လူကောင်းဟူသည် မရှိ
Vol. 99 Ch. 1480
နောက်တစ်နေ့ နံနက်ခင်းတွင် လျန်ရူရွှယ်သည် အခြား ကုတင် တစ်ခုမှ နိုးလာခဲ့ပြီး လှည့်ကြည့်လိုက်တော့ လင်းရီမှာ သူမအား ငေးကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
ယင်းက လျန်ရူရွှယ်၏ မျက်နှာကို ပန်းနုရောင် သမ်းသွားစေခဲ့၏။
“ ငါ့ကို ဘာလို့ လာကြည့်နေတာ.. ငါဟောက်လို့လား .. မဟောက်ပါဘူး…”
“ ဟင့်အင်း… ဒီတိုင်း မင်းမျက်နှာလေးကို ကြည့်ချင်လို့…”
“ ဟွန့်… လူကို အဲ့စကားလေးတွေလောက်နဲ့ ကြွေမယ်များ ထင်နေတာလား…. ဝေးသေး…”
“ မင်း ကြည့်စမ်း… ကိုယ်က ကြင်ကြင်နာနာနဲ့ ဆက်ဆံပေးနေတာကို ဝေဒနာ ဖြစ်အောင် ဖန်တီးနေတယ်… ရိုမန်တစ် မဆန်လိုက်တာ…”
လျန်ရူရွှယ်သည် စောစောစီးစီး ရိုဆန်ချင်နေသည့် အကောင်အား လျစ်လျူရှု၍ အိပ်ရာက ထလိုက်၏။
ဆေးရုံတွင် အိပ်သည်ဆိုသော်လည်းပဲ အံ့အားသင့်ဖို့ကောင်းလောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
လင်းရီလည်း ထပြီး အညောင်းဆန့်လိုက်သည်။
“ အပြင်ထွက် လမ်းလျှာက်ရင်း လေကောင်းလေသန့် သွားရှူရအောင်…”
“ နင့် ပခုံး နာသေးလား…”
“ မပူစမ်းပါနဲ့…. ငါ မသေသေးပါဘူး….”
“ ဟွန့်…”
လျန်ရူရွှယ်က ဂျက်ကတ် အထူကို ဝတ်ဆင်လိုက်ပြီး အန်းနင် နည်းတူ ဝတ်စားထားသည်။ သူမတို့ နှစ်ဦးစလုံးက plush legging များ ဝတ်ထားကြပြီး လူကို အထက်တန်းလွှာ မမလေးများ အဖြစ် ထင်ဟပ်သွားခဲ့စေသည်။
ကြည့်ရသည်မှာ ဤဝတ်စုံက မြောက်ပိုင်းသူ မိန်းကလေးတိုင်း၏ ဝတ်နေကျ စတိုင် ဖြစ်လောက်၏။
ဆေးရုံထဲကနေ ထွက်လာခဲ့ပြီးနောက် လျန်ရူရွှယ်သည် လင်းရီ၏ လက်မောင်းကို တွယ်ဖက်ထားလိုက်သည်။ ဖြူဖျော့ဖျော့ နှင်းပွင့်တို့က ကောင်းကင်ထက် လွင့်မျောနေပြီး သူတို့ ခေါင်းပေါ် ကျဆင်းလာခဲ့ကြ၏။
တောင်ပိုင်းမှာ နှင်းကို ဘယ်တော့ မြင်ရမလဲ။
ဝေဆာနေနဲ့ မက်မွန်ပင်နဲ့ ငါ့ရဲ့ ခေါင်းကို ဖွေးသွားစေလိမ့်မယ်။
ဤသည်က သူတို့နှစ်ဦးလုံးအတွက် ရှားရှားပါးပါး ပျော်ရွှင်ရသည့် အခိုက်အတန့်လေးပင်။
“ ငါ နေ့လည် လေယာဉ် လက်မှတ် ဖြတ်ထားတယ်… “
“ အမ်…. တစ်ရက်ပဲ ရှိသေးတာကို ပြန်တော့မလို့လား…”
“ ငါ့ကို အားယားနေတယ်များ ထင်နေလား…” လျန်ရူရွှယ် မျက်စောင်းထိုးလိုက်ပြီး “ ကျိုးဟိုင်မှာ ငါ ကိုင်တွယ် ဖြေရှင်းမှာကို စောင့်နေတဲ့ ကိစ္စတွေမှ အများကြီးပဲ…”
“ ငါ ထင်ထားတာ မင်း ဒီမှာ ရက်နည်းနည်းလောက် နေပေးပြီး ငါ့ရဲ့ ပူပန်စရာတွေကို ကူပြီး ဖြေလျော့ပေးမယ်ပေါ့…”
“ ဒဏ်ရာ ဒီလောက် ရထားတာတောင် အကျင့်လေးက မပြင်နိုင်ရှာသေးဘူး…” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင့်မှာ စိတ်ပူစရာတွေ အဲ့လောက်များနေရင်လည်း ရေချိုးစင်တာ သွားပြီးတော့သာ အနှိပ်ခံလိုက်ပေါ့… ငါ စိတ်မရှိပါဘူး…”
“ အလှလေးလျန်က သိပ် သဘောထား ကြီးတာပဲ..”
