ဖြည်းဖြည်းချင်း နီးကပ်လာသည့် ကပ်ဘေး
Vol. 99 Ch. 1478
“ အတွေးတွေ လွန်မနေနဲ့..” လင်းရီ ပြောလိုက်ပြီး “ ငါ့နှလုံးသားထဲမှာ မင်းတို့အားလုံးက အတူတူပဲ… ငါ့ရဲ့ အသက်တစ်ဝက်က သူ့အပိုင်ဆိုရင် ကျန်တဲ့ တစ်ဝက်က မင်းအပိုင်ပဲ…”
လင်းရီ၏ စကားလုံးများက အရှိုက်တည့်တည့် ထိမှန်သွားခဲ့သည့်နှယ် လျန်ရူရွှယ်သည် ထိုမုန်းချင်စရာအကောင်အား မျက်လုံးလှန်၍ ကြည့်လိုက်၏။
“ နင်က နင့် အသက်တစ်ဝက်က ငါ့အပိုင်ဆိုတာတော့ သိသေးသားပဲနော်… ဒါတောင် မဆင်မခြင်နဲ့… နင် အခု ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ဒဏ်ရာရထားလဲ နင့်ကိုယ်နင် ပြန်ကြည့်စမ်း… ဆရာဝန် ပြောတာ နင့်လက်မောင်း မဖြတ်ပစ်ရတာပဲ အဆိုးထဲက အကောင်းလို့ ဆိုရမယ်တဲ့… တကယ်လို့ ကျည်ဆံသာ ထောင့်လေးနည်းနည်း လွဲပြီး အဆစ်ကို ထိခိုက်သွားလို့ကတော့ နင့်လက်မောင်း ဖြတ်ရပြီပဲ…”
“ ဒါပေမယ့် ဒီရဲ့ ဒဏ်ရာ တစ်ဝက်က မင်း ဥစ္စာမှ မဟုတ်တာ…” လင်းရီ ပြောလိုက်ပြီး “ ဒီတစ်ဝက်က ကျီချင်းရန် အပိုင်… မင်းရဲ့ တစ်ဝက်က ခုထိ အကောင်းပကတိ ရှိသေးတုန်းပဲ…”
ပြောပြီးနောက် လင်းရီသည် သူ၏ အခြား လက်မောင်းတစ်ဖက်ကို မြှောက်၍ လက်မောင်းကြွက်သားကြီးများအား လျန်ရူရွှယ် မြင်သာအောင် ပြသလိုက်သည်။
“ ငါ ကြွားနေတာတော့ မဟုတ်ဘူး… ဒါပေမယ့် မင်းကို လက်တစ်ဖက်တည်းနဲ့ မ,လို့ရတယ်…”
“ ဒီလို အနေအထားမျိုး ရောက်နေတာတောင် လူကိုက ရွှတ်နောက်နောက်နဲ့…” သူမ တီးတိုးရေရွတ်လိုက်သည်။
လင်းရီ၏ ဖြောင်းဖြ နှစ်သိမ့်ခြင်းကို ခံရပြီးနောက် လျန်ရူရွှယ်၏ စိတ်အခြေအနေသာ သိသိသာသာ တိုးတက်ကောင်းမွန်လာသည်။
“ ဒါပေမယ့် ဒီခုက နောက်ဆုံးအကြိမ်ပဲ … နင် နောက် ဘယ်တော့မှ အပြင်တွေသွားပြီး လိုက်လျားလိုက်လျား မနေနဲ့တော့…”
“ အိုကေ.. ငါ မင်း စကားကို နားထောင်မယ်…”
လင်းရီကို မည်သူကမျှ ထိန်းချုပ်၍ ရမည် မဟုတ်သည်ကို လျန်ရူရွှယ်သိသည်။ သူမ စိတ်ကျေနပ်စေရန်အတွက်သာ လိုက်လျောပြီး သဘောတူနေခြင်းပင်။
ကလင် ကလင် ကလင်…
ထိုအချိန်တွင် လျန်ရူရွှယ်၏ ဖုန်းသံ မြည်လာခဲ့သည်။
ရှန်းရှုရီက ဝီချက် ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်း ဖြစ်သည်။
“ အမေ…”
“ နင် ပင်းချိန်မှာ ရှိတုန်းလား.. လင်းရီရဲ့ အခြေအနေ ဘယ်လို ရှိလဲ…”
လျန်ရူရွှယ် ကင်မရာကို လှည့်ပြလိုက်ပြီး လင်းရီလည်း အပြုံးလေးဖြင့် လက်ရမ်းပြ နှုတ်ဆက်လိုက်၏။
