အခန်း (၄၄၉)
Vol. 30 Ch. 449
စစ်ခုံထူ၏ဇနီးက မည်သည့်အရာများ ဖြစ်ပွားနေကြောင်း နားလည်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီလည်း နောက်ထပ် ရှင်းပြနေခြင်း မရှိတော့ချေ။ သူက သက်ပြင်းချပြီး ပြောလိုက်၏ ။
"သူ သေခါနီးအချိန်မှာ ကျွန်တော့်ကို ဒီပစ္စည်းတွေလာပေးဖို့ ဆရာကြီးစစ်ခုံက တောင်းဆိုခဲ့တယ်…"
စကားပြောနေရင်း သူ့လက်ထဲတွင် အထုပ်တစ်ခု ပေါ်လာခဲ့သည်။မုန့်ချီက စစ်ခုံထူကို ဆရာကြီးစစ်အစား ဆရာကြီးစစ်ခုံဟုသာ ခေါ်ဆိုခဲ့သည့်အတွက် စစ်ခုံထူ၏ဇနီး ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။
သူမ၏ ခန္ဓာကိုယ်က လေတိုက်လျှင် လဲတော့မည့်အလား အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ဝမ်းနည်းကြေကွဲစွာနှင့် အထုပ်ကို လက်ခံလိုက်သည်။ သူမက အထုပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ အတွင်းထဲတွင်တော့ သလင်းကျောက်ရောင် တဖိတ်ဖိတ် တောက်ပနေသော ဓားရှည်တစ်လက်ရှိနေပြီး ထိုအရာက တိမ်တိုက်များထဲတွင် ပုန်းအောင်းနေသော ဓားတစ်လက်ကဲ့သို့ ထင်မှတ်ရ၏။
ထို့ပြင် ကျောက်စိမ်းပြားလေးတစ်ခုလည်း ရှိနေပြီး သိုင်းကျမ်းတစ်အုပ်နှင့် ကျောက်စိမ်းပုလင်းလေးနှစ်လုံး ရှိနေသေးသည်။
"အဖိုးတန်လက်နက်တစ်ခု…"
စစ်ခုံထူ၏ဇနီးက အံ့ဩမှင်တက်စွာ ရေရွတ်လိုက်မိသည်။
အဖိုးတန်လက်နက်များက အတော်လေးကို တန်ဖိုးကြီးမား၏။ သူတို့အတွက်တော့ ပိုင်ဆိုင်ရန် အခွင့်အရေးက အတော်လေးနည်းပါးလှသည်။ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်စေ အထက်တန်းလွှာမိသားစုတစ်ခုဖြစ်စေ သူတို့ဆီ၌ အဖိုးတန်လက်နက် များပြားစွာရှိနေသော်လည်း အပြင်သို့ ရောင်းချခြင်း မရှိချေ။
အကျိုးအမြတ်အရ အပေးအယူများမှလွဲလျှင် အဖိုးတန်လက်နက်များက မိသားစုအပြင်ဘက်သို့ ရောက်လာသည်မှာ အလွန်ရှားပါးသည်။ ထိုလက်နက်ကို ကိုင်ဆောင်သူများ သေဆုံးသွားလျှင်လည်း လက်ဆင့်ကမ်းပေးတတ်ကြ၏။ အကယ်၍ အထက်တန်းလွှာမိသားစုများ သို့မဟုတ် ဂိုဏ်းများ ပျက်စီးကာနီးနေလျှင်ပင် သူတို့၏ အဖိုးတန်လက်နက်များကို ပြန်လည်ရောင်းချသည်မှာ အတော်လေး ရှားပါးသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏အုတ်မြစ်ကို ပြန်လည်ပြုပြင်ရန် မျှော်လင့်ချက် ရှိနေခြင်းကြောင့်ဖြစ်၏။ လူအနည်းစုကသာ သူတို့၏ အခွင့်အရေးကို ဖျက်ဆီးပြီး သူတို့၏လက်နက်ကို ရောင်းချလိုက်ခြင်းဖြစ်၏။ ထိုလူများကတော့ သူတို့၏ ယခင်အောင်မြင်မှုများကို စွန့်လွှတ်ပြီး လက်ရှိဘဝတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လိုခြင်းကြောင့်သာ ဖြစ်၏။
စစ်ခုံထူက အတော်လေးကို ကျွမ်းကျင်ပြီး အုတ်ဂူပေါင်းများစွာကို ဖောက်ခဲ့သော်လည်း အဖိုးတန်လက်နက်တစ်ခုကို လုံးဝမရခဲ့ချေ။ ယခုတော့ တိမ်တိုက်အငွေ့အသက်များ ပြည့်နှက်နေသော ဓားရှည်တစ်ချောင်းက သူမ၏မျက်စိရှေ့တွင် ရှိနေသည့်အတွက် စစ်ခုံထူ၏ဇနီးကတော့ ခဏကြာ အံ့ဩမှင်တက်နေမိခဲ့၏။
''စစ်ခုံထူက ဒီအရာအတွက် သူရဲ့အသက်ကို ပေးခဲ့ရတယ်။ ဒါကတော့ ခန္ဓာကိုယ်ကို မြှင့်တင်ပေးနိုင်တဲ့ သိုင်းကျမ်းပဲ။ ဒါပေမယ့် အဲဒီသိုင်းကျမ်းတွေမှာ အရမ်းကို ထူးဆန်းတဲ့ ကျိန်စာတစ်ခုရှိတယ်..။ ဒီသိုင်းကျမ်းကို လူတစ်ယောက်ပဲ ဖတ်လို့ရမယ် မဟုတ်ရင်တော့ နေရာမှာပဲ ချက်ချင်းပျက်စီးသွားလိမ့်မယ်။ ဒီသိုင်းကျမ်းကို တခြားသူဆီ လက်ဆင့်ကမ်းလိုက်မယ်ဆိုရင် မကောင်းဆိုးဝါးတံဆိပ်က သူတို့ကို လိုက်လံတိုက်ခိုက်ပြီး သေစေနိုင်လောက်သည်အထိ ဒုက္ခပေးလိမ့်မယ်.."
