← Chapters

အခန်း (၄၄၀)

Vol. 30 Ch. 440

အခန်း (၄၄၀)

Vol. 30 Ch. 440

ခြံဝန်းအနီးသို့ ရောက်လာသည့်အချိန်တွင် ကျိုးဟန်ဖုန်းက ရင်လန်းဟွေနှင့် ကျိုးယုံတို့ကို ပုန်းအောင်းနေရန် အချက်ပြလိုက်ပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေကြသည်။

ထိုအချိန်တွင် သူကိုယ်တိုင်ကတော့ လေထဲသို့ မြောက်လာပြီး ကျောက်စိမ်းရောင် မျက်လုံးများက တောက်ပ၍ ညာဘက်လက်ကို မြှောက်လိုက်သည်။ သူက ကျောက်စိမ်းမျက်လုံး နဂါးပျံဟု နာမည်ကျော်ကြားသည်မှာ နဂါးသွေးမျိုးဆက်ကြောင့် ဖြစ်သည်။

သူ လှုပ်ရှားလိုက်သည့်အချိန်တွင် သူ၏လက်ခုံပေါ်၌ ရှိနေသော အကြေးခွံများက အပြာရင့်ရောင် အလင်းတန်းများ တောက်ပလာ၏။ အစွမ်းထက်သော ချီစွမ်းအင်များနှင့်အတူ သူ့ဆီမှ လက်သည်းများ ရှည်ထွက်လာပြီး သူက ကောင်းကင်ကြီးကို လှမ်းကုတ်လိုက်သည့်အလား ခြံဝန်းကြီးကို တိုက်ခိုက်လိုက်သည်။

ထိုအရာက အလွန်အမင်းကို အေးစက်နေ၏။ လေထဲတွင် နှင်းပွင့်လေးများ ကျဆင်းလာပြီး သစ်ပင်ကြီးများဆီမှ အခေါက်များ ကွာကျ၍ အဝါရောင် ပြောင်းသွားခဲ့သည်။ အစိမ်းရောင် ထင်းရှူးပင်ကြီးများကလည်း ရေခဲရုပ်တု ဖြစ်သွားသည့်အလား ရေခဲအလွှာများ လွှမ်းခြုံသွားခဲ့၏။

ထိုအရာများ လွှမ်းခြုံသွားသည့်အချိန်တွင် အလွန်လှပသော ပန်းချီကားတစ်ချပ် ပေါ်လာသလို ထင်မှတ်ရ၏။ ခြံဝန်းကြီးတစ်ခုလုံးက မြောက်ဝင်ရိုးစွန်းကို ရောက်သွားသည့်အလား နံရံများ၊ အုတ်ကြွတ်မိုးများကအစ အပြာရင့်ရောင် အလင်းတန်းများ လွှမ်းခြုံလာပြီး ရေခဲနန်းတော်ကြီးကဲ့သို့ ဖြစ်လာခဲ့သည်။

အပူချိန်က ချက်ချင်း လျှော့ကျသွားပြီးလူတိုင်းကို တုန်လှုပ်သွားစေနိုင်၏။ အားအနည်းဆုံးလူများကတော့ မြေပြင်ပေါ်တွင်ပင် သေဆုံးသွားနိုင်သည်။ အကယ်၍ ကျိုးဟန်ဖုန်းက သူ၏စွမ်းအားများကို စုစည်းထားခြင်း မရှိလျှင် အနီးအနား ပတ်ဝန်းကျင်ကပင် အသက်ကင်းမဲ့သော ရေခဲကမ္ဘာကြီးတစ်ခု ဖြစ်သွားပါလိမ့်မည်။

အလွန်အစွမ်းထက်သော ဓာတ်ကြီး (၅) ပါး ချီစွမ်းအင်များက ပထမအိမ်၏ အမိုးကို တိုက်ခိုက်တော့မည်အချိန်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့၏။ လက်သီးတစ်ခုက အမိုးကို ဖျက်ဆီးပစ်လိုက်ပြီး ရေခဲအလင်းရောင်များကို တိုက်ခိုက်လိုက်သည်။

အရှေ့ဘက်တွင် နေလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ရေခဲနှင့် နှင်းများက အရည်ပျော်ကျသွား၏။ သူတို့က မိုးရေစက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည်။

"ကောင်းတယ်...”

