အခန်း (၄၄၂)
Vol. 30 Ch. 442
"ဘုန်း... "
တူဟိုင်ရှန့်က နောက်တစ်ကြိမ် လေထဲမှ ပြုတ်ကျသွားခဲ့ပြန်သည်။
အလွန်ပြင်းထန်လွန်းလှသော တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်တွင် အလွန်ကြီးမားသော တွင်းပေါက်ကြီးတစ်ခုပင် ပေါ်နေခဲ့၏။ သူ၏ရင်ဘတ်က ကျွံဝင်သွားပြီး နံရိုးများစွာ ကျိုးသွားခဲ့သည်။ သူ၏ခန္ဓာကိုယ် အတွင်းထဲတွင်လည်း သွေးများ စီးကျလာနေပြီး သူ့သွေးများက အေးခဲနေသေး၏။ သွေးတစ်စက်မျှ ဒဏ်ရာထဲမှ စိမ့်ထွက်လာခြင်း မရှိခဲ့ပေ။
သူက စွမ်းအားများကို အတတ်နိုင်ဆုံး စုစည်းပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင်အငွေ့များကတော့ သေစေနိုင်လောက်သော အဆိပ်ငွေ့များကဲ့သို့ သူ၏ပတ်ပတ်လည်တွင် လွှမ်းခြုံနေပြီး ခန္ဓာကိုယ်ကို ဖျက်ဆီး၍ အသွေးအသားများကို ဖျက်ဆီးနေသည်။ သူ၏လှုပ်ရှားမှုများကိုပင် သက်ရောက်စေနိုင်ခဲ့၏။
သူကတော့ တုံ့ပြန်ရန် မပြောနှင့် မတ်တပ်ရပ်ရန်ပင် အတော်လေး ခက်ခဲနေနိုင်သည်။ သိုင်းကွက် (၃) ကွက် အတောအတွင်း သူက ကြောက်စရာကောင်းသော ဒဏ်ရာများ ရခဲ့ကြောင်း လူတိုင်းက မြင်နေရ၏။ ကျိုးဟန်ဖုန်းက အမှန်တကယ်ကို လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူတို့၏ စွမ်းအားနှင့် ကွာဟမှုကလည်း တဖြည်းဖြည်း ကြီးမားလာနေ၏။
ကျိုးဟန်ဖုန်းက တူဟိုင်ရှန့်ကို တိုက်ခိုက်လိုက်ပြီးနောက် နောက်ပြန်လှည့်ကြည့်ခဲ့ခြင်းပင် မရှိချေ။ သူက မြေပြင်လှေကားအဆင့် ပညာရှင် တစ်ယောက် ဖြစ်သော်လည်း တခြားသော အန္တရာယ်များကို ပို၍အလေးထားရန် လိုအပ်သည်။ သူက တူဟိုင်ရှန့်ကို အလေးထားနေခြင်း မရှိတော့ပေ။
ထိုအချိန်တွင် သွေးစိမ်းရောင် ပေါက်နေသော မျက်လုံးများက မုန့်ချီတို့အဖွဲ့ကို လှည့်ကြည့်လိုက်၏။ သူက ညာလက်ကို မြှောက်လိုက်ရာ အပြာရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး လျင်မြန်စွာ စုစည်းလာခဲ့၏။ သူကတော့ ထိုအမှိုက်ကောင်လေးများကို ရှင်းပစ်ရန် သိုင်းကွက်တစ်ခုတည်းသာ လိုအပ်မည်ဟု ယုံကြည်ချက်ရှိသည်။
တူဟိုင်ရှန့်က ဒဏ်ရာရ၍ မြေပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသည့်အခါ ရွမ်ယုရှုကလည်း မျက်နှာပျက်သွားခဲ့၏။ သူမ၏မျက်နှာပေါ်တွင် အကြောက်တရားများတော့ မရှိခဲ့ပေ။ သူမက အလွန်တည်ငြိမ်နေပြီး အနိုင်ရရန် ပြတ်သားမှုများသာ ရှိနေ၏။
