← Chapters

အခန်း (၄၄၇)

Vol. 30 Ch. 447

အခန်း (၄၄၇)

Vol. 30 Ch. 447

နွေရာသီအလယ်တွင် ဖြစ်သော်လည်း တောင်တန်းပေါ်တွင် တိုက်ခတ်သော လေလှိုင်းများက အေးစက်နေသည်။ မုန့်ချီက တောင်တက်လမ်းအတိုင်း ဆင်းလာခဲ့ပြီး ကျိကျန်းဓားစံအိမ်ထဲမှ ထွက်လာခဲ့၏။

ထိုအချိန်တွင် အပြင်ဘက်၌ စောင့်နေသော ကောင်းလန်က သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ ကောင်းလန်က ခေါင်းညိတ်ပြီး လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်သည်။

"သူပြောတဲ့ (၇)ပေဓားဆိုတာ သူ့ကိုယ်သူ ရည်ညွှန်းတာပဲ..။ ရှေ့မှာ ပြောခဲ့တဲ့ ငါဆိုတဲ့အရာကို အဓိကရည်ညွှန်းတာ .။ ဒီလိုစကားလုံးမျိုးမှာ ပထမ ငါဆိုတာက သူ့ရဲ့ခန္ဓာကိုယ်ကို ရည်ညွှန်းတာ...အပြင်ဘက်က ခန္ဓာကိုယ်ပေါ့...ဒုတိယ ငါ ဆိုတာက သူ့ရဲ့အတွင်း ခန္ဓာကိုယ်ကို ရည်ညွှန်းတာ..။ အဲဒါက သူ့ရဲ့အစစ်အမှန် စိတ်ဆန္ဒပဲ..။ အဲဒီအရာနှစ်ခုမှာ မတူညီတဲ့ အဓိပ္ပါယ်တွေ ရှိနေတယ်.။ အတိတ်တုန်းက ဘိုးဘေးနန်းဟွာက ငါ့ကိုယ်ငါ ရှုံးနိမ့်သွားပြီလို့ တစ်ကြိမ်ပြောခဲ့ဖူးတယ်...”

“ကြည့်ရတာ ကျွန်တော်က အဲဒီအရာတွေကို မသိခဲ့ပါလား.."

မုန့်ချီက ခေါင်းခါပြလိုက်မိသည်။

"ဟား..ဟား...ဟားဟားးး ဟား… ဟား.."

ကောင်းလန်က ခြောက်ကပ်စွာ ရယ်လိုက်၏။

"ငါက ဒီအတိုင်းပဲ ပြောလိုက်ရုံလေးပါပဲ..။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုက ဘာများကြောက်စရာလိုသေးလို့လဲ။ သူလုပ်ဖို့ လိုအပ်တာက အဲဒီနေရာာနေ ထွက်လာဖို့ပဲ ။ မင်းက သူ့ကို လက်မထပ်နိုင်တာမှ မဟုတ်တာ ..။ မင်းက သူ့ကို အမြဲတမ်း ပိုးပန်းလို့ ရနေသေးတာပဲ ဒီအချိန်အတွင်းမှာ မင်းက မာနကိုမြိုချပြီး ကြိုးကြိုးစားစား လေ့ကျင့်ဖို့ လိုလိမ့်မယ်.."

မုန့်ချီက ကောင်းလန်ကို စိုက်ကြည့်လိုက်၏။

"လာပါ..ကျွန်တော်တို့ သွားသောက်ကြစို့..."

"ကောင်းပြီလေ..။ မင်းရဲ့ဝမ်းနည်းမှုတွေ ပြေပျောက်သွားအောင် အရက်သောက်ကြတာပေါ့.."

ကောင်းလန်က လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။

…………..

ကျိကျန်းဓားစံအိမ်၏ အပြင်ဘက်တွင်တော့ မြို့ငယ်လေးတစ်ခု ဖြစ်ပေါ်နေသည်။ စားသောက်ဆိုင်ကြီးတစ်ခု၏ အထူးခန်းမတစ်ခုဆီသို့ သွားရမည့်အစား ကောင်းလန်နှင့် မုန့်ချီတို့က အင်မော်တယ်အရက်တစ်အိုးဆီကိုင်ပြီး လူတစ်ရပ်ခွဲခန့်ရှိသော နံရံအောက်တွင် ထိုင်နေကြ၏။

သူတို့က ပျက်စီးနေသော နံရံကြီးကို ကျောမှီထားရင်း အဝေးတွင် ရှိနေသော မြက်ခင်းပြင်ကြီးနှင့် အပြာရောင်ကောင်းကင်ကြီးကို ငေးကြည့်နေကြ၏။ တစ်ချိန်တည်းတွင် အရက်ကလေးသောက်လိုက် အမြည်းစားလိုက်နှင့် အရသာခံနေကြသည်။