ထိုလူက တူဟိုင်ရှန့် ဖြစ်နေသည့်အတွက် ကျိုးဟန်ဖုန်းက ဝမ်းသာသွားခဲ့၏။ သူက ထိပ်တိုက်တိုက်ပွဲတွင် အစွမ်းကုန် တိုက်ခိုက်နိုင်ရန် စီစဉ်ထားသည်။ သူက အလစ်ချောင်းတိုက်ခိုက်မှုမျိုးကို မလိုချင်ခဲ့ပေ။

ထိုအချိန်တွင် သူ၏သွေးထဲမှနေ၍ အော်သံတစ်ခုကို ကြားလိုက်ရပြီး ထိုအသံက သူ ယုံကြည်ကိုးကွယ်နေသော အသံတစ်ခု ဖြစ်နေသည်။ ထိုအရာက နဂါးဟိန်းသံ ဖြစ်၏။

"ကျယ်ပြန့်နဂါးဟိန်းသံ..."

အစစ်အမှန် နဂါးတစ်ကောင်၏အစွမ်းက နိမ့်ကျသော ပညာရှင်များကို လုံးဝလွှမ်းမိုးထားနိုင်သည်။ လက်ရှိအချိန်တွင် သူ၏သွေးမျိုးဆက်အပေါ် ထိန်းချုပ်မှုကလည်း လှုပ်ရှားသွားသည့်အတွက် ကျိုးဟန်ဖုန်းက တစ်ကိုယ်လုံး တုန်ယင်လာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့၏။

သူက အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေသည့်အတွက် ကောင်းကင်ပေါ်တွင် ဆက်လက်ပျံသန်းနိုင်ခြင်း မရှိတော့ချေ။ သူ၏ပင်မဝိညာဉ်က မျက်ခုံးကြားပင်မတံခါးကို ချိုးဖျက်နိုင်သော ပညာရှင်များကို မယှဉ်နိုင်သော်လည်း ကျိုးဟန်ဖုန်းဆီတွင် ဝေ့ကျင်းအဆင့် စွမ်းအားတစ်ခုတော့ ရှိနေသေးသည်။ သူက စွမ်းအားများကြောင့် အေးခဲသွားသော ကျန်းဟန်ချွန်ကဲ့သို့ မဟုတ်ခဲ့ပေ။

ယခုအချိန်တွင် ရန်သူက သူနှင့် အဆင့်တူ ဖြစ်သည်။ သူက မြေပြင်လှေကား အဆင့်(၉)တွင် ရှိနေသော ငြိမ်းချမ်းရေးကောင်းကင်ဘုရင် ဖြစ်၏။ တူဟိုင်ရှန့်က ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသည်။

သူက လေထဲသို့ ခုန်တက်လာပြီး လက်သီးနှင့် ထိုးလိုက်၏။ သူ့လက်သီးထဲတွင် သဘာဝတရားကြီး၏ အနှစ်သာရများ ပြည့်နှက်နေပုံ ရသည်။ ပတ်ပတ်လည်တွင် ရှိနေသော အလင်းတန်းများက ထိုအရာကို လွှမ်းခြုံသွားသည်မှာ အလွန်ကြီးမားသော နေလုံးကြီးတစ်ခုကဲ့သို့ ထင်မှတ်ရ၏။

ထိုနေလုံးကြီးက လောင်ကျွမ်းပြီး အပူရှိန်များ ထွက်ပေါ်လာသည့်အတွက် ရေခဲနယ်မြေကြီးက အရည်ပျော်ကျသွားပြီး ကျိုးဟန်ဖုန်း၏ ရင်ဘတ်ကို ဦးတည်တိုက်ခိုက်လိုက်သည်။

"ရွှီး … ရွှီး … ရွှီး ..."

ကျိုးဟန်ဖုန်း၏ နဂါးလက်သည်းတစ်စုံ ပေါ်လာပြီး အပြာရင့်ရောင် အလင်းတန်းများ တောက်ပနေသည်။ ထိုလက်သည်းကို ညင်သာစွာ လှုပ်ရှားလိုက်ရာ ရေခဲအလွှာများ ခဲသွားခဲ့၏။ အဖိုးတန်လက်နက်က သူတို့၏ပိုင်ရှင်ကို အလိုလို ကာကွယ်ပေးကြသည်။

"ဖျောက်…"

နေလုံးကြီးက ရေခဲအလွှာများကို ထိုးဖောက်လာခဲ့သည့်အတွက် တွင်းပေါက်ကြီးတစ်ခု ဖြစ်လာခဲ့၏။ ကျိုးဟန်ဖုန်းက ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူ၏ဘယ်လက်ကိုမြှောက်၍ စွမ်းအားများကို ထုတ်သုံးလိုက်သည်။ ထိုအရာက တောင်များ ၊ ပင်လယ်ကြီးများကိုပင် စောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်သော အစွမ်းမျိုး ဖြစ်၏။

