ပျက်စီးနေတဲ့ အင်ပါယာ
Vol. 99 Ch. 1481
နှစ်ဦးလုံး သဘောတူညီစွာဖြင့် ခေါင်းညိမ့်လိုက်ကြသည်။
“ နင် ဘယ်လိုတွေ ပြန်ပြီး တိုက်ခိုက်ဖို့ စီစဉ်ထားလဲ…”
လင်းရီ ပခုံးတွန့်လိုက်၏။ “ နှစ်ဖက်လုံးရဲ့ အခြေအနေတွေက ပြောင်းလဲကုန်ပြီ… ငါတို့က အလင်းထဲ ရှိနေချိန်မှာ ရန်သူတွေက အမှောင်ထဲမှာ…. ငါတို့ တတ်နိုင်တာက စောင့်ဆိုင်းဖို့ပဲ…”
“ နင့်ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ကာကွယ်ပေးဖို့ လူတွေ လွှတ်ထားပေးရဦးမလား…” ချိုးယွီလော့ မေးလိုက်၏။
“ မလိုဘူး… ငါ ကြိုစီစဉ်ထားပြီးပြီ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ယေဘုယျကျကျ ပြောရင် ဝမ်မိသားစုရဲ့ အဆင့်နဲ့ ဒီလို နိမ့်ကျတဲ့ ကိစ္စတွေ လုပ်မှာ မဟုတ်ဘူး… ငါတို့ ဒီတိုင်း စိတ်ရှည်ရှည်နဲ့ပဲ စောင့်ကြတာပေါ့…”
နှစ်ဦးလုံး ခေါင်းညိမ့်လိုက်ကြသည်။ လက်ရှိ အခြေအနေအရ အခြား မည်သည့် ကောင်းမွန်သည့် ဖြေရှင်းချက်မျှ ရှိမည့်ပုံ မပေါ်ချေ။
“ မင်းတို့နှစ်ယောက် ပြန်သွားပြီး ဘော့စ်လျိုကို သတင်းပို့လိုက်… ငါ့စိတ်ထင် သူတို့ ကျုံးဝေ့တပ်ဖွဲ့ကို အရင်ဆုံး လှုပ်ရှားလာမယ်လို့ ခံစားနေရတယ်…”
“ ကျုံးဝေ့တပ်ဖွဲ့က ဟွာရှမှာ ထူးခြားတဲ့ အဆင့်အတန်း တစ်ရပ်နဲ့ ရပ်တည်နေတာကို သူတို့သာ တကယ်ကြီး လုပ်ဝံ့နေတယ်ဆိုရင် သူတို့ သေတွင်း သူတို့တူးတာနဲ့ မခြားဘူး…”
“ မင်းအတွေးတွေ လွန်နေပြီ… သူတို့က နှစ်ခြမ်းခွဲပစ်ဝံ့မှာ မဟုတ်ဘူးဆိုပေမယ့် တစ်ခုခု လုပ်မှာကတော့ ကျိန်းသေသလောက် ရှိတယ်… ဒါကြောင့်မို့ ဘော့စ်လျိုကို ပိုပြီး သတိထားဖို့ ပြောလိုက်… ဒါမှ သူတို့ အငိုက်ဖမ်းလို့ မရမှာ…”
“ အိုကေ…”
“ ကောင်းပြီ… ဒီမှာ ဘာမှ မရှိတော့ဘူး… မင်းတို့ တစ်ခုခု ရှိတယ်ဆိုရင် သွားလုပ်ကြတော့… မင်းတို့အချိန်တွေကို ငါ့အပေါ် ဖြုန်းတီးမနေကြနဲ့…”
“ နင် ငါတို့ အကူအညီမလိုဘူးဆိုတာ သေချာလို့လား…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ငါ့အထင်တော့ ဘော့စ်လျိုက မင်းတို့ကို ပိုလိုအပ်တယ်… ဒီတော့ အရင် ပြန်နှင့်ကြ…”
“ ဒါဆို ငါတို့ နင့်ကို အားနာမနေတော့ဘူးနော်…”
“ အင်း…. မင်းတို့ မိသားစုက စီးပွားရေးလုပ်ငန်းတွေကိုလည်း ဂရုစိုက်… မြို့ဂိတ်ပေါက်ဝမှာ လောင်တဲ့မီးက တစ်မြို့လုံးကို ကူးစက်သွားတာမျိုး ဖြစ်နိုင်တယ်… ဒါတွေက ဖြစ်လာနိုင်တဲ့ မြင်ကွင်းတွေပဲ…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ အဲ့လို ကိစ္စတွေ ဖြစ်လာပြီဆိုရင် ငါ့ကို ချက်ချင်းလက်ငင်း ပြောဖို့ မမေ့နဲ့…. တခြား ဘာမှတော့ အာမ မခံဝံ့ဘူး ဆိုပေမယ့် မင်းတို့ မိသားစုရဲ့ လုံခြုံရေးကိုတော့ အဆင်ပြေအောင် ငါ လုပ်ပေးမယ်…”
“ ကျေးဇူးပဲ..”
