← Chapters

နဂါးအမဲလိုက်ခြင်း

Vol. 012 Ch. 1191

နဂါးအမဲလိုက်ခြင်း

Vol. 012 Ch. 1191

ရဲတိုက်အတွင်းမှ လူတိုင်းသည် တိုက်ပွဲကွင်းပြင်၌ ကောင်းကင်နှင့်မြေပြင်တွင် တိုက်ခိုက်နေကြသည့် လူများအား ကြည့်နေကြ၏။

သေဆုံးသွားသူများထက် ဒဏ်ရာများကြောင့် တိုက်ခိုက်စွမ်းရည် ပျောက်ဆုံးကာ ဘေးဘက်တွင် ပုန်းကွယ်နေရသူများလည်း ရှိပေသည်။ ထိုသူများအား ရန်ငြိုးရှိသူများမှလွဲ၍ တခြားလူများကတော့ တကူးတက လာရောက် သတ်ဖြတ်မည်တော့ မဟုတ်ပေ။

နောက်ဆုံးလက်ကျန် တိုက်ခိုက်နိုင်စွမ်းရှိသူမှာ ဆယ်ယောက်မျှသာလျှင် ရှိတော့၏။

ကြိုတင် မျှော်မှန်းထားခဲ့သည့်အတိုင်း ဖန့်ရှောင်း၊ ယန်ထုံနှင့် ကျိုးရွှီတို့ကဲ့သို့ အသန်မာဆုံး လူအနည်းငယ်တို့ဖြစ်ကြ၏။

လူများစွာတို့က သူတို့သုံးယောက်အပေါ်၌ လောင်းကြေးများ ထပ်ထားကြသည်။ သူတို့အပေါ် လောင်းကြေး ထပ်ထားသူများက ပန်းတိုင်နှင့် ပိုမိုနီးကပ်လာသည်ကို မြင်လျှင် အားလုံးမှာ ပို၍ပင် စိတ်လှုပ်ရှားပူပင် လာကြတော့သည်။

တိုက်ပွဲကွင်းပြင်တွင် ဆယ်ယောက်သာ ရပ်ကျန်ရစ်သောအခါ သူတို့သည် ကွင်းပြင်မှ ထွက်ခွာရန် ကြိုးစားခွင့်ရှိ၏။

သွေးနဂါးကသာ သူတို့ကို ခွင့်ပြုခဲ့လျှင် သူတို့က အောင်မြင် သွားတော့မည် ဖြစ်၏။

သူတို့သုံးယောက်လုံးသည် ခွင့်ပြုချက်ရရှိရန် အလားအလာ အများဆုံးဖြစ်သည်။

သူတို့သုံးယောက်အပြင် လူအများ၏ အာရုံစိုက်ခံရသူတို့မှာ ယူချင်းတို့အဖွဲ့ ဖြစ်ကြ၏။ ထျန်းယင်မြို့မှ တန်ခိုးရှင်တစ်ဖွဲ့လုံးကို လက်သီး တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက်ပြီးနောက် သူတို့နှင့် တိုက်ခိုက်လိုသူ သိပ်မရှိတော့။ ယူချင်းကို တိုက်ခိုက်သူ အချို့မှာလည်း မရှုမလှ ရှုံးနိမ့်သွားကြပြီး ဖြစ်၏။

ယူချင်းသည် မည်သူ့ကိုမျှ သတ်ဖြတ်ခြင်း မပြုသော်လည်း သူနှင့် တိုက်ခိုက်သူတိုင်းမှာ သက်သာသည်တော့ မဟုတ်ပေ။ အနည်းဆုံး နံရိုးဆယ်ချောင်းခန့်တော့ ကျိုးကြေကြသည်သာ။

ချန်ယဲ့မြို့မှ ယူချင်းနှင့်အတူ လာခဲ့သော အခြား လေးယောက်မှာလည်း တိုက်ပွဲကွင်းပြင်တွင် ရှိနေဆဲ ဖြစ်ရာ လူအများက သူတို့အပေါ် မကျေမချမ်း ဖြစ်ကြ၏။

