ကုလားအုတ်၏ ကျောကို ကျိုးသွားစေခဲ့သည့် နောက်ဆုံးသော မြက်ထုံး
Vol. 99 Ch. 1479
မော်စကို ပြည်နယ် ဆေးရုံ။ အထူးကြပ်မတ် ကုသဆောင်။
ဝမ်မြန်၏ ခြေထောက်များကို ပတ်တီးစည်ထားပြီး သင့်တင့်လျောက်ပတ်စွာ ပြန်သက်သာမှု ရရှိရေးအတွက် ခြေထောက်နှစ်ဖက်လုံးကို မြှောက်ထားရသည်။
ထိုအခိုက်အတန့်တွင် လူနာခန်းထဲ၌ လူဆယ်ယောက်ကျော် မတ်တပ်ရပ်နေသည်။ အားလုံးက အမျိုးသားနှင့် အမျိုးသမီးများဖြစ်ကြပြီး အများစုကတော့ သက်ကြီးပိုင်းများပင်။ အငယ်ဆုံးတစ်ယောက်သည်ပင် အသက် ၄၀ ကျော် ရှိနေလေပြီ။
သူတို့ထဲတွင် ဝမ်မြန်၏ မိဘများဖြစ်သည့် ဝမ်ထင်ရှန်းနှင့် လီကျင်းယွင်တို့က မျက်စိ အဖမ်းစားနိုင်ဆုံး လူပုဂ္ဂိုလ်များ ဖြစ်ကြ၏။
အခင်း ဖြစ်ပွားသည့် နေ့ရက်တွင်ပဲ လင်းရီ ထွက်ခွာသွားပြီး သတိလည်လာပြီးနောက် ဝမ်မြန်သည် ချက်ချင်းလက်ငင်း ဖုန်းကိုယူ၍ ရဲကို အကြောင်းကြားသည်။ ထို့နောက် သူ၏ မိဘများအား ဆက်သွယ်လိုက်၏။
ဝမ်မြန် တစ်ခုခု ဖြစ်သည့် သတင်းကြားတော့ ဝမ်မိသားစုထဲရှိ လူတိုင်း မိုးမီးလောင်ကုန်ကြပြီး သူတို့၏ သား၊တူ ရှိရာ မော်စကိုမြို့ဆီ ဒုန်းစိုင်း ခရီးနှင်လာကြသည်။
“ ဒေါက်တာ… ကျုပ်တို့ တတ်နိုင်တာ တကယ်ကြီး တစ်ခုမှ မရှိတော့ဘူးလား…”
ဝမ်ထင်ရှန်း ဒေါက်တာကို စိုက်ကြည့်ပြီး မေးလိုက်သည်။ ဘေးရှိ သူ့လက်ထောက်ကတော့ ဘာသာပြန်ပေး၏။
“ စိတ်မကောင်းပါဘူး.. ကျုပ်တို့လည်း အကောင်းဆုံး ကြိုးစားခဲ့ပြီးပါပြီ.. ဘယ်သူကမှ သူ့ခြေထောက်တွေကို ကယ်နိုင်မှာ မဟုတ်တော့ဘူး..” ဒေါက်တာက ပြောလိုက်၏။
“ ခင်များတို့က တရားခံကို အမြန်ဆုံး ရှာတွေ့ဖို့ မျှော်လင့်ပါတယ်… အဲ့တာ ခင်များ အခု အာရုံစိုက်ထားသင့်တဲ့ ကိစ္စပဲ…”
“ ကောင်းပြီ.. ကျုပ်နားလည်ပြီ..”
ဒေါက်တာ ထွက်ခွာသွားပြီးသည့်နောက် လူနာခန်းထဲရှိ လေထုက တံ့နေသည့် ရေအိုင်ကဲ့သို့ ဖြစ်နေပြီး လူတိုင်း၏ မျက်နှာထက်တွင် ဒေါသ၊ ယူကျုံးမရ ဖြစ်မှုတို့ ပြည့်နှက်နေသည်။
“ ယောက်ဖ… ငါတို့ ဒီကိစ္စ ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ… ငါတို့ ဒီခု ကိစ္စကို လွယ်လွယ်နဲ့တော့ မထားလိုက်သင့်ဘူး..”
