အခန်း (၄၄၅)
Vol. 30 Ch. 445
မုန့်ချီဆီတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။ သူက သူမကို လွှတ်ပေးလိုခြင်းမရှိဘဲ အလွန်စိုးရိမ်နေခဲ့၏။ ခံစားချက်များစွာက သူ့ရင်ကို လှုပ်ခတ်စေပြီး အတိအကျ ခွဲခြား၍ မရနိုင်သော သမုဒယ ပင်လယ်ကြီးကဲ့သို့ ဖြစ်နေခဲ့သည်။
"ကျိဝေ …
(၂) နှစ်ဆိုတဲ့အချိန်က အရမ်းမနည်းလွန်းဘူးလား။ ဆရာကြီးစုလို ထူးခြားတဲ့စွမ်းရည်မျိုး ရှိနေတဲ့သူကတောင် (၃) နှစ်ကြာမှပဲ အောင်မြင်ခဲ့တယ်။ နင် နောက်ထပ် နည်းနည်းလောက် ဆက်နေလို့ရအောင် ငါ့ရဲ့ကံကြမ္မာအမှတ်တွေ ပေးမယ်လေ။ ငါက တံခါး (၉) ပေါက် ပွင့်နေပြီဆိုတော့ ပြင်ပစွမ်းအားတွေကို ငှားယူဖို့ မလိုတော့ဘူး။ ပြီးတော့ ငါ့မှာ သိုင်းကွက်ဘယ်လောက်ပဲရှိရှိ သူတို့က ငါ့ရဲ့အဆင့်ကို နှောင့်နှေးအောင်ပဲ လုပ်ပေးနိုင်တော့မှာ... ။ ဒါကြောင့် အခုအချိန်မှာ ငါ အဓိကအလေးထားရမှာက ကမ္ဘာမြေကြီးရဲ့ အခြေအနေကိုနားလည်ပြီး ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ရှာဖွေရမှာ...။ အခုချိန်မှာ ငါက ကံကြမ္မာအမှတ်တွေကို အသုံးပြုစရာမလိုသေးဘူး..."
သူ့စကားများက လိမ်ညာပြောဆိုနေခြင်း မဟုတ်ချေ။ သူ၏လက်ရှိအဆင့်အရ သူက တခြားလူများ၏အစွမ်းကို ငှားယူရမည့်အစား သူ့ကိုယ်သူ အားကိုးရမည့်အဆင့်ကို ရောက်နေခဲ့သည်။ သို့သော် အကယ်၍ သူ့ဆီ၌ ကံကြမ္မာအမှတ်များ ရှိနေမည် ဆိုလျှင်တော့ အရာအားလုံးကို သုံးမိမည်သာဖြစ်သည်။
အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ ဝေ့ကျင်းအဆင့် သိုင်းကျမ်းကို လျစ်လျူရှုထားလိုက်ဦးမည်ဆိုလျှင်ပင် မုန့်ချီက ကောင်းကင်ပြစ်ဒဏ်ဓားကို အဆင့်မြှင့်ရန် ရည်ရွယ်ထားခဲ့ပြီး ဝေ့ကျင်းအဆင့် ဓားမောက် ၊ ဓားရှည် (၂) မျိုး ပူးတွဲသိုင်းကျမ်းကို ပြင်ဆင်ထားချင်ခဲ့သည်။
ကောင်းကင်မိုးကြိုး (၅) သွယ်၏ ဓမ္မကာရအဆင့် သိုင်းကွက်ကို ရရှိခဲ့ပြီးနောက် သူ၏ဓားမောက် သိုင်းပညာက နောက်တစ်ကြိမ် နားလည်မှုများ တိုးတက်လာခဲ့ပြီး ဓားရှည်သိုင်းပညာထက် သိသိသာသာ ကျော်လွန်နေခဲ့၏။ ထို့ပြင် သူတို့၏ သံသရာတာဝန်အတွင်း တွေ့ခဲ့ရသော အဓိကရန်သူများကလည်း သူတို့ထက် အဆပေါင်းများစွာပို၍ အစွမ်းထက်သည့်အတွက် သူတို့က အဖွဲ့လိုက်တိုက်ခိုက်ရန် လိုအပ်ပြီး တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်းခဲ့ရသည်။
သူတို့အားလုံးက မချွင်းမချန် တိုက်ခိုက်ရမည့်အချိန်တွင် သူတို့နှင့် တစ်သားတည်း ဖြစ်နေသော သိုင်းကွက်များကိုသာ အသုံးပြုကြ၏။ ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကွက်များကို အသုံးပြုလိုက်ခြင်းက သူတို့၏ တိုက်ခိုက်စွမ်းရည်ကို လျော့ကျသွားနိုင်သည်။
