← Chapters

အခန်း (၄၄၆)

Vol. 30 Ch. 446

အခန်း (၄၄၆)

Vol. 30 Ch. 446

ဗောဓိဟူသည်မှာ ဗုဒ္ဓလမ်းစဉ်တွင် ဉာဏ်ပညာနှင့် အသိဉာဏ်ပွင့်လင်းမှု၏ သင်္ကေတဖြစ်သည်။ အတိတ်တုန်းက ဗုဒ္ဓကလည်း ဗောဓိပင်အောက်တွင် ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့ခြင်းဖြစ်၏။

“ဟုတ်တယ်။ ဗောဓိမျိုးစေ့ကို ဝတ်ဆင်ထားမယ်ဆိုရင် ကမ္ဘာမြေကြီးရဲ့ အစွမ်းတွေကို အာရုံခံတဲ့နေရာမှာ အကူအညီပေးနိုင်တယ်။ အဲဒီကနေ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ပြီး ကိုယ့်ရဲ့လမ်းကြောင်းကိုလည်း အကြမ်းဖျင်း စတင်နိုင်လိမ့်မယ်။ ဒါပေမယ့် အဲဒီအရာတွေကတော့ တိကျမှုမရှိဘူး။ အဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးရဦးမှာပဲ…”

ကျန်းကျိဝေက‌ မုန့်ချီကို ဂရုစိုက်ရန် သတိပေးနေရင်း ခေါင်းညိတ်ပြလိုက်သည်။

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ဘာမှမစိုးရိမ်ပါနဲ့။ ငါက ဘာတွေလုပ်နေတယ်ဆိုတာ နားလည်ပါတယ်…”

သူက ဗုဒ္ဓလက်ဝါးကို နားလည်နိုင်ရန် ဗောဓိမျိုးစေ့ကို အဓိကအလေးထားနေခြင်းဖြစ်ပြီး တခြားအရာများပါ ရရှိနိုင်မည်ဆိုလျှင်တော့ သူ့အတွက် ဆိုးကျိုးများ မဖြစ်နိုင်ပေ။ သူ၏လမ်းကြောင်းကိုတော့ သူကိုယ်တိုင် တစ်လှမ်းချင်းဆီ လျှောက်လမ်းသွားမည်သာဖြစ်၏။

မုန့်ချီ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ချီကျန်းရန်နှင့် ရွမ်ယုရှုတို့နှစ်ယောက်လုံးက သူ၏ ရည်ရွယ်ချက်ကို နားလည်နေကြသည်။ သူက ကျိုးဟမ်ကဲ့သို့ ဖြစ်ကြောင်း သူတို့လည်း သိနေကြ၏။

ဉာဏ်အလင်းပွင့်မှုအတောအတွင်းသူတို့၏ခန္ဓာကိုယ် ကျင့်စဉ်များက အနည်းနှင့်အများ ကန့်သတ်ချက်ကို ရောက်လာကြသည်။ ယခုလိုအပ်နေသည်မှာ သူတို့ သူတို့၏ပင်မဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို နောက်တစ်ဆင့်အထိ မြှင့်တင်နိုင်ရန်ဖြစ်သည်။

မုန့်ချီက ထိုအရာကို ရှင်းရှင်းလင်းလင်း ပြောမပြခဲ့သော်လည်း သူ မည်သည့်အရာများ တွေးနေကြောင်း လူတိုင်းက သိနေကြ၏။ သူ၏ပစ်မှတ်က နောက်ထပ်တာဝန်မစခင် လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ရှိပြီး ကိုယ်ပိုင်လမ်းကြောင်း ရရှိနိုင်ရန် ဖြစ်သည်။

မုန့်ချီက ပြန်လှည့်လာပြီး အချိန်ကြာမြင့်စွာ လိုချင်နေခဲ့သော ဗောဓိမျိုးစေ့ကို လဲလှယ်လိုက်၏။ သူ့ဆီတွင် ထိုအရာကို လဲလှယ်ရန် အမှတ်အလုံအလောက် ရှိနေသည်။ ထိုအရာက စိမ်းပြာရောင် အလင်းတန်းများ တောက်ပနေသော မျိုးစေ့လေး တစ်ခုဖြစ်၏။

ထိုအရာကို လက်ထဲတွင် ကိုင်ထားသည့်အချိန်၌ မုန့်ချီ၏ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

“နှစ် (၅၀၀)သက်တမ်းရှိ ဗောဓိမျိုးစေ့၊ ကမ္ဘာမြေရဲ့ ရတနာတစ်ခု ၊ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ထားမယ်ဆိုရင် နားလည်မှုတွေ ရရှိဖို့ ကူညီပေးနိုင်တယ်။ အထူးသဖြင့် တရားဓမ္မနဲ့ ပတ်သက်တဲ့အရာတွေမှာ စွမ်းရည်ရှိတယ်။ (၉) လ ကြာပြီးသွားရင် သူ့ရဲ့စွမ်းရည်တွေ ပျောက်ကွယ်သွားလိမ့်မယ်။ ကံကြမ္မာအမှတ် (၁၀၀၀) တန်ကြေးရှိတယ်…”

