← Chapters

အခန်း (၄၅၀)

Vol. 30 Ch. 450

အခန်း (၄၅၀)

Vol. 30 Ch. 450

လမ်းသွားလမ်းလာများက တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့နေကြသည့်အတွက် အကြိမ်ကြိမ် အချင်းချင်း တိုက်မိနေကြသည်။ လူအုပ်ကြီးက တိုးဝှေ့နေကြပြီး လမ်းလယ်ခေါင်‌တွင် ရှိနေသော လူ(၂)ယောက်ကတော့ မလှုပ်မယှက် ရပ်နေကြ၏။

သူတို့က ကျောက်တုံးကြီးတစ်တုံး၏ အနားကိုဝိုက်၍ စီးဆင်းသွားသော မြစ်တစ်စင်းကဲ့သို့ ဖြစ်နေပြီး ဖြတ်သွားဖြတ်လာ လူအုပ်ကြီးကတော့ အလယ်တွင် ရှိနေသော လူနှစ်ယောက်ကို ရှောင်တိမ်းသွားသလို ထင်မှတ်ရ၏။

မုန့်ချီက ခါးတွင် သူ၏ဓားရှည်ကို ချိတ်ထားပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက မှင်တက်နေသော ရှန့်ကွမ်းဟန်ကို ဖြတ်ကျော်သွားခဲ့၏။

ရှန့်ကွမ်းဟန်က သူ့ကို ဒေါသတကြီး ပြန်လည်တိုက်ခိုက်မည်ဟု မတွေးထားခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် သူ၏အစွမ်းအပေါ် အကြွင်းမဲ့ယုံကြည်ချက်ရှိနေခြင်းလည်း ဖြစ်နိုင်၏။ အကယ်၍ ရှန့်ကွမ်းဟန်က သူ့ကို အလစ်ချောင်းတိုက်ခိုက်မည်ဆိုလျှင်ပင် သူကတော့ ဂရုစိုက်စရာ မလိုအပ်ပေ။

ရှန့်ကွမ်းဟန်၏မျက်နှာက နီရဲနေ၏။ သူက ထိုကဲ့သို့ ရှုံးနိမ့်သွားလိမ့်မည်ဟု လက်မခံနိုင်ခဲ့ချေ။ သို့သော် အချက်အလက်များက ငြင်းဆန်၍မရပေ။ သူက ရှင်းရှင်းလင်းလင်းကို ရှုံးနိမ့်သွားခဲ့၏။

သူ၏ မျက်လုံးထဲတွင် ရှိနေသော ကြမ်းတမ်းရက်စက်မှုများက တဖြည်းဖြည်း ပို၍ ထင်ရှားလာပြီး ဇဝေဇဝါဖြစ်နေခဲ့သည်။ သူက အစောပိုင်းတွင် တွေ့ခဲ့ရသော ယခင်ဘဝမှတ်ညဏ်များကို ပြန်လည်စဉ်းစားကြည့်နေသေးသလို ထင်မှတ်ရ၏။ သူ၏ယခင်ဘဝများထဲတွင် ယောင်္ကျားလေးများ၊ မိန်းကလေးများဖြစ်ခဲ့ပြီး သေခြင်းရှင်ခြင်း သံသရာများစွာကို ဖြတ်ကျော်ခဲ့ရသည်မှာ အိမ်မက်တစ်ခုသဖွယ် ဖြစ်နေသည်။ သူက မည်သည့်နေရာတွင်နည်း။

လုလုံလေသံနှင့် လူကလည်း လမ်းမကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ သူက တံတွေးပင် မြိုချနိုင်ခြင်း မရှိခဲ့ပေ။ ထိုအရာက လူငယ်မှတ်တမ်း၏ ထိပ်ဆုံးတွင် ရှိနေသော ပညာရှင်တစ်ယောက်၏ ပြိုင်ဘက်ကင်းစွမ်းရည်ပေလော။ ထိုအရာက သတ်ဖြတ်ရေးဓား စုမုန့်ပေလော။

သူကတော့ စစ်သည်တော်နှစ်ယောက်၏ ကြမ်းတမ်းခက်ထန်သော တိုက်ပွဲတစ်ခုကို မြင်ရတော့မည်ဟု တွေးထားမိခဲ့သည်။ ထိုအရာများက တိုက်ခိုက်မှုကို ပို၍ပြင်းထန်လာမည်ဟု တွေးထားမိခဲ့၏။ သို့သော် အစစ်အမှန်တိုက်ပွဲကတော့ သူထင်ထားသလို ဖြစ်မလာခဲ့ပေ။

တိုက်ပွဲက စတင်ပြီး သိပ်မကြာခင် လျင်မြန်စွာ အဆုံးသတ်သွားခဲ့ရသည်။ ထိုအရာက သတ်ဖြတ်ရေးဓား၏ ကြောက်စရာကောင်းသော စွမ်းရည်ကို ပြသနိုင်ခဲ့သော တိုက်ပွဲတစ်ခုလည်း ဖြစ်၏။

