← Chapters

နောက်ဆုံး လက်ဆောင်

Vol. 99 Ch. 1485

နောက်ဆုံး လက်ဆောင်

Vol. 99 Ch. 1485

“ ကျစ်… ကျွန်မတို့ကို လာပြီး ခြိမ်းခြောက်မနေနဲ့.. ကျွန်မရဲ့ အစ်ကိုရီက ရှင့်ကို လုံးဝ ကြောက်မနေဘူး..” လီစီကျင်း ပြောလိုက်သည်။

“ ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့…” စွေ့ကျန်းဟွေ့ နှာမှုတ်လိုက်၏။

“ သား… သွားစို့… အဖေ ဒီကိစ္စ ကြည့်လုပ်လိုက်မယ်…”

စွေ့မင်းဟန်သည် အန်းနင်ကို ကြည့်လိုက်၏။

“ နင်နင် … ငါမင်းရဲ့ နောက်ခံနဲ့ ပတ်သက်ပြီး တော်တော်လေး ကျေနပ်တယ်… မင်းသာ ဒီကိစ္စကို သေချာလေး ကိုင်တွယ်ပြီး သူနဲ့ သံယောစဉ်အကုန်ဖြတ်မယ်ဆိုရင် ဒီနေ့ကိစ္စ ဒီတိုင်းထားပေးလိုက်မယ်…”

“ ကျွန်မ အဲ့လို မလုပ်နိုင်ဘူး… ရှင်တို့ လုပ်ချင်သလိုသာ လုပ်ကြ…”

ပင်ပန်းနွမ်းနယ်စွာဖြင့်၊ အန်းနင် သူမ၏ မျက်မှောင်နှစ်ခု အလယ်ကို ပွတ်ပြီး ဘာစကားမျှ ပြောချင်စိတ် မရှိတော့ချေ။ သူမ တစ်ယောက်တည်းသာ နေချင်တော့၏။

“ အဲ့လိုလုပ်ဖို့ ထိုက်တန်တယ်လို့ မင်းထင်လား…”

စွေ့မင်းဟန် လက်မလျော့လိုက်ချင်သည်မှာ အသိသာကြီးပင်။ အန်းနင်၏ ကိုယ်လုံးကိုယ်ပေါက်က သူ့အကြိုက်နဲ့ လုံးဝ အံဝင်ခွင်ကျဖြစ်နေသည်။ လုံးဝ မလိုအပ်သရွေ့တော့ သူ လက်မလွတ်ချင်ပေ။

“ ငါ့အခြေအနေက သူ့ထက် သာတယ်ဆိုတာ ရှင်းနေတာပဲ… ပြီးတော့ ငါတို့နှစ်ယောက် အတူတူ ဖြစ်သွားခဲ့ရင် ငါတို့မိသားစုကလည်း မင်းကို အလုပ်ကောင်းကောင်း တစ်ခု ရအောင် စီစဉ်ပေးဦးမှာ… မင်း ဒါတောင် ဘယ်သူ့ကို ရွေးချယ်ရမလဲ နားမလည်ဘူးလား…”

“ တော်လောက်ပြီ…” အန်းနင် စိတ်မထိန်းနိုင်တော့ပဲ ရုတ်တရက် ထအော်လိုက်ပြီး “ နင် မပြီးနိုင်သေးဘူးလား…”

အန်းနင် ဒေါသတကြီးဖြင့် မတ်တပ်ထရပ်ပြီး သူမ၏ အိတ်ကို လွယ်လျက် အပြင်သို့ ထွက်ခွာသွားခဲ့သည်။

“ အစ်မနင် … ဘယ်သွားမလို့လဲ… ငါ့ကို စောင့်ဦး…“

အခြေအနေ မဟန်သည်ကို မြင်တော့ စွေ့မင်းဟန်လည်း သူမနောက်သို့ ပြေးလိုက်သွားခဲ့သည်။

သူတို့ ပွဲကျင်းပသည့် နေရာ အပြင်ဘက်သို့လည်း ရောက်တော့ အန်းနင်နှင့် စွေ့မင်းဟန်တို့ နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြလေသည်။

လင်းရီကို လူအုပ်ကြီး တစ်ခုက ဝန်းရံနေပြီး လက်မှတ်ဝိုင်းတောင်းခံနေရသည့် ဆယ်လီ အိုင်ဒေါတစ်ယောက်နှင့်ပင် ဆင်တူနေတော့သည်။

