← Chapters

အန်းနင်နှင့် တဖန် ပြန်တွေ့ခြင်း

Vol. 99 Ch. 1483

အန်းနင်နှင့် တဖန် ပြန်တွေ့ခြင်း

Vol. 99 Ch. 1483

“ ဘာတွေ ဖြစ်နေတာလဲ…” လီစီကျင်း ကြက်သေသေသွားခဲ့ကာ “ ဘာလို့ အစ်မနင်ဘေးမှာ တခြား ကောင်တစ်ကောင်က ရှိနေရတာလဲ…”

အန်းနင်သည် ဆန့်ကျင်ဘက် လိင်တစ်ဦးနှင့် လွတ်လပ်စွာ အတူတွဲသွားတွဲလာ ပြုနိုင်သည်။

ယင်းက ဌာတစ်ခုတည်းက လုပ်ဖော်ကိုင်ဖက်များ ဖြစ်၍ လမ်းကြုံ လိုက်လာသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်သလို သူမ၏ ဆွေမျိုး တစ်ယောက် မဟုတ်ဟုလည်း ပြော၍ မရပေ။ သို့သော် အမြင် ကန်းမနေသူတိုင်းက သူတို့နှစ်ယောက်တွင် ထိုသို့သော ဆက်ဆံရေးမျိုး မရှိကြောင်းကို တပ်အပ်ကြီး ပြောနိုင်သည်။

၎င်းတို့က စုံတွဲများနှင့် ပိုတူနေခဲ့၏။

ထိုအချိန်တွင် အန်းနင်လည်း လင်းရီနှင့် လီစီကျင်းကို မြင်တွေ့သွားခဲ့သည်။

သူမ၏ အမူအရာမှာ ချက်ချင်းဆိုသလို မလုံမလဲ ဖြစ်ပျက်သွားပြီး မလွယ်ကူသယောင် ခံစားလာခဲ့ရ၏။ သူမ ဘေးနားရှိ မျက်မှန်နှင့် အမျိုးသားကို နှုတ်ဆက်၍ ရုံးခန်းထဲသို့ ခပ်သွက်သွက် လျှောက်သွားခဲ့သည်။ လင်းရီတို့ကို နှုတ်ပင် မဆက်သွားခဲ့ချေ။

သူမ ဘေးရှိ အမျိုးသားကလည်း အန်းနင်၏ အမူအရာပြောင်းလဲမှုကို ကောင်းကောင်းကြီး သတိထားမိကာ လင်းရီနှင့် လီစီကျင်းကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်သည်။

သို့သော် ဘာမျှတော့ ပြောဆိုခြင်း မရှိဘဲ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ့ကားထဲဝင်၍ ထွက်ခွာသွားခဲ့၏။

“ အစ်ကိုရီ… အဲ့လူက အစ်မနင်ရဲ့ ကောင်လေး အသစ်များလားနော်…”

“ အင်း … အဲ့လိုနေမှာ….” လင်းရီ ပြောလိုက်ပြီး “ ယောက်ျားတစ်ယောက်က အသက်ကြီးလာရင် အိမ်ထောင်ပြုသင့်တယ်… အမျိုးသမီးတွေလည်း အဲ့လိုပဲ… ဒါ သာမန်ပဲ မဟုတ်ဘူးလား..”

“ သာမန်တော့ သာမန်ပဲ… ဒါပေမယ့် ကျွန်မစိတ်ထဲ ခံစားနေရတာက……”

လီစီကျင်းက စိတ်သဘောထား ရိုးစင်းပြီး ရိုးရိုးသားသား ရှိသည်။ သို့ပေမယ့် တုံးအသည်လို့ မဆိုချေ။ ၎င်းနှင့် ဆန့်ကျင်ဘက် ထက်ထက်မြက်မြက် ရှိ၏။

သူမနှင့် အချိန်အတော်ကြာအောင် ထိတွေ့ဆက်ဆံပြီးနောက်တွင် အန်းနင်သည် လင်းရီအပေါ်တွင် ခံစားချက်တို့ ရှိနေကြောင်းကို စီကျင်း ပြောနိုင်သည်။