လေလှိုင်းနှင့် နှင်းများက လေပွေလှိုင်းများကဲ့သို့ ဖြစ်လာပြီး နေလုံးကြီးကို တားဆီးထားသည်။ တခဏအတွင်း နှင်းပွင့်လေးများ လေလှိုင်းများအားလုံး ပျောက်ကွယ်သွားခဲ့၏။ ကျိုးဟန်ဖုန်းက အရေးနိမ့်နေပြီး တူဟိုင်ရှန့်က သူ့ကို အလွတ်ပေးပုံ မရချေ။

တူဟိုင်ရှန့်က သူ၏လက်ဝါးများကိုသုံးပြီး တစ်ကြိမ်ပြီး တစ်ကြိမ်ဆက်၍ တိုက်ခိုက်နေခဲ့၏။ သူ၏သိုင်းကွက်များက လောင်ကျွမ်းနေသော မိုးရေစက်များကဲ့သို့ ဖြစ်နေသည်။

အဖိုးတန်လက်နက်၏ အကူအညီနှင့် ကျိုးဟန်ဖုန်းက တည်ငြိမ်သွားပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကာကွယ်နိုင်၏။ တစ်ချိန်တည်းတွင် သူ၏သွေးကြောများကို ပြောင်းလဲပြီး လန်းဟွမ်ကောင်းကင်တေးသွား (၁၂) သွယ်၏ အကျိုးသက်ရောက်မှုကို ဖယ်ရှားလိုက်သည်။

ကျိုးဟန်ဖုန်း တိုက်ခိုက်လိုက်သည့်အချိန်တွင် ရင်လန်းဟွေနှင့် ကျိုးယုံတို့ကလည်း ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။ ရင်လန်းဟွေက ခြံဝန်းထဲသို့ တိတ်တဆိတ်ဝင်လာပြီး မြေပြင်ကိုပင် မထိခဲ့ပေ။

သူက ခြံဝန်းကို ကျော်လာခဲ့သည့် အချိန်တွင် ဓားရှည်တစ်ချောင်းက သူ့ဆီကို ရောက်လာခဲ့သည်။ ထိုဓားထဲတွင် ကမ္ဘာမြေကြီး၏ကိုယ်စား တရားမျှတမှုကို ယူဆောင်ပေးနိုင်သော အစွမ်းများ ပါဝင်နေ၏။ ထိုဓားက ရင်လန်းဟွေ၏ မှော်အရုပ်ပညာနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပြီး ကမ္ဘာကြီးတစ်ခုလုံးက သူ့ကို ဖိနှိပ်ထားသည့်အတွက် အစွမ်းကုန်သုံးရန် ခက်ခဲနေသည်။

သူက ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ အင်္ကျီလက်က ပြဲသွားပြီး အလွန်ကြောက်စရာကောင်းသော လက်တစ်ဖက် ပေါ်လာခဲ့၏။ ထိုလက်က ကလေးငယ် ဦးခေါင်းများနှင့် ဖန်တီးထားသော လက်တစ်ဖက်ဖြစ်ပြီး ထိုဦးခေါင်းတစ်ခုချင်းဆီထဲမှ အနက်ရောင်အငွေ့များ မှုတ်ထုတ်နေသည်။

သူတို့၏ ပတ်ပတ်လည်တွင်လည်း အလွန်အေးစက်ပြီး ကြောက်စရာကောင်းသော မကောင်းဆိုးဝါးလေလှိုင်းများ လွှမ်းခြုံနေ၏။ ရင်လန်းဟွေက သူ၏ဘယ်လက်ကို ကြာပွတ်တစ်ချောင်းအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ သူ၏ဘယ်လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ကြောက်စရာကောင်းသော လေလှိုင်းများ ထွက်ပေါ်လာပြီး လူတိုင်း၏ ရင်ထဲကို ထိုးဖောက်နိုင်သော ဆွဲဆွဲငင်ငင် ငိုကြွေးသံများ သယ်ဆောင်ထားသည်။

ပတ်ဝန်းကျင်ကလည်း ယင်မီးတောက်များကြောင့် လောင်ကျွမ်းသွားခဲ့၏။ သူတို့က နံရံကဲ့သို့ အရာမျိုးကိုတော့ လောင်ကျွမ်းခြင်း မရှိဘဲ ပေါင်းပင်များကတော့ ညှိုးခြောက်သွားခဲ့သည်။

