သူက လူကောင်း မဟုတ်ဘူး
Vol. 99 Ch. 1484
အန်းနင်၏ လုပ်ရပ်က လီစီကျင်းကို ပဟေဠိ ဖြစ်သွားစေခဲ့၏။
သူတို့နှစ်ယောက်က ချစ်သူရည်းစားတွေ မဖြစ်နိုင်ဘူး ဆိုသည်ဦးတော့ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်နိုင်သေးသည်လေ။
ထို့ပြင် သူမနှင့် အစ်ကိုရီတို့က ပင်းချိန်မြို့ကနေ ပြန်ဖို့ သိပ်မလိုတော့ချေ။ ယခင် ရင်းနှီးပတ်သက်မှုအရ အနည်းဆုံးတော့ သူမဘက်က မကောင်းတတ် ကောင်းတတ်ဖြင့် ဟန်ဆောင်သည့် သဘောမျိုးပဲ ဖြစ်ဖြစ် ပြုံးပြ နှုတ်ဆက်သည်မျိုးတော့ ပြုပေးသင့်သည်ဟု သူမ မြင်မိသည်။
“ အစ်မနင်က အရမ်းလွန်တာပဲ … ငါတို့ကဖြင့် သူ့ကို ဘာမှလည်း မလုပ်ပဲနဲ့ကို သူက ငါတို့ကို ဒီတိုင်း မခေါ်ဘဲ ပစ်ထားတယ်…” လီစီကျင်း အနည်းငယ် ဝမ်းနည်းသွားခဲ့၏။ သူမ အန်းနင်ကဲ့သို့ သူငယ်ချင်းတစ်ယောက်ကို မဆုံးရှုံးချင်ပေ။
“ အမှန်ဆို မနေ့က အစ်မနင် ကျွန်မတို့နဲ့ အတူ ထမင်းစားဖို့ အချိန်ရှိတယ်… ဒါပေမယ့် တမင်တကာ မစားဘူး..”
“ သူ့မှာလည်း သူ့ အစီအစဉ်နဲ့သူ ရှိလို့ နေမှာပေါ့ကွာ… သူ့ဘေးမှာ သူများတွေ ရှိနေတာ မင်း မမြင်ဘူးလား…”
ထိုအခိုက်အတန့်တွင် အန်းနင်ဘေးတွင် ရှိနေသည့် လူက သူမ မိသားစု သူမထံ မိတ်ဆက်ပေးသည့် လူပင်။ သူ့နာမည်က စွေ့မင်းဟန် ဖြစ်ပြီး ဟိုင်းဝေးဌာနတွင် အလုပ်လုပ်သည်။
သူ့အဖေ ၊ စွေ့ကျန်းဟွေ့က ခရိုင်၏ သယ်ယူပို့ဆောင်ရေး ဌာန အကြီးအကဲ ခေါင်းဆောင် တစ်ယောက်ဖြစ်ကာ ဝိတ်တော်တော်လေး ရှိသည်။
သို့သော် ဤတစ်ကြိမ်၌ အန်းနင်က ချွေးသားအဖနှင့် အတူမလာဘဲ ထိုအစား ချိန်ရှီကိုယ်စား အစည်းအဝေးတက်ရောက်လာခြင်း ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ၎င်းတို့ သားအဖနှင့် ဤနေရာ၌ ဆုံတွေ့ခဲ့ခြင်း ဖြစ်လေသည်။
“ နင်နင် … ဘာဖြစ်တာလဲ…”
စွေ့မင်းဟန် တည်တံ့သည့် မျက်နှာထားဖြင့် ပြောလိုက်၏။ တစ်ချိန်တည်းတွင် သူလည်း လင်းရီနှင့် လီစီကျင်းတို့အား သတိထားမိလိုက်သည်။
အန်းနင်တွင် အရင်ရည်းစားဟောင်း တစ်ယောက် ရှိခဲ့ဖူးသည်ကို သူသိထားပြီး ထိုလူက လင်းရီဖြစ်မည်ဟု သူ အထင်လွဲနေခဲ့ခြင်းပင်။