စွမ်းအားအရ ပြောရမည်ဆိုရင် အဆင့်ကန့်သတ်ချက် ရှိနေလျှင်ပင် အဖိုးတန် လက်နက်များ၏အဆင့်ကို မြှင့်တင်လိုက်ခြင်းက အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိနိုင်သည်။ အကယ်၍ သူကသာ ထိုအစား ဓမ္မကာရအဆင့်သိုင်းကွက် သို့မဟုတ် ဝေ့ကျင်းအဆင့် သိုင်းကွက်များနှင့် အားဖြည့်လိုက်မည်ဆိုလျှင်တော့ ပို၍အကျိုးသက်ရောက်မှုရှိနိုင်၏။
သိုင်းကွက်များနှင့် ပတ်သက်လာလျှင်တော့ သူက ကောင်းကင်မိုးကြိုး (၅) သွယ် ၊ ခရမ်းမိုးကြိုးဓားသိုင်းပညာနှင့် ကောင်းကင်နတ်သမီးကျင့်စဉ်တို့ကို သေချာပေါက် ရွေးချယ်မည်သာ ဖြစ်၏။ အကယ်၍ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပြီး ရန်သူ၏ဝိညာဉ်ကို တိုက်ခိုက်ခြင်းသည်ဆိုလျှင်တော့ အနတ္တကျိန်စာဖျက်ဓားပညာကို သေချာပေါက် ရွေးချယ်နိုင်သည်။
ထို့ကြောင့် ရေလှိုင်းမီးတောက်ဓားကဲ့သို့သော အဖိုးတန်လက်နက်တစ်ခုက သူ၏စွမ်းရည်ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ခြင်းမရှိဟု ခံစားနေရ၏။ သူက သူ၏ဓားသိုင်းပညာကို မြှင့်တင်ရန် လိုအပ်နေသေးသည်။
ဓားရှည် ဓားမောက် ပူးတွဲသိုင်းကျမ်းကိုတော့ ပြော၍မရသေးပေ။ ဓားမောက်များက ဓားမောက်များသာ ဖြစ်ပြီး ဓားရှည်များကလည်း ဓားရှည်သာ ဖြစ်သည်။ သူတို့က သူနှင့် အချိန်တော်တော်ကြာ အတူရှိနေခဲ့ကြ၏။
မုန့်ချီက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်ကို ရရှိခဲ့သည့်အချိန်တွင် ကောင်းကင်မိုးကြိုး (၅) ချက်၏ သိုင်းကွက်တစ်မျိုးတည်းကို ရရှိခဲ့ခြင်း မဟုတ်ချေ။ ထိုအရာက အနတ္တကျိန်စာဖျက်ဓားပညာကို ရရှိခဲ့သည့် အခြေအနေနှင့် အတူတူသာ ဖြစ်၏။ သူ့ဆီတွင် ပင်မလမ်းညွှန်ချက်နှင့် သိုင်းကွက်များ အားလုံးအကြောင်းသာ ပါဝင်နေခဲ့သည်။
သို့သော် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကတော့ အတော်လေးကို လိုအပ်နေသေးသည်။ ထို့ကြောင့် မုန့်ချီက ကောင်းကင်မိုးကြိုး (၅)ချက်နှင့် ပတ်သက်ပြီး အနည်းငယ်လေးသာ နားလည်လာခဲ့၏။ သို့သော် ပျောက်ဆုံးနေသော အပိုင်းများကို ဖြည့်ဆည်းလိုက်ပြီးနောက် သူက ထိုအရာကို နောက်ထပ် ပင်မလမ်းညွှန်ချက် တစ်ခုအတွက် သီးခြားလဲလှယ်ရန် မလိုတော့ပေ။
ကျန်းကျိဝေက ပြုံးလိုက်၏။ သူမက ကျေးဇူးတင်သော အမူအရာနှင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ်။ ငါက ငါ့ရဲ့ဆရာကို ငါ့ရဲ့ပန်းတိုင်အဖြစ် အမြဲတမ်း သတ်မှတ်ထားပေမယ့် ငါတို့က မတူဘူးဆိုတာ ကောင်းကောင်းသိတယ်။ သူက အေးစက်ပြီး စိတ်မပါလက်မပါ ပုံစံမျိုးပဲ။ ဒါကြောင့် သူက အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုကို တစ်နှစ်ပဲလုပ်လုပ် (၃)နှစ်ပဲ လုပ်လုပ် ဘာမှကွဲပြားသွားမှာ မဟုတ်ဘူး။ တစ်ဖက်မှာတော့ ငါက ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး ဆုံးဖြတ်ချက် ပြတ်သားတယ်။ တကယ်လို့ ငါသာ (၂) နှစ်အတွင်း အဆင့်မတက်နိုင်ဘူးဆိုရင် (၃)နှစ် ဒါမှမဟုတ် နှစ် (၃၀) ဆိုရင်လည်း