ဝမ်မြန်၏ ဦးလေး၊ လီကျင်းထန်က ပြောလိုက်ပြီး “ သူက ငါတို့ ဝမ်မိသားစုကို ပြောင်ပြောင်တင်းတင်းကြီး ဆန့်ကျင်နေတာ… ငါတို့ သည်းခံနေလို့ မဖြစ်ဘူး… “
“ ငါသိတယ်… ဒါပေမယ့် ငါတို့မှ ဒီကိစ္စကို လောလို့မရတာ..” ဝမ်ထင်ရှန်း မျက်လုံးကျဉ်းမြောင်း၍ ပြောလိုက်ပြီး “ လင်းရီ သူ့ဘာသူတော့ ဒီကိစ္စ လုပ်တာ မဖြစ်နိုင်ဘူး… သူ့ကို ကျောထောက် နောက်ခံ လုပ်ပေးနေတဲ့ လျန်မိသားစုလည်း ဒီအထဲ ပါကို ပါရမယ်…”
“ အခု… မိသားစု နှစ်ခု(လင်းရီနဲ့ လျန်မိသားစု)က တစ်လှေတည်းစီးတွေ ဖြစ်နေကြပြီ… တကယ်လို့ ဝမ်မိသားစုက လှုပ်ရှားလာရင် လျန်မိသားစုက ကျိန်းသေပေါက် ကြားဝင်လာမှာ သေချာတယ်…” လီကျင်းထန် ပြောလိုက်သည်။
“ တကယ်လို့ လျန်မိသားစု တစ်ခုတည်းသာဆိုရင် အဲ့လောက်ထိ ပြဿနာ များနေမှာ မဟုတ်ဘူး… ငါကြောက်တာက…. လုပေချိန်လည်း ဝင်ပါလာမှာကိုပဲ…” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ တကယ်လို့ လုပေချိန်နဲ့ မိသားစု နှစ်ခုသာ ပူးပေါင်းမိလိုက်ရင် ငါတို့တွေ ဆိုးဆိုးရွားရွားကြီး ထိခိုက်ခံရနိုင်တယ်…”
လျန်မိသားစု အကြောင်း ဆွေးနွေးစဉ်က ဝမ်မိသားစုမှာ အမှုမထားသည့် ပုံစံတို့ဖြင့် ဖြစ်နေကြသော်လည်း လုပေချိန်အကြောင်း ရောက်လာတော့ သူတို့အားလုံး၏ အမူအရာမှာ ထူးဆန်းကုန်ကြသည်။
လုပေချိန်၏ အစွမ်းအစကို သူတို့ထက်ပို၍ သိနိုင်သည့်လူ ရှိမည်လို့ မထင်ပေ။
ယခင် 'ဝမ်မိသားစုက နံပါတ်တစ်ကွ' ဟု ကြွေးကြော်ဝံ့စဉ် အချိန်ကပင် လုပေချိန်သည် သူတစ်ဦးတည်းနှင့် သူတို့ တစ်မိသားစုလုံးကို ပခုံးချင်းယှဉ်နိုင်သည်။ လုပေချိန် ဒုတိယ ဖြစ်နေရခြင်းက သူ့တွင် ပိုလီ အုပ်စုကဲ့သို့ အားကောင်းသည့် ကုမ္ပဏီ တစ်ခု ရှိမနေခြင်းကြောင့်ပင်။
သို့သော် ယခု ချစ်ပ် မတော်တဆ ဖြစ်ရပ် ပြီးဆုံးသွားပြီးသည့်နောက် ဝမ်မိသားစု၏ အာဏာ လွှမ်းမိုးမှုသည် ယခင်ကနှင့်စာလျှင် သိသိသာသာ လျော့နည်းလာခဲ့သည်။ သူတို့အဖို့ လုပေချိန်ကို ဆန့်ကျင်ရန် တော်တော်လေး ခဲယဉ်းလှ၏။
“ လုပေချိန် ဝင်ပါလာမယ်ဆိုရင်တောင် ငါတို့တွေ ဒီကိစ္စကို လွယ်လွယ်ကူကူနဲ့ လွှတ်ပေးလိုက်လို့ မဖြစ်ဘူး… မဟုတ်ရင် ငါတို့ ဝမ်မိသားစုက ရန်ကျင်းမှာ ဘယ်လို မျက်နှာ ပြရတော့မှာလဲ….”