သူမက လျှာကို သွားနှင့် ကိုက်လိုက်ပြီး သွေးအဆီအနှစ်များကို အိပ်တန်းတက် ဇာမဏီဗျပ်စောင်းပေါ်သို့ ထွေးထုတ်လိုက်သည်။ သူမက အခြေအနေကို ကောင်းကောင်းကြီး နားလည်နေခဲ့၏။ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုက သူမ၏အဖော်များကို ချက်ချင်းသတ်ပစ်နိုင်ကြောင်း သူမက သေချာ နားလည်နေသည်။
သူတို့ဆီတွင် မှော်ရတနာများ၏ အကာအကွယ် မရှိချေ။ ကျိုးဟန်ဖုန်းက သူမ၏အဖော်များကို တိုက်ခိုက်ခြင်း မရှိစေရန် ကောင်းကင်ပြာတံဆိပ် ပိုင်ဆိုင်ထားသော သူမက အရင်ဆုံး တိုက်ခိုက်လိုက်သည်။
သူမက လက်ချောင်းလေးများကို ဗျပ်စောင်းပေါ်တွင် လှပစွာ လှုပ်ရှားလိုက်၏။ သူမ၏ ဗျပ်စောင်းဆီမှ ထွက်ပေါ်လာသော အသံက ဇာမဏီငိုကြွေးသံကဲ့သို့ ဖြစ်လာပြီး တိမ်တိုက်များကို ဖြတ်ကျော်သွားခဲ့သည်။ ထိုအသံက အလွန်အေးစက်သော ဓားသွားတစ်လက် ၊ အမှောင်ထုကြီးကို ဖယ်ရှားနိုင်သော ဓားတစ်လက်ကဲ့သို့ဖြစ်နေပြီး သံစဉ်များအားလုံးက ကောင်းကင်ပေါ်မှ ကျဆင်းလာသလို ထင်ရသည်။
ကောင်းကင်ဘုံမှ နတ်ဘုရားသံစဉ်က မကောင်းဆိုးဝါးများအားလုံးကို သန့်စင်ပေးနိုင်ပြီး ကျိုးဟန်ဖုန်း၏ ပင်မဝိညာဉ်ကို ထိတ်လန့်ကြောက်ရွံ့သွားစေနိုင်သည်။ ရွမ်ယုရှု၏ တီးလုံးသံ ထွက်ပေါ်လာပြီး ပတ်ပတ်လည်တွင် ကျယ်လောင်စွာ ပျံ့နှံလာ၏။ ထိုအချိန်တွင် အထက်ကောင်းကင်ပေါ်မှနေ၍ ဇာမဏီငှက်များ တေးဆိုနေသလို ချိုသာသော အသံမျိုးလည်း ထွက်လာခဲ့သည်။
သူမ၏သံစဉ်က အလွန်အစွမ်းထက်ပြီး အံ့ဩစရာကောင်းလွန်းလှသည့်အတွက် ကြားလိုက်ရသူတိုင်း၏ စိတ်ဝိညာဉ်ထဲတွင် လှုပ်ရှားသွားကြသည်။ သူမ၏ သီချင်းသံပြီးဆုံးသွားသည့်အချိန်တွင် ရွမ်ယုရှု၏ မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး စိတ်ဝိညာဉ်စွမ်းအား အလွန်အကျွံသုံးစွဲခဲ့မှုကြောင့် ခေါင်းထဲတွင် မူးဝေသွားခဲ့သည်။
သူမ၏ အခြေအနေက ဆိုးရွားသွားသော်လည်း သူမကတော့ ခံနိုင်ရည် ရှိနေသေးသည်။ အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲကို ရောက်လာခဲ့သည့် အချိန်ကတည်းကစပြီး သူမ၏စွမ်းရည်များက သိသိသာသာ တိုးတက်လာခဲ့၏။
ရွမ်ယုရှု၏ တိုက်ခိုက်မှုကြောင့် ကျိုးဟန်ဖုန်း၏ တိုက်ခိုက်မှုက သိသိသာသာ အားနည်းသွားခဲ့သည်။ ထိုအခြေအနေကို နားလည်သွားသည့်အတွက် ကျန်းကျိဝေက ရေခဲစွမ်းအင် အချုပ်အနှောင်မှ လွတ်မြောက်အောင်ကြိုးစားလိုက်ပြီး တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သူမ၏နေဖောက်သက်တန့်ဓားက လျင်မြန်သွက်လက်ပြီး လေဟာနယ်ကို ထိုးဖောက်သွားသလို ထင်ရ၏။ သူမက အဖိုးတန်လက်နက်၏ အစွမ်းကိုသုံးပြီး သူမနှင့် သူမ၏အဖော်များကို ကာကွယ်ပေးရန် ပြင်ဆင်လိုက်သည်။