လူတိုင်းသည် သူတို့အဖွဲ့ထဲတွင် အသန်မာဆုံး ဖြစ်သည်ကို သိကြ၏။ ကျန်သောလူများမှာ ယူချင်းကို မှီခိုကာ လက်ကျန်လူနည်းစု စာရင်း၌ ပါဝင်နေခြင်း ဖြစ်သည်ဟု လူအများက တွက်ဆကြသည်။

လူများစွာက ထိုကိစ္စကို သဘောမကျသော်လည်း ပြိုင်ပွဲစည်းမျဉ်းကို သွေဖည်ခြင်းမရှိရာ မည်သို့မျှ မတတ်နိုင်ပေ။

ပြိုင်ပွဲဝင်များက တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်သို့ တက်လာကြပြီး တိုက်ခိုက်မှုများလည်း ရပ်တန့်သွားသည်။

ဖန့်ရှောင်းက ယူချင်းတို့အဖွဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ယန်ထုံ၊ ကျိုးရွှီနှင့် အခြားလူများကို ကြည့်ကာ ပြောသည်... “ကျုပ်တို့ ဆက်မတိုက်ခင် သူတို့ကို အရင် ဖြေရှင်းလိုက်တာ ဘယ်လိုလဲ”

“အကြံကောင်းပဲ” ယန်ထုံက ဖန့်ရှောင်းကို ခေါင်းညိတ်ပြသည်။ သူက ထိုအကြံပြုချက်ကို ငြင်းပယ်စရာအကြောင်း မရှိပေ။

“လုပ်ကြရအောင်” ကျိုးရွှီ၏ မျက်လုံးက မီးတောက်နက်များဖြင့် လက်လက်တောက်နေပြီး အလွန် အန္တရာယ်ရှိသော အရှိန်အဝါများ ထုတ်လွှတ်နေသည်။

ယူချင်းက မျက်မှောင်ကြုတ်သည်။ သူ့အနီးဝန်းကျင်ကို ရိုက်ခတ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါများအား သူ ခံစားရ၏။

နောက်ဆုံးကျန်ရစ်သူများ အားလုံးက ယူချင်းတို့အဖွဲ့ကို ဦးဆုံး ဖယ်ရှားရန် အကြံများ ရှိနေပုံရ၏။

ဘုန်း…

ယန်ထုံက မီးတောက်စစ်နတ်ဘုရားကဲ့သို့ အရှိန်အဝါဖြင့် အရှေ့သို့ လှမ်းလာသည်တွင် နိုးထနဂါး တိုက်ပွဲစင်မြင့်မှာ တုန်ခါသွားပြီး ယူချင်းကို ဖိအားများ ပေးသည်။ မီးတောက် အပူလှိုင်းများသည် နေရာတစ်ခုလုံး လွှမ်းခြုံထားပြီး မီးမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားကာ ယူချင်းကို နှစ်မြှုပ်ရန် ကြိုးစားသည်။

ဖန့်ရှောင်းနှင့် အခြားလူများကလည်း ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်ကာ လှုပ်ရှားလိုက်ကြ၏။

ကျိုးရွှီက မိုးကြိုးလျှပ်စီးအသွင်သို့ ပြောင်းလဲသွားပြီး ရီဝူချင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။ ဖန့်ရှောင်းနှင့် ယန်ထုံသည် အုပ်စုထဲ၌ စွမ်းအား အကြီးဆုံးဖြစ်သည့် ယူချင်းကို တိုက်ခိုက်ဖယ်ရှားရန် စိတ်ကူးရှိသော်လည်း သူ့ဘေးမှ လူများကိုလည်း အလစ်တိုက်ခိုက်ရန် ဝန်လေးမည် မဟုတ်ပေ။

