ငွေက ကမ္ဘာကြီးကို ပြောင်းလဲပစ်လို့ရတယ်
Vol. 99 Ch. 1471
“ ဒီလိုနေရာမျိုးမှာ သေနတ်တွေ ရဖို့ဆိုတာ လွယ်လွယ်လေးပဲ ထင်တယ်…”
လင်းရီ၏ အမြင်တွင် ရုရှားဆိုသည်က သေနတ်ကို တရားဝင်ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး သူတို့ လိုအပ်သည့် ပစ္စည်းများအား ဝယ်ယူရန် ခက်ခဲလိမ့်မည်လို့ မထင်ချေ။
“ အင်း … လွယ်လွယ်လေးပဲ… ဒါပေမယ့် အခြေအနေ တစ်ချို့တော့ ရှိတာပေါ့…” နင်ချဲ့ ပြောလိုက်ပြီး “ အရင်ဦးဆုံး နင့်မှာ ဘယ်လို ရာဇဝတ်မှု မှတ်တမ်းမျိုးမှ မရှိရဘူး… နောက်ထပ် နင်ဘယ်သူဘယ်ဝါဆိုတာ သက်သေပြပေးနိုင်မယ့် စာရွက်စာတမ်း အထောက်အထားလိုဟာမျိုး လိုတယ်… ပြောရရင် နိုင်ငံသားကတ်ပေါ့… ငါတို့နှစ်ယောက်လုံးမှာ အဲ့ကတ်မရှိထားဘူး… လုပ်ရင်တော့ ရတာပေါ့… ဒါပေမယ့် သူများ နိုင်ငံမှာ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်လိုက်ရင် ငါတို့အတွက် ကောင်းမှာ မဟုတ်ဘူး.. အချိန်ကလည်း အကန့်အသတ်နဲ့ဆိုတော့ ဒီရဲ့ ရွေးချယ်စရာက အလုပ်မဖြစ်ဘူး..”
“ အဲ့တာအပြင်ကို နင်က နိုင်ငံသားကတ် အတု ရခဲ့ရင်တောင် ရိုင်ဖယ် ဒါမှမဟုတ် submachine gun တို့လောက်ပဲ ဝယ်လို့ရမှာ.. ဒါတွေကျတော့ ဝှက်လို့ကောင်းတဲ့ အမျိုးအစားတွေ မဟုတ်ဘူး… ပစ်စတိုတွေ ကျပြန်တော့လည်း ဒီမှာက ခြွင်းချက်အနေနဲ့ တားမြစ်ထားတယ်… ဒီတော့ နင်ထင်သလောက် ရိုးရှင်းမနေဘူး…"
လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်ပြီး “ အဲ့လိုဆို ခက်တော့ ခက်နေပြီပဲ…”
နင်ချဲ့ မျက်ခုံးပင့်၍ “ ဒါပေမယ့် နင့်ပုံစံကြီးက နင့်စကားတွေကို သစ္စာဖောက်နေတယ်နော်… ငါတော့ နင် အလျင်လိုနေတယ်လို့ မမြင်မိဘူး…”
“ အဲ့လို မပြောစမ်းနဲ့… ဘာပဲဆိုဆို ငါတို့က ဒီနေရာနဲ့ ရင်းနှီးနေတာမှ မဟုတ်တာ…” လင်းရီ ပြောလိုက်ပြီး “ မင်းရော ဒီကို အရင်က ရောက်ဖူးလား..”
“ ဒီကို သုံးလေးခေါက်လောက် ရောက်ဖူးတယ်… အဲ့ဒီ ရုရှားတွေနဲ့တောင် ဆောင်းတွင်းကြီး မြစ်ထဲ ရေအတူ ကစားဖူးသေး..”