ဗောဓိမျိုးစေ့က ဈေးကြီးသည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆို‌သော် လူအများစုအပေါ်တွင် အကျိုးကျေးဇူး အနည်းငယ်လေးသာ ရှိနေ၏။ ဗုဒ္ဓဘုန်းတော်ကြီးများနှင့် မုန့်ချီကဲ့သို့ ဗုဒ္ဓလမ်းစဉ်လမ်းညွှန်ချက်များကို ရရှိထားသော သူများကလွဲလျှင် လူအနည်းငယ်ကသာ ထိုအရာကို အသုံးပြုနိင်ကြသည်။

မည်သို့ဖြစ်စေကာမူ ကမ္ဘာမြေကြီး၏ စွမ်းအားများကို အာရုံခံနိုင်စွမ်းရှိခြင်းက ထူးဆန်းသည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ မုန့်ချီက ထိုမျိုးစေ့လေးကို ကြိုးနှင့်ဖောက်ပြီး လည်ဆွဲတစ်ခုအနေနှင့် လည်ပင်းတွင် ဆွဲထားလိုက်၏။

တခဏအတွင်းသူ့ခေါင်းထဲတွင် ပို၍ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူက ဓားမောက်နှင့် ဓားရှည်ကို ပူးပေါင်းတိုက်ခိုက်နိုင်စွမ်းရှိသော သိုင်းကွက်တစ်ခု ‌ရွေးချယ်ရန် စဉ်းစားထား၏။

သူ့ဆီတွင် ထိုကဲ့သို့ စွမ်းရည်တစ်ခု လိုအပ်နေကြောင်း စဉ်းစားမိသည့်အတွက် သူက ဗုဒ္ဓလက်ဝါးကျင့်စဉ်မှ နားလည်လာသော စွမ်းရည်များကို အရင်ဆုံး ဆန်းစစ်ကြည့်ရန် စောင့်ဆိုင်းနေချင်ခဲ့သည်။

ဓားရှည်၊ ဓားမောက် ပူးပေါင်းကျင့်စဉ်အတွက် စဉ်စားရာတွင် မုန့်ချီ၏ ခေါင်းထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ ကောင်းကင်ကျင့်စဉ် (၃) သွယ် ဖြစ်သည်။ ထိုအရာက ဓားမောက် (၃) မျိုး၊ ဓားရှည် (၃) မျိုး ကောင်းကင်ကျင့်စဉ် ဖြစ်သည်။ သူတို့က ဓမ္မကာရအဆင့် သိုင်းကွက်များ ဖြစ်နေသည်မှာ ကံဆိုးသွား၏။

သူက ထိုအဆင့်နှင့် အလှမ်းကွာနေသေးသည့်အတွက် ဓားမောက် (၃)မျိုး၊ ဓားရှည်(၃)မျိုးကျင့်စဉ်ကို အလျဉ်စလို မလိုအပ်သေးပေ။ သူကလည်း သူ့အဖွဲ့နှင့် တူညီသောအတွေးများ ရှိနေ၏။

ကျန်းကျိဝေနှင့် တခြားသူများကလည်း တူညီသောကျင့်စဉ်များကို လဲလှယ်ရမည့်စာရင်းထဲတွင် ရှာဖွေပေးပြီး သူ့ကို အကြံပေးနေကြသည်။ နောက်ဆုံးတွင်တော့ မုန့်ချီက လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်တွင် ပင်မကမ္ဘာကြီးထဲမှ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖန်တီးထားခဲ့သော ဝေ့ကျင်းအဆင့် သိုင်းကွက် တစ်ခုကို ရွေးချယ်လိုက်သည်။

“ယင်ယန် ပြောင်းပြန်ကျင့်စဉ်…”

ထိုအရာက ကံကြမ္မာအမှတ် (၁၀၅၀) ကုန်ကျ၏။ ထိုအရာက ကနဦးဝေ့ကျင်းအဆင့်တွင် အသုံးပြု၍ ရနိုင်ပြီး ဓားရှည်နှင့်ဓားမောက် ပူးပေါင်းတိုက်ခိုက်မူကို အလေးပေးထားသည်။ ထိုအရာက ယင်နှင့်ယန် ဆက်သွယ်မူကိုလည်း အလေးထား၏။ ထိုအရာက မုန့်ချီလို ယခုမှ စတင်လေ့ကျင့်သော လူတစ်ယောက်အတွက် အတော်လေး သင့်တော်သော အရာတစ်ခုဖြစ်သည်။

ဉာဏ်အလင်းပွင့်မှုအဆင့် အတောအတွင်း ဓားရှည်နှင့် ဓားမောက်စွမ်းရည်များကို အလွယ်တကူ နားလည်နိုင်ပြီး အဓိကအချက်များကို သိလာနိုင်သည်။ သူက လက်ရှိဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာတို့၏ အခြေအနေနှင့် လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်လာနိုင်သည်။

“ဒါဆိုလည်း ကောင်းပြီလေ…။ ငါက နင်တို့အားလုံးနဲ့ (၂) နှစ်ကြာရင် ပြန်တွေ့မယ်”

