← Chapters

အရေးမသာတဲ့ အခြေအနေ

Vol. 98 Ch. 1470

အရေးမသာတဲ့ အခြေအနေ

Vol. 98 Ch. 1470

“ အစ်ကိုကြီး…”

စွန်းမန်ကျား ရှော့ခ်ရစွာဖြင့် ဆွဲဆွဲငင်ငင် ငိုကြွေးလိုက်ပြီး မျက်ရည်တို့ စီးကျလာခဲ့၏။

ယခုတော့ စွန်းမန်ကျားသည် သူ၏ စရိုက်အကြောင်းကို ကောင်းစွာ သိရှိသွားခဲ့တော့သည်။

အကယ်၍ သူ့အစ်ကိုကြီးက သူ့ကို ဂရုစိုက်ပေးနေခြင်းကြောင့်သာ မဟုတ်ပါက လမ်းဘေး လူမိုက်အသေးစားလေး ဖြစ်လာမည်မှာ အချိန်အတော်ကြာကတည်းကပင်။

စွန်းမန်လုံက သူ၏ အသက်ဝိဉာဏ်ဟုတောင် ပြော၍ရသည်။

ယခု သူ့အား ပံ့ပိုးထားပေးသည့် အသက်ဝိဉာဏ်သည် မရှိတော့ပြီ ဖြစ်ရာ သူ၏ ခံစားချက်တို့သည်လည်း ၎င်းနှင့်အတူ ပြိုလဲသွားခဲ့၏။

“ မင်းတို့ ဒီမှာ နေပြီး သူတို့ကို စောင့်ကြည့်ထားလိုက်… ငါ အပြင် ခဏသွားလိုက်ဦးမယ်… ခဏနေကျရင် ပြန်လာခဲ့မယ်…” လင်းရီ တပ်သားများကို ပြောလိုက်သည်။

“ ဟုတ်ကဲ့…”

သုံးယောက်သား နောက်သို့လှည့်၍ ထွက်လာခဲ့ပြီး လင်းရီ ချိုးယွီလော့ကို ကြည့်လိုက်သည်။

“ ဒီက ကိစ္စတွေ ကိုင်တွယ်ပြီး တည်ငြိမ်အောင်လို့ မင်းကို ဒုက္ခပေးရတော့မယ်… ဒီည ဖြစ်ပျက်ခဲ့တာတွေကို အပြင်လူတွေ မသိစေချင်ဘူး…”

“ နင် ဝမ်မြန်ကို လှည့်စားချင်နေတာလား…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ငါ့အထင် သူ စွန်းမန်လုံကို သတ်ဖို့ တစ်ယောက်ယောက် လွှတ်လာလောက်တယ်… ဒီတော့ ဒီလူတွေကို အရင်ဆုံး ဝှက်ထားလိုက်.. ပြန်ပြီး သူတို့ကို စုံစမ်း စစ်ဆေးကြည့်လိုက်… ဒါပေမယ့် မင်းကိုယ်မင်း သတိလက်လွတ်တော့ မဖြစ်စေနဲ့… ဝမ်မြန်က အရူးမဟုတ်ဘူး…”

“ ငါနားလည်တယ်..” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါတို့ ဆေးရုံက လူတွေကိုလည်း ကိုင်တွယ်ပြီး လူတွေကို နင်သေပြီလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လို့ရတယ်လေ…”

“ မင်း အဲ့လူတွေဆီကနေ အမှန်တရားကို ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူး… ဒီတိုင်း ငါ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သတိမေ့နေတယ်ပဲ ပြောလိုက်…” လင်းရီ ပြောလိုက်၏။

“ အိုကေ .. ငါသိပြီ…”

“ ဒါဆို ဒီကိစ္စတွေ မင်းနဲ့ အပ်ထားခဲ့လိုက်တော့မယ်…”

“ နင်ကရော… နင် ဘယ်လဲ သွားမှာ…”

