တစ်စုံတစ်ယောက်၏နေဝင်ချိန်
Vol. 7 Ch. 79
ကျန်နေသောချိုးယီနှင့်ရှီဖုန်းတို့မှာယွင်ဝူမြို့၏တည်းခိုခန်းတစ်ခုတွင် စကားပြောနေကြပြီး ၎င်းတို့ပြောနေသောအကြောင်းအရာမှာ သိုင်းဂိုဏ်းကြီး ခုနှစ်ခု၏ စိတ်ပျက်ဖွယ်စူပုပ်နေကြမည့်မျက်နှာထားများအကြောင်းပင်။
"ဓားဝိဇ္ဇာကြီးရဲ့အမွေတွေအားလုံးတစ်ခုမကျန်ယူခံလိုက်ရရင် ယွမ်ထုံဂိုဏ်းအဘိုးကြီးတွေရဲ့မျက်နှာဘယ်လိုဖြစ်သွားမလဲကျုပ်တကယ်သိချင်နေပြီ ဟားဟားဟား"
ချိုးယီမျက်ရည်ထွက်မတက်ရယ်မောကာပြောလိုက်သည်။သိပ်မပြုံးတတ်သောရှီဖုန်းပင်ထူးထူးဆန်းဆန်းပြုံးနေခဲ့သည်။
"အခုလောလောဆယ်တော့ကျုပ်တို့ လက်ရှိသိုင်းလောကသတင်းတွေကိုဘဲနားစွင့်ထားရတော့မယ် ပြီးတော့နန်းတွင်းမှာလည်း ရွှေတံဆိပ်တော်အမတ်မင်းတို့အဖွဲ့နဲ့ မင်းသားကြီးနန်ရှီတို့အဖွဲ့ ပဋိပက္ခတွေဖြစ်နေတယ်လို့ကြားတယ် မကြာခင်ပဋိပက္ခတွေက အိမ်တော် တွေသုတ်သင်ရှင်းလင်းမှုတွေနဲ့ပါ ပါဝင်ပတ်သက်လာနိုင်တယ်"
................................
သုံးရက်ကြာပြီးနောက်...
ချိုးဝူယဲ့ သောကန်ပြည်နယ်သို့ပြန်လာခဲ့ပြီးနောက် လောဟန်မြို့တော်သို့တိုက်ရိုက်ဝင်လာလိုက်သည်။ ယခု လောဟန်မြို့တော်တွင် မီးတောက်နီဂိုဏ်းမှကျီတုလျန့်မရှိတော့သည့်အတွက် မီးတောက်နီဂိုဏ်းတွင် အာဏာလုပွဲများ စတင်ဖြစ်ပေါ်လာပြီး မီးတောက်နီဂိုဏ်း၏သခင်လေး ကျီရှန့်ပင် အကျပ်အတည်း ထဲသို့ရောက်ရှိနေလေသည်။ယခုမီးတောက်နီဂိုဏ်းတွင် နှစ်ဖွဲ့ကွဲနေပြီး တစ်ဖွဲ့မှာ ကျီရှန့်ဘက်မှဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ မီးတောက်နီဂိုဏ်း၏ ဆရာသခင် မားလောင်ထျန်း တို့အဖွဲ့ဖြစ်လေသည်။ မားလောင်ထျန်းမှာ အဆင့်လွန်ထိပ်သီးသိုင်းသမား ဖြစ်လုနီးပါး အဆင့်ရှိ ထိပ်တန်းသိုင်းသခင်တစ်ယောက်ဖြစ်သည်။