ကျန်းကျိဝေက သက်ပြီးချလိုက်ပြီး အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

သူမ၏စကားလုံးများက ကိုယ်ကိုယ်ကိုယ် တွန်းအားပေးသလို ခံစားရ၏။ သူတို့၏ နောက်ထပ်တာဝန်တွင် ပြန်တွေ့ရမည်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်သည်။ ထို့နောက် ကျန်းကျိဝေက အလင်းတိုင်လုံးထဲသို့ဝင်ပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့၏။ သူမ၏ ပတ်ပတ်လည်တွင် မြူခိုးများ လွှမ်းခြုံလာပြီး အရိပ်တစ်ခုပင် ကျန်မနေတော့ပေ။

မုန့်ချီကတော့ ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။ ထို့နောက် သူလည်း ရွမ်ယုရှု၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့ကို နှုတ်ဆက်လိုက်ပြီး မြောက်ပိုင်းမြက်ခင်းပြင်သို့ သွားမည်ဖြစ်ကြောင်း သူတို့ကို ရှင်းပြခဲ့လိုက်သည်။

အရိပ်များပေါ်လာပြီး မုန့်ချီက အိမ်ထဲသို့ ပြန်ရောက်လာကြောင်း တွေ့လိုက်ရ၏။ ပြတင်းပေါက်မှနေ၍ အလင်းရောင်များ ဝင်ရောက်လာနေပြီး အိမ်တစ်ခုလုံးတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသလို ခံစားနေရသည်။

တစ်ချိန်လုံး သူတို့နှင့်အတူ ရှိနေပြီး သဘောကောင်းသော မိန်းကလေးက အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုကို လုပ်ဆောင်သွားတော့မည်လော..။ သူက သူမကို နောက်တစ်ကြိမ်တွေ့ရအုံးမည်လော..။

ခံစားချက်ပေါင်းများစွာကြောင့် သူက ငူငူငိုင်ငိုင် ဖြစ်သွားခဲ့၏။ ယခု သူတို့က ရှင်လျှက် ခွဲခွာရခြင်းဖြစ်ပြီး သေလျှက်နှင့် ခွဲခွာရဦးမည်လော…

“ညီလေး (၃)….

မင်းက တံခါး (၉) ပေါက် ပွင့်နေပြီလေ။ ဘာလို့ အပြင်ထွက်လာပြီး အောင်ပွဲမခံရတာလဲ…”

ထိုအချိန်တွင် ပြတင်းပေါက်မှနေ၍ ခေါင်းတစ်လုံးပေါ်လာသည်။

ထိုအရာကတော့ ဆံပင်ရှည်များကို သေချာဖြီးသင်ထားခြင်း မရှိသော ကောင်းလန် ဖြစ်၏။ မုန့်ချီက ပြန်လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အလင်းတန်း အနည်းငယ်ကို တွေ့လိုက်ရသည်။ ရင်ထဲတွင်လည်း အနည်းငယ် လှုပ်ရှားသွား၏။

သူက ကောင်းလန်၏ နံဘေးတွင် သံသရာကမ္ဘာကြီးထဲသို့ ဝင်ရောက်ခဲ့ရသည်။ သူက တစ်စုံတစ်ခုကို ရှာတွေ့သွားခြင်းပေလော။ မုန့်ချီက ကျောင်းထိုင် ကုံဝမ် နှင့် ဆရာကြီးလု ကဲ့သို့ ဓမ္မကာရအဆင့် ပညာရှင်များကို တွေ့ခဲ့ဖူးသည်။ သို့သော် သူ သံသရာကမ္ဘာကြီးထဲသို့ ဝင်ရောက်သွားသည့်အချိန်တိုင်း သူတို့နှင့် အတော်လေး ဝေးကွာသော နေရာတွင် ရှိနေ၏။ ယခုတစ်ကြိမ်တော့ သူက ကောင်းလန်နှင့် (၃) ပေခန့်အကွာတွင်သာ ရှိနေသည်။

“စိတ်အေးအေးထားပပါ။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိတယ်။ ငါက တခြားလူတွေရဲ့ လျှို့ဝှက်ချက်ကို စိတ်ဝင်စားနေတဲ့ လူတစ်ယောက် ဖြစ်နေလို့လား..”

မုန့်ချီ၏ အတွေးကို သိနေသည့်အလား ကောင်းလန်က ပြောလိုက်သည်။

“သံသရာ အရှင်သခင်ဆီက သတိပေးချက်မရဘူးဆိုတော့ သူက တခုခု လွဲချော်နေတယ်ဆိုတာပဲ သတိထားမိနိုင်တယ်။ အရေးကြီးတဲ့အရာက ဘာလဲဆိုတာ သူက သိပါ့မလား..”