ကျင်းအင်ပါယာမှ ကုန်သည်များကလည်း သတ်ဖြတ်ရေးဓား၏ နာမည်၊ဂုဏ်သတင်းနှင့် တိုက်ပွဲမှတ်တမ်းများကြောင့် အံ့ဩမှင်တက်နေခဲ့ရသည်။ သူတို့ကတော့‌ မုန့်ချီ၏ အစွမ်းအပေါ် သေချာပေါက် ယုံကြည်နေကြ၏။ သို့သော် စွမ်းအားကွာဟမှုက ထိုမျှသိသာနေလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။

လူအုပ်ကြီးက အစိမ်းရောင်ဝတ်လူငယ်ကိုသာ ကြည့်နေမိကြသည်။ ရှန့်ကွမ်းဟန်ကတော့ နေရာတွင် ရပ်နေပြီး အချိန်တော်တော်ကြာသည့်တိုင်အောင် မိန်းမောနေရာမှ လွတ်မြောက်လာပုံ မရချေ။

……………

ညအချိန် ရောက်နေပြီဖြစ်၏။ အလွန်သိပ်သည်းသော သစ်တောကြီးတစ်ခု၏ အနားတွင်တော့ အထီးကျန်ဆန်နေသော အုတ်ဂူတစ်ခု ရှိသည်။ မုန့်ချီက သခင်မကြီးစစ်ခုံ၏ လမ်းညွှန်မှုနှင့် စစ်ခုံထူ မြှုပ်နှံထားခဲ့သော အုတ်ဂူကို တွေ့လိုက်ရ၏။

စစ်ခုံထူ၏ အစီအစဉ်များကို ပြန်လည်စဉ်းစားလိုက်ပြီးနောက် မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အုတ်ဂူထဲသို့ဝင်ရန် အကောင်းဆုံးနေရာကို ရှာဖွေကြည့်လိုက်သည်။ အကယ်၍ သူကသာ အတွင်းထဲတွင် ရှိနေသော ပစ္စည်းများကို ထိခိုက်မှာ မကြောက်လျှင် သူ၏အဖိုးတန်ဓားကိုသုံးပြီး အုတ်ဂူကို ဖွင့်လှစ်မိပါလိမ့်မည်။

ထိုအရာက အုတ်ဂူထဲသို့ ဝင်ရောက်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်သော်လည်း ယခုတော့ ထိုအရာကို မလုပ်နိုင်ခဲ့ပေ။ စစ်ခုံထူ၏ ထောင်ချောက်များထဲတွင် အဆိုးရွားဆုံးအရာကတော့ အဆိပ်ရည်များဖြစ်ပြီး ထိုအရာများက သူ့အပေါ် အကျိုးသက်ရောက်မှု မရှိနိုင်သလို ပျက်စီးမှုလည်းမရှိနိုင်ပေ။ သို့သော် ရှေးဟောင်းမှတ်တမ်းများ၊ ပစ္စည်းများကို ပျက်စီးသွားစေနိုင်သည့်အတွက် အုတ်ဂူဖောက်သူ၏ ကြိုးစားမှုက အသုံးမဝင်နိုင်တော့ပေ။ ထိုအရာကြောင့်သာ မုန့်ချီက ဒုက္ခရောက်နေခြင်းဖြစ်သည်။

စစ်ခုံထူ ဇနီး၏ ပြောပြချက်အရ စစ်ခုံထူကိုယ်တိုင် သို့မဟုတ် ထောင်ချောက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသာ မဟုတ်လျှင် မည်သူကမျှ ထိုထောင်ချောက်များကို ဖြတ်ကျော်နိုင်မည် မဟုတ်ချေ။

သစ်တော၏အတွင်းထဲတွင်တော့ သူခိုးအနည်းငယ်က မုန့်ချီကို စိုက်ကြည့်နေကြ၏။

"ညီအစ်ကိုတို့... သူက ဘာလုပ်ဖို့ ရပ်နေတယ်လို့ထင်လဲ..."

မျက်နှာဖုံးဝတ်ထားသော သူခိုးလေးတစ်ယောက်က မေးလိုက်သည်။

"သူက ညကြီးသန်းခေါင် သေသွားတဲ့သူကို အရိုအသေပေးဖို့ ရောက်လာတာလို့တော့ မထင်ဘူး..."

သူခိုးခေါင်းဆောင်က ပြန်ဖြေလိုက်သည်။ သူက နှာခေါင်းကိုလည်း လက်နှင့် ကိုင်လိုက်မိ၏။ ထိုလူကလည်း အုတ်ဂူကို ပစ်မှတ်ထားနေသည်ဟု သူက သံသယဝင်နေသည်။

"အစ်ကို...

ဒီအုတ်ဂူထဲမှာ လျှို့ဝှက်ထောင်ချောက်တွေ အများကြီးရှိနေတယ်လို့ ပြောထားတာ မဟုတ်လား...။ ဒါကြောင့်လည်း ကျွန်တော်တို့က အတွင်းထဲကိုဝင်ဖို့ လိုဏ်ခေါင်းတစ်ခု ဖြည်းဖြည်းချင်း တူးနေတာ မဟုတ်လား..."