ပြောင်းလဲသွားမှာ မဟုတ်တော့ဘူး။ ငါ့ရဲ့ဆုံးဖြတ်ချက် ပြတ်သားမှု မရှိတော့ဘူးဆိုရင် ငါ့အတွက် ဘာမှမရှိတော့ဘူး။ သေခြင်းတရားပဲရှိတော့မယ်။ ငါကိုယ်တိုင် ဒီစိန်ခေါ်မှုကို (၂) နှစ်အတွင်း ပြီးပြည့်စုံအောင် လုပ်မှပဲရမယ်။ မဟုတ်ရင် ငါ့အတွက် နည်းလမ်းမရှိတော့ဘူး။ ငါက အောင်မြင်ချင်အောင်မြင် မအောင်မြင်ရင် သေရမှာပဲ…"
မုန့်ချီက သူမကို နောက်တစ်ကြိမ် ဖျောင်းဖျချင်သေးသည်။ သို့သော် သေချာစဉ်းစားကြည့်လိုက်ပြီးနောက် အကယ်၍ သူမ၏စိတ်အခြေအနေသာ ပျက်စီးသွားမည်ဆိုလျှင် အဆင့်တက်ရန် အခွင့်အရေးက ပို၍နည်းပါးသွားနိုင်ကြောင်း သူလည်း နားလည်နေ၏။
ထို့ကြောင့် သူက ရွမ်ယုရှု ၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့ကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံးကလည်း ဆန့်ကျင်လိုပုံရသော်လည်း တိတ်တဆိတ် ရပ်နေကြ၏။
"ဒါဆိုရင် ငါတို့ကလည်း ဘယ်လိုပစ္စည်းမျိုးကို လဲသင့်လဲဆိုတာ ဆွေးနွေးကြတာပေါ့…"
သူတို့ စကားပြောနေသည့်အချိန်တွင် ကျန်းကျိဝေက သံသရာအရှင်သခင်ဆီမှနေ၍ တစ်နှစ်အချိန်ကာလအတွက် ကံကြမ္မာအမှတ် (၂၄၀၀) ပေး၍ လဲလိုက်သည်။ ထို့နောက် သူမက တခြားလူများ ဆွေးနွေးနေသည်ကို အပြုံးနှင့် နားထောင်နေပြီး ယခင်တုန်းကထက် ပေါ့ပါးလွတ်လပ်နေပုံရသည်။
ကျိုးဟမ်က ခါးသီးစွာ ပြုံးလိုက်၏။
"အရေးကြီးဆုံးအရာကတော့ ငါက အစစ်အမှန်အင်ပါယာတံဆိပ်ကို ဝယ်ချင်တယ်။ အခုချိန်မှာ ငါ့အတွက် လဲစရာလည်း ဘာပစ္စည်းမှ မရှိသေးဘူး…"
သူက လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏လက်ရှိအခြေအနေက ကမ္ဘာမြေကြီးနှင့် ညှိနှိုင်းရန်ဖြစ်ပြီး အတွင်းအပြင်စွမ်းအားများကို အာရုံခံနိုင်စွမ်း မြင့်တက်လာစေရန် ကြိုးစားရမည် ဖြစ်သည်။ တစ်ဖက်တွင်တော့ သူ့ဆီ၌ သိုင်းကွက်များ ၊ အဖိုးတန်လက်နက်များ ရှားပါးမှုမရှိချေ။ ထို့ကြောင့် ပစ္စည်းလဲလှယ်ခြင်းကို နှောင့်နှေး၍ရ၏။
ကျိုးဟမ်က မချိပြုံးပြုံးနေသည်ကို မြင်သည့်အခါ မုန့်ချီကတော့ သူ၏ခံစားမှုများကို နားလည်နေသည့်အလား မေးလိုက်၏။
"အစ်ကိုကျိုး …
အရင်တစ်ခေါက် အစ်ကိုကျိုးရဲ့လျှို့ဝှက်ရတနာကို သုံးခဲ့တယ်လေ။ ကျွန်တော်တို့က အမှတ်တွေ ခွဲဝေတဲ့အချိန်မှာ ဘာလို့အဲဒီအရာကို ပြန်မတောင်းခဲ့ရတာလဲ…"
တာဝန်တစ်ခုလုံးတွင် ကိုယ်ပိုင်အရင်းအမြစ်အများဆုံး အသုံးပြုရသူက ကျိုးဟမ်သာ ဖြစ်သည်။
"ဒါက ကိစ္စမရှိပါဘူး။ ငါက ကိုယ့်အသက်ကိုယ် ကယ်တင်လိုက်တာပဲလေ။ ဒီတော့ ငါတို့က တွက်ချက်နေလို့ ရမှာလား။ အရင်တစ်ခေါက် မင်းရဲ့ဗုဒ္ဓမီးအိမ်လေး ပျက်စီးသွားတဲ့ အချိန်မှာလည်း မင်းက ဘာလျော်ကြေးမှ မတောင်းခဲ့ဘူးလေ။ ရလာတဲ့အကျိုးအမြတ်ကိုတော့ ငါတို့က အတူတူခွဲဝေပြီး ယူရမှာပဲ…"
