မရှုံးနိမ့်နိုင်သောသူ
Vol. 012 Ch. 1192
သို့သော်လည်း လူတိုင်းက တိုက်ပွဲ၏ အဆုံးသတ်ကို မျှော်လင့်တကြီး ဖြစ်နေကြပြီ ဖြစ်သည်။ ချန်ယဲ့မြို့မှ လူငါးယောက်ကို ရှင်းလင်းပြီးလျှင် မီးတောက်လှောင်အိမ်မြို့မှ ယန်ထုံနှင့် မီးတောက်နက်ကလန်မှ ကျိုးရွှီတို့သည် နောက်ဆုံး တိုက်ပွဲကို ဆင်နွှဲကြပေလိမ့်မည်။
အနိုင်ရရှိသူသည် နိုးထနဂါးတိုက်ပွဲ စင်မြင့်ထက်တွင် ထွန်းတောက်လာသူ ဖြစ်ပေလိမ့်မည်။
ဖန့်ရှောင်း ထုတ်ပယ်ခံရပြီးနောက် ပရိသတ် သုံးပုံတစ်ပုံခန့်မှာ သူတို့၏ လောင်းကြေးများကို ဆုံးရှုံးသွားပြီး ယန်ထုံနှင့် ကျိုးရွှီကို လောင်းကြေး ထပ်ထားသူ တစ်ဝက်မျှသာ ကျန်တော့၏။
သို့သော် မည်သည့်ဘက်က အနိုင်ရပါစေ အတော်များများကတော့ လောင်းကြေး နိုင်ကြပေလိမ့်မည်။
လက်ရှိတွင်တော့ သူတို့က ချန်ယဲ့မြို့ကို ဦးဆုံးဖယ်ထုတ်ပစ်ရန် လိုအပ်နေလေသည်။
“လုပ်တော့” ယန်ထုံက ပြောလိုက်ပြီး ခြေလှမ်းစသည်။ သူ၏ကြီးမားသည့် မီးတောက်ခန္ဓာကိုယ်ကြီးက ထူးကဲလှသည့် စွမ်းရည်များနှင့် ပြည့်နှက်နေသည်။ သူ့မျက်လုံးမှ ကြောက်မက်ဖွယ် မီးတောက်များ လျှံထွက်နေသည်။ ယူချင်းတို့ ရှိနေသည့် နေရာတွင် မဟာလမ်းစဉ် မီးတောက်များ၏ ပြင်းထန်သော အသိများက လွှမ်းခြုံလာသည်။
ထိုနေရာသည် အပြစ်ပေး သန့်စင်ရာဌာနေအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ကြရ၏။
တစ်ချိန်တည်းမှာပင် ယန်ထုံဘက်တွင် ရှိနေသော လူများသည် ယူချင်း၏ အဖွဲ့ကို တိုက်ခိုက်ရန် မြန်ဆန်စွာ လှုပ်ရှားလိုက်ကြပြီး ကြီးမားသော အရှိန်အဝါများအား ထုတ်လွှတ်ကြ၏။
တစ်ဖက်လူများ လှုပ်ရှားသည်ကို မြင်လျှင် ယူချင်းက ရှောင်တိမ်းရန် စိတ်မကူးဘဲ ရှေ့သို့ တက်သွားပြီး ထိုလူများကို ထိပ်တိုက်ရင်ဆိုင်၏။
ယန်ထုံက လက်ဝှေ့ယမ်းလိုက်သည်တွင် သန့်စင်သော မီးတောက်များသည် ထိုနေရာတွင် ချော်ရည်ပူများအဖြစ် ပြောင်းလဲသွားကာ ယူချင်းကို ရစ်ပတ်၍ ခဲထားလိုက်သည်။ သာမန်ရှီအထွတ်အထိပ် အဆင့်များသည် ထိုချုပ်နှောင်မှုအား လွယ်လွယ်ကူကူ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။
