← Chapters

ပျံသန်းထွက်ခွာခြင်း

Vol. 012 Ch. 1193

ပျံသန်းထွက်ခွာခြင်း

Vol. 012 Ch. 1193

တိုက်ပွဲနေရာတွင် ယန်ထုံတစ်ယောက်သာ ထီးထီးတည်း ကျန်ရှိပေတော့သည်။

ယန်ထုံ၏ မီးတောက်စစ်နတ်ဘုရားက တူညီစွာ ကြီးမားလှသည့် နတ်ဆိုးတိုက်ပွဲ သဏ္ဌာန်ကို စူးစိုက်ကြည့်နေသည်။ ယန်ထုံ၏ သဏ္ဌာန်မှာ မီးတောက် အလင်းများနှင့် လွှမ်းခြုံနေပြီး ယူချင်း၏ နတ်ဆိုး အရောင်အဝါနှင့်လုံးဝ ကွဲပြားနေသည်။ သူတို့သည် ရန်ဘက်ဖြစ်ရန် ကံကြမ္မာက စီမံထားသကဲ့သို့ ဖြစ်သည်။

အဆုံးမဲ့ မီးတောက်ချော်ရည်များ ဖြစ်ပေါ်လာပြီး သူဝန်းကျင်တွင် ပေါင်းစည်းသွားပြီးနောက်၌ အစိုင်အခဲ ဖြစ်သွားတော့သည်။

မီးတောက်စစ်နတ်ဘုရား၏ ကြီးမားသည့် မီးတောက်တူကြီးက ယန်ထုံနှင့် ပေါင်းစည်းသွားပြီး အနီရောင်လွှမ်းလာကာ အပူချိန်က ထိတ်လန့်စရာ မြင့်တက်လာသည်။

သူက လက်ကို လွှဲလိုက်ပြီး ခြေလှမ်းလှမ်းကာ ယူချင်းထံသို့ ဦးတည်သည်။

ဘုန်း…

ယူချင်းကလည်း ယန်ထုံရှိရာသို့ လျှောက်လာနေ၏။

နှစ်ယောက်လုံးက အလွန်ထူးကဲလှသည့် စွမ်းအားပိုင်ဆိုင်သော တန်ခိုးရှင်များဖြစ်ပြီး နှစ်ယောက်လုံးက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် စဉ်းစားထားပုံရ၏။

ဘုန်း.... ဘုန်း... ဘုန်း......

နှစ်ယောက်လုံးက လေထဲသို့ ဆက်တိုက် တက်သွားကြပြီး သူတို့၏ ဝန်းကျင်က လှုပ်ခါနေသည်။ ယူချင်းက ရွှမ်ယွင်ခြေလှမ်းသိုင်းကို သုံးကာ ရွေ့လျားနေပြီး သူ၏ ခြေလှမ်းများတွင် မဟာလမ်းစဉ်၏ အသိများကို ပေါင်းထည့် ထားခြင်းကြောင့် အလွန်မြင့်မားသည့် ဖိအားကို ဆောင်ယူနေသည်။

အပူလှိုင်းများက လေထဲမှ ဖြတ်သန်း၍ ယူချင်း၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လာသည်။ မီးတောက် ချော်ရည်များက ကောင်းကင်တစ်ခွင်ကိုပင် လောင်ကျွမ်းသွားသကဲ့သို့ မြင်ရပြီး ယူချင်းကို မီးတောက်များက ဖုံးလွှမ်းသွားပြီး သူ၏ အစိတ်အပိုင်းများကို ချိုးဖဲ့ရန်  ပြင်းထန်သော ဖိအားများ ဆက်တိုက် ထုတ်လွှတ်နေသည်။ သူသည် နတ်ဆိုးပုဆိန်ကို လွှဲ၍ ခုတ်ပိုင်းလိုက်ပြီး သူတို့၏ ဝန်းကျင်တွင် နှိုင်းယှဉ်မရသည့် စွမ်းအားများ ပါဝင်နေသော နက်မှောင်သည့် နတ်ဆိုးရောင်ဝါများ ပေါ်ပေါက်လာသည်။