“ တကယ်ကြီးလား… ဆောင်းတွင်းကြီး မင်း ရေကစားချင်တယ်ဆိုလည်း တုံးစန်းကို သွားရောပေါ့.. ဒီအထိ လာစရာ လိုလို့လား…”
“ ငါ့ကို သတိလာပေးမနေနဲ့.. ငါက ဒီကို မစ်ရှင်နဲ့ လာခဲ့တာ.. အဲ့တာပြီးလို့ ဘာမှ လုပ်စရာ မရှိတော့ လူတစ်ချို့ကို ရေစိမ်ဖို့ ခေါ်သွားတာ… ရေကူးပြီးတော့ မီးယပ်ထပြီး အေးခဲ သေမလိုတောင် ဖြစ်သွားသေးတယ်… ကံကောင်းတာ ယွီလော့က ငါ့ကို တွေ့သွားခဲ့ပြီး တိုင်းရင်းဆေးပူကို ဂရုတစိုက်နဲ့ တိုက်ပေးလို့ပေါ့… မဟုတ်ရင် ငါ့မျိုးဥလေးတွေတော့ အေးခဲပြီး သေကုန်ရှာပြီ…”
လင်းရီ သူမကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
အထင်ကြီးလောက်ပါပေ့။
“ ပစ်စတိုတွေက ဒီမှာ ကန့်သတ် တားမြစ်ထားတယ်ဆိုရင်တောင် အထူးလမ်းကြောင်းတွေကနေပြီး ငါတို့ ဝယ်လို့ ရတယ်မလား…”
ဟွာရှဆိုလျှင်လည်း ထိုသို့သော လက်နက်များကို ပိတ်ပင်တားမြစ်ထားသည့် နိုင်ငံတစ်နိုင်ငံပင်။ သို့သော် လူတစ်ချို့က ၎င်းတို့ကို တစ်နည်းနည်းဖြင့် ကိုင်ဆောင်နေကြဆဲပင်။ ဤနေရာ၌လည်း ထိုနည်းလည်းကောင်း ဖြစ်၏။ တကယ်တော့ ဟွာရှထက်ပင် ရရှိဖို့က ပိုလွယ်လိမ့်ဦးမည်။
“ မှောင်ခိုဈေးကွက်တွေမှာတော့ ရတာပေါ့… ဒါပေမယ့် ဒီမှာ ငါတို့ကို ဘယ်သူက ယုံကြည်မှာ… ဒီတော့ ငါတို့ကို ကူညီပေးမယ့် လူလည်း ရှိမှာမဟုတ်ဘူး…”
“ ဒါပေမယ့် မျှော်လင့်ချက်တော့ ရှိသေးတယ်လေ.. ဟုတ်တယ်ဟုတ်…”
“ အမှန်ပဲ…”
“ ဒါဆို မင်း အဲ့ဒီနေရာ ဘယ်မှာလဲ သိလား…”
“ လွယ်လွယ်လေးပါ… ငါတို့ လုပ်ဖို့ လိုတာက နည်းနည်းလေး ကြီးတဲ့ သေနတ်ဆိုင် တစ်ဆိုင် ရှာလိုက်ရုံပဲ… သူတို့ အားလုံးမှာ ဝှက်ထားတဲ့ လမ်းကြောင်းတွေ ရှိတယ်… ဒါပေမယ့် သူတို့ကို ဖြောင်းဖြနိုင်စွမ်းရှိမရှိကတော့ နင့်အစွမ်းအစပေါ်မှာ မူတည်နေတယ်…”
“ သွားစို့… ငါတို့ အခု လုပ်ကြမယ်…”
သိမ်းစရာရှိသည်များအား သိမ်းဆည်းပြီးနောက် လင်းရီတို့နှစ်ဦးသားသည် နီးရာဘဏ်ထဲသို့ ခေတ္တဝင်၍ ရူဘယ်များအား လဲလှယ်လိုက်သည်။ ထို့နောက် သူတို့၏ ကိစ္စကို ကိုင်တွယ်ရန် ထွက်လာခဲ့လေသည်။
တက္ကစီ ဒရိုင်ဘာ၏ ဦးဆောင်မှုအောက်တွင် သူတို့နှစ်ယောက် ‘အီရိုဆာ’ ဟု အမည်တွင်သည့် သေနတ်ဆိုင် တစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့၏။