ကျိုးဟမ်ကတော့ အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်က ဗုဒ္ဓလက်ဝါးပထမ သိုင်းကွက်ကို ရခဲ့တယ်…"
မုန့်ချီက တစ်ယောက်တည်း တွေးနေမိ၏။
ထိုတာဝန်ပြီးဆုံးသွားပြီးနောက် သူက ကျိုးဟမ်ကို သူတို့၏အဖွဲ့သား တစ်ယောက်အဖြစ် အမှန်တကယ် လက်ခံလာခဲ့သည်။ ချီကျန်းရန် ၊ ရွမ်ယုရှုနှင့် ကျန်းကျိဝေတို့ကလည်း တူညီစွာ တုံ့ပြန်လိုက်ကြ၏။
"အစစ်အမှန် အင်ပါယာတံဆိပ်ကို သံသယအရှင်သခင်ဆီ ပေးလိုက်မယ်ဆိုရင် ကံကြမ္မာအမှတ် (၅၀၀၀) ပေးရမယ်။ ကျွန်တော်က အတည့်အတိုင်းလည်း ရနိုင်တယ်။ ဒီတော့ အစ်ကိုကျိုးကသာ ကံကြမ္မာအမှတ် (၄၀၀၀) နဲ့ ညီမျှတဲ့ပစ္စည်းတစ်ခုအပြင် ထောက်ခံချက်စာတစ်စောင် ရေးပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့အပေးအယူကို အဆင်ပြေနိုင်တယ်လို့ သတ်မှတ်နိုင်တယ်…"
မုန့်ချီက သူ့အခြေအနေကို ပြောပြလိုက်သည်။
ထိုတံဆိပ်က သူ့အတွက် အသုံးမဝင်သည့်အတွက် ကျိုးဟမ်အတွက် အဆင်ပြေစေရန် ပြောပြလိုက်ခြင်းဖြစ်သည်။ သို့သော် ရရှိနိုင်သော ကံကြမ္မာအမှတ်များကြောင့် မျှတသော သဘောတူညီချက်ဖြစ်လျှင် ပိုကောင်းမည်ဟု သူက စဉ်းစားမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူက အစ်ကိုကျိုးကို ကောင်းမွန်သော ကမ်းလှမ်းမှုတစ်ခု လုပ်ဆောင်ပေးလိုက်ခြင်းဖြစ်၏။
ကျိုးဟမ်က တွေဝေနေခဲ့ခြင်းမရှိချေ။ သူက ချက်ချင်းပင် ထူးဆန်းသော ကျောက်စိမ်းပြားလေးတစ်ခု ထုတ်ပေးလိုက်သည်။ ထိုကျောက်စိမ်းပြားလေးက ကြည့်လိုက်မည်ဆိုလျှင် သတ္တုပုံစံ ပေါက်နေသော်လည်း ကျောက်စိမ်းပြားတစ်ခုသာ ဖြစ်သည်။
"ဒီနဂါးကျောက်စိမ်းပြားက မင်းရဲ့ကိုယ်စား တစ်ကြိမ် သေပေးနိုင်တယ်။ ဒါပေမဲ့ ရန်သူရဲ့အစွမ်းကတော့ တတိယကောင်းကင် ဝေ့ကျင်းအဆင့်ထက် ကျော်လို့မရဘူး။ သံသရာအရှင်သခင်က ဒီအရာရဲ့တန်ဖိုးကို ကံကြမ္မာအမှတ် (၂၃၀၀) သတ်မှတ်ထားတယ်။ ကံကြမ္မာအမှတ် (၁၂၀၀) နဲ့ လဲလို့ရတယ်။ ဒါဆိုရင် ငါတို့က ဘယ်လောက်ပမာဏနဲ့ အလဲအလှယ်လုပ်သင့်လဲ.."
ကျိုးဟမ်က မုန့်ချီ၏ထင်မြင်ချက်ကို မေးလိုက်သည်။
မုန့်ချီက ချက်ချင်းပြန်ဖြေလိုက်၏။
"ကံကြမ္မာအမှတ် (၂၀၀၀) ပဲထားလိုက်ပါ။ ကျွန်တော်က ကိုယ့်ညီအစ်ကိုဆီကနေ အခွင့်အရေးယူလို့ရမလား…"
"ညီအစ်ကို လား…”
ကျိုးဟမ်က မုန့်ချီ ပြောသည့်စကားကို ချက်ချင်း နားလည်သွားသည်။
"ဒါဆိုရင် ငါက မင်းကို နောက်ထပ်ကံကြမ္မာအမှတ် (၂၀၀၀) ပေးမယ်။ မင်းက အဲဒီအရာကို ဆေးရည်တွေ ၊ ပစ္စည်းတွေဝယ်ဖို့ အသုံးပြုနိုင်တယ်။ ထောက်ခံချက်ကတော့ ငါက လော့ရန်အနားမှာရှိတဲ့ ဂိုဏ်းတွေနဲ့ တော်တော်လေး ရင်းနှီးတယ်။ ဒါက ပြဿနာမရှိဘူး။ သူတို့တွေက ပင်မသိုင်းဂိုဏ်းကြီးမဟုတ်ဘူးဆိုရင် ဝင်ဖို့လွယ်တယ်။ တကယ်လို့ မင်းက အဲဒါကို နိမ့်တယ်လို့ သတ်မှတ်ဦးမယ်ဆိုရင်တော့ ငါက ချင်းချန်ဂိုဏ်းမှာရှိတဲ့ အကြီးအကဲတစ်ယောက်နဲ့ တော်တော်ရင်းနှီးတယ်..”
