← Chapters

ဘလိုင်းဒိတ်

Vol. 99 Ch. 1482

ဘလိုင်းဒိတ်

Vol. 99 Ch. 1482

အန်းနင် ပြောစရာစကား ကင်းမဲ့သွားခဲ့ရသည်။

သူမ အမေက ဤအကြောင်းကို ပေါ်တင်ကြီး ပြောလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ သမီးသိပါတယ် အမေရယ်… သမီးတို့က ဒီတိုင်း သူငယ်ချင်းတွေပါ… ကိုယ့်ကိုယ်ကို မလိုက်ဖက်မှန်းလည်း သိပါတယ်…”

“ သူတို့လို ချမ်းသာတဲ့ မိသားစုတွေမှာ စည်းမျဉ်းစည်းကမ်းတွေက ဒုနဲ့ဒေးရယ်… အမေတို့လို သာမန်လူတွေ တတ်နိုင်တဲ့ အရာ မဟုတ်ဘူး…” လျိုကွေ့ချင် ပြောလိုက်ပြီး “ ဒါပေမယ့် သူက သမီး အဖေရဲ့ အသက်ကို ကယ်ထားပေးတာဆိုတော့ သူ့ရဲ့ ကြင်နာမှုကိုတော့ ဘယ်တော့မှ မမေ့နဲ့…”

အန်းနင် အတင်း လုပ်ယူ ပြုံးလိုက်ရ၏။

“ သမီး သိပါတယ်…”

ယင်းက အန်းနင် ရှောင်ပြေးနေသည့် ပြဿနာတစ်ရပ်ဆိုလျှင်လည်း မမှားပေ။ သူမ ဤပြဿနာကို လေးလေးနက်နက် ရင်ဆိုင်ရမည် ဖြစ်ကြောင်းကိုလည်း သူမသိသည်။ မဟုတ်ပါက မည်သူ့အတွက်မျှ ကောင်းလိမ့်မည် မဟုတ်ချေ။

မိသားစု နှစ်ခုကြားရှိ အဆင့်အတန်း ကွာဟမှုကို မဆိုသေးနှင့်။ သူ့တွင် သက်ဆိုင်သူ တစ်ယောက် ရှိနေပြီး ဖြစ်သည့် အချက်ကပင် သူမတို့နှစ်ဦးကြား၌ မည်သည့်အရာတို့မျှ ဖြစ်မလာနိုင်တော့ချေ။

သူမ၏ နေရာကို ယခုကတည်းက တည်တည်တံ့တံ့ ဖြစ်အောင် ပြုလုပ်ထားသည်က ကောင်း၏။ မည်သို့ပင်ဆိုစေ ယင်းက အားလုံးကောင်းဖို့ အတွက်ပင်။

“ သမီး… ဒီနေ့ နင့်ရဲ့ ဒုတိယ ဦး‌လေး လာသွားတယ်… သူတို့နေတဲ့ ယူနစ်က ဌာနခေါင်းဆောင်မှာ သားတစ်ယောက် ရှိတယ်ဆိုပဲ.. သူ့သားကလည်း လူပျိုလူလွတ် သမီးနဲ့ ရွယ်တူလောက်ပဲ… အမေ ဓာတ်ပုံကြည့်ပြီးပြီ… သူက တော်တော်လေး ကြည့်ကောင်းတယ်… သမီး သူနဲ့ ခဏလောက် တွေ့ကြည့်ပါလား…”

“ ဟင်… သမီးကဖြင့် လမ်းခွဲပြီးတာတောင် ဘယ်လောက်မှ မကြာသေးတဲ့ဥစ္စာ အမေက နောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးနေပြီပေါ့…. တော်တော်ဟုတ်နေတာပဲ…”