ရုတ်တရက်ဆိုသလို ဆန့်ကျင်ဘက် လိင်တစ်ဦးက အန်းနင် ဘေးနား ထွက်ပေါ်လာသည်ကို လီစီကျင်း၏ စိတ်ထဲက လက်သင့်မခံနိုင် ဖြစ်နေခဲ့၏။

“ အစ်မနင် ဒီရက်ပိုင်း အစ်ကိုရီဆီ မလာတာ မဆန်းတော့ပါဘူး… လက်စသတ်တော့ သူက ကောင်လေး အသစ် ရနေလို့ကိုး…” လီစီကျင်း နှုတ်ခမ်းထော်လျက် ပြောလိုက်၏။

“ ကဲပါ… သူများအကြောင်း ခေါင်းထဲ ထည့်မနေနဲ့… အထဲဝင်ပြီး ငါတို့ လာရင်း ကိစ္စ အရင် လုပ်ကြမယ်…”

“ အွန်း…”

နှစ်ယောက်သား စင်တာထဲသို့ ဝင်လာ၍ ချိန်ရှီ၏ ရုံးခန်းထဲ ရောက်ရှိလာခဲ့သည်။

သုံးဦးသား လေ့လာရေး ခရီးစဉ်နှင့် ပတ်သက်၍ နာရီဝက်မျှကြာ စကားပြောဆိုခဲ့ကြလေသည်။ လီစီကျင်းက ချိန်ရှီအတွက် လက်ဆောင် အသေးစားလေး တစ်ခုပင် စီစဉ်ထားပေးခဲ့သေသည်။ သို့သော် ယင်းက အချိုပေါ် သကာလောင်းသကဲ့သို့သာ ဖြစ်သွားခဲ့သည်။ စစ်မှန်သည့် အကျိုးအမြတ်ကိုတော့ လျန်ရူရွှယ်က စီစဉ်ပေးမည် ဖြစ်၏။

“ ဒါရိုက်တာလင်း… မင်း လတ်တလော နင်လေးနဲ့ ရန်ဖြစ်ထားသေးလား…”

“ ဟင်… ဘာလို့…” လင်းရီ အနည်းငယ် ကြောင်အမ်းသွားခဲ့ပြီး ပြုံးလိုက်ကာ “ ဒါရိုက်တာချိန်က သူများ အတင်းတွေလည်း စိတ်ဝင်စားတာပဲလား…”

“ သူက ငါ့ လုပ်ဖော်ကိုင်ဘက်ဟောင်းရဲ့ မြေးမလေးလေ… ဒီတော့ ငါ့ မြေးမလေးနဲ့ မခြားဘူး..” ချိန်ရှီ ပြောလိုက်ပြီး “ တမြန် မနေ့လောက်ကတည်းကရင် ကောင်လေးတစ်ယောက်က နေ့တိုင်း သူ့ကို အလုပ် အကြိုအပို့ လုပ်နေတာ… ငါတော့ တစ်ခုခု မူမမှန်ဘူးလို့ ထင်တယ်…”

“ အဲ့တာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာလေဗျာ… ကျုပ် ဝင်စွက်ဖက်လို့မှ မသင့်တာ…”

“ မင်းမှန်တယ်…” ချိန်ရှီ ပြုံးလျက် ပြောလိုက်ပြီး “ ဒါဆိုလည်း ငါ မင်းတို့အကြောင်း စိတ်မပူတော့ဘူး…”

ပြောဆိုဆွေးနွေးပြီးသည့် အချိန်ရောက်တော့ နေက မွန်းတည့်နေပြီ။ ချိန်ရှီက သူတို့အတွက် စားဖို့သောက်ဖို့ ပြင်ဆင်ပေး၏။ အန်းနင်ကိုပါ အတူစားရန် ဖိတ်ခေါ်ချင်သော်လည်း သူမက အကြောင်းပြချက် တစ်ခု ရှာပြီး သူတို့ကို ငြင်းလိုက်သည်။ ထို့နောက် သုံးယောက်သား နေ့လည်စာ အတူစားပြီး ကိုယ်စီ လုပ်စရာရှိသည်များကို ဆက်လုပ်ကြသည်။

