← Chapters

ဖုံးကွယ်ထားသည့် ကြင်နာမှု

Vol. 99 Ch. 1477

ဖုံးကွယ်ထားသည့် ကြင်နာမှု

Vol. 99 Ch. 1477

“ အတွင်းရေးမှူးလျန်…”

လျန်ရူရွှယ် ဝင်လာသည်ကို မြင်တော့ ချိုးယွီလော့နှင့် နင်ချဲ့တို့က သူမအား နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် အချင်းချင်း အကြည့်ဖလှယ်၍ လူနာခန်းထဲကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့လေသည်။

“ ဘာလို့ ဒီရောက်လာတာလဲ…” လင်းရီ ပြုံးလျက် မေးလိုက်၏။

“ ခေါင်းဆောင်နင် ငါ့ကို ပြောလို့ပေါ့… ငါ ဒီကို အစောကြီး လာခဲ့လိုက်တာ… နင့်ကို စောင့်နေတာ တစ်နာရီတောင် ရှိတော့မယ်…”

“ လာမယ်ဆိုလည်း ငါ့ကို ပြောရောပေါ့…”

“ ဪ… ငါက နင့်ကို ပြောလိုက်ရင် နင်က ပေးလာမှာတဲ့လား… “

“ မင်း ပြောနေပုံကို ကြည့်စမ်း… ငါက မင်းကို ပေးမလာဘဲ ဘယ်နေဝံ့မှာလဲ…”

“ အပိုစာသားတွေ တော်တော့… ပြစမ်း... နင့်ဒဏ်ရာ ဘယ်လိုနေလဲ ငါကြည့်ကြည့်ရအောင်…”

“ ဘာမှမဖြစ်ဘူး… မင်း ကြည့်စရာ ဘာမှမရှိဘူး..” လင်းရီ အညောင်းဆန့်လိုက်ရင်း “ တစ်နေ့နဲ့ တစ်ညတောင် ရှိပြီဆိုတော့ ငါလည်း ဗိုက်ဆာလှပြီ... ငါ မင်းကို တစ်ခုခု စားလို့ရအောင် ခေါ်သွားပေးမယ်လေ… မြောက်ပိုင်းမှာ ဘဲသား မြေအိုးနှပ် ရတယ်… ငါ စားကြည့်တာ တော်တော်လေး ကောင်းတယ်…”

“ အချိန်တွေ ဖြုန်းမနေနဲ့… ငါ ကြည့်ရအောင် ဆိုနေ…”

လျန်ရူရွှယ် အတင်း အဓမ္မ လက်လှမ်းလာပြီး လင်းရီ၏ အင်္ကျီ ကြယ်သီးများကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက် ရဲရဲနီသည့် အဖြူရောင် ပိတ်ကျဲတစ်ခုဖြင့် စည်းထားသည့် လက်မောင်းအုံကို ရှော့ခ်ရစွာ မြင်တွေ့လိုက်ရလေသည်။

“ ဘယ်လို…. ဘယ်လိုဖြစ်သွားတာလဲ…”

“ ဒီတိုင်း နည်းနည်း လှုပ်လှုပ်ရှားရှား လုပ်လိုက်တော့ သွေးနည်းနည်း ထွက်လာတာလေ… ခဏကျမှ နာ့စ်တွေ ခေါ်ပြီး ပတ်တီးလဲခိုင်းလိုက်မယ်…”

“ နာ့စ်…. နာ့စ်…”

လင်းရီ ပြောမည်ကို စောင့်ဆိုင်းမနေဘဲ လျန်ရူရွှယ် အော်ဟစ်လိုက်ပြီး “ လူနာရဲ့ ပတ်တီးကို လဲပေးလိုက်…”

မကြာမီ နာ့စ်နှစ်ဦး ရောက်လို့လာပြီး အကြီး တစ်ယောက် အငယ်တစ်ယောက် ဖြစ်ကာ လင်းရီ၏ ပတ်တီးကို လဲလှယ်ရန်အတွက် ကူညီပေးသည်။

သူ့ရှေ့ရှိ နာ့စ်နှစ်ဦးက ပင်းချိန် ဆေးရုံက ဝန်ထမ်းများ မဟုတ်ကြဘဲ ရန်ကျင်းကနေ လုပေချိန် ပို့ပေးလိုက်သူများ ဖြစ်လေသည်။ နှစ်ယောက်လုံး၌ စစ်တပ်ရာထူးကိုယ်စီ ရှိထားကြ၏။

ယင်းကလည်း လင်းရီ မည်သည့်နေရာ၌ ရှိနေကြောင်း ပေါက်ကြားသွားမည်ကို ကာကွယ်ရန် အတွက် ဖြစ်သည်။

“ မေဂျာလင်း…. ရှင့်ရဲ့ ဒီ ဒဏ်ရာက ….”