ဓားက လေထဲတွင် လှုပ်ရှားသွားခဲ့ပြီး ဓားချီစွမ်းအင်များ ထွက်ပေါ်လာသည်။ သူ့အစွမ်းက ကြောက်စရာကောင်းစွာ ထွက်ပေါ်လာခဲ့၏။ စွမ်းအင်ပေါက်ကွဲမှုကြောင့် ရောင်စဉ်တန်းများ ထွက်ပေါ်လာပြီး အမှောင်ထုကြီးကို ဖယ်ရှားပစ်လိုက်သည်။ ဓားအလင်းရောင်က အလွန်အမင်းကို တောက်ပလွန်းလှပြီး ဓားသွားထဲတွင် ကမ္ဘာမြေကြီး၏ အနှစ်သာရများ ပေါင်းစပ်ထားသည်။
အလင်းရောင်များ၊ တောက်ပမှုများအားလုံးကလည်း ယူဆောင်သွားသလို ထင်ရပြီး လူတိုင်း၏ မျက်လုံးထဲတွင် အလွန်တောက်ပသော မိုးကြိုးကြီးတစ်ခုကဲ့သို့ ထင်ရ၏။ ဓားအလင်းတန်း၏ ပတ်ပတ်လည်တွင် ရှိနေသော အမှောင်ထုကြီးကလည်း တဖြည်းဖြည်း ဝါးမျိုခံလိုက်ရသည်။ ဓားက အကန့်အသတ်မဲ့ ချီစွမ်းအင်များအဖြစ် ပြောင်းလဲလာပြီး သူမ၏ သိုင်းကွက်ကို အားဖြည့်ပေးလိုက်၏။
ထိုအရာကတော့ အနန္တဓားသိုင်း၏ သိုင်းကွက်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ သူမက စွမ်းရည်နှင့် ဓားသိုင်းအနှစ်သာရများကို အဖိုးတန်လက်နက်ထဲသို့ ပေါင်းစပ်ထားသည်။ ထို့ကြောင့် သူမက အဝေးမှနေ၍ ရန်သူကို တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။ ထိုအရာက သူမ၏ချီစွမ်းအင်နှင့် ခွန်အားကိုတော့ အတော်လေး အသုံးပြုနေရသည်။
သူမက အစောပိုင်းတွင် ဒဏ်ရာရထားခဲ့ပြီး စွမ်းအင်များ ကုန်ဆုံးထားသည့်အတွက် ကျန်းကျိဝေက သူမ၏ သွေးအဆီအနှစ်များကို လှုံ့ဆော်နိုင်သော ဝှက်ဖဲတစ်ချပ်ကို သုံးလိုက်ရခြင်း ဖြစ်သည်။
ဓားက ဆက်တိုက်လှုပ်ရှားလာခဲ့၏။ ထိုအချိန်တွင် ချုပ်နှောင်မှုများအားလုံးက ချက်ချင်း ပျက်စီးသွားခဲ့သည်။ ဓားချီစွမ်းအင်များနှင့် တိမ်တိုက်ဖျက်ဆီးခြင်း စွမ်းအားများ ပေါင်းစပ်ပြီး ကျိုးဟန်ဖုန်းကို တိုက်ခိုက်လိုက်၏။ ထိုတိုက်ခိုက်မှုက သူ၏မျက်ခုံး အလယ်တည့်တည့်ကို ရောက်လာခဲ့သည်။
ယခင်တစ်ခေါက် နဂါးဟိန်းသံ၏ ချုပ်နှောင်မှုထဲသို့ ကျရောက်သွားသည်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ကျိုးဟန်ဖုန်း၏ အစွမ်းက တိုးတက်လာသည့်အတွက် သူ့ခေါင်းထဲတွင် အနည်းငယ် လှုပ်ရှားသွားရုံသာရှိပြီး ချက်ချင်းပင် ကောင်းကင်ဇာမဏီ ငိုကြွေးသံ၏ အကျိုးသက်ရောက်မှုများကို ဖယ်ရှားနိုင်ခဲ့သည်။