“ ဟင့်အင်း… အစည်းအဝေး ခန်းထဲ အရင်သွားကြတာပေါ့…” အန်းနင် သူမ၏ ခေါင်း ငုံ့လျက်သားဖြင့် ပြန်ဖြေလိုက်သည်။
“ ပွဲမစခင် နည်းနည်းကြာကြာ ထပ်စောင့်ရဦးမှာကို ဝင်ဖို့ လောစရာမလိုပါဘူး..” စွေ့မင်းဟန် ပြောလိုက်ပြီး “ တွေ့တုန်းတွေ့ခိုက် သူနဲ့သွားပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် တစ်ခါတည်း လုပ်ထားကြတာပေါ့…”
“ ဘာကို ရှင်းရှင်းလင်းလင်း လုပ်မှာလဲ…”
“ မင်းက အခု ငါ့ကောင်မလေး ဖြစ်နေပြီ… သူ ငါတို့နှစ်ယောက် ရှေ့မှာ ထပ်ပြီး ပေါ်လာတာကို မမြင်ချင်ဘူး…”
“ ငါက နင့်ကောင်မလေးလို့ ဘယ်သူက ပြောသေးလို့…” အန်းနင် ပြောလိုက်ပြီး “ ငါတို့နှစ်ယောက်က ခုမှ တစ်ယောက်ကိုယ် တစ်ယောက် စူးစမ်းလေ့လာတုန်း ရှိသေးတယ်… ခိုင်မာတဲ့ ဆက်ဆံရေး တစ်ခုတောင် မတည်ဆောက်ရသေးဘူး… ပြီးတော့ ဒါငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ … နင် ဝင်ပါ စွက်ဖက်စရာ မလိုဘူး…”
“ မင်း ဘာစကားပြောတာလဲ…” စွေ့မင်းဟန် ပြောလိုက်ပြီး “ ငါမင်းကို နေ့တိုင်းနေ့ အလုပ် အကြိုအပို့ လုပ်ပေးတယ်… ဒါက ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထူထောင်ဖို့ မလုံလောက်သေးဘူးလား…”
“ သေချာပေါက် ဘယ်လောက်မှာ… ဒီကိစ္စကို မရောထွေးလိုက်နဲ့…” အန်းနင် ပြောလိုက်သည်။
“ မင်း ငါလခွမ်းတွေလို စဉ်းစားနေတာလား…”
ဒေါသတကြီးဖြင့် ၊ စွေ့မင်းဟန်သည် အန်းနင် လက်မောင်းကို ကိုင်၍ ဟိန်းဟောက်လိုက်ပြီး “မင်းငါ့ကို လာကစားနေတာလား…. ပြောစမ်း ”
“ နင် ဘာလုပ်တာလဲ… ငါ့ကို လွှတ်စမ်း…”
အန်းနင် စုံလျက် ဆုပ်ကိုင်ထားသည့် လက်နှစ်ဖက်ထံကနေ လွတ်မြောက်ဖို့ ကြိုးစားသည်။ သို့သော် တစ်ဖက်သူထက် အင်အားမသာသဖြင့် မလွတ်မြောက်နိုင်ဖြစ်နေသည်။
“ အစ်ကိုရီ… အစ်ကိုရီ…” လီစီကျင်းက လင်းရီ၏ လက်မောင်းကို အလျင်အမြန်ဆွဲပြီး “ အဲ့လူက အစ်မနင်ကို အနိုင်ကျင့်နေတယ်…”
လင်းရီ နောက်လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
“ မင်း အဲ့တာ ဘာလုပ်နေတာလဲ….”