ယန်ထုံက အော်ဟစ်လိုက်ပြီး သူ၏ မီးတောက်တူကြီးကို လွှဲချလိုက်ကာ ပုဆိတ်ကို ရိုက်ခတ်ရန် ကြိုးပမ်းသည်။ တိုက်ပွဲမှာ ပြင်းထန်လွန်းရာ အားလုံးက သူတို့အား မျက်တောင်မခတ်တမ်း ကြည့်နေကြ၏။

ဘုန်း....

ကောင်းကင်ကွဲထွက်လုမတတ် ရိုက်ခတ်သံကြီးကို ကြားလိုက်ရပြီး ယန်ထုံ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ပြုတ်ကျသွားတာကို လူတိုင်းက မြင်လိုက်ရသည်။

နတ်ဆိုးကဲ့သို့ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ဆက်လက် ဦးတည်လာပြီး နောက်ထပ် ပုဆိတ်ခုတ်ချက်တစ်ခုကို ဖော်ထုတ်သည်။ ယင်းသည် နတ်ဘုရားများ ဆင်းသက်လာသကဲ့သို့ ဖြစ်၏။

ယန်ထုံ၏ သွေးများက ဆူပွက်လာပြီး တုန်ခါနေသည့် သူ့လက်များနှင့် တူကို မြှောက်လိုက်ကာ ရှိသမျှစွမ်းအားဖြင့် သူ့ဆီသို့ လာနေသည့် ပုဆိန်ကို ဆန့်ကျင် ဟန့်တားသည်။

နောက်ထပ် ပြင်းထန်သည့် တုန်ခါမှုနှင့်အတူ မီးတောက်တူကြီးသည် အံ့အားသင့်ဖွယ် ကောင်းသည့် မီးတောက်များကြားမှ ခွဲထွက်လာသည်။ ပုဆိန်က ဆက်လက်၍ ကျဆင်းလာပြီး မီးတောက်စစ်နတ်ဘုရား၏ ခန္ဓာပေါ်သို့ ကျရောက်လာသည်။ ယန်ထုံ၏ တိုက်ပွဲသဏ္ဌာန်သည် ကျယ်လောင်သော ထိခတ်မိသံနှင့်အတူ ပျက်စီးသွားကာ အရှိန်ပြင်းစွာ ပြုတ်ကျ သွားတော့သည်။ သူသည် သွေးတစ်ပွက်အန်လိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျ၏။

ဘုန်း…

နောက်ထပ် တုန်ခါသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ပုဆိန်ကြီးတစ်လက် ရိပ်ခနဲ ကျဆင်းလာသည်ကို ယန်ထုံ မြင်လိုက်ရကာ မျက်လုံးများကို မှိတ်၍ သေခြင်းတရားကို စောင့်မျှော် နေလိုက်တော့သည်။

သို့သော်လည်း အတန်ကြာလျှင် သူက မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ သူ့ကို အေးစက်စက် စိုက်ကြည့်နေသည့် ယူချင်းကို မြင်လိုက်ရသည်။ ယူချင်း၏ ပုဆိန်က တခြားနေရာကို ကျဆင်းသွားခြင်းဖြစ်ကာ သူ့ကို ခုတ်ပိုင်းခဲ့ခြင်း မရှိပေ။

ယူချင်းက နောက်ထပ် ရန်မီးများ မပွားလို၍ ယန်ထိုအား သက်ညှာလိုက်ခြင်း ဖြစ်သည်။ သူတို့က သွေးနဂါးဘုံသို့ ရောက်နေခြင်းဖြစ်ရာ အစစအရာရာ သတိထားရန်လိုသည်။