သူတို့က တိတ်တဆိတ်သောက်နေကြသည့်အချိန်တွင် ထူးဆန်းသော အခြေအနေတစ်ရပ်က သူတို့၏ ပတ်ပတ်လည်တွင် လွှမ်းခြုံလာခဲ့သည်။ ထို့နောက် ကောင်းလန်က နောက်တစ်ကြိမ် စကားပြောရန် ပြင်လိုက်၏။ သူက အရက်အနည်းငယ် သောက်လိုက်ပြီးနောက် စပြီး ပြောလိုက်သည်။

"ညီလေး(၃) …

ငါက မင်းကို အချစ်အကြောင်းနဲ့ ပတ်သက်ပြီး သင်မပေးဘူးလို့ မပြောနဲ့နော်..။ မင်းက ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုရင် ဇွဲရှိရှိနဲ့ သူ့ကို လိုက်ကပ်ဖို့ လိုတယ်.."

မုန့်ချီက ထိုကိစ္စအကြောင်း ဆက်မပြောရန် တားတော့မည့်အချိန်တွင် ကောင်းလန်က ရုတ်တရက် ခေါင်းစဉ်ပြောင်းသွားပြီး ခံစားချက်များ ပြည့်နှက်နေသောအသံဖြင့် ပြောလိုက်၏။

"အရင်တုန်းက သူ့ရဲ့နှလုံးသားက ဗောဓိပင်ကြီးလို ခိုင်မာနေတာကို ငါမှတ်မိသေးတယ်..။ သူ့ရဲ့နှလုံးသားမှာ သနားကရုဏာစိတ်တွေရှိတယ်..။ သူကတော့ ဗုဒ္ဓလမ်းစဉ်ကိုပဲ အာရုံစိုက်ခဲ့တာ...။ အဲဒီနောက်မှာတော့ သူက ခေါင်းရိတ်ပစ်ခဲ့တယ်လို့တောင် ငါက ကြားခဲ့ဖူးတယ်။ ဒါပေမယ့် အဆုံးမှာတော့ ဘာဖြစ်သွားခဲ့လဲ..။ ငါက သူ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီး သူ့ကို ငါ့အနားမှာ ခေါ်ထားနိုင်ခဲ့တယ်…"

သူကတော့ မျက်နှာပေါ်တွင် မာနများ ပြည့်နှက်နေသည်။ ထိုအချိန်တွင် သူ၏ ခံစားချက်များက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့အသံက လှုပ်ရှားသွားသည်။

"တကယ်လို့ သူကသာ အထီးကျန်ဆန်တဲ့ ဗုဒ္ဓလမ်းစဉ်ကို တကယ်သွားခဲ့မယ်ဆိုရင် အသက်ရှင်နေနိုင်သေးတယ်..။ ငါကပဲ သူ့ကို ထိခိုက်အောင်လုပ်မိခဲ့တာ.။ ငါကပဲ သူ့ကို ထိခိုက်အောင်လုပ်မိခဲ့တာပါကွာ.."

ကောင်းလန်က အရက်အိုးကို ချလိုက်ပြီး စိတ်ကစဉ့်ကလျား ဖြစ်သွားသလို အမူအရာမျိုး ပြောင်းလဲလာသည်။ သူက မြေပြင်ကို လက်နဲ့ရိုက်ပြီး အော်ဟစ်လိုက်၏။

"ငါက သူ့ကို ထိခိုက်အောင် ကြိုးစားတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့တယ်...။ အဲဒီနောက်မှာတော့ ချန်းလဲ့က (၇) ရက်လောက်ထိ အကြောက်တရားထဲမှာ ရှင်သန်ခဲ့ရတယ် ။ နေရာအနှံ့မှာလည်း ငိုကြွေးသံတွေပဲရှိတယ်..။ ဒါပေမယ့် အဆုံးမှာတော့ သူက အဲဒါကိုလက်မခံနိုင်ခဲ့ဘူး.."

သူကတော့ ဝမ်းနည်းမှုများကြောင့် ရူးသွပ်သွားတော့မည့် အရိပ်အယောင်မျိုး ပေါ်လာခဲ့သည်။

"ဒီကမ္ဘာကြီးထဲမှာ တိကျတဲ့အရာ ဘာမှမရှိပါဘူး..။ အစ်ကိုက ကောင်းကင်ဧကရာဇ်ရဲ့ အဆင့်မျိုးကို ရောက်ရင်တော့ သူ့ကို အသက်ပြန်ရှင်အောင် လုပ်နိုင်မယ် မဟုတ်လား.."