သူက သူတို့ကို လက်ညှိုးနှင့် ချိန်လိုက်ရာ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအလင်းတန်းထဲတွင် အနက်ရောင်ရေခဲစွမ်းအင်များ မကောင်းဆိုးဝါးများအားလုံး ပေါင်းစပ်ပါဝင်နေခဲ့၏။ ကြည့်လိုက်မည်ဆိုလျှင် ထိုလက်ညှိုးက ဓားထိပ်ဖျားကို တိုက်ခိုက်လိုက်သလို ထင်ရသည်။
"ချွမ်း... "
သံအချင်းချင်း ထိခိုက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ဓားချီစွမ်းအင်များက ချက်ချင်းဆိုသလို အေးခဲသွားပြီး နှင်းပွင့်များကဲ့သို့ ကျဆင်းလာခဲ့သည်။
ကျန်းကျိဝေကတော့ နောက်ကိုခြေလှမ်း အနည်းငယ် ပြန်ဆုတ်သွားလိုက်ရပြီး မြေပြင်ပေါ်သို့ ညာလက်နှင့် ထောက်လိုက်ရသည်။ ထိုလက်ကတော့ ကျိုးသွားခဲ့၏။ ယခုတော့ သူမက ဘယ်လက်ကိုသာ အသုံးပြုနိုင်ပါတော့သည်။ သူမက အခွင့်အရေးကို အရယူပြီး တိုက်ခိုက်ခဲ့သော်လည်း ပြိုင်ဘက်၏ ဝေ့ကျင်းအဆင့် စွမ်းအားများကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာမရအောင် ကာကွယ်နိုင်ခဲ့ခြင်း မရှိချေ။
ကျိုးဟန်ဖုန်း၏ ညာဘက်လက်တွင် လက်သည်းပုံသဏ္ဍာန် အဖိုးတန်လက်နက်တစ်ခု ရှိသည်။ သူက ဒဏ်ရာရသည့်လက္ခဏာမျိုးလည်း မရှိချေ။ သူ၏မျက်လုံးထဲတွင်တော့ ဓားချီစွမ်းအင်များ တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။ ကြည့်ရသည်မှာတော့ သူက အနည်းငယ်သာ ဒဏ်ရာရသွားပုံပေါ်သည်။
ထိုအရာက အဆင့်ကွာဟချက်လည်း ဖြစ်၏။ နတ်ဘုရား ၊ မကောင်းဆိုးဝါးများ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း အဆင့်တူ ဝေ့ကျင်းအဆင့်ပညာရှင်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူက အနည်းငယ် ပို၍အားနည်းသေး၏။
"ငါက ဒဏ်ရာရသွားတယ်ဆိုတော့ ဆရာကြီးရင်က အသတ်ခံလိုက်ရပြီလို့ ဆိုလိုနေတာလား။ ငါက မင်းတို့ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်မယ်…”
ရက်စက်ကြမ်းကြုတ်သောနည်းလမ်းကို အသုံးပြုလာပြီးနောက် ကျိုးဟန်ဖုန်း၏ ဒေါသများက ပေါက်ကွဲလွယ်ပြီး ယခင်တုန်းကလို တည်ငြိမ်းအေးချမ်းသော အမူအရာမျိုး မရှိတော့ချေ။
သူက ခြံဝန်းကြီးနှင့် အသက်ရှင်ကျန်ရစ်နေသူများကို ဖျက်ဆီးပစ်တော့မည့်အချိန်တွင် အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို ရင်ဆိုင်လိုက်ရသည်။ သူက ချက်ချင်းပင် ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့သော် သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အသက်စွမ်းအင်များ ပျောက်ကွယ်သွားနေသလို ခံစားနေရသည်။