သူခိုးလေးက အံ့ဩသွားခဲ့၏။ သူက ခေါင်းဆောင်၏သုံးသပ်ချက်ကို အမှန်တကယ် ယုံကြည်နေခဲ့သည်။

"ဟုတ်တယ်..။ ငါ့ရဲ့အတွေ့အကြုံတွေအရ အုတ်ဂူထဲမှာ ထောင်ချောက်(၅)လွှာထက်မနည်း ရှိနေနိုင်တယ်...။ တကယ်လို့ ငါသာ မှားသွားမယ်ဆိုရင် ငါ့ရဲ့နာမည်ကို ပြောင်းပြန်လုပ်ပေးလိုက်မယ်..."

ခေါင်းဆောင်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

"ဒါပေမယ့် အစ်ကို...အစ်ကိုရဲ့နာမည်က တျန်း လေ..."

သူခိုးလေးက တီးတိုးပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဘယ်လောက်ခက်ခဲလဲဆိုတာသိသွားရင် သူက သေချာပေါက် နောက်ဆုတ်သွားလိမ့်မယ်..။ သူက ဖြည်းဖြည်းချင်းဆီ နောက်ဆုတ်သွားပြီး အနာဂတ်မှာလည်း ပြန်လာဖို့ အစီအစဉ်မရှိနိုင်တော့ဘူး..."

ခေါင်းဆောင်က အေးအေးဆေးဆေး ပြန်ပြောလိုက်၏။

မုန့်ချီက သူခိုးများကို လျစ်လျူရှုလိုက်ပြီး အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်ချလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်ချောင်းလေးများကို လက်သည်းသဏ္ဍာန် ပြင်ဆင်လိုက်သည်။ သူ၏ လက်ချောင်းလေးများပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး အုတ်ဂူကို ကြောက်စရာကောင်းစွာ ဆွဲကုတ်လိုက်၏။

အုတ်ဂူကြီးက သစ်သားစများနှင့် ဖန်တီးထားသည့်အလား ပျက်စီးသွားခဲ့သည်။ ထိုအချိန်တွင် မြောက်များလွန်းလှသော အဆိပ်အပ်ပေါင်းများစွာ ထွက်ပေါ်လာခဲ့၏။ သူတို့က သူ့ဆီကို ရောက်လာပြီး ရှောင်တိမ်းရန်လည်း ခက်ခဲသည်။

ထိုအပ်များအားလုံးက သူ၏လက်ဖဝါးပေါ်တွင် စိုက်နေခဲ့၏။ ထိုအဆိပ်အပ်များက မုန့်ချီ၏ ရွှေရောင်အကာအကွယ်ပေါ်တွင် ဖြူကောင်တစ်ကောင်အလား ဖြစ်နေခဲ့သည်။ ထို့နောက် အဆိပ်အပ်များက မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူကတော့ အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အုတ်ဂူထဲတွင် ပျက်စီးနေသော အပိုင်းအစများကို ရှင်းလင်းလိုက်သည်။

"ဖောက်..."

အတွင်းထဲတွင် ရှိနေသော ဝါးပြွန်တစ်ချောင်း ပွင့်ထွက်သွားပြီး အနက်ရောင်အဆိပ်ရည်များ ထွက်လာခဲ့သည်။ အမှောင်ထဲတွင် ထိုဝါးပြွန်မှ ထွက်လာသော အဆိပ်ရည်များက အတော်လေးကို ပြင်းထန်လွန်းလှ၏။

ထိုအဆိပ်ရည်များက သားရေနှင့် သိုးမွှေးများ လွှမ်းခြုံထားသော စာအုပ်ထုတ်တစ်ခုဆီသို့ရောက်သွားခဲ့သည်။ မုန့်ချီက မြားတစ်စင်း၏ လျင်မြန်မှုနှင့် ထိုနေရာသို့ အလျင်အမြန်ရောက်သွားပြီး စာအုပ်ထုတ်ကို လှမ်းယူလိုက်၏။

တိုက်စားတတ်သော အရည်များက သူ၏လက်ခုံနှင့် လက်ဖမိုးပေါ်သို့ ကျရောက်လာခဲ့သည်။ အက်စစ်များက သူ၏အကာအကွယ်ကို ချိုးဖောက်ရန် ကြိုးစားနေသည့်အတွက် မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့၏။ အဆိပ်များက လေထဲတွင်‌တဖြည်းဖြည်း အငွေ့ပျံသွားပြီး သူ၏ရွှေရောင်အကာအကွယ်ကို ထိခိုက်စေနိုင်ခြင်းပင် မရှိခဲ့ချေ။

မုန့်ချီက လက်နှစ်ဖက်ကို အင်္ကျီလက်ထဲသို့ပြန်ထည့်လိုက်ပြီး သူ၏ကြိုးစားအားထုတ်မှု ရလဒ်ကို စောင့်ကြည့်နေခဲ့၏။ ထို့နောက် ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြန်လှည့်ထွက်သွားခဲ့သည်။ သူက‌တော့ ထောင်ချောက် အနည်းဆုံးနေရာမှ တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းဖြစ်၏။

"သူက ဒီလိုမျိုး အောင်မြင်သွားခဲ့တာလား..."