မုန့်ချီက သိုင်းကျမ်းများနှင့် ပတ်သက်ပြီး သူ့ကို ရည်ရွယ်ချက်ရှိရှိ သတိပေးလိုက်ခြင်း ဖြစ်သည်။ သံသရာအရှင်သခင်ဆီမှ ရရှိခဲ့သောအရာများက ထိုသို့အကျိုးသက်ရောက်မှုရှိ၏။
စစ်ခုံထူ၏ ဇနီးက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေပုံရ၏။ သူမက တစ်ယောက်တည်း ပြောနေပြီး တီးတိုးရေရွတ်လိုက်သည်။
"သူ့လို လူတစ်ယောက်အတွက် အဆုံးသတ်ကောင်းဖို့ ခက်ပါတယ်။ ငါ သူနဲ့ လက်ထပ်ခဲ့တဲ့ အချိန်ကစပြီး သူ့ကို ဘဝသစ်လျှောက်လှမ်းဖို့ဖျောင်းဖျခဲ့တယ်..။ သူ အပြင်ထွက်သွားတဲ့ အချိန်တိုင်း ငါ့မှာ သတင်းဆိုး ပြန်ရောက်လာမှာကို ကြောက်နေခဲ့ရတာ။ ဒီတစ်ကြိမ်တော့ သူက ရှေးဟောင်းအုတ်ဂူတစ်ခုကို တွေ့တယ်လို့ ပြောတယ်။ တကယ်လို့ သူက အဲဒါကို တူးဖော်လိုက်မယ်ဆိုရင် ငါတို့ရဲ့ သားလေးရှင်းကို အပူအပင်ကင်းမဲ့တဲ့ဘဝမျိုး ပေးနိုင်ပြီး အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်လာဖို့အခွင့်အရေး ရှိနေတယ်လို့ ပြောခဲ့တယ်လေ…”
“ငါ့မှာပျော်လည်းပျော် ဝမ်းလည်းဝမ်းသာပေါ့ ။ ပျော်တယ်ဆိုတာက သူရဲ့လူဆိုးဘဝကြီးကို စွန့်လွှတ်လိုက်ပြီး အန္တရာယ်များတဲ့အလုပ်တွေကို ဆက်မလုပ်တော့လို့လေ..။ သူက သူ့သား ကြီးပြင်းလာတာကို ကောင်းကောင်းကြည့်နေနိုင်ပြီး မိသားစုနဲ့အတူ အချိန်ပေးနိုင်တယ်။ ငါလည်း သူ့ကို စိုးရိမ်နေစရာ မလိုတော့ဘူး။ ငါ စိုးရိမ်နေတယ် ဆိုတာကတော့ ရှေးဟောင်းအုတ်ဂူတွေဆိုတာ အရမ်းအန္တရာယ်များတယ်။ သူအသက်ရှင်လျက် ထွက်မလာနိုင်မှာကို ကြောက်နေခဲ့တာ။ အဆုံးကျတော့ သူက နောက်ဆုံးတံခါးကို တွန်းမဖွင့်နိုင်ခဲ့ပါလား…"
ဂူဖောက်သူများက ထူးဆန်းသော အရာများစွာကို ရင်ဆိုင်ကြရပြီး အဆုံးသတ် ကောင်းသည်မှာ အတော်လေး ရှားပါးသည်။ စစ်ခုံထူ၏ ဇနီးကတော့ လျှို့ဝှက်ဆန်းကြယ်သည့် ကျိန်စာကြောင့် အံ့ဩနေခဲ့ခြင်း မရှိချေ။သူက စစ်ခုံထူ ဘဝသစ်ပြောင်းလဲရန်သာ ဂရုစိုက်နေခဲ့၏။
"မိုင်(၉၀)ဆိုတာက မိုင်(၁၀၀)ခရီးလမ်းရဲ့ တစ်ဝက်လို့ပြောလို့ရတာပဲ…."