မုန့်ချီက ကျိုးဟန်ဖုန်းကို စိုက်ကြည့်နေပြီး သူ၏ ဘယ်လက်ထဲတွင် ရှေးဟောင်းကြေးမုံကြီးတစ်ခု ကိုင်ထားသည်။ ထိုကြေးမုံကြီးက ကျိုးဟန်ဖုန်း၏ အသက်စွမ်းအင်များကို စုပ်ယူနေပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားကို ဝါးမျိုနေသည့်အတွက် သူလည်း သေခြင်းတရားနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
ယင်ယန်ကြေးမုံ ၊ ယင်စွမ်းအားက သေဆုံးခြင်းစွမ်းအားကို သယ်ဆောင်ထားပြီး ယန်စွမ်းအားက အသက်စွမ်းအားကို သယ်ဆောင်ထားသည်။ ထိုအရာက မူလလက်နက်သာဆိုလျှင် မှော်နတ်ဘုရားလက်နက်တစ်ခုဖြစ်ပြီး ဓမ္မကာရအဆင့် ပညာရှင်များကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။
ယခုကြည့်လိုက်ရုံနှင့် ကျိုးဟန်ဖုန်း၏ အသက်စွမ်းအင်များ ၊ ခွန်အားများက ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ယင်ယန်ကြေးမုံထဲသို့ ဝင်ရောက်လာနေသည်။ အကယ်၍ ထိုသို့ဆက်သွားမည်ဆိုလျှင် သူ့အတွက် သတင်းဆိုးတစ်ခု ဖြစ်သွားနိုင်၏။
သူက သူ၏မွေးရာပါစွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ကမ္ဘာမြေကြီး၏ အနှစ်သာရများကို သုံးလိုက်သည်။ ထိုအချိန်တွင် သူကိုယ်တိုင်က ဦးချိုမဲ့ အပြာရောင်နဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ပုံစံက တခြားနဂါးများနှင့် မတူဘဲ အကြေးခွံများက မည်းနက်နေပြီး နဖူးပေါ်တွင် အနက်ရောင်အဖု (၂) ခု ရှိနေသည်။
ထိုအရာက ကျိုးဟန်ဖုန်း၏ သဏ္ဍာန်မဲ့ နဂါးပုံသဏ္ဍာန်ဖြစ်ပြီး သွေးမျိုးဆက်၏ အမြင့်ဆုံး ပုံသဏ္ဍာန်များထဲမှ တစ်ခုလည်း ဖြစ်သည်။ ထိုအရာက မြေပြင်လှေကားအဆင့် (၃) ၏ နေလုံးကြီးထက် အနည်းငယ် ပို၍နိမ့်ကျနေသည်။ သူတို့က ရှေ့ဆက်တိုးတက်လာမည်ဆိုလျှင် အစစ်အမှန်နဂါးပုံသဏ္ဍာန်က နေလုံးကြီးကိုပင် ယှဉ်နိုင်သည်။ သူ၏စွမ်းရည်ကိုတော့ ထိန်းသိမ်းထားရန် အတော်လေးခက်ခဲ၏။
ကမ္ဘာမြေကြီး၏ အနှစ်သာရကို ထိုကဲ့သို့ ဖိနှိပ်ထားနိုင်သည့်အတွက် တူဟိုင်ရှန့်ကို ငြိမ်းချမ်းရေးကောင်းကင်ဘုရင်ဟု ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။ ယခုလိုပုံသဏ္ဍာန် ဖြစ်ပေါ်လာသော ဦးချိုမဲ့နဂါးက ပင်မဝိညာဉ်ထဲတွင် နှင်းပွင့်လေးများ လွှမ်းခြုံလိုက်ပြီး ယင်ယန်ကြေးမုံထဲသို့ ခေါ်ဆောင်ခံနေရ၏။
ကျိုးဟန်ဖုန်း၏ သိစိတ်က အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်လှသည်။ ဦးချိုမဲ့နဂါးပုံသဏ္ဍာန်က ယင်ယန်ကြေးမုံထဲသို့ ဝင်သွားခဲ့ပြီး တခဏအတွင်း ကြေးမုံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။
"ဖျောက်…"