ထိုအခိုက်အတန့်တွင် စွေ့မင်းဟန် ကြက်သေသေသွားခဲ့၏။

လင်းရီ ဘေးနားတွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်ကို သူမြင်တွေ့လိုက်ရသည်။ သူတို့နှစ်ဦးက အချင်းချင်း တီးတိုး ပြောနေကြ၏။

ထို အမျိုးသားက မည်သူမည်ဝါဆိုတာကို သူ မသိသော်လည်းပဲ ထူးခြားနေမည်မှာတော့ အမှန်ပင်။ မဟုတ်ပါက သားသားနားနားနှင့် လက်နက်ကိုင် ဘော်ဒီဂတ်တို့က သူ့အနား ရှိနေလိမ့်မည် မဟုတ်ချေ။

စွေ့မင်းဟန်၏ အလိုလိုသိစိတ်က တော်တော်လေးကို မှန်သည်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်က စုံစမ်းစစ်ဆေးရေး အသင်းခေါင်းဆောင် ချောင်ကွေ့ဖျင် ဖြစ်နေသောကြောင့်ပင်။

ယခုလေးတင် လင်းရီ ထွက်ခွာသွားခဲ့ပြီးနောက် သူ ချောင်ကွေ့ဖျင်နှင့် တစ်စုံတစ်ရာ သွားရောက် ဆွေးနွေးခဲ့သည်။ အစည်းအဝေး သွားတက်တော့မည့် အချိန်မှာပဲ အန်းနင်နှင့် စွေ့မင်းဟန်တို့က အပြင်သို့ ထွက်လာသည်ကို ပက်ပင်း မြင်တွေ့လိုက်ရ၏။

သို့တိုင် လင်းရီ ဘာမျှ မပြောချေ။ သူတို့နှစ်ယောက်ကို ဖြတ်ကျော်သွားပြီး အခြား လမ်းကြောင်းတစ်ခုကနေ အထဲသို့ ဝင်သွားခဲ့၏။

“ မင်းဘာလို့ သူ့နောက် ပြေးလိုက်နေသေးလဲ…”

စွေ့မင်းဟန် ပြေးထွက်သွားသည်ကို မြင်တော့ စွေ့ကျန်းဟွေ့ အပြင်သို့ ထွက်လာပြီး “ သူ အခု နောင်တရရင်တောင် ငါ မင်းတို့ နှစ်ယောက်ကို လုံးဝ သဘောမတူနိုင်ဘူး… သူ့လို မိန်းမမျိုးက ငါတို့ စွေ့မိသားစုထဲ ဝင်ဖို့ မတန်ဘူး…”

“ အဖေ…”

စွေ့မင်းဟန် ခက်ခက်ခဲခဲ တံတွေးမျိုချ၍ ချောင်ကွေ့ဖျင်ကို ညွှန်ပြလိုက်သည်။

“ အဲ့လူ ဘယ်သူလဲ သိလား…”

စွေ့ကျန်းဟွေ့ လှမ်းကြည့်လိုက်ပြီး “ သူလား… စုံစမ်းစစ်ဆေးရေး အသင်းခေါင်းဆောင်လေ… ဗဟို အစိုးရကနေပြီး သူ့ကို ဒီလွှတ်လိုက်တာ ခဏနေ အစည်းအဝေးကျရင် သဘာပတိ လုပ်မယ့် သူပေါ့…”

“ သူက စုံစမ်းစစ်ဆေးရေး အသင်းခေါင်းဆောင် ဟုတ်လား…”

ချောင်ကွေ့ဖျင် မည်သူမည်ဝါဆိုတာကို သိရှိလိုက်ရပြီးနောက် စွေ့မင်ဟွေ့ စိတ်တုန်လှုပ်သွားခဲ့ရသည်။

ယင်းက သူ့ကို ကြောက်ရွံ့သောကြောင့် မဟုတ်ဘဲ သူ့ဘေး၌ လင်းရီ ရှိနေသောကြောင့် ဖြစ်လေသည်။

ထို့ပြင် သူတို့နှစ်ဦးက ရယ်မောရင်းဖြင့် စကားပြောဆိုနေခဲ့ကြ၏။

“ ကိုင်း… အဖေနဲ့ ပြန်လိုက်ခဲ့တော့… အဲ့လို ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးက အဖေတို့ ရင်းနှီးနိုင်တဲ့လူစားမျိုး မဟုတ်ဘူး..”