မုန့်ချီမျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ မူလတုန်းကတော့ ကောင်းလန်က သူ၏ဝမ်းနည်းမှုများကို ပျောက်ကွယ်သွားစေရန် အဖော်ပြု၍ သောက်ပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူက နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်၏။ သူက ဝမ်းနည်းမှုများကို ဖြေသိမ့်ပေးနေရင်း အဘယ်ကြောင့် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ရသနည်း။

"အဲဒါတော့ အမှန်ပဲ...."

ကောင်းလန်က သူ့ပေါင်ကို လက်နှင့်ရိုက်ပြီး နောက်ထပ်ခေါင်းစဉ် ပြောင်းလိုက်ပြန်သည်။

"အဲဒီလူတွေက ငါ့နားမှာ ဆူးတစ်ချောင်းလို အချိန်အကြာကြီး ရှိနေခဲ့တာ..။ လူအများရဲ့အမြင်မှာတော့ သူတို့က အထက်တန်းလွှာ မိသားစုတွေနဲ့ တော်ဝင်မိသားစုရဲ့ လက်အောက်ခံတွေပဲ..။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် သူတို့က ဂိုဏ်းတွေနဲ့ လျှို့ဝှက်ပူးပေါင်းနေပြီး ကိုယ်ကျိုးအတွက်ပဲ အရှက်မရှိ လုပ်နေကြတာ..။ ငါက သူတို့ကို သတ်လိုက်ရတဲ့အတွက် ဘာနောင်တမှ မရှိဘူး...။ ဒါကြောင့်လည်း ငါက မင်းလို တောင်ပိုင်းကျင်းအင်ပါယာထဲက လူတစ်ယောက်ကို အားကျမိတာပဲ..။ အထက်တန်းလွှာမိသားစုတွေနဲ့ ဂိုဏ်းတွေရဲ့ကြားမှာ စွမ်းအားက ညီမျှနေတဲ့အတွက် မင်းက တစ်စုံတစ်ယောက်ရဲ့ လက်အောက်ခံ ဖြစ်မသွားဘူး.."

မုန့်ချီက တစ်ကိုယ်တော်ကျင်ကြံသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက ဂိုဏ်းများ အထက်တန်းလွှာ မိသားစုများနှင့် ပတ်သက်မှု မရှိချေ။ ကောင်းလန်၏ ဒေါသကို ဖြေဖျောက်ရန်အတွက် သူကတော့ အရက်ကိုသာ သောက်နေပြီး သူ၏ထင်မြင်ချက်ကို မပြောခဲ့ပေ။

"နောက်ဆုံးတော့ ငါက အဲဒီခြေလှမ်းကို လျှောက်နိုင်ခဲ့တယ်..။ အနှေးနဲ့အမြန် တရားမျှတမှုဆိုတာ ပေါ်လာမှာပဲ..။ ငါက သူတို့ရဲ့ဘဝကြီးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် ပြောင်းလဲပစ်ခဲ့တယ်.."

ကောင်းလန်က မတ်တပ်ရပ်လိုက်ပြီး လက်ထဲတွင်ကိုင်ထားသော အရက်အိုးကို လေထဲမြှောက်လိုက်သည်။ ထို့နောက် သူက လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ အရက်အိုးက ဆူပွက်လာခဲ့၏။

"ဒါဆိုရင် သူက တကယ့််ကို ဓမ္မကာရအဆင့် ရောက်နေပြီပဲ..."

မုန့်ချီက အင်မော်တယ်အရက်ကို အနည်းငယ် သောက်လိုက်ပြီး ခေါင်းထဲတွင် မူးဝေလာသလို ခံစားနေရသည်။ ထိုသို့ဆိုရာတွင် သူ၏စွမ်းရည်များ အတွေးများကတော့ ပြောင်းလဲသွားခြင်း မရှိပေ။

"အစ်ကိုကြီး...

ကောင်းကင်ဘုံက အစ်ကိုကြီးကို ဒီလိုတာဝန်တစ်ခု ပေးနေမှတော့ နာကျင်မှုတွေ ခံစားမှုတွေက အစ်ကို့ရဲ့စွမ်းအားကို မြှင့်တင်ဖို့အတွက် ခွန်အားတွေ ဖြစ်လာမှာပါ..။ ပြောရမယ်ဆိုရင် အစ်ကိုကြီးရဲ့ကံဆိုးမှုကလည်း ကောင်းသွားတယ်လို့ ပြောလို့ရပါတယ်.."