ယန်ထိုသည် အသက်ချမ်းသာရာ ရသော်လည်း ပျော်ရွှင်ဟန်မရှိပေ။ သူသည် ပါရမီမြင့်မားကာ ရှန့်ထိုအဆင့်သို့ ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုတော့သည်။ ယနေ့တွင် သူ့ထက် စွမ်းအား ကြီးမားသူနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရ၏။

သူက အိပ်မောကျနဂါးပြိုင်ပွဲတွင် ကျော်ကြားသူ ဖြစ်ခဲ့သော်လည်း အခြားလူများကဲ့သို့ ရှုံးနိမ့်ခဲ့သည်။

ထို့အပြင် သူ့ကလန်က သူ့အပေါ်တွင် အလုံးစုံ ယုံကြည်၍ မည်မျှအထိ လောင်းကြေး ထပ်ခဲ့သည်ကိုလည်း သူ သိသည်။ ထို့ကြောင့် သူက ရှုံးရန် မဖြစ်နိုင်ပေ။

သို့သော်လည်း အခုချိန်၌ သူ့အတွက် အရာရာ ပြီးဆုံးသွားခဲ့ပြီ။

သူတင်မဟုတ်ဘဲ သူ့အပေါ် လောင်းကြေး ထပ်ထားသူများပါ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။

လောင်းကြေးဖွင့်သည့် နေရာ၌ အမြင့်ဆုံး မျှော်မှန်းထားသည့် ကိုးဆယ်ရာခိုင်နှုန်းမှာ သုံးယောက်သာ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်၌ နိုးထနဂါးတိုက်ပွဲ စင်မြင့်ပေါ်တွင် ကျိုးရွှီတစ်ယောက်သာ ကျန်ရစ်လေသည်။

သူကရော ယူချင်းရှေ့တွင် မည်မျှ တောင့်ခံနိုင်မည်နည်း။

ယူချင်းက နတ်ဆိုးတစ်ကောင်အလား တည်ရှိမှု ဖြစ်ကြောင်း အားလုံးက သိလိုက်ကြပြီဖြစ်သည်။ သူ့အား အနိုင်ယူရန် မဖြစ်နိုင်ပေ။

ယူချင်းက ယန်ထုံကို အနိုင်ယူပြီးနောက် မရပ်တန့်ဘဲ အခြား တိုက်ပွဲနေရာသို့ ဦးတည်သည်။ ရီဝူချင်းက ကျိုးရွှီနှင့် တိုက်နေဆဲ ဖြစ်၏။ သူက အခြေအနေ ဆိုးဝါးခြင်း မရှိဘဲ ကိုယ်တိုင် ကိုင်တွယ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ယူချင်းသည် သူ့ကို မကူညီတော့ဘဲ တခြားဘက်သို ဦးတည်သည်။ ဟောင်ကျူဂီ၊ ကျန်ကျောင်းနှင့် စုချွဲတို့မှာ အခြေအနေမကောင်းဘဲ ခံစစ်ဘက်မှာသာ ရှိနေကြပြီး သူတို့ကို လူအများက ဝိုင်း၍ တိုက်ခိုက်နေသည်။

သို့သော်လည်း နောက်ဆုံး ယူချင်းလာသည်ကို မြင်သည့်အခါ တစ်ဖက်လူများ အားလုံးမှာ တုန်လှုပ်သွားပြီး မျက်နှာပျက် သွားကြ၏။ သူတို့အားလုံးသည် ထိုတိုက်ပွဲ မည်သို့ဖြစ်သွားသည်ကို မြင်ကြ၏။

ယန်ထုံကဲ့သို့ သူမတူအောင် စွမ်းအားကြီးမားသူပင် မယှဉ်နိုင်သူကို တိုက်ခိုက်ရန်သူတို့မှာ နည်းလမ်းမရှိပေ။