“ ခုက ဘယ်နှရာစုနှစ် ရှိနေပြီတုန်း… ပြီးတော့ နင်က အိမ်မှာပဲ ထိုင်ပြီး အားယားနေတာမှ မဟုတ်တာ… လမ်းခွဲထားတာနဲ့ပဲ အသစ်တွေ့လို့ မရတော့ဘူးလား…” လျိုကွေ့ချင် ပြောလိုက်ပြီး “ အမေတော့ အဲ့သူငယ်လေးက မဆိုးဘူး ထင်တာပဲ… သူက လင်းရီနဲ့ မယှဉ်နိုင်ဘူးဆိုရင်တောင် သာမန်လူတွေနဲ့ စာရင်တော့ ထိပ်တန်း အဆင့်မှာ ရှိတယ်… သမီး အချိန်ရရင် သူနဲ့တွေ့ကြည့်လိုက်…”

ဂျင်းဟောင်းက ပိုစပ်သည်ဆိုသည့် စကားအတိုင်း ထိုစကားလုံးဖြင့် သူမသမီး အန်းနင်သည် လင်းရီအပေါ် ခံစားချက်တို့ ရှိနေမှန်းကို လျိုကွေ့ချင် သိကြောင်း ပေါ်လွင်နေသည်။

သို့သော် သူတို့ မိသားစုနှစ်ခု၏ အခြေအနေက နံရံတံတိုင်းသာလျှင် မဟုတ်ဘဲ ကမ္ဘာကြီးလောက်ကို ခြားနေခြင်းပင်။ ထို့ပြင် တစ်ယောက်က တောင်းပိုင်းမှ ဖြစ်ပြီး ကျန်တစ်ယောက်က မြောက်ပိုင်းက ဖြစ်၏။ သူတို့နှစ်ဦး အတူဆုံစည်းနိုင်မည့် နည်းလမ်း မရှိချေ။ မဖြစ်နိုင်သည့် အကြံဉာဏ်များကို ယခုကတည်းက ဖြတ်တောက်ထားသည်က ပိုကောင်းပြီး သာယာပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစု တစ်ခု ရှာဖွေ၍ ဘဝကို တည်တည်ငြိမ်ငြိမ်နှင့် ဖြတ်သန်းသည်က ပိုကောင်းလေသည်။

သူမသမီးကို ပြောပြသည့် ဘလိုင်းဒိတ်ကလည်း အန်းနင်၏ ဒုတိယ ဦးလေး ကူညီပေးခြင်း မရှိဘဲ သူမကိုယ်၌က အကူအညီ တောင်းဆိုခဲ့ခြင်းပင်။ ထို့ကြောင့်သာ ယခုလို စကားဝိုင်းမျိုး ဖြစ်လာခဲ့ရခြင်း ဖြစ်၏။

“ အမေ ဒီကိစ္စ စိတ်ပူစရာ မလိုပါဘူး.. သမီး သူ့ကို ကြိုက်တယ်ဆိုဦးတော့ သူက သမီးကို ကြိုက်ချင်မှ ကြိုက်မှာလေ… ဒီလို ကိစ္စမျိုးဆိုတာ ကံကြမ္မာပေါ် မူတည်နေတာ… အတင်း လုပ်ယူလို့ ရတာမှ မဟုတ်တာ…”

“ နင် ဘာစကားတွေ လျှောက်ပြောနေတာ… သမီး ဒုတိယ ဦးလေးက သမီးရဲ့ ဓာတ်ပုံကို အဲ့ကောင်လေးဆီ ပြပြီးပြီ… သူလည်း သမီးရဲ့ ရုပ်ရည်ကို တော်တော်လေး စိတ်ကျေနပ်တယ်… အခု သမီး လုပ်ဖို့လိုတာက မီးစိမ်းပြလိုက်ရုံပဲ… ပြီးရင် တွေ့ဖို့ ချိန်းလိုက်တော့…”

“ အမ်း….”

