကို တွေ့သွားပြီဆိုတာ တူဟိုင်ရှန့် သိနေမှာပဲ။ တကယ်လို့ ငါတို့ကသာ နောက်ထပ် (၂) ရက် ထပ်စောင့်လိုက်မယ် ဆိုရင်တော့ ပြဿနာများပြီဆိုတာ သူတို့က သေချာပေါက် သိသွားလိမ့်မယ်။ ဒါဆိုရင် သူတို့က တန်းနင်ကနေ တိုက်ရိုက်ထွက်ပြေးဖို့ ကြိုးစားမှာပဲ.."
"ဒါပေမဲ့ မြို့စားကရော..."
ကျိုးယုံက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"အဆင်ပြေပါတယ်။ ငါ့ရဲ့အဆင့်က အမြင့်ဆုံး မရောက်သေးဘူး ဆိုရင်တောင် နီးစပ်နေပါပြီ။ တူဟိုင်ရှန့်ကသာ မြေပြင်လှေကားအဆင့်ပဲ ရှိနေသေးမယ်ဆိုရင် ငါက သူ့ကိုအလွယ်တကူ သတ်ပစ်နိုင်တယ်"
ကျိုးယုံက မျက်မှောင်ကြုတ်လိုက်မိ၏။ သူတို့၏ရန်သူများက ဝေ့ကျင်းအဆင့် ပညာရှင်များကို သတ်ပစ်နိုင်သော သံသရာခရီးသွားများဖြစ်ကြောင်း ပြောပြနိုင်ခြင်း မရှိချေ။ သို့သော် သူ့ဆီတွင်လည်း ထိုကဲ့သို့လက်နက်တစ်ခု ပိုင်ဆိုင်ထားသေး၏။
"ဒါဆိုလည်း ကောင်းပြီလေ။ ကစားလိုက်ကြတာပေါ့…."
ရင်လန်းဟွေက အပြုံးနှင့် ပြောလိုက်၏။
"သူတို့က ငါတို့ကို လျှော့တွက်ထားတယ်ဆိုတာ သူတို့ရဲ့အမှားပဲ။ ငါတို့က အဲဒီအရာ(၂) ခုကို ဆက်စပ်မိမှာ မဟုတ်ဘူးဆိုတာ သူတို့က သေချာပေါက် မတွေးမိနိုင်ဘူး။ လက်ဝဲမြို့စားရဲ့အစွမ်းတွေ တိုးတက်လာတယ်ဆိုတာကိုလည်း သူတို့လုံးဝသိမထားခဲ့ဘူး…"
ကျိုးယုံကလည်း အပြုံးနှင့်ပြောလိုက်သည်။
သူတို့၏စကားကိုကြားသည့်အခါ ကျန်းရှန်းဟုန်ကတော့ နားမလည်နိုင်ဖြစ်နေသည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။
"ငါက တူဟိုင်ရှန့်ကို တိုက်ခိုက်ဖို့အတွက် ပညာရှင်တွေအားလုံးကို စုစည်းလိုက်မယ်…"
"မလိုဘူး..."
ကျိုးဟန်ဖုန်းက လက်ကာပြလိုက်သည်။
"လူများတယ်ဆိုရင် နောက်တစ်ကြိမ် လွတ်သွားနိုင်တယ်။ ဒီတာဝန်မှာတော့ ငါနဲ့ဒီကဆရာကြီး (၂) ယောက်ပဲ အလစ်ချောင်းတိုက်ခိုက်မယ်။ မင်းနဲ့ လန်တျယ်တို့ကတော့ ထွက်ပြေးမယ့်လူတွေ လွတ်မသွားအောင် အပြင်ဘက်မှာပဲ စောင့်နေပါ…"
ရဲတိုက်ကို လာရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် သူက ကျိတောင်နှင့် ဝမ်ချန်းတို့ကို အပြင်ဘက်တွင် တာဝန်ပေးချင်နေခဲ့သည်။ သူတို့ကသာ ဤနေရာကို ကာကွယ်ပေးနေသေးသရွေ့ မည်သည့်အရာကိုမျှစိုးရိမ်နေစရာ မလိုအပ်ပေ။
"ကောင်းပါပြီ မြို့စားမင်း..."
ကျန်းရှန်းဟုန်နှင့် ဝမ်ချန်းတို့က ပြောလိုက်သည်။ သူတို့ကသာ ဝိုင်းရံထားခြင်း မရှိလျှင် မီတာ (၂) သိန်းခွဲအတွင်း ရှိနေသော ရန်သူများက ဆုတ်ခွာသွားနိုင်သည်။ လက်ဝဲမြို့စားနှင့် တူဟိုင်ရှန့်တို့က သူတို့၏အစွမ်းကို အလေးထားကြ၏။ ထို့ကြောင့် သူတို့က တိုက်ခိုက်မှုမှ ထွက်ပြေးရန် အချိန်ရှိသည်။
အကယ်၍ တိုက်ပွဲကြောင့် တစ်စုံတစ်ယောက် သေသွားမည်ဆိုလျှင် သူတို့ကိုသာ အပြစ်တင်ရမည်ဖြစ်၏။ ထိုအရာက သူတို့၏ကံကြမ္မာသာ ဖြစ်သည်။
……….