ချင်းချန်ဂိုဏ်းဟူသည်မှာ တောင်ပိုင်းကျင်းအင်ပါယာထဲတွင် ရှိနေသော ဂိုဏ်းကြီး (၆)ဂိုဏ်းထဲမှ တစ်ခုဖြစ်သည်။
မုန့်ချီက ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်၏။
"သူတို့အားလုံးဆီကနေ ထောက်ခံချက်တစ်ခုဆီ ယူလို့ရောရလား။ အချိန်ကျလာရင် စစ်ခုံထူရဲ့မိသားစုကပဲ သူတို့ရဲ့ဆန္ဒနဲ့ ဆုံးဖြတ်လိမ့်မယ်။ ဒါဆိုရင် ဒီကိစ္စက ပြဿနာမရှိတော့ဘူး…"
"ကောင်းပြီလေ…"
ကျိုးဟမ်က မုန့်ချီ၏အကြံပေးချက်ကို ကန့်ကွက်နေခြင်း မရှိချေ။
သူက ကံကြမ္မာအမှတ် (၂၀၀၀) နှင့် နဂါးကျောက်စိမ်းပြားကို မုန့်ချီဆီသို့ ပေးလိုက်သည်။ ထို့နောက် မုန့်ချီဆီမှ အစစ်အမှန်အင်ပါယာတံဆိပ်ကို လက်ခံလိုက်၏။ သူက ထိုအရာကို အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်နေပြီး မျက်လုံးထဲတွင် မီးဝင်းဝင်းတောက်နေခဲ့သည်။
မုန့်ချီက ကံကြမ္မာအမှတ်များကိုကိုင်ပြီး စစ်ခုံထူ၏သားအတွက် ပစ္စည်းတစ်ခု လဲလှယ်ပေးရန် စဉ်းစားနေခဲ့သည်။ သူ့ဆီတွင် အသက်ကာကွယ်ပေးနိုင်သော ပစ္စည်းတစ်ခု ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သိုင်းလောကသား တစ်ယောက်အဖြစ် စတင်နိုင်ရန် အဖိုးတန်လက်နက်တစ်ခု ပိုင်ဆိုင်ရန် လိုအပ်သည်။
သူတို့လဲခဲ့သော ဦးချိုမဲ့နဂါးလက်သည်းက အလုပ်ဖြစ်နိုင်၏။ သို့သော် ထိုအဖိုးတန်လက်နက်က အလွန်ထူးဆန်းလွန်းလှပြီး ကိုင်ဆောင်သူက သင့်တော်သော သွေးမျိုးဆက်တစ်ခုရှိလျှင် ပို၍အလုပ်ဖြစ်သည်။ မုန့်ချီကတော့ တခြားသူများနှင့် ဆွေးနွေးနေခဲ့၏။ သူကတော့ သူ၏အစစ်အမှန်အရွယ်ချက်ကို ဖောက်ဖျက်လိုခြင်း မရှိဘဲ လုပ်ဆောင်ရမည့် တာဝန်တစ်ခုအနေနှင့်သာ လုပ်ဆောင်နေခဲ့၏။
အဖိုးတန်လက်နက်အပြင် သူက ဉာဏ်အလင်းပွင့်မှုအဆင့် ဆေးရည်များကိုလည်း ပြင်ဆင်ပေးခဲ့သည်။ အကယ်၍ စစ်ခုံထူ၏ သားက သာမန်အရည်အချင်းမျိုးသာ ရှိနေမည်ဆိုလျှင် ပင်မဂိုဏ်းကြီးများက လျစ်လျူရှုသွားနိုင်၏။ သူက စစ်ခုံထူ သား၏ ခန္ဓာကိုယ်စွမ်းရည်များကို မြှင့်တင်ပေးနိုင်ရန် ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်များကိုလည်း ပြင်ဆင်ပေးရန် လိုအပ်သည်။
အကယ်၍ သူ့ဆီ၌ ပါရမီရှိနေလျှင်တော့ တိုးတက်ရန် အခက်အခဲ မရှိနိုင်ပေ။ သံသရာအရှင်သခင်ဆီမှ လဲလှယ်လိုက်သော ကျင့်စဉ်များက တခြားလူတစ်ယောက်ဆီကို ပေး၍ရပြီး လူတစ်ယောက်သာ အသုံးပြုနိုင်သည်။ အကယ်၍ သံသရာခရီးသွား မဟုတ်သူ တစ်ယောက်ကို လက်ဆင့်ကမ်းပေးလိုက်မည်ဆိုလျှင် လူတစ်ယောက်ချင်းဆီတိုင်းအတွက် ကံကြမ္မာအမှတ်နောက်ထပ် (၅၀) ဆီထပ်ပေါင်းပေးရသည်။
ထိုအရာက သံသရာခရီးသွားများကို အပြင်လူဆီသို့ ပစ္စည်းမပေးစေရန် ကန့်သတ်ထားသော အရာတစ်ခုလည်း ဖြစ်၏။ ခဏကြာစဉ်းစားလိုက်ပြီးနောက် မုန့်ချီက ထိုက်ရီတိမ်တိုက်ဓားကျင့်စဉ်၊ နိုင်းယင် အရိုးအကြောပြောင်းကျမ်းနှင့် ကောင်းကင်တံခါးဆေးလုံး ၊ ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံး တစ်လုံးဆီကို ကံကြမ္မာအမှတ် (၁၂၀၀) ပေးပြီး လဲလိုက်သည်။ ကျန်ရှိနေသောအရာများကိုတော့ ကုသဆေးများ ၊ အဆိပ်ဖြေဆေးများကို လဲလှယ်လိုက်၏။