မုန့်ချီက သက်ပြင်းချ၍ ပြောလိုက်ပြီး သူ့ကိုယ်သူ အားပေးရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် သခင်မကြီး၏မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာခဲ့၏ ။ ထိုမျက်ရည်စက်များက ကြမ်းပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားခဲ့သည်။
"အမှန်အတိုင်း ပြောရရင်တော့ ငါက ငွေတွေ၊ ရတနာတွေကို ဂရုမစိုက်ပါဘူး။ သူအသက်ရှင်ဖို့ပဲ လိုချင်ခဲ့တာပါ။ ငါတို့က အရာအားလုံးကို မလိုချင်ဘူး။ သူ့ရဲ့သိုင်းပညာတွေက ငါတို့ရဲ့သားလေးရှင်းကို သင်ပေးဖို့ လုံလောက်တာထက်တောင် ပိုနေပြီလေ။ ဘာလို့နောက်ဆုံးစွန့်စားခန်းကို သွားချင်ခဲ့ရတာလဲ…"
စစ်ခုံထူက သာမန်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေသေးသည်။ ထို့ပြင် သူက အုတ်ဂူပေါင်းများစွာကို ဖောက်လာခဲ့၏။ ထို့ကြောင့် သူ့ဆီတွင် စွမ်းရည်နှင့်ပတ်သက်ပြီး သေချာပေါက် နိမ့်ပါးမှု မရှိနိုင်ပေ။
စစ်ခုံထူ၏ဇနီးက မျက်ရည်များကို သုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
"သခင်လေး ..
မင်းက လူစိမ်းတစ်ယောက် ပို့ခိုင်းလိုက်တဲ့ ပစ္စည်းတွေကို ဘာမှယူမထားဘဲ ဒီလောက်အဝေးကြီးထိ အရောက်လာပေးတယ်။ မင်းမှာ စိတ်ကောင်းနှလုံးကောင်း ရှိတာအပြင် ဒီလိုလုပ်ဖို့ တွန်းအားတစ်ခုခု ရှိနေမှာပေါ့။ မင်းက ဘာလိုချင်လို့လဲ.."
"ဆရာကြီးစစ်ခုံက ကျွန်တော့်ကို ထူးခြားတဲ့ကျင့်စဉ်တစ်ခုပေးဖို့ ကတိပေးထားတယ်။ အဲဒါက ကံကြမ္မာလွှဲပြောင်းတဲ့ ကျင့်စဉ်ပဲ …"
မုန့်ချီကတော့ ရှက်ရွံ့နေသည်ဟု ခံစားခဲ့ရသည်မရှိဘဲ စစ်ခုံထူ၏ဇနီးကို သူ့ရည်ရွယ်ချက်အတိုင်း ပြောပြလိုက်သည်။ သူက စစ်ခုံထူနှင့် ရင်းနှီးမှု မရှိချေ။ သူ့အတွက် အကျိုးအမြတ် မရှိလျှင် ဂူဖောက်သူတစ်ယောက်ကို ကတိတည်ရမည်နည်း။
စစ်ခုံထူ၏ ဇနီးက ခဏရပ်လိုက်၏။
"အဲဒီလျှို့ဝှက်ကျင့်စဉ်လား..။ ပြိုင်ဘက်က သူရဲ့လွှမ်းမိုးမှုအောက်မှာ ရှိနေမယ်လို့ လက်ခံလာမှသာ အဲဒီအရာက အလုပ်ဖြစ်တာ။ အဲဒါကြောင့် သစ္စာဆိုတဲ့ အခြေအနေမျိုးမှာပဲ တွက်ဆလို့ရတယ်။ သခင်လေးက အဲဒါကို ဘာကြောင့် လိုချင်တာလဲ ပြောလို့ရမလား…"
သူမက မုန့်ချီကို သတိလက်လွတ်ပြန်မေးလိုက်မိသည်။ မည်သို့ဖြစ်စေကာမူ ဤလျှို့ဝှက်ကျင့်စဉ်ကို သူမက အနည်းငယ်လေးသာ စိတ်ဝင်စား၏။ ထိုအရာက အထုပ်ထဲတွင် ရှိနေသော ပစ္စည်းများကဲ့သို့ပင် တန်ကြေး မရှိချေ။
"ကျွန်တော့်မှာ အသုံးချဖို့ နေရာတွေရှိလို့ပါ…"
မုန့်ချီကတော့ ကံကြမ္မာလွှဲပြောင်းခြင်းနှင့် ပတ်သက်သော အနှစ်သာရများကို လေ့လာရန်ဟု သူမကို ပြောမပြခဲ့ချေ။
စစ်ခုံထူ၏ဇနီးက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။ သူမက နောက်ထပ်မမေးတော့ပဲ လျှို့ဝှက်ကျင့်စဉ်ကို တိတ်တဆိတ် ချရေးပေးလိုက်သည်။ တစ်ဖက်တွင်တော့ မုန့်ချီက နဂါးလည်ဆွဲနှင့် အခြားပစ္စည်းများ၏ အကျိုးသက်ရောက်မှုကို အသေးစိတ် ရှင်းပြလိုက်၏။
လျှို့ဝှက်ကျင့်စဉ်က ရှည်လျားမှုမရှိချေ။ သိပ်မကြာခင် စစ်ခုံထူ၏ဇနီးက ထိုအရာကို ရေးသားမှု ပြီးဆုံးသွားခဲ့၏။ သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး ထိုစာရွက်ကို မုန့်ချီဆီသို့ ပေးလိုက်သည်။
မုန့်ချီက ထိုအကြောင်းပြချက်ကို ရှောင်တိမ်းနေခြင်း မရှိချေ။ သူက သူမ၏ရှေ့တွင် ရှိနေသော စာရွက်ကို ဂရုတစိုက်ဖတ်လိုက်ပြီး စကားလုံးများ၏ အဓိပ္ပါယ်ကို သေချာစဉ်းစားကြည့်နေသည်။ ထိုလျှို့ဝှက်ကျင့်စဉ်ကို ခေါင်းထဲတွင် သေချာမှတ်သားထားလိုက်၏။
တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် လေးလံနေသော အရာတစ်ခုက ပျောက်ကွယ်သွားသလို ခံစားလိုက်ပြီး တစ်ကိုယ်လုံးက လွတ်လပ်ပေါ့ပါးသွားခဲ့သည်။ သူ၏ပင်မဝိညာဉ်ကလည်း လှုပ်ရှားလာခဲ့ပြီး ခန္ဓာကိုယ်က သက်သောင့်သက်သာ ရှိလာသလို ခံစားလိုက်ရသည်။
"ဒါက ကံကြမ္မာတစ်ခုရဲ့အဆုံးသတ်ကို ရောက်သွားတဲ့အချိန် ခံစားရတဲ့ ခံစားမှုမျိုးလား…."