“ မင်းတို့ စိတ်ထဲ ဖြစ်ချင်နေတာကို ငါ နားလည်တယ်… ဒါပေမယ့် ငါတို့ ရေရှည်ကိုလည်း စဉ်းစားရမယ်… ငါလည်း ဒီကိစ္စ ဒီတိုင်း ထားလိုက်ဖို့ မကြံထားပါဘူး…”
ပြောပြီးနောက် ဝမ်ထင်ရှန်းသည် ဝမ်မြန်အနားသို့ လှမ်းလာခဲ့၏။
“ ဒီက စီးပွားရေး အခြေအနေတွေရော ဘယ်လိုလဲ… ဆက်ပြီး ဆွေးနွေးဖို့ကို တစ်ယောက်ယောက် လွှတ်လိုက်ရဦးမလား…”
“ ပြီးလုပြီးခါနီးဖြစ်နေပြီ… ညှိနှိုင်းဆွေးနွေးတယ်ဆိုတာက လုပ်ရိုးလုပ်စဉ်ထက် မပိုတော့ဘူး…”
ဝမ်ထင်ရှန်း ခေါင်းညိမ့်လိုက်သည်။ ယခု ပရောဂျက်က ပြည်တွင်း တိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်အတွက် အရေးပါသည့် အစိတ်အပိုင်း တစ်ရပ် ဖြစ်သဖြင့် သူတို့တွေ အာရုံစိုက်ထားဖို့ လိုအပ်သည်။
“ အခုပဲ နိုင်ငံကို ပြန်ကြတာပေါ့… မင်း အမေရိကား သွားဖို့ ငါ အတတ်နိုင်ဆုံး မြန်မြန် စီစဉ်ပေးမယ်… ပြောမရဘူး အဲ့မှာ မျှော်လင့်ချက် တစ်ခုခု ရှိရင်လည်း ရှိမှာပေါ့…”
ဝမ်မြန် ခေါင်းခါရမ်းလိုက်သည်။ “ အဖေ…. အဖေ့ရဲ့ ခွန်အားတွေကို ဒီလိုနေရာမျိုးမှာ ဖြုန်းတီးဖို့ မလိုပါဘူး… ကျွန်တော့်ရဲ့ အခြေအနေကို ကျွန်တော် ကောင်းကောင်းကြီး သိတယ်… အမေရိကားကို ပို့ရင်တောင် အချည်းနှီးပဲ ဖြစ်မှာ..”
“ မင်း ဒီအတိုင်းပဲ အရှုံးပေးလိုက်တော့မလို့လား…”
ဝမ်မြန်က ရှေ့တူရှုသို့ အမူအရာကင်းမဲ့နေသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။
“ ကျွန်တော့်ရဲ့ ခြေထောက်ကို ဘယ်လို ဆက်ကုသရမလဲ ဆိုတာ စိတ်မဝင်စားဘူး… လင်းရီကို ဘယ်လို မြန်မြန်သတ်နိုင်မလဲ ဆိုတာပဲ စိတ်ဝင်စားတယ်… ကျွန်တော် သူ့ကို ဒီကမ္ဘာကြီးထဲမှာ ဆက်ပြီး အသက်မရှင်စေချင်တော့ဘူး…”
“ ငါ ဒီကိစ္စ ကိုင်တွယ်လိုက်မယ်… မင်း တခြား ဘာမှ မစဉ်းစားသေးနဲ့.. မင်း ခြေထောက် ပြန်ကောင်းလာဖို့ကိုပဲ ဂရုစိုက်…”
“ ဒါက . . . . . . . “
ကလင် ကလင် ကလင် ….
ထိုအချိန်တွင် ဝမ်မြန်၏ ဖုန်းသံ မြည်လာသည်။ သူ ခေါင်းငဲ့ကြည့်လိုက်တော့ ရုရှားနာမည်နှင့် လူတစ်ယောက် ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။
“ Segby ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာပဲ… ကြည့်ရတာ ပရောဂျက် ကိစ္စ ပြောမလို့နဲ့တူတယ်… အဖေ … ကိုင်လိုက်..” ဝမ်မြန် တည်ငြိမ်စွာ ပြောလိုက်၏။
ဝမ်ထင်ရှန်း ခေါင်းညိမ့်လိုက်ပြီး သူ၏ လက်ထောက်ကို ဖုန်းကိုင်ရန် အကြည့်ပေးလိုက်သည်။ တစ်ဖက်သူလည်း ချက်ချင်း ဖုန်းကိုင်၍ စပီကာ ဖွင့်လိုက်လေသည်။
“ မစ္စတာဝမ်… ကျုပ်က မစ္စတာ လဲမွန်ရဲ့ အတွင်းရေးမှူးပါ… ကျုပ် ခင်များကို ကျုပ်တို့ အရင် ဆွေးနွေးခဲ့ကြတဲ့ ပရောဂျက် ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာလေး ရှိလို့ပါ..”
တစ်ဖက်သူက မတောက်တခေါက် ဟွာရှန့် စကားဖြင့် ပြောကြားလာခဲ့သည်။
“ ဆက်ပြောပါ…. ငါနားထောင်နေတယ်…”
“ ကျုပ်တို့ ဒီပရောဂျက်ကို ယာယီ အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်.. ကျုပ်တို့ အနာဂတ်ကျ အတူ လက်တွဲ ပူးပေါင်းလုပ်နိုင်မယ့် အခွင့်အရေး ရှိမယ်လို့ မျှော်လင့်ပါတယ်….”