ခြံဝန်းလေးတစ်ခုထဲတွင်…
မုန့်ချီကတော့ ကျိတောင်အဖြစ် ဟန်ဆောင်ထားခြင်း မရှိတော့ချေ။ သူက တူဟိုင်ရှန့် ၊ ကျန်းကျိဝေတို့နှင့် မျက်နှာချင်းဆိုင်ရပ်နေ၏။
"ဒါက ထောင်ချောက်တစ်ခုပဲလို့ သူတို့က တကယ်ပဲ ထင်မှာလား…"
တူဟိုင်ရှန့်က လက်နက်ပစ်ပြီး သူ၏စွမ်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒတို့ကို ဖုံးကွယ်ထားခဲ့သည်။
မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။
"ရင်လန်းဟွေရဲ့ခေါင်းကိုသာ ကူအဆိပ်ပိုးကောင်တွေ စားမပစ်ဘူးဆိုရင် သေချာပေါက် သတိထားမိမှာပါ။ ငါတို့က ကျိုးဟန်ဖုန်း ၊ ရင်လန်းဟွေနဲ့ ကျိုးယုံတို့ကို လက်ဝဲမြို့စားရဲတိုက်ကနေ ထွက်လာတာ လိုချင်တယ်။ ငါတို့က သူတို့ရဲ့အထောက်အပံ့တွေ ရှိနေတဲ့ နေရာမျိုးမှာ တိုက်ခိုက်ဖို့မဖြစ်နိုင်ဘူး။ သူတို့ဒီကိုရောက်လာပြီဆိုရင် ငါတို့အဖွဲ့သားတွေရဲ့စွမ်းရည်ကို ပြသနိုင်တာပေါ့။ တကယ်လို့ သူတို့က နားမလည်ဘူးဆိုရင်တော့ ပိုတောင်ကောင်းသေးတယ်။ တကယ်လို့ ကျိုးဟန်ဖုန်း ပေါ်မလာဘူးဆိုရင်တော့ ရင်လန်းဟွေ ၊ ကျိုးယုံနဲ့ ကျန်းရှန်းဟုန်တို့လို သူ့ရဲ့အကူအညီတွေကို အလွယ်တကူရှင်းပစ်လို့ရတယ်။ ဒါဆိုရင် သူလည်း အကူအညီမဲ့သွားပြီ…"
ထိုအရာကတော့ အသက်ထိန်းသိမ်းသူနှင့် သောကကြယ်တို့ဆီမှ မုန့်ချီ သင်ယူထားခဲ့သော အရာများဖြစ်သည်။ လှည့်စားမှုအရာတွင် တစ်ဖက်လူ၏ ရွေးချယ်မှုက မည်သို့ဖြစ်စေကာမူ သူ၏အစစ်အမှန် ပစ်မှတ်ကို ဖုံးကွယ်ထားနိုင်သရွေ့ ကိစ္စမရှိချေ။ တစ်ခုတည်းသော အရာကတော့ အခက်အခဲသာ ဖြစ်သည်။
"သူတို့ရဲ့အကြီးမားဆုံးပြဿနာကတော့ ငါတို့အားလုံးရဲ့အစွမ်းကို သိမထားတာပဲ…"
ကျိုးဟမ်က အပြုံးနှင့် ပြောလိုက်သည်။
"အဲဒီအချိန်ကျရင် ညီမလေးရင်နဲ့ ငါက ရင်လန်းဟွေနဲ့ ကျိုးယုံတို့ကို တိုက်ခိုက်မယ်။ မင်းတို့ (၄) ယောက်ကတော့ အဖိုးတန်လက်နက်ကိုသုံးပြီး ကျိုးဟန်ဖုန်းကို တတ်နိုင်သမျှ မြန်မြန်သတ်ပစ်ဖို့ကြိုးစားပါ။
ရင်တောင်ဟူသည်မှာ ရွမ်ယုရှု၏ နာမည်အတု ဖြစ်သည်။ တူဟိုင်ရှန့်က မြေပြင်လှေကားအဆင့် (၉) ဖြစ်ပြီး အစွမ်းထက်သော ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ နတ်ဘုရားချုပ်နှောင်ခြင်းကြိုးနှင့် သူ၏ပူးပေါင်းတိုက်ခိုက်မှုများ ရှိနေလျှင် မုန့်ချီ ၊ ကျန်းကျိဝေနှင့် ချီကျန်းရန်တို့က ကျိုးဟန်ဖုန်းကို သေချာပေါက် သတ်ပစ်နိုင်သည်။ ထိုအရာက နတ်ဆိုးကမ္ဘာအပိုင်းအစထဲတွင် တိုက်ခိုက်ခဲ့သောတိုက်ပွဲကဲ့သို့ ဖြစ်သည်။ ထိုအချိန်တွင် ကျိုးဟန်က ရွမ်ယုရှုနှင့် ပူးပေါင်းပြီးတိုက်ပွဲကို အချိန်ဆွဲထားနိုင်ရန် မျှော်လင့်ရ၏။
"ငါ့မှာ မေးခွန်း (၂) ခုရှိတယ်…"
မုန့်ချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
"ဘာလဲ..."