ထိုအရာများကို လုပ်ဆောင်ပြီးမှသာ မုန့်ချီက စိတ်အေးသွားခဲ့သည်။ သူ့ကို ချုပ်နှောင်ထားသော ကံကြမ္မာများက ကောင်းမွန်သောအရာတစ်ခု မဟုတ်ချေ။ အနည်းဆုံးတော့ သူက ထိုအရာမှ လွတ်မြောက်လာတော့မည် ဖြစ်သည့်အတွက် အတော်လေး မျှော်လင့်ချက် ရှိလာခဲ့၏။
ဘေးမှရပ်ကြည့်နေသော ကျိုးဟမ်က ဝင်ပြောလိုက်၏။
"ငါက ကျန်တဲ့ကံကြမ္မာအမှတ်တွေကို အချိန်တစ်လ လေ့ကျင့်ဖို့အတွက် လဲလှယ်ချင်တယ်။ ငါက ဟယ်ကျူးနဲ့ ဝမ်စစ်ယွမ်တို့လို အဆင့်တက်ဖို့ မျှော်လင့်ချက်မရှိပေမယ့် နောက်ထပ်တာဝန်မစခင် ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်မယ်ဆိုတာ သေချာပေါက် အာမခံနိုင်တယ်…"
အောင်မြင်မှု ဟူသည်မှာ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်နှစ်ကြိမ်ခန့်သာ ရောက်လာနိုင်သည်။ ထို့ပြင် သံသရာခရီးသွားများကတော့ ပို၍လှုပ်ရှားလာလေလေ အခွင့်အရေးက ပိုနည်းလာလေလေ ဖြစ်၏။
အချိန်အများစုတွင် သူတို့က တာဝန်ကန့်သတ်ချက်ကြောင့် သူတို့၏လမ်းကြောင်းများအကြောင်းကို စဉ်းစားရန် အာရုံမစိုက်နိုင်ကြပေ။ သူတို့က သံသရာကမ္ဘာကြီးထဲသို့ ဝင်မလာနိုင်ခင် အသက်ရှင်ခွင့်ရရန်အတွက် အဆင့်တက်ရန်သာ ကြိုးစားကြရသည်။
"ငါကလည်း ငါ့ရဲ့ကျင့်စဉ်အဆင့်ကို မြှင့်တင်ရမယ်။ ငါက နောက်ထပ်တာဝန်မစခင် ခရမ်းကြယ်မြစ်သိုင်းကွက်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်အောင် ကြိုးစားမယ်…"
ချီကျန်းရန်က ဖြည်းညင်းစွာ ပြောလိုက်၏။ သူက ထိုအရာကို အချိန်ကြာမြင့်စွာ သေချာစဉ်းစားထားပုံရသည်။
"ဒါကြောင့် ငါက အကူအညီပစ္စည်းတစ်ခု လဲဖို့ လိုအပ်တယ်…"
ခရမ်းကြယ်မြစ်သိုင်းကွက်၏ အဓိကအဆင့်က တံခါး (၉) ပေါက်အဆင့်တွင် လေ့ကျင့်ရခြင်း ဖြစ်သည်။ ထိုသိုင်းကွက်ကို ကျွမ်းကျင်သွားမည်ဆိုလျှင် လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်ရှိနေပြီဟု ဆိုလိုနေ၏။ အထွဋ်အထိပ်ကို ရောက်သွားမည်ဆိုလျှင် လူသားနှင့်ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်သွားနိုင်သည်။
"ဘယ်လိုပစ္စည်းမျိုးလဲ….."
မုန့်ချီက မေးလိုက်၏။
ချီကျန်းရန်၏ ဆုံးဖြတ်ချက်ကြောင့် သူကတော့ အံ့သြသွားခဲ့ခြင်း မရှိချေ။ ဖရိုဖရဲကျင့်စဉ်က ပြင်ပစွမ်းအားများကို လေ့ကျင့်ရပြီး အသုံးပြုသူကို အနှစ်သာရများ နားလည်စေရန် ကူညီပေးနိုင်သည်။ အကယ်၍ ပြင်ပစွမ်းအားများကို စုစည်းနိုင်သော ပစ္စည်းတစ်ခုရှိနေလျှင် သူတို့၏ကျင့်စဉ် တိုးတက်မှုက နှေးကွေးနေခြင်း မရှိချေ။
အကယ်၍ ကမ္ဘာမြေကြီးအပေါ် သူ၏အာရုံခံနိုင်စွမ်းများသာ တိုးတက်လာမည်ဆိုလျှင် အရာအားလုံးက ပို၍အဆင်ပြေနိုင်၏။ ထိုသို့ဆိုလျှင် လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို လေ့ကျင့်လိုလျှင်လည်း ဖြစ်နိုင်ခြေရှိသည်။
ချီကျန်းရန်က ပြန်ဖြေလိုက်၏။
"ကြယ်ကြွေဝင်ရိုးတစ်ခု..."