သူခိုးလေးက မယုံကြည်နိုင်သလို စောင့်ဆိုင်းနေခဲ့သည်။ လူစိမ်းက အုတ်ဂူကို ရိုးရှင်းစွာ တိုက်ခိုက်ခဲ့ပြီး အလွယ်တကူ ယူဆောင်သွားနိုင်ခဲ့သည်။

ခေါင်းဆောင်ကလည်း ယာယီမှင်တက်နေခဲ့ပြီး ခက်ခက်ခဲခဲ ပြောလိုက်ရ၏။

"အုတ်ဂူကို ဒီလောက် အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့ သူ..သူ...သူက ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်ရမယ်.။ .ငါ..ငါတို့က သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး"

"ဒါ..ဒါပေမယ့်..ထောင်ချောက်တွေကရော.."

သူခိုးလေးက မေးလိုက်သည်။

"ငါ..."

ခေါင်းဆောင်က သူ့ကို မည်သို့ပြန်ဖြေရမည်မှန်း မသိခဲ့ချေ။

သူခိုးလေးကတော့ ရှုပ်ထွေးနေသည့်အရာများကို ဆက်မတွေးတော့ဘဲ စိတ်ဝင်တစား ပြောလိုက်၏။

"အစ်ကို...

ကြည့်ရတာ ထောင်ချောက်မရှိဘူး ထင်တာပဲ။ အထဲကို ဝင်ပြီး သွားကြည့်ကြစို့ ။ ကျွန်တော်တို့က ကျန်နေတဲ့ရတနာတွေ ရှိမရှိ သွားရှာကြည့်ကြမလား.."

"အဲဒီမှာထောင်ချောက်တွေ ရှိနိုင်သေးတယ်။ ဒါပေမယ့်လူစိမ်းက ဖျက်ဆီးပစ်တာ.."

ခေါင်းဆောင်ကတော့ စကားကို ဆုံးအောင် မပြောခဲ့ပေ။ သူကလည်း လောဘကြီးသူ တစ်ယောက်ဖြစ်၏။

………..

မုန့်ချီကတော့ လက်ထဲတွင် စာအုပ်များကိုကိုင်ပြီး သစ်တောထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်တွင် သစ်တောထဲမှနေ၍ နာနာကျင်ကျင် အော်ဟစ်လိုက်သော အသံများကို ကြားလိုက်ရ၏။

သူက ခေါင်းခါပြီး ရယ်လိုက်မိသည်။ သူကတော့ ပြန်လှည့်မသွားခဲ့ပေ။ ထို့နောက် တိတ်ဆိတ်သောနေရာတစ်ခုကို ရှာဖွေပြီး လရောင်အောက်တွင် စာအုပ်များကို ဖတ်နေခဲ့၏။

"ကြည့်ရတာတော့ အဲဒါက ပိုမီမှာ ဖြစ်နိုင်တယ်…"

အချိန်တော်တော်ကြာပြီးနောက် မုန့်ချီက မျက်မှောင်ကြုတ်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့၏။

"အဲဒါက ပိုမီမှာလား .."

ရှေးဟောင်းကျမ်းစာတစ်ခုက အပူအပင်မဲ့တောင်ကြား ရှာဖွေမှုအကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ ပထမဆုံးပိုင်ရှင်က တောင်ကြား၏ တည်နေရာကို ယေဘုယျဆုံးဖြတ်ထားခဲ့သည်။ ထို့နောက် သူက ပတ်ပတ်လည်ကို စစ်ဆေးပြီး သဲလွန်စများကို ရှာဖွေနိုင်ခဲ့၏။ သို့သော် ဝင်ပေါက်ကို ရှာမတွေ့သေးခင် သူကတော့ နာမကျန်းဖြစ်ခဲ့ရ၏။

သူ မသေခင် တောင်ကြားနှင့် ပတ်သက်သော အချက်အလက်များကို ချန်ထားခဲ့သည့်အတွက် သူ၏မျိုးဆက်များက ဆက်လက်ရှာဖွေနိုင်၏။ သို့သော် ဘာကြောင့်မှန်း မသိရသော်လည်း ထိုမှတ်တမ်းများက တစ်စုံတစ်ယောက်၏ လက်ထဲတွင် အဆုံးသတ်သွားခဲ့ရသည်။

ထိုမှတ်တမ်းများအပေါ် အခြေခံပြီး အပူအပင်မဲ့တောင်ကြားက ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခု ဖြစ်ပုံရသည်။ ယနေ့တော့ ထိုအရာက သေမင်းပင်လယ်ထဲတွင် ရှိနေသော ပိုမီတွင် ဖြစ်သည်ဟု ယုံကြည်ရနိုင်သည်။

ပိုမီဟူသည်မှာ သေမင်းပင်လယ်ထဲတွင် ကြောက်စရာ အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။ သူ၏ တည်နေရာ မြေပြင်အနေအထားက အလွန်ရှုပ်ထွေးပြီး အာရုံခံစွမ်းရည်များကို နှောင့်ယှက်နိုင်သော အနီရောင်မြူခိုးများ လွှမ်းခြုံနေသည်။ ထိုနေရာတွင်ပုန်းအောင်းနေရန် အတော်လေးကို လွယ်ကူလှ၏။