“ စိုးရိမ်ပေးလို့ ကျေးဇူးပါ အန်တီရှန်း…. ကျွန်တော့် ဒဏ်ရာတွေက အသေးအမွှားလေးပါ.. ဆယ်ရက် လဝက်ဆိုရင် ပြန်သက်သာပါပြီ…”
“ ဝမ်မိသားစု တစ်ခုခု ဖြစ်သွားတယ် ကြားတယ်… နင် ဝမ်မြန်ကို ဘယ်လိုတွေ လုပ်ခဲ့တာလဲ…”
“ ကျွန်တော်လား… လီနာလို့ ခေါ်တဲ့ တစ်ယောက်ကို သတ်ခဲ့တယ်.. ပြီးတော့ ဝမ်မြန်ရဲ့ ခြေထောက် နှစ်ချောင်းကို ဒုက္ခိတ ဖြစ်အောင် လုပ်ပေးလိုက်တယ်… ခု သူ့ လက်ကျန် အချိန်တွေအားလုံး ဝှီးချဲပေါ်မှာပဲ အချိန်ကုန်လို့ ရတော့မှာ…”
ရှန်းရှုရီနှင့် လျန်ရူရွှယ်တို့ အံ့အားသင့်သွားခြင်း မရှိခဲ့ကြချေ။ ယင်းက လင်းရီ၏ စတိုင်နှင့် လုံးဝ ကိုက်ညီသည်။
အမှန်တကယ်တော့ ယခုလို ရလဒ်မျိုး ဖြစ်လာလိမ့်မည်လို့လည်း သူမတို့တွေ မျှော်မှန်းထားပြီး ဖြစ်သည်။
အကယ်၍ သူသာ ကံမကောင်းခဲ့ဘူးဆိုပါက သေသွားခဲ့မည့်လူမှာ လင်းရီ ဖြစ်နေပေလိမ့်မည်။
ဝမ်မိသားစုက ထိုမျှ ရက်စက်နေမှတော့ လင်းရီကိုလည်း အပြစ်ဆို၍ မရတော့ချေ။
“ နင့် တည်နေရာရော သူတွေ့ ရှာတွေ့သွားခဲ့ကြသေးလား…”
“ မတွေ့ဘူး… သဲလွန်စ အားလုံးကို ကျွန်တော် ဖျက်ဆီးခဲ့ပြီးပြီ…” လင်းရီ ပြောလိုက်ပြီး “ တစ်နည်းပြောရရင် ဝမ်မိသားစုပဲ ကျွန်တော့်လက်ချက်ဆိုတာကို သိတယ်… ဘယ်သူမှ သိမှာ မဟုတ်ဘူး…”
“ ကောင်းပြီ.. အခြေအနေကို အန်တီ နားလည်ပြီ..” ရှန်းရှုရီ ပြောလိုက်၏။
“ ကောင်းကောင်း အနားယူ… တခြား ကိစ္စတွေ လျှောက်တွေးမနေနဲ့… လျန်မိသားစုနဲ့ အကြီးအကဲလုက နင့်အတွက် အကျိုးဆက်တွေကို ကိုင်တွယ်ပေးမယ်…”
“ ကျေးဇူးပါ အန်တီရှန်း…” လင်းရီ အားတောင့်အားနာ ပြုမနေဘဲ “ အိုး ဟုတ်သား… ကျွန်တော် အန်တီ့ကို တစ်ခု ပြောစရာ ရှိသေးတယ်…”
“ လတ်တလော … ဝမ်မိသားစုက နိုင်ငံခြားကနေ သစ်တင်သွင်းမယ့် အကြောင်း ဆွေးနွေးနေတာဆိုတော့ အန်တီရှန်းလည်း အဲ့အကြောင်း သိထားမှာပေါ့နော်…”
“ ငါသိတယ်…” ရှန်းရှုရီ ပြောလိုက်ပြီး “ ဒါက အတွင်းပိုင်း စီးပွားရေး လည်ပတ်မှုနဲ့ သက်ဆိုင်နေတာ… သူတို့ရဲ့ ပိုလီအုပ်စုက အနာဂတ် သစ်နဲ့ ပရိဘောဂ နယ်ပယ်ကို ပြည်တွင်းမှာ ချဲ့ထွင်ပြီး လက်ဝါးကြီး အုပ်ဖို့ ကြံစည်နေကြတာ… ဟွာရန် အုပ်စုက ခြေတစ်လှမ်း နောက်ကျသွားပြီး လက်ဦးမှု ရနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့တယ်…”