အန်းနင် ဆံပင်ကို ဖြီးသပ်၍ “ ဒီကိစ္စ နောက်မှ ပြောကြတာပေါ့…. သမီး သေချာ မစဉ်းစားရသေးဘူး…”

“ ဘာစဉ်းစားနေဦးမှာလဲ… ဒီတိုင်း တွေ့တာလေးပဲမလား… ဘယ်သူသိနိုင်မှာမို့လို့… တွေ့ရင်းနဲ့လည်း မီးပွားမီးစလေးတွေ ပေါက်ဖွားလာနိုင်တာပဲလေ..” လျိုကွေ့ချင် ပြောလိုက်ပြီး “ သမီး နင် လင်းရီအပေါ်မှာ ခံစားချက်တွေ ရှိနေတုန်းပဲလို့တော့ မပြောနဲ့နော်…”

“ အမေ့ သံသကြီးကို ရပ်ပစ်လို့ မရဘူးလား… သမီးတို့ နှစ်ယောက်ကြားမှာ ဘာမှ မဖြစ်ထားပါဘူးဆိုနေ… သမီးတို့က ဒီတိုင်း သူငယ်ချင်းကောင်းတွေပဲ…”

“ ဒါဆို သူနဲ့ သွားတွေ့… နင် ဒီ အခွင့်အရေးကို လက်လွတ်ခံလို့ မရဘူး…”

“ သမီး… နင့် အမေစကား နားထောင်လိုက်ပါကွာ…” အန်းကော်ဟွား ပြောလိုက်ပြီး “ အဖေတို့က သမီးတို့နှစ်ယောက်ကို အတင်း အတူနေခိုင်းနေတာလည်း မဟုတ်ဘူး… တကယ်လို့ သမီးက သင့်တော်တယ်ထင်ရင်လည်း တွဲကြည့်ပေါ့… မပြေဘူးဆိုလည်း မေ့လိုက်တာပေါ့… ဘာလို့ ခေါင်းမာနေရတာ…”

ဟင်း….

အန်းနင် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး စက်ရုပ်ကဲ့သို့ ခံစားချက် ကင်းမဲ့သည့် မျက်နှာထားဖြင့် ထမင်းစားပွဲဝိုင်းက စကားဝိုင်းကို ပြန်မြင်ယောင်မိသွားခဲ့သည်။

လင်းရီက ပင်းချိန်တွင် ရက်နည်းနည်းကြာကြာ ထပ်နေချင်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကောင်မလေး အနာကို မြင်ပြီး စိတ်ပူမှာကို စိုးရိမ်သောကြောင့်ပင်။

သူသည် ညင်သာနူးညံ့သည့် လူပုဂ္ဂိုလ် တစ်ယောက်ဖြစ်၏။ သို့သော် ယင်းက သူ့ရှေ့တွင် ရပ်နေသည့် လူက မည်သူဆိုတာနှင့်လဲ သက်ဆိုင်နေသည်။

မိမိက မပြတ်မသား ဖြစ်နေမည်ဆိုပါက မိမိဒုက္ခ မိမိရှာသကဲ့သို့ ဖြစ်နေလိမ့်မည်။

အဆိုပါ သဘောတရားကို အန်းနင် နားလည်သည်။

“ ကောင်းပြီလေ… အချိန်ကိုတော့ အမေတို့ပဲ စီစဉ်လိုက်ကြ… အမေတို့ စိတ်တိုင်းကျပါပဲ…”

“ ဒါမှ အမေ့သမီးလေး…” လျိုကွေ့ချင် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

“ အမေ ဒီမှာရှိနေတာလည်း ရက်‌တွေ ကြာလှပြီ… ဒီညတော့ သမီး စောင့်လိုက်မယ်.. အမေ ပြန်ပြီး နားလိုက်… မနက်ဖြန် မနက်မှ ပြန်လာပြီး သမီးနဲ့ လူစားလဲလှည့်….”