“ နင်သာ မြန်မြန်လုပ် လမ်းလျှောက်စမ်းပါ.. ငါတို့ တစ်ခုခု စားကြရအောင်….”
နှစ်ယောက်သား ခပ်သွက်သွက် လမ်းလျှောက်လိုက်ကြပြီး ဆေးရုံ အနီးနား အပြင်ဘက်တွင် သန့်ရှင်းသပ်ရပ်သည့် မနက်စာ ဆိုင်တစ်ဆိုင်ကို မြင်တွေ့သွားခဲ့သည်။
ဘန်းမုန့် ပူပူ၊ ဆန်ပြုတ်၊ လက်ဖက်ကြက်ဥ ၊ အသီးချဉ်… စသဖြင့် မနက်စာ မီနူးတိုင်းက ယွမ် ၃၀ မကျော်ပေ။ အကုန်အကျ တော်တော်လေး သက်သာလှ၏။
မနက်စာ စားသောက်ပြီးနောက် နှစ်ယောက်သား ဆေးရုံသို့ ပြန်ရန်အတွက် အလျင်လိုမနေခဲ့ကြပေ။
လင်းရီက လျန်ရူရွှယ်ကို စင်ထရယ်လမ်းသို့ ခေါ်လာခဲ့ပြီး ရေခဲ ပန်းပုများနှင့် နှင်းပန်းပုများကို လိုက်ပြသည်။ ၎င်းတို့က ရိုးစင်းသော်လည်း စိတ်ဝင်စားဖို့ ကောင်းသည်။
ထို့နောက် မြစ်နံဘေးရှိ ရေခဲလျှောစီးသည့်နေရာတွင် နှစ်ယောက် ကစားနေကြပြီး လျန်ရူရွှယ်၏ လေယာဉ်ချိန်ပင် လွတ်လု လွတ်ခင် ဖြစ်သွားခဲ့တော့သည်။
မူလက လျန်ရူရွှယ်သည် သူမဘာသာ တစ်ယောက်တည်း ပြန်သွားဖို့ စီစဉ်ထားသော်လည်း အဆုံးတွင် လင်းရီ လေဆိပ်သို့ လိုက်ပို့ပေးမည့် ရည်ရွယ်ချက်ကို ဖြောင်းဖြ၍ မရနိုင်ခဲ့ချေ။
အရင်တုန်းက သူမ အပြင်သို့ ထွက်ပြီဆိုလျှင် လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို အမြဲတစေ ဝိုင်းရံခံခဲ့ရ၏။
ဒရိုင်ဘာများ၊ အတွင်းရေးမှူးများ၊ လက်ထောက်များနှင့် အခြား ကာကွယ်ပေးမည့် လူတို့က ဘေးနား အရန်သင့် ရှိနေသည်။
သို့သော် ယခုတွင်တော့ သူမနံဘေး၌ လင်းရီ တစ်ဦးတည်းသာလျှင် ရှိ၏။ ယင်းက စုံတွဲတို့ကြား နှုတ်ဆက်ခွဲခွာသည်နှင့်ပင် ဆင်တူနေသည်။
ဖြည်းညင်းစွာဖြင့် နှစ်ယောက်သား business ကော်ရစ်ဒါသို့ လျှောက်လှမ်းလာခဲ့ကြသည်။
လင်းရီဘေးနားတွင် အချိန်အကြာကြီး ရှိမနေနိုင်ခဲ့သော်လည်း လျန်ရူရွှယ် ကျေနပ်မိပါသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူမ၏ ခံစားချက်အားလုံးကို ဘေးရှိ ကောင်လေးထံ ပေးထားခဲ့၏။
ယင်းက လုံလောက်ပြီလေ။
“ လေယာဉ်ဆင်းပြီဆို ဖုန်းပြန်ခေါ်ဦးနော်…”
လမ်း၏ ဝင်ပေါက်ဝတွင် ရပ်နေရင်း လင်းရီသည် လျန်ရူရွှယ်ထံ ပြောလိုက်သည်။
“ နင်ရောပဲ… ဒီမှာ ပျောက်အောင် လုပ်ခဲ့… နင် ပြီးပြီဆိုမှ ကျိုးဟိုင် မြန်မြန် ပြန်လာခဲ့..”