ဆိုင်က အင်မတန် ကြီးမားလှပြီး နှစ်ထပ် ခွဲထား၏။ တစ်ထပ်ဆီတွင် ၂၀၀ စတုန်းရန် မီတာကျယ်ဝန်းပြီး ပထမထပ်၌ ကျည်ဆံများ၊ စစ်တပ်သုံး သံလိုက်အိမ်မြောင်များ၊ မှန်ဘီလူးများ အစရှိသည့် ပစ္စည်းများကို ရောင်းချသည်။ ဒုတိယထပ်တွင်တော့ လက်နက်များကို ရောင်းချ၏။
လင်းရီနှင့် နင်ချဲ့တို့က ဒုတိယထပ်သို့ တန်းမတ်စွာ တက်လာခဲ့ပြီး စာရေးအား မေးလိုက်သည်။
“ မင်းတို့ သူဌေး ဘယ်မှာလဲ…”
အထဲသို့ ဝင်ပြီးနောက် လင်းရီက ရုရှားလေသံ စစ်စစ်ဖြင့် မေးမြန်းလိုက်သည်။
“ သူ ဟို အထဲမှာ…”
ကောင်လေးက ထောင့်တစ်နေရာသို့ ညွှန်ပြလိုက်၏။ လင်းရီနှင့် နင်ချဲ့တို့က လှမ်းကြည့်လိုက်တော့ သမင်အရေပြားကို ကိုင်လျက် သူ့လက်ထဲရှိ သေနတ်ကို သုတ်နေသည့် ထောင်ထောင်မောင်းမောင်းနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးအား မြင်တွေ့လိုက်ရသည်။
“ ဟယ်လို… ငါတို့ ပစ္စတို နည်းနည်းလောက် ရချင်တယ်…”
သက်လတ်ပိုင်း အမျိုးသားရှေ့သို့ တန်းမတ်စွာ ဦးတည်သွားရင်း လင်းရီ အချိန်ဖြုန်းမနေဘဲ သူ၏ လာရင်း ရည်ရွယ်ချက်ကို တန်းပြောလိုက်၏။
“ ဆောရီး… ငါတို့ ဆိုင်မှာ အဲ့လို အရာမျိုးတွေ မရောင်းဘူး… မင်း တခြားဟာတွေ ကြည့်သွားလို့ရတယ်…”
“ ဒါဆို ရောင်းတဲ့လူနဲ့ ဆက်သွယ်ပေးစေချင်တယ်…”
သက်လတ်ပိုင်း အမျိုးသားက လင်းရီနှင့် နင်ချဲ့ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်၏။
သို့သော် သူတို့နှစ်ဦးလုံး၏ အမူအရာမှာ ရုပ်သေကြီးများသာ ရှိရင်း တစ်ဖက်သူကို မည်သို့သော သံသယမှ ဖြစ်မသွားစေခဲ့ပေ။
“ ဆောရီး… ငါ ဒီအကြောင်းတွေ ဘာမှမသိဘူး… မင်း လူမှားပြီး မေးနေတာပဲ…”
လင်းရီ ပြုံးလိုက်ပြီး ဘဏ်ကတ်ကို သက်လတ်ပိုင်း အမျိုးသားရှေ့ ချပေးလိုက်၏။
“ ဒီထဲမှာ မင်းဆီက သတင်းအချက်အလက်ကို ဝယ်ဖို့ ရူဘယ် သန်း ၅၀ ပါတယ်.. “ လင်းရီ ပြောလိုက်ပြီး “ ဆုံးဖြတ်ဖို့ အချိန် မိနစ်ဝက်ပေးမယ်… မဟုတ်ဘူးဆိုရင် ငါတို့ တခြား တစ်ယောက်ဆီ ထွက်သွားတော့မှာ…”
“ ရူဘယ် သန်း ၅၀ …” (ယွမ် ၃.၇ သန်း)
ထိုမျှ ဧရာမ ပမာဏကြီးကို ကြားပြီးသည့်နောက် သက်လတ်ပိုင်း အမျိုးသားမှာ မည်သို့မျှ တည်ငြိမ်စွာ မနေနိုင်တော့သည်မှာ သိသာလှသည်။
ရုရှားတစ်ယောက်အတွက် ဤပမာဏက နည်းနည်းနောနော ငွေပမာဏ မဟုတ်ချေ။
“ ဆယ်စက္ကန့် ကျန်သေးတယ်…” လင်းရီ ဖြည်းညင်စွာ ရေတွက်၍ “ တစ်ဆယ် ၊ ကိုး ၊ ရှစ် ၊ …. ၊ သုံး ၊ နှစ်… “
