← Chapters

အခန်းတွင်းမှရတနာများ

Vol. 7 Ch. 77

အခန်းတွင်းမှရတနာများ

Vol. 7 Ch. 77

အထဲတွင်မည်သည့်ပစ္စည်းမှရှိမနေချေ။ တစ်ခန်းလုံးအလွတ်ကြီးဖြစ်လေသည်။သို့သော် ယွင်ရှင်းမေမှာတစ်စက်လေးမျှပင်အံ့ဩသွားပုံမပေါ်ချေ။အားလုံးကြက်သေသေ အံ့ဩနေသည့်အချိန်သူမ ရုတ်တရက်ထပြောလိုက်​၏။

"ကလေးအကွက်တွေ"

ထို့နောက် သူမ ခြေတစ်ချက်ဆောင့်ချလိုက်သည်။

"ဘန်း.."

ထူးဆန်းသည်မှာ မြေပြင်သည်တုန်ခါမသွားဘဲ ၎င်းတို့​၏အရှေ့မှမြင်ကွင်းများသည် မှန်တစ်ချပ်ကဲ့သို့တစ်စစီပြိုကွဲသွားလေသည်။ချိုးယီတို့ရှီဖုန်းတို့မပြောနှင့် ချိုးဝူယဲ့ပင်လျှင်ဤသည်မှာပုံရိပ်ယောင်ထဲဆွဲသွင်းခံရမှန်းမသိလိုက်ချေ။

ချိုးဝူယဲ့မျက်မှောက်ကြုတ်၍ပတ်ဝန်းကျင်အားတစ်ချက်စူးစမ်းလိုက်သည်။ချိုးယီနှင့်ရှီဖုန်းမှာတော့ ဖြစ်ပျက်ခဲ့သည့်အရာများမှာ၎င်းတို​အတွက်မယုံကြည်နိုင်ဖွယ်ဖြစ်နေသောကြောင့် ကြက်သေသေရာမှပြန်မနိုးထလာသေးပေ။

သာမန်လူသားတစ်ယောက်အနေဖြင့်၎င်းတို့ကြုံတွေ့လာရသည့်အရာများမှာ လုံးဝကိုသဘာဝဆန်မနေချေ။ထို့ကြောင့်ဤသို့ဖြစ်နေသည်မှာမဆန်းလှပေ။ဘာမှမဖြစ်ဘူးဆိုမှသာထူးဆန်းနေပေလိမ့်မည်။

ဂူအခန်းမှာအတော်ကျယ်ဝန်းပြီး ခန်းမတစ်ခုနီးပါးပင်ကျယ်ဝန်းလှသည်။ဂူနံရံတွင် စင်များစွာရှိပြီး စာအုပ်စင် ဆေးပုလင်းများတင်ထားသောစင် လက်နက်များထားသောစင် အသီးသီးရှိလေသည်။ချိုးယီတို့မျက်လုံးအပြူးသားဖြင့်ထိုစင်များကိုကြည့်နေကြလေသည်။ ဤသည်မှာတစ်လောကလုံးကလိုချင်တပ်မက်နေကြသော ဆရာဘိုးဘေးဓားဝိဇ္ဇာ​၏အမွေများပင်မဟုတ်လော။

ချိုးဝူယဲ့အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်အောင်ထိန်းလိုက်​၏။မည်သို့ပင်ဖြစ်စေ ထိုအမွေများမှာ၎င်းတို့အတွက်ပင် ဖြစ်လေသည်။ချိုးဝူယဲ့ ဘေးပတ်ပတ်လည်သို့ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာပြောလိုက်သည်။

"ကြည့်ရတာ ဘာစမ်းသပ်ချက်မှမရှိတော့ဘူးထင်တယ်"

ယွင်ရှင်းမေမသိမသာခေါင်းငြိမ့်လိုက်​၏။ယခုတစ်ခေါက်ခရီးတွင်ယွင်ရှင်းမေပါလာသည်မှာ အလွန်ကံကောင်းသည်ဟုချိုးဝူယဲ့တွေးမိလေသည်။ မဟုတ်လျှင် ဤဂူဗိမာန်ကြီးသည် သူ့အတွက်ပင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

ချိုးဝူယဲ့တွေးနေတုန်းမှာပင်ချိုးယီ​၏ထိတ်လန့်နေသည့်အသံကြီးထွက်ပေါ်လာသည်။

"ဒါ...ဒါ...ဒါကသတ္တမလိပ်ပြာနတ်ပန်းဘဲ..."