လောယန်မြို့တော်၏ အခြေအနေအလွန်မရှုပ်ထွေးရခြင်းမှာ ရွက်ကြွေသိုင်းသင်တန်းကျောင်းအုပ်ကြီး စစ်ထူယန်နှင့် အကြီးအကဲကျုံးရီ တို့ကြောင့်ပင်ဖြစ်သည်။ စစ်ထူယန် အဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်ဖြစ်သွားပြီးနောက် သိုင်းသင်တန်းကျောင်းမှာလောဟန်မြို့တော်၏နံပတ်တစ် အင်အားစုတစ်ခုဖြစ်သွားလေသည်။ အဆင့်လွန်သိုင်းထိပ်သီးဆိုသည်မှာ အဘယ်နည်း သိုင်းလောက၏ ဒိတ်ဒိတ်ကျဲထိပ်တန်းသိုင်းသမားဟူသည့် အဆင့်အတန်းကိုဆိုလိုခြင်းဖြစ်သည်။
ငါးပြည်ထောင်အတွင်းရှိ သိုင်းလောက၌ကျော်ကြားလှသော သိုင်းသမားတို့မှာ အဆင့်လွန်ထိပ်သီးသိုင်းပညာရှင်ကြီးများသာဖြစ်သည်။ ထိပ်တန်းအဆင့်ရှိသိုင်းသမားများပင်မပါဝင်ချေ။ ဝူတန်တောင်မှ နတ်လက်ဖဝါးနှစ်ဖက်ဟိုင်ချန်းလွေ့ ၊လျှပ်တစ်ပြက်ဂိုဏ်း၏ အရိပ်တစ္ဆေကွေယွေ့ ၊ အော်မေ့ဂိုဏ်းမှ ပန်သုန့်ပညာရှင် ချင်နျဲ့ဟွား ၊ ယွမ်ထုံဂိုဏ်းမှ လက်ခတ်မဲ့သိုင်းသခင် ကျင်းကော်ဟန် ၊ ခွန်းလွန်တောင်တန်း၏ မိုးမျှော်ဓားသမား ခွန်ယဲ့ ၊ ဝါးပြာတောင်တန်းဂိုဏ်းမှ လှိုင်းခုနှစ်သံ ဝမ်လျောင့် နှင့် ရှောင်လင်ကျောင်းတော်မှ ရွှေတုတ်ရှင်(နှင်တံ) ဆရာတော်တုန်းယွမ် စသည့်ပညာရှင်များသည် ငါးပြည်ထောင်ရှိသိုင်းလောကတွင်ပင် ကျော်ကြားထင်ရှားသော တာ့ယွမ်အင်ပါယာ၏ သိုင်းပညာရှင်များဖြစ်လေသည်။ ထိုပညာရှင်များသည် ဂိုဏ်းချုပ်များပြီးရင် အသန်မာဆုံးသောသူများဖြစ်သည်။
ထို့အပြင်တိုက်ကြီးတစ်ခုလုံးတွင်ပင်ပြိုင်ဘက်ကင်းကျော်ကြားလှသော ဓားအရှင် ၇ ပါးလည်းရှိသေးသည်မဟုတ်လော။ တစ်ယောက်ချင်းစီသည် အဆင့်လွန်ထိပ်သီးသိုင်းသမားအဆင့်ကိုကျော်လွန်၍အနည်းဆုံး ခြေတစ်လှမ်းသိုင်းရာဇာ အဆင့်ကိုရောက်ရှိနေပြီးဖြစ်သည်။ ဤအဆင့်ရှိဓားအရှင် များမှာ ထောင်ချီသောစစ်တပ်ကြီးတစ်ခုလုံးအား ဓားတစ်ချောင်းရှိရုံဖြင့် ဖျက်လိုဖျက်စီးပြုလုပ်နိုင်သော သူများဖြစ်လေသည်။ ထိုက်ကျိဓားအရှင်ကျန်းထိုက်ရှန်း နှင့် ပန်းချီဓားအရှင် ရွယ်ဝူဟန် မှာ ဓားအရှင်ခုနှစ်ပါး အနက်မှ ထိပ်တန်းဓားအရှင်များဖြစ်သည်။
...........................
