← Chapters

အခန်း (၄၄၄)

Vol. 30 Ch. 444

အခန်း (၄၄၄)

Vol. 30 Ch. 444

“ဝတ်ရုံနီတပ်ဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးကောင်းကင်ဘုရင် တူဟိုင်ရှန့်က တန်းနင်ကနေ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ပြီး ကျောက်စိမ်းမျက်လုံးနဂါးပျံ ကျိုးဟန်ဖုန်းကလည်း ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရတယ်။ ပင်မတာဝန်ပြီးဆုံးသွားပြီ။ မင်းတို့တွေ ချက်ချင်းပြန်လာလို့ရပြီ။ အဖွဲ့သားတစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၁၀၀၀) ဆီရမယ်…”

ထိုအချိန်တွင် သံသရာအရှင်သခင်၏ အေးတိအေးစက် စကားသံကပင် အတော်လေး နားထောင်၍ ကောင်းသည်ဟု မုန့်ချီက ခံစားနေရသည်။ သူ့အသံ ပေါ်လာသည့်အတွက် သူနှင့် သူ့အဖွဲ့က အသက်ရှင်သွားပြီဟု ဆိုလိုနေပြီး သူတို့က နောက်ထပ် နာနာကျင်ကျင် ထိန်းထားစရာ မလိုတော့ပေ။

ထိုအချိန်တွင် ငွေရောင် လျှပ်စီးကြောင်းကြီးတစ်ခု တောက်ပလာပြီး သူတို့ဆီတွင် အချိန်ခရီးသွားသလို ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။ မုန့်ချီက မြို့တံခါးရှိရာကို သတိလက်လွတ် လှမ်းကြည့်လိုက်သည့်အချိန်တွင် သူ၏မြင်ကွင်းများအားလုံးက မှေးမှိန်ပြီး နက်မှောင်သွားခဲ့၏။

သူက တူဟိုင်ရှန့်၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်နေခြင်းမရှိချေ။ အကယ်၍ ကျိုးယိချမ်း၏ အမေက နောက်မှ လိုက်သွားမည်ဆိုလျှင်ပင် သူမက သူ့ကို အန္တရာယ်မပေးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဝတ်ရုံနီတပ်ဖွဲ့မှ ခေါင်းဆောင်အနည်းငယ်က စစ်ကူများဖြင့် အနီးအနားတွင် စခန်းချနေကြ၏။

မြို့ထဲတွင် လှုပ်ရှားနေသော တိုက်ပွဲများ၊ မိုးခြိမ်းသံများ၊ တိမ်တိုက်ကြီးများကြောင့် သူတို့က အလျင်အမြန်လာရောက် စစ်ဆေးနိုင်ခြင်း မရှိသော်လည်း သူတို့က တန်းနင်ထဲသို့ ဝင်လာရန် အခွင့်အရေးတစ်ခု ရှိနေခဲ့သည်။ ဝတ်ရုံနီတပ်ဖွဲ့၏ ကံကြမ္မာက ကောင်းကင်ဘုံ၏ လက်ထဲတွင် ရှိနေသည်ဟူသော မုန့်ချီ၏ နောက်ဆုံးစကားလုံးကြောင့် သူတို့က အလွန်ကြီးမြတ်သည်ဟု ဆိုလိုနေခြင်း ဖြစ်သွားခဲ့၏။

သူနှင့်သူ့အဖော်များက အနာဂတ်တွင် ထိုကမ္ဘာကြီးထဲကို တချိန်ချိန် သေချာပေါက် ပြန်သွားရနိုင်သည်။ ထိုအခါ သူတို့၏ ဂုဏ်သတင်းများ၊ လွှမ်းမိုးမှုများက တဖြည်းဖြည်း တိုးတက်ပြန့်နှံ့လာနိုင်၏။ ထိုကဲ့သို့ အခွင့်အရေးတစ်ခု ရှိနေမှတော့ ဘာကြောင့်မယူဘဲ နေရမည်နည်း။ သူ၏လုပ်ရပ်များက မသိစိတ်သက်သက်နှင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ချေ။

သူက သံသရာကမ္ဘာကြီးထဲတွင် တာဝန်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးနောက် အတွေ့အကြုံများအရ ထိုနေရာတွင် နောက်ထပ်လုပ်ဆောင်ရမည့် တာဝန်များ ရှိနေသေးကြောင်း ကြိုတင်တွက်ဆမိခဲ့သည်။