အခြား မြို့များမှ နာမည်ကျော်များလည်း ချက်ချင်း သုတ်သင်ခံလိုက်ရပြီး အခြားတိုက်ခိုက်သူ များစွာတို့သည်လည်း ဆက်မတိုက်ဘဲ အရှုံးပေးသွားကြသည်။

“ကျုပ် အရှုံးပေးတယ်” သူတို့ထဲက တစ်ယောက်က ပြောလိုက်ပြီး ချက်ချင်း ထွက်ခွာရန် ပြင်သည်။ အခြားလူများမှာလည်း သူတို့၏ ရပ်တည်မှုကို ချက်ချင်းပင် ရှင်းလင်းအောင် လုပ်သည်။

ယူချင်းက ကျန်ကျောင်း၊ ဟောင်ကျူဂီနှင့် စုချွဲတို့ကို ကြည့်လိုက်ပြီး သူ၏ နက်မှောင်သော မျက်လုံးများမှာ အေးစက်နေသည်။ သူက ပုဆိန်ကို မြှောက်လိုက်ပြီး ရှေ့သို့ တိုးကာ တခြားမြို့မှ လူများအား မျက်နှာချင်းသည်။

အရှုံးပေးလိုက်ကြသည့် သူများမှာ မျက်နှာများ ဖြူဖျော့သွားပြီး ယူချင်းကို ကြောက်ဒူးတုန်လျက် ကြည့်ကြ၏။

မကြာခင်ပင် အရိုးကျိုးသံများကို ဆက်တိုက် ကြားလိုက်ရပြီး သူတို့၏ အတွင်းကလီစာများ ပျက်စီးသွားပုံရကာ သူတို့အားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကာ သူတို့အသက်နှင့်ကိုယ် အိုးစားကွဲရန် လက်တစ်ကမ်း အလိုသို့ ရောက်သွားကြ၏။

ယူချင်းက သူတို့ကို မသတ်ခဲ့သော်လည်း သူတို့၏ အခြေအနေကတော့ နောက်ထပ် လပိုင်းအတွင်း နာလန်ထူနိုင်စရာ မရှိတော့။

“ကျုပ်တို့တော့ သွားပြီ” ကျိုးရွှီကို လောင်းထားသည့် လူက စိတ်ပျက်လက်ပျက် ကြည့်လိုက်ရင်း အရှုံးအတွက် ညည်းတွား၏။

အိပ်မောကျနဂါးပြိုင်ပွဲတွင် လူတိုင်းနီးပါး လောင်းကြေး ရှုံးနိမ့်သွားခဲ့သည်။

စစ်ထိုရန်က သူမ၏ လောင်းကြေးအတွက် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။

သူမက လောင်းကြေး နိုင်သွားသည့်အခါမှ တစ်သက်တွင် တစ်ခါသာ ရနိုင်သည့် အခွင့်အရေးကို လွဲချော်သွားခဲ့ပြီဟု ခံစားလိုက်ရသည်။

ရီဖူရှင်း၏တိုက်တွန်းမှုကို နားမထောင်ခဲ့သည့်အတွက် သူမ နောင်တအကြီးအကျယ် ရမိ၏။

ယူချင်းပေါ်တွင် နောက်ထပ် လောင်းကြေး ထပ်ထားသူများမှာ ဆန်းဇွန်နှင့် ခွန်ရွှမ် ဖြစ်၏။

ဆန်းဇွန်ကို ကြည့်ရသည်မှာ သူ့ရည်ရွယ်ချက် အောင်မြင် သွားပုံပေါ်သည်။ လောင်းကြေးများစွာ ထပ်မထားသော်လည်း သူရရှိမည့် အကျိုးအမြတ်မှာ သေးသေးမွှားမွှား မဟုတ်ပေ။

