သေနတ်သံ
Vol. 99 Ch. 1473
“ ငါက အိမ်ရှင်.. ပြီးတော့ မင်းက ဧည့်သည် …. အဲ့လိုမှ မဟုတ်ရင် လူတွေက ငါ့ကို အနိုင်ကျင့်တယ်ဆိုပြီး ဝိုင်းပြောကြမှာပေါ့…”
လီတုန်း၏ စကားလုံးတို့က အခြားသူများကို တဟားဟား ပွဲကျသွားစေခဲ့သည်။ ၎င်းတို့၏ ရယ်မောသံတို့က လင်းရီ၏ တုံးအမှုကို လှောင်ရယ်နေသကဲ့သို့ ရှိ၏။
လီတုံးရဲ့ ရှေ့မှာ သေနတ်နဲ့ ကစားတယ်ဆိုတာ သေကြောင်းကြံတာပဲ။
“ ဒီကောင့်မှာ ဘောနည်းနည်းတော့ ရှိသားကွ.. ဒီကောင်က ဒုတိယ အစ်ကိုနဲ့ လာပြီး သေနတ်ကစားဝံ့နေတယ်…”
လီဖေး၏ လက်အောက်ငယ်သား တစ်ယောက်က ပြောလိုက်သည်။
“ သူက ဒီတိုင်း ဟန်လုပ်နေတာကြီးပါကွာ… အဆုံးကျရင် ရိုရိုကုပ်ကုပ်လေးနဲ့ အသက်ချမ်းသာပေးဖို့ တောင်းဆိုရတော့မှာ… “ အခြားတစ်ယောက်လည်း ဝင်ပြောလိုက်၏။
သူတို့၏ အမြင်၌ လီတုန်းသာ ယခုလို ဂိမ်းမျိုး ကစားပြီ ဆိုပါက ရှုံးနိမ့်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။ အချိန်ကျလာသည်နှင့် ဤငနဲသည် ကျိန်းသေပေါက် ဒူးထောက်၍ အသက်ချမ်းသာပေးဖို့ရာ တောင်းဆိုလိမ့်မည်။
ထိုအခိုက်အတန့်တွင်တော့ လူတိုင်း၏ အကြည့်တို့က လင်းရီထံ စုပြုံနေသည်။ အဘယ်ကြောင့်ဆိုသော် လင်းရီက သေနတ်အား သူ၏ ဦးခေါင်းတည့်တည့် ချိန်ရွယ်ထားသောကြောင့် ဖြစ်၏။
“ မင်း အဆင်သင့်ဖြစ်တာနဲ့ စလို့ရပြီ…” လီတုန်း အပြုံးလေးဖြင့် ပြောလိုက် ဖိတ်မန္တက ပြုဟန်ဖြင့် လက်ကို ဆန့်တန်းလိုက်သည်။
“ တကယ်လို့ မင်းမှာ သတ္တိမရှိဘူးဆိုလည်း ငါ……. “
ဂျလောက် ဂျလောက် ဂျလောက် ဂျလောက် ဂျလောက် ….
မည်သူမျှ မတုံ့ပြန်နိုင်ခင်တွင် လင်းရီ သူ့ကိုယ်သူ တရစပ် ငါးကြိမ် ပစ်ခတ်သွားခဲ့၏။
လူတိုင်း အေးခဲကုန်ကြသည်။
တိတ်ဆိတ်မှု …
တိတ်ဆိတ်နေမှုက အပ်ကျသံကြားရလောက်သည်အထိပင်။
ဘားက ရုတ်ချည်းတိတ်ဆိတ်သွားခဲ့ပြီး အပ် တစ်ချောင်းကျသံပင် ကြားရလောက်၏။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်း ချွေးအေးတို့က နောက်ကျောတွင် ရွှဲနစ်သွားခဲ့သည်။ လူတော်တော်များက ယခုလို ဂိမ်းကစားကြသည်ကို သူတို့ မြင်ဖူးကြသော်လည်း ယခုလို ကစားသည့် လူမျိုးကိုတော့ သူတို့ ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။
သူ တကယ်ကြီး သူ့ခေါင်းသူ ငါးကြိမ် ဆက်တိုက် ပစ်သွားခဲ့တယ်။ မတော်လို့ တစ်ချက်မှာ ကျည်ထည့်ထားတဲ့ အိမ်နဲ့ သွားတိုးခဲ့ရင်ကော။ သူ့ သတ္တိ သိပ်ကောင်းလွန်းတယ်။