“ ရပ် ရပ် ရပ် … ငါမင်းကို ပြောပြမယ်… “
လင်းရီ ဘဏ်ကတ်ကို သာမန်လျှံကာ ပစ်ပေးလိုက်ပြီး “ လျှို့ဝှက်နံပါတ်ကို ကတ်မှာ ရေးထားပေးတယ်…”
သက်လတ်ပိုင်း သူဌေးကြီးမှာ တော်တော်လေး သတိကြီး၏။ ကတ်ကို စစ်ဆေးကြည့်ပြီး အထဲတွင် ပိုက်ဆံ ရှိနေသည်ကို မြင်တော့မှ စိတ်သက်သာ ရသွားခဲ့လေသည်။
“ ကောင်းပြီ… မင်းရဲ့ ရိုးသားလေးနက်မှုကို ငါ ယုံကြည်တယ်… ဒါပေမယ့် မင်း မသိတဲ့ ကိစ္စတစ်ချို့ရှိသေးတယ်.. ဒီတော့ ငါ မင်းတို့နှစ်ယောက်ကို အဲ့တာတွေ အရင် ပြောပြမယ်…”
“ မင်းတို့က ဟွာရှန့်တွေ ဟုတ်တယ်မလား… မင်းတို့ လိုချင်နေတဲ့ကောင်ကို ဝယ်ဖို့က ကန့်သတ်ထားတဲ့ စည်းမျဉ်းတစ်ချို့ရှိတယ်…” သက်လတ်ပိုင်း သူဌေးက ပြောလိုက်ပြီး “ သေနတ်ရောင်းတဲ့လူတွေက မင်းတို့ကို အရင်စမ်းသပ်လိမ့်မယ်.. သူတို့ဆီက အသိအမှတ်ပြုတာကို မင်း ရတော့မှ သူတို့က မင်းဆီ သေနတ်ရောင်းပေးလိမ့်မယ်… ဒါက စည်းမျဉ်းပဲ… မင်း တခြား နေရာသွားရင်တောင် ဒီအတိုင်း စမ်းသပ်ခံရမှာပဲ… သူတို့က မစမ်းသပ်ဘူးဆိုရင် သေချာပြီ အဲ့တာ မင်းကို လိမ်မလို့… ဒီတော့ အလိမ်မခံရစေနဲ့…”
“ ဒါ လူမျိုးရေး ခွဲခြားတာလို့ ပြောလို့ရလား…”
“ သေချာပေါက် ဘယ်ရမှာ…” သက်လတ်ပိုင်း သူဌေးကြီးက ပြောပြီး ပခုံးတွန့်လိုက်ကာ “ တကယ်လို့ အမေရိကန်နဲ့ ဂျပန်လူမျိုးဆိုလို့ကတော့ ငါတို့ လုံးဝ ရောင်းပေးမှာတောင် မဟုတ်ဘူး…”
“ ဟားဟား…. အဆင်ပြေပါတယ် အဆင်ပြေပါတယ်…”
သက်လတ်ပိုင်း သူဌေးကြီးလည်း လိုက်ရယ်မောလိုက်ပြီး “ မင်းလိုချင်တာကို ရနိုင်တဲ့ အစွမ်းအစ မရှိဘူးလို့ မင်းကိုယ်မင်း ထင်ရင် မင်းရဲ့ ဘဏ်ကတ်ကို ပြန်ယူသွားလိုက်…”
“ အဆင်ပြေတယ်… ငါ့ကို အဲ့လူတွေနဲ့ ဘယ်လို ဆက်သွယ်ရမလဲပဲ ပြော…”
“ မင်း အာဘတ်လမ်းကြားက အဲရိုးဘားကို သွားပြီး လီဖေးလို့ ခေါ်တဲ့ လူတစ်ယောက်ကို ရှာလိုက်… သူ့မှာ အဲ့ဒီ နယ်ပယ်က အဆက်အသွယ်တွေ ရှိတယ်…”
“ လီဖေး… ဟမ်.. ဟွာရှန့်လား…”
“ အင်း… အဲရိုးဘားကို ဟွာရှန့်တစ်ယောက်ကပဲ ဖွင့်ထားတာ.. သူက အဲ့ဘားရဲ့ ပိုင်ရှင် .. ပြီးတော့ ဒီ နေရာတစ်ဝိုက်မှာ ဂုဏ်သတင်း တစ်ချို့လည်း ရှိတယ်… မင်းလည်း ဟွာရှန့်ဆိုမှတော့ မင်းတို့နှစ်ယောက်က ပြောလို့ဆိုလို့ ပိုလွယ်သွားတာပေါ့…” သက်လတ်ပိုင်း သူဌေးကြီးက ပြောလိုက်ပြီး “ ငါမင်းကိုယ်စား ဆက်သွယ်ပေးထားမယ်.. ဒီတော့ သူ မင်းတို့ကို ကြိုဆိုပေးလို့ ရတာပေါ့…”