လူနာခန်းထဲရှိ လူတိုင်း အံ့အားသင့်သွားခဲ့ကြ၏။ အမူအရာကင်းမဲ့နေသည့် မျက်နှာထားဖြင့် ဖြစ်နေသည့် ဝမ်မြန်သည်ပင် သူ၏ စိတ်ခံစားချက်တို့အား ထိန်းချုပ်မတတ်တော့ချေ။
“ မင်း ဘာပြောချင်နေတာလဲ… ယာယီ အဆုံးသတ်ထားမယ်ဆိုတာ ဘာစကားတုန်း…”
“ ကျုပ်တို့ ပါတနာ အသစ်တွေ့ပြီး သူတို့နဲ့ စာချုပ် လက်မှတ် ထိုးပြီးပြီ မို့လို့ပါ…. ဒါကြောင့် ကျုပ်တို့ ပါတနာ ဖြစ်နိုင်မယ့် နောက်ထပ် အခွင့်အရေးကို စောင့်ဖို့ပဲ တတ်နိုင်တော့တယ်…”
“ မင်း ဘာပြောလိုက်တယ်… မင်းတို့ တကယ်ကြီး တခြား တစ်ယောက်နဲ့ အလုပ်လုပ်နေတယ် ဟုတ်လား… မင်းတို့ကောင်တွေ ဘာလျှောက်လုပ်နေတာတုန်း…”
ဝမ်မြန် သူ၏ စိတ်ခံစားချက်တို့ ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းသွားပြီး ကယောင်ချောက်ချား မြည်တမ်းလိုက်၏။
“ ဘာလို့ဆို တစ်ဖက်သူက ပိုကောင်းတဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းလာခဲ့လို့ပါ… ကျုပ်တို့ ကုမ္ပဏီ နှစ်ခုက သူတို့နဲ့ အတူ ပူးပေါင်း အလုပ်လုပ်တာက ပိုပြီး အကျိုးအမြတ် ရှိလိမ့်မယ်လို့ တညီတညွှတ်တည်း ဆုံးဖြတ်ချက်ချခဲ့တာကြောင့်ပါ… ဒါကြောင့်မို့ ကျုပ်တို့ရဲ့ ပူးပေါင်းမှုကို ယာယီ အဆုံးသတ်မယ်လို့ ပြောရတာပါ မစ္စတာဝမ်….”
“ မင်းတို့ရဲ့ ပါတနာက ဘယ်သူတုန်း…”
ဝမ်မြန်က အခန်းထဲရှိ လူတိုင်း၏ စိတ်ထဲတွင် ရှိနေသည့် မေးခွန်းကို မေးမြန်းလိုက်ခြင်းပင်။
ဟွာရှ တစ်ခုလုံး၌ မည်သူကများ သူတို့ ပိုလီအုပ်စု၏ အသားတစ်ကြီးကို လုယက်ဝံ့သည်အထိ သတ္တိကောင်းနေရသနည်း။
“ အဲ့တာ ကျိုးဟိုင်က လင်းယွင်အုပ်စုနဲ့ပါ… ကျုပ်တို့ ခုလေးတင် စာချုပ် လက်မှတ်ထိုးပြီးလို့ မစ္စတာဝမ်ဆီ လှမ်းအကြောင်းကြားလိုက်တာပါ…”
“ လင်းယွင်အုပ်စု….”
‘ လင်းယွင် အုပ်စု’ ဆိုသည့် အသံကြားတော့ အခန်းထဲရှိ လူတိုင်း သူတို့၏ ခေါင်းကို တူဖြင့် ထုချလိုက်သကဲ့သို့ မူးနောက်နောက် ဖြစ်သွားခဲ့ကြသည်။
လင်းရီက ယခု အပေးအယူကို လျှို့ဝှက်စွာ ပစ်မှတ်ထားနေလိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ကြချေ။
ဤတစ်ကြိမ်တွင်တော့ ဝမ်မိသားစုကို မည်သည့် အခွင့်အရေးမျှ ချန်ထားပေးခဲ့ခြင်း မရှိပါချေ။
“ မင်းတို့ ဘယ်လိုတောင် လုပ်ရက်နိုင်ရတာလဲ… မင်းတို့ ငါတို့ကို အသိတောင် မပေးကြဘူး…” ဝမ်မြန် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး “ ဒါ ငါတို့အပေါ် ဘယ်လောက်ထိ ထိခိုက်နစ်နာသွားလဲဆိုတာ မင်းတို့ သိလား….”