ကျိုးဟမ်၏ မျက်ခုံးတည့်တည့်တွင် ရွှေရောင်အလင်းတန်း တောက်ပလာသည်။ ထိုအရာက သူ၏ပင်မဝိညာဉ်ကို ကာကွယ်ပေးပြီး ကလေးငိုသံများမှနေ၍ သူ့ကို ကာကွယ်ပေးထား၏။ ဓားရှည်က အရိုးကြာပွတ်နှင့် ရင်ဆိုင်လိုက်ရသည်။ တရားမျှတမှုစွမ်းအားများက မကောင်းဆိုးဝါးများကို ရှင်းပစ်လိုက်သည့်အတွက် အနက်ရောင်အငွေ့များက ပျောက်ကွယ်သွား၏။

သို့သော် ရင်လန်းဟွေ၏ ကြာပွတ်က ဓားရှည်ကို ရစ်ပတ်လိုက်ပြီး ဓားရှည်ကို ချုပ်နှောင်ရန် ကြိုးစားနေသည်။

ထိုအချိန်တွင် အတွင်းထဲ၌ ကြယ်များ စီးဆင်းနေသော ခရမ်းကြယ်မြစ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ကြယ်များ တောက်ပနေ၏။ ထိုအရာက ရင်လန်းဟွေ၏ အောက်ပိုင်းကို လွှမ်းခြုံသွားခဲ့သည်။ ကြယ်မြစ်ကြီးက လျင်မြန်စွာ လည်ပတ်လာပြီး ရင်လန်းဟွေ ရပ်နေသည့်နေရာက အနက်ရောင်တွင်းပေါက်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။ အစွမ်းထက်သော ခန္ဓာကိုယ်ရှိနေသည်ကိုပင် သူကတော့ အသားကြိတ်စက်တစ်ခုထဲကို ရောက်သွားသလို ခံစားနေရ၏။

ရုတ်တရက်ဆိုသလို ကျိုးဟမ်က လက်သီးနှင့် ဘေးဘက်ခြမ်းမှ လှမ်းထိုးလိုက်၏။ သူ့နောက်တွင် ရှိနေသော လေလှိုင်းများက စုစည်းလာပြီး နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ တောက်ပသော အလင်းတန်းတစ်ခုကလည်း သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စီးဆင်းနေပြီး ကြီးကျယ်ခမ်းနားမှုများကို ပြသနေသည်။

လက်သီး ရောက်လာသည့်အချိန်တွင် နဂါးပျံကြီးကလည်း လှုပ်ရှားလာသည်။ မြေပြင်ကြီးက တုန်ခါသွားပြီး နံရံများက ပြိုကျသွား၏။

"ဗုန်း... "

သူ၏ဘယ်လက်သီးက တစ်စုံတစ်ခုကို တိုက်ခိုက်လိုက်မိပုံရပြီး လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူအရိပ်ကတော့ အင်္ကျီလက် (၂) ဖက်မရှိချေ။ သူ၏ဘယ်လက်တွင် ကလေးဦးခေါင်းများနှင့် ဖန်တီးထားပြီး ညာလက်ထဲတွင်တော့ အသွေးအသားများမရှိဘဲ အရိုးသက်သက်သာ ဖြစ်သည်။

သူက ခရမ်းကြယ်မြစ်ထဲတွင် ပိတ်မိနေသော ရင်လန်းဟွေဖြစ်သည်။ ခရမ်းကြယ်မြစ်ကြီး ပျောက်ကွယ်သွားသည့်အချိန်တွင် ပစ္စည်းတစ်ခု ပြုတ်ကျသွားခဲ့၏။ ထိုအရာကတော့ သစ်သားရုပ်တုတစ်ခု ဖြစ်သည်။

မှော်အရုပ်ပညာက အမှန်တကယ်ကို ထူးဆန်းလှ၏။ ကျိုးဟန်က နောက်တစ်ကြိမ် တိုက်ခိုက်တော့မည့်အချိန်တွင် သူ၏မျက်နှာအမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ သူက စဉ်းစားမနေဘဲ ညာလက်ထဲတွင် ဓားရှည်ကို ကိုင်ပြီး သူ၏ဘယ်ဘက်လက်ကို ဖြတ်ပစ်လိုက်သည့်အတွက် သွေးများ စီးကျလာခဲ့၏။