လင်းရီ သူတို့နှစ်ဦးကို လက်ဝှေ့ရမ်းပြလိုက်ပြီး စကားမပြောဘဲ အလုပ်၌သာ အာရုံစိုက်ထားရန် ခြေဟန်လက်ဟန် ပြလိုက်သည်။

“ ခြေဟန်လက်ဟန် ပေးနေတာတွေ တော်လိုက်တော့… “ လျန်ရူရွှယ် အပြစ်တင် လိုက်၏။ ထို့နောက် နာ့စ်နှစ်ဦးကို ကြည့်၍ “ ကူညီပေးလို့ ကျေးဇူးပဲနော်…”

“ ဒါ ကျွန်မတို့ တာဝန်ပါပဲ…” ပြောပြီးသည်နှင့် သက်လတ်ပိုင်း နာ့စ်က ကတ်ကြေးတစ်လက်ထုတ်ကာ ပိတ်ကျဲကို ညှပ်ရန် ဟန်ပြင်လိုက်ပြီး လင်းရီအား ဂရုတစိုက် သတိပေးလိုက်သည်။

“ ခဏတော့ သည်းခံပေးနော်… နည်းနည်း နာလိမ့်မယ်…”

“ မပူနဲ့ … ရဲရဲကြီးသာလုပ်… ကျုပ်က သံမဏိ အာဟတ်၊ အသက်ရှင်နေတဲ့ ဗာဂျရာ… ဒီလို အသေးမွှား ဒဏ်ရာလေးလောက်ကတော့ စာကို မဖွဲ့တာ…”

ပြောပြီးနောက် လင်းရီသည် စားပွဲပေါ်ရှိ ပန်းသီးတစ်လုံးကို ယူ၍ တစ်ကိုက်ပြီး တစ်ကိုက် စားနေလိုက်သည်။

လျန်ရူရွှယ်မှာတော့ လင်းရီ ပြုလုပ်နေသည်များအား ဂရုစိုက်ရန် အာရုံ ရှိမနေချေ။ သူမ၏ အကြည့်က သူ့ပခုံးပေါ်ရှိ အနာထက်၌သာ ကျရောက်နေလျက်ရှိသည်။

ပိတ်ကျဲကို ညှပ်ဖွင့်လိုက်တော့ လက်ဝါးလောက်ရှိသည့် အနာက ဘွားကနဲ ပေါ်လာပြီး သွေးနှင့်ပြည်တို့က ရောထွေးနေသည်။

“ အနာကို သေချာ ကုထားတာ မဟုတ်ဘူးလား.. ဘာလို့ ဒီလိုမျိုး ဖြစ်နေသေးတာလဲ…” ထို အခြေအနေကို မြင်တော့ လျန်ရူရွှယ် စိုးရိမ်ပူပန်စွာ ပြောဆိုလိုက်မိသည်။

“ ကြည့်ရတာ သေချာ ဂရုမစိုက်တာကြောင့် ဖြစ်မယ်…” သက်လတ်ပိုင်း နာ့စ်က လင်းရီကို ကြည့်၍ “ ရှင် ဒီဥစ္စာကို မလဲတာ အနည်းဆုံး သုံးရက်လောက်တော့ ရှိပြီမလား…. မဟုတ်ရင် ဒီပုံစံ ဖြစ်နေမှာ မဟုတ်ဘူး…”

“ ဒီကြားထဲ ငါ တစ်ခေါက် လဲထားပါတယ်ဟ…”

“ ကျွန်မအထင် ရှင် အရောင်လျော့ဆေး အတု ဝယ်သုံးမိတယ်နဲ့ တူတယ်… သာမန် ဆေးဝါးစက်ရုံက ထုတ်တဲ့ဟာတွေဆိုရင် ဒီလိုမျိုး ဖြစ်စရာ အကြောင်း မရှိဘူး…”