မုန့်ချီက သက်ပြင်းချလိုက်မိသည်။

ကောင်းလန်က အားရပါးရ ရယ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပုံရ၏။

"အဲဒါအမှန်ပဲ..။ ဒီနေ့အချိန်မှာတော့ လူအတော်များများက ငါ အချိန်ပေးဖို့ မတန်တော့ဘူး.."

"ကောင်းကင်မှတ်တမ်းမှာ ရှိနေတဲ့ ပညာရှင်တွေရော.."

မုန့်ချီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူက ထိပ်ဆုံး(၁၀)ယောက်တွင် ရှိနေသော ဓမ္မကာရပညာရှင်များအပေါ် ကောင်းလန်၏ သုံးသပ်ချက်ကို ကြားချင်နေခဲ့၏ ။

ကောင်းလန်က အရက်အိုးကိုပုတ်ပြီး ပြောလိုက်သည်။

"သူတို့လား..။ ဟား ..ဟားးးဟားဟား ကူအာဒိုက ကောင်းကင်သတ်ဖြတ်ရေးပုဆိန်ကို ကိုင်ထားပြီး အကူအညီတွေအများကြီးရှိတယ်..။ ဒါပေမယ့် သူက ချုံဟယ်နဲ့ လုတာ့တို့ကို လုံးဝဖိနှိပ်နိုင်ဦးမှာ မဟုတ်သေးဘူး.။ သူက ကောင်းကင်မှတ်တမ်းမှာ ဘယ်လိုအဆင့်မျိုး ရှိနေတာလဲ..”

“သူက အရက်သောက်နေရင်း ဓမ္မကာရပညာရှင်တွေ အကြောင်းတောင် ပြောနေနိုင်တာပဲ..."

မုန့်ချီက ချွေးစေးများကို သုတ်လိုက်ပြီး လုပိုင်၏ အမူအရာနှင့််ပြောလိုက်သည်။

"ဆရာကြီးချုံဟယ်ကရော ဘယ်လိုမျိုးလဲ .။ သူက နှစ်ပေါင်း(၂၀၀)ကျော် ကျော်ကြားနေခဲ့တာ။ သူက ဓမ္မကာရအဆင့်မှာ ဘယ်လောက်ဝေးဝေးထိ ရောက်နေပြီလဲ…"

"ချုံဟယ်လား..။ သူက အခုချိန်ထိ အဆင့်မတက်သေးဘူး...။ ဒါပေမယ့် အသက်ကြီးနေပြီ.။ သူ့ရဲ့ကန့်သတ်ချက်ကို ရောက်နေပြီလေ..သူက အုတ်ဂူထဲကို ခြေလှမ်းဖို့ပဲ လိုတော့တယ်…."

ကောင်းလန်က လေထဲတွင် လက်ကို ဝှေ့ယမ်းပြီးပြောလိုက်သည်။

"ဒါဆိုရင် ရှောင်လင်ကျောင်းတော်ရဲ့ကျောင်းထိုင်ကိုယ်တော် ကုံဝမ်ကရော။ အခုချိန်မှာတော့ သူတစ်ယောက်တည်းကပဲ ဓမ္မကာရပညာရှင်တွေကို ဖိနှိပ်တိုက်ခိုက်နိုင်တဲ့ တိုက်ပွဲမှတ်တမ်းရှိတာ.."

မုန့်ချီကစကားကို ဖြည့်ပြီး ပြောပြနေခဲ့သည်။ သို့သော် သူကတော့ အရက်၏ လွှမ်းမိုးမှုကြောင့် စိတ်လှုပ်ရှားနေခဲ့၏။

ဓမ္မကာရအဆင့် ပညာရှင်များ အကြောင်းကြားရသည်မှာ အတော်လေး ရှားပါးလှသည်။ ထို့ကြောင့် သူ့ဆီတွင် စိတ်ဝင်စားမှုများ ပြည့်နှက်နေခဲ့၏။

ကောင်းလန်က ပြုံးလိုက်သည်။

"ဟန်ကွမ်းက အသက်ရှင်နေသေးလား မရှင်ဘူးလား မသေချာပါဘူး..။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီး ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တာပဲလေ။ ကုံဝမ်ကလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့တယ်..။ သူက အရင်တုန်းကလို အစွမ်းထက်မှာ မဟုတ်တော့ဘူး..။ ဒါကြောင့် သူက ဘယ်သူနဲ့မှ အချိန်အကြာကြီး မတိုက်ခိုက်ခဲ့တာ..။ သူ့လို အိုမင်းပြီး ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို ငါက အနိုင်ကျင့်လို့ဖြစ်မလား..."