ရာဇဝတ်သားများ၊ အဆင့်အတန်းမြင့်သူများကို ဒုက္ခပေးခဲ့သူများက ထိုနေရာတွင် ပုန်းနေကြ၏။ အများစုကတော့ ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။ ယခင်တုန်းက ရွှမ်ပိုင်နှင့် ငိုကြွေးခြင်းအကြီးအကဲတို့က ပိုမီနယ်စပ်သို့ ရောက်သည်အထိ တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့်မုန့်ချီက ထိုနေရာနှင့် အတော်လေးရင်းနှီးနေခဲ့၏။

"အနက်ရောင်သားရေပြားလေးက ကျန်းဝူအင်ပါယာတာဝန်ကို လှုံ့ဆော်နိုင်ခဲ့တယ်..။ အဲဒီအရာက လျှို့ဝှက်အုတ်ဂူကို တူးဖော်ထားခဲ့တဲ့ မြင်းဓားပြတစ်ယောက် ပိုင်ဆိုင်တာပဲ..။ ကြည့်ရတာတော့ သေမင်းပင်လယ်ထဲမှာ အပူအပင်မဲ့တောင်ကြားရှိတာ ဖြစ်နိုင်ခြေရှိတယ်…"

မုန့်ချီက ခေါင်းညိတ်ရင်း ပြောလိုက်ပြီး ပိုမီသို့သွား၍ ဝင်ပေါက်အား ရှာဖွေလိုစိတ်ကို ယာယီဖိနှိပ်ထားလိုက်သည်။ ပိုမီက အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်ပြီး ကျိလော်ကျူးကဲ့သို့သော လူတစ်ယောက်ကပင် သွားလိုခြင်း မရှိချေ။

ငိုကြွေးခြင်းအကြီးအကဲနှင့် သူ၏ရန်ကြွေးများကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် သူကတော့ ကိုယ့်သေတွင်း ကိုယ်မတူနိုင်ပေ။ တခြားသောမှတ်တမ်းများတွင်တော့ အုတ်ဂူများ၊ တခြားသော လျှို့ဝှက်နယ်မြေများအကြောင်းကို ဖော်ပြထားကြသည်။ သူတို့က မေ့လျော့ခံရှေးဟောင်းပစ္စည်းများအကြောင်းကို မှတ်တမ်းတင်ထားသည့် အတွက် မုန့်ချီလည်း အတော်လေး နားလည်လာခဲ့ရ၏။ သို့သော် အများစုကတော့ တစ်ပိုင်းတစ်စစီဖြစ်‌နေပြီး ပြန့်ကျဲနေသည့်အတွက် တန်ဖိုးမရှိတော့ပေ။

"ဒါကြောင့်လည်း စစ်ခုံထူက ဟန်ကလန်ရဲ့ ရှေးဟောင်းအုတ်ဂူကိုရွေးချယ်ပြီး အဲဒီမှတ်တမ်းတွေကို ဒီနေရာမှာ မြှုပ်နှံထားတာပဲ.."

မုန့်ချီက ကျမ်းစာ၏နောက်ဆုံးစာမျက်နှာကို ရောက်သွားသည့်အချိန်တွင် ခံစားချက်များ ပြည့်နှက်လာခဲ့၏။ သူ့ဆီတွင် မျှော်လင့်ချက်မရှိသည်မှာ ကံကောင်းသွားသည်။

သူကတော့ အပူအပင်မဲ့တောင်ကြားနှင့် ပက်သက်ပြီး သဲလွန်စများ တွေ့ရသည့်အတွက် အတော်လေး ကျေနပ်နေခဲ့၏။ ထိုမှတ်တမ်းများကို သိမ်းလိုက်ပြီးနောက် သူက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်ရာ တလက်လက် တောက်ပနေသော ကြယ်ပွင့်လေးများကို မြင်လိုက်ရသည်။ သူက မည်သည့်အရာများ တွေးနေကြောင်း ရှင်းရှင်းလင်းလင်း နားမလည်နိုင်တော့ပေ။

နောက်ရက်တွင်တော့ စစ်ခုံထူ၏ ဇနီးနှင့်ကလေးက တောင်ပိုင်းသို့ လုံလုံခြုံခြုံ ထွက်ခွာသွားကြောင်း သေချာသွားပြီးနောက် မုန့်ချီလည်း လဲ့လီမြို့မှ ထွက်လာခဲ့သည်။ သူက မြို့တံခါးနှင့် ဝေးဝေးကို မရောက်သေးခင် သူ့ရှေ့၌ လူတစ်ယောက် ရပ်နေကြောင်း တွေ့လိုက်ရ၏။ ထိုအရာကတော့ ရှန့်ကွမ်းဟန်ဖြစ်သည်။

"ဘာကိစ္စလဲ..မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ရှာတွေ့ပြီလား.."