လင်းရီ၏ ကျယ်လောင်သည့် အသံက လူတော်တော်များ၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး ဘာဖြစ်လဲ လှည့်ကြည့်လာခဲ့ကြ၏။
“ ဒါ မင်း ကိစ္စ မဟုတ်ဘူး…”
လင်းရီ လျှောက်လှမ်းလာနေသည်ကို မြင်တော့ စွေ့မင်းဟန်၏ ဒေါသက လောင်စာ ထပ်ထည့်လိုက်သလိုပင်။
“ ငါမင်းကို တရားစွဲမယ်… အန်းနင်က အခု ငါ့ကောင်မလေး ဖြစ်နေပြီ… ခုက စပြီး သူနဲ့ ဝေးဝေးနေစမ်း… ငါ့ရှေ့မှာ ထပ်ပြီးတော့ ပေါ်မလာစေနဲ့…”
“ ပေါက်ကရတွေ လျှောက်မပြောနဲ့…” အန်းနင် ပြောလိုက်ပြီး “ ငါ့ဘက်က သဘောတူရသေးတာတောင် မဟုတ်ဘူး…”
“ မင်းတို့က တကယ့် အရှုပ်ထုပ်တွေပဲ…”
ဤနေရာက လူရှေ့သူရှေ့ ဖြစ်သဖြင့် စွေ့မင်းဟန်သည် သူ၏ ဒေါသကို မျိုသိပ်ထားရသည်။ မဟုတ်ပါက လင်းရီနှင့် တုတ်တစ်ပြက် ဓားတစ်ပြက် ဖြစ်ပြီ ဖြစ်သည်။
“ မင်းတို့ကောင်တွေ ဘာပဲ ဖြစ်ဖြစ် အန်းနင်က ငါ့ရဲ့ သူငယ်ချင်း… မင်း သူ့ကို ဒီလို ဆက်ဆံနေတာတော့ မဟုတ်သေးဘူး…” လင်းရီ ပုံမှန်လေသံဖြင့် ပြောလိုက်၏။
“ သူငယ်ချင်းတွေ… အဟက်…” စွေ့မင်းဟန် နှာမှုတ်လိုက်ပြီး “ ဒါဆိုလည်း တခြားလူတွေ ကိစ္စ ဝင်မပါနဲ့… သူက အခု ငါ့ကောင်မလေး ဖြစ်နေပြီ… ငါ လုပ်ချင်တာ ငါလုပ်မယ်… အဲ့တာ မင်းကိစ္စ မဟုတ်ဘူး…”
ဖြောင်း…
လင်းရီ လက်မြှောက်၍ စွေ့မင်းဟန်၏ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။
“ မင်းကို ဘယ်ကောင်က အလိုလိုက်ထားလို့ ဒီလောက် ဆိုးနေတာ… မင်းငါ့ကို ဘယ်လိုအမူအရာနဲ့ စကားလာပြောနေတာလဲကွ…”
စွေ့မင်းဟန် ပါးကို လက်ဝါးဖြင့် အုပ်လျက် လူရှေ့သူရှေ့ လင်းရီ၏ ပါးရိုက်ခြင်းကို မမျှော်လင့်ထားသဖြင့် ကြောင်အမ်းသွားခဲ့မိသည်။
ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံရေးသမားတို့ကလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့ကြ၏။
ဒီလို မယ်မယ်ရရ အစည်းအဝေးမျိုးမှာတောင် ရန်ဖြစ်နေကြတဲ့ လူတွေ ရှိတယ်ပေါ့။
“ မင်းငါ့ကို ဘယ်လိုတောင် ရိုက်ဝံ့နေတာလဲ..” စွေ့မင်းဟန် အေးစက်စက် ပြောလိုက်ပြီး “ ငါမင်းကို ဒီက မောင်းထုတ်ပစ်လိုက်လို့ရတယ် ဆိုတာ ယုံလား…”
“ ငါမင်းကို သတ်လိုက်လို့ရတယ်ဆိုတာရော ယုံလား…”
လင်းရီသည် စွေ့မင်းဟန်ကို အထင်တသေး စိုက်ကြည့်လိုက်သည်။ အေးစက်သည့် အရှိန်အဝါတို့က ပျံ့လွင့်လာပြီး စွေ့မင်းဟန်ကို ကြောက်လန့်တကြား ကျောချမ်းသွားစေသည်။
အလိုအလျောက် အန်းနင်ထံ သူ လှည့်ကြည့်လိုက်မိသည်။
“ မင်း ဒီအတိုင်း ဆက်ကြည့်နေဦးမှာလား…”
“ ဒါ ငါတို့ နှစ်ယောက်ကြားက ကိစ္စပဲ… နင်နဲ့ ဘာမှ မဆိုင်ဘူး…”
“ မင်း….”