နင်ချဲ့၏ အမူအရာသည်လည်း အေးခဲသွားခဲ့၏။
ထို့နောက် လူတိုင်း၏ အကြည့်တို့က လီတုန်းထံ ကျရောက်သွားခဲ့သည်။
ခြောက်လုံးပြူး၌ စုစုပေါင်း ကျည်အိမ် ခြောက်ခု ရှိပြီး ငါးအိမ်က ကျည်ဗလာပင်။
ယခု လင်းရီက ငါးချက် ဆက်တိုက် ပစ်ခတ်သွားခဲ့ပြီး ကျန်သည့် ကျည်အိမ်ကတော့ လီတုန်း အတွက်ပင်။
လီတုန်း၏ နှလုံးသည် မရပ်မနား ခုန်ပေါက်နေသည်။ အသက်ရှူရ မွန်းကြပ်လာခဲ့ပြီး စိတ်တစ်ခုလုံးလည်း ကွက်လပ်ဖြစ်သွားခဲ့၏။
အကယ်၍ ဤဂိမ်းကို ဆက်ကစားချင်သည် ဆိုပါက သူ ပစ်ခတ်ရမည်။
လင်းရီ ဖျော့တော့စွာ ပြုံး၍ ခြောက်လုံးပြူးကို လီတုန်းကို ပြန်ကမ်းပေးလိုက်၏။
“ ငါက ဒီဂိမ်းကို ခုမှ ကစားဖူးတာ … ပြီးတော့ မင်းအပေါ် အခွင့်အရေး ယူရမှာကိုလည် အားနာတော့ ငါးချက် ဆက်တိုက် ပစ်ပေးလိုက်တယ်… ကျန်တဲ့ တစ်ချက်ကိုတော့ မင်းအတွက် ထားထားပေးတယ်… "
“ ငါ … ငါ.. “ လီတုန်း၏ ခန္ဓာကိုယ်က တုန်ယင်နေခဲ့၏။ သူက ကျည်ဆံကို ထည့်ခဲ့တဲ့လူ ဖြစ်သောကြောင့် သူ့ကျည်ဆံနှင့်သူ သေဆုံးရမည်ကို တွေးပြီး ကြောက်ရွံ့နေသည်။
အကယ်၍ သူသာ ဂိမ်းကို ဆက်ပြီး ကစားမည် ဆိုပါက သူ၏ သွေးစက်တို့က လေဟာနယ်ထဲ ဖြန်းကနဲ ဖြစ်သွားလိမ့်မည်။
ထိုအခါမှပဲ သူ့ရှေ့ရှိ အနှီ ခပ်ချောချောနဲ့လူသည် သေနတ်ဂိမ်း ကစားသည့် နေရာ၌ သူ့ထက် မသာစေကာမူ လုံးဝ မလျော့ကြောင်းကို သိရှိသွားခဲ့ရသည်။
မည်သို့ပင်ဆိုစေ အနည်းဆုံးတော့ သေနတ် ငါးကြိမ်ဆက်တိုက် ပစ်ဝံ့သည့် လင်းရီကဲ့သို့ ဇမျိုး၊ ရဲဝံ့မှုမျိုး၊ သူ့တွင် မရှိချေ။
“ နေဦး…”
ထိုအချိန်၌ လီဖေး မတ်တပ်ရပ်လာခဲ့၏။ ဘားပိုင်ရှင် တဖြစ်လဲ ၊ လီတုန်း၏ အစ်ကိုကြီး တစ်ယောက် ဖြစ်သည့်သူသည် ယခုလို ကိစ္စမျိုး ဖြစ်လာမည်ကို ခွင့်ပြုလိုက်၍ မရချေ။
မဟုတ်ပါက သူ့အရှက်သူ ခွဲသကဲ့သို့ ဖြစ်နေလိမ့်မည်။
လင်းရီ မျက်ခုံးပင့်၍ လီဖေးကို ကြည့်လိုက်၏။ “ ဘာလဲ… မင်းတို့ကောင်တွေက မကစားရဲတော့ဘူးလား…”
လီဖေး၏ သွင်ပြင်မှာ အေးစက်နေပြီး ပုံမှန် လေသံဖြင့် “ မင်းက အရင်ဆုံး စပြီး သူ့ကို အခွင့်ကောင်း ယူသွားခဲ့တယ်.. ဒီတော့ ပြန်စပြီး လီတုန်းကို အရင် ပေးပစ်လိုက်…”
“ ဟုတ်တယ်… ငါ့ အစ်ကို ပြောတာ မှန်တယ်… မင်း ငါ့ကို ခုလေးတင် အခွင့်ကောင်း ယူသွားခဲ့တယ်… ဒီတော့ ထပ်ပြိုင်ကြမယ်…”
အကယ်၍ သူတို့သာ နောက်တစ်ကြိမ် ထပ်ပြိုင်ရမည် ဆိုပါက လီတုန်းသည် လင်းရီကို အနိုင်ယူရန်အတွက် ယုံကြည်ချက် အပြည့်ရှိလေသည်။