ချိုးဝူယဲ့ ဖုန်းဟွာ မြို့အတွင်းလမ်းမကြီးဘက်သို့လမ်းလျှောက်သွားလိုက်ပြီး အနည်းငယ် ကြီးမားသော စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ဝင်ထိုင်လိုက်သည်။ ယခုသူသည်အနက်ရောင်ဝတ်ရုံမဟုတ်တော့ဘဲ အညိုရောင်ဝတ်ရုံအားပြန်ချိန်းထားလေသည်။ မဟုတ်လျှင်ဟိုအရင်တစ်ခေါက်က ဖုန်းဟွာမြို့ ရွက်ကြွေသင်တန်းကျောင်းမှ တိုက်ပွဲကြီးတွင် ဝင်ရောက်တိုက်ခိုက်ထားမှုကြောင့် သူ့အားလူမှတ်မိသွားနိုင်သည်။ ဟန်ပြောင်းပြည်နယ်၌သူမွေခဲ့သည့် သတင်းကိစ္စများသည် သောကန်ပြည်နယ်သို့မရောက်ရှိသေးပေ။
ချိုးဝူယဲ့ ဝက်သားဖက်ထုပ်ပေါင်းတစ်ပွဲနှင့် ပေါက်ဆီတစ်ပွဲမှာ၍ ဖြည်းညင်းစွာထိုင်စားနေလေသည်။ သူ့အရင်ဘဝက ထက်ယခုအခြေအနေမှာ ပို၍ ကောင်းသည်ဟုထင်မိလာသည်။ မည်သို့ပင်ဖြစ်စေ ယခုအခြေအနေမှာ သူသည် အလွန်ချမ်းသာသောအိမ်တော်ကြီးမှ မဟာအကြီးအကဲကြီး၏ တစ်ဦးတည်းသောသား ဖြစ်နေရုံနှင့်ပင် မကုန်ဆုံးနိုင်သောစည်းစိတ်များနှင့် လုပ်ချင်သည့်အရာများအားလုပ်နိုင်သောကြောင့်ပင်။ ချိုးဝူယဲ့သူ၏ ဘဝဇာတ်ကြောင်းများအားပြန်စဉ်းစားနေလိုက်သည်။
'ကြည့်ရတာ ငါ့ရဲ့သိုင်းပညာက ဒီသေမျိုးလောကမှာ ပြိုင်စံရှားတဲ့အဆင့်အထိရောက်နေပြီထင်တယ် သိုင်းပညာနားလည်မှုက မဟာသိုင်းရာဇာအဆင့်ကိုကျော်လွန်နေပြီး နတ်ထိဇ္ဇာတစ်ပိုင်းအဆင့်လောက်တောင်ရောက်နေပြီဘဲ'
အမှန်ပင်ချိုးဝူယဲ့၏သိုင်းပညာ အဆင့်အတန်းမှာ ကျန်းထိုက်ရှန်းပင်မယှဉ်နိုင်ချေ။ ကျန်းထိုက်ရှန်းမှာ ချိုးဝူယဲ့ထက်အတွင်းအားအနည်းငယ်မြင့်မားနိုင်သော်လည်း ခန္ဓာသန်မာမှုနှင့် သိုင်းပညာ၏အရည်အသွေးများမှာ လွန်စွာဝေးကွာလှသည်။ ချိုးဝူယဲ့ကျင့်ကြံသော ရှေးဟောင်းခန္ဓာကျင့်စဉ်သည် အတွင်းအားနှင့် သွေးစွမ်းအင်များအား အလိုအလျှောက် ထိန်းညိကာ ညီမျှစေပြီး စွမ်းအင်ပမာဏအား အတွင်းအားမကုန်ခမ်းသရွေ့ခန္ဓာကိုယ်သန်မာမှုအားအမြင့်ဆုံးအထိရောက်ရှိစေနိုင်သည်။ ထိုကျင့်စဉ်တစ်ခုနှင့်ပင် သိုင်းလောက၏ ပြိုင်စံရှားထိပ်တန်းသိုင်းကျမ်းများအားလုံးကိုစိန်ခေါ်၍ရနိုင်သည်။
ထို့အပြင်ချိုးဝူယဲ့၏ မဟာသိဒ္ဓိအတွင်းအားကျင့်စဉ်မှာနတ်ကျင့်စဉ်များ၏ အခြေခံအုတ်မြစ်ကျင့်စဉ်တစ်ခုလည်းဖြစ်သည်။ အတွင်းစွမ်းအင်အား အလွန်သန့်စင်စေပြီး သာမန်အတွင်းစွမ်းအင်များထက်များစွာ ပိုမြင့်သည်။ထို့ကြောင့်လည်း ချိုးဝူယဲ့သူ့ထက်အတွင်းအား မြင့်မားသောသူနှင့်အတွင်းအားချင်းပြိုင်လျှင်ပင် ရှုံးမည်မဟုတ်။ ဟင်းလင်းပြင်ဓားကျမ်း မှာ ချိုးဝူယဲ့တစ်ခါမျှရန်သူများအပေါ်မထုတ်သုံးရသေးသည့်အတွက်မည်မျှ အစွမ်းထက်သည်ကိုမတိုင်းတာနိုင်သေးပေ။
ချိုးဝူယဲ့စဉ်းစားရင်းဖြင့်အချိန်အနည်းငယ်ကုန်သွားပြီးနောက်......