"ကျောင်းထိုင်ဆရာတော်ကုံဝမ်က အရင်တုန်းကလို အစွမ်းမထက်တော့ဘူးလား.."

မုန့်ချီက ခဏကြာမှင်တက်သွားခဲ့ပြီး ကျန်းကျိဝေ၊ ကျန်းယွင်ရှန်တို့နှင့် ပထမဆုံးတွေ့ခဲ့ရသည့် အခြေအနေကိုပြန်၍ စဉ်းစားမိခဲ့သည်။ ကြည့်ရသည်မှာတော့ ထိုအရာကလည်း မှန်ကန်နေပုံရ၏။

မုန့်ချီ စဉ်းစားနေသည်ကို မစောင့်ဘဲ ကောင်းလန်က ဆက်ပြောလိုက်၏။

"လုတာ့..."

သူက ရပ်လိုက်သည်။သူ၏အမူအရာက အေးစက်လာပြီး သူ့နှုတ်မှ ထွက်လာသော စကားလုံးများကလည်း ရက်စက်ကြမ်းကြုတ်နေ၏။

"တစ်နေ့နေ့မှာတော့ လုတာ့နဲ့ငါက သူသေကိုယ်သေ တိုက်ခိုက်ရလိမ့်မယ်…"

"ငါ ဟုတ်လား.."

ကောင်းလန်က သူ့ကိုယ်သူ အခေါ်အဝေါ်များ ပြောင်းလဲလာကြောင်း မုန့်ချီလည်း သတိထားမိခဲ့သည်။ သူက သတိလက်လွတ် မော့ကြည့်လိုက်ရာ ကောင်းလန်၏ အေးတိအေးစက်အကြည့်ကို ခံစားမိလိုက်၏။

ကောင်းလန်က အရက်အိုးကို ဘေးတွင်ချပြီး မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူက လက်နောက်ပစ်လိုက်သည်။ သူကတော့ တောင်တန်းကြီးများ ၊ ပင်လယ်များကိုပင် အသေးအဖွဲဟုသာ သတ်မှတ်ထားပုံရ၏။

ခေါင်းပေါ်တွင် ရှိနေသော ရှုပ်ထွေးနေသည့် ဆံပင်များကလည်း တဖြည်းဖြည်း ပြောင်းလဲသွားပြီး ချောမောခန့်ညားသည့် မျက်နှာ ပေါ်လာခဲ့သည်။ သူ၏ ရုပ်ရည်ကိုကြည့်လျှင် သူက အသက်(၃၀)သာရှိသည်ဟု ထင်မှတ်ရ၏။ သူ့ပုံစံက အတော်လေးကို တည်ငြိမ်အေးချမ်းပြီး မျက်ခုံးကောင်းကောင်းနှင့် တောက်ပသော မျက်လုံးများရှိသည်။

ခံစားချက်ကင်းမဲ့သော သူ၏မျက်လုံးနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် လုံးဝကို ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာနေသည်။ သူ၏အကြည့်က အတော်လေးကို ထူးဆန်းသည်ဟု မုန့်ချီက တွေးမိခဲ့၏။ သို့သော် ကောင်းလန်နှင့် မယှဉ်နိုင်ခဲ့ပေ။ ထို့ပြင် သူ၏ရုပ်ရည်၌ မိန်းမဆန်သော အငွေ့အသက်မျိုးမရှိဘဲ ယောကျ်ားပီသသော အမူအရာမျိုးဖြစ်သည်။

"ထင်ထားတဲ့အတိုင်းပဲ..။ ချန်းလဲ့က ကောင်းမိသားစုက တကယ်ကို ချောမောတာပဲ…"

မုန့်ချီက ရုတ်တရက် တွေးလိုက်မိသည်။ သိုင်းပညာတွင် သူတို့၏ ဂုဏ်သတင်းများအပြင် ချန်းလဲ့မှ ကောင်းမိသားစုက ချောမောသော ရုပ်ရည်နှင့် ကြမ်းတမ်းခက်ထန်သော စိတ်နေစိတ်ထားကြောင့် လူသိများသည်။

ကောင်းလန်က မုန့်ချီကို အေးစက်စွာ စိုက်ကြည့်လိုက်သည့်အတွက် အန္တရာယ်အငွေ့အသက်များကို ခံစားနေရ၏။ သူကတော့ ကျောထဲတွင် စိမ့်တက်လာသလို ခံစားလိုက်ရသည်။ သူ၏ပင်မဝိညာဉ်ပင် လှုပ်ရှားသွားခဲ့ပြီး ခေါင်းထဲတွင် မြောက်များလွန်းလှသော မြင်ကွင်းများ တန်းစီပေါ်လာခဲ့၏။ ကောင်းလန်က သူ့ကို အချိန်မရွေး သတ်ပစ်တော့မလို ထင်မှတ်ရသည်။