“ချုပ်လိုက်” တစ်စုံတစ်ယောက်၏ လက်ဝါးချက်များသည် ကောင်းကင်ထက်တွင် ဖြန့်ကားလျက် ရွှေရောင်ဝင်္ကပါများ အဖြစ် တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာကာ ယူချင်းကို ချုပ်နှောင်ထားရန် ကြိုးစားတော့သည်။
အဝေးမှ တိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်သူတစ်ဦးကလည်း မှော်စွမ်းအားကိုသုံးလျက် ယူချင်းအား အေးခဲရန် ကြိုးစားသည်။
ထိုခဏအတွင်းတွင် ယူချင်း၏ ခြေလှမ်းများက ရပ်တန့်သွားပြီး သူသည် ထောင်ချောက်ထဲသို့ လုံးဝ ကျဆင်းသွားပုံပေါ်သည်။
အခြားလူများလည်း တစ်ချိန်တည်းမှာပင် တိုက်ကွက်များ ထုတ်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ရွှေရောင်လှံကို ကိုင်ကာ လေထုကို ဖြတ်သန်း၍ ယူချင်း၏ ခန္ဓာထံသို့ လှမ်း၍ ထိုးနှက်တိုက်ခိုက်၏။
နောက်ထပ် စွမ်းအားမြင့် လက်သီး တစ်လုံးသည်လည်း လေထုကို ခွင်းကာ ယူချင်းထံသို့ တည့်တည့် ပြေးဝင်လာသည်။
လူတိုင်းက အဆက်မပြတ် ပေါက်ကွဲသံများအား ကြားလိုက်ကြရသည်။ တိုက်ခိုက်မှုတိုင်းသည် ယူချင်းကို ပစ်မှတ်ထားနေကြပြီး အဆုံးသတ် လိုနေကြသည်။
ကျိုးရွှီက ရီဝူချင်းကို ဆက်လက် တိုက်ခိုက်ရန် ရွေးချယ်သည်။ အဆုံးမဲ့သော မီးတောက်နက်များက သူ့အနီးတွင် ဝန်းရံစီးဆင်းနေပြီး ကြောက်မက်ဖွယ် လောင်ကျွမ်းမှု စွမ်းအားများကို ထုတ်လွှတ်နေသည်။ သေဆုံးခြင်း အငွေ့အသက်များသည် ကောင်းကင်ကို ဖုံးလွှမ်းကာ ရီဝူချင်းထံသို့ တည့်တည့် ကျဆင်းလာခဲ့၏။
ရီဝူချင်း၏မျက်ခုံးကြားမှ အလင်းတစ်ချက် လက်သွားသည်။ အဆုံးမဲ့ဓားအသိများက သူ့ကို ဝန်းရံထားပြီး ထောင်ပေါင်းများစွာသော ဓားသဏ္ဌာန်များ လေထဲတွင် ဖြစ်ပေါ်လာသည်။ ငွေရောင်ဓားအစင်းတိုင်းတွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေသည်။
သို့သော်လည်း မီးတောက်နက်များသည် ထူးခြားသာလွန်လှကာ ဓားအသိများကို လောင်ကျွမ်းနိုင်စွမ်းရှိပြီး နှစ်ဖက်လုံးက အချင်းချင်း အဆက်မပြတ် ဝါးမျိုနေကြသည်။
ဘယ်တောင်ပံနှင့် ညာတောင်ပံမှ လူများကလည်း လှုပ်ရှားကြသည်။ ကျန်ကျောင်းက သူ့ဓားကို အသုံးပြု၍ သေးငယ်သော ဓားလေးများ ဖြစ်ပေါ်စေလျက် ဝင်္ကပါတစ်ခုအား ဖန်တီးသည်။ စုချွဲကလည်း ဓားအသိများအား ထုတ်လွှတ်ကာ ချန်ကျောင်းကို ကူသည်။ မည်သို့ဆိုစေ ဓားပညာတွင် သူသည် ကျန်ကျောင်းကဲ့သို့ မြင့်မားစွာ နားလည်ခြင်း မရှိသေးပေ။ ကျန်ကျောင်းသည် မဟာလမ်းစဉ်ကို ထိတွေ့ပြီးသောသူ ဖြစ်၏။ သူသည် မကြာခင် ရှန့်ထိုဖြစ်တော့မည် ဖြစ်သည်။