"ဖုန်း....ဖုန်း....ရွက်"
တိုက်ခိုက်သံများသည်ချိုးဝူယဲ့၏ အကြားအာရုံထဲသို့တိုးညင်းစွာဖြင့် ဝင်ရောက်လာခဲ့သည်။ အခြားသူများသည် တိုက်ခိုက်မှုနေရာနှင့်လွန်စွာဝေးကွာနေသောကြောင့် မကြားရသော်လည်း သူ၏ အကြားအာရုံ ဝိဉာဉ်ခွဲထွက်ခြင်းကျင့်စဉ်ကြောင့် သာမန်လူများထက်အဆပေါင်းများစွာအားကောင်း လေသည်။ ချိုးဝူယဲ့၏ ပုံရိပ်သည် စားသောက်ဆိုင်တွင်းမှရိပ်ကနဲ ပျောက်ကွယ်သွားပြီးစားပွဲတွင် ငွေတစ်စသည်သာကျန်လို့နေလေသည်။
........................
"ရွစ်...ရွစ်"
လူရိပ် သုံးလေးဆယ်ခန့်သည် ဖုန်းဟွာမြို့တော်၏ မီတာငါးရာအကွာမှ တောအုပ်အစွန်းနားတွင်တိုက်ခိုက်သတ်ဖြတ်နေကြလေသည်။
"ထန်ရှန် ခင်ဗျားဘာလို့အခုလိုလုပ်ရတာလဲ ရွှေတံဆိပ်တော်အမတ်မင်းရဲ့အရိပ်ပညာရှင်သုံးပါးထဲကတစ်ယောက်ဖြစ်နေပြီး လက်အောက်ခံဖြစ်တဲ့ကျုပ်တို့ကိုဘာလို့တိုက်ခိုက်နေရတာလဲ"
သံချပ်ကာများဖြင့် တပ်မှုးဝတ်စုံအားဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးကနာကျင်စွာ ညည်းတွားရင်းပြောလိုက်သည်။သံချပ်ကာဝတ်စုံအားဝတ်ဆင်ထားသည့် လူဆယ့်နှစ်ယောက်ကတော့ အသက်မရှုတော့ဘဲငြိမ်သက်စွာလဲလျောင်းနေခဲ့ကြသည်။
"တပ်...တပ်...တပ်"
ခရမ်းရောင်ဝတ်ဆုံဖြင့် အသက်သုံးဆယ်ခန့်ညားသောပုံစံဖြင့်လူက လက်နှစ်ဖက်အားနောက်သို့ပစ်၍ တစ်လမ်းချင်းလျှောက်လာကာ ခံစားချက်မရှိသောအသံဖြင့်ပြောလိုက်သည်။
"တပ်မှုးချန်း ခင်ဗျားဟာတကယ်ကိုတော်တဲ့တပ်မှုးတစ်ယောက်ပါ ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ့်ရဲ့သခင်ကောင်းစားဖို့ စတေးမှုအသေးအဖွဲလေးတွေအပြင် လိုအပ်ရင် စတေးမှုကြီးကြီးမားမားပါပေးတတ်ရမယ်"
ထို့နောက် ထန်ရှန်သည် မြေပေါ်တွင်စိုက်ထားသော ဓားအား ဆွဲယူ၍ တပ်မှုးချန်း၏ရင်ဘတ်အားထိုးစိုက်ချလိုက်သည်။
"စွတ်"
တပ်မှုးချန်းမယုံနိုင်စွာဖြင့် ထန်ရှန်အားမော့ကြည့်လိုက်ပြီး မြေပြင်ပေါ်သို့ဖြည်းညင်းစွာ နောက်ပြန်လဲကျသွား၏။ ဤသို့ဖြစ်သွားလိမ့်မည်ဟုသူမယုံနိုင်သေးပါ။ အမတ်မင်းကဘာကြောင့်သူတို့ကိုစွန့်ပစ်ခဲ့တာလဲ ဘာလို့သူမှလဲ..........ထို့နောက်သူ၏အမြင်အာရုံများဝေဝါးလာပြီး အမှောင်ထုထဲသို့ရောက်ရှိသွားတော့သည်။
........................
ပြီး...