ထိုလက်ထဲမှနေ၍ ပိုးကောင်များ ထွက်လာပြီး အသားစများကို စားသုံးနေကြသည်။ ရွှေရောင်အလင်းတန်းများ တောက်ပနေသော သူတို့က ကင်းခြေများနှင့် မြွေများကဲ့သို့ ဖြစ်နေသော်လည်း လက်ညှိုးအရွယ်အစားခန့် သေးငယ်လှသည်။

ကျိုးဟမ်က အလျင်အမြန် နောက်ဆုတ်သွားခဲ့ပြီး သူ၏သွေးကြောကို ချက်ချင်း ပိတ်လိုက်သည်။ ထို့နောက် သူက ဓားရှည်ကို အားနှင့်မာန်နှင့် ကိုင်ထားရင်း သူ၏ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ မီးတောက်များ ထွက်ပေါ်လာပြီး ပိုးကောင်များကို လောင်ကျွမ်းပစ်ခဲ့၏။

ချီကျန်းရန်က ရင်လန်းဟွေကို တိုက်ခိုက်လိုက်သည့်အချိန်တွင် ရင်လန်းဟွေက ပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိချေ။ ပျော့ပျောင်းမှုနှင့် မာကျောမှု ပေါင်းစပ်ထားသော ခရမ်းကြယ်မြစ်က သူ့ဆီသို့ ရောက်လာနေပြီး စိမ်းပြာနှင်းမုန်တိုင်းက အေးစက်မှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သူက အချိန်တိုလေးအတွင်း ချိုးဖောက်ရန် မအောင်မြင်ခဲ့ပေ။

"ဖျောက်…."

ခရမ်းကြယ်မြစ်ကြီးဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။

ထိုအရာကတော့ ကူအဆိပ်ပိုးကောင် ပျက်စီးသွားသည့် အသံမျိုးဖြစ်ပြီး သူတို့က ထိုခုခံမှုအလွှာကို ချိုးဖျက်နိုင်ခဲ့ခြင်း မရှိချေ။ ကျိုးဟမ်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး အင်ပါယာဓားသိုင်းပညာကို သုံးလိုက်၏။ ချီကျန်းရန်နှင့် ပူးပေါင်းတိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့က အချင်းချင်း ကူညီပြီး ရင်လန်းဟွေကို ထိန်းထားနိုင်သည်။

တစ်ဖက်တွင် မျက်လုံးမှိတ်ထားသော ကျိုးယုံက လေထဲတွင် ရှိနေသော တူဟိုင်ရှန့်ကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ၏ဘယ်လက်ထဲတွင် ရှိနေသော လက်စွပ်ကို ပုတ်လိုက်သည်။ သူက တခြားတစ်ဖက်မှနေ၍ တူဟိုင်ရှန့်ကို တိုက်ခိုက်လိုက်၏။

ဝေ့ကျင်းအဆင့် ပညာရှင်များ၏ တိုက်ပွဲကြောင့် ခြံဝန်းထဲတွင် ရှိနေသော အခြေအနေကို သူလည်း စစ်ဆေးနိုင်ခြင်း မရှိချေ။ ထိုအစား သူတို့၏ တည်နေရာကိုသာ အကြမ်းဖျင်း ဆုံးဖြတ်ပြီး မီးတောက်များ လွှမ်းခြုံနေသောလူကို တိုက်ခိုက်ရန်သာ ကြိုးစားလိုက်သည်။ အစိမ်းဝတ်မိန်းမပျိုကလည်း ကျိုးဟန်ဖုန်းကို ပေါင်းစည်းတိုက်ခိုက်ရန် ကြိုးစားနေခဲ့၏။

သူ ရောက်လာသည့်အချိန်တွင် မုန့်ချီက ပြန်လှည့်လာပြီး သူ့ဆီကို တစ်စုံတစ်ခု လှမ်းပစ်လိုက်သည်။ ရွှေရောင်အလင်းတန်းများ တောက်ပနေသော ထိုအရာက မြွေတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။

"ကြိုးတစ်ချောင်းလား... "

သူက ကျိုးဟန်ဖုန်းဆီသို့ ပြေးသွားသည့်အချိန်တွင် မုန့်ချီက အလွယ်တကူ ပြန်လှည့်လာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ သူ၏ဆုံးဖြတ်မှုက မှားယွင်းသွားခဲ့ပြီး မုန့်ချီက သေချာပြင်ဆင်ထားပုံရ၏။