လင်းရီ၏ စကားလုံးတို့က သူတို့နှစ်ဦးလုံးကို ပို၍ သက်တောင့်သက်သာ ဖြစ်သွားစေခဲ့သည်။
သူတို့ ပစ္စည်းများ ထုပ်ပိုးပြီး ထွက်ခွာရန် ဟန်ပြင်လေသည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူတို့နှစ်ဦးလုံး ရက်နည်းနည်း ကြာကြာ ဆက်နေ၍ လင်းရီကို ဂရုစိုက်ပေးချင်သေးသည်။
သို့သော်လည်း ယခုလို ဧရာမ ဖြစ်ရပ်ကြီးက ဝမ်မိသားစုထံ ဖြစ်ပျက်ပြီး ဖြစ်သဖြင့် တစ်ဖက်သူက ကျိန်းသေပေါက် လှုပ်ရှားလာမည်မှာ ဓမ္မတာပင် ဖြစ်သည်။
လင်းရီ ပြောခဲ့သည့်အတိုင်း ကျုံးဝေ့တပ်ဖွဲ့က ၎င်းတို့၏ ပထမဆုံး ပစ်မှတ် ဖြစ်ဖို့များသည်။ သူမတို့တွေ ပြန်သွား၍ ဘော့စ်လျိုကို ကူညီပြီး ကိစ္စများအား စောင့်ကြည့်ပေးသည်က ပိုကောင်းလေသည်။
သူမတို့ နှစ်ဦး ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီသည် သူ၏ လွတ်လပ်ရေးကို အပြည့်အဝ ပြန်လည် ရရှိသွားခဲ့၏။
သို့ပေမယ့်လည်း လုပေချိန် စေလွှတ်လိုက်သည့် အခြားသူတို့ကတော့ ဆေးရုံ၌ ဆက်လက်ကျန်ရှိနေဆဲပင်။
အပြင်ဘက်ရှိ ကောင်းကင်ကြီးကို လင်းရီမော့ကြည့်လိုက်၏။ တဖြည်းဖြည်းနှင့် မှောင်ရီပျိုးစ ပြုလာနေပြီ။ ညနေ လေးနာရီ ကျော်နေပြီး ဖြစ်သဖြင့် ခေတ္တကြာသည်တွင် အန်းနင်၊ လီစီကျင်းတို့နှင့်အတူ ညနေစာ စားရန် စီစဉ်လိုက်သည်။
ကလင် ကလင် ကလင်…
လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။
ယင်းက ရှန်းရှုရီ ထံကပင်။
“ ဟယ်လို အန်တီရှန်း…”
“ ဒဏ်ရာ အခြေအနေ ဘယ်လိုရှိလဲ…”
“ အများကြီး သက်သာလာနေပါပြီ…”
“ ငါနင့်ကို တစ်ခု ပြောစရာရှိလို့…” ရှန်းရှုရီ ပြောလိုက်ပြီး “ အဘိုးကြီးလုက ဒီအခွင့်အရေးကို အသုံးချပြီး မြောက်ပိုင်းက အခြေအနေတွေကို စုံစမ်းစစ်ဆေးချင်နေတယ်… သူက စွန်းမန်ကျားလို့ ခေါ်တဲ့သူကို မဏ္ဍိုင် အနေနဲ့ အသုံးချလိမ့်မယ်… နင် ပူးပေါင်းပေးတာကိုလည်း သူ လိုကောင်း လိုလိမ့်မယ်…”