သို့သော်လည်း သူက စိုးရိမ်စရာ ရှိနေသေးသည်။

ယူချင်းက အလွန် စွမ်းအားကြီးသည်။ ထို့အပြင် ယူချင်းတစ်ယောက်သာ မဟုတ်ဘဲ ရီဝူချင်းအပြင် ဟောင်ကျူဂီတို့သည်ပင် သာမန်မဟုတ်ဟူသော ခံစားချက်မျိုး သူ ရရှိနေသည်။

တခြားတစ်ဖက်တွင်တော့ ခွန်ရွှမ်သည် သူတို့နှင့် ပတ်သက်ပြီး ကောင်းကောင်းသိကာ ဆန်းဇွန်နှင့် မတူဘဲ ယူချင်းတို့ တိုက်ခိုက်သည်ကို ရိုးရှင်းစွာ ကြည့်ခဲ့သည်။

သူမသည် ယူချင်းက သူမကို အနိုင်ယူနိုင်စွမ်း ရှိသည့် နောက်ထပ် တခြားတစ်ယောက် ဖြစ်ကြောင်း သတိပြုမိသည်။

သူမက ရီဖူရှင်းကို နတ္ထိဘုံတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ထိုရှုံးနိမ့်မှုကို စော်ကားခံရခြင်းဟု အမြဲ မြင်ခဲ့သည်။ သို့သော်လည်း ယူချင်းသည်လည်း ထိုမျှ စွမ်းအားကြီးမည်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုအခိုက်တွင် တိုက်ပွဲကွင်းပြင်၌ ကျိုးရွှီသည် ရုတ်တရက် လက်လျှော့လိုက်ကာ ပျံတက်သွားတော့သည်။ တိုက်ပွဲတွင် နောက်ဆုံး ရပ်ကျန်ခဲ့သူမှာ ခြောက်ယောက်သာ ရှိသည်။ စည်းမျဉ်းအရဆိုလျှင် သူတို့သည် အထက်မှ သွေးနဂါးထံတွင် ပျံသန်းထွက်ခွာရန် တောင်းဆိုခွင့်ရှိ၏။ သို့သော်လည်း ယူချင်းနှင့် ကျန်သူများက သူ့ကို ခွင့်မပြုပေ။

ကျိုးရွှီ လေထဲသို့ တက်သွားတာနှင့် သူတို့က လှုပ်ရှားလိုက်ကာ သူ့ကို တားဆီးရန် လုပ်ဆောင်သည်။ ယူချင်းက ကျိုးရွှီ၏လမ်းကို ပိတ်ထားကာ သူ့ပုဆိန်နှင့် ခုတ်ပိုင်းသည်။ ရီဝူချင်း၏ ဓားကလည်း သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း ထိုးဖောက်ရန် ရောက်ရှိလာသည်။ ကျိုးရွှီသည် သွေးအလိမ်းလိမ်းနှင့် မြေပြင်သို့ ပြုတ်ကျသွား၏။

ကျိုးရွှီက ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး မြေပြင်သို့ ပြုတ်ကျသွားပြီး တိုက်ပွဲစွမ်းရည်များ ဆုံးရှုံးသွားသည်ကို မြင်လိုက်ရသည်နှင့် ရဲတိုက်အတွင်းမှ လူများ၏ နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေးသည် ဟုပ်ခနဲ ငြိမ်းသွားခဲ့တော့သည်။

လူတိုင်း လောင်းကြေး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

“ငါတို့ ချမ်းသာပြီ” ရီဖူရှင်းက သူ့ကိုယ်သူ ရေရွတ်သည်။ သူကား အလွန် စိတ်ကျေနပ်နေပြီ ဖြစ်သည်။

အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီးသူများက နောက်တစ်ခါ ထပ်၍ ပါဝင်ခွင့်မရှိသည်မှာ နှမြောစရာ ကောင်းသည်ဟု ရီဖူရှင်း တွေးမိသည်။ မဟုတ်လျှင် သူက သွေးနဂါးဘုံကို မွဲပြာကျအောင် လုပ်ပစ်နိုင်ပေသည်။