“ ငါ မော်စကို ခရီးတစ်ခေါက် သွားမလို့…” လင်းရီ ပြောလိုက်ပြီး “ သူ့ရဲ့ ခြေထောက်တွေကို မရိုက်ချိုးဘူးဆိုရင် ငါ့နာမည် လင်းရီ မဟုတ်တော့ဘူး…”

သို့နှင့် လင်းရီသည် နင်ချဲ့ကို ကားထဲသို့ ဝင်ရန် ပြောပြီး စွန်းမန်လုံ၏ ဝမ်ကျန်း ဗီလာမှ မောင်းထွက်လာလေသည်။

“ လေဆိပ်လား…”

လင်းရီ၏ ပခုံးက ဒဏ်ရာ ရထားသဖြင့် ဒရိုင်ဘာက နင်ချဲ့ ဖြစ်သွား၏။

“ ဒီနေရာက ဝမ်မိသားစုရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိတာဆိုတော့ လေယာဉ်စီးတာက စိတ်မချရဘူး… ဟေးရွှေ မြို့ကို အရင်မောင်းသွားလိုက်… ဘလာဂို ကော်စကီနဲ့ မြစ်လေးပဲ ခြားတော့ ငါတို့ ခိုးဝင်လို့ ရတယ်… ပြီးမှ အဲ့ကနေ မော်စကိုဆီ လေယာဉ်စီးပြီး သွားကြမယ်… အဲ့တာပြီးရင် ငါတို့ ဘယ်သွားလဲ ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး..” လင်းရီ ရှင်းပြလိုက်၏။

“ အိုကေ…”

လီဗာကို နင်း၍ နင်ချဲ့ အရှိန်တင်လိုက်ပြီး ဟိုင်းဝေး လမ်းတစ်လျှောက် လျင်လျင်မြန်မြန် မောင်းနှင်သွားခဲ့၏။

ကားထဲ၌ လင်းရီသည် ဖုန်းထုတ်၍ ချီရှန်းကျောက်ထံ ခေါ်လိုက်သည်။

ပထမတစ်ခေါက် ခေါ်တော့ မည်သူမျှ မကိုင်ချေ။ ဒုတိယ အကြိမ် ပြန်ခေါ်တော့မှ ချီရှန်းကျောက် ဖုန်းဖြေလာခဲ့၏။

“ ဥက္ကဌလင်း… ကျုပ် ခုနက အိပ်ပျော်နေလို့ ဖုန်းမကိုင်လိုက်ရတာ…”

“ ငါ မင်းဖို့ အရေးကြီး မစ်ရှင် ပေးစရာ ရှိတယ်..” လင်းရီ တခြား ဘာမျှ မပြောဘဲ “ ဟော်ယွမ်ယွမ်နဲ့ ထျန်းရန်ကို မော်စကို သွားဖို့ ပြောလိုက်… ချင်းဟန်ရဲ့ လေယာဉ်ကို လေဆိပ်မှာ စောင့်နေဖို့ ငါ ခိုင်းထားလိုက်မယ်…”

“ ဘာမစ်ရှင်လဲ…” ချီရှန်းကျောက် အချိန်ဖြုန်းမနေဘဲ ခရီးစဉ်၏ ရည်ရွယ်ချက်ကို တန်းမေးလိုက်၏။

“ ပိုလီ အုပ်စုက လက်ရှိ ရုရှားနဲ့ ဘရာဇီးက ကုမ္ပဏီတွေနဲ့ သစ်တွေ တင်သွင်းမယ့် အကြောင်း ညှိနှိုင်း ဆွေးနွေးနေတယ်… အဲ့ကိုသွားပြီး ဒီ အပေးအယူ ဖြစ်အောင် မင်းတို့ လုပ်ရမယ်..” လင်းရီ ညွှန်ကြားလိုက်ပြီး “ ပိုက်ဆံ အများကြီး ဆုံးရှုံးရလည်း ကိစ္စ မရှိဘူး… အရေးကြီးရင် လီတိုဂရပ်ဖီစက်ကိုပါ ထုတ်သုံးလို့ရတယ်.. ဘာပဲ ဖြစ်ဖြစ် ငါတို့ ဒီ အပေးအယူ ရကို ရရမယ်…”