မုန့်ချီက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“အစ်ကိုကြီး အင်မော်တယ်အရက် ရှိနေ‌သေးလား…”

မုန့်ချီက စိတ်ထဲတွင် ရှုပ်ထွေးနေသည့်အတွက် အရက်သောက်ပြီး ဖြေဖျောက်ချင်နေခဲ့သည်။

ကောင်းလန်က သူ၏ ခါးပတ်ကြိုးကို လျှော့လိုက်ပြီး လက်နောက်ပစ်ကာ မုန့်ချီကို စိုက်ကြည့်နေခဲ့၏။ ထို့ကြောင့် မုန့်ချီက ရင်ထဲတွင် အနည်းငယ်လှုပ်ရှားကာ ကောင်းလန်၏ အပြုအမူကို နားမလည်ခဲ့ပေ။

“အစ်ကိုကြီး …

အခုပဲ ကျွန်တော်တို့က အရက်သောက်ပြီး အောင်ပွဲခံမယ်လို့ ပြောခဲ့တာ မဟုတ်လား…”

မုန့်ချီက မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်၏။

ကောင်းလန်က ခေါင်းခါပြလိုက်သည်။

“အနည်းဆုံးတော့ မင်းက ပျော်မနေခဲ့ဘူးလေ။ ဘာလို့ အရက်သောက်ပြီး‌ အောင်ပွဲခံရမှာလဲ။ မင်းရဲ့ခံစားချက်တွေကို ကြည့်ရတာ မင်းက အသည်းကွဲနေသလိုပဲ”

“အဲဒီလို မဟုတ်ပါဘူး…”

မုန့်ချီက ချက်ချင်း တုန့်ပြန်လိုက်သည်။

“ညီလေး (၃) …

မင်းက တခြားလူတွေကို အရူးလုပ်လို့ရမယ်။ ငါ့ကိုတော့ အရူးလုပ်လို့မရဘူး။ တကယ်လို့ မင်းက မိန်းကလေးတစ်ယောက်ကြောင့် ဝမ်းနည်းနေတာ မဟုတ်ဘူးဆိုရင် ငါ့ကိုယ်ငါ လည်ဖြတ်ပေးနိုင်တယ်…”

ကောင်းလန်က ကြေညာလိုက်၏။

မုန့်ချီက နောက်တစ်ကြိမ် ငြင်းဆန်ရန် ပြင်လိုက်သည်။ သို့သော် စကားတခွန်းမျှ မပြောဘဲ သက်ပြင်းရှည်ကြီး ချလိုက်မိ၏။

“ဒါက မိန်းကလေးတစ်ယောက်နဲ့တော့ ပတ်သက်တယ်။ ဒါ‌ပေမယ့် အသည်းကွဲတာတော့ မဟုတ်ပါဘူး…”

ကောင်းလန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏မျက်လုံးများက တောက်ပလာသည်။ သူက မုန့်ချီကို လှည့်ကြည့်ပြီး ဆက်ပြောပြရန် အချက်ပြလိုက်၏။

“ပြောစမ်းပါဦး…၊ ဘာကိစ္စလဲ…”

ကောင်းလန်၏ အမူအရာကိုကြည့်ပြီး မုန့်ချီက အောင်သွယ်တော်များကို အမှတ်ရသွားခဲ့သည်။ သို့သော် သူ့ဆီတွင် ခံစားချက်များ ရှုပ်ထွေးနေသည့်အတွက် ရင်ဖွင့်စရာ လိုအပ်နေ၏။ သူက သက်ပြင်းချပြီး ပြောလိုက်သည်။

“အစ်ကိုကြီး …

ကျွန်တော်နဲ့ ‌သေခြင်းတရားတွေကို အတူတူဖြတ်ကျော်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်အကြောင်း ပြောခဲ့တာ မှတ်မိသေးလား…”

“သူက ပင်မသိုင်းဂိုဏ်းကြီးတစ်ခုရဲ့ဆက်ခံသူ တစ်ယောက်ပါ။ သူ့ရဲ့ဓားဆန္ဒတွေက အရမ်းကို တောက်ပနေပြီး သဘောလည်း ကောင်းတယ်…”

“ဟုတ်တယ် မှတ်မိပြီ။ သူက ဘာဖြစ်လို့လဲ…”

ကောင်းလန်က ဝင်ပြောလိုက်သည်။

“သူက အသက်စွန့်စားခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုလုပ်ဖို့ ဆန္ဒရှိနေတယ်…”

ကောင်းလန်က အံ့သြသွားပုံရ၏။

“ဒါဆိုရင် သူက ကျိကျန်းဓားစံအိမ်ရဲ့ဆက်ခံသူပေါ့…။ ဒါဆို မဆိုးဘူး ကောင်လေး..”