ယူချင်းနှင့် အခြားလေးယောက်မှာ နိုးထနဂါးတိုက်ပွဲစင်မြင့် အထက် လေထဲတွင် ရပ်ကျန်နေကြသည်။

သူတို့က ခေါင်းမော့လိုက်ကာ အပေါ်မှာ စက်ဝိုင်းသဖွယ် ရစ်ခွေနေသည့် သွေးနဂါးကြီး ရှိနေသော ထွက်ပေါက်ကို ကြည့်သည်။ ယူချင်းတို့က အပေါ်သို့ ဆက်လက် ပျံတက်လာကြ၏။

သွေးနဂါးကြီးက သူ၏ ဧရာမခန္ဓာကိုယ်ကြီးကို ဖွင့်ဟသည်။ သူက ယူချင်းနှင့် ရီဝူချင်းကို သူ၏ ကြီးမားသော ဦးခေါင်းကြီးနှင့် ကြည့်ကာ ပြောသည်... “မင်းတို့နှစ်ယောက် အောင်မြင်တယ်”

ယူချင်းနှင့် ရီဝူချင်းမှာ အခြားလူများထက် လေးစားစရာ အရည်အချင်းများ ပြသခဲ့သည်။ ထို့အပြင် ကျိုးရွှီကိုပါ တိုက်ခိုက်နိုင်ခဲ့သည့်အတွက် သူတို့က ပျံသန်းထွက်ခွာရန် အရည်အချင်း ပြည့်မီလေသည်။

ဟောင်ကျူဂီ၊ စုချွဲနှင့် ကျန်ကျောင်းတို့သည်လည်း အရည်အချင်း ရှိသော်လည်း သူတို့က လိုအပ်ချက်များ ရှိနေသေး၏။

“ကျွန်တော်တို့ အားလုံးက အတူတူပဲ” ယူချင်းက ပြောသည်... “ကျေးဇူးပြုပြီး လမ်းဖွင့်ပေးပါ စီနီယာ”

“မရဘူး” နဂါးကြီးက သူ၏ ကြီးမားသော မျက်လုံးများဖြင့် သူတို့ကို ကြည့်ကာ ပြောသည်။

ယူချင်းက နဂါးကြီးကို ကြည့်လိုက်ပြီး နတ်ဆိုး အရှိန်အဝါများ ပေါ်ထွက်လာသည်။ သူက သူ၏ မိစ္ဆာလက်နက်ကို ကိုင်စွဲထား၏။

ဘုန်း …

ယူချင်း ခြေလှမ်းလိုက်သည့်အခါ လေထုက တုန်ခါသွားပြီး သူက သွေးနဂါးကြီးထံသို့ ဦးတည်သည်ကို မြင်လိုက်ရသောအခါ ပရိသတ်များမှာ တုန်လှုပ် သွားကြသည်။

ယူချင်းက သူ့ပုဆိန်ကို မကာ သွေးနဂါးကြီးအား ခုတ်ချလိုက်သည်။

ကြည့်နေသည့် လူတိုင်း ထိတ်လန့်သွားကြသည်။

ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ…

ဒီအကောင်က အပြင်ထွက်ဖို့ ရှန့်ထိုသားရဲ နဂါးကြီးကို ခုတ်ဖို့ စဉ်းစားနေတာလား …

ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းမှာ စကားပင် မပြောနိုင်တော့အောင် ထိတ်လန့် တုန်လှုပ်နေကြ၏။

“မင်း သိပ်လွန်သွားပြီ” သွေးနဂါးကြီးသည် သူ၏ ကြီးမားသည့် မျက်လုံးများမှ ကြောက်မက်ဖွယ် မီးတောက်များ တောက်ပလာပြီး ယူချင်းကို ကြိမ်းမောင်းသည်။ ထို့နောက်သူက သူ၏ လက်သည်းများကို ယူချင်းဆီသို့ ဆန့်ထုတ် ကုတ်ခြစ်လိုက်၏။