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့၏။
ထိုအရာက အခြားသော ကံကြမ္မာများနှင့် ကွဲပြားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို စစ်ခုံထူက သူ့ဆီသို့ အတင်းအကြပ် လွှဲပြောင်းပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ပျောက်ကွယ်သွားသည့်အချိန်တွင် ခံစားချက်များက အလွန်ထင်ရှားလှ၏။
ဆက်သွယ်ထားသည့် ကြိုးများတစ်ခုပြီးတစ်ခု ပြတ်တောက်သွားသည့် အချိန်တွင် စစ်ခုံထူ၏တောင်းဆိုမှုနှင့် ကံကြမ္မာ လွှဲပြောင်းမှုများ ပျောက်ကွယ်သွားခဲ့ပြီး မုန့််ချီ၏ လက်ရှိအခြေအနေက အတော်လေးကို အဆင်ပြေလာခဲ့သည်။ မုန့်ချီ၏ စိတ်ဝိညာဉ်ကလည်း တိုးတက်လာခဲ့၏။
ကြည့်ရသည်မှာ ကံကြမ္မာအပေါ် သူ၏နားလည်မှုများကလည်း တိုးတက်လာပုံရ၏။ ထိုအချိန်တွင် မုန့်ချီ၏မျက်ခုံးအလယ်တည့်တည့်တွင် လောင်ကျွမ်းနေသော ခံစားမှု တစ်ခုကို ခံစားလိုက်ရ၏။ သူက ကောင်းကင်မျက်လုံးတစ်ခု ပွင့်လာတော့မလို ခံစားနေရသည်။
ပတ်ဝန်းကျင်အပေါ် အာရုံခံနိုင်စွမ်းများကလည်း ပြောင်းလဲလာခဲ့၏။ သူက လေလှိုင်းများကို မြင်နိုင်ပြီး နေရောင်ခြည်ကို ကြားနိုင်သည်။ အရာအားလုံးကို အမြင်သစ်နှင့် စစ်ဆေးကြည့်နိုင်သလို ခံစားနေရ၏။ သူတို့က အလွန်သိမ်မွေ့နူးညံ့စွာ ပေါင်းစပ်နေပြီး မုန့်ချီကလွဲလျှင် အရာအားလုံးက သူ့ကိုကြိုဆိုနေသလို ခံစားလိုက်ရသည်။ ယခု သူ၏ စိတ်ဝိညာဉ်စွမ်းအားများကလည်း ခန္ဓာကိုယ် အပြင်ဘက်သို့ ထုတ်လွှတ်နိုင်လာ၏။
"လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ဖို့ နောက်တစ်လှမ်း နီးလာပြီ…"
မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး ခံစားချက်များနှင့် သက်ပြင်းချလိုက်မိ၏။
ကံကြမ္မာ လွှဲပြောင်းလိုက်သည့်အချိန်တွင် ထိုအရာက သူ့ကို ဝေ့ကျင်းအဆင့်သို့ မရောက်စေရန် ကန့်သတ်ထားသည်။ ထို့ကြောင့် တံခါး(၉)ပေါက်အဆင့်ကို ရောက်ခဲ့သွားပြီးနောက် သူ့ကို ချုပ်နှောင်ထားသည့် ကံကြမ္မာများက သူ၏မျက်ခုံးကြား ပင်မတံခါးလေ့ကျင့်မှုကို နှေးကွေးသွားစေခဲ့သည်။
မုန့်ချီက မျက်ခုံးကြားပင်မတံခါးကို အာရုံစိုက်လေ့ကျင့်နေခဲ့သည့် အတွက် သူက (၃)လ (၄)လအတွင်း လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရနေသင့်သည်။ ထိုအရာက ကျန်းကျိဝေထက်ပင် ပို၍လျင်မြန်နိုင်၏။
သို့သော် သူက တစ်လအတွင်း ကျိကျန်းဓားစံအိမ်မှ လက်ရှိနေရာသို့ထွက်ခွာလာခဲ့ရသည်။ သူက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးခြင်းကျင့်စဉ်ကိုလည်း နောက်တစ်ဆင့်ထိ လေ့ကျင့်နိုင်ခဲ့၏။ သူ၏ အဆင့်တိုးတက်မှုကတော့ သိသာထင်ရှားမှုမရှိချေ။ နောက်ဆုံးတွင်တော့ သူ၏ အချုပ်အနှောင်များက လွတ်မြောက်သွားခဲ့ပြီး တိုးတက်မှုက လျင်မြန်လာခဲ့၏။
"ဒါကတော့ ဂိုဏ်းအသီးသီးက ထောက်ခံစာတွေပါ။ ဆရာကြီးစစ်ခုံ မရှိမှတော့ သခင်မကြီးရဲ့မိသားစုက အန္တရာယ်များတယ် ။ ဂိုဏ်းတစ်ခုခုကို ရွေးချယ်ပြီး လက်ရှိပိုင်ဆိုင်မှုကို မြန်မြန်ဆန်ဆန်ရောင်းချဖို့ အကြံပေးချင်တယ်။ ပြီးရင်တော့ တောင်ပိုင်းကိုပြန်သွားပါ.."