စွေ့ကျန်းဟွေ့က ခရိုင်၏ သယ်ယူပို့ဆောင်ရေး ဒါရိုက်တာ တစ်ယောက်မျှသာ ဖြစ်ပြီး ချောင်ကွေ့ဖျင်ကဲ့သို့သော လူစားမျိုးနှင့် နှိုင်းစာပါက မိုင်ရာချီမက အလှမ်းဝေးကွာလှသည်။

မဟုတ်ပါက ယခု အစည်းအဝေး၏ ရှေ့တန်းခုံတွင် သူ ထိုင်နေရလောက်ပြီးဖြစ်သည်။

“ ဒါပေမယ့် သူ့ဘေးမှာ ထိုင်နေတဲ့လူက ခုလေးတင် ကျွန်တော့်ကို ရိုက်သွားတဲ့လူ. . . . .”

“ မင်း ဘာပြောလိုက်တယ်…. သူက တကယ်ကြီး…”

စွေ့ကျန်းဟွေ့ မျက်ဝန်း ပြူးကျယ်သွားခဲ့ပြီး လူအုပ်ကြီးအား ကျော်၍ လင်းရီ၏ နောက်ကျောကို ကြည့်လိုက်သည်။ သူ နှလုံးခုန် မမြန်ဘဲ မနေနိုင်ချေ။

“ သူက ဒီတိုင်း ဆရာဝန်ဆို… ဒါရိုက်တာချောင်နဲ့ တန်းတူ ရပ်နေဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ…”

အကြောင်းပြချက် တစ်ချို့ကြောင့် သူ အန်းနင်ထံ အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။

“ အစ်မနင်ရဲ့ ရည်စားဟောင်းက ဒေါက်တာဆိုတာ ဟုတ်တယ်… ဒါပေမယ့် အစ်ကိုရီကတော့ မဟုတ်ဘူး… ရှင်တို့တွေကိုက အတွေးလွန်နေကြတာ…” လီစီကျင်း ပြောလိုက်သည်။

“ ဟင် ဒါဆို … ဒါက . . . . . . . “

သားအဖနှစ်ယောက်လုံး ကြက်သေသေသွားခဲ့တော့သည်။ “ ဟာ ဒါဆို ငါတို့ အထင်လွဲနေခဲ့ကြတာပဲ…”

စွေ့ကျန်းဟွေ့ အလျင်အမြန် အသိပြန်ဝင်လာပြီး သူ၏ သဘောထားမှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့တော့သည်။

ထိုအမျိုးသား၏ အထောက်အထားကို သူ မသိရှိသေးသော်လည်းပဲ ချောင်ကွေ့ဖျင်လို လူနှင့် တစ်တန်းတည်း ရပ်ပြီး ရယ်ရယ်မောမော စကားပြောဆိုနိုင်သည်ကပင် သူ၏ အထောက်အထားကလည်း မယ်မယ်ရရ မဟုတ်ကြောင်းကို သက်သေပြနိုင်သည်။

ဤသည်က စွေ့မိသားစု၏ အခွင့်အရေး တစ်ရပ် ဖြစ်၏။ သူတို့ အမိအရ ဆုပ်ကိုင်မှ ဖြစ်လိမ့်မည်။

အန်းနင် ဘာမျှ မဆိုချေ။ သူမလည်း လင်းရီ အဘယ်ကြောင့် ချောင်ကွေ့ဖျင်လို လူစားမျိုးနှင့် သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနေနိုင်ရသလဲဆိုတာကို ပဟေဠိ ဖြစ်နေခဲ့မိသည်။

“ အစ်မနင် … ဒီမှာပဲ ရပ်မနေနဲ့ … ငါက ဒီကို တာဝန်နဲ့လာခဲ့ရတာ… ဒီတိုင်း ထွက်သွားလို့ မရဘူး…” လီစီကျင်း ပြောလိုက်သည်။ “ ပြီးတော့ အစ်မနင်က ဒါရိုက်တာချိန်ကိုယ်စား အစည်းအဝေး လာတက်တာမလား… တကယ်လို့ ဒီတိုင်း ထွက်သွားမယ်ဆို နောက်ပိုင်း ဒါရိုက်တာချိန် လာရှာရင် ဘယ်လိုလုပ်မှာလဲ…”