ဘုန်း…

ယူချင်းက လေထုထဲသို့ တက်လျှင် နိုးထနဂါး တိုက်ပွဲစင်မြင့်မှာ တုန်ခါသွား၏။ သူက ဦးဆုံးအားဖြင့် မီးတောက် စစ်နတ်ဘုရားအလား ယန်ထုံထံသို့ လှမ်းသွားလိုက်သည်။

နှစ်ဖက်လုံးက အချင်းချင်း နီးကပ်လာပြီး ယန်ထုံက သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်သည်။ မီးတောက် စစ်နတ်ဘုရားထံမှ လက်သီးသည် အလျှံငြီးငြီး တောက်လောင်နေသည့် မီးတောက်တူကြီးအလား ထင်မြင်ရသည်။ ယင်းသည် ရက်စက်ပြင်းထန်ပြီး ဖိနှိပ်နိုင်ကာ ချော်ရည်ပူများကဲ့သို့ ဖြစ်သည်။

ယူချင်း၏ လက်က လေထုကို ခွင်းသွားပြီး သူ့ခန္ဓာကလည်း တဖြည်းဖြည်း ကြီးမားကာ သူ၏တိုက်ပွဲဝင်သဏ္ဌာန် ဖြစ်ပေါ်လာသည်။ နတ်ဆိုးတို့၏ မဟူရာရွှေရောင် လက်သီးချက်သည် ပုံရိပ်ယောင်များအဖြစ် ပေါက်ကွဲထွက်လာပြီး လက်သီးတစ်ခုတည်း အဖြစ် တစ်ဖန် ပေါင်းစည်းသွားသည်။

တုန်ခါသွားသည့်အသံက နေရာအနှံ့မှ ကြားနိုင်ပြီး ကြောက်မက်ဖွယ် မီးတောက်လှိုင်းများက နေရာတစ်ခုလုံးကို လွှမ်းမိုးသွားသော်လည်း သူတို့က နောက်ဆုတ်ခြင်း မရှိကြပေ။

ဖန့်ရှောင်းက စတင် လှုပ်ရှားလိုက်၏။ မီးလျှံလှံတစ်လက် သူ့လက်တွင်းတွင် ပေါ်လာပြီး ကောင်းကင်ဘုံ နတ်ဘုရား၏ လှံတံကဲ့သို့ လေကို အလွန်လျင်မြန်စွာ ဖြတ်သန်းသွားပြီး ပစ်မှတ်ကို ချိန်ရွယ်သည်။

သို့သော်လည်း ပစ်မှတ်သည် ယူချင်းမဟုတ်ဘဲ ယန်ထုံ ဖြစ်နေခဲ့သည်။

လူအများ၏ မျက်လုံးများက အေးခဲသွားပြီး သူတို့ရဲ့ နှလုံးများက အခုန်မြန်လာကာ အသက်ရှူပင် ရပ်တန့်သွားတော့မတတ် ဖြစ်သွားကြ၏။

အိပ်မောကျနဂါးပြိုင်ပွဲတွင် ဘယ်သူ့ကိုမှ ယုံကြည်၍မရပေ။ တိုက်ပွဲအတွင်း၌ မဟာမိတ်များသည်ပင် ကိုယ်ကျိုးကိုသာ ကြည့်သော အတုအယောင်များ ဖြစ်ကြသည်။

ဖန့်ရှောင်းက တိုက်ခိုက်ရုံသာ မဟုတ်ဘဲ အနိုင်ရရှိရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် လူရိပ်များကလည်း တစ်ပြိုင်နက်တည်း ဖန့်ရှောင်းကို တိုက်ခိုက်လိုက်ကြသည်။

ထိုဖြစ်ရပ်က ရွှေပွဲလာပရိသတ်များအား တဖန်ထပ်မံ၍ အေးခဲသွားစေတော့၏။ အံ့အားသင့်ဖွယ်များက ဆက်တိုက် ရောက်လာနေသည်။