ကျန်ကျောင်းက သူ့လက်ကို ဝှေ့ယမ်းသည်တွင် သေးငယ်သော ဓားဝင်္ကပါများသည် လေထုကို ဖြတ်သန်းကာ ရန်သူများထံသို့ တိုးဝင်သွားကြ၏။
ထိုအချိန်မှာပင် ဟောင်ကျူဂီ၏ ရန်ဟောင်လေး သက်စောင့်ဝိညာဉ်က ထွက်ပေါ်လာပြီး အလွန်တောက်ပသည့် အလင်းများ ပေါက်ကွဲ ထွက်လာသည်။ ယင်းတွင် မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေသည်။ သူက သူ၏ စွမ်းရည်များ တိုးတက်လာမှု အားနည်း နေသေးသော်လည်း ရန်ဟောင်မျိုးရိုး အမွေအနှစ်များကြောင့် မဟာလမ်းစဉ်အသိများ ဖော်ထုတ်နိုင်စွမ်းရှိ၍ ထိုအားနည်းချက်များကို ဖာထေးနိုင်သည်သာမက ကြီးမားသော စွမ်းအားများကိုပင် ထုတ်ဖော်နိုင်သေးသည်။
မြားကိုးစင်းကို တစ်စင်းပြီး တစ်စင်း ပစ်ခတ်လိုက်ကာ သက်တန့်များကဲ့သို့ လေထုကို ဖြတ်သန်းသွားပြီး ရန်သူများအား တားဆီး၏။
သူတို့ထဲမှ အနည်းငယ်သာ ခုခံကာကွယ်ရေး အပေါ်၌ အာရုံစိုက်ကြရသည်။
ထိုအချိန်၌ ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ ထွက်ပေါ်လာပြီး ကျိုးရွှီ၏ နောက်တွင် အနက်ရောင် မီးတောက်များ ဖုံးလွှမ်းနေသည့် ရှည်လျားပြီး စွမ်းအားပြည့်ဝသည့် အရိပ်နက်ကြီးတစ်ရိပ် ရပ်နေသည်ကို မြင်လိုက်ရသည်။
ကျိုးရွှီသည် မီးတောက်နက် အင်ပါယာ၏ မျိုးဆက်ဖြစ်သည်။ ရန်ဟောင်အဆင့် ရောက်ရှိနေသူတစ်ဦးမှာ သူ၏ သက်စောင့်ဝိညာဉ်မှတစ်ဆင့် သူ၏ မျိုးဆက်များသို့ မဟာလမ်းစဉ်၏ စွမ်းအားများကို လွှဲပြောင်းပေးနိုင်စွမ်း ရှိလေသည်။
ထို့ကြောင့် ရန်ဟောင်မိဘများမှ မွေးဖွားလာသည့် ကလေးများမှာ မဟာလမ်းစဉ်၏ စွမ်းအားများကို သဘောပေါက် နားလည်နိုင်စွမ်းက လွယ်ကူပေသည်။
ရီဖူရှင်းက ထို့ကြောင့်ပင် အရာခပ်သိမ်း၌ ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်မားခြင်းလည်းဖြစ်၏။
ကျိုးရွှီက ရီဝူချင်းဆီသို့ ကြည့်ကာ လက်ဆန့်တန်း လိုက်၏။ သူ၏ အနက်ရောင် လက်ရိပ်ကြီးက ကောင်းကင်ကို ဖုံးအုပ်သွားပြီး အမှောင်တွင်းနက်ကဲ့သို့ ဖြစ်ပေါ်လာကာ အဆုံးမဲ့ မီးတောက်နက် အရှိန်အဝါများ ထွက်ပေါ်လာသည်။ ရီဝူချင်း၏ ဓားအသိများက အနက်ရောင်လက်ကြီးနဲ့ ထိသွားသည့်အခါ ဟိုဟိုဒီဒီ လောင်ကျွမ်းသွားကြ၏။