"ဘာလို့ သူက ဒီလောက်တောင် အလွယ်တကူ ပြောင်းလဲသွားရတာလဲ..။ သူကလည်း စိတ်နှစ်ခွရောဂါ ရနေတာလား။ အရူးမင်းသား ..အရူးမင်းသား.. ဒီနာမည်တွေက မှားပြီး ပေးထားတာ မဟုတ်ဘူးပဲ....။ သိုင်းလောကနာမည်ဆိုတာ တကယ့်ကို မမှားတာပဲ…"

မုန့်ချီက အရက်အိုးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။ သူ့ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံ ပေါ်လာခဲ့၏။

"မင်းလို လူတစ်ယောက်ကတောင် ငါနဲ့သွေးသောက်ညီအစ်ကိုတွေ ဖြစ်ရဲသေးတာပဲ မဟုတ်လား.."

ကောင်းလန်က အေးစက်စွာ လှောင်ပြောင်သရော်လိုက်သည်။ ထို့နောက် သူက သံပြားလေးကို ပစ်ချလိုက်ပြီး ပြန်လှည့်၍ ထွက်သွားခဲ့၏။ သူက မုန့်ချီကဲ့သို့ ဝေ့ကျင်းအဆင့်ကို မရောက်သေးသော လူတစ်ယောက်ကို သတ်ရန်ပင် မထိုက်တန်ဟု စဉ်းစားထားပုံရသည်။

သူ၏ စူးရှသည့်အကြည့်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည့်အချိန်မှသာ မုန့်ချီကလည်း စိတ်အေးသွားမိတော့၏။ ထိုအချိန်ကျမှသာ သူလည်း ကိုယ့်ကိုယ်ကိုယ် မနည်း ထိန်းချုပ်နိုင်ခဲ့သည်။

…………..

လော့ရန် ၊ ယပ်တောင်(၆)လက်ကျောင်း…..

အခန်းတစ်ခုထဲတွင် အပြာရောင်ကျောင်းဆောင်လေးတစ်ခု ရှိသည်။

"ပျက်သုန်းခြင်း ဓားနတ်သမီးက အသက်စွန့်စားခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုကို လုပ်နေပြီလို့ ငါအခုပဲ သတင်းရတယ်။ ငါတို့က လူငယ်မှတ်တမ်းကို မကြေညာခင် သူတို့ရဲ့အဆင့်ကို ပြန်ပြီး ပြင်ဆင်ဖို့ လိုတယ်.."

အနီရင့်ရောင် လူဆိုးထိန်းဝတ်စုံ ဝတ်ထားသော လူတစ်ယောက်က လက်ထဲတွင် စာရွက်တစ်ရွက်ကိုကိုင်ပြီး အလျင်စလို ပြေးဝင်လာခဲ့သည် ။ သူ၏ခါးတွင်တော့ အပြာရောင်တံဆိပ်ပြားတစ်ခု ချိတ်ထား၏။

"အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုလား..။ သူက သူ့ဆရာရဲ့ခြေရာကို တကယ်နင်းနေတာပဲ.."

အတွင်းထဲတွင် ရှိနေသော လူဆိုးထိန်းများက လူငယ်မှတ်တမ်းပြောင်းလဲမှုများကို လုပ်ဆောင်နေကြရင်း တီးတိုးပြောနေကြသည်။

အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုကို လုပ်ဆောင်ထားသူများက ဝေ့ကျင်းအဆင့်ကို တိုက်ရိုက် ရောက်သွားခြင်းနှင့် သေဆုံးသွားခြင်း နှစ်မျိုးသာရှိသည်။ ထို့ကြောင့် သူတို့ကို မှတ်တမ်းထဲမှ အလိုလို ဖယ်ထုတ်ပစ်ကြ၏။

လူဆိုးထိန်းများက သူတို့၏အလုပ်တွင် အလွန်ကျွမ်းကျင်ကြသည့်အတွက် လူငယ်မှတ်တမ်းက ပြည့်စုံသွားခဲ့သည်။ သူတို့က အခန်းထဲသို့ဝင်လာပြီး အမှားများကို လျင်မြန်စွာ ပြင်ဆင်လိုက်ကြ၏။

အခန်းထဲသို့ ဝင်လာသော လူဆိုးထိန်းက ထိပ်ဆုံးတွင် ရှိနေသော နာမည်များကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး ပြောင်းလဲမှုက ကြီးမားကြောင်း နားလည်သွားသည်။