ထို့ပြင် ပြန်လည်ဝင်စားရန် ကြိုးစားနေသော ဘိုးဘေးဟူသည်လည်း ရှိနေသေး၏။ သူက မုန့်ချီတို့၏ ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော တောင်ပိုင်းနယ်မြေနှင့် ပတ်သက်နေပုံရသည်။ ထို့ပြင် သူက အလွန်ကြောက်စရာရာကောင်းသော ‘သွေးပင်လယ်ယက္ခ ’ဟူသော ကြောက်မက်ဖွယ်ရာ ဓမ္မကာရ ပညာရှင်အဆင့် တစ်ယောက်နှင့် ပတ်သက်နေသေး၏။ တူဟိုင်ရှန့်က သူ၏ပြန်လည်ဝင်စားခြင်း စိတ်ဝိညာဉ်ခန္ဓာကိုယ် ဖြစ်နေသည်။

ထိုအကြောင်းပြချက်မျိုးစုံကြောင့် မုန့်ချီက ထိုကမ္ဘာကြီးထဲကို အကြောင်းပြချက်မျိုးစုံဖြင့် ပြန်လာရမည်ဖြစ်ကြောင်း သေချာပေါက် ခံစားမိနေခဲ့သည်။ သူတို့က တစ်ကြိမ်ထက်မနည်းပင် ပြန်လာရနိုင်၏။

အမှောင်ထုကြီး ပျောက်ကွယ်သွားသည့် အချိန်တွင် သူတို့က အလင်းရောင်‌အောက်သို့ ပြန်ရောက်လာခဲ့၏။ သူတို့က ကုသရေး အလင်းတိုင်လုံးထဲတွင် ရှိနေကြောင်း မုန့်ချီက နားလည်နေသည်။ ယခုတစ်ကြိမ် သူ၏ဒဏ်ရာများက ဆိုးဆိုးဝါးဝါး ပြင်းထန်မှုမရှိသလို အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်က ပျက်စီးသွားခြင်း မရှိသေးပေ။

ထိုအစား အဓိက ထိခိုက်ခဲ့ရသည်မှာ စွန့်လွှတ်ခြင်း ကျင့်စဉ်၏ တန်ပြန်သက်ရောက်မှုသာ ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်ထဲတွင် ခံစားမှုအနည်းငယ် လှုပ်ရှားလာခဲ့၏။ သံသရာအရှင်သခင်၏ ပြီးပြည့်စုံသော ကုသမူကြောင့်သာ မဟုတ်လျှင် သူနှင့် သူ့အဖွဲ့၏ သွေးအဆီအနှစ် လောင်ကျွမ်းခဲ့သော အခြေအနေကြောင့် သူတို့က ကုသ၍ မရနိုင်သော ဒဏ်ရာများ ဖြစ်လာနိုင်သည်။

ကုသမှုပြီးဆုံးသွားသည့်အချိန်တွင် မုန့်ချီက သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်ပြီး သူ့မိတ်ဆွေများကို စောင့်နေရန် အလင်းတိုင်လုံးထဲမှ ထွက်လာခဲ့၏။ ကျန်းကျိဝေနှင့် တခြားလူများကလည်း တချိန်တည်းလိုလိုပင် ကုသမှု ပြီးဆုံးသွားကြသည်။

ထိုအချိန်တွင် သံသရာအရှင်သခင်၏ စကားသံ ထွက်လာခဲ့၏။

“တာဝန်သုံးသပ်မူ - လူတိုင်းက အသင့်အတင့်ပဲ။ တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၂၀၀) ဆီ ဆုလက်ဆောင် ရမယ်..”

ထိုသုံးသပ်မှုရလဒ်ကို မုန့်ချီက အံ့သြသွားခြင်းမရှိချေ။ သူနှင့် သူ့အဖော်များက ပင်မတာဝန်ပြီးဆုံးသွားခြင်းသာ ရှိပြီး တာဝန်ထက် ကျော်လွန်နေသော ရှာဖွေမှုများ၊ လျှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိချေ။ သူတို့က ကျိုးယုံံနှင့် လန်တျယ်ကဲ့သို့ သံသရာခရီးသွားနှစ်ယောက်ကို ကြုံတွေ့ခဲ့ရပြီး အလွန်လျို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းကိုလည်း သိခဲ့ရသည်။ ဘိုးဘေး၏တည်ရှိမှုကိုလည်း နားလည်ခဲ့ရ၏။ သို့သော် ထိုကိစ္စကို အသေးစိတ်စုံစမ်းနိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူတို့က တာဝန်သုံးသပ်မှု မကောင်းခဲ့ပေ။