ထိုကြိုးကို အပိုင်းများစွာ ခွဲခြားထားပြီး အပိုင်းတစ်ခုချင်းဆီတွင် ဗုဒ္ဓအင်းကွက်များ ရေးဆွဲထားသည်။ ကျိုးယုံ တုံ့ပြန်နိုင်ခြင်း မရှိခင် သူက တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခံထားလိုက်ရ၏။ ဗုဒ္ဓအင်းကွက်များကလည်း တောက်ပလာပြီး အရောင်များ ပြောင်းလဲလာသည်။ ထိုအင်းကွက်များက သူ၏ပင်မဝိညာဉ် ၊ ချီစွမ်းအင်နှင့် အသွေးအသားများကို ပိတ်ဆို့ထားသည့်အတွက် သူ့ကိုယ်သူ သတ်သေရန်ပင် ခက်ခဲနေသည်။

"အဖိုးတန်လျှို့ဝှက်လက်နက်လား...။ ဝေ့ကျင်းအဆင့် ပညာရှင်တွေကိုတောင် တိုက်ခိုက်နိုင်တဲ့ အဖိုးတန်လက်နက်လား…"

ကျိုးယုံက မျက်လုံးပြူးနေ၏။ သို့သော် သူကတော့ တည်ငြိမ်နိုင်ခြင်းမရှိသလို သတ်ဖြတ်ချင်စိတ်များလည်း မရှိချေ။ ထိုအစား သူက အလွန်အမင်းကို ထိတ်လန့်သွားခဲ့၏။

"သူတို့က အဖိုးတန်လျှို့ဝှက်လက်နက်တစ်ခုကို ဖြုန်းတီးလိုက်တာပဲ။ ဒါက ကျိုးဟန်ဖုန်းကို တိုက်ခိုက်ဖို့ သုံးသင့်တာ မဟုတ်လား…"

ရန်သူများက ကျိုးဟန်ဖုန်းလို ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို အရင်ဆုံး ဖြေရှင်းမည်ဟုသာ သူက တွေးထားခဲ့သည်။ သူ့ကို တိုက်ခိုက်ရန်အတွက် ထိုကဲ့သို့ အဖိုးတန်လျှို့ဝှက်လက်နက်တစ်ခုကို သုံးလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ ရန်သူများဆီတွင် အသုံးပြုရန် လျှို့ဝှက်လက်နက်ပေါင်းများစွာ ရှိနေပုံရသည်။

သူက ရုန်းကန်ကြည့်ရန် ကြိုးစားလိုက်၏။ သို့သော် သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကပင် နတ်ဘုရားချုပ်နှောင်ခြင်းကြိုး၏ လက်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။ သူကတော့ လှုပ်ရှားလေလေ ပို၍စိုးရိမ်လာလေလေဖြစ်ပြီး ကြိုးက ပို၍တင်းလာလေလေ ဖြစ်သည်။

ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့၏။

"သွားပြီ ။ ငါ လက်မခံနိုင်ဘူး... "

သူက ရင်ထဲတွင် ခါးသီးသွားသလို ခံစားလိုက်ရသည်။ သူ မည်သည့်လှည့်ကွက်မျှမသုံးနိုင်သေးခင် ဓားက သူ့ကို သတ်ပစ်ခဲ့၏။

"ငါက စလာကတည်းက အဖိုးတန်လျှို့ဝှက်လက်နက်တွေ အများကြီး သုံးပစ်သင့်တာ... "

ထိုဓားက သူ၏မျက်ခုံးအလယ်တည့်တည့်ကို ထိုးဖောက်လိုက်ပြီး ပင်မဝိညာဉ်ကို ဖျက်စီးလိုက်သည်။

နတ်ဘုရားချုပ်နှောင်ခြင်းကြိုး၏ အစွမ်းကြောင့် ကျိုးယုံက ကျန်းကျိဝေ၏ဓားရှေ့တွင် အသတ်ခံရတော့မည့် သိုးလေးတစ်ကောင်ကဲ့သို့သာ ဖြစ်နေသည်။ သူက ထွက်ပြေးနိုင်ခြင်း မရှိချေ။

ထိုအချိန်တွင် ကျိုးယုံ၏ ပင်မဝိညာဉ်ထဲမှနေ၍ မကောင်းဆိုးဝါး အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအငွေ့အသက်က အလွန်အစွမ်းထက်သော စွမ်းအားတစ်ခု ထုတ်ဖော်ပေးနိုင်သည်။ သွေးရနံ့တစ်ခုက အတော်ဝေးဝေးသို့တိုင်အောင် ရောက်လာပြီး မုန့်ချီနှင့် ကျန်းကျိဝေတို့၏နှာခေါင်းထဲတွင် ပြည့်နှက်နေခဲ့၏။