စွေ့မင်းဟန် အင်မတန် ဒေါသထွက်သွားခဲ့ပြီး စိုက်ကြည့်နေရုံမျှသာ တတ်နိုင်ခဲ့၏။ အလွန်အမင်း အရှက်ကွဲသည်ဟု ခံစားနေရလေသည်။
“ အန်းနင် … မင်းတော်တော် တရားလွန်သွားပြီ…”
စွေ့မင်းဟန် ဒေါသတကြီး နှာမှုတ်၍ ထွက်ခွာသွားခဲ့သည်။
“ အစ်မနင်…”
လီစီကျင်း သော့သော့လေး ပြေးလာပြီး အန်းနင်၏ လက်မောင်းအား ဖက်လိုက်၏။ သူမလည်း စွေ့မင်းဟန်ကို ရိုက်နှက်ချင်နေသည်။
သူများ သူငယ်ချင်းကို ဘယ်လိုတောင် အနိုင်ကျင့်နေတာလဲ ဟမ်။ ဒါတောင်မှ ယူတောင် မယူရသေးဘူး။
“ သူက လူကောင်းမဟုတ်ဘူး… မင်း ထားမယ်ဆို တခြားတစ်ယောက် ရှာသင့်တယ်…”
လင်းရီ ခေါင်းခါရမ်းရင်း ပွဲကျင်းပသည့် နေရာထံ လျှောက်လှမ်းသွားခဲ့သည်။
အန်းနင် ရင်တစ်ချက် ခုန်ပေါက်သွားခဲ့၏။ အထူးသဖြင့် လင်းရီ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရမ်းလိုက်သည့် အချိန်၌ပင်။
“ အစ်မနင်… အားလုံးလည်း အဆင်ပြေပြေ ဖြစ်နေရဲ့သားနဲ့ကို ဘာလို့ ရုတ်တရက်ကြီး ကောင်လေး ကောက်ရှာလိုက်တာလဲ…” လီစီကျင်း မေးမြန်းလိုက်၏။ “ ပြီးတော့ ငါတို့ကိုတောင် အသိမပေးဘူး… ငါတို့ နင့်ကို ကူညီရင် ကူညီပေးလို့ရတာပေါ့…”
“ ငါ့ကိုလည်း အိမ်က စီစဉ်ပေးတာ… ဒါကြောင့်မို့ သူ့အကြောင်းသိအောင် အရင် ရင်းရင်းနှီးနှီး နေကြည့်နေတာ… ငါ့အသက်ကလည်း မငယ်တော့ဘူးလေ… တစ်သက်လုံး တစ်ယောက်တည်းနေလို့ ဖြစ်မှ မဖြစ်တာ… “
“ ဒါပေမယ့် အဲ့လူက တကယ်ကြီး ကောင်းတာ မဟုတ်ဘူး… သူက အစ်မနင်ကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်လိုက်သေးတယ်… ဒင်းက လူယုတ်မာ . . . . . . “
“ ကဲပါ… သူ့အကြောင်း ထပ်မပြောနဲ့တော့… ငါလည်း သူနဲ့ ရှေ့ဆက် ပတ်သက်ဖို့ အစီအစဉ် မရှိထားပါဘူး…”
သူမ ဘလိုင်းဒိတ်လုပ်ရန် သဘောတူလိုက်ခြင်းက လင်းရီအပေါ် ခံစားချက်တို့အား ဖြတ်တောက်ချင်သောကြောင့် ဖြစ်သည်။
သို့သော် လင်းရီ၏ ခေါင်းခါရမ်းပြီး စိတ်ပျက်သွားသည့် အကြည့်တို့က သူမ၏ အကာအကွယ် အတားအဆီးကို တဆုံးထိ ထွင်းဖောက်သွားစေခဲ့၏။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက အစည်းအဝေးကိုလည်း မတက်ချင်တော့ပေ။ အိမ်သို့သာ ပြန်ချင်တော့သည်။
“ အစ်မနင် သွားစို့… အစည်းအဝေးက စတော့မှာ… အရင် အထဲ ဝင်ကြစို့…”
အန်းနင် ခေါင်းညိမ့်လိုက်သည်။ “ လင်းရီကို သွားရှာလိုက်… ငါက အဆင်ပြေတယ်…”