ရီဝူချင်းနှင့် ကျန်ကျောင်း၏ ဓားသည် နဂါးကြီး၏ မျက်လုံးဆီသို့ ဦးတည်သည်။

သွေးနဂါးကြီးသည် သူ၏ ပါးစပ်ကြီးကို ဖွင့်ကာ ဒေါသတကြီး ဟိန်းဟောက်သည်။ ယင်းက အရာအားလုံးကို လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မီးတောက်များကို မှုတ်ထုတ်လိုက်၏။

လက်သည်းများက ပုဆိန်နှင့် ထိခတ်သွားသည်။ နဂါးကြီးက လက်သည်းကို ပြန်ဆွဲယူလိုက်ပြီး ယူချင်းကို အနောက်သို့ ပစ်ထုတ်သည်။ ထို့နောက်တွင် နဂါးကြီးက ယူချင်းကို အမြီးနှင့် ရစ်ပတ်လိုက်၏။

ဘုန်း …

ယူချင်း၏ တိုက်ပွဲနတ်ဆိုးသဏ္ဌာန်မှာ ကျယ်လောင်သော အသံနှင့်အတူ ထိခိုက် မိသွားသော်လည်း သူက လက်နှစ်ဖက်လုံးနှင့် နဂါးကြီး၏ အမြီးကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်သည်။

နောက်ထပ် ဖြစ်သွားသည့် အရာမှာတော့ လူတိုင်းကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့၏။

ယူချင်းက ကောင်းကင်ကို မော့ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး သူ့လက်နှစ်ဖက်တွင် စွမ်းအားများကို စုစည်းလိုက်ကာ နဂါးကြီး၏ အမြီးမှဆွဲကာ မြှောက်လိုက်၍ ချက်ချင်းပင် နဂါးကြီးကို လှုပ်ယမ်းပစ်လိုက်တော့သည်။

“သွားတော့” ယူချင်းက ပြောသည်။

ရီဝူချင်းနှင့် အခြားလူများမှာ အခွင့်အရေးကို အမိအရဆုပ်ကိုင်၍ ဟသွားသည့် အက်ကြောင်းငယ်မှ အပြင်သို့ အလျင်အမြန်ထွက်ခွာသွားတော့သည်။

နဂါးကြီးသည် ဒေါသထွက်လွန်းသဖြင့် အကြီးအကျယ်ဟိန်းဟောက်လိုက်ကာ သူ့ခေါင်းကို ပြန်လှည့်လာပြီး အရာရာကို လောင်ကျွမ်းသွားနိုင်သည့် မီးတောက်များကို ယူချင်းဆီသို့ မှုတ်ထုတ်သည်။ ယူချင်းက နဂါးကြီးကို လွှတ်ပေးလိုက်ပြီး အပြင်သို့ ခုန်ထွက်သည်။ သူ့ကိုယ်မှာ မီးများ လောင်ကျွမ်းနေဆဲ ဖြစ်သော်လည်း သူသည် အလင်းကဲ့သို့ လျင်မြန်လေသည်။ မီးတောက်များက သူ့ချပ်ဝတ်ကိုသာလျှင် လောင်ကျွမ်းနိုင်၏။

သူတို့ ငါးယောက်လုံး အပြင်သို့ ရောက်ရှိလာကြသည်။

ရဲတိုက်အတွင်းမှ မရေတွက်နိုင်သော လူများမှာ တစ်ခဏမျှ တိတ်ဆိတ်ခြင်းက ကြီးစိုးနေပြီးနောက် ဝက်ဝက်ကွဲ အားပေးသံများက မိုးထိတိုင် ပျံ့နှံ့သွားတော့သည်။

ထိုနေရာမှာ ဖြစ်ပျက်သွားခဲ့သမျှက သူတို့ကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ် သွားစေခဲ့လေသည်။

***

All Chapters