မွန်းလွဲပိုင်းတွင်တော့ လီစီကျင်းက တုံးစန်းကောင်တီ အရေးနှင့် ပတ်သက်၍ ကိုင်တွယ်စရာ ကိစ္စ တစ်ချို့ ရှိသဖြင့် သူမက စင်သာ၌ နေရစ်ခဲ့သည်။ ဆေးရုံကိုတော့ လင်းရီတစ်ယောက်တည်း ပြန်လာခဲ့လိုက်၏။

ထိုညနေခင်း ခြောက်နာရီအချိန်လောက်တွင် လီစီကျင်းက ကတိပေးထားသည့်အတိုင်း ညနေစာ ဝယ်လာပြီး လင်းရီထံ လာပို့ပေးသည်။

“ အစ်ကိုရီ အစ်ကိုရီ… ကျွန်မ ဒီညနေ လိုက်မေးကြည့်လိုက်တာ အကြီးကြီး ရှာတွေ့ခဲ့တယ် သိလား..."

လီစီကျင်း ခိုးကြောင်ခိုးဝှက် လေသံဖြင့် ပြောလိုက်ပြီး သူမလက်ထဲရှိ မာလာဟော့ပေါ့ကိုပင် စားရန် စိတ်မဝင်စားတော့ချေ။

“ ဘာတွေ ရှာတွေ့ခဲ့လို့ အဲ့လောက်တောင် ရှော့ခ်ရတဲ့ ပုံစံကြီး လုပ်နေတာတုန်း…”

“ ညနေခင်းတုန်းကလေ.. ကျွန်မ စင်တာက အစ်မတစ်ချို့ကို မေးမြန်းစပ်စုကြည့်လိုက်တာ အစ်မနင်ကို လာကြိုလာပို့ပေးနေတဲ့လူက တကယ်ကြီး သူ့ကောင်လေး ဖြစ်နေတဲ့ပုံပဲ…”

“ သိသာနေတာကြီးကို မင်းက လိုက်မေးနေရသေးတယ်ပေါ့….”

“ အဲ့တာက ဘာမှမဟုတ်သေးဘူး… အဓိကက အဲ့ဒီ လူရဲ့ မိသားစုက တအားနဲ့ ချမ်းသာတာ…”

“ သူက ငါ့ထက် ချမ်းသာတာလား…”

“ အဲ့တာတော့ ဘယ်ဖြစ်နိုင်မှာလဲ…” လီစီကျင်း ပြောလိုက်ပြီး “ ကျွန်မ ပြောတာ နည်းနည်းလောသွားလို့… ဒီအတိုင်း သူတို့ မိသားစုထဲမှာ အစိုးရ အရာရှိကြီးတွေနဲ့ ပြည့်နေတာ… အထူးသဖြင့် အဲ့လူရဲ့ အဖေပဲ… ပြောကြတာတော့ သူ့အဖေက အစိုးရ ဌာန တစ်ခုရဲ့ ခေါင်းဆောင်အကြီးအကဲဆိုလား… သူပြောတာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး အတည်တကျ ဖြစ်သွားရင် အစ်မနင်ကို ရာထူးတိုးပေးပြီး ဒီမှာ ဆက်မလုပ်ခိုင်းတော့ပါဘူးဆိုနေ….”

“ အို…. အထင်ကြီးစရာပါလား… အချိန်အဆက် တစ်ချို့ ရှိနေတဲ့ပုံပဲ…”

“ အစ်ကိုရီရော ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာအတွေးမှ မရှိဘူးလား…”

“ ဟာ… ငါက ဘာအတွေးတွေ ရှိရမှာ… ငါ့မှာလည်း ကောင်မလေးတစ်ယောက် မရှိတာကျလို့…”

လီစီကျင်း နှုတ်ခမ်းကိုက်လိုက်၏။ ဤကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ် နောင်တရချင်သလိုလို ခံစားနေရသည်။

“ တကယ်တမ်းကျတော့လေ… ကျွန်မအထင် အစ်မနင်က အစ်ကိုရီအပေါ်မှာ ခံစားချက် တစ်ချို့ ရှိနေတဲ့ ပုံစံပဲ… ဒါပေမယ့် အစ်ကိုရီတို့နှစ်ယောက်က ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာလည်း သူသိတယ်… ဒါကြောင့်မို့ သူ ကောင်လေးတစ်ယောက် အမြန်ရှာပြီးတော့မှ အစ်ကိုရီကို မေ့ပစ်ဖို့ ကြိုးစားနေတာ ဖြစ်လောက်မယ်…”