“မဆိုးဘူးဆိုတာ ဘာကို ပြောတာလဲ…”

မုန့်ချီက စိတ်ဓာတ်ကျစွာ ပြန်မေးလိုက်သည်။

ကောင်းလန်က ပြန်ပြောလိုက်၏။

“အထူးချွန်ဆုံး တစ်ကိုယ်တော် ကျင့်ကြံသူတွေကတောင် ကျိကျန်းဓားစံအိမ်ရဲ့ အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုမှာ သေဆုံးသွားတတ်ကြတယ်။ မင်းက သူ့ကို မတားချင်ဘူးလား…”

“ကျွန်တော်က သူသေသွားမှာကို မမြင်ချင်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် သူ့ကို ဆွဲထားဖို့ မဖြစ်နိုင်ဘူး…”

မုန့်ချီက ခဏရပ်ပြီး ပြန်ဖြေလိုက်သည်။

ကောင်းလန်က လက်ခုပ်တီးပြီး ပြောလိုက်သည်။

“အဲဒါ အမှန်ပဲ။ ဒါကိုတောင် မင်းက အသည်းကွဲနေတာ မဟုတ်ဘူးလို့ ပြောချင်သေးတာလား…”

မုန့်ချီ၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။

“ကျွန်တော်က သူသွားတာကို မိတ်ဆွေတစ်ယောက်အဖြစ် မတားနိုင်ဘူး။အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုအရ သူ့ကို နောက်တစ်ကြိမ် တွေ့ချင်မှ တွေ့ရတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူထွက်သွားတာကို ခံနိုင်ရည် မရှိဘူးလေ…”

“မင်းရဲ့ရင်ထဲမှာ ခံစားချက်တွေ အများကြီး ရှိနေတာပဲ မဟုတ်လား…”

မုန့်ချီက စကားတခွန်းမျှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင် မင်းက သူ့ကို မျက်နှာချင်းဆိုင် ပြောပြသင့်တယ်။ မင်းက သူ့ကို ဆွဲထားချင်တာပဲဖြစ်ဖြစ်၊ ဆွဲမထားချင်တာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ပြဿနာဖြစ်သွားပြီ။ ဒါပေမယ့် အဲဒါက သူ့ရဲ့ရွေးချယ်မှု မဟုတ်ဘူး…”

ကောင်းလန်က မုန့်ချီ၏ အင်္ကျီကို ကိုင်လိုက်သည်။

“အဲဒါက သူ့ရဲ့စိတ်အခြေအနေကို ပျက်စီးသွားနိုင်….”

မုန့်ချီ၏ စကားမဆုံးခင် သူ၏ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ အရာအားလုံးကလည်း မည်းမှောင်သွားခဲ့၏။

ခဏကြာပြီးနောက် အလင်းရောင်များကို ပြန်မြင်လိုက်ရပြီး မုန့်ချီ၏ရှေ့တွင် ဓားတစ်ချောင်းကဲ့သို့ တောင်ထိပ်တစ်ခုကို တွေ့လိုက်ရ၏။

“ကျွန်တော်တို့က ဘယ်ကိုရောက်နေတာလဲ..”

မုန့်ချီက အံ့သြသွားခဲ့သည်။ သူ့နားထဲတွင်လည်း ကောင်းလန်၏ ရယ်သံကို ကြားလိုက်ရ၏။

“ငါတို့က ကျိကျန်းဓားစံအိမ်ရှိနေတဲ့ တောင်ခြေကို ရောက်နေတာလေ…”

“ဟမ်…”

မုန့်ချီက မှင်တက်သွားမိခဲ့သည်။

ကောင်းလန်၏အပြုံးက ပျောက်ကွယ်သွားပြီး သူ၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာခဲ့၏။

“တကယ်လို့ မင်းတို့က မိတ်ဆွေတွေဆိုရင်တောင် ခွဲခွာခါနီးအချိန်တွေမှာ မင်းရဲ့ ခံစားမှုကို ပြောပြသင့်တယ် မဟုတ်ဘူးလား။ ဘာမှမလုပ်ခဲ့ဘူးဆိုရင် မင်းက နောင်တရလိမ့်မယ်။ ငါ့ရဲ့ သွေးသောက်ညီအစ်ကို ကိုလည်း ငါ့လို အဖြစ်မျိုး မဖြစ်စေချင်ဘူး…”

ကျန်းကျိဝေက ထင်ရှားသောမျက်ခုံး၊ တောက်ပသော မျက်လုံးနှင့် ဆံပင်ရှည်များကို ဖဲကြိုးအဝါလေး စည်းထားတတ်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမက အဝါဖျော့ရောင် ဝတ်စုံကိုသာ ဝတ်ဆင်တတ်၏။ ထို့ပြင် သူ့ကို ‘ကိုရင်လေး’ ဟု အမြဲခေါ်တတ်သည်။

ကျန်းကျိဝေက သူနှင့် လိုက်ဖက်ညီသော မိန်းကလေး တယောက်လည်း ဖြစ်၏။ ကျန်းကျိဝေက သူ့ကို အခြေအနေပေါင်းစုံတွင် အကြံဉာဏ်ပေးခဲ့ပြီး မိုင်ပေါင်းများစွာ ဖြတ်ကျော်၍ သူ့ကို အကူအညီပေးရန် မြစ်အရှေ့ပိုင်းသို့ ရောက်လာခဲ့သည်။

အစွမ်းထက်သော ရန်သူများ၏ ရှေ့တွင် ကျန်းကျိဝေက လုံးဝလှုပ်ရှားသွားခဲ့ခြင်း မရှိချေ။ အဖွဲ့သားများ အသက်ရှင်ခွင့်ရရန်အတွက် သူမ၏စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းပစ်ခဲ့ပြီး ၂၃ ချက် ဓားသိုင်းကွက်ကို အသုံးပြုခဲ့၏။ ထို့ပြင် ကျန်းကျိဝေကို ‘ကြက်သတ်နတ်ဘုရားဓား ’ဟုလည်း သူက နာမည်ပေးထားခဲ့သည်။