သူတို့၏ပင်မဝိညာဉ်များကလည်း ထိုသွေးထဲတွင် နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရပြီး တစ်ကိုယ်လုံးထုံကျဉ်၍ အေးစက်နေခဲ့သည်။

"ငါက အဲဒီအရာကို ပေါ်လာခွင့်မပေးနိုင်ဘူး... "

ထိုအရာက မုန့်ချီ၏တစ်ခုတည်းသော အတွေးဖြစ်သည်။

သူက အစစ်အမှန် နောက်ကြောင်းများ ပေါ်သွားမှာကို စိုးရိမ်မနေတော့ဘဲ သူ၏ညာလက်နှင့် ကောင်းကင်ပြစ်ဒဏ်ဓားကို ဆွဲထုတ်လိုက်ပြီး ကျိုးယုံဆီကို ပြေးသွားခဲ့၏။

"ငါက ကျိုးယုံကိုသတ်ပစ်ပြီး အဲဒီနယ်မြေနဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ရမယ်... "

ကောင်းကင်ကြီးပေါ်တွင် အနက်ရောင် တိမ်တိုက်ကြီးများ စုစည်းလာပြီး လျှပ်စီးကြောင်းများ တောက်ပလာသည်။ မိုးကြိုးများကလည်း မကောင်းဆိုးဝါးများကို ထိတ်လန့်သွားစေနိုင်၏။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှနေ၍ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဓားမောက်‌တစ်ချောင်း ကျဆင်းလာပြီး ထိုဓားထဲတွင် လျှင်မြန်မှု ၊ နှေးကွေးမှု ၊ ပေါ့ပါးမှု၊ လေးလံမှုနှင့် ကြမ်းတမ်းခက်ထန်မှုများ ပေါင်းစပ်နေသည်။

"ဂျိမ်းးး... "

မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ဓားက အစိမ်းရောင်မိုးကြိုးကြီးအဖြစ် ပြောင်းလဲသွားသည်။

"ဂျိမ်း…ဂျိမ်း….ဂျိမ်း….."

အစိမ်းရောင် မိုးကြိုးကြီး (၅) ခု ကျဆင်းလာပြီး တစ်ခုပြီးတစ်ခု ဓားထဲသို့ ပေါင်းစပ်၍ ကျိုးယုံကို တိုက်ခိုက်လိုက်သည်။

နတ်ဘုရားချုပ်နှောင်ခြင်းကြိုး၏ ထိန်းချုပ်ထားမှုကြောင့် ကျိုးယုံ၏ချီစွမ်းအင်နှင့် ပင်မဝိညာဉ်များက ထိုနယ်မြေနှင့် ပေါင်းစပ်ရန် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် စွမ်းအားများ ကျဆင်းလာသည့်အချိန်တွင် သူလည်း ဘာမျှမတတ်နိုင်ပေ။

"ဘုန်း... "

ဓားမောက်က ကျိုးယုံကို (၂) ခြမ်းကွဲသွားစေပြီး လျှပ်စီးကြောင်းများက သူ၏ခန္ဓာကိုယ်ကို ဝါးမျိုသွားခဲ့သည်။ အစိမ်းရောင်မိုးကြိုးများက ကြမ်းတမ်းခက်ထန်လွန်းလှ၏။

ထိုအရာက မကောင်းဆိုးဝါးများအားလုံး၏ ရန်သူလည်းဖြစ်သည်။ ကြောက်စရာကောင်းသော အငွေ့အသက်များက ရုန်းကန်၍ပင် မရဘဲ ရှုံးနိမ့်သွားနိုင်၏။ ထိုစွမ်းအားများနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည့်အချိန်တွင် လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ လေထဲတွင်တော့ ကြောက်စရာကောင်းသော အသံတစ်ခုသာ ထွက်ပေါ်နေခဲ့သည်။

မုန့်ချီက လျှပ်စီးကြောင်းများ လွှမ်းခြုံနေသော ပစ္စည်းလေးတစ်ခုကို ဘယ်လက်နှင့် လှမ်းယူလိုက်သည်။ ထိုအရာကတော့ အက်ကွဲကြောင်းများ ပြည့်နေသော လေဟာနယ်လက်စွပ်တစ်ခုနှင့် ရှေးဟောင်းကြေးမုံတစ်ခု ဖြစ်သည်။ ထိုကြေးမုံထဲတွင် သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေပြီး ယင် ယန်သဘောတရားများပြည့်နှက်နေသည်။