တစ်ချိန်တည်းတွင် လူသစ်များ လမ်းပြသည့်တာဝန်အတွက် ဆုလက်ဆောင်များကိုလည်း ရရှိခဲ့သည်။ မုန့်ချီ၊ ရွမ်ယုရှု နှင့် ကျန်းကျိဝေတို့က တယောက်လျှင် ကံကြမ္မာအမှတ် (၂၀၀) ဆီရခဲ့သည်။ ချီကျန်းရန်က အမှတ် (၁၅၀) ရခဲ့ပြီး ကျိုးဟန်ကတော့ မည်သည့်အရာမျှ မရခဲ့ပေ။

“ငါတို့ရဲ့ တိုက်ပွဲအောင်နိုင်မှုတွေကို ကံကြမ္မာအမှတ်တွေနဲ့ မြန်မြန်လဲပြီး နောက်ထပ်တာဝန်အတွက် အချက်အလက်တွေ လိုတယ်…”

ကျန်းကျိဝေက အလျင်အမြန် ပြောလိုက်၏။

“ကောင်းပြီလေ….”

သူမက တစ်စုံတစ်ခု ပြောစရာရှိနေကြောင်း မုန့်ချီက သိနေသည်။ ထို့ကြောင့် သူလည်း ချက်ချင်း သဘောတူလိုက်၏။ တခြားလူများကတော့ ပုံမှန်အတိုင်းသာ ဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံးက အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီသို့ စုစည်းလာကြပြီး မုန့်ချီက ကျိုးယုံ၏ လေဟာနယ်လက်စွပ်ကို ဖွင့်၍ ပစ္စည်းများယူနေသည်ကို ကြည့်နေကြသည်။

လက်စွပ်ထဲတွင် ရောင်စုံပိုးကောင်များနှင့် သွေးနတ်ဘုရား လက်ဝါးသိုင်းဟု ‌ရေးထားသော သိုင်းကျမ်းတစ်အုပ် ရှိနေသည်။ ထို့ပြင် ထူးဆန်းသော ပုံစံမျိုးစုံ ရှိနေသည့်် မီးခိုးရောင်အလံလေးတစ်ခုလည်း ရှိနေ၏။

ထိုအရာကို ကြည့်လိုက်မည်ဆိုလျှင် သူတို့၏စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသလို ခံစား‌ရနေသည်။ ထိုအရာများကလွဲလျှင် မှော်အရုပ်နှင့် ပတ်သက်သော ထူးထူးဆန်းဆန်းပစ္စည်းများ ၊ စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံးအပါအဝင် ဆေးရည်များစွာ၊ ကုသဆေးပေါင်းများစွာ ရှိနေသည်။

စွမ်းအင်ပြန်ဖြည့်ဆေးကို မြင်သည့်အချိန်တွင် မုန့်ချီက စဉ်းစားပြီး ပြောလိုက်၏။

“ငါက ကံကြမ္မာအမှတ် (၄၀၀) သုံးပြီး ဒါကို ဝယ်လိုက်မယ်လေ…”

ဤတာဝန်ပြီးဆုံးသွားပြီဆိုလျှင် သူက မြေခွေးဘုရင်ကိုသတ်ရန်အတွက် မြောက်ပိုင်းသို့ သွားရန် စဉ်းစားထားသည်။ ထို့ကြောင့် စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံးဝယ်ပြီး ပြင်ဆင်ထားရန် လိုအပ်၏။ သူက ကံကြမ္မာအရှင်သခင်ဆီမှ စွမ်းအားပြန်ဖြည့်ဆေးတစ်လုံး ဝယ်မည်ဆိုလျှင် ကံကြမ္မာအမှတ် (၅၀၀) ကျနိုင်ပြီး ပြန်လဲမည်ဆိုလျှင် ကံကြမ္မာအမှတ် (၃၅၀) သာ ရနိုင်သည်။ အကယ်၍ သူက ထိုအရာကို ယူထားလိုက်မည်ဆိုလျှင် သံသရာအရှင်သခင်ကို အကျိုးအမြတ်ပေးစရာမလိုတော့ပေ။