တူဟိုင်ရှန့်က မျက်ခုံးပင့်၍ မေးလိုက်သည်။
"ကျိုးယုံရဲ့နောက်ကြောင်းက အရမ်းကို လျှို့ဝှက်ဆန်းကြယ်နေတယ်။ ဒါကြောင့် သူ့ဆီမှာလည်း အဖိုးတန်လက်နက်တွေ ရှိနိုင်တယ်။ ငါတို့က အဲဒါကို သေချာပေါက် သတိထားရလိမ့်မယ်။ မဟုတ်ရင် ငါတို့က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရလိမ့်မယ်…"
မုန့်ချီ ၊ ကျန်းကျိဝေနှင့် တခြားလူများက ထိုအကြောင်းကို ဆွေးနွေးခဲ့ဖူးသည်။ သူတို့က အဖြေတစ်ခုသာ ကောက်ချက်ချခဲ့၏။ ကျိုးဟန်ဖုန်းနှင့် တူဟိုင်ရှန့်တို့ကို တိုက်ပွဲထဲမှ ယာယီဖယ်ထုတ်နိုင်ပြီး ကျန်ရှိနေသော (၅) ယောက်က ရင်လန်းဟွေနှင့် ကျိုးယုံကို တိုက်ခိုက်ရန်ဖြစ်သည်။
မှော်အရုပ်စွမ်းရည် ကျွမ်းကျင်နေသော သူတို့က ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့နှင့် တိုက်ခိုက်လျှင် အနိုင်ရရန် မဖြစ်နိုင်ပေ။ အကယ်၍ မုန့်ချီတို့ကသာ တခြား (၂) ယောက်ကို အလွယ်တကူ မနိုင်ဘဲ ကျိုးဟန်ဖုန်းက တူဟိုင်ရှန့်ကို အနိုင်ရသွားသည့်အချိန်ထိ စောင့်နေလျှင် ပို၍ပြဿနာများသွားနိုင်၏။
"ကျိုးဟန်ဖုန်းကလည်း အခုနောက်ပိုင်းမှာ တော်တော်လေး သိုသိုသိပ်သိပ်နေတယ်။ သူက ဘယ်လောက်ထိ စွမ်းအားရှိနေလဲဆိုတာလည်း သေချာမသိရဘူး။ ဒါကြောင့် ငါတို့က သတိထားဖို့လိုမယ်…"
မုန့်ချီက သူ၏စိုးရိမ်မှုများ အားလုံးကို ပြောပြလိုက်သည်။ ရက်ကြာသွားလေလေ အခြေအနေက ပို၍အန္တရာယ်များလေလေ ဖြစ်သည်။ ထို့ကြောင့်လည်း သူက တတ်နိုင်သမျှ မြန်မြန်လှုပ်ရှားလိုခြင်း ဖြစ်၏။
"ကျိုးဟန်ဖုန်း ဘာတွေလုပ်နေလဲဆိုတာ ကျိုးယုံနဲ့ ရင်လန်းဟွေကလွဲရင် ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမဲ့ အသေးစိတ်စစ်ဆေးကြည့်ဖို့ အချိန်မရတော့တာကလည်း နှမြောစရာပဲ…"
ကျန်းကျိဝေက လက်ထဲတွင် ဓားကိုကိုင်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
တူဟိုင်ရှန့်က လက်နောက်ပစ်ပြီး အခန်းထဲတွင် လမ်းလျှောက်နေခဲ့၏။
"မင်းတို့မှာ အကြံအစည်တစ်ခုခုရှိလား…"
သူကတော့ စီစဉ်မှုများနှင့် ပတ်သက်လာလျှင် ညံ့ဖျင်းလှသည်။ မုန့်ချီလည်း အတူတူသာ ဖြစ်၏။ သူက အရာအားလုံးကို လူတိုင်းဆီမှသင်ယူနေရခြင်းဖြစ်သည်။ သူက ပြုံးလိုက်၏။