ရီဝူချင်း၏ မျက်ခုံးကြားမှ ဓားအသိတစ်ခု ထွက်ပေါ်လာကာ ကြီးမားသော စွမ်းအားများ စုစည်းလာ၏။
ထောင်ပေါင်းများစွာသော ဓားများသည် သိပ်သည်း ကျစ်လျစ်လာပြီး တစ်သောင်းမျှသော ဓားများက တစ်ထောင်၊ တစ်ထောင်သော ဓားများက ရာဂဏန်းနှင့် ပြောင်းလဲလာပြီး နည်းသထက် နည်းလာသည်။ ရီဝူချင်း၏ ခန္ဓာကိုယ်သည် ဓားအလင်းများဖြင့် ဖုံးလွှမ်းထားသည်။ ထို့နောက်တွင် ဓားများသည် တစ်ချောင်းတည်း အဖြစ်သို့ ပေါင်းစပ်သွားသည်။ သို့သော်လည်း ကြောက်မက်ဖွယ် စွမ်းအားများမှာ နေရာအနှံ့သို့ ရိုက်ခတ်လာခဲ့၏။
“သွား” ရီဝူချင်း ပြောသည်။
ဓားသည် ချက်ချင်း ပြေးထွက်သွားပြီး သူ့ ရန်သူထံသို့ တိုးဝင်သွားသည်။
ဓားနှင့် အနက်ရောင် လက်ဝါးကြီးသည် ရင်ဆိုင်တွေ့ကာ အဆုံး၌ အနက်ရောင် တွင်းနက်ကြီးနှင့်တူသော လက်ဝါးသည် တုန်ခါပေါက်ကွဲသွားသည်။ သို့သော်လည်း ကြောက်မက်ဖွယ် ဓားစွမ်းအားများက အလွန်အားနည်းသွားပြီး ရီဝူချင်းထံသို့ ပြန်ရောက်လာသည်။ ဓားတစ်ချောင်းက ဓားများစွာသို့ ခွဲဖြာနိုင်သလို ထိုမှ နှစ်ချောင်း၊ သုံးချောင်းအပြင် တစ်သောင်းအထိ ဖြစ်ပေါ်နိုင်သည်။ ဤသည်မှာ ဓားလမ်းစဉ် ဖြစ်သည်။
ထောင်ပေါင်းများစွာသော ဓားများက တစ်ချောင်းတည်းအဖြစ် ပေါင်းစည်း သွားသည်မှာလည်း ဓားလမ်းစဉ်ပင် ဖြစ်သည်။
တခြားတိုက်ပွဲတွင် တန်ခိုးရှင်များသည် ယူချင်းကို စုပေါင်း တိုက်ခိုက်နေကြ၏။
သို့သော်လည်း ခပ်လဲ့လဲ့လင်းနေသော မဟူရာရွှေ အလင်းရောင်သည် ယူချင်း၏ကိုယ်ပေါ်တွင် ပို၍ တောက်ပလာသည်ကို ဘယ်သူမှ မမြင်နိုင်ကြပေ။ ထိုကြောက်မက်ဖွယ် ချော်ရည် ငရဲမီးတောက်များသည် သူ့ကိုယ်ပေါ်မှာ တင်ကျန်နိုင်ခြင်းမရှိဘဲ ပျော်ကျကုန်ကြသည်။ ပြင်းထန်သည့် ခုခံကာကွယ်ရေး စွမ်းအားများက သူ့အနားတွင် လှည့်ပတ်နေပြီး သူ၏အရံအတားကို ကျော်ဖြတ်နိုင်ခြင်း မရှိပေ။
“လူသားခန္ဓာကိုယ်က ဒီလောက် သန်မာနိုင်တာလား” တိုက်ပွဲကို စောင့်ကြည့်နေသည့် ရဲတိုက်အတွင်းမှ ပရိသတ်များမှာ တအံ့တသြ ရေရွတ်လိုက်ကြသည်။ ယန်ထုံနှင့် သူ့လူများအားလုံးမှာ ရှန့်ထိုအဆင့်သို့ ရောက်လုနီးပါး မဟုတ်ပါလား။ သူတို့အားလုံးကလည်း ယူချင်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီး၍ မရသည့်အပေါ် ဝေခွဲမရ ဖြစ်နေကြသည်။