“ နားလည်ပြီ ဥက္ကဌလင်း … ကျုပ် အခုပဲ လုပ်လိုက်မယ်…”

“ ငါ တစ်ခု ထပ်ပြောဖို့ ကျန်သေးတယ်… သူတို့ရဲ့ ပါတနာက ပိုလီ အုပ်စု၊ ပြီးတော့ တာဝန်ယူထားတဲ့လူကလည်း ဝမ်မြန်… သူ လက်ရှိ ဘယ်နေရာ ရောက်နေလဲဆိုတာ အချက်အလက်တွေ တိတ်တဆိတ် စုဆောင်းထားပေး… ဒါက သိပ် အရေးကြီးတယ်..” လင်းရီ ထပ်ပေါင်းပြောလိုက်၏။

“ အင်း… ကျုပ် အကောင်းဆုံး လုပ်လိုက်မယ်…”

“ အဲ့တာက မင်းအတွက်ဆို နည်းနည်း ခက်ရင် ခက်နိုင်တယ်… အဲ့ကိစ္စ ဟော်ယွမ်ယွမ်ကို လုပ်ခိုင်းလိုက်… အရေးကြီးရင် သူ့ ခန္ဓာကိုယ်ပါ ရောင်းရင် ရောင်းရပါလေ့စေ… ဒီ နှစ်ကုန် ဘောနပ်စ်ကို အမြတ် ရှယ်ရာ ၁ ရာခိုင်နှုန်း ပိုပေးမယ် ပြောလိုက်…”

“ ကျုပ်နားလည်ပြီ ဥက္ကဌလင်း…” ချီရှန်းကျောက် အပြုံးဖြင့် ပြောလိုက်သည်။

ချီရှန်းကျောက်ထံ ဖုန်းဆက်ပြီးနောက် လင်းရီ ချင်းဟန်ထံ ဖုန်းခေါ်လိုက်ပြီး သူ၏ လေယာဉ်ကို ခေတ္တငှားလိုက်၏။

သူ လုပ်နေသည့် ကိစ္စများ ပြီးရန်အတွက် နာရီဝက်မျှ ကြာညောင်းသွားခဲ့လေသည်။

“ နင် ဒီလောက်ထိ လုပ်စရာ လိုလို့လား..” ကားမောင်းနေရင်း နင်ချဲ့ မေးမြန်းလိုက်၏။

“ မင်းက အခု ပိုက်ဆံရှားနေတဲ့လူလည်း မဟုတ်ဘူး… ဒီတိုင်း ကျပန်း ပရောဂျက်လေးကို အပိုင်စီးဖို့ ဒီလောက်ထိ အားစိုက်ထုတ်စရာ လိုလို့လားဟယ်…”

“ ဒါက ပိုက်ဆံနဲ့ မဆိုင်ဘူး… ငါက ဒီတိုင်း ဝမ်မိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်ချင်တာ…”

“ ဒါပေမယ့် ဖြစ်နိုင်မယ်လို့ နင်ထင်လား… ပိုလီအုပ်စုရဲ့ အဆင့်အတန်းကို နင် မသိတာလည်း မဟုတ်… ဟွာရှမှာ သူတို့ရဲ့ အဆင့်အတန်းက ဟွာရန် အုပ်စုထက်တောင် ပုံရိပ်ကြီးသေးတယ်… သူတို့ ပါးစပ်ထဲက ဖြတ်လုဖို့ဆိုတာ တော်တော်လေး ခက်မှာ…”

“ ဒါကြောင့်မို့လည်း ကုမ္ပဏီရဲ့ စစ်သူကြီး သုံးယောက်ကို ငါ လွှတ်ပြီးမှ လီတိုဂရပ်ဖီစက်တောင် နောက်ဆုံး လိုအပ်ရင် ထုတ်သုံးဖို့ အထိ လုပ်ထားတာပေါ့… ငါ့အထင် ပြဿနာ ရှိမယ် မထင်ဘူး…”