တခြားသူများကလည်း ကန့်ကွက်နေခြင်း မရှိသည့်အတွက် မုန့်ချီက ကံကြမ္မာအမှတ် (၄၀၀) ပေးပြီး စွမ်းအင်ပြန်ဖြည့်ဆေးကို ယူလိုက်၏။ တခြားပစ္စည်းများကတော့ သူတို့အတွက် အသုံးမဝင်ကြပေ။ ထိုအရာများက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များကို ကာကွယ်နိုင်သော အရာများသာဖြစ်၏။ ထို့ကြောင့် သံသရာအရှင်သခင်ဆီတွင်သာ အရာအားလုံးကို လဲလှယ်နိုင်သည်။

“ဒေါသစုစည်းခြင်းတံဆိပ်…

ဉာဏ်အလင်းပွင့်မှုအဆင့် မှော်အရုပ်ရတနာတစ်ခု၊ စိတ်ဝိညာဉ် (၈၁ )ခုနှင့် မှော်အရုပ်ယစ်ပူ‌ဇော်ခြင်းကနေ ဖြစ်ပေါ်လာတယ်။ ပင်မဝိညာဉ်ကို အားနည်းသွားစေနိုင်တယ်။ ကံကြမ္မာအမှတ် (၇၀၀) နဲ့လဲလို့ရတယ်..”

“သွေးနတ်ဘုရား လက်ဝါးသိုင်း…

သွေးနတ်ဘုရားဓားကနေ ဆင်းသက်လာတယ်။ ‌ဝေ့ကျင်းအဆင့် ထိပ်သီးသိုင်းပညာ တစ်ခု၊ တကယ်လို့ အသုံးပြုသူရဲ့ အစွမ်းကသာ မလုံလောက်ဘူးဆိုရင် ဒါမှမဟုတ် အဲဒီလို သိုင်းပညာကို ချုပ်နှောင်နိုင်မယ့် နတ်ဘုရား သိုင်းပညာမျိုး ရှိနေမယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကို လက်ဝါးနဲ့ တိုက်ခိုက်လိုက်တဲ့အချိန်တိုင်း တဖြည်းဖြည်း တိုးတက်လာနိုင်သည်။ ဒီသိုင်းပညာကို လေ့ကျင့်မယ်ဆိုရင် တန်ပြန်သက်ရောက်မှုတွေကို မကြာခဏခံရနိုင်တယ်။ ဒါကို ကံကြမ္မာအမှတ် (၁၅၀၀) နဲ့ လဲလို့ရနိုင်တယ်…”

ပိုးကောင်ဥမျိုးစုံကိုတော့ ကံကြမ္မအမှတ် (၈၀၀) နဲ့လဲလှယ်နိုင်ပြီး တခြားထူးထူးဆန်းဆန်းပစ္စည်းများ ၊ ဆေးရည်များကတော့ စုစုပေါင်းကံကြမ္မာအမှတ် (၅၀၀) ရခဲ့သည်။ လေဟာနယ်လက်စွပ်က ပျက်စီးနေသည့်အတွက် ပြန်လည်ပြုပြင်သည်အရာက အတော်လေးကုန်ကျ၏။

ရွမ်ယုရှု၊ မုန့်ချီနှင့် ကျိုးဟမ်တို့ အားလုံးဆီတွင် တစ်ကွင်းဆီ ရှိနေပြီး ကျန်းကျိဝေနှင့် ချီကျန်းရန်တို့က လက်ရှိအချိန်တွင် ထိုအရာကို မလိုအပ်သေးပေ။ ထို့ကြောင့် သူတို့က ကံကြမ္မာအမှတ် (၆၀၀) နှင့် လဲလှယ်လိုက်၏။ မုန့်ချီပေးသော ကံကြမ္မာအမှတ် (၄၀၀)နှင့် ပေါင်းလိုက်မည်ဆိုလျှင် သူတို့ဆီတွင် စုစုပေါင်း ကံကြမ္မာအမှတ် (၄၅၀၀) ရှိ၏။

ထိုအချိန်တွင် ကျိုးဟမ်က ကျိုးဟန်ဖုန်း၏ အဖိုးတန်လက်နက်ကို ထုတ်လိုက်ပြီး အလင်းတိုင်လုံးထဲသို့ ထည့်လိုက်သည်။

“ဦးချိုမဲ့ နဂါးလက်သည်း၊ ချီနဂါးရဲ့ ကြေးခွံနှင့် သွေးကနေ ဖန်တီးထားတယ်။ ကိုင်ကြည့်လိုက်ရင် အေးစက်နေတယ်။ ကံကြမ္မာအမှတ် (၁၂၀၀) နဲ့ လဲလို့ရတယ်..”