ဘေးတစ်ဖက်ရှိစင်မြင့်ပေါ်မှ ပန်းအိုးလေးတစ်ခုဖြင့်စိုက်ထားသောခရမ်းရောင်ပန်းပွင့်အားကြည့်၍အံ့အားသင့်နေကြလေသည်။ရှီဖုန်းလည်း သတ္တမလိပ်ပြာနတ်ပန်းဟူသည့်အသံကြားသည်နှင့် ချိုးယီရှိရာသို့အမြန်သွားလိုက်ပြီး အလောတကြီးကြည့်လိုက်​၏။

"ဒါတကယ့်ကို ဒဏ္ဍာရီထဲကနတ်ပန်းဘဲ သိုင်းပညာပျက်စီးနေတဲ့သူကိုတောင် ချက်ချင်းပြန်ကောင်းသွားစေပြီးအခြေခံကိုတည်ငြိမ်စေတဲ့သတ္တမလိပ်ပြာနတ်ပန်းဘဲ"

ရှိဖုန်းမျက်လုံးအပြူးသားဖြင့်ထိတ်လန့်စွာပြောလိုက်သည်။

"ပြီးတော့..လူတစ်ယောက်ရဲ့အသက်ကို နှစ်နှစ်ဆယ်လောက်ဆွဲဆန့်ပေးနိုင်တဲ့သက်တော်ရှည်နတ်ပန်း...ခန္ဓာကိုယ်ကိုကြံ့ခိုင်စေတဲ့ သွေးဂျင်ဆင်း ပြီးတော့ စွယ်စုံဝါးပင်ရောဘဲ"

ချိုးယီနှင့်ရှီဖုန်းတို့မှာ လောကတွင်မျိုးတုန်းလုနီးပါးဖြစ်နေသော နတ်ဆေးပင်များ​၏အမည်များကိုရွတ်ကြရင်း ၎င်းတို့​၏နှုတ်ခမ်းများပင်တစ်ဆက်ဆက်တုန်ခါနေလျှက်ရှိသည်။

ထိုစဉ်ယွင်ရှင်းမေသည် ထိုနတ်ဆေးပင်များထားရာ စင်ထောင့်တစ်နေရာကိုသွားလိုက်ပြီး သာမန်ဖြစ်ဟန်ရှိသော အပွင့်လေးပွင့်ပါအဝါရောင်ပန်းပင်စိုက်ထားသည့်ပန်းလေးအားယူ၍ကြည့်လိုက်သည်။

'နှစ်ငါးရာသက်တမ်းရှိတဲ့ သဏ္ဍာန်လေးခုစိတ်ဝိဉာဉ်ပန်းပွင့်လား မဆိုးပါဘူး အနဲဆုံးတော့ဒီအရှင်မရဲ့ဒဏ်ရာကို နောက်တစ်ဆင့်အထိပြန်ကောင်းစေနိုင်တယ်'

ထို့နောက်ယွင်ရှင်းမေ​၏လက်ထဲမှ ထိုပန်းအိုးပျောက်ကွယ်သွား​၏။ချိုးဝူယဲ့လည်း ဆေးပုလင်းများထားရာစင်ဘက်သို့သွားလိုက်ပြီးနောက် ပထမအကန့်ရှိ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့်ဆေးပုလင်းအားယူလိုက်ပြီး အဖုံးဖွင့်ကာနမ်းရှိုက်ကြည့်လိုက်သည်။ဆေးပုလင်းအဖုံးဖွင့်လိုက်သည့်အခါ ပြင်းထန်သော ဆေးရနံ့သည် ချိုးဝူယဲ့​၏နှာခေါင်းအားရိုက်ခတ်သွား​၏။

"တော်တော်သိပ်သည်းတဲ့စွမ်းအင်တွေဘဲ အချိန်အတော်ကြာခဲ့ပေမဲ့ ကြည့်ရတာတော့ဆေးအာနိတင်ရှိနေတုန်းဘဲထင်တယ်"

ချိုးဝူယဲ့ ဆေးပုလင်းအားစင်ပေါ်တွင်ပြန်တင်လိုက်ပြီးသူ​၏စိတ်ထဲတွင်တစ်ခုတွေးမိလိုက်သည်။

'ငါဆေးတွေအကြောင်းဘာမှနားမလည်ဘူး ယွင်ရှင်းမေကိုဘဲအားကိုးရအုံးမယ် စိတ်ပျက်စရာဘဲ'

ချိုးဝူယဲ့ ဆေးကြောင်းမသိနေခြင်းကို တေံးမိပြီး စိတ်မသက်မသာဖြစ်သွား​၏။ထို့နောက်ခေါင်းခါရမ်းလိုက်ပြီး စာအုပ်များထားသော စင်ဆီသို့သွားလိုက်သည်။