လင်းရီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ သူ ဆေးကို ဟေးရွှေမြို့၌ ဝယ်ယူခဲ့လေသည်။ ထိုအချိန်တုန်းက သူလည်း ယင်းဆေးဝါးကို ဆေးစက်ရုံ အသေးစားလေးက ထုတ်ထားသည် ဖြစ်ကြောင်း သိသော်လည်းပဲ အခြေအနေက အရေးကြီးနေသဖြင့် အတွေးလွန်နေရန် အချိန်မရှိခဲ့ချေ။

“ အဆင်ပြေပါတယ်… အနာရဲ့ ဧရိယာက ကြီးမှမကြီးတာ… အရောင်လျော့ဆေး ရက်နည်းနည်းလောက် သုံးပြီးသွားရင် ပြန် အဆင်ပြေသွားမှာကိုပဲ…”

သက်လတ်ပိုင်း နာ့စ်က ခေါင်းညိမ့်လိုက်၏။ “ အနာကို ဆေးကြောပေးမယ်… နည်းနည်းတော့ နာလိမ့်မယ်….”

“ ရတယ် လုပ်…”

နာ့စ်နှစ်ဦးက လင်းရီ၏ အနာကို သန့်ရှင်းပေးရန်အတွက် အရက်ပျံ၊ ဂွမ်းစ နှင့် iodophor တို့ ထုတ်လိုက်ကြသည်။

သူ သည်းခံနိုင်သည်ဆိုသော်လည်းပဲ နာကျင်မှုကြောင့် အံမကြိတ်ပဲနဲ့တော့ မနေနိုင်ချေ။

ရှော့ခ်ရဖွယ်ရာ ကောင်းလှသည့် ရုပ်ပျက်ဆင်းပျက် အနာက လျန်ရူရွှယ်၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။ သူမ နောက်သို့လှည့်ပြီး တံခါးဝသို့ လျှောက်သွားခဲ့၏။ ထိုမြင်ကွင်းကို ဆက်မကြည့်ရက်တော့ပဲ ကျဆင်းလာသည့် မျက်ရည်တို့အား တိတ်တဆိတ် ဖယ်ရှားလိုက်၏။

ထိုမြင်ကွင်းက လင်းရီ၏ ရင်ကို အနည်းငယ် ဆစ်ခနဲ ဖြစ်သွားစေခဲ့သည်။

“ ဟေ့… ဘာလို့ ငိုနေတာ… ဒီမှာ ငါက ဒဏ်ရာ ရထားတယ်ဆိုရင်တောင် မသေပါဘူးဟ…”

“ သွား … လာမခေါ်နဲ့… ကျိုးဟိုင်မှာပဲ နေပါဆိုတာကို အားတိုင်း လျှောက်သွားချင်နေတဲ့ကောင်…”

လျန်ရူရွှယ် ဘယ်သောအခါမှ သိမ်မွေ့ညင်သာစွာ မပြုမူနိုင်ချေ။

သို့သော် ဤသည်ကလည်း သူမ၏ သိမ်မွေ့ညင်သာမှုကို မသိမသာ ဖော်ပြနေခြင်းပင်။

နာ့စ်နှစ်ဦးက နာရီဝက်မျှကြာအောင် လင်းရီ၏ အနာကို သေချာ သန့်ရှင်းရေး ပြုလုပ်ပေးပြီး ပတ်တီး စည်းပေးလိုက်ကာ အရောင်လျော့ဆေး သွင်းပေးလိုက်၏။

“ ဟေ့ ငိုမနေနဲ့တော့… မင်းက ငါ့ကို ဝမ်းနည်းအောင် လုပ်နေတာပဲ… မသိရင် ငါက သေတော့မယ့် လူနာကြီးကျလို့…”

“ သွားစမ်း… နင် ငါ့ကို ဘာမှ လာမပြောနဲ့…”

လျန်ရူရွှယ် စိတ်ဆိုးနေဆဲ ဖြစ်နေသည်ကို မြင်တော့ လင်းရီ ချက်ချင်း ကိုယ်ကို ကျုံ့မိလိုက်၏။

“ ဆေးသွင်းပြီးသွားရင် ငါမင်းကို ဘဲသား မြေအိုးနှပ်စားဖို့ ခေါ်သွားပေးမယ်လေ…”