ဘုန်း…

ယန်ထုံနှင့် ယူချင်းတို့က သူတို့အချင်းချင်း နောက်ဆုတ် လိုက်ကြ၏။ ယန်ထုံ၏ ခန္ဓာကိုယ် တစ်ခုလုံးက ချော်ရည်မီးတောက်များဖြင့် ခဲနေပြီး အရာရာကို ဝါးမျိုလုနီးပါး ထင်မြင်ရသည်။ ဖန့်ရှောင်း၏ မီးတောက်လှံသည် ပစ်မှတ်ရှိရာသို့ ရောက်သည့်အခါ နားစည်ကွဲမတတ် ဆူညံသံကိုတစ်ခုအား ကြားလိုက်ရပြီး ၎င်းသည် မီးတောက် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်တွင်းသို့ တဖြည်းဖြည်း နစ်မြုပ်သွားကာ ချော်ရည်ခဲများကို ဖြတ်သန်း သွားတော့သည်။

လှံချက်သည် အလွန်အစွမ်းထက်ပြီး ယန်ထုံအတွက် လွတ်မြောက်ရန် လမ်းမရှိပေ။ မီးတောက်လှံသည် မီးတောက် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်က ပျက်စီးသွားစေ၏။ သို့သော်လည်း မီးတောက်များ ဝန်းရံနေသည့် ပုံရိပ်တစ်ခုသည် ထိုမီးတောက်ပုံရိပ်ထဲမှ ရုန်းထွက်လာသည်။ သူက တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်လုံးကို ဖန့်ရှောင်းထံသို့ ဆန့်ထုတ်လိုက်ပြီး ချော်ရည်မီးတောက်များ ထုတ်လွှတ်၏။

ဖန့်ရှောင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက လှံဖြင့် တားဆီးခုခံကာ ချော်ရည်မီးတောက်များကို ပျောက်ကွယ်သွားစေရန် ကြိုးစား၏။ သို့သော်လည်း ထိပ်တန်း တန်ခိုးရှင်များ၏ တိုက်ခိုက်မှုက သူ့ထံသို့ တည့်တည့်တိုးဝင် လာတော့သည်။

“နဂါးအမဲလိုက်ခြင်း”

ရဲတိုက်အတွင်းမှ မရေတွက်နိုင်သော လူများ၏ ခေါင်းထဲတွင် ထိုစကားစု ပေါ်ပေါက်လာ၏။ ဤသည်ကပင် အိပ်မောကျနဂါးပြိုင်ပွဲမှ နဂါးအမဲလိုက်ခြင်း ဖြစ်ပေတော့သည်။

နဂါးအမဲလိုက်ခြင်းသည် အိပ်မောကျ နဂါးပြိုင်ပွဲအတွင်း အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားသူများကို ရည်ညွှန်းသည်။ ၎င်းတို့သည် အစောပိုင်းအဆင့်များ၌ သူတို့ကိုယ်သူတို့ မဖော်ပြကြပေ။ တကယ့် အရေးကြီးသည့် အချိန်အခါကို ရောက်မှ တစ်ဖွဲ့တည်းစုစည်းကာ ရန်သူကို တိုက်ခိုက်ကြခြင်း ဖြစ်သည်။

သို့သော်လည်း နဂါးအမဲလိုက်ခြင်း အစီအစဉ်သည် ပြည့်စုံပြီးမြောက်ရန် ခက်ခဲပေသည်။ သူတို့သည် နောက်ဆုံးအဆင့်သို့ မရောက်မီအထိ တောင့်ခံရမည်ဖြစ်ကာ ထိုသို့ မရောက်မီကတည်းကလည်း အသင်းဖွဲ့ရန် ရွေးချယ်ထားရမည် ဖြစ်သည်။

သို့သော်လည်း မီးတောက်လှောင်အိမ်မြို့တော်မှ သခင်ငယ်လေး ယန်ထုံသည် ထိုအစီအစဉ်ကို လုပ်ဆောင်ကာ အောင်မြင်ခဲ့၏။

မီးတောက်လှောင်အိမ်မြို့က ထိုလူများအတွက် မည်မျှ သုံးစွဲခဲ့သည်ကို ဘုရားမှသာ သိပေလိမ့်မည်။