လင်းရီ အတော်လေး အံ့အားသင့်မိသွားခဲ့၏။ ယင်းက ဤအတိုင်း သာမန် အပေးအယူ တစ်ခုဟုသာ ထင်မှတ်ထားခဲ့သော်လည်း ဝမ်မိသားစု၏ အနာဂတ် အစီအစဉ်များနှင့် ပတ်သက်ဆက်နွယ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
“ အဲ့လိုဆိုရင်တော့ ကံကောင်းထောက်မပြီးမှ ကျွန်တော် ကောင်းတဲ့ကိစ္စ လုပ်ခဲ့မိတာပဲ…” လင်းရီ ပြောလိုက်ပြီး “ အဲ့ဒီ အပေးအယူကို ကြားကနေ ဖြတ်လုဖို့ ကျွန်တော့်ဘက်က လူတွေ လွှတ်ထားတယ်… သိပ်မကြာခင် ရလဒ် ထွက်လာတော့မယ်လို့တောင် ထင်တယ်… လင်းယွင်အုပ်စုက ဒီ အပိုင်းမှာ ဘာ စီးပွားရေး လုပ်ငန်းမှ မရှိထားဘူးဆိုတော့ ညှိနှိုင်းဆွေးနွေးလို့ ပြီးသွားရင် ကူညီကိုင်တွယ်ပေးဖို့ရာ အန်တီရှန်းကို အပူကပ်ရတော့မှာပဲ…”
“ နင်က သစ်အပေးအယူကို လုယက်ခဲ့တယ်ပေါ့…”
ရှန်းရှုရီတို့ သားအမိနှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြသည်။
ဘာလို့ သူ လုပ်သမျှ အရာတိုင်းက ထင်မှတ်မထားတာတွေချည်း ဖြစ်နေရတာလဲ။
“ ကျွန်တော်က ဒီတိုင်း ဝမ်မိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်ချင်တာ… ဒါကြောင့်မို့ ဒီကိစ္စမှာ ကုန်ကျစရိတ်တွေ ဘာတွေ ထည့်တွက်မနေခဲ့ဘူး… တစ်ဖက် အုပ်စုကလည်း အရူးတွေ မဟုတ်ကြတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ လိုလားကြမှာ သဘာဝပါပဲ… ချီကြီး ကျွန်တော့်ကို ပြောပြတာ သူတို့ ညှိနှိုင်းလို့တောင် ပြီးလုပြီးခင် ဖြစ်နေပြီတဲ့.. အဖြေသိရဖို့ ရက်နည်းနည်းလောက်ပဲ စောင့်ရတော့မှာ…”
“ နင် …. ကောင်စုတ်လေးကတော့…” ရှန်းရှုရီ ကျက်သရေရှိစွာ ပြုံးလိုက်ရင်း “ ဒါပေမယ့် နင့်ရဲ့ လက်အောက်ငယ်သားတွေက တကယ်မဆိုးဘူး… သူတို့က ပါရမီပါတယ်…”
“ အန်တီရှန်းရဲ့ ချီးမွမ်းမှုကို ခံရတာက သူတို့အတွက် ဂုဏ်ယူစရာပါပဲ…”
“ ကဲ… ငါ့ကို မြှောက်ပင့်နေတာတွေ တော်လိုက်တော့… ကောင်းကောင်းနားပြီး တခြား ဘာမှ လျှောက်တွေးမနေနဲ့.. “ ရှန်းရှုရီ ပြောလိုက်ပြီး “ ငါတို့ အဲ့ဒီ ပရောဂျက်ကို ကြားဖြတ်ယူနိုင်ပြီဆို တိတ်တိတ်လေးပဲ ကိုင်တွယ်ကြမယ်… ဒါပေမယ့် နင့်ရဲ့ လင်းယွင်အုပ်စုက ဒီကိစ္စကို ရေးကြီးခွင်ကျယ် လုပ်ချင်တယ်ဆိုလည်း လူတိုင်းသိသွားရင် အကောင်းဆုံးပဲပေါ့… အဲ့တာနဲ့ ပတ်သက်ပြီး ပြဿနာ မရှိဘူး ဟုတ်တယ်ဟုတ်…”
“ ဒါပေါ့… ပြဿနာ ဘယ်ရှိမှာ… ကျွန်တော် စဉ်းစားနေတာလည်း အဲ့အတိုင်းပဲလေ…”