"နာမည် - တိုင်ရှန်

သိုင်းပညာ - တံခါး(၉)ပေါက်အဆင့် ၊ မျက်ခုံးကြား ပင်မတံခါးပွင့်ဖို့အရမ်းနီးကပ်နေပြီ။ သူ့ရဲ့သိုင်းပညာအရင်းအမြစ်က ရှင်းရှင်းလင်းလင်း မသိရဘူး။ ဒါပေမယ့် တစ်မိုင် ပတ်လည်အတွင်း အမှောင်ထုကြီးကို လွှမ်းမိုးသွားစေနိုင်တဲ့ သဘာဝဖြစ်စဉ်တွေ ဖန်တီးနိုင်တယ်။ အဲဒီအရာကို အလင်းတွေ အသံတွေတစ်ခုမှ မထိုးဖောက်နိုင်ဘူး..။ လူတစ်ယောက်ရဲ့အာရုံခံနိုင်စွမ်းကိုတောင် သက်ရောက်စေနိုင်တယ်..။ အဲဒါက ပုံရိပ်ယောင်တွေ ဖန်တီးနိုင်ပြီး ထက်မြက်မှု၊ လျင်မြန်မှုနဲ့ သတ်ဖြတ်ချင်စိတ်ကို အသာစီးရစေနိုင်တယ် ။ သူက အနန္တဓားကို ယှဉ်နိုင်တဲ့ သတ်ဖြတ်ရေး ဓားတစ်လက်အဖြစ် သူ့ကိုယ်သူ ပြောင်းလဲနိုင်တဲ့ ကျင့်စဉ်တစ်ခု ပိုင်ဆိုင်ထားတယ်.."

"တိုက်ပွဲမှတ်တမ်း - မြက်ခင်းပြင်ထဲမှာ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်မြောက်များစွာကို သတ်ပစ်ခဲ့တယ်။ သူက မြင်းဓားပြခေါင်းဆောင် ဝေးကျင်းတစ်ဝက်အဆင့် ပညာရှင်ကို နှစ်ကြိမ်တိတိ နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့တယ်...။ တောင်ပိုင်းကို ရောက်လာပြီးနောက် လူငယ်မှတ်တမ်းမှာ အဆင့်(၂၁)ရှိတဲ့ မီးမျက်လုံးအသူရာကို ရှာပြီး သတ်ပစ်ခဲ့တယ်.။ သတ်ဖြတ်ရေးဓား စုမုန့်နဲ့ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းမှာ တိုက်ခိုက်ခဲ့တယ်..။ အနိုင်ရသူကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူး...”

"အဆင့် - အဆင့်(၁)

သိုင်းလောကနာမည် - မြေခွေးဘုရင် ၊ မြက်ခင်းပြင်မှ တစ်ကိုယ်တော် သိုင်းသမားတစ်ယောက်…"

လူဆိုးထိန်းများက မျက်မှောင်ကြုတ်လိုက်မိသည်။ မြေခွေးဘုရင်၏ သိုင်းပညာ ဖော်ပြချက်က ယခင်တုန်းကထက် ပို၍ ပြည့်စုံနေခဲ့၏။

သူက ဆက်၍ ဖတ်လိုက်သည်။

"နာမည် - စုမုန့် ၊ ယခင်ဓမ္မနာမည် - ကျန်းတင်၊

သိုင်းပညာ - တံခါး (၈)ပေါက် တံခါး(၉)ပေါက်အဆင့် ၊ ပထမမှာ သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်ထားတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ တခြားအကာအကွယ်ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားဖို့ ဆုံးဖြတ်ထားတယ်ထင်တယ် ။.သူက ထူးခြားတဲ့ခွန်အားကို ပိုင်ဆိုင်ထားတယ်။ သူက ညာလက်မှာရှိတဲ့ ဓားမောက်ကို အဓိက အသုံးချပြီး ဘယ်လက်မှာရှိတဲ့ ဓားရှည်နဲ့ အကူအညီပေးတယ်..။ သူ့ရဲ့ဓားရှည်သိုင်းပညာကတော့ စနစ်မကျဘူး ။ သူက စွမ်းအားတွေအားလုံးကို ထုတ်လွှတ်လောက်ဖို့ပဲ ကျွမ်းကျင်တယ်..။ သူ့ရဲ့ဓားမောက်သိုင်းပညာကတော့ အနန္တကျိန်စာဖျက်သိုင်းပညာရဲ့ ပထမသိုင်းကွက်နဲ့ ဒုတိယသိုင်းကွက်တို့ကို အခြေခံထားတယ်။ အဲဒါက သွေးအဆီအနှစ်ကို အသက်မသွင်းဘဲ ဆက်တိုက်အသုံးပြုနိုင်တယ်။ အဖိုးတန်လက်နက်ရဲ့ အကူအညီနဲ့ ဝေ့ကျင်းအဆင့် မိုးကြိုးစွမ်းရည် သိုင်းကွက်တစ်ခုကို နားလည်ထားတယ်။ သူက ဝေ့ကျင်းအဆင့်နီးပါး တိုက်ခိုက်မှုတစ်ခု သုံးနိုင်တယ် ။ တချိန်တည်းမှာပဲ သူ့ရဲ့ဓားမောက်တာအိုနဲ့ အနှစ်သာရတွေက နာမည်ကျော်ပညာရှင်တွေကိုတောင် ယှဉ်နိုင်တယ်။ သူ့မှာ ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်တဲ့ နည်းလမ်းလည်း ပိုင်ဆိုင်ထားတယ်..”