“ နင်တောင် ကိုင်တွယ်ချင်မှ ကိုင်တွယ်နိုင်မှာကို နင့် လက်ရုံး သုံးယောက်ဆိုရင်တော့ ပြောမနေနဲ့တော့…”

“ မင်းမှားတယ်… မင်းက ငါ့ကို အထင်သေးချင်သေး… ဒါပေမယ့် ငါ့လူတွေကိုတော့ အထင်မသေးလိုက်နဲ့…” လင်းရီပြောလိုက်ပြီး “ ကုန်ကုန်ပြောမယ်… မင်း ငါ့ ကုမ္ပဏီက ဘယ်သူ့ကို မဆို အထင်သေးလို့ ရတယ်… ဒါပေမယ့် ဒုဥက္ကဌတွေကိုတော့ အထင်မသေးလိုက်နဲ့…” လင်းရီ ထပ်ပြီး အတည်ပြု ပြောလိုက်၏။

“ သူတို့က အဲ့လောက်ထိ အထင်ကြီးစရာ ကောင်းတယ်ပေါ့…”

“ အင်း … သောက်ကြမ်းကြီးတွေ…”

အန်းနင် ကီလို ၆၀၀ ကို လေးနာရီ နီးပါး မောင်းနှင် လိုက်ရပြီး သူတို့ ရောက်ရှိသည့် အချိန်တွင်တော့ ကောင်းကင်မှာ လင်းလင်းထိန်နေချေပြီ။ တာပေါင်ရိုးပေါ်တွင် ရပ်နေရင်း တစ်ဖက် ရုရှားရှိ အဆောက်အဦးများကို အထင်သား မြင်တွေ့နေရသည်။

“ မြစ်ကိုပိတ်ထားပြီးပြီ.. ငါတို့ ကားနဲ့ ဖြတ်လို့ ရတယ်…”

“ အန္တရာယ်ကင်းမယ့် လမ်းကြောင်းရှာပြီး အခုသွားကြစို့…”

“ အိုကေလေ…”

နှစ်နာရီ ကြာပြီးနောက် သူတို့တွေ မြစ်တစ်ဖက်ကမ်းသို့ အောင်အောင်မြင်မြင်နှင့် ဖြတ်ကျော်လိုက်နိုင်ပြီး ကားကို စွန့်ပစ်ထားခဲ့လိုက်၏။

အဆင်ပြေစေရန်အတွက် နင်ချဲ့က ရူဘယ် နည်းနည်း လဲလှယ်လိုက်ပြီး လေဆိပ်သို့ တက္ကစီ စီးလာခဲ့ကာ မော်စကိုသို့ ပျံသန်းမည့် လက်မှတ်နှစ်စောင် ဖြတ်လိုက်၏။

ထို ညနေ ခြောက်နာရီတွင် လင်းရီနှင့် နင်ချဲ့တို့ မော်စကိုမြို့ထံ အောင်အောင်မြင်မြင်နှင့် ရောက်လာခဲ့ကြသည်။

“ ငါတို့ အခု ဘာဆက်လုပ်ကြမှာလဲ…’

“ အရင်ဆုံး ဟိုတယ်တစ်ခု ရှာကြတာပေါ့…”

“ ဟင်… မဖြစ်ဘူးလေ.. ငါတို့ လုပ်စရာ ကိစ္စတောင် မပြီးသေးတာကို ပြီးအောင် အရင်လုပ်ပြီးမှ ပျော်ကြတာပေါ့…”

“ သောက်ကျိုးနည်း… ငါ မင်းနဲ့ အချစ်သံစဉ်တွေ ဖန်တီးမယ်လို့လည်း မပြောမိပါလား… “

“ ဟုတ်လား… နှမြောစရာပဲ… ငါ့ အန္တရာယ်ကင်းတဲ့ နေ့ကလေးက ဒီလိုပဲ အလဟဿ ဖြစ်ရတော့မှာပေါ့…”

“ ချီးတဲ့မှ…”