လီစီကျင်း၏ ဖြောင်းဖြခြင်းကို ခံရပြီးနောက် အန်းနင်သည် သူမကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်၍ ပွဲကျင်းပရဦ နေရာသို့ ပြန်ဝင်လာခဲ့လိုက်သည်။

“ ဒီမှာ ငါ့သား … အဖေ လေးလေးနက်နက် ပြောမယ်… မင်း ခဏကျရင် အန်းနင်ကို တောင်းပန်လိုက်… မင်း ဒီ နားလည်မှုလွဲတာကို ဖြေရှင်းမှ ရမှာနော်…”

စွေ့မင်းဟန် ထပ်ခါတလဲလဲ ခေါင်းညိမ့်လိုက်သည်။ သူလည်း ပြဿနာ၏ လေးနက် ပြင်းထန်မှုကို ကောင်းစွာ သတိပြုမိသည်။

သူငါ့ကို လူကြားထဲ ပါးရိုက်ရဲတာ မဆန်းတော့ပါဘူး။ သူ့မှာ ယုံကြည်ချက်လည်း ရှိနေတာကိုး။

“ သွားစို့… အစည်းအဝေးက စတော့မှာ…”

သားအဖနှစ်ယောက်လုံး နောက်သို့လှည့်၍ ပွဲကျင်းပသည့် နေရာထံ ပြန်လာခဲ့ကြသည်။ သို့သော် သူတို့ တခြားဘယ်နေရာမှ မသွားကြချေ။ ထိုအစား အန်းနင်၊ လီစီကျင်းတို့ ဘေးနားတွင် ထိုင်နေသည်။

မိန်းကလေး နှစ်ယောက်လုံးမှာ အနည်းငယ် စက်ဆုပ်သွားခဲ့ကြသော်လည်း ဘာမျှတော့ မပြောကြချေ။ ထိုင်ချင်သည့် နေရာ ထိုင်သည်က သားအဖ နှစ်ယောက်၏ လွတ်လပ်ပိုင်ခွင့် ဖြစ်၏။

မကြာမီ အစည်းအဝေး စတင်သည်။

လင်းရီက စုံစမ်း စစ်ဆေးရေး အသင်းအဖွဲ့နှင့်အတူ စတိတ်စင်ပေါ် ရှိနေသည်ကိုမြင်တော့ စွေ့သားအဖတို့တွေ အံ့အားသင့်သွားခဲ့ကြသည်။ ကြည့်ရသည်မှာ ယခု အစည်းအဝေးကို အတူတကွ ဦးစီးကြမည့်ဟန်ပင်။

စွေ့သားအဖ နှစ်ဦးလုံး၏ နှလုံးခုန်သံသည် အဆက်မပြတ် ခုန်ပေါက်နေလျက်ရှိ၏။ မူလတုန်းက သူတို့တွေ ထင်ထားခဲ့သည်မှာ လင်းရီ၏ အထောက်အထားက သာမန်လျှံကာ မဟုတ်လောက်ဟူ၍သာ ။ သို့သော် စင်ပေါ် ရှိနိုင်သည့် အဆင့်တိုင် ရှိနေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

စွေ့မင်းဟန်၏ အမူအရာသည် အလွန်အမင်း အကျည်းတန်သွားခဲ့၏။ သူက ထိုကဲ့သို့ လူစားမျိုးကိုမှ အပြစ်ပြုမိခဲ့ရ၏လော။

သို့သော် ပြဿနာ ကြီးကြီးမားမားတော့ မရှိလောက်ချေ။ သူနှင့် အန်းနင်၏ ရင်းနှီးပတ်သက်မှုအရ သူမကို တောင်းပန်ပြီး လင်းရီထံ သူ့ကိုယ်စား စကားအကောင်းတစ်ချို့ ပြောပေးခိုင်း၍ ဖြေရှင်းလိုက်မည်။

လင်းရီ စင်ပေါ် ရှိနေရသည့် အကြောင်းအရင်းကတော့ ချောင်ကွေ့ဖျင် စီစဉ်သောကြောင့်မဟုတ်ဘဲ လုပေချိန် ကိုယ်၌က အထူးတလှယ် တောင်းဆိုထားခြင်းကြောင့်ပင်။