ဤအကြောင်းကို ဆက်မပြောချင်တော့သဖြင့် အန်းနင် အခြား အကြောင်းအရာထံ ပြောင်းလဲလိုက်သည်။

“ အဲ့လိုလည်း အဆင်ပြေတာပဲ…” လျိုကွေ့ချင် ပြောလိုက်ပြီး “ အမေလည်း ပြန်ပြီး ခေါင်းလျှော်ချင်နေတာ… အိမ်သန့်ရှင်းတွေ လုပ်ပြီးတော့မှ မနက်ဖြန် မနက် ပြန်လာခဲ့တော့မယ်…”

“ အွန်း…”

နောက်ထပ် ရက်အနည်းငယ် ကြာသည်အထိ လင်းရီ၏ နေ့ရက်တို့က အလွန်အမင်း အားလပ်နေသည်။

တစ်ခုတည်းသော တာဝန်က ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ကို စကားပြောရန် ဖြစ်ပြီး သူ နေ့စဉ် ပြုလုပ်သည်များအား သူဌေးမကြီးများထံ ပြန်တင်ပြရခြင်းပင်။

ထို့နောက် သူ့ထံသို့ အထူးတလှယ် ပို့ထားပေးသည့် နာ့စ်များနှင့် စကားပြောရင်း သူမအား ညစ်ညမ်းသည့် ပြက်လုံးများ ပြောပြသည်။

ညတွင် လီစီကျင်းက သူ့ထံ လာကြည့်ပြီး စားသောက်စရာများ ဝယ်လာပေးတတ်၏။ တစ်ခါတစ်ရံ နာ့စ်များကိုပင် ခေါ်၍ ကတ်ဂိမ်း အတူကစားလိုက်သေးသည်။ လူနာခန်းထဲရှိ ရယ်မောသံတို့က ညဉ့်နက်သည့်တိုင် မစဲသွားခဲ့ချေ။

၎င်းတို့အပြင် လင်းရီ ချောင်ကွေ့ဖျင် ဆိုသည့် လူတစ်ယောက်ထံကနေလည်း ဖုန်းလက်ခံရရှိခဲ့သေး၏။

တစ်ဖက်သူက စုံစမ်းစစ်ဆေးရေး အသင်းခေါင်းဆောင်ပင်။ ပင်းချိန်မြို့သို့ ရောက်လာခဲ့ပြီးနောက် လင်းရီထံသို့ အထူးတလှယ် ရောက်လာပြီး နှစ်ယောက်မှာ သုံးနာရီကျော်အောင် စကားပြောခဲ့ကြသည်။ ထို့နောက် ချောင်ကွေ့ဖျင် ထွက်ခွာသွားခဲ့၏။

နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာကိုတော့ လင်းရီ မသိရှိပေ။ သို့သော် အခြေအနေတို့ ပြောင်းလဲသွားမည်ကတော့ ကျိန်းသေသည်။

“ ဒီရက်ပိုင်း မင်းရဲ့ အစ်မနင်က ဘာလို့ ရောက်မလာလဲ မသိဘူးနော်… ဆေးရုံမှာ တစ်ခုခု ဖြစ်နေလို့များလား…”

လူနာခန်းထဲတွင် လင်းရီနှင့် လီစီကျင်းတို့က ဂိုမိုခု ကစားနေပြီး ပျင်းရိငြီးငွေ့စွာဖြင့် အန်းနင် အကြောင်း ထိုင်ပြောနေကြသည်။

“ မဖြစ်နိုင်တာ… သူ တခြား ကိစ္စ တစ်ခုခု ရှိလို့နေမှာပေါ့…” လီစီကျင်း ပြောလိုက်ပြီး “ အစ်ကိုရီရဲ့ ဒဏ်ရာကရော ဘယ်လို ဖြစ်သွားပြီလဲ… ချုပ်ရိုးကိုရော ဘယ်တော့ဖြေမှာ…”

သူမ များများစားစား မစဉ်းစားချေ။ အန်းနင်နှင့် နှိုင်းစာပါက လင်းရီ၏ ဒဏ်ရာအကြောင်းကို ပိုပြီး စိတ်ပူသည်။

“ ငါတော့ ဒီနေ့ ဖြေလို့ရမယ့် ထင်တာပဲ… ဒါပေမယ့် ဒေါက်တာပြောတာတော့ နောက်တစ်ရက် ထပ်စောင့်လိုက်တဲ့… ငါ့အထင် မနက်ဖြန် ဖြေရမယ် ထင်တာပဲ…”