ဖန့်ရှောင်းအပေါ်တွင် လောင်းကြေး ထပ်ထားသူတို့၏ မျက်နှာများမှာ ပျက်ယွင်းလာကြ၏။

ဖန့်ရှောင်းက အဖွဲ့လိုက် တိုက်ခိုက်မှုကို ခုခံနေရရာ ထိုနေရာမှ အဆက်မပြတ် ပေါက်ကွဲသံများအား ကြားရ၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်ချပ်ဝတ်သည် ရုတ်တရက်အားဖြင့် အလွန်အမင်း လင်းလက်လာခဲ့၏။

ယန်ထုံက မီးတောက်စစ်နတ်ဘုရား အဖြစ်သို့ တစ်ဖန်ပြောင်းလဲသွားပြီး အားလုံး၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နေရသည့် ဖန့်ရှောင်းထံသို့ လက်သီးများ ပစ်သွင်းသည်။ သူက ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ပြီး လေထဲမှ မြေပြင်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျသွားခဲ့သည်။ ကြောက်မက်ဖွယ် စွမ်းအား အရှိန်အဝါများက သူ့ခန္ဓာကိုယ်မှ ကွယ်ပျောက်လာခဲ့ရာ သူသည် ဒဏ်ရာ အပြင်းအထန်ရရှိသည်မှာ သံသယဖြစ်စရာ မလိုတော့။

သို့သော်လည်း ရန်ဟောင်တစ်ပါး၏ မျိုးဆက်ဖြစ်သော သူ့အား ယန်ထုံက သက်ညှာသောအားဖြင့် သတ်ဖြတ်ခဲ့ခြင်း မရှိပေ။

ရဲတိုက်အတွင်းရှိ လေထုမှာ ထိုင်းမှိုင်းနေသည်။ ဖန့်ရှောင်းက ယန်ထုံကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်၌ သူသည်သာ ရှုံးနိမ့်ခဲ့သည်။ ပြိုင်ပွဲ၌ လူအများ မျှော်မှန်းထားသည့် သုံးယောက်မှ တစ်ယောက် ထွက်သွားရပြီဖြစ်သည်။

သူ့အပေါ်၌ လောင်းကြေးထပ်ခဲ့သည့် လူများမှာလည်း ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။

ဤသည်ကပင် အိပ်မောကျနဂါးပြိုင်ပွဲ ဖြစ်ပေသည်။

ထိုအချိန်တွင် ရဲတိုက်တွင်း၌ ကောင်းချီး ဩဘာပေးသံများ သောင်းသောင်းဖျဖျ ထွက်ပေါ်လာခဲ့၏။ သူတို့မှာ ယန်ထုံအပေါ်တွင် လောင်းကြေး ထပ်ထားသူများ ဖြစ်ကြသည်။

အနိုင်ရသူကား သတ်မှတ်ပြီးသား ဖြစ်သွားလေပြီ။

ရီဝူချင်းနှင့် တိုက်ခိုက်နေသည့် ကျိုးရွှီက ချက်ချင်းပင် အကွာအဝေးတစ်ခုထိ ဆုတ်ခွာပြီး မျက်မှောင်ကြုတ်လိုက်၏။

ရဲတိုက်ပေါ်မှ ဆန်းဇွန်သည်လည်း တစ်စုံတစ်ခုကို ခံစားလိုက်ရကာ မျက်မှောင်ကြုတ်သည်။

“ယန်ထုံက အမဲလိုက်တာကို ဒီလောက် အတိုင်းအတာအထိ အောင်မြင်ခဲ့တယ်ဆိုရင် အိမ်ကို လက်ဗလာနဲ့ ပြန်သွားဖို့ လုံးဝ မဖြစ်နိုင်ဘူး။ သူက တစ်ယောက်ပြီးတစ်ယောက် စပြီး တိုက်ခိုက်တော့မယ်။ ဒီနည်းနဲ့ပဲ သူက အပေါ်ကို ဆက်တက်နိုင်လိမ့်မယ်” စစ်ထိုရန်က ရီဖူရှင်း ကြားရန် တမင် ရည်ရွယ်ကာ အသံတိုးတိုးနှင့် ရေရွတ်သည်။