“ နင့် ဦးနှောက်က ဘာတွေ မှားနေတာလဲ… တစ်ချိန်လုံး ဘာ စားရမလဲပဲ ခေါင်းက စဉ်းစားနေတာပဲ…” လျန်ရူရွှယ် မျက်ရွှန်းလှလှလေးများနှင့် ကြိမ်းမောင်းလိုက်ပြီး “ ဒီမှာပဲ အေးဆေးနေ… နင် စားချင်တာ သူများကို ဝယ်ခိုင်းလိုက်မယ်…”

“ ငါ မင်းကို စားချင်တယ်…”

“ တည်တည်ကြည်ကြည် နေစမ်း…”

“ ဒါပေမယ့် ငါ တကယ်ကြီး ဗိုက်ဆာနေတာလေ… ငါ အသား မစားရတာ လေးငါးရက်လောက် ရှိပြီ…” လင်းရီ ပြောလိုက်ပြီး “ ငါ ဘာဘီကျူး စားချင်တယ်… သိုးခြေထောက်ကင်ရောပဲ… တခြား စားကောင်းတာတွေရော အများကြီး စားချင်တယ်…”

“ ဒီမှာ စောင့်နေ… ငါ လူလွှတ်ပြီး သွားဝယ်လာခိုင်းလိုက်မယ်…”

လျန်ရူရွှယ် အခန်းအပြင်သို့ လျှောက်သွားခဲ့ပြီး လင်းရီ ဖုန်းထုတ်၍ အန်းနင်နှင့် လီစီကျင်းထံ မက်ဆေ့ခ်ျပို့ကာ သူ အန္တရာယ်ကင်းကြောင်း ပြောပြလိုက်သည်။ ထိုမှတပါး အခြား မည်သည့် အရာကိုမျှ ပြောပြခြင်း မရှိခဲ့ချေ။

ထို့နောက် ကျီချင်းရန်ထံ ဖုန်းဆက်လိုက်သည်။

“ မစ္စတာလင်း… ရှင် သိပ်မကြာခင် ပြန်လာမယ် ပြောထားတယ်နော်…” ကျီချင်းရန် ချစ်စဖွယ် အသံဖြင့် ပြောလာခဲ့ပြီး “ ကြည့်ရတာ အချိန် သိပ်မလိုတော့တဲ့ ပုံပဲ…”

“ အင်း ဒီမှာ ပြဿနာလေး နည်းနည်း ရှိလို့ နောက် ရက်နည်းနည်းလောက် ထပ်နေရဦးမှာ…”

လင်းရီ နေ့စွဲများကို ရေတွက်ကြည့်လိုက်တော့ နောက်နှစ်ရက်ဆိုလျှင် လေ့လာရေး ခရီးက အဆုံးသတ်ပြီ ဖြစ်သည်။

သူ၏ မြောက်ပိုင်းသို့ ခရီးစဉ်ကလည်း နိဂုံးချုပ်ရန်အလို့ငှာ နီးတထက် နီးကပ်လာလေပြီ။

သို့သော် သူ တောင်ပိုင်းသို့ ချက်ချင်း လက်ငင်း ပြန်မသွားချင်သေးဘဲ အနာသက်သာစေရန်အတွက် ရက်အနည်းငယ်မျှ အချိန်ယူချင်သေး၏။ ကျီချင်းရန် သူ၏ ဒဏ်ရာအကြောင်း သတိထားမိသွားမည်ကို သူ မလိုချင်ပေ။

“ အန်… ပြီးရော…” ကျီချင်းရန် အားလျော့စွာပြောလိုက်၏။ “ ဒါပေမယ့် နင့်ကို ပြောလိုက်မယ်… နင် နောက်တစ်ကြိမ်ထပ်ပြီး လက်ဗလာနဲ့ ပြန်လာဝံ့လို့ကတော့ နင် ဆိုဖာပေါ်မှာ အိပ်ဖို့သာ ပြင်ထားလိုက်…”

“ စိတ်ချ… ငါ မင်းဖို့ အားလုံး ပြင်ထားပြီးသား…”

“ တကယ် … နင် ဘာတွေ ဝယ်ထားတာလဲ..”