“ မင်း ကြည့်ရတာ ကိုးရီးယား ဒရာမာကားတွေ အကြည့်များသွားတဲ့ပုံပဲ…. ဇာတ်ကားဆိုရင်တော့ မဆိုးဘူး တော်တော်ကြည့်ကောင်းမှာ…”

“ အဲ့တာ အစ်ကိုရီက မိန်းကလေးတွေကို နားမလည်လို့… ကျွန်မကတော့ အစ်မနင်ရဲ့ အတွေးတွေကို နားလည်နိုင်တယ်လို့ ထင်တာပဲ… မဟုတ်ရင် သူ့ရဲ့ သဘောထားတွေက သိသိသာသာ ပြောင်းလဲသွားပြီး ရှင့်ကို လျစ်လျူရှုထားမှာ မဟုတ်ဘူး..” လီစီကျင်း ပြောလိုက်ပြီး “ ပုံမှန်ဆို တကယ်လို့ သူ့မှာ ဖုံးကွယ်ထားစရာတွေ မရှိခဲ့ဘူးဆိုရင် ကျွန်မတို့ရဲ့ ပတ်သက်မှု ဘယ်လောက်ကောင်းထားလဲဆိုတာကို ထည့်တွက်လိုက်ရင် သူ ကောင်လေး အသစ်ရသွားတာကိုတော့ ပြောပြသင့် ၊ မိတ်ဆက်ပေးသင့်တာပေါ့ ဟုတ်တယ်မလား…”

“ မင်း အလုပ်မင်းသာ အာရုံစိုက်စမ်းပါ… အဲ့တာတွေ ခေါင်းထဲ လိုက်ထည့်မနေနဲ့…” လင်းရီ ပြောလိုက်ပြီး “ မင်းက သူ့ကို ငါ့ရဲ့ မောင်းမဆောင်ထဲ ထည့်ချင်နေတာလား ဟုတ်လား… မင်းရော စိတ်ဝင်စားလို့လား… စိတ်ဝင်စားရင် ငါ နေရာတစ်နေရာ ချန်ထားပေးလို့ရတယ်နော်…”

“ ဟာ… အစ်ကိုရီကလဲ… သူများကို လာပြီး လှောင်ရယ်မနေနဲ့…” လီစီကျင်း ပြောလိုက်ပြီး “ ကျွန်မက ဒီတိုင်း အစ်မနင်ကိုယ်စား ဝမ်နည်းဖို့ ကောင်းတယ်ထင်လို့…”

“ ထားပါ ထားပါ…. အခု စားကြစို့… ဒီအကြောင်း ထပ်မပြောနဲ့တော့…” လင်းရီ ပြောလိုက်ပြီး “ မနက်ဖြန် မနက် ကိုးနာရီကျရင် ငါနဲ့ အစည်းအဝေးလိုက်ခဲ့ဖို့ မေ့မနေနဲ့ဦး…”

“ ဟုတ် အစ်ကိုရီ…”

လီစီကျင်း သဘောတူလိုက်ပြီး သူမ၏ မာလာဟော့ပေါ့ကို ပျော်ပျော်ရွှင်ရွှင် စားလိုက်သည်။

ထိုည၌လည်း လီစီကျင်းက လင်းရီ၏ နေရာတွင်သာ အိပ်စက်သည်။ သို့သော် သူမက ထက်မြက်မှုရှိစွာဖြင့် ညအိပ်ဝတ်စုံ အပွကို သယ်လာသည်။ မဟုတ်ပါက သက်တောင့်သက်သာ အိပ်စက်နိုင်လိမ့်မည် မဟုတ်ချေ။

နောက်တစ်နေ့ နံနက်ခင်းတွင် နှစ်ဦးစလုံး ယခင်နေ့က နည်းတူ မနက်စာ ထွက်စားကြသည်။

အစည်းအဝေးကို ပင်းချိန် နိုင်ငံတကာ ကွန်ဖရန့် စင်တာ၌ ကျင်းပမည် ဖြစ်ရာ သူတို့နှစ်ယောက် ရောက်ရှိလာသည့် အချိန်၌ အဆိုပါနေရာက မာရှယ်လောအောက်တွင် ရှိနေသည်ကို သတိပြုမိလိုက်သည်။ အခြား မည်သည့် မဆိုင်သည့် ကားကိုမျှ ဖြတ်သန်း ဝင်ရောက်ခွင့် မပြုထားချေ။