“ အင်း….”
လျန်ရူရွှယ် သူမ၏ ပစ္စည်းများကို အောက်သို့ချ၍ ရင်ကို ဖွင့်ပေးလိုက်သည်။
လင်းရီက ရှေ့သို့ တက်လာပြီး သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်၏။
လျန်ရူရွှယ်၏ ဖြူဖွေးပြီး သွယ်သည့်မေးက လင်းရီ၏ ပခုံးပေါ် တွင် တင်ထားသည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်သည် တဒင်္ဂမျှ လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာခဲ့၏။
“ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ မမေ့နဲ့…”
“ အွန်း…”
လင်းရီသည် လျန်ရူရွှယ်၏ နဖူးအား ကြင်ကြင်နာနာ ဖွဖွလေး နမ်းရှိုက်လိုက်သည်။ အဆိုပါ လှပသည့် မြင်ကွင်းလေးက ကြည့်မိသူတိုင်းအား အောက်နှုတ်ခမ်းတို့ ကိုက်မိသွားစေသည်။
ထိုသို့ ပြုလုပ်လိုက်သည့် အမူအရာက ကြည့်ကောင်းလှသည့် လူချောလေးက ပြုလိုက်သည့် အမှုဆိုတော့ ပိုပိုသာသာ ကြည့်ကောင်းနေလျက် ရှိတော့သည်။
“ သွားတော့ …. ငါလည်း မကြာခင် ပြန်လာခဲ့မယ်…” လင်းရီသည် လျန်ရူရွှယ်၏ ပခုံးအား ပုတ်၍ ပြောလိုက်ပြီး “ အခုချိန် လေယာဉ်ပေါ် မတက်ဘူးဆို ကျိုးဟိုင် ပြန်ရောက်တဲ့အချိန်ကျ မှောင်နေလိမ့်မယ်…”
“ အင်း… ငါအခု သွားတော့မယ်…”
နှစ်ဦး ခွဲခွာလိုက်ကြ၏။ လျန်ရူရွှယ်က ဆံပင်ကို သပ်၍ လင်းရီကို အပြစ်ကင်းစင်သည့် ကလေးလေး တစ်ယောက်နှယ် လက်ဝှေ့ရမ်းပြသည်။ ထို့နောက် လှပကျော့ရှင်းစွာဖြင့် ထွက်ခွာသွားခဲ့လေသည်။
“ မရီးရေ…. အိမ်ပြန်ရောက်ရင် ကိုယ့်အကန့်ကိုယ်သိနော်.. ငါတို့ရဲ့ ဆက်ဆံရေးကို အစ်ကိုကြီး မသိစေနဲ့…”
လင်းရီ အနောက်ကနေ လှမ်းအော်ဟစ်လိုက်ပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။ သူတို့အားလုံး နေရာတွင် ကျောက်ရုပ်ဖြစ်သွားခဲ့ကြပြီး လင်းရီတို့နှစ်ယောက်အား ငေးကြည့်မိလိုက်ကြသည်။
ယခုလေးတင် သူတို့နှစ်ဦးက မည်မျှ မခွဲနိုင် မခွာရက် ဖြစ်နေကြသည်ကို မြင်တော့ လူတိုင်းက အတော်လေး ချစ်ကြသည့် စုံတွဲပါလားဟူ၍ စိတ်ထဲ ကြည်နူးလိုက်မိကြသေးသည်။ သို့သော် ထိုနှစ်ယောက်က ထိုသို့သော ဆက်ဆံရေးမျိုး ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
ဒါ.. ဒါ ကမ္ဘာကြီးက ရူးနေပြီပဲ။
လင်းရီ၏ အော်သံက လျန်ရူရွှယ်ကို မှောက်လျက် လဲကျလုနီးပါး ဖြစ်သွားစေခဲ့သည်။ သူမ နောက်သို့ လှည့်၍ လင်းရီအား ခက်ထန်စွာ ကြည့်လိုက်ပြီး အလွန်အမင်း ကသိကအောက် ဖြစ်သလို ခံစားနေရ၏။
“ နင် ဘာပေါက်တတ်ကရတွေ လျှောက်အော်နေတာလဲ…”
“ အာ…. ဟုတ်သားပဲ.. ခုက လူမြင်ကွင်းကြီးမှာဆိုတာ မေ့လို့… ငါ ဘာမှ မပြောတော့ဘူး.. ဒါ ငါတို့နှစ်ယောက်နဲ့ လျှို့ဝှက်ချက် သေးသေးလေးလေ….”