“ ရတယ် ဘာမှမဖြစ်ဘူး…” လီစီကျင်း ပြောလိုက်ပြီး “ အစ်ကိုရီ ငါ့ကို ခေါ်လာခဲ့တယ်ဆိုတာ သူ့ကိုယ်စား မှတ်စု မှတ်ခိုင်းချင်လို့လေ… အရေးကြီး အချက်အလက်တစ်ချို့ မှတ်ထားပေးနိုင်ရင် ဘယ်နေရာမှာပဲ နေနေ ကိစ္စ မရှိဘူး…”
“ ကောင်းပြီလေ… ဒါဆိုလည်း အတူသွားကြတာပေါ့…”
နှစ်ယောက်သား နောက်တန်းရှိ ထိုင်ခုံတွင် အတူထိုင်လိုက်ကြပြီး ဤနေရာက စိတ်ရှိလက်ရှိ အချောင်ခိုလို့ ကောင်းသည့် နေရာမျိုးပင်။
သို့သော် အန်းနင်၏ အတွေးအာရုံတို့ကတော့ ပျံ့လွင့်နေပါသည်။ သူမ မသိစိတ်အလျောက် ဘေးဘီတွင် လင်းရီကို လိုက်ရှာကြည့်သော်လည်း မတွေ့မိ ဖြစ်နေခဲ့၏။
“ နင်လေး… ဘာတွေ ဖြစ်နေတာလဲ…”
နှစ်ယောက်သား ထိုင်စပြုပြီးသည့် အချိန်တွင် ရုတ်တရက် သက်လတ်ပိုင်း လူတစ်ဦးက သူမတို့ ဘေးတွင် မတ်တပ်ရပ်နေကြောင်းကို သတိပြုမိလိုက်သည်။ သူက ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူမတို့နှစ်ယောက်ကို ငုံ့ကြည့်နေသည်။ စွေ့မင်းဟန်လည်း ထိုလူကြီး၏ ဘေးတွင် ရှိနေခဲ့သည်။
မှန်သည်။ သက်လတ်ပိုင်း အမျိုးသားက စွေ့မင်းဟန်၏ ဖခင် ၊ စွေ့ကျန်းဟွေ့ ဖြစ်ပြီး အပြင်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအား သိရှိသွားခဲ့ပြီးနောက် ဘာဖြစ်နေလဲဆိုတာကို မေးမြန်းရန် ရောက်လာခဲ့ခြင်းပင်။
“ ဘာမှမဟုတ်ပါဘူး… သူက ကျွန်မ သူငယ်ချင်းနဲ့ စကားများခဲ့ရုံတင်ပါပဲ… ခုတော့ ပြီးသွားပါပြီ…”
“ မင်း သူငယ်ချင်း ဟုတ်လား…”
စွေ့ကျန်းဟွေ့ မကျေမနပ် ဖြစ်သွားခဲ့ပြီး “ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းတို့နှစ်ယောက် ဆက်ဆံရေး တစ်ခု တည်ဆောက်ထားပြီးပြီ… မင်း ဒီလို လှည့်ကွက်တွေနဲ့ ကစားတာတော့ မဟုတ်သေးဘူးနော်….”
“ ဦးလေး… ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အတည်လည်း မပြုရသေးပါဘူး… ပြီးတော့ ကျွန်မကို နေ့တိုင်း လာကြိုပေးပါလို့လည်း သူ့ကို မတောင်းဆိုထားဘူး… ကျွန်မ ဒီကိစ္စ သဘောတောင် မတူရသေးဘူး…”
“ ငါ့မိန်းမ မင်းအကြောင်း မိတ်ဆက်ပေးတော့ မင်းကို မိန်းမကောင်းလေးဆိုပြီး ထင်ထားတာ ဒီလို အတန်းစားမျိုး ဖြစ်နေမယ် မထင်ထားဘူး… ကြည့်ရတာတော့ မင်း ဦးလေးနဲ့ လေးလေးနက်နက် စကားပြောရတော့မယ်နဲ့တူတယ်…”
အန်းနင် ဘာမျှ မပြောပေ။ ယခုလို အခိုက်အတန့်မျိုးတွင် သူမ ဘာစကား တစ်ခွန်းမျှ မပြောချင်တော့ပေ။
“ ပြီးတော့ ငါ မင်းကို သိစေချင်တာ မင်းဦးလေးနဲ့ အဲ့ဒီကောင်ရဲ့ အနေအထားကို ငါသိထားတယ်ဆိုတာပဲ… သူတို့ရဲ့ ရာထူးတွေ မြဲခြင်း မမြဲခြင်းက ခုတော့ မေးခွန်းထုတ်စရာ ဖြစ်လာပြီ…”