ယန်ထုံက ကျိုးရွှီကို ကြည့်ကာ ပြောသည်... “သူတို့ကြားထဲမှာ မင်းလူတွေလည်း ရှိနေတာလား”

သူ၏အဖွဲ့၊ ယူချင်းတို့ လူငါးယောက် အဖွဲ့အပြင် နောက်တစ်ဖွဲ့လည်း ရှိနေဟန်ရသည်။

“တော်တယ်” ကျိုးရွှီက မဲ့ပြုံးပြုံးလိုက်သည်တွင် လူရိပ်များက ကျိုးရွှီ၏ဘက်တွင် စုဝေးလာကြသည်။

ပွဲကြည့်ပရိသတ်များက ထိုမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်သွား ကြပြန်၏။

နာမည်ကျော် ပါရမီရှင်နှစ်ဦးက နဂါးအမဲလိုက်ခြင်းကို စီစဉ်ခဲ့ပြီး နှစ်ဖွဲ့လုံးသည် နောက်ဆုံး အဆင့်သို့အထိ ရောက်လာကြ၏။

တိုက်ပွဲကွင်းပြင်တွင် အုပ်စုများထဲ မပါဝင်သူများလည်း ရှိနေကြကာ သူတို့မှာ ကူရာမဲ့သော အနေအထားသို့ ရောက်လာကြ၏။

“ငါတို့ နောက်ဆုံး တိုက်ပွဲစမခင် သူတို့ကို ဖယ်ထုတ်လိုက်တာ ဘယ်လိုလဲ” ယန်ထုံက ပြောသည်။

“သေချာတာပေါ့” ကျိုးရွှီက ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ဖွဲ့က ပြိုင်တူ လှုပ်ရှားလိုက်ကြကာ တစ်ကိုယ်တော်များအား မြန်ဆန်စွာ ရှင်းလင်းလိုက်ကြ၏။

ဤနည်းဖြင့် နောက်ဆုံးတွင် ယူချင်းတို့ ငါးယောက်သာ ကျန်ရစ်တော့သည်။

ဆန်းဇွန်သည် တိုက်ပွဲကွင်းပြင်မှ အလှည့်အပြောင်းကို မြင်လျှင် စိတ်ပျက် သွားခဲ့သည်။ သည်အခြေအနေတွင် ယူချင်းအတွက် မျှော်လင့်ချက် မရှိတော့ဟု သူခံစားနေရသည်။

ရီဖူရှင်းကလည်း အုပ်စုနှစ်စုက ယူချင်းတို့အား ဦးဆုံး ဖယ်ရှားတော့မည့် အခြေအနေကို မြင်နေရ၏။

ယူချင်းတို့ကလည်း အခြေအနေကို မြင်လျှင် တိုက်ခိုက်ရန် နေရာယူကြသည်။ ယူချင်းက ရှေ့တန်းတွင် နေရာယူ၍ ရီဝူချင်းနှင့် ဟောင်ကျူဂီက ဘယ်တောင်ပံ၊ ကျန်ကျောင်းနှင့် စုချွဲက ညာတောင်ပံတွင် နေရာယူကာ တစ်ဖက်မှ ရန်သူများအား မျက်ခြည်မပြတ် ကြည့်နေကြသည်။

ရဲတိုက်ပေါ်မှ လူများကလည်း ယူချင်းထံသို့ လျှောက်လာနေသည့် ယန်ထုံနှင့် သူ့လူများကို ကြည့်သည်။

သူတို့ထဲမှ အများစုမှာ မြို့စားရုံးအိမ်တော်မှ စွမ်းအားမြင့် တန်ခိုးရှင်များဖြစ်ကြ၏။

ချန်ယဲ့မြို့မှ အုပ်စုကား အခြေအနေ သိပ်မကောင်းတော့။

***

All Chapters