မုန့်ချီက သတိပေးလိုက်သည်။
စစ်ခုံထူလ က်ထပ်မှုနှင့် သူ့ကလေး မွေးဖွားလာမှုက အချုပ်အနှောင်များအောက်တွင် ရှိနေခဲ့သည်။ သူ့သားနှင့်ဇနီးကသာ ခြံဝန်းကို ရောင်းချပြီး အခြွေအရံများမရှိဘဲ တောင်ပိုင်းကို တိတ်တဆိတ် ထွက်ခွာသွားမည်ဆိုလျှင် စစ်ခုံရှင်း၏ မွေးဖွားမှုကို မည်သူကမျှ ရှာမတွေ့နိုင်တော့ပေ။
စစ်ခုံထူ၏ ဇနီးကလည်း သိုင်းလောကသားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူမကလည်း စွမ်းရည်ရှိသည့်အတွက် မုန့်ချီ၏ စကားကို သေချာနားလည်နေ၏။ သူမက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"သခင်လေးရဲ့အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီညပဲ ကျွန်မတို့က တောင်ပိုင်းကို သွားတော့မယ်…"
ကြည့်ရသည်မှာ သူမက စံအိမ်ကို ပစ်ထားခဲ့ပြီး ငွေကြေးများ တန်ဖိုးရှိသည့် အရာများကိုသာယူ၍ ထွက်သွားချင်နေပုံရ၏။ အကယ်၍ သူမက စံအိမ်ရောင်းနေသည့်အချိန်တွင် တခြားသော မကောင်းကြံနေသည့်သူများက သံသယဝင်လာနိုင်သည်။
မုန့်ချီကတော့ နောက်ထပ် မည်သည့်စကားမျှမပြောခဲ့ပေ။ သူက ထွက်သွားရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏ ။
"သခင်မကြီးစစ်ခုံ …ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ…"
"ဘာများပါလိမ့်…''
စစ်ခုံထူ၏ဇနီးက မေးလိုက်၏။
"သခင်မကြီးက အပူအပင်မဲ့တောင်ကြားဆိုတာကို ကြားခဲ့ဖူးလား…"
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
ယခင်တုန်းက ရွမ်ယုရှုနှင့် ကျန်းကျိဝေတို့က ရှေးဟောင်းကျမ်းစာများစွာကို ရှာဖွေကြည်ခဲ့သော်လည်း အပူအပင်မဲ့တောင်ကြား၏ တည်နေရာနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မတွေ့ခဲ့ရပေ။ စစ်ခုံထူက ရှေးဟောင်း ဂူဖောက်သူ တစ်ယောက်ဖြစ်သည့်အတွက် လျှို့ဝှက်ချက်များစွာကို သိနေနိုင်၏။ ထို့ကြောင့် မုန့်ချီက စိတ်ပျက်ဖွယ် အခြေအနေကို လက်မလျော့ပဲ သေချာမေးလိုက်ခြင်းဖြစ်သည်။
စစ်ခုံထူ၏ဇနီးက မျက်မှောင်ကြုတ်ပြီး ခဏကြာ စဉ်းစားနေခဲ့၏။
"ငါ့ယောကျာ်းကတော့ အဲဒီအကြောင်းကို တစ်ကြိမ်ပြောခဲ့ဖူးတယ် ထင်တယ်…"
"ဟုတ်လား....."