"ကျွန်တော်တို့မှာ မေးခွန်း (၂) ခုလုံးအတွက် အဖြေတစ်ခု ရှိတယ်။ ကျွန်တော်တို့ရဲ့ ပစ်မှတ်ကို ကျိုးဟန်ဖုန်းဆီကနေ ကျိုးယုံဆီ ပြောင်းလိုက်မယ်။ ကျိုးဟန်ဖုန်းက ဘယ်လောက်ပဲ အစွမ်းထက်လာပါစေ။ ရင်တောင်နဲ့ ကောင်းကင်ဘုရင်တူတို့က သူ့ကို ခဏတော့ အချိန်ဆွဲနိုင်ဦးမှာပဲ။ ကျိုးဟမ်က ကျွန်တော့်ရဲ့အစ်ကိုဝမ်းကွဲနဲ့ ပူးပေါင်းပြီး ရင်လန်းဟွေကို ထိန်းချုပ်ထားနိုင်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ အဖိုးတန်လက်နက်ကို ချက်ချင်းအသက်သွင်းပြီး ကျွန်တော့်ရဲ့အစ်မနဲ့အတတူ ကျိုးယုံကို ချက်ချင်းသတ်ပစ်မယ်။ ဒါဆိုရင် သူက ဘာမှမသုံးနိုင်တော့ဘူး"
နတ်ဘုရားချုပ်နှောင်ခြင်းကြိုးကိုသုံးပြီး ကျိုးယုံကို သတ်ပစ်သည်မှာ အလွန်နှမြောစရာ ကောင်းသည်။ သို့သော် ထိုအရာရှိနေမှသာ သူတို့က သူ့ကို ချက်ချင်း သတ်ပစ်နိုင်ပြီး သူ၏အဖိုးတန်လက်နက်ကို ယူဆောင်နိုင်ပါလိမ့်မည်။ ထို့နောက် သူတို့က ကျိုးဟန်ဖုန်းကို စုစည်းတိုက်ခိုက်၍ ရနိုင်၏။ အကယ်၍ သူတို့ဆီ၌ ထိုကဲ့သို့ လက်နက်တစ်ခု မရှိလျှင်ပင် သူနှင့် ယှဉ်ရန် မဖြစ်နိုင်ပေ။
သို့သော် သူ၏အကူအညီများကို သတ်ပစ်လိုက်မည်ဆိုလျှင် သူတို့က ထွက်ပြေးရန် အခွင့်အရေးတစ်ခု ရှိနေသေး၏။ ကျိုးယုံ၏ အဖိုးတန်လက်နက်ကို လုယူလိုက်သည့် အတွက် သူတို့၏ကံကြမ္မာအမှတ်များ အနှုတ်ခံရမှာကိုလည်း ကာမိနိုင်သည်။
အရေးကြီးဆုံးအရာကတော့ သူတို့က တူဟိုင်ရှန့်ကို ကယ်တင်နိုင်ခဲ့သည့်အတွက် တာဝန်တစ်ဝက် ပြီးဆုံးသွားပြီဟု ဆိုနိုင်၏။ သူတို့အားလုံးက ထိုသို့တွေးနေကြသည့်အတွက် ထိုစကားကို ကြားသည့်အခါ သူတို့လည်း စိတ်သက်သာရာရသွားကြသည်။
ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်၏။
"မောင်လေးဝမ် …
နင်က တကယ့်ကို နာမည်နဲ့လိုက်ပါပေတယ်…"
သူမက မုန့်ချီကို ဝမ်စစ်ယွမ်ကဲ့သို့ စနောက်၍ပြောလိုက်သည်။
တူဟိုင်ရှန့်ကလည်း စဉ်းစားကြည့်နေပြီး အပြစ်ရှာစရာ မတွေ့သည့်အတွက် ခေါင်းညိတ်၍ ပြောလိုက်၏။
"ကောင်းပြီလေ။ သူတို့ကိုစောင့်ကြတာပေါ့"
………
ညရောက်လာတော့မည့်အချိန်တွင် လမ်းသွားလမ်းလာများက တဖြည်းဖြည်း နည်းပါးလာပြီး တည်ငြိမ်အေးချမ်းလာခဲ့သည်။ သို့သော် တစ်စုံတစ်ခု ဆိုးရွားသော အရာတစ်ခု ဖြစ်လာတော့မည် ဖြစ်၏။
ကျိုးဟန်ဖုန်း ၊ ရင်လန်းဟွေနှင့် ကျိုးယုံတို့က ခြံဝန်းအနားကို တိတ်တဆိတ် ချဉ်းကပ်လာကြလေသည်။
Translated by Hein Htet