မုန့်ချီက စိတ်ဝင်တစား မေးလိုက်၏။

ရှန့်ကွမ်းဟန်က လက်သီးဆုပ်ပြီး အံကြိတ်၍ ပြောလိုက်သည်။

"မဟုတ်ဘူး…"

"ဒါဆို ဘာလို့ ဒီကိုရောက်နေတာလဲ…”

သူက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သံသရာမြင်ကွင်းများကို နောက်တစ်ကြိမ် မြင်လိုခြင်းပေလော။ သို့မဟုတ် သူက ထိုအရာကို စွဲလမ်းသွားခြင်းပေလော။

ရှန့်ကွမ်းဟန်က မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

"အခုချိန်မှာ ငါက မစဉ်းစားနိုင်ပေမယ့် နောက်ပိုင်းမှာ မစဉ်းစားနိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်တာ..။ ငါ အဖြေရတဲ့အချိန်ကျရင် မင်းကို ဘယ်လိုရှာရမလဲ မသိတဲ့အတွက် ‌မင်းနောက်ကို လိုက်လာဖို့ ဆုံးဖြတ်လိုက်တာ…"

"တကယ့်ကို အရူးပဲ..။ မင်းက လိုက်ချင်တယ်ဆိုရင်လည်း လိုက်ပေါ့…"

မုန့်ချီက ရယ်လိုက်သည်။ ထို့နောက် မုန့်ချီက မည်သည့်အရာကိုမျှ စိုးရိမ်နေခြင်းမရှိဘဲ ဆက်လက်လျှောက်လှမ်းလာခဲ့၏။ ရှန့်ကွမ်းဟန်ကလည်း သူ့နောက်မှ လိုက်လာခဲ့သည်။

သူတို့ လမ်းလျောက်လာပြီး သိပ်မကြာခင် နေရောင်ခြည်ပျောက်ကွယ်သွားခဲ့ပြီး မိုးများသည်းထန်စွာ ရွာသွန်းလာခဲ့သည်။ အကာအကွယ်ရှာဖွေရင်း ရှန့်ကွမ်းဟန်က သူ့ကိုယ်သူ ကာကွယ်ရန် အကာအကွယ် ချီစွမ်းအင်များကို သုံးရန် ပြင်ဆင်လိုက်၏။ ထို့နောက် သူက စုမုန့်ကို လှမ်းကြည့်လိုက်ရာ သူက တည်ငြိမ်စွာ လျှောက်နေကြောင်း တွေ့လိုက်ရသည်။ သူက အနည်းငယ် ဇဝေဇဝါဖြစ်နေပုံရ၏။

စုမုန့်၏ အဝတ်အစားများက ချက်ချင်းပင် စိုရွှဲသွားသော်လည်း စုမုန့်ကတော့ ခေါင်းမော့ပြီး အေးအေးဆေးဆေး လျှောက်နေကြောင်း တွေ့လိုက်ရသည်။ သူ့ပုံစံက လောကသဘာဝကြီးကို တွေ့ကြုံခံစားနေသလို ထင်မှတ်ရ၏။ သူ၏ခရီးလမ်းကို အနည်းငယ်ပင် သက်ရောက်စေခဲ့ခြင်း မရှိချေ။

"သူက အကာအကွယ်ချီစွမ်းအင်တွေကို မသုံးထားဘူးလား...သူဘာတွေ လုပ်နေတာလဲ…"

ရှန့်ကွမ်းဟန်က ထိုလူငယ်ကို စိုက်ကြည့်နေပြီး နားမလည်နိုင်သလို ခံစားနေရသည်။ သူက စုမုန့်ကို ခြေရာပျောက်သွားမှာ စိုးသည့်အတွက် နောက်မှ လျင်မြန်စွာ လိုက်နေခဲ့၏။

မိုးများ ရပ်တန့်သွားသည့်အချိန်တွင် သူတို့က တောင်ပေါ်သို့ ဦးတည်နေသော လမ်းမဆီသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် မုန့်ချီဆီမှ အဖြူရောင်အငွေ့များ ထွက်ပေါ်လာပြီး အဝတ်အစားများက စတင်ခြောက်သွေ့လာခဲ့၏။ မိုးရွာပြီးနောက် လမ်းက ရွှံ့ထူနေသော်လည်း မုန့်ချီကတော့ အနားယူခြင်း မရှိခဲ့သလို ကိုယ်ဖေ့ာပညာများကိုလည်း မသုံးခဲ့ပေ။

သူက ရှေ့ကိုသာကြည့်၍ လျှောက်နေသည့်အတွက် ရှန့်ကွမ်းဟန်က ပို၍ပင် ရှုပ်ထွေးနေခဲ့၏။ ရှန့်ကွမ်းဟန်က နောက်ထပ် ရက်အနည်းငယ်အတောအတွင်း မုန့်ချီ၏နောက်မှ ဆက်၍ လိုက်လာရင်း သူက အမှန်တကယ်ကို လွတ်လပ်သော လူတစ်ယောက်ဖြစ်ကြောင်း နားလည်လာခဲ့ရ၏။

သူက သစ်တောကြီးထဲတွင် နေထိုင်ရခြင်းကိုလည်း လုံးဝစိုးရိမ်မနေခဲ့ပေ။ သူက အံ့ဩစရာကောင်းသော ခရီးစဉ်တစ်ခုကို လျှောက်လှမ်းနေရသလို ထင်မှတ်ရ၏။

"သူက ကမ္ဘာမြေကြီးကို အာရုံခံနေတာလား..။ လူသားနဲ့ကောင်းကင် ဆက်သွယ်မှုအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာလား…"