“ နင်….”
လင်းရီဆိုသည့် အကောင်ကြောင့် လျန်ရူရွှယ် သေမတတ် ဒေါသထွက်နေပြီး သူမ၏ နူးညံ့သည့် မျက်နှာလေးပင် အနီရောင် ပြောင်းသွားခဲ့တော့သည်။
သူမ နောက်သို့ ပြန်လာပြီး လင်းရီအား စိတ်ရှိလက်ရှိ ရိုက်နှက်ပစ်ချင်နေသည်။ သို့သော် သူမ မလုပ်နိုင်ခဲ့ပေ။ သူမ၏ မာ့စ်ကိုသာ တပ်ရင်း ခေါင်းငုံ့၍ ထွက်ခွာသွားခဲ့ရ၏။
လျန်ရူရွှယ်ကို လူရှေ့သူရှေ့ ကိုးရို့ကားယား ဖြစ်အောင် ကျီစယ်ပြီးနောက် လင်းရီသည် ဘာမှ မဟုတ်သလိုနှင့် ဆေးရုံသို့ တက္ကစီငှားပြီး ပြန်လာခဲ့လိုက်သည်။
သူ ပြန်ရောက်တော့ ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ သူ၏ လူနာခန်းထဲတွင် ဆေးလိပ်သောက်ပြီး ကွာစေ့ကိုက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
“ မင်းတို့ ကွာစေ့ ကိုက်ကြတာကိုတော့ ငါ ဘာမှ မပြောလိုဘူး.. ဒါပေမယ့် ငါက လူနာလေ… မင်းတို့ ဆေးလိပ်သောက်ဖို့ သင့်လား…”
“ ငါ နင့်ဖို့ ပြတင်းပေါက် ဖွင့်ပေးမယ်…” နင်ချဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။
“ အတွင်းရေးမှူးလျန် ပြန်သွားခဲ့ပြီလား..” ချိုးယွီလော့ မေးလိုက်၏။
“ ငါ အခုလေးတင်ပဲ လိုက်ပို့ပြီးခဲ့တာ…”
“ ဘော့စ်လျိုဆီကနေ သတင်းရထားတယ်…” နင်ချဲ့ ပြောလိုက်ပြီး “ ဝမ်မိသားစုက ကြည့်ရတာ ဝမ်မြန်ကို ဟွာရှ ပြန်ခေါ်လာတဲ့ပုံပဲ… သူတို့ အမေရိကားက ဆရာဝန် တစ်ယောက်တောင် တွေ့ထားသေးတယ်.. ဒါပေမယ့် ပြန်ကောင်းနိုင်မယ့် အခွင့်အရေးကတော့ နည်းပါတယ်…”
“ ငါကိုယ်၌ကလည်း ဆရာဝန် တစ်ယောက်ပဲဟာ သူ့ကို အခွင့်အရေး ပေးမယ်လို့ ထင်လား…” လင်းရီ ပြောလိုက်သည်။
“ ဒါပေမယ့် အဲ့တာကလွဲပြီး ဝမ်မိသားစုဘက်က တခြား ဘာလှုပ်ရှားမှုမှ မရှိသေးတဲ့ ပုံပဲ..” နင်ချဲ့ ပခုံးတွန့်၍ ပြောလိုက်၏။ “ ငါ အဲ့တာကို နည်းနည်းလေး မသင်္ကာ ဖြစ်နေတာ… ဝမ်မြန်ကို ဝမ်မိသားစုဆီ ပြန်ခေါ်လာတာကလွဲရင် တခြား ဘာလှုပ်ရှားမှုမှလည်း မရှိဘူး…. သူတို့က ဘာမှ မဖြစ်ထားတဲ့ ပုံစံနဲ့…”
“ ဝမ်မိသားစုက တုံးအတာမှ မဟုတ်တာ… လင်းရီ ဘယ်လောက် ဩဇာအာဏာကြီးမားနေပြီလဲဆိုတာ သူတို့ သိကြတယ်လေ… ပြီးတော့ စကတည်းကနေ မှားတဲ့လူကလည်း သူတို့ပဲ … အဲ့ဒါကြောင့်မို့ ဒီတိုင်း ထားလိုက်တာရော မဖြစ်နိုင်ဘူးလား…” ချိုးယွီလော့က နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကို ပြောလာခဲ့၏။