ယင်ယန်ကြေးမုံပုံတူက ပျက်စီးသွားခဲ့ပြီး တစ်ပိုင်းတစ်စ ဖြစ်ပေါ်လာသော ဦးချိုမဲ့နဂါးပုံသဏ္ဍာန်ကလည်း ဖျက်ဆီးခံလိုက်ရသည်။ ကျိုးဟန်ဖုန်း၏ အငွေ့အသက်များကလည်း ပျက်စီးသွားခဲ့၏။
သူ၏စွမ်းအားများက မြေပြင်လှေကားအဆင့် (၆) မှနေ၍ အောက်ကိုဆက်၍ လျော့ကျသွားခဲ့သည်။ သူ၏ပင်မဝိညာဉ်က လှုပ်ရှားနေပြီး မျက်လုံး (၂) ဖက်က မီးဝင်းဝင်း တောက်နေခဲ့၏။ ထိုခဏတွင် သူက ကောင်းကင်ကြီးကို ဖျက်ဆီးပစ်ချင်နေပုံရသည်။
လျှို့ဝှက်ရတနာက အမှန်တကယ်ကို အံ့ဩစရာ ကောင်းလှ၏။ သို့သော် မုန့်ချီ ပေးဆပ်လိုက်ရသော တန်ဖိုးက ကြီးမားလှသည်။ ထိုအရာက တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ထိန်းချုပ်ထားနိုင်သော ရတနာတစ်ခု ဖြစ်နေမည်ဟု သူက တွေးခဲ့မိ၏။ ယနေ့တော့ သူက ဓမ္မကာရအဆင့်ကိုယှဉ်နိုင်သော လက်နက်တစ်ခုကို သုံးရတော့မည် ဖြစ်သည်။
ကျိုးဟန်ဖုန်း၏ အခြေအနေကို မြင်သည့်အခါ ကျိုးဟမ်က မျက်မှောင်ကြုတ်လိုက်မိပြီး လေထဲသို့ခုန်၍ သူ့ဓားကို ဆွဲထုတ်လိုက်သည်။
"ဒါက ငါစောင့်နေတဲ့ အခွင့်အရေးပဲ…."
ထိုဓားချက်တွင် မည်သည့်ထူးခြားမှုမျှမရှိချေ။ ထိုသို့ဆိုရာတွင် အာရုံများအားလုံးက ကျိုးဟမ်ဆီကို ရောက်သွားခဲ့ပြီး သူက ဤနေရာတွင် ဖန်တီးရှင်တစ်ယောက် သို့မဟုတ် အင်ပါယာတစ်ယောက်ကဲ့သို့ ထင်မှတ်နေရ၏။
ဓားသွားနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် အနက်ရောင်မကောင်းဆိုးဝါး ယင်စွမ်းအင်များက ယန်စွမ်းအားများ ဖြစ်လာပြီး ကျိုးဟန်ဖုန်းဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။
ကျိုးဟန်ဖုန်းက ဘေးသို့ ချက်ချင်း ရှောင်လိုက်ပြီး သူ၏ဘယ်လက်နှင့် ကျိုးဟန်၏ဓားကို လှမ်းဖမ်းလိုက်သည်။ အသံတစ်ခုမျှထွက်မလာဘဲ သူ့ဘယ်လက်က ပြုတ်ကျသွားခဲ့ပြီး အနက်ရောင်အငွေ့များထွက်၍ ကျိုးဟမ်က နောက်ဆုတ်သွားလိုက်ရ၏။
ထိုတိုက်ခိုက်မှုကြောင့် မုန့်ချီက ကောင်းလန်၏ ကောင်းကင်လက်သီးသိုင်းကို အမှတ်ရသွားခဲ့သည်။
"တော်ဝင်မျိုးရိုးတွေရဲ့ ဓားသိုင်းပညာက အင်ပါယာဓားသိုင်းနဲ့ ကပ်ဘေးဓားသိုင်း (၈)သွယ်ကို ပေါင်းစပ်ထားတာကနေ ဆင်းသက်လာတာများလား…"
လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့် ရှိနေသော ကျိုးဟမ်က အနက်ရောင်အငွေ့များကြောင့် အနောက်သို့ လွင့်သွားပြီးနောက် သူ၏နှာခေါင်းထဲမှနေ၍ သွေးများ စီးကျလာခဲ့၏။