စာအုပ်များထားသောစင်တွင်အထပ်သုံးထပ်ရှိပြီးတစ်ထပ်စီတွင်အကန့်သုံးကန့်စီရှိလေသည်။ အပေါ်ဆုံးတွင်တစ်ကန့်တည်းရှိသောစင်အသေးလေးလည်းရှိသေးသည် ထိုအကန့်တွင် စာအုပ်တစ်အုပ်သာရှိလေသည်။ထို့အပြင်အကန့်အလိုက်စာအုပ်များကိုညီညီညာညာထားထားသည့်ပုံမှန်သပ်ရပ်လှသည်။

ချိုးဝူယဲ့စာအုပ်တစ်အုပ်ပြီးတစ်အုပ်ယူကာလှန်လှောကြည့်လိုက်သည်။ အောက်ဆုံးအထပ်တွင်သာမန်သိုင်းပညာများ အဆင့်မြင့်သိုင်းပညာများ ရှိလေသည်။ ဒုတိယအထပ်တွင် သိုင်းလောက​၏စံနှုန်းများအရထိပ်တန်းသိုင်းပညာများနှင့်သိုင်းလောက​၏ ယန်ကိုးပါးသန့်စင်ခြင်းသိုင်းပညာ ရှီဖုန်း​၏ ယင်ကိုးပါးဖျက်စီးခြင်းသိုင်းပညာ ချိုးအိမ်တော်​၏ မည်သူမှမကျင့်နိုင်သော အေးခဲတိမ်တိုက်သိုင်းကျမ်းနှင့် ပင်လယ်ပြောင်းပြန်အတွင်းအားကျင့်စဉ်ကဲ့သို့သော ပြိုင်စံရှားသိုင်းပညာများပင် တည်ရှိနေသည်။

ချိုးဝူယဲ့အံ့ဩနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤသိုင်းကျမ်းများ ထားရှိသည့်စင်ကြီးမှာ သိုင်းလောက​၏ ပညာရပ်တိုင်းတည်ရှိနေလေသည်။ မည်မျှအံ့ဩစရာ ကောင်းလိုက်သနည်း။

ထို့နောက်ချိုးယီ တတိယအထပ်သို့ကြည့်လိုက်​၏ တတိယအထပ်တွင်တော့ တစ်ကန့်တွင်စာအုပ်တစ်အုပ်စီ သာရှိတော့သည်။ချိုးယီပထမအကန့်ရှိစာအုပ်အားယူကြည့်လိုက်သည်။စာအုပ်အဖုံးတွင်..'အဆုံးမဲ့စက်ဝန်း' ဟုရေးသားထားလေသည်။

"တာအိုသိုင်းပညာ"

ချိုးဝူယဲ့စိတ်လှုပ်ရှားစွာပြောလိုက်သည်။ထို့နောက်ထိုသိုင်းကျမ်းအားလှန်ကြည့်လိုက်သည်။

'အဆုံးမဲ့ဓားစက်ဝန်း...အဆုံးမရှိသော စက်ဝိုင်းကဲ့သို့ ဓားလမ်းစဉ်သည်အဆုံးမရှိ'

ဤသည်မှာစာရွက်​၏ပထမစာမျက်နှာဖြစ်ပြီးချိုးဝူယဲ့အားအလွန်စိတ်လှုပ်ရှားသွားစေသည်။ထို့နောက်တစ်ရွက်ပြီးတစ်ရွက်လှန်လှောကြည့်လိုက်သည်။အချိန်အနည်းငယ်ကြာပြီးနောက် ချိုးဝူယဲ့ စာအုပ်တစ်အုပ်လုံးအားဖက်၍ပြီးဆုံးသွားချေပြီ။သိုင်းကျမ်းမှာ တာအိုသိုင်းပညာဖြစ်သော်လည်း စကားလုံးမှာသုံးထောင်ခန့်သာရှိသောကြောင့်မြန်မြန်ဖက်နိုင်လေသည်။

"အံ့ဩစရာဘဲ...တကယ့်ကို သိုင်းလောကသိုင်းပညာတွေနဲ့ အစစ်အမှန်တာအိုသိုင်းပညာတွေရဲ့ကွာခြားမှုကကောင်းကင်နဲ့မြေကြီးလိုပါဘဲလား"

ချိုးဝူယဲ့ သိုင်းပညာနဲ့ အစစ်အမှန်တာအိုသိုင်းပညာတို့​၏ကွာဟမှုတို့အားတွေးတော၍ပြောလိုက်သည်။ထို့နောက်ထိုစာအုပ်အား ပထမအကန့်တွင်ပြန်ထားလိုက်ပြီးဒုတိယအကန့်ရှိစာအုပ်အား ယူကြည့်လိုက်သည်။ထိုစာအုပ်​၏အရှေ့ဖုံးတွင်...

"မိုးမြေကိုးပါးလွမ်းမိုးခြင်းစိတ်ကျင့်စဉ်"

..........................

ပြီး...

All Chapters