“တိုက်ပွဲမှတ်တမ်း - ခေါင်းဖြူလင်းတ အန်ကုံရှဲ့ကို သတ်ပစ်ခဲ့တယ်။ ယဲ့တူမှာရှိတဲ့ လေ့ကျင့်ရေးကွင်းထဲမှာ အမှန်တရားဓား ဝမ်ကိုက်ကို ပွတ်ကာသီကာ အနိုင်ရခဲ့တယ်၊ အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့တယ်။ အင်ပါယာဓား(၅)သွယ် ချင်ယုကို ကျန်းစီရင်စုထဲမှာရှိတဲ့ ချန်းချွမ်လမ်းမပေါ်မှာ အနိုင်ရခဲ့တယ်။ ပြီးတော့ မိုင်ထောင်ပေါင်းများစွာ ခရီးသွားလာခဲ့ပြီး အရိပ်ရေခဲလက်ဝါး ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနဲ့ ဝိညာဉ်ဖျောက်ပုလွေတို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး (၃)ယောက် တစ်ယောက်တိုက်ပွဲမှာ သူတို့ကို သတ်ပစ်နိုင်ခဲ့တယ် ။ မြေခွေးဘုရင်နဲ့ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းမှာ တိုက်ခိုက်ခဲ့ပြီး ဘယ်သူအနိုင်ရလဲဆိုတာ မသေချာဘူး…"

"အဆင့် - အဆင့်(၂)

သိုင်းလောကနာမည် - သတ်ဖြတ်ရေးဓား ၊ မဆင်မခြင်ကိုယ်တော်၊ မိုးကြိုးဓားဒေါသကိုယ်တော်

အဆင့်အတန်း - ရှောင်လင်ကျောင်းတော်မှ စွန့်ပစ်ခံတပည့်၊ သိုင်းလောက ဓားသမား.."

ထိုလူဆိုးထိန်းက သက်ပြင်းချလိုက်မိသည်။

"လူငယ်မှတ်တမ်းရဲ့အဆင့်(၁)နဲ့ အဆင့်(၂)မှာရှိတဲ့ ပညာရှင်တွေက…."

………………

ညအချိန် လမင်းကြီးက ထိန်ထိန်သာနေသည်။ ထိုအချိန် အမှောင်ထုကြီးကလည်း မျက်စိတဆုံးဖြစ်နေပြီး တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နေသယောင် ထင်မှတ်ရ၏။ ကမ္ဘာမြေကြီးထဲတွင် မုန့်ချီတစ်ယောက်တည်းသာ ရပ်နေသလို ထင်မှတ်ရ၏။ သူကတော့ မျက်နှာပေါ်သို့ တိုက်ခတ်လာသော လေပြည်လေညင်းလေးများကို ခံစားကြည့်နေခဲ့သည်။

မုန့်ချီက ထိတ်လန့်သွားရာမှ ဖြည်းညင်းစွာ သတိပြန်ဝင်လာခဲ့ပြီး တစ်ယောက်တည်း တိုးတိုးလေး ရယ်လိုက်မိ၏ ။ ခဏကြာပြီးနောက် သူက အရက်အိုးကို လွှင့်ပစ်လိုက်ပြီး ဓားမောက်ကို ဘယ်လက်နှင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူက အဝေးကို စိုက်ကြည့်လိုက်ပြီး အဝတ်အစားများကို ဖုန်ခါလိုက်၏။

ယခုမြောက်ပိုင်းကို သွားပြီး မြေခွေးဘုရင်ကို သတ်ရန် အချိန်ကျရောက်လာပါပြီ။

Translated by Hein Htet.

All Chapters