ထိုကဲ့သို့ တုံ့ပြန်မှုက သာမန်သာဖြစ်သည်။ သူ့ဒဏ်ရာက ပြင်းထန်မှု မရှိချေ။ သူ၏ခန္ဓာကိုယ် ကိုယ်တွင်းပေါက်များက ကမ္ဘာမြေကြီး၏ ချီစွမ်းအင်များကို စုပ်ယူလိုက်ပြီး သိပ်မကြာခင် သူ၏ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများ ပြန်ပြည့်လာခဲ့၏။
သို့သော် ရင်လန်းဟွေနှင့် တိုက်ပွဲတွင် သူက စွမ်းအားအတော်လေး ကုန်ဆုံးခဲ့ရသည်။ တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းက ထူးခြားသော နည်းလမ်းများကို သုံးခဲ့ရသည့်အတွက် သူက ထိုတိုက်ခိုက်စွမ်းရည်ကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်ခြင်း မရှိချေ။
လက်တစ်ဖက် ဆုံးရှုံးသွားရသော ကျိုးဟန်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ ထိုအော်သံကြောင့် မုန့်ချီ၏ နားထဲတွင် ခြင်္သေ့ပေါင်းများစွာ ဟိန်းလိုက်သလို ခံစားလိုက်ရသည်။ ကျိုးဟန်ဖုန်းက အလွန်ကြောက်စရာကောင်းသောဓားသွားကို ရှောင်တိမ်းလိုက်သည့်အချိန်တွင် သူ၏သစ္စာခံဆောင်းနဂါးကို သူ့ကိုယ်စား ရင်ဆိုင်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ဓားသွားက ပိုင်းဖြတ်သွားသည့်အချိန်တွင် အေးခဲနေသောအလွှာများစွာ ထွက်ပေါ်လာခဲ့၏။
ကျိုးဟန်ဖုန်းဆီတွင် ဦးချိုမဲ့မိုးကြိုးနဂါးမျိုးဆက် ရှိနေသော်လည်း သူ့ပုံသဏ္ဍာန်ပြောင်းရန် လိုအပ်သော အနှစ်သာရများက ဆုံးရှုံးသွားသည်။ လက်ရှိအချိန်တွင် ချီကျန်းရန်၏ ရွှေနဂါးဓားနှင့် တိုက်ခိုက်လိုက်မည်ဆိုလျှင်ပင် သာမန်တိုက်ခိုက်မှုတစ်ခုဟု သတ်မှတ်နိုင်တော့မည် မဟုတ်ချေ။
သူက ခန္ဓာကိုယ်ပေါ်တွင် ရေခဲအကာအကွယ်များ လွှမ်းခြုံလိုက်ပြီး သူ၏အသွေးအသားနှင့် ပင်မဝိညာဉ်များကို တိုက်ခိုက်နိုင်ခြင်း မရှိစေရန် ကာကွယ်လိုက်သည်။
မုန့်ချီက စွန့်လွှတ်ခြင်းကျင့်စဉ်က သုံးလိုက်၏။ ထို့နောက် အဖိုးတန်လက်နက်ကို အသက်သွင်းရန် ခရမ်းမိုးကြိုးစွမ်းအားများကိုလည်း လှုံ့ဆော်လိုက်ပြီး ကောင်းကင်မိုးကြိုး (၅) သွယ်ကို သုံးလိုက်သည်။ သူက လေထဲသို့ ခုန်လိုက်ပြီး ခန္ဓာကိုယ်တစ်ခြမ်းက ကျိုးဟန်ဖုန်းဆီတို့ ဆင်းသက်လာခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားများစုစည်းလာပြီး ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်သည်။
"သေလိုက်စမ်း…"
အရိုးကြွက်သားအားဖြည့်ကျင့်စဉ်၏ အကူအညီကြောင့် သူ၏ မိုးကြိုးဟိန်းသံက သိသိသာသာ တိုးတက်လာခဲ့သည်။ ထိုအရာက မုန်တိုင်းများမရှိဘဲ ထွက်လာနိုင်သော မိုးကြိုးတစ်ခုကဲ့သို့ ဖြစ်သည်။