ခေါင်းထဲတွင် မှတ်ဉာဏ်ပေါင်းများစွာ ပေါ်လာပြီး အနှေးပြကွက်များကဲ့သို့ မျက်လုံးထဲတွင် ပြန်ပေါ်လာခဲ့သည်။ မုန့်ချီက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူ၏အကြည့်ကလည်း ခိုင်မာလာခဲ့၏။

“အစ်ကိုကောင်း ပြောတာ ဟုတ်တယ်..။ ဘယ်လိုပဲဖြစ်ဖြစ် မခွဲခွာခင် ငါ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်သင့်တယ်…”

သူက ဂိုဏ်း၏တံခါးရှေ့သို့ လျှောက်သွားချိန်တွင် ထိုဂိုဏ်းမှ တပည့်က

မေးလိုက်၏။

“မိတ်ဆွေ …

ဘာများကူညီပေးရမလဲ…”

“ငါ့နာမည်က စုမုန့်ပါ။ ငါက စီနီယာအစ်မ ကျိဝေနဲ့ လာတွေ့တာပါ…”

မုန့်ချီက ရင်ဘတ်ပေါ်သို့ လက်တင်ပြီး အပြုံးနှင့် ပြောလိုက်သည်။

……………

ကျန်းကျိဝေက အခန်းထဲတွင် ရှိနေသော သစ်သားခုံလေးတစ်ခုပေါ်တွင် ထိုင်နေသည်။ သူမက ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေခဲ့၏။ ထိုအခန်းက သာမန် မိန်းကလေးတစ်ယောက်၏ အခန်းနဲ့ ကွဲပြားသည်။ အခန်းထဲတွင် မှန်တစ်ချပ်သာ ရှိနေပြီး သူမ၏အဝတ်အစား၊ အသုံးအဆောင်များကို ထည့်ထားသော သေတ္တာအနည်းငယ် ရှိသည်။

ပြတင်းပေါက်မှနေ၍ တောက်ပသော နေရောင်ခြည်များ ထွက်ပေါ်လာနေပြီး အခန်း၏ ပတ်ပတ်လည်တွင် ဓားသိုင်းကျမ်းများ ရှိနေသည်။ ထိုအရာက ၁၀ နှစ်ကျော် သူမနေထိုင်ခဲ့သော အခန်းငယ်လေးဖြစ်၏။ ကျန်းကျိဝေက မျက်လုံးမှိတ်လိုက်ပြီး သူမ၏အတိတ်ကို နှုတ်ဆက်လိုက်၏။

ထို့နောက် သူမက ဓားရှည်ကို ကိုင်ပြီး မတ်တပ်ရပ်လိုက်ချိန်တွင် အပြင်ဘက်မှနေ၍ ဂိုဏ်းတူ‌မောင်လေးတစ်ယောက်အသံကို ကြားလိုက်ရ၏။

“အစ်မကျန်း …

စုမုန့်က အစ်မကို လာတွေ့တယ်။ အစ်မ သူ့ကိုတွေ့ချင်လား…”

မုန့်ချီက နာမည်ကျော်ကြားသော လူငယ်တစ်ယောက်ဖြစ်သည့်အတွက် ကျိကျန်းဓားစံအိမ်မှ လူများက သူ့ကို သိနေကြသည်။ ကျန်းကျိဝေ၏ မျက်နှာလေးက ငြိမ်သက်သွား၏။ သူမက ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်မိပြီး နှုတ်ခမ်းကိုလည်း ကိုက်လိုက်မိသည်။

“ဂိုဏ်းတူအစ်မကျန်း…”

အပြင်ဘက်တွင် ရှိနေသော လူငယ်က အသံမြှင့်၍ ခေါ်လိုက်ပြန်၏။

“မင်းက ကိုယ့်ရဲ့လမ်းကြောင်းကိုပဲ လျှောက်ရမယ်…”

ခေါင်းထဲတွင် သူမဆရာ၏ သတိပေးချက်များ ထွက်ပေါ်လာသည်။

ကျန်းကျိဝေက သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ နောက်ဆုံးတွင်တော့ ပြန်ဖြေလိုက်သည်။

“သူ့ကို တောင်တစ်ဝက်စံအိမ်မှာ စောင့်နေဖို့ ပြောလိုက်ပါ…”

ကျောက်တုံးအခန်းထဲတွင်တော့ ဒူးနှစ်ဖက်ပေါ်တွင် ဓားရှည်တင်ထားသော အပြာဝတ်လူတစ်ယောက် ထိုင်နေသည်။ သူကတော့ အဝေးကို ခရီးသွားနေသည့်အလား ကျန်းကျိဝေကို တားဆီးနေခြင်းမရှိချေ။

ကောင်းလန်က တောင်ခြေတွင် လက်နောက်ပစ်၍ ရပ်နေ၏။ သူက အဝေးတွင် ရှိနေသော ကျိကျန်းဓားစံအိမ်ကို လှမ်းကြည့်လိုက်ပြီး လူတစ်ယောက်ကို သတိထားမိပုံရသည်။ သူက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“သူက အခက်ခဲဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့မယ်လို့ မထင်ထားဘူး….”