“ ကျေးဇူးအများကြီး တင်ပါတယ် သူဌေး…”
သက်လတ်ပိုင်း သူဌေးကြီး၏ စကားကို နားထောင်ပြီးနောက် နှစ်ယောက်သည် တက္ကစီငှား၍ အာဘတ်လမ်းကြားရှိ အဲရိုးဘားသို့ ရောက်ရှိလာခဲ့သည်။
“ မင်း ဘယ်လို ထင်လဲ… အဲ့လူ ပြောတာ အဆင်ပြေမယ်လို့ ထင်လား…”
“ ဒီနေရာက လူတွေက မာနကြီးပြီး ရိုးသားပြီဆိုလည်း သူများနဲ့ မတူဘူး… ငါတို့ကို လှည့်စားမယ်လို့တော့ မထင်ဘူး…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ သူတို့နှစ်ယောက် စကားပြောနေစဉ်တုန်းက သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးနှင့် အမူအရာတို့ကို လင်းရီ အဆက်အပြတ် အကဲခတ်နေသည်။ သို့သော် မှားယွင်းသည့် တစ်စုံတစ်ရာကိုမျှ မတွေ့ရှိခဲ့ရပေ။
အာဘတ် လမ်းကြား၊ အဲရိုးဘား။
ဟွာရှရှိ ဘားများနှင့် ယှဉ်သော် ဘား၏ အရွယ်အစားက အလွန်ဆုံး ပျှမ်းမျှ ဟူ၍သာ သတ်မှတ်နိုင်ပြီး ကြီးကျယ်ခမ်းနားလွန်းသည်ဟုလည်း မဆိုသာပေ။
သို့သော် တစ်ခု စိတ်ဝင်စားဖို့ကောင်းသည်က ဝင်ပေါက်ဝ၌ ချိတ်ဆွဲထားသည့် အနီရောင် မီးပုံးနှစ်ခုဖြစ်ပြီး သူစိမ်းတို့ရှိရာ မြေတွင် ပွဲတော်ဆန်ဆန် ခံစားချက်မျိုး ရရှိသွားစေခဲ့သည်။
ဘားက မကျယ်ဝန်းသော်လည်း အထဲတွင် လူတော်တော်လေးတော့ များ၏။ အပြင်၌ နေရင်းဖြင့်ပင် အထဲရှိ ဆူဆူညံညံ အသံများကို ကြားနေရသည်။
ဘားပိုင်ရှင်က ဟွာရှန့် လူမျိုး ဖြစ်သဖြင့် ဤနေရာသို့ လာရောက် အပန်းဖြေကြသူတို့ကလည်း ဟွာရှန့်လူမျိုးတို့က ခပ်များများပင်။ ထိုအထဲ ကျောင်းသားတစ်ချို့ပင် ရှိနေလိုက်သေး၏။
ဘားအတွင်း၌ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လှုပ်ရှား အသက်ဝင်နေပြီး တစ်ချို့သော ရုစကီးကြီးတို့က အပြိုင်အဆိုင် သောက်နေသကဲ့သို့ ဗော့ကာ ပုလင်းများကို အလုံးလောက် မော့နေကြ၏။
သူတို့ကို ကြည့်နေရင်း သောက်ရင်း ရှောသွားမှာကိုတောင် ဘေး၌ ကြည့်နေသည့် ကိုယ်က လန့်နေရသည်။
ဘားကောင်တာရှေ့တွင်တော့ လူနှစ်ယောက် ထိုင်နေပြီး သူတို့က ဘားပိုင်ရှင် လီဖေးနှင့် သူ၏ ညီမောင် လီတုန်းတို့ပင်။
“ အစ်ကို… ခဏနေကျရင် လူနှစ်ယောက် ဒီလာမယ်လို့ ငါ သတင်းရထားတယ်…” သူ့လက်ထဲတွင် အရက်ခွက် ကိုင်ထားရင်းဖြင့် လီတုန်း ပြောလိုက်၏။