“ ဒီက အခြေအနေတွေကို စုံစမ်းစစ်ဆေးမှာလား…” လင်းရီ ရေရွတ်လိုက်ပြီး “ စုံစမ်း စစ်ဆေးရေး အသင်း လွှတ်မလို့လား…”
“ ဟုတ်တယ်…”
လင်းရီ သဘောပေါက်သွားခဲ့သည်။
အစမှ အဆုံးထိတိုင် ၊ ယခုနေရာက ဝမ်မိသားစု၏ ပိုင်နက် တည်နေရာဖြစ်ပြီး ယခု ဝမ်မိသားစုက ဆုံးရှုံးသွားပြီ ဖြစ်သဖြင့် ဤသည်က အခွင့်အရေးကောင်း တစ်ရပ်ပင်။
ယခင်နှစ်များ တစ်လျှောက်တွင် ဝမ်မိသားစုက ယခုနေရာတွင် အင်ပါယာ တစ်ရပ် တည်ထောင်ထားပြီး ယခု သူတို့ အင်ပါယာ၏ အုတ်မြစ်က လှုပ်ခါနေပြီ ဖြစ်သဖြင့် လူတိုင်းက ဝါးချွန် တပြင်ပြင်နှင့် ဝါးကူထိုးချင်ကြမည်မှာ သဘာဝပင်။
“ ကျွန်တော် နားလည်ပြီ..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် စွန်းမန်ကျားနဲ့ တခြားသူတွေက ထိန်းချုပ်မှုအောက်မှာ ရှိနေပြီးသား… ဘယ်လိုမျိုး စုံစမ်းစစ်ဆေးမလဲဆိုတာက အကြီးအကဲလု အပေါ်မှာ မူတည်တယ်… ဒါပေမယ့် ကျွန်တော်ကတော့ ကူညီပေးနိုင်တာက များများစားစား သိပ်ရှိမယ်မထင်ဘူး…”
“ ဒီ အရူးလေးကတော့… “ ရှန်းရှုရီ ပြုံးလိုက်ပြီး “ဒါက အမှတ်ကောင်းကို နင်နဲ့ ဝေမျှချင်လို့ပဲ…”
“ အမှတ်ကောင်းကို ဝေမျှဖို့လား…”
“ လိုအပ်တာတွေ ကူညီပေးလိုက်… ပြီးလို့ အချိန်တန်လာရင် လူ နည်းနည်းကို ရာထူးမြင့်မြင့်မှာ နေရာရဖို့ နင် စီစဉ်ပေးလို့ ရတယ်… တခြား သာမန် ရာထူးနေရာတွေ အတွက်ကတော့ နင့်မှာ တခြား အကြံဉာဏ်တွေ ရှိတယ်ဆိုရင် မစ္စတာလုနဲ့ လိုက်ဖက်ညီသရွေ့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး..”