လင်းရီ ပခုံးတွန့်၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏။
“ ရတာပေါ့…”
ထိုအချိန်တွင် လီဖေး ခေါ်၍ လီတုန်းအား မေးလိုက်၏။
“ မင်း ရတာ သေချာလား…”
ဤကိစ္စက သူ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသဖြင့် ကျရှုံး၍ မရချေ။
“ အစ်ကို… မင်း ဘာမှ စိတ်မပူနဲ့… ငါ သူ့ကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးမှာ မဟုတ်ဘူး…”
သူ့ညီလေး၏ ယုံကြည်ချက် ပြည့်ဝနေသည့် မျက်ဝန်းတို့ကို မြင်တော့ လီဖေး အပိုစာသား ထပ်မပြောတော့ပေ။
သူက နှစ်ပေါင်းများစွာ ကြာအောင် သေနတ်ဖြင့် ကစားလာပြီး သူ၏ အရည်အချင်းတို့ကလည်း လူတိုင်း သိကြသည့် အတိုင်းပင်။ လီတုန်းက ကတိပေးထားပြီး ဖြစ်သဖြင့် လုံးဝ ပြဿနာ ရှိမည် မဟုတ်ချေ။
ထို့ပြင် ယခု အချိန်၌ ပထမဆုံး အကြိမ် ပစ်ခတ်ရမည့် သူက လီတုန်း ဖြစ်၏။ ရှုံးနိမ့်ကြောင်း ဝန်ခံသည်ထက် တဖက်သူက သေသွားသည်မျိုးတောင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
“ မင်း အဆင်သင့်ပဲလား… ဒီ တစ်ကြိမ်တော့ ငါ အရင်လာမယ်…” လီတုန်း ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“ မင်း အဆင်သင့်ဖြစ်တာနဲ့ ငါ့ဘက်က မင်းနဲ့ လိုက်ကစားပေးဖို့ ရယ်ဒီပဲ…”
လီတုန်း သူ၏ မျက်လုံးများအား မှေးကျဉ်းပြီး လင်းရီကို ကြည့်လိုက်သည်။ ဤငနဲသားက ကံဆောင်မ၍ တစ်ကြိမ်တစ်ခါလေး အနိုင်ရသွားခဲ့သည်ကို မြောက်ကားကြီး လာလုပ်ပြနေသည်။ အကယ်၍ သူသာ မဆုံးမပေးဘူးဆိုပါက ကောင်းကင်နှင့် မြေကြီး၏ အတိမ်အနက်ကို နားလည်မှာ မဟုတ်တော့ချေ။
ဂျလောက် …
ဂျလောက် …
ဂျလောက် …
ဂျလောက် …
ဂျလောက် …
နှစ်ယောက်သား တစ်ယောက်တစ်လှည့် သေနတ်ကမ်းပေးရင်း တစ်ကြိမ်ဆီ ပစ်ခတ်ကြသည်။ သို့သော် နောက်ဆုံးသော ကျည်တစ်ချက်က လင်းရီပစ်ရမည့် အလှည့်သို့ ကျရောက်လာခဲ့၏။
ထိုအခိုက်အတန့်၌ ဘားထဲရှိ လူတိုင်းက အသက်ရှူရန်ပင် မေ့လျော့နေကြသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသော ကျည်အိမ်ထဲ၌ ကျည်ဆံ ရှိနေမည်က ရာခိုင်နှုန်း အပြည့်အဝ ကျိန်းသေနေသောကြောင့်ပင်။
‘ ဘယ်လိုလုပ်ရပါ့မလဲ ဘယ်လိုလုပ်ရပါ့မလဲ…’
နင်ချဲ့၏ အမူအရာမှာ လေးလံသွားခဲ့ရ၏။ ဤဂိမ်းက အရှိန်အမြင့်ဆုံး အခိုက်အတန့်သို့ ရောက်ရှိနေလေပြီ။
နာရီလက်တံက ဖြည်းဖြည်းချင်း ရွေ့လျားနေလျက် ရှိပြီး….