ရီဖူရှင်း၏ အမူအရာက တည်ငြိမ်နေသည်။ ရှန့်ထိုကျန့်က တော်ဝင်ကျဲနန်းတော်၌ ယူချင်း၏ခန္ဓာကိုယ်ကို ဆေးစိမ်ကာ ရှန့်ထိုခန္ဓာကိုယ်အလား သန်မာစေခဲ့၏။ သူ၏လေ့ကျင့်သည့် လမ်းစဉ်ကလည်း ခန္ဓာကိုယ်ကို ထုဆစ်ခြင်းဖြစ်ရာ ဆိုဖွယ်ရာ မရှိတော့။
ဘုန်း…
ခဲနေသည့် မီးတောက်ချော်ရည်များ၊ ရွှေရောင် အလင်းဝင်္ကပါများနှင့် အခြားသောသူများ၏ ပိတ်ဆို့တိုက်ခိုက်မှုများ အားလုံးမှာ ပြိုကွဲပျက်စီးသွားသည်။ ယူချင်း၏ မဟူရာရွှေရောင် အလင်းများမှာ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးတစ်ကောင်၏ ကြောက်မက်ဖွယ် ငွေအလင်းများက နေရာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားမုန်တိုင်းက သူတို့ကို ရစ်ထွေးသွားကာ သူတို့ကို မတူညီသည့် စွမ်းအားများကို မြည်းစမ်းစေသည်။
ယူချင်း၏ ခန္ဓာကိုယ်က လေထဲတွင် ရပ်တန့်နေ၏။ အနက်ရောင်မိစ္ဆာ စွမ်းအားများက သူ့ကို လှည့်ပတ်နေပြီး နိုးထနဂါးတိုက်ပွဲစင်မြင့် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
လူအများက သူတို့၏ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး အနက်ရောင်မိစ္ဆာ စွမ်းအင်များက ပေါက်ကွဲကာ သူတို့ဆီသို့ ဖြတ်သန်းလာသည်ကို တွေ့လိုက်ရကာ သူတို့၏ ခန္ဓာတစ်ခုလုံးက အေးစိမ့်တုန်ယင် လာနေသည်။
ယူချင်း၏ နက်မှောင်နေသော မျက်လုံးမှ နတ်ဆိုးအလင်းများ ထုတ်လွှတ်နေသည်။ ၎င်းတို့က အလွန်စွမ်းအားပြည့်ဝသည်။ ထိုမျက်လုံးများကို ကြည့်မိသူတိုင်း အဆုံးမဲ့ အမှောင်ထုအတွင်းသို့ နစ်မြုပ်သွားသလို ဖြစ်ကာ ရိုကျိုးသော သိမ်ငယ်စိတ်များ ဖြစ်စေ၏။
ကြောက်မက်ဖွယ်မိစ္ဆာ အရှိန်အဝါသည် သူ့ကိုယ်တွင်းတွင် အရှိန်အဟုန်ဖြင့် စီးဆင်းနေပြီး သူ့ခန္ဓာကို အဆမတန် ကြီးမားလာ၍ သူ၏ တိုက်ပွဲသဏ္ဌာန် ဖြစ်ပေါ်လာသည်။
တိုက်ပွဲနတ်ဆိုးသဏ္ဌာန်က လေထုအကြားတွင် ပေါ်ပေါက်လာ၏။
“သတ်ကြ” ရန်သူတစ်ဦးက သူ၏ လက်ကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်ပြီး ရွှေရောင်လှံကို မြှောက်ကာ ယူချင်း၏ တိုက်ပွဲနတ်ဆိုးခန္ဓာကို ပြင်းထန်စွာ ထိုးနှက်သည်။