ထိုအရာက ကျိုးဟန်ဖုန်း၏ပင်မဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်၏။ ဓားမောက်ကလည်း ကြာပွတ်တစ်ချောင်းကဲ့သို့ ခုတ်ချလိုက်ပြီး စွမ်းအား (၅)မျိုးကလည်း တစ်မျိုးတည်း ပေါင်းစပ်၍ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့သည်။
အနက်ရောင်တိမ်တိုက်ကြီးများ စုစည်းလာပြီး မိုးကြိုးများ ထွက်ပေါ်လာ၏။ အစိမ်းရောင်မိုးကြိုးများကလည်း ကောင်းကင်မိုးကြိုးကြီးအဖြစ် စုစည်းသွားခဲ့ပြီး ဓားနှင့် ပူးပေါင်းတိုက်ခိုက်လိုက်သည်။ ခရမ်းရောင်လျှပ်စီးကြောင်းများက ကောင်းကင်ပေါ်မှ မိုးကြိုးအပြစ်ပေးမှုကဲ့သို့ ဖြစ်လာ၏။
ထိုအရာက ကြည့်နေသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်။ ထိုတိုက်ခိုက်မှုကြောင့် ကျန်းရှန်းဟုန်က သူတို့ဆီကို ပျံသန်းလာနေရင်း လမ်းတွင် ရပ်လိုက်မိသည်။
"ဂျိမ်း... "
ထိုတိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းလွန်းလှသည့်အတွက် ကျန်းရှန်းဟုန်၏ ခန္ဓာကိုယ်ထဲတွင် တုန်လှုပ်သွားခဲ့၏။
ကောင်းကင်ပြစ်ဒဏ်ဓားကို ဆုပ်ကိုင်ထားသော မုန့်ချီက ခုခံမှုတစ်ခုကို ခံစားမိလိုက်သည်။ သို့သော် ကောင်းကင်အပြစ်ပေးမှု၏ အကူအညီနှင့် ထိုအရာကို ထိုးဖောက်နိုင်ခဲ့၏။ ကျိုးဟန်ဖုန်းက (၂) ခြမ်း ကွဲသွားခဲ့သည်။
ဓားမောက်ချီစွမ်းအင်များကလည်း ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး အစိမ်းရောင်မိုးကြိုးများက ကျိုးဟန်ဖုန်းကို လုံးဝလွှမ်းခြုံသွားသော တိမ်တိုက်များကဲ့သို့ ဖြစ်လာခဲ့၏။ သူ၏အသွေးအသားများကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်သည်။ မိုးရေစက်များလည်း ကျဆင်းလာပြီး ဤနယ်မြေကြီးတစ်ခုလုံးတွင် မြူခိုးများ လွှမ်းခြုံနေ၏။
မုန့်ချီ၏အကြည့်ကြောင့် သူကတော့ မြေပြင်ပေါ်ကို ပြန်ဆင်းလိုက်မိသည်။ ထိုအချိန်တွင် သူ့ရှေ့၌ ရှိနေသော အပိုင်းအစများက စတင်လှုပ်ရှားနေပြီး သူတို့က ပြန်လည်ပေါင်းစည်းရန် ကြိုးစားနေကြ၏။
"ဒါကတောင် သူ့ကိုသတ်ဖို့ မလုံလောက်ဘူးလား။ ဒါက ထူးဆန်းတဲ့ဘိုးဘေးရဲ့ အနှစ်သာရတွေလား…."
ကျိုးဟန်ဖုန်း၏ အငွေ့အသက်များက တစ်စုံတစ်ခုကြောင့် သိသိသာသာ အားနည်းသွားပုံရသည်။
မုန့်ချီကတော့ သူအသာစီးရနေပြီဖြစ်ကြောင်း သိနေခဲ့၏။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အကုန်လုံးပဲ သတ်လိုက်ကြ... "
မုန့်ချီ၏အသံကို ကြားသည့်အချိန်တွင် ကျန်းရှန်းဟုန်က တိတ်တဆိတ် နောက်ဆုတ်သွားမိခဲ့လေသည်။
Translated by Hein Htet.