ရှန့်ကွမ်းဟန်က လေးလေးနက်နက် စဉ်းစားနေခဲ့၏။

သို့သော် လက်ရှိမြင်ကွင်းအပါအဝင် အရာအားလုံးက သူ့အတွက်တော့ မှန်ကန်နေပုံမရချေ။ တဖြည်းဖြည်းနှင့် သစ်တောကြီးထဲတွင် ညအမှောင် ရောက်လာခဲ့သည်။

သတ်ဖြတ်ရေးဓား စုမုန့်က ကျောက်တုံးကြီးတစ်တုံးကို မှီထားပြီး ပါးစပ်ထဲတွင် မြက်ပင်လေးတစ်ပင်ကို ဝါးနေသည်။ သူက ကောင်းကင်ကြီးပေါ်တွင် တလက်လက် တောက်ပနေသော ကြယ်များကိုကြည့်နေပြီး အဆင့်တက်သည့် လက္ခဏာပုံစံမျိုး မပြသေးပေ။

ရှန့်ကွမ်းဟန်ကတော့ ပွင့်လင်းသောလူတစ်ယောက်ဖြစ်သည့်အတွက် သူ၏စိတ်ဝင်စားမှုများကို ထိန်းမထားနိုင်တော့ပေ။ သူက ရှေ့ကို ကုန်းလာပြီး ‌မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"မင်းက ဘာတွေလုပ်နေတာလဲ.."

မုန့်ချီက ပါးစပ်ထဲတွင် မြက်ပင်လေးကိုဝါးနေရင်း ကျောက်တုံးကြီးကို အေးအေးဆေးဆေး မှီနေခဲ့သည်။ သူက ရှန့်ကွမ်းဟန်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး သူ့မေးခွန်းကို တစ်ယောက်တည်း ပြန်ဖြေနေခဲ့၏။

"တကယ်လို့ မင်းကသာ လူသားနဲ့ကောင်းကင်ဆက်သွယ်မှုအဆင့်ကို နားလည်ချင်တယ်ဆိုရင် ဘာလုပ်မှာလဲ..."

ထိုအရာက သာမာန်မေးခွန်းတစ်ခုသာ ‌ဖြစ်သည့်အတွက် ရှန့်ကွမ်းဟန်က ပြန်ဖြေလိုက်သည်။

"သဘာဝတရားကြီးကို ခံစားမှာပေါ့..။ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ၊ စိတ်နေစိတ်ထားတွေ၊ စိတ်အခြေ‌အနေတွေ၊ ကျင့်ကြံမှုနည်းလမ်းတွေရှိတယ်..။ သူတို့ရဲ့နားလည်မှုတွေကလည်း ကွဲပြားမှာပဲ..။ အဲဒီနောက်မှာတော့ ငါက ကိုယ်တွင်းကမ္ဘာကြီးကို ပြင်ဆင်ဖို့အတွက် တဖြည်းဖြည်း ကြိုးစားလိုက်မယ်ဆိုရင် အဖြေတစ်ခုကို ရလာနိုင်တယ်.။.တကယ်လို့ ငါတို့ကသာ ပိုပြီးသင့်တော်တဲ့ နည်းလမ်းတစ်ခုကို ဆုံးဖြတ်လိုက်မယ်ဆိုရင် ကိုယ်တွင်းကမ္ဘာကြီးရဲ့အစွမ်းက လူသားနဲ့ကောင်းကင် တသားတည်းအဆင့်မှာ အပြည့်စုံဆုံးအခြေနေကို ရောက်ပြီလို့ပြောနိုင်တယ်.."

သူ့အဖော်ကို ပြန်လှည့်မကြည့်နေဘဲ မုန့်ချီက ကောင်းကင်ပေါ်ကိုသာ မော့ကြည့်လိုက်သည်။

"ငါတို့ခံစားနေရတဲ့ သဘာဝတရားကြီးက အစစ်အမှန်လို့ ဘယ်သူက ပြောနိုင်မှာလဲ..။ ငါတို့ရဲ့ကျင့်ကြံမှုတွေ၊ အမြင်အာရုံတွေနဲ့ သဘာဝကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ…"

သူက တိုးတိုးလေး မေးလိုက်သည်။

"အစပိုင်းမှာတော့ မင်းက မင်းရဲ့လမ်းကြောင်းကို ရှာဖွေဖို့ လိုအပ်တယ်..။ အနာဂတ်မှာတော့ မင်းက တဖြည်းဖြည်းပိုပြီး လျှောက်လှမ်းသွားရလိမ့်မယ်..။ တကယ်လို့ မင်းက သဘာဝတရားကြီးကို အမှန်တကယ် နားလည်သွားပြီဆိုရင်တော့ မင်းရဲ့အစွမ်းက ရှေးဟောင်းအင်ပါယာ (၅) ယောက်ရဲ့အဆင့်မျိုးကို ရောက်သွားနိုင်တယ်…"

ရှန့်ကွမ်းဟန်က အထင်သေးစွာ ပြောလိုက်၏။

မုန့်ချီကတော့ ကြယ်များကို ကြည့်နေရာမှ အပြုံးနှင့် ပြောလိုက်၏။

"ငါသိတယ်..ဒါပေမယ့် ကြိုပြီး စဉ်းစားကြည့်လိုက်တာက ဆိုးရွားတဲ့အရာတစ်ခုမှ မဟုတ်တာ…"