စစ်ခုံထူက ထိုအကြောင်းကို အမှန်တကယ် သိလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ မုန့်ချီက စိတ်ဝင်တစား ပြန်မေးလိုက်၏။
စစ်ခုံထူ၏ဇနီးက သက်ပြင်းချလိုက်မိသည်။
"တကယ်လို့ ငါကြားခဲ့တာ မှန်မယ်ဆိုရင်တော့ အဲဒါက အပူအပင်မဲ့တောင်ကြားပဲ။ သူက ရှေးဟောင်းအုတ်ဂူတစ်ခုကို ရှာတွေ့ချိန်မှာ အပူအပင်မဲ့တောင်ကြား ရှာဖွေမှုနဲ့ ပတ်သက်ပြီး ရှေးဟောင်းပညာရှင်တွေရဲ့ မှတ်တမ်းတွေကို ရခဲ့တယ်။ သူ့မှာ အခွင့်အရေးရှိရင် အဲဒီနေရာကိုသွားပြီး စုံစမ်းမယ်လို့တောင် ပြောခဲ့ဖူးတယ်.."
"အဲဒီမှတ်တမ်းတွေက ဘယ်နေရာမှာရှိလဲ…"
မုန့်ချီက သူ၏စိတ်ဝင်စားမှုကို ဖိနှိပ်ထားရန် အတတ်နိုင်ဆုံး ကြိုးစားနေရသည်။
စစ်ခုံထူ၏ဇနီးက သက်ပြင်းချလိုက်၏။
"နဂိုတည်းက သူက အရာအားလုံးပြင်ဆင်ထားပြီးသူ ဂူဖောက်ထားတဲ့ ပစ္စည်းတွအားလုံးကို ရည်ရွယ်ချက်ရှိရှိ သိမ်းထားခဲ့တာ ။ ဒါကြောင့် မှတ်တမ်းတွေအားလုံးက သူ့ရဲ့ကိုယ်ပိုင်အုတ်ဂူထဲမှာပဲ မြှုပ်နှံထားတယ်။ ဒါဆိုရင် သူ့ရဲ့အတိတ်နဲ့ လုံးဝပြတ်တောက်သွားမှာပေါ့..။ သူ့ရဲ့အုတ်ဂူနေရာကတော့..."
သူမကတော့ စစ်ခုံထူ၏ အုတ်ဂူနေရာကို မုန့်ချီသိအောင် ပြောပြခဲ့သည်။ထိုအရာက လဲ့လီမြို့၏အပြင်ဘက်လေးတွင်သာ ရှိနေ၏။ တစ်ချိန်တည်းတွင် သူမက အတွင်းထဲတွင် ရှိနေသော ထောင်ချောက်မျိုးစုံ အကြောင်းကို ပြောပြခဲ့သည်။
နာမည်ကျော် ဂူဖောက်သမား တစ်ယောက်ဖြစ်သည့်အတွက် စစ်ခုံထူက သူ၏အုတ်ဂူကို လူတိုင်းအလွယ်တကူ ဖောက်ခွင့်မပေးနိုင်ပေ။ မုန့်ချီက အလွန်ဝမ်းသာသွားခဲ့၏။ သူက စစ်ခုံထူ၏ဇနီးကို ကျေးဇူးတင်စကားပြောလိုက်ပြီး ညပိုင်းတွင် အုတ်ဂူကို ဖောက်ရန် ရည်ရွယ်ချက်နှင့် ထွက်လာခဲ့သည်။
သူက လမ်းအပြင်ဘက်ကို ရောက်လာပြီး ခြေလှမ်းအနည်းငယ် လျှောက်ပြီးသွားသည့်အချိန်တွင် မျက်နှာပျက်သွားခဲ့၏။ သူနှင့် မလှမ်းမကမ်းတွင် လူတစ်ယောက် ရပ်နေသည်။ ထိုလူက အတော်လေး ငယ်ရွယ်ပုံ ပေါ်၏။
သူက ပိုးဖဲဝတ်ရုံကိုဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းအဆင်တန်ဆာများ ရှိနေသည်။ မျက်ခုံးက ထူထဲပြီး ရှုပ်ထွေး၏ ။ သူ့အကြည့်ကတော့ ထက်မြက်ပြီး ကြမ်းတမ်းပုံပေါ်သည်။ သူက ထိုနေရာတွင် ရိုးရှင်းစွာရပ်နေသော်လည်း လူသားအရေခြုံထားသော မှော်သားရဲတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။
သူတို့က အကြည့်ချင်းဆုံသွားသည့်အချိန်တွင် အသံများ ထွက်လာသလို ထင်မှတ်ရ၏။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိဆ်သွားပြီး သူတို့နှစ်ယောက်တည်းသာ ကျန်နေတော့သည်။
"ငါက ရှန့်ကွမ်းဟန်.. မင်းက သတ်ဖြတ်ရေးဓားစုမုန့်လား…"
လူငယ်၏အသံက တိုက်ပွဲကို ဆာလောင်နေပုံရ၏။
ရှန့်ကွမ်းဟန်က အချိန်တော်တော်ကြာ စောင့်နေခြင်းကြောင့် လမ်းဘေးနှစ်ဖက်တွင် ရှိနေသော စားသောက်ဆိုင်များတွင် ကြည့်နေသူများရှိနေသည်။ လုလုံလေသံ ရှိနေသော လူလည်း ရောက်နေ၏။ ထို့ပြင် သူနှင့် ငြင်းခုန်ဖူးသော ကုန်သည်အဖွဲ့လည်း ရှိနေသည်။ လဲ့လီကဲ့သို့ မြို့ငယ်လေးတစ်ခုတွင် ထိုကဲ့သို့ တိုက်ပွဲတစ်ခု ပေါ်လာမည်ဟု သူတို့လည်း မတွေးမိကြပေ။
လူငယ်မှတ်တမ်း၏ အဆင့်(၂)တွင် ရှိနေသော သခင်လေးက သူ၏နာမည်ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်နေသလော သို့မဟုတ် ကျင်းအင်ပါယာ၏ ယပ်တောင်(၆)လက်ကျောင်းက ကျိုးအင်ပါယာမှ လူများကို အထင်သေးထားခြင်းလော။