…………………

တောင်တစ်ဝက်စံအိမ်တွင် …

မုန့်ချီက တိမ်တိုက်များကို ငေးကြည့်နေရင်း ခါးတွင် ချိတ်ထားသော ဓားကို ကိုင်ကြည့်နေသည်။ သူက ရုတ်တရက် စိုးရိမ်နေသလို ခံစားလိုက်ရ၏။ ထိုအချိန်တွင် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းကျိဝေက တောင်တက်လမ်းမှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်က နွေရာသီအလယ်ပိုင်း ဖြစ်သော်လည်း သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော ပန်းပွင့်လေးများက လှပစွာ ပွင့်လန်းနေကြပြီး သစ်ပင်ကြီးများက အစိမ်းရောင်သစ်ရွက်များနှင့် ဝေဝေဆာဆာ လှပနေသည်။

ကျန်းကျိဝေကတော့ ထိုပန်းပွင့်များကြားတွင် နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ သူမက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိဘဲ အဝါဖျော့ရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။ သူမက မျက်ခုံးအနည်းငယ် ခြယ်ထားပြီး ဆံပင်များကို သေချာစည်းနှောင်ထားသည်။ သူမ၏အလှတရားများက မုန့်ချီနှင့် ပထမဆုံးတွေ့ခဲ့ရသည့် အချိန်ကကဲ့သို့ ဖြစ်နေသည်။

“နင်ရောက်လာမယ်လို့ ငါ မထင်ထားဘူး…”

ကျန်းကျိဝေက စံအိမ်ထဲသို့ ဝင်လာရင်း အပြုံးနှင့် ပြောလိုက်၏။ ထို့နောက် သူမက ကျောက်ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်၏။

မုန့်ချီက သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေရင်း အပြုံးနှင့် ပြောလိုက်သည်။

“ခွဲခွာခါနီးအချိန်မှာ မိတ်ဆွေတစ်ယောက်ကို လာတွေ့တာက သာမန်ပါပဲ…ငါက နင့်ကို နောက်တစ်ကြိမ် လာတွေ့ချင်တာပါ။ ပြီးတော့ အသက်စွန့်စားခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုအပြင် အဆင့်တက်ဖို့ တခြားနည်းလမ်းတွေလည်း ရှိသေးတယ် ဆိုတာကို လာပြောချင်တာပါ…”

နောက်ဆုံးစကားကို ပြောလိုက်ပြီးနောက် မုန့်ချီက အတော်လေး စိတ်အေးသွားသလို ခံစားလိုက်ရ၏။

ကျန်းကျိဝေကတော့ ဒေါသထွက်နေပုံ မရချေ။ ထိုအစား သူမက အပြုံးနှင့် ပြောလိုက်၏။

“ငါက ဒီကိစ္စကို အချိန်အကြာကြီး စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာပါ…”

သူမ၏အကြည့်က အလွန်ပျော့ပျောင်းနူးညံ့နေပြီး မုန့်ချီကို အပြုံးနှင့်ကြည့်နေခဲ့၏။ သူမ၏အသံကလည်း စမ်းရေစီးသံများကဲ့သို့ ချိုသာနေသည်။

“ငါ့ရဲ့ဆရာက ဂိုဏ်းထဲမှာ ထူးခြားတဲ့ အဆင့်အတန်းတစ်ခု ရှိတယ်။ ဒါကြောင့် လူတိုင်းက ငါ့အပေါ် အထင်ကြီးနေပြီး ငါ့ကို လေးစားကြတယ်။ ဂိုဏ်းတူအစ်ကိုတွေ၊ ဂိုဏ်းတူမောင်လေးတွေ၊ ဂိုဏ်းတူအစ်မကြီးတွေ၊ ညီမတွေက ငါ့ကို တွေ့ကြတဲ့အချိန်တိုင်း တလေးတစား ဆက်ဆံကြတယ်။ ဘယ်သူကမှ ငါ့ကိုစနောက်နေကြတာ မရှိကြဘူး။ နင်နဲ့ပထမဆုံး တွေ့လိုက်တဲ့အချိန်ကျမှပဲ နင်က ငါ့ကို ထူးခြားတဲ့ နာမည်ပြောင်တစ်ခု ပေးခဲ့တာ။ အဲဒါအပြင် ‘ကြက်သတ်နတ်ဘုရားဓား’ ဆိုတဲ့ နာမည်က ငါ့အတွက်တော့ တော်တော်လေး ကျေနပ်စရာကောင်းတဲ့ နာမည်မျိုးပဲ…”

“အဲဒီအချိန်တုန်းကတော့ နင်က သိုင်းပညာအကြောင်း ဘာမှနားမလည်တဲ့ သာမန်ကိုရင်လေးတစ်ပါးပဲ။ ဒါပေမယ့် သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတောင် နင်က အကြောက်အလန့်မရှိဘဲ တိုက်ပွဲဝင်ခဲ့တယ်…”