နင်ချဲ့မှာ သူမ၏ ထိုင်ခုံနေရာ၌ အမူအရာကင်းမဲ့စွာ ထိုင်နေလျက်သား ရှိနေဆဲပင်။
သူမ၏ စိတ်ထဲ၌ လင်းရီအတွက် စိုးရိမ်ပူပန်နေမိသော်လည်း လင်းရီတွင် အလှည့်အပြောင်းလုပ်နိုင်မည့် အစွမ်းအစ ရှိလိမ့်မည်ဟု သူမ ယုံကြည်သည်။
သူ ပြောခဲ့သည့်အတိုင်း သူ့တွင် အရည်အချင်း တစ်ချို့ ရှိမနေခဲ့ဘူးဆိုပါက ယနေ့အချိန်ထိ အသက်ရှင်နေဦးမည် မဟုတ်ချေ။
လီဖေး၏ အမူအရာမှာ မောက်မောက် မာမာ ဖြစ်လာခဲ့ပြီး နှုတ်ခမ်းတွန့်ကွေး၍ အေးစက်စက် ပြုံးလိုက်၏။
“ မင်း ဂိမ်းဆက်ဆော့ချင်တာ သေချာလား… တကယ်လို့ မင်း ရှုံးနိမ်ကြောင်း ဝန်ခံမယ်ဆိုရင် ဒီ ကိစ္စ ပြီးပြီ… မင်းရဲ့ မိန်းကလေးကို ထားခဲ့လိုက်…. မနက်ဖြန်မနက်ကျ ငါ သေချာလေး ပြန်ပို့ပေးမယ်…”
“ ငါ ကစားဝံ့တယ်ဆိုမှတော့ ဒီလို အရာမျိုးတွေကို ငါ မကြောက်လို့ဘဲ…”
ထိုအချိန်၌ ထင်မှတ်မထားသည့် အရာတစ်ခုက ဖြစ်ပျက်သွားခဲ့၏။
လင်းရီ ရှုံးနိမ့်သည်ဟု ဝန်ခံခြင်း မရှိပေ။ ထိုအစား သေနတ်ပြောင်းဝကို သူ၏ ဦးခေါင်းသို့ ချိန်ရွယ်လိုက်သည်။
ထိုမြင်ကွင်းက ဘားထဲရှိ လူတိုင်းကို ကြက်သေသေသွားစေသည်။
သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
သေနတ်ထဲမှာ ကျည်တစ်တောင့်တည်း ရှိတာကို သူ မသိတာလား။ ပြီးတော့ ဒီခုက ခြောက်ချက်မြောက်ဆိုတာကိုရော သူ မေ့များနေလား။ ခလုတ်ဆွဲလိုက်ရင် သူ သေပြီလေ။
လူတိုင်း၏ အသက်မရှူဝံ့သည့် အကြည့်တို့အောက်တွင်ပဲ လင်းရီ တုံ့ဆိုင်းခြင်း မရှိ၊ ခလုတ်ဆွဲလိုက်၏။
ဂျလောက်….