“ နင် ဒီ အဆင့်ကိုလည်း ထည့်ပြီး စဉ်းစားထားမယ်လို့ ငါ ထင်ထားပဲ…” ရှန်းရှုရီ သူမ၏ ဆံပင်အား ဖြီးသပ်လိုက်ပြီး “ ကောင်းပြီ… အန်တီ တခြား ကိစ္စလေးတွေ ရှိသေးလို့ ဖုန်းအရင်ချလိုက်တော့မယ်…”
“ ဟုတ်ကဲ့ အန်တီရှန်း လုပ်စရာရှိတာ လုပ်ပါ…”
သူမ၏ ကိစ္စပြီးတော့ ရှန်းရှုရီ ဖုန်းချလိုက်ပြီး လျန်ရူရွယ်မှ အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် “ နင် ဘာလို့ ဝမ်မိသားစုရဲ့ စီးပွားရေးကို ကြားကနေ ဖြတ်ခုတ်လိုက်တာ…”
“ သူတို့ကို အရှက်ရအောင်လို့ပေါ့… ငါ့အတွက် အာမခံချက် ပုံစံ တစ်ခုဆိုလည်း ဟုတ်တယ်…” လင်းရီ ပြောလိုက်ပြီး “ အရင်တုန်းက သူတို့တွေက အမှောင်ထဲကနေ အသေးစား အထိကရုဏ်းလေးတွေပဲ ဖြစ်နေခဲ့တာ… အထက်ကြီးပိုင်းတွေကလွဲရင် ဝမ်မိသားစုက အရင်လို တန်ခိုး အာဏာ မရှိတော့ဘူးဆိုတာကို ဘယ်သူကမှ မသိကြဘူး… ဒီတော့ အပေါ်ယံမှာကျတော့ သူတို့က ထင်တိုင်း ကျဲချင်သလို ကျဲနိုင်ကြတယ်လေ…”
“ ဒီခု စစ်ဆင်ရေးက အပေါ်ယံ အရေခွံလွှာကို ဖယ်ရှားပြီး နှစ်ဖက်က အချင်းများထားတာကို လူတိုင်းသိအောင် ပြလိုက်ပြီ…”
“ ဒီပရောဂျက်ကို အများသိအောင် ကြေညာလိုက်မယ်ဆိုရင် လင်းယွင်အုပ်စုက ပိုလီအုပ်စုရဲ့ စီးပွားရေးကို ခိုးယူသွားမှန်း လူတိုင်း သိသွားကြမှာ.. ဒီလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ တစ်ခုခု ဖြစ်လာခဲ့ရင် အများရဲ့ အမြင်ဖိအားကလည်း ငါတို့အတွက် အများကြီး အထောက်အပံ့ဖြစ်စေတယ်… ဝမ်မိသားစုက အလေးမသာတဲ့ အခြေအနေ ကျရောက်သွားပြီး သူတို့တွေ မဆင်မခြင် ပြုမူဝံ့တဲ့ သတ္တိရှိတော့မှာ မဟုတ်ဘူး…”
လင်းရီ၏ လှုပ်ရှားမှုများကို လျန်ရူရွှယ် နှစ်နှစ်ကာကာ လေးစားသွားခဲ့ရ၏။ တစ်ဆင့်ချင်းစီတိုင်းကို သေချာလေး အသေးစိတ် စဉ်းစားထားလေသည်။
စောနတင် သူမ အမေက ဤကိစ္စကို အများသိအောင် ကြေညာရန် ပြောပြခဲ့သဖြင့် သူမလည်း အဆိုပါ အချက်ကို တွေးတောမိပြီး သတိပေးခဲ့ခြင်း ဖြစ်လိမ့်မည်။
နှစ်ဦး နှစ်ဖက်လုံး၌ တူညီသည့် လှိုင်းအလျားတို့ ရှိနေကြလေသည်။
လျန်ရူရွှယ် မကျေမနပ် နှုတ်ခမ်းစူမိသွားခဲ့၏။ ‘ ငါကျ ဘာလို့ အစောတုန်းက သတိမထားမိခဲ့ရတာလဲ…’
“ ဝေ့… အရူးလို နှုတ်ခမ်းစူပြီး ဘာတွေ အတွေးနက်နေတာ…”
“ နင်ကသာ ရူးနေတာလေ…”
သူမကိုယ်သူမ အရှက်ရခြင်းက ကာကွယ်ရန်အတွက် လျန်ရူရွှယ် ထပြီး လင်းရီကို ဆေးအသစ်လဲပေးရန်အတွက် နာ့စ်ကို သွားခေါ်လိုက်သည်။