သူက လူတိုင်းကို ယခုလို ပြောပြနေခြင်း ဖြစ်၏။ “ လင်းရီက ငါ့ဘက်မှာ ရပ်တည်နေတဲ့လူပဲ… သူ့ကို ထိပါးဝံ့တဲ့ ဘယ်သူမဆို ငါ လုပေချိန် ခွင့်ပြုလား အရင်မေးရမယ်…”

မကြာမီ အစည်းအဝေး စတင်ပြီး ချောင်ကွေ့ဖျင်က စုံစမ်း စစ်ဆေးရေး အသင်းကို ကိုယ်စားပြု၍ ကြေညာချက် တစ်ခု ထုတ်ပြန်သည်။ ပြောသွားသည်များကတော့ နိုင်ငံရေး ဆန်လွန်းသဖြင့် ငြီးငွေ့စရာ ကောင်းသည်မှာတော့ ထွေထူး ပြောပြရန် လိုလိမ့်မည် မထင်ပေ။

သို့သော် လူတော်တော်များက ဤသည်က အစသာလျှင် ရှိသေးကြောင်း သိကြသည်။ သူတို့စိတ်ထဲတွင် ပြောင်းလဲမှု ကြီးကြီးမားမား တစ်ရပ် ရောက်လာတော့မည်ဟု စိတ်ထဲ ခန့်မှန်းနေကြ၏။

အစည်းအဝေးက နှစ်နာရီကျော် ကြာညောင်းပြီးနောက် ပြီးဆုံးသွားခဲ့သည်။

လီစီကျင်းက အန်းနင်နှင့်အတူ တစ်ချိန်လုံး ရှိနေပြီး လင်းရီကတော့ ပွဲပြီးသည်နှင့် ကျင်းပသည့် နေရာကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ အန်းနင်ကို နှုတ်ဆက်ရန် ရည်ရွယ်ချက်လည်း သူ့တွင် ရှိမနေခဲ့ချေ။

“ အစ်မနင် သွားကြစို့…” လီစီကျင်းက လက်မောင်းကို ဖက်ပြီး ပြောလိုက်သည်။ “ ငါတို့က မနက်ဖြန်ဆို ပြန်တော့မှာ… ဒီညနေ ဈေးဝယ်ထွက်ကြစို့… ညစာလည်း ဝယ်ကျွေးမယ်…”

“ အင်း… ကောင်းပြီလေ..”

သို့သော် သူတို့နှစ်ယောက် ထွက်ခွာတော့မည့် အချိန်တွင်ပဲ အသက်သုံးဆယ် အရွယ်ဟု ထင်ရသည့် သက်လတ်ပိုင်း အမျိုးသား တစ်ယောက်က အန်းနင်ထံ ခက်သွက်သွက် လမ်းလျှောက်လာခဲ့၏။

“ ဟယ်လို… ဒီက မိန်းကလေး အန်းနင်လား မသိဘူး…”

သူမရှေ့ရှိ မရင်းနှီးသည့် အမျိုးသားအား ကြည့်ရင်း အန်းနင် သုံးလေးကြိမ်ခန့် အစုံအဆန် ကြည့်လိုက်မိသည်။ သို့သော် သူမ မမှတ်မိနိုင်ချေ။

“ ဟုတ် ရှင်က . . . . . “

“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ… ငါ့နာမည်က ဝမ်ကွမ်းလျန်ပါ… ဒါရိုက်တာချောင်ရဲ့ အတွင်းရေးမှူးလေ…”

“ ဪ … ဟုတ်ကဲ့… ဘာကိစ္စရှိလို့လဲ မသိဘူးနော်…”

အန်းနင် သူမ၏ လက်ကို အလျင်အမြန် ဆန့်တန်း၍ နှုတ်ဆက်လိုက်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူမထံ အရင်ဦးဆုံး လာရောက်နှုတ်ဆက်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

စွေ့သားအဖလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင်ပဲ ရှိနေကြလေသည်။

“ ဒီလိုပါ… ဒါရိုက်တာချောင်က မိန်းကလေးနင်နဲ့ တွေ့ချင်လို့ပါ… အဲ့တာ ခဏလောက် လိုက်ခဲ့ပေးဖို့ မိန်းကလေးကို ဒုက္ခပေးရတော့မယ်..”

“ ဒါရိုက်တာချောင်က ကျွန်မကို ရှာနေတယ် …”

စာစဉ် (၉၉)ပြီး၏။

All Chapters