မူလအဖိုးတန်လက်နက်က (၂၄၀၀) တန်ကြေးရှိသည်။ သို့သော် သံသရာအရှင်သခင်ကတော့ တန်ဖိုး၏ တစ်ဝက်ကိုသာ ပြန်ပေး၏။ သို့သော် မည်သူကမျှ ထိုလက်နက်ကို ကျွမ်းကျင်ခြင်းမရှိသည့်အပြင် ကျန်းကျိဝေက တစ်စုံတစ်ခုကို လိုအပ်နေပုံရသည်။

ထို့ကြောင့် မုန့်ချီက ထိုအရာကို အင်မော်တယ်များဆီတွင် ရောင်းချရန် မပြောတော့ပေ။ သူတို့က သံသရာအရှင်သခင်ဆီတွင်သာ ရောင်းလိုက်ရ၏။ သူတို့ဆီတွင် စုစုပေါင်း ကံကြမ္မာအမှတ် (၅၇၀၀) ရှိလာပြီး တစ်ယောက်လျှင် အမှတ် (၁၁၄၀) ရလာသည်။ သူတို့ဆီတွင် မူလကျန်ရှိနေသော အမှတ်များနှင့် တာဝန်မှရသော ရသောအမှတ်များကို ပေါင်းလိုက်မည်ဆိုလျှင် ကျန်းကျိဝေဆီ၌ ကံကြမ္မာအမှတ် (၂၅၆၀)၊ ရွမ်ယုရူဆီ၌ (၂၅၄၀)၊ ချီကျန်းရန်ဆီ၌ (၂၅၉၀) နှင့် မုန့်ချီဆီတွင် (၂၁၄၀) ရှိသည်။

သူတို့တယောက်ချင်းဆီက ကံကြမ္မာအမှတ် (၈၀) ဆီ သုံးလိုက်ပြီးနောက် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။

“နောက်ထပ်တာဝန်ကတော့ ပင်မကမ္ဘာကြီးထဲမှာ ဖြစ်လာလိမ့်မယ်။ အဲဒီအရာနဲ့ ပတ်သက်ပြီး တခြားဘာအချက်အလက်မှ မရနိုင်ဘူး။ အချိန်က တစ်နှစ်ကြာရင် စမယ်..”

မုန့်ချီတို့က အချင်းချင်း စိုက်ကြည့်လိုက်မိကြသည်။ သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများကိုလည်း အထင်းသားမြင်နေရ၏။ သံသရာအရှင်သခင်က ကံကြမ္မာအမှတ် (၄၀၀) တောင်းပြီး ထိုကဲ့သို့ အချက်အလက်ကိုသာ ပေးလိမ့်မည်ဟု တွေးပင် မတွေးမိကြပေ။သို့သော် သူတို့က ပင်မကမ္ဘာကြီးထဲတွင် လုပ်ရမည်ဟူသော စကားလုံးကြောင့် အံ့သြသွားခဲ့ခြင်းဖြစ်သည်။

“ဒါဆိုရင် အဲဒီလိုတာဝန်တွေလည်း ရှိတာပဲလား..”

ကျိုးဟမ်က တစ်ယောက်တည်း တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

သူတို့၏ တာဝန်များက တခြားကမ္ဘာကြီးထဲတွင် လုပ်ဆောင်ရခြင်း ဖြစ်သည့်အတွက် သူတို့က အမှန်တကယ် လုပ်ဆောင်နေရသည်ဟု တွေးထားမိခြင်း မရှိချေ။ ယခုတော့ သူတို့က ရုတ်တရက် ထိုကဲ့သို့ တာဝန်တစ်ခုကို တွေ့လိုက်ရသည့်အတွက် ရင်ထဲတွင် တုန်လှုပ်သွားသည်မှာ ဓမ္မတာသာ ဖြစ်သည်။