“ ကျုပ်တို့လည်း စိတ်မကောင်းဖြစ်မိပါတယ် … ဒါက ကျုပ်တို့ ညှိနှိုင်းဆွေးနွေးမှုရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတော့ တကယ်လို့ ကျုပ်ကသာ မစ္စတာဝမ်ကို ကြိုတင်ပြီး အကြောင်းကြားခဲ့မယ်ဆိုရင် ဒီပရောဂျက်ကို ဆက်ပြီး ဆွေးနွေးနိုင်တော့မှာ မဟုတ်လို့ပါ…” အတွင်းရေးမှူးက ပြောလိုက်ပြီး “ ကျုပ်တို့ဘက်ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
“ ငါရီးကို နားလည်ပေးရမှာလား…”
ဝမ်မြန် သူ၏ ဖုန်းကို ကိုင်ပြီး ကြမ်းပြင်သို့ ပေါက်ခွဲပစ်လိုက်သည်။
ဝမ်မြန်၏ ဒေါသက ယခု အပေးအယူကြောင့် ပေါက်ကွဲ ထွက်လာခဲ့ခြင်း မဟုတ်ပေ။ သူ့ခြေထောက် နှစ်ချောင်းလုံး ဒုက္ခိတ ဖြစ်သွားခဲ့သည်က ဝမ်မြန်အဖို့ ပြင်းထန်သည့် ထိုးနှက်ချက်ကြီး တစ်ခုဖြစ်သည်။ လူက အတင်းမာချင်ယောင် ဆောင်နေသော်လည်း စိတ်ထဲတွင် တော်တော်လေး ဝမ်းနည်း ဒေါသ ဖြစ်နေခဲ့မိ၏။
ယခု ပရောဂျက် အလုယူခံလိုက်ရသည့် ကိစ္စက ကုလားအုတ်ကို ကျောကျိုးသွားစေခဲ့သည့် မြက်ထုံး တစ်ခုနှင့် မခြားနားပေ။
အဆိုးမြင် ဆန့်ကျင်သည့် ခံစားချက်တို့က ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ထိန်းချုပ်လို့ မရနိုင်ချေ။ သူ့ ဘေးနား ပတ်ပတ်လည်ရှိ ပစ္စည်းများကိုပင် လွင့်ပစ်နေခဲ့တော့၏။
“ သား…. စိတ်ငြိမ်ငြိမ်ထားစမ်း…” လီကျင်းယွင် ရှေ့သို့ တက်လာပြီး ဖြောင်းဖြပေး၏။ “ သားအဖေက ဒီကိစ္စ ဖြေရှင်းဖို့ နည်းလမ်းရှာပါလိမ့်မယ်…”
ဝမ်ထင်ရှန်း သူ၏ လက်သီးများကို ကျစ်ကျစ်ပါနေအောင် ဆုပ်ထားသည်။ သူ၏ ဒေါသတို့က ပေါက်ကွဲခါနီး မီးတောင်တစ်ခုကဲ့သို့ တုန်ဟီးလာနေသည်။
သူ့သား၏ ခြေထောက်နှစ်ချောင်းလုံးက ဒုက္ခိတဖြစ်သွားခဲ့ပြီး သူတို့ စီးပွားရေး အစီအစဉ်အသစ်၏ ပဏာမ ခြေလှမ်းသည်လည်း လင်းရီ၏ လုယက် ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
ဤသည်က ဝမ်မိသားစု၏ မျက်နှာကို ဖြတ်ရိုက်ရုံမျှ မကတော့ပေ။ ခြေထောက်ဖြင့်ကို ဆောင့်နင်းနေခြင်း ဖြစ်၏။
“ လင်းရီ လင်းရီ .. ငါမင်းကို အထင်သေးခဲ့မိတာပဲ…”
(TL /N - ကုလားအုတ်ကို လူလို့ သဘောထားပြီး တင်ထားတဲ့ ၀န်တွေကိုတော့ ကျနော်တို့ခံစားနေရတဲ့ ဖိအားတွေ မကျေနပ်ချက်တွေလို့ သဘောထားလိုက်ပါ။ နောက်ဆုံး မြက်ထုံးလေးကတော့ အဲ့ဒီ စုပြုံနေတဲ့ ဖိအားတွေ၊ မကျေနပ်ချက်တွေကို ပေါက်ကွဲထွက်လာစေတဲ့ ဘာမဟုတ်တဲ့ အသေးမွှား အကြောင်းပြချက်လေး တစ်ခုသာ ဖြစ်ပါတယ်။ )