"ဟုတ်တယ်..ငါပဲ…"
မုန့်ချီက ပြန်ဖြေလိုက်သည့်အတွက် သူက စိန်ခေါ်မှုကို လက်ခံလိုက်သည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။ ထို့ပြင် ထိုကဲ့သို့ ကြီးမားသောလှုပ်ရှားမှုများကြောင့် သူက မြက်ခင်းပြင်ထဲကို လာမည့်အစား လှည့်ပတ်သွားလာနေကြောင်း မြေခွေးဘုရင်က ယုံကြည်သွားနိုင်သည်။
ရှန့်ကွမ်းဟန်က ရှေ့ကို တစ်လှမ်းတိုးလာသည့်အချိန်တွင် မြေပြင်က အနည်းငယ် လှုပ်ရှားသွားသည်။ သူက ကျယ်လောင်စွာပြော၍ စိန်ခေါ်လိုက်၏။
"မင်းက ငါနဲ့ တိုက်ခိုက်ရဲလား…"
"ရတာပေါ့..."
မုန့်ချီက အပြုံးနှင့် သူ၏ဓားမောက်ကို တည်ငြိမ်စွာ ဆွဲထုတ်လိုက်သည်။ သူက အာရုံခံစွမ်းရည်ကိုလည်း ဖြည်းညင်းစွာ ဖြန့်ကျက်လိုက်၏။
တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်ပုံရိပ်များက သူ၏စိတ်ဝိညာဉ်ထဲတွင် ရေကန်တစ်ခုကဲ့သို့ ပေါ်လာပြီး ရှန့်ကွမ်းဟန်၏ အစွမ်းကို အနည်းနှင့်အများ နားလည်လာသည်။ ထိုလူက တံခါး(၉)ပေါက် ပွင့်သည်မှာ သိပ်မကြာသေးပေ။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများက မုန့်ချီထက် အဆပေါင်းများစွာ နိမ့်ကျနေ၏။
သူက ထိုကဲ့သို့ အဆင့်နှင့် လူငယ်မှတ်တမ်းတွင် အဆင့်(၁၁)ကို ရောက်နေသည့်အတွက် ထူးခြားသောသိုင်းကွက်များ တိုက်ခိုက်စွမ်းရည်များ ရှိပုံရသည်။ သူ့ဆီတွင် ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုပင် ရှိနေပုံရ၏။ ထိုသို့ဆိုလျှင်တော့ သူက ရှန့်ကွမ်းဟန်၏ အားနည်းချက်ကိုသာ တိုက်ခိုက်လျှင် အဆင်ပြေနိုင်သည်။
ခက်ခက်ခဲခဲ သိုင်းကွက်များကိုသုံး၍ စိန်ခေါ်ရမည့်အစား အားနည်းချက်ကို နင်း၍ တိုက်ခိုက်လိုက်ခြင်းက ပိုပြီး လျင်မြန်နိုင်၏။ မုန့်ချီကတော့ ဒုတိယတစ်ကွက်ကိုသာ အသုံးပြုချင်နေသည်။ သူ၏ အငွေ့အသက်များက ကြီးကျယ်ခမ်းနားစွာ ပြောင်းလဲသွား၏။ သူက ကမ္ဘာမြေကြီးကို ငုံ့ကြည့်နေသော ကောင်းကင် သူတော်စင်တစ်ပါး ၊ ကောင်းကင်အင်မော်တယ်တစ်ပါး သို့မဟုတ် အရာရာတိုင်းကို သိမြင်နိုင်သော ဗုဒ္ဓတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ လက်ထဲတွင် ကိုင်ထားသော ဓားက ခန့်မှန်း၍ မရနိုင်သော ပုံစံဖြင့် ပြောင်းလဲသွားခဲ့သည်။
ရှန့်ကွမ်းဟန်က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မုန့်ချီ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။ တခဏအတွင်း သူ၏ပတ်ဝန်းကျင်က ပြောင်းလဲသွားကြောင်း နားလည်သွားခဲ့၏။ သူက လမ်းအလယ်တွင် မရှိတော့ပဲ ရွာတစ်ရွာထဲတွင် ရောက်နေသည်။
"မျက်နှာလိမ်းပေါင်ဒါတွေ ရမယ်..။ အရည်အသွေးကောင်းတဲ့ မျက်နှာလိမ်းပေါင်ဒါတွေရမယ်နော်…"
ရှန့်ကွမ်းဟန်ကိုယ်တိုင်က ဈေးသည်တစ်ယောက် ဖြစ်နေကြောင်း တွေ့လိုက်ရပြီး ရွာထဲတွင် ကုန်ပစ္စည်းများကို ရောင်းချနေသည်။ ထိုအချိန်တွင် တံခါးတစ်ချပ် ပွင့်သွားပြီး မျက်နှာကို လက်ကိုင်ပုဝါ အုပ်ထားသော မိန်းမပျိုတစ်ယောက်က လှမ်းခေါ်လိုက်သည်။
"ငါ့ဆီကို ယူလာပေးပါဦး..စမ်းကြည့်ချင်တယ်…"
ရှန့်ကွမ်းဟန်က မည်သည့်အရာများ ဖြစ်နေကြောင်း ကောင်းကောင်းနားလည်နေ၏။ သူက ရှေ့သို့လျင်မြန်စွာ ထွက်သွားပြီး ထိုမိန်းမပျို၏ အိမ်ထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် အိပ်ရာပေါ်တွင် နှစ်ဦးသား ပျော်ပါးနေကြ၏။
"ဘုန်း..."