အမှန်တော့ လင်းရီ မော်စကိုသို့ ရောက်လာပြီးကတည်းကရင် ခံစစ် အနေအထားသို့ ကျရောက်နေခဲ့ခြင်းပင်။

မစ်ရှင် အောင်မြင်မှု ရှိခြင်း မရှိခြင်းက ချီရှန်းကျောက် အပေါ် မူတည် နေသည် မဟုတ်ဘဲ အကယ်၍ ဝမ်မြန်၏ တည်နေရာ အကြောင်း ရှာတွေ့သည်က အကောင်းဆုံးပင်။ မဟုတ်ပါက ဤသို့ ဒုန်းစိုင်းနှင်လာသည်မှာ အချည်းနှီးဖြစ်သွားလိမ့်မည်။

ထို့နောက် နှစ်ယောက်သား ဟိုတယ် ကောင်းကောင်းတစ်ခုသို့ ဝင်၍ အချိန်တစ်ခုလောက်အထိ နေထိုင်ရန် စီစဉ်ထားလိုက်သည်။ အချိန်ကောင်းရှာ၌ လှုပ်ရှားပေမည်။

“ စွန်းမန်လုံ ပြောပုံအရတော့ ဝမ်မြန်နဲ့အတူ သူ့ရဲ့ လက်ထောက် လီနာလည်း ပါတယ်ဆိုပဲ…” နင်ချဲ့ ထိုင်ခုံနောက်သို့ မှီရင်း ဆေးလိပ်ဖွာလျက် ပြောလိုက်သည်။ “ အဲ့မိန်းမက အထင်ကြီးဖို့တော့ ကောင်းတယ်… C အဆင့်တောင် ရောက်နှင့်နေပြီ…”

“ C အဆင့်…”

လင်းရီ ရေရွတ်လိုက်ပြီး “ သူ့ရဲ့ အခြေခံကရော ဘယ်လောက် ရှိလဲ.. စွန်းမန်လုံလည်း C အဆင့်ပဲ… အဲ့တာတောင် အဆုံးကျ ငါ အမှောက်သိပ်တာ ခံလိုက်ရသေးတာပဲ..”

“ နင်က အရူးပဲ…” နင်ချဲ့ လှောင်ပြောင်လိုက်ပြီး “ သူ့ကိုကျ ဝမ်မိသားစုက သေချာလေး ပြုစုပျိုးထောင်ထားပြီးမှ ဝမ်မြန်ရဲ့ လက်ထောက် ခန့်ထားပေးထားတာ… ဘယ်လိုလုပ် ဆိုးရွားနိုင်မှာလဲ…”

နင်ချဲ့ ဆေးလိပ်ပြာကို တစ်ချက်တောက်လျက် ဆက်ပြော၏။

“ ပြီးတော့ နင့်ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် လီနာကို မပြောနဲ့ဦး… ဝမ်မြန်ကိုတောင် အနိုင်ယူနိုင်ချင်မှ ယူနိုင်မှာ…”

လင်းရီအချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့၏။

ဝမ်မြန်၏ ထူးချွန်မှုကို ပြောနေရန်ပင် မလိုချေ။ အကယ်၍ သူ ကြိုးစားပမ်းစားဖြင့် ဝမ်မြန်ကို အနိုင်ယူနိုင်သည် ဆိုဦးတော့ ဘေးရှိ လီနာကို ကိုင်တွယ်ဖို့က ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

လက်ရှိ သူ၏ ဒဏ်ရာ ရထားသည့် အခြေနေကိုပါ ထည့်တွက်လိုက်မည် ဆိုပါက မည်သို့ပဲ ကြည့်ကြည့် သူက ၎င်းတို့နှစ်ယောက်၏ ပြိုင်ဘက် ဟုတ်မနေချေ။

မတိုင်ပင်ထားဘဲနှင့် နှစ်ယောက် အကြည့်ချင်း ဆုံသွားခဲ့၏။

နင်ချဲ့ ချက်ချင်းဆိုသလို လင်းရီ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်သွားခဲ့သည်။

“ သေနတ်တွေလား…”

စာစဉ် (၉၈) ပြီး၏။

All Chapters