ကြယ်ကြွေဝင်ရိုးဟူသည်မှာ ကြယ်များ၏ ဝင်ရိုး မဟုတ်ချေ။ သူတို့၏တန်ဖိုးက ကွဲပြားကြ၏။ သို့သော် ထိုအရာက ကံကြမ္မာအမှတ် (၂၅၀၀) ခန့်တော့ တန်ကြေး ရှိနေသေးသည်။ ကြည့်ရသည်မှာ ချီကျန်းရန်က ထိုအရာကို မျက်စီကျနေသည်မှာ အတော်လေးကြာနေပုံရ၏။ သူ့ဆီတွင် လုံလောက်သော ကံကြမ္မာအမှတ် ရှိလာသည်နှင့် လဲလှယ်ရန်ပြင်ဆင်ထားသည်။
"ကြယ်ကြွေဝင်ရိုးကိုသုံးပြီး သူ့ရဲ့ခရမ်းကြယ်မြစ်သိုင်းကွက်ကို လေ့ကျင့်တာက သင့်တော်ပါတယ်။ အဲဒါက ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေကို အာရုံခံတဲ့နေရာမှာ မနှောင့်နှေးနိုင်တော့ဘူး။ ဒါပေမယ့် အဲဒါက အမှောင်ထုကြီးထဲကို ကျရောက်သွားနိုင်တယ်။ ပြီးတော့ အဲဒီအရာမှာ အမှောင်ထုတွေ ၊ အေးစက်မှုတွေ သယ်ဆောင်ထားတဲ့အတွက် မကောင်းဆိုးဝါးလမ်းစဉ်ကို လမ်းလွဲသွားနိုင်တယ်။ မင်းက ချီစွမ်းအင်သွေဖယ်မှုကိုလည်း အလွယ်တကူခံစားရနိုင်တယ်။ ဒါကြောင့် ဂရုစိုက်ပါ…"
ကျိုးဟမ်က ထောက်ခံချက် ရေးပေးနေရင်း ဝင်ပြောလိုက်သည်။
ချီကျန်းရန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။
"ငါ ဂရုစိုက်ပါ့မယ်။ ငါက လေ့ကျင့်နေစဉ် အတောအတွင်း ရွှေနဂါးဓားကိုလည်း ငါ့ရဲ့ပင်မဝိညာဉ်ကို ကာကွယ်ပေးဖို့ အသုံးပြုလိုက်မယ်…"
ချီကျန်းရန်က ထိုအကြောင်းအရာကို သေချာစဉ်းစားထားကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက မည်သည့်စကားမျှ မပြောတော့ပဲ ကြယ်ကြွေဝင်ရိုးလဲနေသည်ကိုသာ စိုက်ကြည့်နေခဲ့သည်။
"နင်ကရော ဘာလုပ်မှာလဲ…"
မုန့်ချီက ရွမ်ယုရှုကို လှည့်ကြည့်လိုက်၏။
ရွှမ်ယုရှုက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ငါ့ဆီမှာ ပြင်ပပစ္စည်းတော့ မလိုအပ်ဘူး။ ငါ လက်ရှိအလေးထားနေတာက ဗျပ်စောင်းကျင့်စဉ်တွေကို သင်ယူပြီး ငါ့ရဲ့အနာဂတ်လမ်းကြောင်းကို အခြေချဖို့ ကြိုးစားချင်တာ။ ငါက ကောင်းကင်ပြာသံစဉ်ကို လိုချင်တယ်…"
မုန့်ချီက ထိုအရာကို ရှာကြည့်ပြီး မိတ်ဆက်ထားသည့် အရာများကို ဖတ်ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူက တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။
"ဒါက နဂါးလိပ်ပေါ်က အင်ပါယာဖူရဲ့ သက်တော်ရှည်ဂီတကနေ ဆင်းသက်လာတာပဲ…"
"ဟုတ်တယ်။ ငါ့မိသားစုရဲ့ကောင်းကင်ဖျက်စီး မြေပြင်ပြောင်းလဲခြင်း သံစဉ်က အင်ပါယာဖူရဲ့ အမွေအနှစ်တစ်ခုပဲလေ။ နဂါးလိပ်ပေါ်က သက်တော်ရှည်သံစဉ်နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် သူတို့က သေခြင်းတရားနဲ့ ရှင်ခြင်းတရားကို သက်ရောက်နိုင်တဲ့ သံစဉ်တွေလို့ လူသိများတယ်။ တကယ်လို့ ငါကသာ လူသားနဲ့ ကောင်းကင်တစ်သားတည်းအဆင့်ကိုရောက်သွားရင် သေခြင်းရှင်ခြင်း လျှို့ဝှက်ချက်တွေကို နားလည်လာနိုင်လိမ့်မယ်…"
ရွမ်ယုရှုက ရှင်းပြလိုက်သည်။
"အခု ငါက ကောင်းကင်ဖျက်ဆီး မြေပြင်ပြောင်းလဲခြင်း သံစဉ်ရဲ့ အခြေခံကိုတောင် မသင်နိုင်သေးဘူး။ ဒါကြောင့် ငါက ကောင်းကင်ပြာသံစဉ်ကို စပြီးတော့လေ့လာဖို့ စဉ်းစားထားတာ။ ငါက အဲဒါကို နားလည်နိုင်မလား ကြည့်ကြတာပေါ့…"