ထိုကဲ့သို့ တာဝန်တစ်ခုရှိနေမည်ဟု မုန့်ချီကလည်း မယုံရဲပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ၏ကွင်းဆက်တာဝန် တတိယအဆင့် ၊ အပူအပင်မဲ့တောင်ကြားကလည်း ပင်မကမ္ဘာကြီးထဲတွင် ရှိနေနိုင်သည်။ သူက တခြားကမ္ဘာကြီးများအကြောင်းကို ပို၍ နားလည်လာသည်နှင့်အမျှ ထိုအရာကို အနည်းငယ်သဘောပေါက်လာသည်။

ထိုနေရာတွင် ရှိနေသော ရန်သူများက အားနည်းနိုင်သလို သူတို့အကြောင်းကို နားမလည်ခြင်းလည်း ဖြစ်နိုင်သည်။ သူတို့က မည်ကဲ့သို့အစွမ်းထက်သော ရန်သူများ ရှိနေကြောင်းလည်း မသိနိုင်ပေ။ နတ်ဆိုး၊ မကောင်းဆိုးဝါး မျိုးဆက်ကမ္ဘာကြီးကဲ့သို့ ဖြစ်သည်။

သို့‌သော် သူတို့၏ပင်မကမ္ဘာကြီးထဲတွင်တော့ အစွမ်းထက်ပညာရှင်များ ပြည့်နှက်နေ၏။ ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်း မရေမတွက်နိုင်ရှေိနေပြီး ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များ၊ အစွမ်းထက်ပညာရှင်များက နေရာတိုင်းတွင် ရှိနေသည်။ အနည်းငယ် လွဲချော်သွားရုံနှင့် ရန်သူပေါင်းများစွာ ဖြစ်လာနိုင်၏။

“ဒါကြောင့်လည်း ငါတို့ကို ဘာအချက်အလက်မှ မပေးတာပဲ…”

မုန့်ချီက တခဏအတွင်း သံသရာအရှင်သခင်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

သူနှင့် သူ့အဖွဲ့က ပင်မသိုင်းဂိုဏ်းကြီးများမှ ဖြစ်သည်။ အကယ်၍ သူတို့ကသာ ထိုတာဝန်ကို ကြိုတင်သိရှိမည်ဆိုလျှင် သူတို့၏ ဂိုဏ်းချုပ်များ၊ မိသားစုအကြီးအကဲများကို တိတ်တဆိတ် အကူအညီတောင်းနိုင်၏။ သူတို့က ဓမ္မကာရအဆင့် ပညာရှင်များနှင့် တိုက်ခိုက်ရခြင်းမရှိသရွေ့ မည်သည့်တာဝန်မျှ အခက်အခဲမရှိနိုင်ပေ။

ရွမ်ယုရူက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။ သူမကတော့ အေးစက်သော အမူအရာသာ ရှိနေသေး၏။ သူမအတွက်တော့ ပင်မကမ္ဘာကြီးထဲရှိ တာဝန်တစ်ခုက ပြင်ပစွမ်းအားများကို အကူအညီတောင်းနိုင်သော အရာတစ်ခုဖြစ်သည်။

“တကယ်လို့ ငါတို့ကမ္ဘာကြီးထဲမှာ ဖြစ်တယ်ဆိုရင်တော့ ငါတို့က စွမ်းအား ဘယ်လောက်များများ အသုံးချနိုင်မလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကိစ္စက တော်တော်လည်း ကြီးနိုင်တယ်။ ဒါက လွယ်မှာ မဟုတ်ဘူး…”

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး သူ့အဖော်များကို ပြောလိုက်သည်။

ချီကျန်းရန်ကတော့ မျက်နှာသေနှင့် ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့ ကြိုးစားရဦးမယ်။ ငါတို့က ရှေးဟောင်း နယ်မြေတွေ၊ ရှေးဟောင်းအကြွင်းအကျန်နယ်မြေတချို့ကိုလည်း ရောက်သွားနိုင်တယ်လေ။ တကယ်လို့ အဲဒီလို ရောက်သွားမယ်ဆိုရင် ငါတို့က ဘာအကူအညီမှ ရနိုင်မှာ မဟုတ်ဘူး…”

ထိုအချိန်တွင် တချိန်လုံး တိတ်ဆိတ်နေသော ကျန်းကျိဝေက သက်ပြင်းချလိုက်မိသည်။ သူမ၏ အမူအရာကလည်း ပြောင်းလဲသွားခဲ့၏။