လင်းရီသည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်ပြီး ဌာနအသီးသီးက လူတို့ ရောက်ရှိနေကြောင်းကို သတိပြုမိလိုက်သည်။ ဤ အစည်းအဝေးက တော်တော်လေးကို တခမ်းတနား ရှိလှပေသည်။

“ အစ်ကိုရီ… ကျွန်မတော့ ကျွန်မတို့တွေ ဒီလို အစည်းအဝေးမျိုး တက်ဖို့ မသင့်ဘူးလို့ ထင်တာပဲနော်… “ လီစီကျင်း စိတ်ခြောက်ခြားစွာဖြင့် ပြောလိုက်လေသည်။

“ မပူစမ်းပါနဲ့…. သူတို့ ခေါင်းဆောင်ကိုယ်တိုင်က မင်းအစ်ကိုကြီးကို တကူးတက ဖိတ်ထားတာ… မဟုတ်ရင် ငါက အားယားလို့ ဒီလို အစည်းအဝေးတွေ လာတက်မယ်များ ထင်လား… “

“ အိုး… အဲ့လိုပြောတော့ နားလည်သွားပြီ…”

“ အထဲဝင်ပြီး တစ်ချက်ကြည့်ကြတာပေါ့…”

“ အိုကေ…”

သူတို့၏ ပါမစ်ကို ကမ်းပေးပြီးနောက် နှစ်ယောက်သား ကွန်ဖရန့် စင်တာထဲသို့ ဝင်လာခဲ့ကြသည်။

လီစီကျင်းက ဘယ်ကြည့် ညာကြည့်နှင့် လိုက်စူးစမ်းနေခဲ့၏။ ဤသည်က သူမ၏ ပထမဆုံးအကြိမ် ယခုလို ခမ်းနားသည့် နေရာမျိုး ရောက်ဖူးခြင်းပင်။ အဆင့်အတန်း ကွာဟမှုကို သူမ ချက်ချင်း ခံစားမိလိုက်သည်။

“ ဟေ့ … သူခိုးလို လုပ်မနေစမ်းနဲ့… ကျောဖြောင့်ပြီး အေးဆေးသက်သာ နေစမ်းပါ…”

“ အိုကေ အိုကေ …”

ညွှန်ပြထားသည့် ဆိုင်းဘုတ်များနောက် သွားရင်း လင်းရီတို့နှစ်ယောက် အစည်းအဝေး ခန်းမထဲ ရောက်ရှိလာသည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီသည့်နောက် လီစီကျင်း ရုတ်တရက်ဆိုသလို လှမ်းရင်းစဲစဲ တုတ်တုတ်မလှုပ် ဖြစ်သွားခဲ့၏။

“ ဘာလို့ ဆက်မလျှောက်တော့တာ…”

“ အစ်ကိုရီ … ရှင်ကြည့်လိုက်… အစ်မနင်လည်း ဒီကို ရောက်နေတယ်…”

လီစီကျင်း ညွှန်ပြသည့်နောက် လိုက်ပါသွားကြည့်လိုက်တော့ ငါးမီတာ အကွာတွင်ရှိနေသည့် အန်းနင်ကို လင်းရီ မြင်တွေ့လိုက်ရသည်။

အန်းနင်လည်း အခြားသူများ၏ အကြည့်ကို ခံစားမိသွားသည့်နှယ် နောက်သို့လှည့်ပြီး လင်းရီနှင့် လီစီကျင်းအား ကြည့်လိုက်သည်။

သူမ၏ အမူအရာမှာ ချက်ချင်းဆိုသလို အေးခဲသွားပြီး အလျင်အမြန် ပြန်လှည့်လိုက်၏။ သူမ အကြည့်ချင်းဆုံရန် စိတ်မလုံမလဲ ဖြစ်နေသည်။ အဘယ်ကြောင့်မှန်း သူမ မပြောတတ်ချေ။ ထို့ကြောင့် မရင်းနှီးသည့် သူစိမ်းများကဲ့သို့သာ ပြုမူနေလိုက်တော့သည်။

All Chapters