“ ပြောဖို့လိုသေးလို့လား… မြောက်ပိုင်းက လက်ဆောင်ပဲပေါ့…”

“ မွ … ငါ့ကို တန်းလန်းကြီး မထားခဲ့နဲ့လေဟာ… ဘာလဲ ဆိုတာ ပြောပြလို့…”

“ မင်းဖို့ သားမွေး အင်္ကျီ ဝယ်ထားပေးတယ်… မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆို ဝတ်လိုက်ရင် သိပ်လှသွားမှာ…”

“ ငါက ကျိုးဟိုင်မှာ တစ်နှစ်လုံး နေတာကို အဲ့ဒီ သားမွေးအင်္ကျီကို ဝတ်ဖို့ အခွင့်အရေး ရှိမယ်လို့ နင်ထင်လား…”

“ ငါတော့ နင် ငါ့ကို ညာနေတယ်လို့ပဲ ထင်တယ်… မှန်မှန်ပြောစမ်း… နင် ငါ့ဖို့ ဘာမှ မပြင်ထားဘူးမလား..”

လင်းရီ ရယ်မောလိုက်သည်။ “ ဒါဆိုလည်း မမေးနဲ့… ငါ လက်ဗလာနဲ့ ပြန်မလာဘူးဆိုတာပဲ သိထားလိုက်…”

“ လာရဲ လာခဲ့ကြည့်လေ… ဟွန့် ” ကျီချင်းရန် စိတ်ကြီးဝင်နေသည့် အသံဖြင့် ပြန်ပြောလိုက်၏။

“ စကားမစပ် ယွမ်ယွမ်နဲ့ တခြားသူတွေကို သစ်တင်သွင်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ ရုရှားလွှတ်လိုက်တာ… ငါမှတ်မိသလောက်ဆို လင်းယွင်အုပ်စုက အဲ့လို သစ်ကိစ္စမှာ ဘာမှ ပါဝင်ပတ်သက်နေတာ မဟုတ်ဘူး ဟုတ်တယ်မလား..”

“ အဲ့တာက ငါ သူများနဲ့ လုပ်နေတဲ့ ပရောဂျက်… ဒါက မျက်နှာသာ ရဖို့…”

အကြောင်းအရင်း အစစ်အမှန်ကို ကျီချင်းရန်အား ပြောပြစရာ အကြောင်းမရှိချေ။ ထို့ကြောင့် လင်းရီ ဆင်ခြေတစ်ခု ဖန်တီးလိုက်၏။

“ အား… ငါ နားလည်ပြီ… ဒီနေ့ခတ်မှာ မျက်နှာသာတွေကလည်း ရည်မှန်းချက် ပြည့်ဝဖို့အတွက် အရေးပါလာပြီ…”

“ အဲ့ဒီအချက်ပဲ…”

လေးနက်သည့် အကြောင်းအရာများအား ပြောဆိုပြီးနောက် နှစ်ယောက်သည် အရေးမပါသည့် အကြောင်းအရာများထံ မြားဦးလှည့်သွားခဲ့ကြ၏။ အကုန်လုံးက အသေးအမွှားကိစ္စလေးများသာလျှင် ဖြစ်သည်။

နာရီဝက်ကျော်ကြာအောင် ဖုန်းပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

ထိုအချိန်တွင် လျန်ရူရွှယ် အပြင်ဘက်မှ ပြန်ရောက်လာသည်။

လင်းရီကတော့ တိုက်ဆိုင်သည်လို့ မထင်ပေ။ သူ ဖုန်းပြောနေမှန်း သိ၍ သူမ ဝင်မလာခြင်းသာ ဖြစ်လိမ့်မည်။

ထို့ပြင် နှစ်ဦးလုံးက နားလည်မှု ကိုယ်စီနှင့် ထိုကိစ္စကို စကား မစခဲ့ကြပေ။

“ နာနေသေးလား…”

“ သန့်ရှင်းရေး လုပ်ပြီးသွားပြီဆိုတော့ မနာတော့ဘူး…”

လင်းရီ ပခုံးပေါ်ရှိ ပတ်တီးကို ကြည့်ရင်း ၊ ထို့နောက် ခေါင်းအထက်၌ တစက်စက် ကျနေသည့် ဆေးစက်များကို မြင်တော့ ရုတ်တရက်ဆိုသလို လျန်ရူရွှယ်သည် ကျီချင်းရန်အပေါ် မနာလိုစိတ်များ ပေါက်ဖွားလာခဲ့၏။

လင်းရီက သူ့ ဘဝ၏ ညင်သာမှုများအားလုံးကို ထို မိန်းမထံ ပေးအပ်ထားပြီး ထိုသို့သော ဦးစားပေး ဆက်ဆံခံရမှုမျိုး ရရှိမည့် အခြားသော အမျိုးသမီးတစ်ယောက် ထပ်မရှိတော့သည်မျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

All Chapters