သေနတ်သံက ထွက်မလာချေ။ ထိုအစား ကျည်ဗလာဖြစ်နေသည့် အသံသာ ထွက်ပေါ်လာခဲ့၏။
သွေးထွက်သံယို မြင်ကွင်းများလည်း ဖြစ်မလာခဲ့သလို လင်းရီသည်လည်း ရှေ့၌ မတ်တပ်ရပ်လျက် ရှိနေဆဲပင်။
“ ဘယ်လို… ကျည်အိမ်က အလွတ်ကြီးလားဟ…”
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
လီတုန်း ထိန်းချုပ်မရနိုင်စွာ အော်ဟစ်လိုက်ပြီး “ ကျည်ဆံကို ငါ ကိုယ်တိုင် ထည့်ခဲ့တာ သေချာပါတယ်… ဘယ်လိုလုပ် ဗလာဖြစ်ရမှာလဲ…”
လူတိုင်းလည်း လီတုန်း နည်းတူ မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတို့အားလုံး ဆုံလည် ကျည်အိမ် ခြောက်ခုထဲ၌ ကျည်တစ်တောင့်ထည့်သည့် မြင်ကွင်းအား မျက်မြင်ကြုံတွေ့ခဲ့ကြ၏။
သို့ဆိုလျှင်…
မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သနည်း။
ဤ ဟွာရှသားက မည်သို့ မျက်လှည့်ပြလိုက်သနည်း။
လူတိုင်း၏ အကြည့်အောက်တွင် လင်းရီ သူ၏ လက်ဝါးကို ရုတ်တရက် ဖြန့်လိုက်ပြီး ခြောက်လုံးပြူးထဲရှိ ကျည်ဆံက သူ့လက်ထဲ ထွက်ပေါ်လာသည်။
လင်းရီ ပုံမှန်လေသံဖြင့် “ မင်းရဲ့ သေနတ် ကျွမ်းကျင်မှုလောက်နဲ့ ငါ့အရှေ့မှာ အရှက်လာမခွဲရင် ကောင်းမယ်… ငါတို့နှစ်ယောက်က အဆင့်မတူဘူး…”
ဘားထဲရှိ လူတိုင်း လင်းရီကို ရှော့ခ်ရစွာ ကြည့်လိုက်မိကြသည်။ မည်သူကမျှ သူ မည်သို့ ကျည်ဆံထုတ်သွားသလဲ ဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သော်လည်း မြင်တွေ့လိုက်ရခြင်း မရှိခဲ့ချေ။
လီတုန်း အရှက်ရသွားခဲ့၏။ ဤငနဲ လက်ထဲ၌ သူ နှစ်ကြိမ် တိတိ ရှုံးနိမ့်ခဲ့ပြီး သူ၏ ရှုံးနိမ့်မှုကလည်း အပြတ်သတ်ပင်။
“ အစ်ကို…”
“ ရပြီ… မင်း ဘာမှ မပြောနဲ့တော့…”
လီဖေး ပြောလိုက်ပြီး “ မင်းက လောင်းကြေးထပ်ဝံ့တယ်ဆိုရင် အရှုံးကိုလည်း ဝန်ခံနိုင်ရမှာပဲ…. ထွေထူး မဟုတ်ပါဘူး… ကိုယ့်စကား ကိုယ်တည်ဖို့ပဲ လိုတယ်…”
“ ခေါင်းဆောင်ဆိုတာ အဲ့လို ဖြစ်နေရမှာ…”
“ သွားစို့… ငါမင်းတို့ကို မြေအောက်ခန်းထဲ ခေါ်သွားပေးမယ်… မင်းတို့ လိုချင်တာ စိတ်ကြိုက်ရွေးလို့ ရတယ်…” လီဖေး ပြောလိုက်ပြီး “ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေအရ ငါမင်းရဲ့ ကိုယ်ကို စစ်ဆေးရမယ်…”
“ ဒါပေါ့ .. ပြဿနာ မရှိဘူး..” လင်းရီ လက်မောင်းနှစ်ဖက်ကို ပင့်ပေးလိုက်၏။
လီဖေး လင်းရီ၏ ခန္ဓာကိုယ်ကို လိုက်ထိကြည့်လိုက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိလိုက်လေသည်။
“ ဒါ ဘာလဲ…”
“ အိုး… ဒီတိုင်း သေနတ်ဒဏ်ရာ အသေးလေးပါ…”
လီဖေး လင်းရီ အပေါ် တစ်ဖန် အကဲဖြတ်မိသွားခဲ့၏။ သူ၏ မျက်ဝန်းတို့ကတော့ ကြောက်လန့်နေလျက်ပင်။
ဟွာရှရှိ အခြေအနေဖြင့် ဆိုပါက လူတိုင်း လူတိုင်းက သေနတ်ဒဏ်ရာ ရရှိနိုင်သည်မျိုး မဟုတ်ပေ။ ဤလူ၏ အထောက်အထားက သူ စိတ်ကူးထားသည်ထက် ပိုပြီး ကြောက်ဖို့ ကောင်းနေလောက်ပေသည်။
ယခုလေးတင် ပြသသွားခဲ့သည့် သေနတ်ကျွမ်းကျင်မှု အရည်အချင်းတို့ဖြင့် ဆိုပါက…
ဂလု…
သူသည် ယနေ့တော့ တကယ့်လူနှင့်မှ လာကြုံတွေ့ခဲ့ရခြင်းပင်။
“ ခုနတုန်းက အပြစ်ပြုခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်… ငါ ခဏကျရင် မင်းကို တို့စ်လုပ်ပေးပါရစေ… ကျေးဇူးပြုပြီး ငါတို့ ညီအစ်ကိုနှစ်ယောက်ကို ခွင့်လွှတ်ပေးပါ..”