မုန့်ချီကတော့ ကျန်းကျိဝေပြောသောစကားများကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

“နင်က တခြားသူတွေရဲ့ ရှေ့မှာ ကြီးမြတ်ချင်ယောင်ဆောင်ပြီး ရူးသွပ်တဲ့အရာတွေကို လုပ်ရတာကို သဘောကျတယ်။ နင်က ပုံပြင်ဇာတ်လမ်းတွေထဲမှာရှိတဲ့ သူရဲကောင်းတွေလို အမြဲဖြစ်ချင်ခဲ့တယ်။ နင်က စကားကို အပြောင်အပျက်တွေ ပြောတတ်ပြီး နင့်ရဲ့လုပ်ရပ်တွေက ငါတို့ကို ခဏခဏ ရယ်စေခဲ့တယ်..။ ဒါပေမယ့် အရေးကြီးတဲ့အချိန်ကို ရောက်လာရင်တော့ နင်က ‌ရှေ့ကို ထွက်လာခဲ့ပြီး ရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင်ပေးတတ်တယ်။ နင်က တကယ့်ကို ယုံကြည်ရတဲ့အဖွဲ့သားတစ်ယောက်ပဲ…”

“အရင်တုန်းကတော့ နင်က ချစ်စရာကောင်းတဲ့ မောင်လေးတစ်ယောက်လို့ငါက မြင်ခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ နင်က အရပ်ရှည်လာခဲ့သလို ပိုပြီးရင့်ကျက်လာတယ်။ နင့်ရဲ့လုပ်ရပ်တွေကလည်း သာမန်မဟုတ်တော့ဘူး။ နင်က တဖြည်းဖြည်း ပိုပိုပြီး အစွမ်းထက်လာခဲ့တယ်။ ငါက နင်နဲ့အတူတူ အချိန်ကုန်ရတာကို တကယ် သ‌ဘောကျပါတယ်။ ပြီးတော့ ငါတို့ဆီမှာ အစ်ကိုချီနဲ့ ညီမလေးယုရှုတို့လည်း ရှိနေသေးတယ်။ ပြီးတော့ ငါလည်း နင့်လိုပဲ အစ်ကိုကြီးကျန်းနဲ့ မိန်းကလေးဖူတို့ကို သတိရနေသေးတယ်။ နင်ကတော့ အဖွဲ့သားတွေအတွက် လက်တုန့်ပြန်ပေးဖို့ အသည်းအသန် ကြိုးစားနေတယ်။ နင်က သိုင်းလောကမှာ ကျင်လည်ဖို့အတွက် အရာအားလုံးကို လုပ်ဆောင်နေတယ်…”

ကျန်းကျိဝေ၏ အသံက ပျံ့လွင့်လာပြီး သူမက အပြုံးလေးနှင့် ရှိနေခဲ့၏။ ထို့နောက် သူမက မုန့်ချီ၏မျက်လုံးကို စိုက်ကြည့်လိုက်သည်။

“ဒါပေမယ့် အဲဒါက ငါလိုချင်တဲ့အရာ မဟုတ်ဘူး…”

မုန့်ချီကတော့ တိတ်ဆိတ်နေခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

“ငါနားလည်ပါတယ်…”

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်၏။ မုန့်ချီသာ လာရောက်နှုတ်ဆက်ခြင်းမရှိလျှင် သူမ၏ဆုံးဖြတ်ချက်များက ပြတ်သားဦးမည် မဟုတ်ချေ။ သူမက ဓားရှည်ကိုမြှောက်ပြီး ဖြည်းညှင်းစွာ ပြန်လှည့်သွားခဲ့၏။ သူမက တောင်ထိပ်ပေါ်သို့ တက်သွားခဲ့၏။

သူမက တောင်အချိုးအကွေ့သို့ ရောက်တော့မည့်အချိန်တွင် ဓားအိမ်ကို ပုတ်လိုက်ရာ အဖိုးတန်ဓားဆီမှ အသံတစ်ခု ထွက်လာခဲ့၏။ ဓားအော်သံထဲတွင် သူမက ရေရွတ်လိုက်သည်။

“ဒီဘဝမှာ ငါ့ရဲ့ဘဝက ဒီခုနှစ်ပေအရွယ်အစားပေါ်မှာပဲ ရှိတယ်။ ငါက အတိတ်ကို ဖြတ်တောက်ပြီး နောက်တကြိမ် ဒီလူပဲ ပြန်မဖြစ်စေရဘူး…”

မုန့်ချီက တည်ငြိမ်စွာ နား‌ထောင်နေခဲ့သည်။ သူမြင်ရသည်မှာ လေပြည်လေညင်းထဲမှာ လှုပ်ရှားနေသော ပန်းပွင့်လေးများနှင့် ပျောက်ကွယ်သွားသော အဝါရောင် ပန်းလေးတစ်ပွင့်သာ ဖြစ်လေသည်။

Translated by Hein Htet.

All Chapters