“ နားလည်ပြီ နားလည်ပြီ… ကျေးဇူးပါ အန်တီရှန်း… “ လင်းရီ ပြန်ပြောလိုက်၏။
“ သံကို ပူတုန်း ထုနှက်ကြစို့… ဒါက နောက်နှစ်ရက် သုံးရက်နေရင် ဖြစ်လာလိမ့်မယ်… အဲ့ခါကျ နင့်ဆီ တစ်ယောက်ယောက် ဆက်သွယ်လာလိမ့်မယ်…” ရှန်းရှုရီ ပြောလိုက်ပြီး “ အတိအကျ အသေးစိတ်ကိုတော့ နင့်ဘာနင်ပဲ ကြည့်စီစဉ်လိုက်…”
“ နားလည်ပြီ… ကျေးဇူးနော် အန်တီရှန်း…”
ရှန်းရှုရီနှင့် ဖုန်းပြောပြီးနောက် လင်းရီ ကိုယ်ညောင်းဆန့်လိုက်၏။
လုပေချိန်က အလွန်တရာကို အနုစိတ်လှလေသည်။ ထိုသို့ သိသာထင်ရှားလှသည့် အကျိုးအမြတ်များကို ကမ်းလှမ်းပေးလာသဖြင့် လင်းရီပင် အံ့အားသင့်သွားခဲ့ရ၏။
ထိုညနေခင်း နောက်ပိုင်းတွင် လင်းရီသည် အန်းနင်နှင့် လီစီကျင်းကို ဖုန်းဆက်၍ သိုးသားဟော့ပေါ့နှင့် အသီးချဉ်များ စားရန် စီစဉ်လိုက်သည်။
“ စီကျင်း.. မင်းတို့ လေ့လာတာတွေက ဘယ်တော့ ပြီးမှာလဲ…” ထိုင်ခုံနောက်သို့ မှီရင်း လင်းရီ မေးလိုက်၏။
“ မနက်ဖြန်ဆို ပြီးပြီ..” လီစီကျင်း သူမ၏ ဝါးတူကို ချလိုက်ပြီး “ ဒါပေမယ့် လူတိုင်းက ကျွန်မ မေးနေကြတယ်… အစ်ကိုရီ သူတို့ကို အားလပ်ရက် တစ်ရက်လောက် ပေးနိုင်မလားဆိုပြီး… သာမန်ဆို ဒီကို လာဖို့ အခွင့်အရေးက မရှိနိုင်သလောက်ပဲလေ… ဒါကြောင့်မို့ ရောက်တုန်းလေး လျှောက်ပတ်ကြည့်ချင်နေကြတာ…”
“ အဲ့တာက ပြဿနာ မရှိပါဘူး… ငါ့ပခုံးကလည်း ဒဏ်ရာ ရထားတာဆိုတော့ ခုနေ ပြန်သွားရင် ကွိုင်အကြီးကြီး တက်မှာ…”
“ ယောင်းမက ရှင့်ကို ဆူမှာ ကြောက်နေတာမလား…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ အဲ့လိုက ပိုပြီး အဆင်ပြေလိမ့်မယ်…”
“ မင်း အစ်မနင်ကို ဒီအကြောင်း ပြောကြည့်ပြီး ငါတို့ နောက် ရက်နည်းနည်းလောက် နေဖို့ စီစဉ်ပေးနိုင်မလား မေးကြည့်ပေါ့..”
“ ပြဿနာ မရှိဘူး… ဒါရိုက်တာချိန်က နင့်ကို ဒီမှာ ကြာကြာလေး နေစေချင်နေတာ.. “ လင်းရီ ဆိုလိုချင်နေသည်ကို အန်းနင် သဘောပေါက်သည်။ “ နင် ဘယ်နှစ်ရက် ထပ် နေချင်လဲ…”
“ တစ်ပတ် ….၊ မနက်ဖြန်ကစပြီး…”
လင်းရီ ခန့်မှန်းထားသည့်အတိုင်းဆိုပါက တစ်ပတ်အတွင်း ချုပ်ရိုးများကို ဖြေရန်အတွက် အချိန်လုံလုံလောက်လောက် ရှိသည်။ အချိန်မှန်မှန် ဆေးထည့်လဲနေသရွေ့ အိမ်သို့ မြန်မြန် ပြန်နိုင်သည်။
ထို့ပြင် နင်ယွဲ့၏ မင်္ဂလာနေ့ရက်ကလည်း နီးသထက် နီးလာပြီ ဖြစ်သဖြင့် သူပြန်မှကို ဖြစ်မည်။
နောက်တစ်ပတ် ထပ်နေသည်က လုံလောက်သည်ထက်ကို ပိုနေပြီး ဖြစ်၏။