လူသားနှင့် ကောင်းကင် တသားတည်းအဆင့်ကိုရောက်ရန် လမ်းကြောင်းရှာဖွေခြင်းနှင့် ပတ်သက်ပြီး သူ၏အသိပညာများက ရှန့်ကွမ်းဟန် ပြောသည့်စကားများနှင့် တူညီနေသည်။ သို့သော် မကြာခင်လုပ်ဆောင်ခဲ့သော သံသရာတာဝန် အတောအတွင်း သူက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်စီးကျင့်စဉ်ကိုသုံး၍ ကျိုးဟန်ဖုန်းနှင့် ရင်လန်းဟွေ တို့ကိုခြောက်လှန့်နိုင်ခဲ့သည်။

သူက အတိတ်ဘဝမှတ်ဉာဏ်များကို ပြန်လည်လှုံ့ဆော်ပြီး မူလအခြေအနေထိ ပြန်လည်ပြသခဲ့၏။ ယခု ထိုအရာကို သူကိုယ်တိုင် တွေးလိုက်မိသောအခါ အလွန်ကြောက်လန့်သွားသလို ခံစားလိုက်ရသည်။

အစစ်အမှန်ကမ္ဘာကြီးကို အမှတ်တကယ် စစ်ဆေးနိုင်မည်လော။ ကြယ်များက ကောင်းကင်ကြီးပေါ်တွင် တောက်ပစွာ လောင်ကျွမ်းနေသော နေလုံးကြီးနှင့် အမှန်တကယ် ကွဲပြားမည်လော။ သူ၏လမ်းကြောင်းက ကမ္ဘာကြီးကို တည်ဆောက်ရခြင်းဖြစ်ပြီး သဘာဝတရားကြီးကို နားလည်ရန် လိုအပ်နေသည်။

အကယ်၍ ထိုအတွေ့အကြုံများကြောင့်သာ မဟုတ်လျှင် သူ၏ကိုယ်ပိုင် လမ်းကြောင်းကို ဆက်လက်ရှာဖွေရာတွင် အချိန်ပေးရနိုင်ပြီးလမ်းကြောင်းတစ်ခုကို တွေ့၍ဝေ့ကျင်းအဆင့်ကို ရောက်သည့်အချိန်ထိ ပြောင်းလဲမှုများ ရှိလာနိုင်သည်။

အကယ်၍ သူက သဘာဝတရားကြီးကို အရင်ဆုံး စစ်ဆေးကြည့်လိုက်ပြီး သဘာဝတရားကြီးနှင့် တသားတည်းဖြစ်အောင် လုပ်ဆောင်လိုက်မည်ဆိုလျှင် ပိုကောင်းနိုင်သည် မဟုတ်ပေလော။ ကမ္ဘာဦးမူလဇစ်မြစ်ဆိုသည်မှာ သူနားလည်ထားသည့် အရာနှင့် အတူတူပေလော။

"တကယ်လို့ မင်းကသာ ကျင့်စဉ်အဆင့် မလုံလောက်သေးဘဲ သဘာဝတရားကြီးအကြောင်း စဉ်းစားနေမယ်ဆိုရင် ရူးသွားလိမ့်မယ်..။ အဲဒါက မင်းကို ခြောက်လှန့်ပစ်နိုင်ပြီး လုံးဝအဆင့်တက်မှာ မဟုတ်တော့ဘူး…"

ရှန့်ကွမ်းဟန်က အေးစက်စွာ ပြောလိုက်သည်။

မုန့်ချီကတော့ ကောင်းကင်ကြီးပေါ်ကို လက်ညှိုးထိုးကြည့်နေပြီး ပြန်မဖြေခဲ့ပေ။ ထိုအစား အသံတိုးတိုးနှင့် ပြောလိုက်၏။

"ကြယ်တွေနဲ့ နေမင်းကြီးက ဘာတွေကွာခြားလဲ..”

“နေမင်းကြီးက ကြယ်တွေမှာရှိတဲ့ အစွမ်းမျိုးတွေ မရှိတာများ ဖြစ်နိုင်မလား...”

“အချိန်စတင်ပေါ်ပေါက်လာခဲ့တဲ့အချိန်မှာ ဘယ်သူက အရင်ဆုံး သိနိုင်ခဲ့တာလဲ..။ ကမ္ဘာမြေကြီး ပုံသဏ္ဍာန် မပေါ်သေးခင် သူတို့ရဲ့ မူလဇစ်မြစ်ကို ဘယ်သူက လေ့လာခဲ့တာလဲ.."

မေးခွန်းပေါင်းများစွာက ရှန့်ကွမ်းဟန်၏နားထဲတွင် တဖြည်းဖြည်း ကြားလာရသည်။ သူက ရှေ့တွင် ထိုင်နေသော လူငယ်လေးကို အံ့ဩမှင်တက်စွာ ကြည့်နေခဲ့မိ၏။ ထိုလူငယ်လေးက ခန့်မှန်း၍မရနိုင်သော သဘာဝရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူတို့(၂)ယောက်လုံးက မတူညီသော ကမ္ဘာကြီးထဲတွင် တည်ရှိနေသလို ခံစားနေရ၏။

Translated by Hein Htet.

All Chapters