များမကြာမီ လျန်ရူရွှယ် ဝယ်ခိုင်းထားသည့် ပစ္စည်းတို့က ရောက်လို့လာသည်။
ထို့နောက် လင်းရီသည် ချိုးယွီလော့နှင့် နင်ချဲ့တို့ကို ဖုန်းဆက်ခေါ်၍ လေးယောက်သား လူနာခန်းထဲတွင် သားသားနားနား စားသောက်လိုက်ကြသည်။
ထမင်းစားနေစဉ် သူတို့ လေးဦးလုံး လက်ရှိ အခြေအနေ အရပ်ရပ်တို့နှင့် ပတ်သက်ပြီး စကား စမြည်ကြ၏။
အန္တရာယ်တို့က နေရာအနှံ့အပြားတွင် တည်ရှိနေသော်လည်း ခြုံငုံသုံးသပ်ကြည့်မည် ဆိုပါက အင်မတန် ကောင်းသည့်ဘက်က ရှိနေဆဲ ဖြစ်သည်။
ဝမ်မိသားစု၏ လက်ရှိ အဆင့်အတန်းဖြင့် သူတို့ ကျိန်းသေပေါက် လှုပ်ရှားလာကြလိမ့်မည်။ သို့သော် စကားစမြည်ရင်း နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်က လာသမျှဘေးကို ပြေးရင်ဆိုင်ကြမည်ဟူ၍ပင်။
ထို့ကြောင့် စားသောက်နေစဉ် အခန်းတွင်း လေထု အခြေအနေမှာ သဟဇာတ ဖြစ်နေတော့၏။
သို့သော် ၎င်းအပြင် သူတို့ စားသောက်နေစဉ် အတောအတွင်း ထူးဆန်းတာ တစ်ခုခု ဖြစ်သွားခဲ့သေး၏။
အနှီ အမျိုးသမီး သုံးယောက်က လင်းရီနှင့် တစ်ဦးချင်း ရှိမည်ဆိုပါက လူတိုင်းသည် သူ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အလွန်တရာ စိုးရိမ်ပူပန်ပေးကြသည်။
သို့သော် သုံးယောက်ပေါင်းမိသည့် အချိန်တွင်တော့ အခြေအနေကလည်း ပြောင်းလဲသွားခဲ့တော့၏။
သူမတို့ ဆွေးနွေးကြသည့် စကားဝိုင်းက လင်းရီအကြောင်း ပြောရာကနေ တဖြည်းဖြည်း သွေဖယ်လာပြီး အဝတ်အစား၊ ဖိနပ်နှင့် အလှကုန် ပစ္စည်းများအကြောင်း ရောက်သွားခဲ့လေသည်။
နောက်ဆုံး၌ နောက်တစ်နေ့တွင် အတူ ရှော့ပင်းထွက်ဖို့ရန်ပင် သဘောတူညီချက် ထားလိုက်ကြသေးသည်။
အကယ်၍ နာ့စ်သာ အချိန်မီ မလာခဲ့ဘူးဆိုပါက စားကြွင်းစားကျန်များကို လင်းရီ ဘာသာပဲ ရှင်းလိုက်ရမည်ကိုပင် စိုးရိမ်နေရ၏။
အလှလေး သုံးယောက် အသံထွက်သည်ကတော့ ယင်းက လေ့ကျင့်ခန်း လုပ်သည် ဆိုသည်ပင်။ မဟုတ်ပါက အကြောနှင့် ကြွက်သားတို့က ကပ်သွားမည်ကို စိုးရိမ်ရသည်ဟု ဆိုလေသည်။
အမျိုးသမီး သုံးယောက်၏ အပြုအမူကို မြင်တော့ လင်းရီသည် ဤရက်များတွင် သူတော့ ခွေးဖြစ်ပြီဟု ရေးတေးတေး အာရုံရနေမိ၏။
ထိုအခိုက်အတန့်တွင် လေထုက အလွန်အမင်း သဟဇာတ ဖြစ်နေသော်လည်းပဲ လင်းရီ တစ်ခါမျှ မစဉ်းစားခဲ့မိသည်မှာ ပဏာမ ကပ်ဘေး တစ်ခုက ဖြည်းဖြည်းချင်း ဖွင့်လှစ်ဟာနေပြီ ဖြစ်ကြောင်းကိုပင်။