ယူချင်းက သူ့လက်ကို မြှောက်ကာ စီးဆင်းနေသည့် အနက်ရောင် အရှိန်အဝါများကို လက်ဝါးဆီသို့ စုစည်းလိုက်သည်တွင် နက်မှောင်နေသည့် နတ်ဆိုးပုဆိန်က ထွက်ပေါ်လာသည်။
ဘုန်း…
သူက လေထဲကို လှမ်းလိုက်လျှင် ထိုနေရာတစ်ခုလုံး တုန်ခါသွားသည်။ သူ့ခြေလှမ်းတိုင်းတွင် ထူးကဲပြင်းထန်လှသည့် မဟာလမ်းစဉ်၏ စွမ်းအားများ ထုတ်လွှတ်နေသည်ကို လူတိုင်း ခံစားမိနိုင်ကြသည်။ ယူချင်းက ရှေ့သို့ ခြေလှမ်းလိုက်ပြီးသည်နှင့် သူတို့ရှေ့မှာ ပေါ်လာကာ သူ့လက်ထဲက ပုဆိန်ကို ခုတ်ချသည်တွင် ကောင်းကင်ကိုပင် နှစ်ခြမ်းကွဲသွားသယောင် ထင်မှတ်ရစေသည်။
ထိုလူ၏မျက်နှာက ကြောက်ရွံ့မှုများ ယှက်သန်းနေပြီး သူ့လက်ဝါးများမှ ပင်လယ်နှင့် တောင်တန်းများကဲ့သို့ ကြီးမားသော စွမ်းအားများ ထုတ်လွှတ်သည်။။ အဆုံးမဲ့ ရွှေရောင်ဝင်္ကပါများက သူတို့ရှေ့မှ နေရာကို ဖုံးလွှမ်းသွား၏။
သို့သော်လည်း ပုဆိန်ကြီး ကျဆင်းလာသောအခါ ကွဲအက်သံများကို ကြားလိုက်ရပြီး ရွှေရောင်ဝင်္ကပါများမှာ အစိတ်စိတ် ကွဲထွက်သွားခဲ့၏။ ယူချင်းအား ရင်ဆိုင်ခုခံသူမှာ ချက်ချင်းပင် ပိုင်းပြတ်သွားပြီး သွေးများက နေရာတစ်ခုလုံးကို ပန်းထွက်သွားခဲ့သည်။
ဆူညံအော်ဟစ်နေသည့် ရဲတိုက်က တစ်ဖန်ငြိမ်သက်သွားပြီး ပုဆိန်ကြီးသည် သူတို့၏ နှလုံးသားကို ခုတ်ပိုင်းချလိုက်သကဲ့သို့ ခံစားလိုက်ကြရသည်။
ဒါက ဘယ်လိုစွမ်းအားမျိုးလဲ …
ထိုအချိန်၌ အားကောင်းသော အရှိန်အဝါတစ်ခုအား ခံစားမိသည်တွင် ယူချင်းက နောက်လှည့်ကာ ထိုသူအား စိုက်ကြည့်လိုက်၏။
ဘုန်း…
သူက နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ကာ သူ့ပြိုင်ဘက်အား မလှုပ်ရှားနိုင်အောင် ချက်ချင်းပင် ပိတ်ဆို့ထားလိုက်၏။ ယူချင်းက သူ့လက်ကို တစ်ခါမြှောက်မ၍ ပုဆိန်နှင့်တစ်ခါ ခုတ်ချလိုက်ပြန်သည်။ သူ့ပြိုင်ဘက်က မာန်သွင်းအော်ဟစ်ကာ နောက်သို့ မြန်ဆန်စွာ ဆုတ်၏။ သို့သော်လည်း ပုဆိန်က လျင်မြန်စွာ ကျဆင်းလာပြီး ကျယ်လောင်လှသည့် အရိုးကျိုးသံများကို ကြားလိုက်ရသည်။ ဟက်တက်ကွဲရာများက ထိုလူ၏ ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာပြီး သွေးများ ပန်းထွက်လာသည်။
ထိုသူက အော်ဟစ်လိုက်သည်… “ငါ အရှုံးပေးတယ်”
နည်းလမ်းတကျ ပြောပါက အိပ်မောကျနဂါးပြိုင်ပွဲတွင် 'အရှုံးပေးခြင်း' ဟူ၍ မရှိပေ။ အကယ်၍ ယူချင်းက တစ်ဖက်လူအား သတ်ဖြတ်လိုပါကလည်း သတ်ဖြတ်နိုင်ပေသည်။