“ငါ့မှာ ပြောစရာတစ်ခုရှိတယ်…”

“ဘာကိစ္စလဲ…”

မုန့်ချီက ချက်ချင်း မေးလိုက်၏။

ကျန်းကျိဝေက အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် သူမက မျက်လုံးမှိတ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။

“ငါက အသက်စွန့်စားခြင်း တစ်ကိုယ်‌တော်ကျင့်ကြံမှု လုပ်ဖို့ ဆန္ဒရှိတယ်။ ပြီးတော့ ငါ့ကိုယ်ငါ တိုက်ခိုက်ချင်တယ်။ တကယ်လို့ ငါ ကျရှုံးသွားမယ်ဆိုရင်တော့ လျှို့ဝှက်နေရာထဲမှာ တိတ်တဆိတ် သေဆုံးသွားရလိမ့်မယ်…”

မုန့်ချီက ထိုအရာကို စဉ်းစားမိသော်လည်း အမှန်တကယ် သူမ ပြောသည့်စကားကို ကြားသည့်အချိန်တွင် ရင်ထဲ၌ မသက်မသာ ခံစားနေရသည်။ အသက်စွန့်စားခြင်း တစ်ကိုယ်တော်ကျင့်ကြံမှု ဟူသည်မှာ သူ့နာမည်အတိုင်း သေခြင်းတရားကို ထိပ်တိုက်ရင်ဆိုင်ရခြင်းဖြစ်သည်။ ထိုအရာက တည်ငြိမ်သော အဖြေတစ်ခုတော့ သေချာပေါက် မဟုတ်နိုင်ပေ။

ကျိကျန်းဓားစံအိမ်၏ သမိုင်းကြောင်းထဲတွင် ထိုအရာကို ကြိုးစားခဲ့ဖူးသော ပညာရှင်ပေါင်းများစွာ ရှိခဲ့သည်။ သို့သော် လူအနည်းငယ်သာ အောင်မြင်ခဲ့၏။ ထိုကဲ့သို့ အန္တရာယ်များသော အရာတစ်ခု ဖြစ်သည့်အတွက် သူတို့က စုဝူမင်နှင့် အောင်မြင်ခဲ့သောသူများကဲ့သို့ ရိုးရှင်းစွာ သတ်မှတ်နိုင်ခြင်းမရှိချေ။ အများစုကတော့ တိတ်တဆိတ် သေဆုံးသွားတတ်ကြ၏။

သေဆုံးသွားသည့် အခြေအနေကို အကြမ်းဖျင်း တွက်ကြည့်လိုက်မည်ဆိုလျှင် သံသရာကမ္ဘာကြီးထဲတွင် သေမင်းတမန်တာဝန်ကို စိန်ခေါ်ရသည်ထက် ပို၍ ဆိုးဝါးလှသည်။

သူတို့၏ရှေ့တွင် ရှိနေသည့် မိန်းကလေးဆီတွင် လှပသော အမူအရာများ၊ တောက်ပသော မျက်လုံးလေးများ ရှိသည်။ သူမက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ပြီး အဆင့်အတန်းမြင့်သော မိန်းကလေး တစ်ယောက်ဖြစ်၏။ သူမက အေးစက်ပြီး မာနမကြီးသော်လည်း အပြုံးလေးနှင့် သဘောကောင်း၏။

သိုင်းလောကတွင် ရွယ်တူမျိုးဆက်များထဲ၌ အနည်းငယ်ကသာ သူမ၏ အလှကို ယှဉ်ပြိုင်နိုင်ကြသည်။ ထိုကဲ့သို့ ပြိုင်ဘက်ကင်း စွမ်းရည်ရှိနေသော ပညာရှင် တစ်ယောက်က အသက် (၂၁) အရွယ် သူမဘဝ၏ အမြင့်ဆုံးအချိန်တွင် သေခြင်းတရားကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားနေခြင်းပေလော။

မုန့်ချီက သူမကို နောက်တစ်ကြိမ် ထပ်တွေ့ရတော့မည် မဟုတ်ဟု တွေးမိလိုက်သည့် အချိန်တိုင်း ရင်ထဲတွင် ဝမ်းနည်းနေခဲ့၏။ သူမက သူတို့အဖွဲ့ကို ဂရုစိုက်ပေးခဲ့သည့် အရာများ၊ အတူတကွ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကလည်း ခေါင်းထဲတွင် ပေါ်လာခဲ့၏။