"ယင်ယန်ကြေးမုံပုံတူလား... "

မုန့်ချီက ချက်ချင်းပင် နားလည်သွားပြီး အတော်လေး ကြောက်လန့်သွားခဲ့သည်။

"တကယ်လို့ကျိုးယုံကသာ ယင်ယန်ကြေးမုံကို ပထမဆုံး သုံးလိုက်မယ်ဆိုရင် အနည်းဆုံး သူက ငါ့ရဲ့အဖော်တစ်ယောက်ကို သတ်ပစ်နိုင်မှာပဲ။ ပြီးတော့ အဲဒီလူကို ကယ်နိုင်လား မကယ်နိုင်ဘူးလား ဆိုတာကိုတောင် ငါက သေချာမသိနိုင်ဘူး.."

သူက ကျန်းကျိဝေနှင့် အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့၏မျက်လုံးထဲတွင် ဝမ်းနည်းမှုများ ပေါ်လာခဲ့၏။ ကျိုးယုံက နှစ်ပေါင်းများစွာ သိုင်းပညာများ လေ့ကျင့်ထားခဲ့သော်လည်း မသေခင် မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုနိုင်ခဲ့ပေ။ အကယ်၍ သူ့နေရာ၌ သူတို့သာဆိုလျှင်လည်း သူ့လိုသာ သေဆုံးသွားရမည် ဖြစ်၏။

"အလွန်ကြောက်စရာကောင်းသော လျှို့ဝှက်လက်နက်များနှင့် အလွန်အန္တရာယ်များသော သံသရာကမ္ဘာကြီး... "

ကမ္ဘာပျက်ဘေးနှင့် ပတ်သက်နေသော ပုံပြင်ဒဏ္ဍာရီများကို မုန့်ချီဆီတွင် ပြန်လည်မြင်ယောင်လာခဲ့သည်။ ဓမ္မကာရအဆင့်နှင့် ဓမ္မကာရအဆင့် အထက်တွင် ရှိနေသော ပညာရှင်များကပင် သူတို့၏ အဖိုးတန်လက်နက်များကို ဆုံးရှုံးသွားကြဖူး၏။ သူတို့က သူတို့ထက် အဆပေါင်းများစွာ အဆင့်နိမ့်ကျသော တပည့်များ၏လက်ထဲတွင် ရှုံးနိမ့်သွားကြရသည်။

"ငါ့ရဲ့အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က အဖိုးတန်လက်နက်တွေရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တာ ကံကောင်းသွားတယ်... ။ ရန်အာလန် ရန်ကျန်းက ငါတို့အတွက်တော့ ဥပမာတစ်ခုပဲ…"

တစ်ချိန်တည်းတွင် ကျိုးဟန်ဖုန်းက နဂါးဟိန်းသံ၏ အကျိုးသက်ရောက်မှုမှ လွတ်မြောက်သွားခဲ့ပြီး ကျိုးယုံ သေဆုံးမှုကို မြင်တွေ့သွားခဲ့သည်။ သူ၏မျက်လုံးအကြည့်က အေးစက်လာပြီး သူ၏အငွေ့အသက်များက နှေးကွေးလာ၏။ သူ၏အစွမ်းများကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

သူ၏အဝတ်အစားများက ပေါက်ကွဲသွားပြီး အရေပြားပေါ်တွင် ထူးဆန်းသော အင်းကွက်များ ပေါ်လာခဲ့၏။ သူတို့က အနက်ရောင် တောက်ပနေပြီး ထူးခြားသော အဓိပ္ပါယ်တစ်ခု သက်ရောက်နေသည်။ အေးစက်မှုများက အလွန်ပြင်းထန်လာပြီး တူဟိုင်ရှန့်၏ နေလုံးကြီးပေါ်တွင်ပင် ရေခဲအငွေ့အသက်များ လွှမ်းခြုံလာသည်။ ထိုအရာက အရည်ပျော်ရန်လည်း အချိန်အတော်လေး ပေးလာရ၏။

"ငါက ဒီစွမ်းရည်ကို ပြည့်ပြည့်၀၀ အသုံးချဖို့ (၂) ရက် (၃) ရက်လောက် လိုနေသေးတယ်။ ဒါပေမဲ့ မင်းကို သတ်ဖို့တော့ လုံလောက်အောင် အစွမ်းထက်ပါသေးတယ်…"

ကျိုးဟန်ဖုန်းက အေးစက်စွာ ပြောလိုက်၏။

Translated by Hein Htet

All Chapters