သို့သော်လည်း ယူချင်းက ထိုလူကို ခပ်လေးလေး တစ်ချက်သာ ကြည့်လိုက်ပြီး အခြားလူများဘက် လှည့်သွားခဲ့သည်။ မြို့တော်များမှ အရေးပါထင်ရှားသည့် ရှီအဆင့်အထွတ်အထိပ် တန်ခိုးရှင်အားလုံးမှာ ယူချင်း၏အကြည့်အောက်တွင် မူးမေ့မတတ် ကြောက်ရွံ့ နေကြရပြီဖြစ်သည်။
နတ်ဆိုးမျက်လုံးများမှာ ပို၍ ပို၍ နက်ရှိုင်းလာသည်။ မျက်လုံးများသည် နတ်ဆိုးတစ်ကောင်က ကမ္ဘာလောကကြီးကို ငုံ့ကြည့်နေသကဲ့သို့ ထင်မှတ် လာကြလေသည်။
နာမည်ကျော်များမှာ သူတို့၏ ကိုယ်ပိုင်စွမ်းရည်ကို အလွန်ယုံကြည်မှု ရှိကြပေသည်။ မဟုတ်လျှင် သူတို့သည် အိပ်မောကျနဂါးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အကြောင်းပြချက်အချို့အရ သူတို့သည် ယခုတွင် ယုံကြည်ချက်များ ပျောက်ဆုံးသွားခဲ့သည်။
သူတို့ မျက်စိရှေ့မှ သည်လူသည် သားရဲ တစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။
ဘုန်း…
ယူချင်းက နောက်ထပ် ခြေလှမ်းလှမ်းလိုက်သည့်အခါ သူတို့၏ စိတ်နှလုံးက တုန်ခါသွားပြီး အော်ဟစ်လိုက်ကြသည်။
“ငါ လက်လျှော့တယ်”
“ငါရောပဲ” တစ်ယောက်ပြီး တစ်ယောက် တိုက်ပွဲကွင်းပြင်မှ ထွက်ခွာ သွားကြသည်။
သူတို့က တိုက်ပွဲတွင် အရှုံးပေးပြီး ပြန်ဆုတ်သွားခဲ့သည်။
မည်သူမှ ယူချင်း၏ ပုဆိန်အောက်တွင် အသေမခံလိုကြတော့။ သူတို့က မီးတောက် လှောင်အိမ်မြို့အား ကတိကဝတ်များ ပေးထားသော်လည်း အသက်နှင့်တော့ မရင်းနိုင်ပေ။
ယန်ထုံတစ်ယောက် သည်မကောင်းဆိုးဝါးကို တိုက်ခိုက်ပါစေဟု သူတို့ ဆုတောင်းမိကြ၏။
ရဲတိုက်မှ ပွဲကြည့်ပရိသတ်များမှာ ကြီးစွာ ထိတ်လန့်ကုန်ကြသည်။ လူတစ်ယောက်နှင့် ပုဆိန်တစ်လက်က နာမည်ကျော်များကို အရှုံးပေးပြီး ထွက်ပြေးသွားအောင် ဖိအားပေးနိုင်သည်လား။
ယန်ထုံနှင့် ကျိုးရွှီတို့ အနိုင်ရရှိနိုင်မှာလား။ သူတို့ထဲက တစ်ယောက်က တကယ်ပဲ တိုက်ပွဲမှာ နောက်ဆုံး ကျန်ရစ်နိုင်သူ ဖြစ်ပါ့မလား သူတို့ သိလိုကြ၏။
အိပ်မောကျနဂါး ပြိုင်ပွဲတွင် အခြာယလူများ၏ မျှော်လင့်ချက်များကို ရိုက်ချိုးသွားတတ်သော လူများရှိကြောင်း သာဓကအများအပြား ရှိလေသည်။
ယနေ့တွင်လည်း ထိုသို့ ကြောက်စရာဖြစ်ရပ်များ တစ်ဖန်ဖြစ်ပွားခဲ့ပြီဖြစ်သည်။
***