သူ့ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုတစ်ခု ပေါ်လာပြီး သူမကို တားဆီးချင်ခဲ့သည်။ သို့သော် သူ၏နှုတ်ဖျားမှ စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။

သူမ၏ ဆုံးဖြတ်ချက်ကို ကြေညာလိုက်ပြီးနောက် ကျန်းကျိဝေကတော့ ပို၍ စိတ်အေးသွားပုံရ၏။ သူမက အပြုံးနှင့် ပြောလိုက်သည်။

“ငါက ရွေးချယ်ပြီးသွားပြီ…”

အဖွဲ့မှ တခြားလူများက တားချင်လျှင်ပင် မတားနိုင်ကြပေ။ ကျိုးဟမ်က ကျန်းကျိဝေ၏ စိတ်သဘောထားနှင့် ရင်းနှီးမှုမရှိနိုင်သော်လည်း တခြားသူများကတော့ သူမအကြောင်းကို ကောင်းကောင်းကြီး သိနေ၏။ သူတို့မည်သည့် စကားပြောစေကာမူ သူမ၏သဘောထားကို လှုပ်ရှားစေနိုင်မည် မဟုတ်ချေ။

“နင်က အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုကို လုပ်ဆောင်နေရင်း သံသရာကမ္ဘာကြီးထဲကို ဝင်လာမှာလား…”

ရွမ်ယုရူက သံသယနှင့် မေးလိုက်သည်။ သူမက ပထမဆုံး သတိပြန်ဝင်လာခြင်းဖြစ်၏။

အသက်စွန့်စားခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုကို အောင်အောင်မြင်မြင် ပြီးဆုံးသွားသူများက အနည်းဆုံးတစ်နှစ်ခွဲခန့် အချိန်ပေးရသည်။ ထို့ကြောင့် ယခင်တုန်းက စုဝူမင်က လျှို့ဝှက်နေရာတွင် သေဆုံးသွားပြီဟု လူ‌ပေါင်းများစွာက ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် (၃) နှစ်ကြာပြီးနောက် သူက အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့ပြီး တောက်ပသော ဓားအလင်းတန်းများက ကောင်းကင်ကြီးပေါ်ကို ထိုးတက်လာသည့်အတွက် လူတိုင်းက ထိတ်လန့်သွားခဲ့ရ၏။

“ဟုတ်တယ်။ နောက်ထပ်တာဝန်က တစ်နှစ်ကြာမှ လုပ်ရမှာ…။ နင်က တစ်နှစ်အတွင်း အောင်မြင်ဖို့ သေချာလို့လား…”

မုန့်ချီက မြန်မြန်မေးလိုက်မိသည်။

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်သည်။

“ငါက အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သံသရာအရှင်သခင်ကို မေးပြီးသွားပြီ။ ငါက သံသရာတာဝန်ကို အချိန်ဆွဲဖို့အတွက် တစ်လကို အမှတ် (၂၀၀) ပေးရမယ်။ တကယ်လို့ ငါက တာဝန်အနည်းငယ် လွဲချော်သွားမယ်ဆိုရင် တယောက်ချင်း တာဝန်တွေကို လုပ်ပြီး ပြန်ဖြည့်လို့ရမယ်။ ငါ မရှိတဲ့အတွက် နင်တို့ရဲ့တာဝန်၊ အခက်အခဲကလည်း လျော့သွားမှာပေါ့။ အခုတော့ ငါ့ဆီမှာ ကံကြမ္မာအမှတ် လုံလုံလောက်လောက် ရှိတယ်။ ဒီတော့ ငါက တနှစ်စာအချိန်နှင့် လဲလှယ်ဖို့ ပြင်ဆင်ထားတယ်။ တကယ်လို့ (၂)နှစ်ပြည့်လို့မှ မအောင်မြင်ဘူးဆိုရင်တော့ ငါ သေပြီလို့ပဲ ယူဆလိုက်ကြပါ…”

အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှု မပြီးဆုံးခင် သံသရာကမ္ဘာကြီးထဲကို ဝင်ရောက်လာခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် အတူတူသာ ဖြစ်သည်။

Translated by Hein Htet.

All Chapters