အခန်းတံခါးက ပွင့်သွားပြီး ဓားတစ်ချောင်း ကိုင်ထားသော လူတစ်ယောက် ဝင်လာခဲ့သည်။
"သေစမ်း … ကြာကူလီကောင်….."
ဓားကို ခုတ်လိုက်သည့်အချိန်တွင် အရာအားလုံးက မည်းမှောင်သွားခဲ့၏။
နောက်တစ်ကြိမ် မြင်ကွင်းများ ပြန်ပေါ်လာသည့်အချိန်တွင် ရှန့်ကွမ်းဟန်၏ ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုများ ခံစားနေရသည်။ အလွန်အစွမ်းထက်သော လက်တစ်စုံက သူ့လည်ပင်းကို ညှစ်ထားသည့်အတွက် အော်ဟစ်နေရ၏။ ထိုလူူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"မိန်းမ..
ငါတို့တစ်နေ့ထဲမှာ အတူတူမွေးမလာပေမယ့် တစ်ရက်ထဲမှာ အတူတူ သေလို့ရတယ်"
ရှန့်ကွမ်းဟန်က အရာအားလုံးကို ခံစားနေရသည်။ သူ၏အတွေ့အကြုံများက ဘဝပေါင်းစုံဖြစ်နေပြီး အခြေအနေပေါင်းစုံနှင့် သံသရာကြီးထဲတွင် ကျင်လည်နေရသည်။ သူ၏စိတ်ဝိညာဉ်က လမ်းပျောက်နေသလို ခံစားနေရ၏။
ထိုအချိန်တွင် မြင်ကွင်းများအားလုံး ပျောက်ကွယ်သွားပြီး ရှန့်ကွမ်းဟန်က လက်ရှိအချိန်ကို ပြန်ရောက်လာသည်။ သူက သတိပြန်ဝင်လာတော့မည့်အချိန်တွင် ထူးဆန်းသော ပုံသဏ္ဍာန်ရှိနေသည့် ဓားမောက်က သူ့လည်ပင်းပေါ်တွင် ရောက်နေကြောင်း သတိထားမိခဲ့၏။ ထိုအရာက အကာအကွယ် ချီစွမ်းအင်များကို ထိုးဖောက်လာခြင်း မရှိသေးသော်လည်း သူ့ရင်ထဲတွင် တဒိန်းဒိန်း ခုန်သွားသည်။
မုန့်ချီက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးခြင်းကျင့်စဉ်ကို အနန္တကျိန်စာဖျက်ဓားပညာနှင့် ပေါင်းစပ်၍ အသုံးပြုလိုက်ခြင်းဖြစ်သည်။ နှလုံးသားသက်ရောက်ခြင်းကျင့်စဉ်ကိုသုံးပြီး ရှန့်ကွမ်းဟန်၏ အရင်ဘဝမှတ်ဉာဏ်များကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်၏။
"ငါ...ငါရှုံးသွားပြီ"
ရှန့််ကွမ်းဟန်က အံ့ဩမှင်တက်နေခဲ့သည်။
"အနိုင်ပေးလို့ ကျေးဇူးတင်ပါတယ်…"
မုန့်ချီက သူ့ဓားကို သိမ်းလိုက်ပြီး လက်နောက်ပစ်၍ သူ့ကို ဖြတ်ကျော်သွားခဲ့၏။
"မင်းက ဒီရလဒ်ကို လက်မခံနိုင်ဘူးဆိုတာ ငါသိတယ်။ ဒီတော့ မင်းက ငါ့ရဲ့သိုင်းကွက်ကို ဘယ်လိုရှုံးနိမ့်သွားလဲဆိုတာ စဉ်းစားမိတဲ့အချိန်ကျရင် ငါ့ကိုပြန်လာရှာလို့ရတယ် ။ ငါ မင်းကိုစောင့်နေမယ်…"
အကယ်၍ သူတို့က သာမန်အတိုင်း တိုက်ခိုက်နေရမည်ဆိုလျှင် သူက ရှန့်ကွမ်းဟန်ကို အနိုင်ရရန် အချိန်တော်ကြာ တိုက်ခိုက်နေရပါလိမ့်မည်။
Translated by Hein Htet.