“ ဒါဆိုလည်း ဒီအတိုင်း စီစဉ်လိုက်မယ်လေ… ပုံမှန်ဆို မနက်ဖြန်က တရားဝင် လေ့လာရေး လုပ်ရမှာ… ငါ အဲ့တာကို နောက်လေးရက် ထပ်လုပ်လိုက်မယ်… အားလပ်ရက် နှစ်ရက်နဲ့ဆိုရင် တစ်ပတ်ဖြစ်သွားပြီ…”
“ ပြဿနာ မရှိဘူး..” လင်းရီ ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် အန်းနင်ကို ကြည့်၍ “ မင်း ဒီနှစ် အသက် ဘယ်လောက်လဲ…”
“ ဟင်…” အန်းနင် စိတ်ထဲ ရင်တလှပ်လှပ် ဖြစ်သွားပြီး “ ဘာလို့… တော်တော်လေးကြီးနေပါပြီ…. ငါ့အသက် မေးပြီး ဘာလုပ်မလို့လဲ…”
“ ဒီတိုင်း သိချင်လို့ပါကွာ…”
“ ဒီနှစ် နှစ်သစ်ကူးဆို သုံးဆယ် ပြည့်ပြီ…” အန်းနင် တွန့်ဆုတ်စွာ ပြောလိုက်၏။
“ သုံးဆယ်…” လင်းရီ ရေရွတ်လိုက်ပြီး “ ဒါဆို နည်းနည်း ငယ်သေးတာပဲ…”
“ ဟင်… နင် ဘာကို ပြောချင်နေတာ…”
လီစီကျင်းက အန်းနင်ကို တံတောင်ဖြင့်တွတ်၍ “ အစ်ကိုရီက အသက်ကြီးပြီး ရင့်ကျက်တဲ့ မိန်းကလေးတွေကို ပိုသဘောကျတယ်လေ…”
အန်းနင်၏ မျက်နှာ နီစွေးသွားခဲ့သည်။ “ ကျစ်… သူကြိုက်တာ မကြိုက်တာ ငါနဲ့ ဘာဆိုင်လို့…”
မိန်းကလေးနှစ်ယောက် တွတ်ထိုးနေကြသည်အား လင်းရီ စိတ်မဝင်စားပေ။ ဤအတိုင်း အန်းနင်၏ အသက်က နည်းနည်းလေး ငယ်ရွယ်နေသဖြင့် ရာထူးနေရာမြင့်မြင်သို့ တိုးပေးလိုက်မည်ဆိုပါက ကျိန်းသေပေါက် အတင်းအဖျင်း ပြောသည်များ ရှိလာနိုင်သည်။
စားသောက်ပြီးနောက် သုံးယောက်သား လူစုခွဲလိုက်ကြပြီး လီစီကျင်းက ဟိုတယ်သို့ ပြန်သွားခဲ့ကာ လင်းရီနှင့် အန်းနင်တို့က ဆေးရုံထံ ပြန်လာခဲ့ကြသည်။
လင်းရီလက်ထဲတွင် ဘာမှ လုပ်စရာ မရှိသဖြင့် အန်းကော်ဟွား၏ လူနာခန်းထဲသွား၍ စကား ခေတ္တပြောပြီး သူ့အခန်းသူ ပြန်လာခဲ့သည်။
“ သမီး… နင်တို့ စားခဲ့ပြီးကြပြီလား…” လျိုကွေ့ချင် မေးလာခဲ့၏။
“ အွန်း… ခုလေးတင် စားပြီးလို့ ပြန်လာတာလေ အမေရဲ့… ဘာဖြစ်လို့လဲ…” အန်းနင် သူမ၏ လက်ဆွဲအိတ်ကို အောက်သို့ ချပြီး မေးလိုက်သည်။
“ ငါ သိချင်တာ နင်နဲ့ လင်းရီ အဆင်ပြေလားလို့ပါ…”
“ သမီးတို့ကြားမှာ ဘာများဖြစ်နိုင်မှာမို့လို့… ဒီတိုင်း ထမင်း အတူစားရုံပါပဲ..” အန်းနင် ပြောလိုက်ပြီး “ ပြီးတော့ မိန်းကလေး နောက်တစ်ယောက်တောင် ပါသေးတယ်…”
“ အဲ့တာ ကောင်းတယ်…” လျိုကွေ့ချင်သည် အန်းနင်၏ လက်ကို ဆုပ်ကိုင်၍ “ လင်းရီက သိပ် ထူးချွန်လွန်းတယ်… ဒါပေမယ့် အမေတို့က ကိုယ့်ကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရမယ်… သမီးက သူနဲ့ မတန်ဘူးနော်… ဒီတော့ ရယ်စရာ အတွေးတွေ မထားနဲ့ ဟုတ်ပြီလား…”