“ ချမ်းသာတဲ့ လူနဲ့ ဩဇာအာဏာ ကြီးမားတဲ့ လူတွေထဲမှာ လူကောင်းဆိုတာ မရှိဘူး..” နင်ချဲ့ ပြောလိုက်ပြီး “ တကယ်လို့ ဝမ်မိသားစုက တကယ်ကြီး အဲ့လို စဉ်းစားနေတယ်ဆိုရင် သူတို့ ဒီလောက် အမြင့်ထိ တက်လာနိုင်မှာတောင် မဟုတ်ဘူး… ဒီ အသိုင်းအဝိုင်းထဲမှာ ရှိတဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က သန့်ရှင်းစင်ကြယ်တဲ့လူတွေ မဟုတ်ကြတာတော့ ငါ သေချာတယ်… သူတို့ ဒီတိုင်း အရှုံးပေးလိုက်စရာ အကြောင်း မရှိဘူး…”
“ ငါရောပဲ နင်ချဲ့ စကားကို ထောက်ခံတယ်…” လင်းရီ ပြောလိုက်ပြီး “ ငါက ဝမ်မြန်ရဲ့ ခြေထောက်တွေကို ရိုက်ချိုးခဲ့ရုံတင် မကသေးဘူး… ဝမ်မိသားစုရဲ့ အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကိုပါ ခိုးယူခဲ့တာ… သူတို့ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်မယ်ဆိုရင် လူတိုင်းရဲ့ လှောင်ပြောင်ကဲ့ရဲ့စရာတွေ ဖြစ်လာခဲ့တော့မှာ… နောင်ကျ တကယ်လို့ တစ်ယောက်ယောက်ကများ သူတို့အပေါ် ချနင်းဝံ့တယ်ဆိုရင် သူတို့ ဝမ်မိသားစုက မြင်သာလောက်တဲ့ အရှိန်နဲ့ကို ကျဆင်းသွားတော့မှာ… ဒါကြောင့်မို့ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ တုံ့ပြန် ပေးဆပ်လာကြမှာပဲ…”
“ ဒါပေမယ့် အခုချိန်ထိ ဘာလှုပ်ရှားမှုမှ မရှိသေးတာတော့ ငါ့စိတ်ထဲ လေးနေမိတယ်….”
“ ဒါက မုန်တိုင်းမလာခင် ငြိမ်သက်နေတာပဲ… ငါ့အနောက်မှာ လျန်မိသားစုနဲ့ အဘိုးကြီးလုရှိတယ်ဆိုတာ သူတို့လည်း သိတယ်… ကုန်သွယ်ရေးနဲ့ နည်းပညာ ကဏ္ဍမှာ ငါပိုင်ဆိုင်ထားတဲ့ လွှမ်းမိုးမှုတွေကိုလည်း သူတို့ နားလည်တယ်… တကယ်လို့ သူတို့သာ ကမှူးကရှူး လျှောက်လုပ်ကြမယ်ဆိုရင် ဆိုးဆိုးရွားရွား ထိခိုက်ခံစားရမှာက ဝမ်မိသားစုပဲ… ဒီတော့ သူတို့ရဲ့ ခြေလှမ်းတိုင်းကို သတိနဲ့ ရွေ့လျားသင့်တာပေါ့…”
လင်းရီ ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းအုံး လုပ်ထားကာ “ ငါ့အထင် ဝမ်မိသားစုက နောက်ထပ် နည်းနည်းကြာတဲ့အထိ ငြိမ်နေမယ်လို့ ထင်တယ်… ဒါပေမယ့် သူတို့ ငြိမ်ငြိမ်နေတာ ပိုပြီး ကြာလေလေ ၊ ငါတို့အတွက် ပိုပြီး ဆိုးရွားလေလေလို့ ထင်တယ်…”