“ နောက်ဆက်တွဲ ဆိုးကျိုးတွေတော့ မရှိပါဘူးနော်…”

“ မရှိဘူး… စိတ်မပူနဲ့…”

“ အဲ့တာ ကောင်းတယ်…” လီစီကျင်း ပြောလိုက်ပြီး “ အစ်ကိုရီ… ရှင့် အာရုံတွေ ပျံ့နေတယ်နော်… ကျွန်မ ရှင့်ကို သုံးပွဲဆက်တိုက်တောင် အနိုင်ယူပြီးသွားပြီ…”

“ အင်း... အိမ်မှာ လုပ်စရာ ကိစ္စတွေက အများကြီးရှိတော့ ခုလေးတင် အာရုံပျံ့သွားခဲ့တာ..”

လီစီကျင်း မျက်တောင်ခတ်၍ နတ်ဆိုးမလေးသဖွယ် ပြုံးလိုက်ရင် “ အစ်ကိုရီ… ရှင် အစ်မနင်ကို သတိရနေတာတော့ မဟုတ်ဘူးမလား...”

“ ပေါက်ပေါက်ရှာရှာ… ငါက ဘာလို့ သူ့ကို သတိရရမှာ…”

လင်းရီ ကိုယ်ညောင်းဆန့်၍ ခေါင်းစဉ်ပြောင်းလိုက်သည်။

“ မနက်ဖြန်က လေ့လာရေး နောက်ဆုံးနေ့မလား…”

လီစီကျင်း ခေါင်းညိမ့်လိုက်သည်။ “ အရင် အချိန်ဇယား အတိုင်းဆိုရင် မွန်းလွဲ တစ်နာရီဆိုပြီးပြီ… ကျန်တာက သူတို့ရဲ့ အားလပ်ချိန်ပဲ…”

“ ကောင်းပြီ… မနက်ဖြန်ကျရင် စင်တာကို အတူသွားကြတာပေါ့… တအားလည်း ကြာနေပြီ… ငါ ချိန်ရှီကို ရှင်းပြမှ ဖြစ်မယ့် တချို့ ကိစ္စလေးတွေ ရှိတယ်..”

လီစီကျင်း ခေါင်းညိမ့်လိုက်သည်။ သူမလည်း လင်းရီ သွားသင့်သည်ဟု ခံစားနေရ၏။

ဒါရိုက်တာချိန်က စိုက်ပျိုးရေး သုတေသန စင်တာရှိ အမြင့်ဆုံး အကြီးအကဲ ဖြစ်ပြီး လင်းရီသည်က သူမတို့ဘက်ခြမ်းရှိ ခေါင်းဆောင်တစ်ယောက် ဖြစ်လေသည်။

တစ်ချို့သော စကားလုံးတို့က ခေါင်းဆောင်ကိုယ်၌ ပြောကြားခြင်းကသာလျှင် ပိုပြီး သင့်လျော်သည်။

အကယ်၍ သူမကသာ ဒါရိုက်တာချိန်ကို စကားသွားပြောမည် ဆိုပါက သူမ၏ အဆင့်အတန်းနှင့် ရာထူးက လုံလုံလောက်လောက် မြင့်မားခြင်း မရှိသဖြင့် ဤသည်က မယဉ်ကျေးရာကျပြီး အလုပ်ခွင်တွင် ပြင်းထန်စွာ တားမြင်ထားသည့် အရာတစ်ခုလည်း ဖြစ်သည်။

“ စကားမစပ် သန်ဘက်ခါကျရင် မင်းအားလား…”

“ သန်ဘက်ခါလား…” လီစီကျင်း မေးရင်းဖြင့် မျက်လုံးအရောင် လက်သွားခဲ့ကာ “ အပြင်ထွက်လည်မလို့လား…”