အင်ပါယာဖူဟူသည်မှာ ကောင်းကင်ဧကရာဇ်ပြီးလျှင် ပေါ်ထွက်လာသော အင်ပါယာတစ်ယောက် ဖြစ်သည်။ တာအိုဘိုးဘေး (၃) ယောက်က ပုန်းအောင်းနေသည့်အချိန်တွင် သူက လောကကြီးကို အုပ်စိုးရသည်။ သူက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များ ၊ မှော်သံစဉ်များနှင့် ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက် (၂) ခု ပိုင်ဆိုင်ထားသည်ဟု နာမည်ကျော်ကြား၏။
သူတို့ထဲမှ တစ်ခုကတော့ အင်ပါယာဖူ၏ ဗျပ်စောင်းဖြစ်ပြီး တခြားတစ်ခုကတော့ မြစ်ကျောက်တိုင် ဖြစ်သည်။ ကောင်းကင်ပြာတေးသွားက ကမ္ဘာမြေကြီး၏ စွမ်းရည်ကိုသုံးပြီး ဒဏ်ရာများကို ကုသနိုင်သည်။ အဆိပ်များကို ဖယ်ရှားနိုင်ပြီး အညစ်အကြေးများကို ဖိနှိပ်နိုင်၏။ ထိုအရာက သူတို့၏လက်ရှိ အားနည်းချက်ကို သိသိသာသာ ဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် မုန့်ချီက ရွမ်ယုရှု၏ဆုံးဖြတ်ချက်ကို သဘောတူခဲ့၏။
ထိုသံစဉ်ကို လဲလှယ်လိုက်ပြီးနောက် ရွမ်ယုရှုက အနာဂတ်တွင် အသုံးပြုနိုင်ရန် ကံကြမ္မာအမှတ် (၁၆၀) ချန်ထားခဲ့သည်။ သူမက မုန့်ချီကိုကြည့်ပြီး ပြောလိုက်၏။
"အခု နင့်အလှည့်ပဲ။ နင်က ဝေ့ကျင်းအဆင့် ဓားသိုင်းပညာ လဲမှာ မဟုတ်လား…"
သူက ရေလှိုင်းမီးတောက်ဓား၏ အစွမ်းကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ခြင်း မရှိကြောင်း လူတိုင်းက သိနေကြသည်။ ထို့ကြောင့် သူတို့က မုန့်ချီ လိုချင်နေသည့်အရာကို ခန့်မှန်းမိကြ၏။
မုန့်ချီက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
"လက်ရှိအချိန်မှာတော့ ငါက ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်ကို မစဉ်းစားသေးဘူး။ ဘာလို့လဲဆိုတော့ ငါက နောက်ထပ်ပစ္စည်းအသစ်တစ်ခုအတွက် အမှတ်တွေ လိုအပ်နေသေးလို့လေ…"
ဤအချိန်အတောအတွင်း သူက ဗုဒ္ဓလက်ဝါးသိုင်းကွက်၏ အနှစ်သာရ အနည်းငယ်ကို ဖမ်းဆုပ်မိခဲ့ပြီး ပထမဆုံး ဝိုးတဝါး နားလည်လာခဲ့သည့်စွမ်းရည်က မိုးကြိုးတံဆိပ် ဖြစ်သည်။ ထိုအရာကလည်း သူက ရွှေခေါင်းလောင်းကာကွယ်ကျင့်စဉ်ကို လေ့ကျင့်ထားခြင်းကြောင့် ဖြစ်သည်။
သူက ‘ ငါ ၊ ထူးခြားမှုနှင့် အမှန်တရား ’ ဟူသော သိုင်းကွက်ကို စတင်လေ့လာခဲ့သည့် အချိန်တွင် ထိုအရာကို ဖြည်းဖြည်းချင်း နားလည်လာပြီး ကိုယ်တိုင်ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် အနာဂတ်တွင် သူက ဝေ့ကျင်းအဆင့် ဓားမောက်သိုင်းပညာ သို့မဟုတ် ဓားရှည်သိုင်းပညာတစ်ခုကိုလည်း နားလည်လာနိုင်သည်။
သူက မြောက်ပိုင်းသို့သွားပြီး မြေခွေးဘုရင်ကို သတ်ပစ်ရန် ဆုံးဖြတ်ထားသည့်အတွက် သူ၏ဓားရှည်ကို အသုံးပြုရန် အခွင့်အရေး အနည်းငယ်သာရှိသည်ဟု ဆိုလိုနေသည်။ ထို့ကြောင့် သူ့အတွက် အရေးကြီးသော ကိစ္စတစ်ခု မဟုတ်သေးပေ။ သူက ကံကြမ္မာအမှတ်များကို သူ့ဓားဆီတွင်သာ အသုံးပြုချင်ခဲ့၏။
"ဘယ်လိုပစ္စည်းမျိုးလဲ…"
ကျန်းကျိဝေက မသေမချာ မေးလိုက်၏။
"နှစ် (၅၀၀) ဗောဓိမျိုးစေ့...။ အဲဒါက ငါ့ရဲ့သိုင်းကွက်တွေကို နားလည်လာအောင် ကူညီပေးနိုင်တယ်…"
ထိုအရာက ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်တစ်ခုတည်းကို နားလည်လာအောင် ဦးတည်နေခြင်း မဟုတ်ချေ။ ထိုအရာက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်အတွက် ကံကြမ္မာအမှတ်များရရှိရန် တခြားစွမ်းရည်များကို နားလည်လာအောင်လည်း ကူညီပေးနိုင်သေးသည်။
Translated by Hein Htet