“ ကောင်မစုတ်လေးကတော့ အားနေ လည်ဖို့လောက် ချောင်းနေတော့တာပဲ…” လင်းရီ သူမအား ခပ်ဖွဖွ ခေါင်းခေါက်လိုက်ပြီး “ ရန်ကျင်းက လာတဲ့ စုံစမ်းစစ်ဆေးရေး အသင်း တစ်သင်း ရှိတယ်… သူတို့က သန်ဘက်ခါကျရင် အစည်းအဝေးလုပ်မှာ… မင်း အားရင် ငါ့နဲ့လိုက်ပြီး မှတ်စုတစ်ချို့ မှတ်ဖို့ ကူညီပေးဦး…”

စစချင်းတုန်းကတော့ လင်းရီ တက်ရောက်ရန် စိတ်ကူးမရှိသော်လည်း ကိုယ်တိုင်ကိုယ်ကျ တကူးတက လာဖိတ်သည့် ချောင်ကွေ့ဖျင်၏ စိတ်ကောင်းစေတနာကို မငြင်းချင်သဖြင့် သူ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ယခု အခွင့်အရေးကို အသုံးချ၍ အဆိုပါ အသင်း၏ ခွန်အားကို မျက်မြင်တွေ့ရှိနိုင်သည်။ ဤနယ်ပယ်နှင့် ပတ်သက်၍ သူ့အတိုင်းအတာကို သိမည်ဆိုပါက စည်းမျဉ်းကြား လက်တလုံးခြား အဟမ်း… စည်းမျဉ်းများဖြင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်လိမ့်မည်။

“ နားလည်ပြီ အစ်ကိုရီ… ကျွန်မဘက်က တာဝန်ကျေပွန်စေရမယ်လို့ ကတိပေးပါတယ်…”

လီစီကျင်း ဘေးဘီကိုကြည့်၍ ပြောလိုက်ပြီး “ မနက်ဖြန်ကျရင် စင်တာ သွားမှာဆိုတော့ ကျွန်မ ဒီည ဘယ်မှ မသွားတော့ဘူး… ဒီမှာ ညအိပ်လို့ ရလား…”

“ ဘာလို့ နေမှာ… ဒီမှာ နေတာက ဟိုတယ်က အိပ်ရာလောက် ဇိမ်ကျမှာလား...”

“ အဲ့လောက်ကြီးလည်း မဆိုးပါဘူး..” လီစီကျင်း ပြောလိုက်ပြီး “ ကျွန်မက အိပ်ရာနဲ့ ပတ်သက်လာရင် ဂျေးမများတတ်ဘူး… အဓိကက တခြားနေရာ ရှာရမှာ ပျင်းလို့…”

“ သဘောပဲ… မင်းဘာမင်း အိပ်ချင်တဲ့နေရာအိပ်… ငါနဲ့ဆိုင်တာမှ မဟုတ်တာ…”

“ အိုကေ…”

ထိုညနှောင်းပိုင်းတွင် နှစ်ယောက်သား ခြေလက်ဆေးကြောပြီးနောက် ကိုယ်စီ ကုတင်ပေါ်သို့ သွားကာ အိပ်ပျော်သွားခဲ့ကြသည်။

နောက်တစ်နေ့ နံနက်ခင်းတွင် စောစောစီးစီး နိုးလာပြီး မနက်စာ စားရန်အတွက် အပြင်သို့ ထွက်လာခဲ့၏။ ထို့နောက် တက္ကစီဖြင့် စိုက်ပျိုးရေး သုတေသန စင်တာသို့ ရောက်ရှိလာသည်။

သို့သော် သူတို့ တံခါးဝသို့ ရောက်သည့် အချိန်မှာပဲ ဗော့ဆွာဂန် တစ်စီးက အပြင်ဘက်တွင် ရပ်တန့်လာခဲ့၏။

ကနေဦးတုန်းကတော့ လင်းရီနှင့် လီစီကျင်းတို့ များများမစဉ်းစားဖြစ်သော်လည်းပဲ မကြာမီ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရှေ့ဆင့်နောက်ဆင့် ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထို့ပြင် အဆိုပါ အမျိုးသမီးက အန်းနင် ဖြစ်နေသည်။

All Chapters